🍵Chapter 253
စုမိသားစု ပေကျင်းမှ ထွက်သွားသောအခါ ထုံရွှယ်လူက မောင်နှမများကို ခေါ်ကာ လိုက်ပို့ပေးခဲ့သည်။
သူမက စုမိသားစု အရှေ့ပိုင်းသို့ သွားသည့် ရထားလမ်းပေါ်၌ စားနိုင်ရန် အစာခြောက်များလည်း လုပ်ပေးခဲ့သေးသည်။
စုမိသားစုက အလွန် ကျေးဇူးတင်နေကြသည်။ ထုံရွှယ်လူကို ကျေးဇူးပြန်ဆပ်ရန်အတွက် သူတို့၏ အိမ်ဝင်းကိုပင် စျေးချိုချိုဖြင့် ရောင်းပေးရန် ကမ်းလှမ်းလာခဲ့ကြသေး၏။
ထုံရွှယ်လူက ငြင်းဆန်လိုက်ပြီး ခြံဝင်းကို မရောင်းချရန် ပြောလိုက်သည်။
စုယွဲ့ရှန်းက အသေအချာ တွေးတောပြီးနောက် သူမ၏ အကြုပြုချက်ကို လက်ခံလိုက်သည်။
ဖက်ထုပ်လေး နှစ်ယောက် ဖြစ်သည့် ရှောင်းမျန်မျန်နှင့် ရှောင်ကျိုးတို့က ရထားဘူတာတွင် ခေါင်းကိုက်လုနီးပါး အော်ငိုနေခဲ့ကြပြီး နောင်ငါးနှစ်အကြာမှ ပြန်တွေ့ရန် သဘောတူခဲ့ကြသည်။
ရှောင်းမျန်မျန်လေးက ရထားထွက်သွားသည်ကို စောင့်နေရင်းဖြင့် မျက်လုံးရွဲကြီးများကို တဖျတ်ဖျတ် ခတ်ကာ ပြောလိုက်သည်။
"မမ... ငါးနှစ်က ဘယ်လောက်ကြာမှာလဲဟင်"
ထုံရွှယ်လူက သူမ၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ "မျန်မျန်က ဒီနှစ် လေးနှစ် ရှိသွားပြီလေ... နောက်ထပ်တစ်နှစ်လောက် ကြာပြီးသွားတဲ့အချိန်နဲ့ အတူတူပဲ"
ရှောင်းမျန်မျန်က တစ်ခဏမျှ တွေးလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
"ဒါဆိုရင် သမီးတော့ အသက်တွေ အများကြီး ကြီးသွားတော့ မှာပဲ"
အရမ်း အသက်ကြီးသွားမှာ...
တော်တော်လေး အသက်ကြီးသွားမှာပဲ...
ထုံရွှယ်လူ: "..."
အချိန်များက မြင်းဖြူတစ်ကောင်လို ဖြတ်ပြေးသွားခဲ့သည်။
1977ခုနှစ် စက်တင်ဘာလတွင် သတင်းတစ်ပုဒ်က တိုင်းပြည်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ပညာရေးဝန်ကြီးဌာနက ပေကျင်းတွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ဆယ်နှစ်မျှ ရပ်ဆိုင်းထားသော ကောလိပ်ဝင်ခွင့် စာမေးပွဲကို ပြန်လည်ကျင်းပရန် ဆုံးဖြတ်လိုက်ကြ၏။
သတင်းရသောအခါ ထုံရွှယ်လူက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေတော့မည် ဖြစ်ပြီး အရှေ့လေပြေစားသောက်ဆိုင်၏ မန်နေဂျာ နေရာမှ အလုပ်ထွက်တော့မည် ဖြစ်ကြောင်း ချက်ချင်းကြေညာလိုက်သည်။
ထိုသတင်းထွက်လာသည်နှင့် လူတိုင်း တုန်လှုပ်သွားကြပြန်သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်ကျင်းပတော့မည့် သတင်း ထွက်လာကတည်းက ထိုကိစ္စကို လူတိုင်း ဆွေးနွေးနေခဲ့ကြသည်။
ထိုအခိုက် ကုန်သွယ်ရေးဌာန၏ အစည်းအဝေး ခန်းမထဲမှ လူတိုင်း၏ စကားဝိုင်းမှာလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်းနှင့်သာ ပြည့်နေခဲ့သည်။
"ငါ့ရဲ့ ကျန်တဲ့တစ်ဘဝလုံး ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ ပြန်ဖြေခွင့် ပြုတာကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ဒီသတင်းကို ကြားတော့ ဆယ်မိနစ်လောက်ထိ မတုံ့ပြန်နိုင်ခဲ့ဘူး"
"စကားမစပ် ခင်ဗျားတို့ မိသားစုထဲက ဘယ်နှယောက်လောက် စာမေးပွဲ ဝင်ဖြေကြမှာလဲ"
"တော်တော်လေး များတယ်... အခြေအနေနဲ့ ကိုက်ရင် ဖြေရမှာပေါ့... စာရင်းသွင်းမဲ့သူ ခုနစ်ယောက် ရှစ်ယောက်လောက် ရှိတယ်"
ထိုအခိုက် ထုံရွှယ်လူ ဝင်လာခဲ့သည်။
လူတစ်ယောက်က မေးလိုက်သည်။ "မန်နေဂျာထုံ... မင်းရော ကောလိပ်ဝင်ခွင့် စာမေးပွဲ ဝင်မဖြေဘူးလား"
"မေးနေရသေးတယ်... မန်နေဂျာထုံသာ ဖြေချင်ရင် အလုပ်သမား လယ်သမားနဲ့ စစ်သားတက္ကသိုလ်ကို ငြင်းနေပါဦးမလား"
အစည်းအဝေးခန်းထဲရှိ လူတိုင်း၏ မျက်လုံးများက ထုံရွှယ်လူအပေါ် ကျရောက်လာခဲ့သည်။
ထုံရွှယ်လူက လူတိုင်းကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။ "မဟုတ်ပါဘူး... ကျွန်မ ဝင်ဖြေမှာပါ"
လူတိုင်း: "?"
"ဒါပေမယ့် မန်နေဂျာထုံက မောင်နှမတွေကို စောင့်ရှောက်ပေးနေရတာလို့ မပြောခဲ့ဘူးလား... အခု သူတို့ကို စောင့်ရှောက်စရာ မလိုတော့လို့လား"
မလိုမုန်းထား စိတ်ထားရှိနေသည့် နောက်ထပ် လူတစ်ယောက်က ဝင်ပြောလာသည်။
"မန်နေဂျာထုံက လွန်ခဲ့တဲ့ သုံးလကမှ အလုပ်သမား လယ်သမားနှင့် စစ်သားတက္ကသိုလ်ကို ငြင်းခဲ့တာ... အဲ့ကတည်းက သတင်းရထားတာလားမှ မသိတာ"
ထုံရွှယ်လူ၏ မျက်လုံးများက ထိုသို့ ပြောလာသောလူ အပေါ်သို့ ကျရောက်သွားခဲ့သည်။
"ရှင်က ဘာပြောချင်တာလဲ... ဝန်ကြီးလင်းက ကျွန်မကို အလုပ်သမား လယ်သမားနှင့် စစ်သားတက္ကသိုလ်ကို အကြံပြုပေးတာ ဇွန်လမှာနော်... ပြီးတော့ သတင်းစာတွေကနေ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ် ဝင်ခွင့် စာမေးပွဲအကြောင်း ဆွေးနွေးနေတယ်ဆိုတာကို သြဂုတ်လမှာ ထုတ်ပြန်ခဲ့တာ... ရှင် လူအ မဖြစ်ချင်ရင် သတင်းစာ များများဖတ်ပြီး စကားကို နည်းနည်းပဲ ပြောသင့်တယ်"
"ဖူး... ဟားဟားဟား"
လူတိုင်းက မနေနိုင်ဘဲ ရယ်မောကြလေတော့သည်။
ထိုသူက ရှက်သွားသော်လည်း ပြန်မချေပရဲပေ။
လူတိုင်း၏ အကြည့်က သူ့အပေါ် ကျရောက်လာသည်ကို တွေ့သောအခါ ရှက်ရွံ့စွာဖြင့် အကြည့်လွှဲလိုက်သည်။
ထိုကဲ့သို့သော ကိစ္စများပြီးနောက် မည်သူကမှ အဓိပ္ပါယ်မဲ့စကားများ မပြောရဲကြတော့ပေ။
ထင်ယောင်ထင်မှား ဖြစ်နေသည်လား မသိရသော်လည်း ထုံရွှယ်လူ၏ အရှိန်အဝါများက ပိုပို၍ သန်မာလာကြောင်း လူတိုင်း ခံစားမိနေကြသည်။
ထုံရွှယ်လူက ဆက်ပြီး ရှင်းပြလိုက်သည်။ "အစတုန်းက မောင်နှမတွေကို စောင့်ရှောက်ပေးရမှာမို့ ငြင်းလိုက်တာပါ... အခု ကျွန်မအဘိုးက ပေကျင်းကို ပြန်ပြောင်းလာတော့မှာဆိုတော့ ကျွန်မ ဝင်ဖြေဖို့ ဆုံးဖြတ်လိုက်တာလေ"
သူမအဘိုး၏ အပြောင်းအရွှေ့ကို လွန်ခဲ့သည့် လဝက်ခန့်က အတည်ပြုခဲ့ပြီး နောက်လထဲတွင် ပေကျင်းစစ်တပ်သို့ ပြန်လည် ပြောင်းရွှေ့လာတော့မည် ဖြစ်သည်။
သို့သော်လည်း ထိုသို့ ပြောရပါက ဤတစ်ကြိမ် ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်ခွင့်ပြုလိုက်သည့် သတင်းကို ကြိုတင်ကြေညာခဲ့ခြင်းမှာလည်း အမှန်ပင် သူမ၏ အထောက်အကူများကြောင့် ဖြစ်လေသည်။
သမိုင်းထဲတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲများကို ပြန်လည်ခွင့်ပြုလိုက်သည့် သတင်းက အောက်တိုဘာနှောင်းပိုင်းမှသာ ကြေညာမည် ဖြစ်သည်။ ထိုအချိန်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် တစ်လကျော်သာ အချိန်ရခဲ့လေတော့သည်။ လူများစွာက ထိုသတင်းကြောင့် သတိလက်လွတ် ဖြစ်ခဲ့ကြရသည်။
ပြန်လည်လေ့ကျင့်ရန် စာအုပ်များလည်း မရှိသဖြင့် လူများစွာက အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ပူပင်သောက ဖြစ်ခဲ့ရသည်။ သူတို့သာ သတင်းကြိုရခဲ့ပါက အခြေအနေများက အလွန်ကွဲပြားသွားပေလိမ့်မည်။
သြဂုတ်လတွင် သူမ၏ အဘိုးက ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်ခွင့်ပြုတော့မည့်အကြောင်း သူမကို ပြောပြခဲ့သဖြင့် သူမက ထိုအကြောင်းကို စောင်းပါးရိပ်ခြည် ပြောပြလိုက်သည်။ ထို့ကြောင့် အဘိုးက အာဏာနှင့် အဆက်အသွယ်များ သုံးကာ ဝင်ပါခဲ့ပြီး သတင်းကို တစ်လစော၍ ထုတ်ရန် နှိုးဆော်ပေးခဲ့သည်။
ဒါပေါ့... သူမကလည်း ဒီလိုအကြောင်းတွေ ပြောပြမှာ မဟုတ်ပါဘူး...
လူတိုင်းက သူမ၏ အဘိုး ပေကျင်းသို့ ဗိုလ်မှူးချုပ်တစ်ယောက်အဖြစ် ပြန်ပြောင်းလာတော့မည်ကို ကြားလိုက်ကြသောအခါ သူမအပေါ် အားတက်သရော ရှိလာကြပြန်သည်။
"ဒါပေမယ့် မန်နေဂျာထုံ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဝင်ဖြေလို့ အောင်သွားရင် စားသောက်ဆိုင် မန်နေဂျာ ရာထူးကို လေးနှစ်တောင် ရပ်ထားရမှာပေါ့"
ထိုစကားကို ပြောလာသောအခါ အစည်းအဝေးခန်းမထဲမှ လူတိုင်းက တစ်ခဏအတွင်း တိတ်ဆိတ်သွားကြလေသည်။
ထုံရွှယ်လူသာ ကောလိပ်ဝင်ခွင့်ရသွားရင် သူမရဲ့ နေရာကို လူတစ်ယောက်က ယူသွားမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား...
အရှေ့လေပြေစားသောက်ဆိုင်က ပထမတန်းစား စားသောက်ဆိုင် ဖြစ်သည်။ သူမသာ သူမ၏ နေရာကို ထိန်းထားနိုင်ပါက လေးနှစ်ကြာပြီးနောက် ရာထူးမတိုးခဲ့လျှင်ပင် လေးနှစ်အတွင်း သူမ၏ လုပ်အားခက မြင့်တက်လာပေလိမ့်မည်။
ထို့နောက် လူများစွာ၏ အတွေးများက သက်ဝင်လှုပ်ရှားလာခဲ့ကြလေသည်။
ထုံရွှယ်လူက ပြုံး၍ ပြောလိုက်သည်။ "ကျွန်မ မိသားစုနဲ့ ဆွေးနွေးပြီးတော့ မန်နေဂျာရာထူးကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်"
ထိုစကားလုံးများက လှိုင်းပေါင်း ထောင်ပေါင်းများစွာ မွှေနှောက်သွားပြီး လူတိုင်းကို ထပ်ပြီး ထိပ်လန့်တုန်လှုပ်သွားစေခဲ့ပြန်သည်။
"မန်နေဂျာထုံ မင်းနောက်နေတာလား... မင်း ကောလိပ်ပြီးလို့ အစိုးရကနေ အလုပ်တစ်ခု ပေးခဲ့ရင်တောင် ရလာမဲ့ရာထူးက မန်နေဂျာနေရာထက် ပိုကောင်းမယ်လို့ အာမခံချက်မရှိဘူးနော်"
"ဟုတ်တယ်... မန်နေဂျာထုံ အလုပ်ထွက်စရာမလိုပါဘူး... ဘွဲ့ရပြီး အလုပ်ပြန်လာလုပ်ရင် အစမှတ်က မြင့်သွားမှာပဲ... ဘာလို့ အစကနေ ပြန်စချင်ရတာလဲ"
လူတိုင်းက ထုံရွှယ်လူအား တုံးအသည်ဟုသာ ခံစားနေကြရသည်။ ဘာလို့ သူမက နေရာကောင်းကို လက်လွှတ်ချင်နေရတာလဲ...
ထုံရွှယ်လူက ခေါင်းယမ်းပြလိုက်သည်။
"ကျွန်မ အားလုံး တွေးထားပြီးပြီ... အစည်းအဝေး ပြီးရင် ဝန်ကြီးလင်းနဲ့ စကားပြောလိုက်မှာ"
လူအများစုက ဘွဲ့ရပြီးနောက် အနာဂါတ်မရှိမည် ကို စိုးရွံ့နေကြခြင်း သို့မဟုတ် ဤလောကထဲသို့ ပြန်ဝင်ကာ အလုပ် ဆက်လုပ်ချင်ကြသည့်အတွက် သူတို့၏ နေရာကို သိမ်းထားလေ့ရှိကြသည်။
သို့သော်လည်း အစိုးရပိုင် စားသောက်ဆိုင်များက အနာဂါတ် မရှိကြောင်း သူမက ကောင်းကောင်း သိနေပေသည်။ အစိုးရပိုင် စားသောက်ဆိုင်များမှာ စီးပွားရေး လွတ်လွပ်ခွင့်များ၏ သက်ရောက်မှုကြောင့် တဖြည်းဖြည်း ပျောက်ကွယ်လာမည် ဖြစ်ပြီး များမကြာခင် ပြောစမှတ်တစ်ခုသာ ဖြစ်လာရပေတော့မည်။
သူမက အစိုးရပိုင် စားသောက်ဆိုင်ကို ပြန်လာရန် အစီအစဥ် မရှိသည့်အတွက် ထိုရာထူးကို သိမ်းထားစရာ မလိုပါပေ။
ဒီအချိန်မှာ ဒီရာထူးကို လက်လျှော့ပြီး ပိုကောင်းတဲ့ အဆက်အသွယ်တွေ အခွင့်အလမ်းကောင်းတွေ စုဆောင်းထားတာ ပိုကောင်းမယ်...
လူတိုင်းက သူမ စိတ်ဆုံးဖြတ်ထားပြီးသား ဖြစ်သည်ကို တွေ့လိုက်ကြသောအခါ သူမကို တုံးအသည်ဟု တွေးလိုက်ကြသော်လည်း သူတို့ကမူ ထိုရာထူးကို ဝင်ယူရန် အသင့်ဖြစ်နေကြပေပြီ။
မကြာခင် အကြီးအကဲများ ဝင်ရောက်လာသည်။
အစည်းအဝေးပြီးနောက် ထုံရွှယ်လူက ဝန်ကြီးလင်းအား ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေတော့မည့် အကြောင်းနှင့် မန်နေဂျာရာထူးမှ နှုတ်ထွက်ရန်ကိုပါ ပြောပြခဲ့သည်။
ဝန်ကြီးလင်းသည်လည်း သူမ၏ စကားများကို ကြားသောအခါ ရှော့ခ်ရသွားလေသည်။
"မန်နေဂျာထုံ... သေသေချာချာ စဥ်းစားပြီးပြီလား"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်... ကျွန်မ သေသေချာချာ တွေးပြီးသွားပါပြီ... မကြာခင် နှုတ်ထွက်စာ လာတင်ပါ့မယ်"
"မန်နေဂျာထုံဘက်က သေသေချာချာ စဥ်းစားပြီးပြီ ဆိုမှတော့ ငါလည်း ထပ်ပြီး တိုက်တွန်းမနေတော့ဘူး... နှုတ်ထွက်မှုအတွက် လျော်ကြေးကို အဲ့ဒီအချိန်ကျရင် မင်းကို ပေးလိမ့်မယ်"
ဝန်ကြီးလင်းက သူမကို တိုက်တွန်းခြင်း မရှိရခြင်းမှာ ထုံရွှယ်လူ ထွက်သွားခဲ့ပါက အရှေ့လေပြေ စားသောက်ဆိုင်၏ မန်နေဂျာနေရာအတွက် သူ့လူကို ထည့်ပြီး စီစဥ်ပေးနိုင်ပေလိမ့်မည်။
ထုံရွှယ်လူ ခေါင်းငြိမ့်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။
အရှေ့လေပြေစားသောက်ဆိုင် မန်နေဂျာနေရာက စားပွဲထိုးနေရာကဲ့သို့ ဝယ်ယူရောင်းချ၍လည်း မရသလို အခြားသူများကို လွှဲပြောင်းခြင်းလည်း ပြု၍ မရပေ။ အထူးသဖြင့် ပထမတန်းစား စားသောက်ဆိုင်မန်နေဂျာနေရာမျိုးမှာ ဝန်ကြီးလင်းထံမှ ထောက်ခံချက် ရထားရပေမည်။
သူမသာ ထိုရာထူးမှ နှုတ်ထွက်ခဲ့ပါက သင့်တင့်လျောက်ပတ်သည့် လျော်ကြေးကိုလည်း ရရှိမည် ဖြစ်သည်။
အတွင်းရေးမှုးကျိုးက ထုံရွှယ်လူ တစ်ယောက်ကောလိပ်စာမေးပွဲဝင်ဖြေပြီး မန်နေဂျာရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြားသောအခါ သက်ပြင်းချလိုက်မိလေသည်။
🍵
စားသောက်ဆိုင်သို့ ပြန်လာသောအခါ ထုံရွှယ်လူက ထိုဆုံးဖြတ်ချက်ကို စားသောက်ဆိုင်ဝန်ထမ်းများအား ပြောပြလိုက်သည့်အခါ အားလုံး ထိတ်လန့်သွားကြသည်။
ထိတ်လန့်သွားပြီးနောက် လူတိုင်းက အနည်းငယ် စိတ်ဓါတ်ကျသွားရသည်။
ကောင်းချွန်းယွီ: "ကုန်သွယ်ရေးဌာနက မန်နေဂျာနေရာကို ဘယ်သူထည့်ပေးမယ် မသိဘူး... ကျွန်မရဲ့ ပညာရေးအဆင့်တွေက နိမ့်နေလို့သာ မဟုတ်ရင် ရှင်တို့နဲ့အတူတူ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေပါတယ်"
ထုံရွှယ်လူအပြင် ကောလိပ်စာမေးပွဲ ဝင်ဖြေကြသူများတွင် မုန့်ချင်းချင်းနှင့် ဝူလီကျူးတို့လည်း ဝင်ဖြေရန် ဆုံးဖြတ်ထားကြသောမလည်း ရှောင်ထျန်းကမူ တုံ့ဆိုင်းနေဆဲ ဖြစ်သည်။
ဆရာလွီ ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ "အင်း... ငါကတော့ ဥာဏ်ကောင်းတဲ့သူ မဟုတ်တာ ဆိုးတာပဲ... ငါ့ဘဝမှာ စာလုပ်ရမှာကို အကြောက်ဆုံးပဲ"
ဆရာမုန့်ကမူ စကားတစ်ခွန်းမှ မပြောဘဲ သူ့ဘေးတွင် ထိုင်နေခဲ့သော်လည်း သူ့နှလုံးသားကမူ ထပ်တူညီစွာပင် အတက်အကျများနေပေသည်။
သူ ယခင်က လျှိုတုံချန်နှင့် အဆင်မပြေနိုင်ခဲ့ဘဲ အဆုံးတွင် ထုံရွှယ်လူကဲ့သို့ မန်နေဂျာကောင်းနှင့် တွေ့ဆုံခဲ့ရသဖြင့် သူမကို ရုတ်တရက်ကြီး နှုတ်ထွက်မသွားစေချင်ခဲ့ပေ။
ပြန်လှည့်ဖို့ ခက်တဲ့ကိစ္စတွေဆို ခက်သွားမှာ...
မုန့်ချင်းချင်းနှင့် ဝူလီကျူးတို့ကမူ သူတို့အား စာလေ့လာရန် တွန်းအားပေးခဲ့သည့်အတွက် ထုံရွှယ်လူကို အလွန် ကျေးဇူးတင်နေခဲ့ကြသည်။
သေချာပေါက်ပင် ထိုအခွင့်အရေးက ပြင်ဆင်ထားသူများအတွက်သာ သီးသန့်ဖြစ်သည်။
ထုံရွှယ်လူက နောက်တစ်ရက်တွင် နှုတ်ထွက်စာ တင်ခဲ့ပြီး သုံးရက်အတွင်းမှာပင် ကုန်သွယ်ရေးဌာနက နေရာချထားမှုများ ပြုလုပ်ပေးခဲ့သည်။
သူမနေရာကို အစားထိုးမည့်လူမှာ မော့မျိုးရိုးဖြစ်သည်။ သူက ယခင်ကတည်းက ကုန်သွယ်ရေးဌာနမှ အတွင်းရေးမှူး တစ်ယောက် ဖြစ်ခဲ့ပြီး ဝန်ကြီးလင်း၏ တူဖြစ်သည်ဟုလည်း ကြားခဲ့ရသေးသည်။
ထုံရွှယ်လူက တစ်ဖက်လူနှင့် နှစ်ရက်မျှ လုပ်ငန်းလွှဲပြောင်းခြင်းများ ပြုလုပ်ပြီး လျော်ကြေးကို လက်ခံလိုက်ပြီးနောက် အရှေ့လေပြေစားသောက်ဆိုင်မှ တရားဝင် အနားယူလိုက်သည်။
သူမ အလုပ်ထွက်သွားသောအခါ မုန့်ချင်းချင်းနှင့် အခြားသူများက သူမကို လက်ဆောင်ဝယ်ပေးကြရန် ပိုက်ဆံစုခဲ့ကြသည်။ လက်ဆောင်က အဖိုးမတန်သော်ငြား ထုံရွှယ်လူ၏ နှလုံးသားလေးကို နွေးထွေးသွားစေခဲ့လေသည်။
သူမက ကြိုတင်ပြုလုပ်ထားသော မုန့်များကို လူတိုင်းအတွက် ဝေငှပေးခဲ့ပြီး ထိုမှသာ သူတို့အချိန်ရလျှင် စားနိုင်စေရန်ဖြစ်သည်။
ထူံရွှယ်လူ မန်နေဂျာအလုပ်မှ အနားယူသွားသောအခါ ရှောင်းမျန်မျန်လေးက အပျော်ဆုံးလူ ဖြစ်သွားခဲ့သည်။
ယခင်က ထုံရွှယ်လူ အလုပ်သွားသည့်အချိန်တိုင်း အိမ်နီးချင်းဝေ့အိမ်ကို ပို့ထားခဲ့ရသဖြင့် သူမ အလုပ်သွားစရာ မလိုတော့သည့်အခါ သူမလေးက အစ်မဖြစ်သူ၏ နောက်သို့ အမြီးလေးသဖွယ် အမြဲတမ်း တကောက်ကောက် လိုက်နေနိုင်ပေပြီ။
စက်တင်ဘာလတွင် ချိုမြိန်သော ရနံ့များ ရှိသည့်ကွေ့ဟွားပန်းတို့က ခြံဝင်းထဲတွင် ဖူးပွင့်လာကြသည်။
ထုံရွှယ်လူက အချိန်အားနေသည်ကို အခွင့်ကောင်းယူကာ ကွေ့ဟွားဝိုင်ချက်ရန်အတွက် ကွေ့ဟွားပန်းလေးများကို ခူးရန် စီစဥ်ထားသည်။
အနံ့မွှေးမွှေး ကွေ့ဟွားဝိုင် ပြုလုပ်ရန်အတွက် လတ်လတ်ဆတ်ဆတ် ပွင့်နေသော ချိုမြိန်သည့် ရနံ့ရှိသည့် ကွေ့ဟွားပန်းများကို အသုံးပြုရမည် ဖြစ်သည်။ အသေအခချာ ရွေးချယ်ပြီးနောက် ခူးထားသော ကွေ့ဟွားပန်းများကို အေး၍ လေဝင်လေထွက်ကောင်းသော နေရာတွက် တစ်ရက်တာထား၍ အခြောက်ခံရသည်။ ထို့နောက် ဆီနှင့်ရေမပါသည့် အရက်ကရားတစ်ခုကို ပြင်ဆင်ရလေသည်။
အနံ့နွှေး ကွေ့ဟွားပန်းလေးများကို ထည့်ပြီးနောက် ဝိုင်ဖြူတစ်ပုလင်းကို လောင်းထည့်ကာ သကြားခဲနှင့် ဂိုဂျီဘယ်ရီသီးများကို အနည်းငယ်ထည့်၍ လုံခြုံအောင် အဖုံးပိတ်ကာ အေးသော နေရာတွင် ထားရသည်။
နှစ်လသုံးလကြာသောအခါ ကွေ့ဟွားဝိုင်ကို သောက်သုံးနိုင်ပေလိမ့်မည်။
ထုံရွှယ်လူက မူလတွင် လမုန့်လေးကို သင်းကွပ်ပေးချင်သော်လည်း လူတိုင်းတာ တားနေကြသဖြင့် လမုန့်လေးမှာ သူ့ဥလေးကို ယာယီ ကယ်တင်နိုင်သွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဝေ့မိသားစုက ခွေးရှိသည့် မိသားစုတစ်ခုကို ဆက်သွယ်ကာ လမုန့်လေးကို ခွေးဖေဖေအဖြစ် သားဖောက်ရန် စီစဥ်ထားခဲ့သည်။
ယနေ့တွင် သူမ၏ အိမ်စာများပြီးနောက် လမုန့်လေးကို ရေချိုးပေးကာ ခွေးသတို့သားလောင်းလေးကို သန့်ရှင်းသပ်ရပ်နေစေရန် စီစဥ်ထားခဲ့သည်။
လမုန့်လေးက ရေချိုးရသည်ကို လွန်စွာ သဘောကျသည်။ ထုံရွှယ်လူ သူ့အား ရေးချိုးပေးချင်နေသည်ကို သိလိုက်သောအခါ အမြီးလေး တရမ်းရမ်း ဖြစ်နေ၏။
ရှောင်းမျန်မျန်လေးကလည်း လာရောက်ကူညီပေးခဲ့ပြီး လမုန့်လေး၏ ခြေထောက်လေးများကို ပွတ်တိုက်ပေးနေသည်။
လမုန့်လေးက ပိုပို၍ ထွားလာနေပြီး ဖက်ထုပ်လေးထက်ပင် အရပ်ရှည်နေသေးသည်။ ဖြူဖြူဖွေးဖွေး ဖက်ထုပ်လုံးလေးက အပြင်းအထန် အာရုံရိုက်နေသည့်ပုံပေါ်သည်။
သို့သော်ငြား ၎င်းက ခပ်ဖွဖွလေးသာ ဖြစ်သည်။ ထို့ကြောင့် လမုန့်လေးက ညည်းညူရုန်းကန်မနေတော့ လိမ်လိမ်မာမာလေး ရပ်နေပေးခဲ့သည်။
လမုန့်လေးကို ရေလောင်းပေးရန် ရေထယူသည့် ထုံရွှယ်လူက ထရပ်လိုက်ချိန်တွင် ရှောင်းမျန်မျန်၏ ခေါင်းပေါ်၌ တွားသွားနေသော ပိုးမွှားလေးတစ်ကောင်ကို တွေ့လိုက်ရသည်။
"မျန်မျန် မလှုပ်နဲ့"