🍵Chapter 255
သူ့နှလုံးသားထဲတွင် သရဲတစ်ကောင် ရှိနေသည့်အလား သူမကို မကြည့်ရဲတော့ပေ။
ဖန်ကျင်းယွမ် နှာမှုတ်ကာ သူ့ကို မျက်စောင်းထိုးလိုက်သည်။
"ရှင်နဲ့တွေ့တိုင်း ဘာကောင်းတာမှ ဖြစ်မလာဘူး... ရှင် ကျွန်မနဲ့ ဝေးဝေးနေ"
ပြောပြီးနောက် သူမက ထုံရွှယ်လူကို အပြေးသွားရှာလေသည်။
ရှောင်ချန်ဖျင်က သူမ၏ နောက်ကျောကို ကြည့်ကာ သူ့ရင်ဘတ်ကို အုပ်ကိုင်ထားလိုက်သည်။ ဤအခိုက်တွင် သူ့ရင်ဘတ်နေရာက ပြင်းထန်စွာ ခုန်ပေါက်နေလေသည်။
ထိုကဲ့သို့သော ပုံစံမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်းပါပေ။
မတိုင်မီက နှစ်ယောက်သား တိုက်မိသွားသည့် မြင်ကွင်းကို တွေးကြည့်မိသွားသောအခါ သူ မသိလိုက်ခင်မှာပင် လည်စေ့က အကြိမ်အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီးနောက် အလွန် ရေငတ်လာသလိုပါပင်။
သူက ဧည့်ခန်းထဲသို့ သွား၍ ရေအေးများကို ခွက်အကြီးကြီးတစ်ခွက် ငှဲ့လိုက်ပြီး မနားမနေနိုင်သော နှလုံးသားလေးကို တည်ငြိမ်သွားစေရန် မော့ချလိုက်ရသည်။
မထင်မှတ်ထားစွာပင် သူမော့ကြည့်လိုက်သောအခါ ပြတင်းပေါက် ဘေးတွင် ရပ်နေရင်း ရှောင်းမျန်မျန်နှင့် စကားပြောနေသည့် ဖန်ကျင်းယွမ်ကို တွေ့လိုက်ရသည်။
သူမက တစ်ခဏမျှ မရပ်မနား စကားပြောနေပြီးနောက် ခေါင်းလေးကို ခါယမ်းလိုက်သည်။
ရုတ်တရက်ဆိုသလို ဖန်ကျင်းယွမ် စကားပြောသည့်ပုံစံလေးက ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရပြီး သူမ၏ မျက်နှာဖောင်းဖောင်းလေးကို ဖျစ်ညှစ်ချင်မိသွားသည်။
တကယ့်ငရဲပဲ....
🍵
ဘာဘီကျုး ပြင်ဆင်ခြင်းနှင့် ဆောစ့် အစပ်အဟပ်ကို ပြင်ဆင်ခြင်းအပြင် ထုံရွှယ်လူက ကွေ့ဟွားပန်းကိတ်အချိူ့နှင့် ကွေ့ဟွားပန်းဇီးသီးစွပ်ပြုတ်ကို ပြုလုပ်ခဲ့သေးသည်။
သို့သော်လည်း ယခုတွင် သူမက ပြင်ပမှ လူများကို ဧည့်မခံအားဘဲ အခန်းထဲတွင်သာ ချော့မော့နေရသည်။
အကြောင်းမှာ ဝမ်ရူကွေ့တစ်ယောက် သဝန်တိုနေ၍ပင်။
မတိုင်မီက ထုံကျားရှင်းတစ်ယောက် အိမ်အပြင်ဘက်မှ အိမ်ထဲသို့ ပြေးဝင်လာသောအခါ လက်ထဲတွင် စာပို့သမားဆီမှ ယူလာသည့် လက်ဆောင်ထုပ်တစ်ထုပ် ကိုင်လာခဲ့သည်။
ထိုပါဆယ်ထုပ်ကို ပို့လိုက်သူမှာ အခြားသူ မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်ဝက်ခန့်က အမေရိကသို့ ပြန်သွားခဲ့သည့် ကျယ်ကန်ခွင်းပါပင်။
ထုံကျားရှင်းအတွက် ပန်းချီစာအုပ်အပြင် အထုပ်ထဲ၌ သူမအတွက် မွေးနေ့လက်ဆောင်တစ်ခုပါ ပါနေသေးသည်။
လက်ဆောင်ထုပ်ကို ဝမ်ရူကွေ့ တွေ့သွားပုံပေါ်ပြီး ထိုလူချောလေးက ရှာလကာရည်ပုလင်းလိုက်မှောက်ကာ မဲမှောင်နေလေသည်။
ထုံရွှယ်လူက လူတိုင်း ခြံဝင်းထဲတွင် ရှိနေကြသည်ကို တွေ့သောအခါ တံခါးကို ခပ်ဖွဖွ ပိတ်လိုက်ပြီး သူ့ရင်ဘတ်ကို တို့ထိလိုက်သည်။
"ရှင်မှန်မှန်ပြောနော်... အရင်တစ်ခေါက် ရန်ကျိုးမှာတုန်းက ရှင်အအေးမိသွားသေးတယ်မလား... အဲ့ဒီတုန်းက ရှင်တမင်သက်သက် အအေးမိအောင် လုပ်လိုက်တာမလား"
"!!!"
ဝမ်ရူကွေ့၏ နှလုံးသားက ချက်ချင်း ထိုးဆောင့်သွားပြီး ချက်ချင်းဆိုသလို နားရွက်များ နီရဲဘာလေသည်။
"မင်းသိသွားတာလား"
ထုံရွှယ်လူ မျက်ခုံးပင့်လိုက်သည်။ "ဒါဆို ကျွန်မ ခန့်မှန်းတာ မှန်သွားတာပေါ့"
ဝမ်ရူကွေ့ ရှက်သွေးဖြာသွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်ပြီး သူမကို မကြည့်ရဲတော့ပေ။
"ကိုယ်... မင်း ရဲဘော်ကျယ်နဲ့ အပြင်ထွက်ပြီး ဓါတ်ပုံရိုက်မှာ မလိုချင်လို့"
ထိုအချိန်က သူ အမှန်ပင် သူမနှင့် ကျယ်ကန်ခွင်းတို့ အတူရှိကြမည်ကို မတွေ့ချင်သဖြင့် စက်ဆုပ်စရာကောင်းသော ကိစ္စများလည်း မလုပ်နိုင်လေရာ သူ့ကိုယ်သူ ဖျားအောင်သာ လုပ်လိုက်ရသည်။
ထုံရွှယ်လူက ရန်ကျိုးမှာ ရှိနေစဥ်ကတည်းက သံသယအနည်းငယ် ရှိခဲ့သော်လည်း ထိုစဥ်က ထုတ်မမေးခဲ့ပေ။
သူမပြန်လာသောအခါတွင်လည်း အလုပ်များရလွန်းသဖြင့် မေ့သွားခဲ့ရသည်။ သူမက သူ ကျယ်ကန်ခွင်း၏ လက်ဆောင်ထုပ်ကို တွေ့လိုက်ရသည့်အချိန် စိတ်လှုပ်ရှားသွားသည်ကို တွေ့လိုက်ရမှသာ ရန်ကျိုးက အဖြစ်အပျက်များကို အမှတ်ရသွားသည်။
ထုံရွှယ်လူ ငိုရမည်လား ရယ်ရမည်လားပင် မသိတော့ပေ။
"တကယ်တော့ ရှင်စိုးရိမ်နေစရာ မလိုပါဘူး... ကျွန်မနဲ့ ရဲဘော်ကျယ်က သူငယ်ချင်းပါပဲ... ကျွန်မ နှလုံးသားထဲမှာ ရှင်တစ်ယောက်ပဲ ရှိတယ်"
နှလုံးသားထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး ပထမဆုံးအနေဖြင့် ရင်ခုန်ရလွန်းသည်ဟူသော အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သူက သူမကို အရည်လဲ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး မျက်လုံးထဲတွင်လည်း နူးညံ့မှုများ ပြည့်နေလေသည်။
"ကိုယ့်နှလုံးသားထဲမှာလည်း မင်းတစ်ယောက်ပဲ ရှိတယ်"
၎င်းမှာ မူလအစကတည်းက ဖြစ်တည်လာခဲ့ခြင်းပင်။
နောက်ဆိုလည်း အတူတူပဲဖြစ်မှာ...
ပြောပြီးနောက် သူမ၏ မျက်နှာလေးကို အုပ်ကိုင်ကာ နှုတ်ခမ်းဖူးဖူးလေးကို အနမ်းပေးလိုက်သည်။
ပထမတွင် အနမ်းက အလွန် နူးညံ့နေသေးသော်လည်း ရှောင်ဝမ်လေးမှာ တဖြည်းဖြည်း အထိန်းအကွပ်မဲ့လာလေသည်။
နူးညံ့ပြီး ပြင်းထန်တယ်...
သုံးမိနစ်ကြာသောအခါ...
ထုံရွှယ်လူ၏ အသံက မတည်မငြိမ် ဖြစ်လာသည်။ "ရှင်ကျွန်မကို လွှတ်ပေးတော့... ကျွန်မကို လောင်ကျွမ်းသွားအောင် လုပ်နေတာလား"
ဝမ်ရူကွေ့ တောင့်တင်းသွားပြီး နှလုံးခုန်သံ စည်းချက်လွဲသွားလေသည်။
ထုံရွှယ်လူက အရှက်သည်းနေသော သူ့မျက်နှာလေးကို ကြည့်ကာ အပြုံးများကို ဖိနှိပ်ထားလိုက်ပြီးနောက် ပြောလိုက်သည်။
"ကျွန်မက ရှင်အရိုင်းဆန်တာကို သဘောကျတယ်လို့ပဲ ပြောတာ... ဒါပေမယ့် ရှင်က အရိုင်းဆန်လွန်းသွားပြီ"
"..."
ဝမ်ရူကွေ့က ဓါတ်လိုက်သွားသကဲ့သို့ ဖြစ်သွားပုံပေါ်ပြီး ရုတ်တရက်ဆိုသလို သူမ၏ ခါးလေးကို လွှတ်ပေးလိုက်သည်။
"အင်း... ကိုယ်တောင်းပန်ပါတယ်"
ထုံရွှယ်လူက အောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် နှလုံးသားထဲတွင် တီးတိုးပြောလိုက်သည်။
ကောင်းပြီလေ... တစ်နေရာရာကတော့ ဖောင်းကားလာပြီ...
အဓိကနေရာမှာပေါ့...
ဝမ်ရူကွေ့က သူမ၏ မျက်နှာရဲရဲလေးနှင့် ရင်ဆိုင်လိုက်ရပြီး တစ်ကိုယ်လုံး ဓါတ်လိုက်သွားသလို ဖြစ်သွားသည်။
ရုတ်တရက် ထကြွလာသည့် ခံစားချက်မျိုး ရလာသည်။
သူက ၎င်းကို ဖုံးကွယ်ထားရန် ခန္ဓါကိုယ်ကို စောင်းလိုက်သော်လည်း သူက ပိုပို၍ ဖြစ်လာသည်မှာ...
ထုံရွှယ်လူ၏ နှလုံးသားက ခေတ်ဟောင်းဆန်ပြီး အပြင်ပန်းတွင် ရှက်သွေးဖြာနေသည်။
"ဒီလိုဖြစ်နေတာ မသက်မသာ မဖြစ်ဘူးလား"
ဝမ်ရူကွေ့ ရှက်သွေးဖြာသွားပြီး ခေါင်းယမ်းပြလိုက်သည်။ "မဖြစ်ပါဘူး"
သူလိမ်ပြောလိုက်ခြင်းသာ။ အမှန်မှာ ပေါက်ကွဲထွက်တော့မည့်အလား အလွန် မသက်မသာ ဖြစ်နေရသော်လည်း သူမရှေ့တွင် သူက နှာဘူးကောင်ဟု ထင်သွားပြီး သူမလေး ကြောက်သွားမည်စိုးသဖြင့် မပြောရဲပေ။
ထုံရွှယ်လူက နှလုံးသားထဲတွင် "ကျွတ်"ဟု စုတ်သပ်လိုက်ပြီး မျက်နှာကို အုပ်ကာ ပြောလိုက်သည်။
"ရှင်မသက်မသာ ဖြစ်နေရင် ကျွန်မ အပြင်ထွက်သွားတော့မယ်"
"အင်း"
ဝမ်ရူကွေ့က သူမလှည့်ထွက်သွားသည်ကို ကြည့်ပြီးမှ သက်ပြင်းချလိုက်မိသည်။
သူမသာ ထွက်မသွားရင် အရှက်ရတော့မှာ...
ဝမ်ရူကွေ့က ပြတင်းပေါက်ကို ခပ်မြန်မြန် ဖွင့်လိုက်ပြီးနောက် ဆောင်းရာသီလေအေးများ ဝင်လာစေပြီး ခန္ဓါကိုယ်ထဲမှ စိတ်ဆန္ဒများကို တဖြည်းဖြည်း ငြိမ်ကျသွားစေခဲ့သည်။
ဆယ်မိနစ်မကြာ အခန်းထဲမှ ထွက်လာသောအခါ လူအိုကြီးကို ခေါင်းဖြင့် တိုက်မိလုနီးပါး ဖြစ်သွားသည်။
အဘိုးဝမ်က နီရဲဖောင်းကားနေသော သူ့နှုတ်ခမ်းကို တစ်ချက်ကြည့်လိုက်ပြီး ချောင်းဟန့်လိုက်သည်။
"မင်းသည်းမခံနိုင်ရင်လည်း ဧည့်သည်တွေ ထွက်သွားတဲ့အထိ စောင့်ပါဦးလား... မင်းအခု မင်းကိုယ်မင်း ဘယ်လိုပုံ ဖြစ်နေပြီထင်လဲ"
ဝမ်ရူကွေ့: "..."
အဘိုးဝမ်က သူတိတ်ဆိတ်နေသည်ကို မြင်သောအခါ ဆက်ပြီး ဝေဖန်လေကန်လေတော့သည်။
"မင်းက တကယ့် လူလိမ်လူကောက်ပဲ... ရွှယ်လူလို ဖြူဖြူစင်စင် ကောင်မလေးက မင်းလိုကောင်ကို သည်းခံနေရရှာမှာ... မင်းသာ တစ်ယောက်ယောက်ကို ပြောင်းသွားရင် မင်းကို သေခန်းဖြတ်တာ ကြာပြီ"
ဝမ်ရူကွေ့: "..."
အဘိုးဝမ်က မကျေနပ်မချင်း သူ့ကို သင်ခန်းစာပေးနေခဲ့သည်။
အစစ်အမှန် လူလိမ်လူကောက်လေးက ထုံရွှယ်လူဆိုတာ သိသွားရင် ဘယ်လိုမျက်နှာအမူအယာ ဖြစ်သွားမှာပါလိမ့်...
🍵
ခြံဝင်းထဲတွင် ဘာဘီကျူး စလုပ်နေကြလေပြီ။ ယခင်တစ်ခေါက် အတွေ့အကြုံနှင့် ဤတစ်ကြိမ်၌ လူတိုင်းက ထုံရွှယ်လူမပါဘဲ အလိုအလျောက်စတင်လိုက်ကြသည်။
ကလေးများက ဘာဘီကျုးကို စောင့်နေရင်း ကွေ့ဟွားပန်းကိတ်စားနေကြချိန်တွင် လူကြီးများက ဘာဘီကျူးကင်ရင်း ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း ပြောနေခဲ့ကြသည်။
ထိုအထဲတွင် ဝေ့ရန်နှင့် ဖန်ကျင်းယွမ်တို့က တူညီသောပုံစံဖြင့် ရှုပ်ထွေးနေကြလေသည်။
ဝေ့ရန်က အလုပ်သမား လယ်သမားနှင့် စစ်သား တက္ကသိုလ်တွင် စာသင်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်ပင် ရှိတော့မည် ဖြစ်သော်လည်း ရုတ်တရက်ဆိုသလို ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်ဖွင့်ပေးလာခဲ့သည်။ ဤနှစ်မှစ၍ အလုပ်သမား၊ လယ်သမားနှင့် စစ်သားတက္ကသိုလ်က ကျောင်းသားလက်ခံမှု ရပ်ဆိုင်းတော့မည်ပင်။
သူ့အဘိုးက သူ့ကို ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် ကျောင်းထွက်စေလိုသော်လည်း အတန်းဖော်နှင့် အခြားသော စီနီယာများက ကျောင်းမထွက်ကြသဖြင့် သူလည်း တုံ့ဆိုင်းနေမိသည်။
ဝေ့ကျီကောင်း ပြောလိုက်သည်။
"ဘာတုံ့ဆိုင်းစရာ ရှိလဲ... မင်း အလုပ်သမား၊ လယ်သမား စစ်သားတက္ကသိုလ်မှာ တက်နေတာ တစ်နှစ်ကျော်ပဲ ရှိသေးတယ်... ဘာမှ သင်ယူခဲ့ရသေးတာမဟုတ်ဘူး... အခု ကျောင်းသားလက်ခံတာ ရပ်လိုက်ရင် အလုပ်သမားတွေ လယ်သမားတွေ စစ်သားတွေရဲ့ ဘဝက နေ့တိုင်း ကျဆင်းလာဖို့ပဲ ရှိတယ်"
ဝေ့ရန်က သူ့စိတ်ကို မပြင်ဆင်နိုင်သေးပေ။ "ဒါပေမယ့် ကျွန်တော် စာပြန်လုပ်ဖို့ အရမ်း နောက်ကျသွားပြီ"
ဝေ့ကျီကောင်း: "အရင်တစ်နှစ် မင်းရဲ့ မွေးနေ့တုန်းက ရွှယ်လူ မင်းကို သင်္ချာ၊ ရူပဗေဒနဲ့ ဓါတုဗေဒ စာအုပ်တွေ အစုံလိုက် ပေးခဲ့တာ မှတ်မိပါသေးတယ်... မင်း မဖတ်ဖြစ်ဘူးလား"
ဝေ့ရန် ရှက်သွေးဖြာသွားပြီး ခေါင်းယမ်းပြလိုက်သည်။ "ကျွန်တော် ဖတ်ဖို့ အချိန်မရလို့"
သူတို့က ကျောင်းတွင် များများစားစား မသင်ယူခဲ့ရသော်လည်း မည်သည့်အရာကိုမှ မလုပ်ရသည်တော့ မဟုတ်ပေ။ နေ့တိုင်း နိုင်ငံရေးအသိပညာ သင်ယူရခြင်းအပြင် စက်ရုံများသို့ အလုပ်သင်သွားရပြီး တစ်ခါတစ်ရံ စိုက်ပျိုးရေးပညာ လေ့လာရန် ကျေးလက်ဒေသများကိုပါ သွားရလေ့ရှိသည်။
ဝေ့ကျီကောင်းက သူ တွေဝေနေသည်ကို သဘောမကျလှသဖြင့် တစ်ချက် စိုက်ကြည့်လိုက်သည်။
"ဆောင်းလလယ်ပွဲတော်ပြီးရင် ကျောင်းကို ပြန်သွားပြီး ဆရာတွေနဲ့ စကားပြောချေ။ ကျောင်းကနေ ထွက်ပြီးတာနဲ့ ပြန်လာပြီး စာလုပ်တော့"
ဝေ့ရန် ခေါင်းကုတ်လိုက်သည်။ "တကယ်လို့ ကျွန်တော် စာမေးပွဲမအောင်ခဲ့ရင်ရော"
သူက ဂျူနီယာနှင့် စီနီယာအထက်တန်းကျောင်းများမှ ဗဟုသုတများကို မေ့သွားခဲ့လေပြီ။ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာလည်း နှစ်လခန့်သာ လိုတော့ရာ စာမေးပွဲ မအောင်မည်ကို ကြောက်ရွံ့နေလေသည်။
ဝေ့ကျီကောင်း: "စာမေးပွဲကျရင် နောက်နှစ်ဆက်ဖြေပေါ့... ဘာပဲဖြစ်ဖြစ် မင်းက အရမ်းအသက်ကြီးသွားတာမှ မဟုတ်တာ... မင်းအဘွားနဲ့ ငါကလည်း မင်းကို ဇနီးတစ်ယောက် မြန်မြန်ရှာဖို့ တွန်းအားမပေးပါဘူး"
ဝေ့ရန်၏ မျက်နှာမှာ ဇနီးတစ်ယောက်ကို လက်ထပ်ရန်ဟု ကြားလိုက်ရချိန်တွင် နီရဲသွားခဲ့လေသည်။
ဝေ့ကျူးကျူး အပြေးရောက်လာပြီး သူမ၏အစ်ကို၏ မျက်နှာ နီရဲနေသည်ကို တွေ့သောအခါ အံ့သြသွားလေသည်။
"အစ်ကိုကြီးရဲ့ မျက်နှာက ကင်ထားတဲ့ ဝက်ခေါင်းလို နီရဲနေတာပဲ... ကြည့်ရတာ ကြောက်စရာကြီး"
"..."
ဝေ့ရန်က သူမကို သတ်မည့်ဖြတ်မည့် အမူအယာဖြင့် စိုက်ကြည့်လိုက်ချိန်တွင် ဝေ့ကျူးကျူးတစ်ယောက် ကြောက်လန့်တကြား အော်ကာ ပြေးထွက်သွားသည်။
ထုံရွှယ်လူလည်း ဝင်ထိုင်ကာ အသားကင်တံများကို ကိုင်၍ အတူတူ ကင်ပေးလိုက်သည်။
"ကျွန်မလည်း အဘိုးဝေ့ပြောတာ မှန်တယ်လို့ ထင်တယ်... ဒီတစ်ခေါက် စာမေးပွဲကျရင် နောက်တစ်ခါ ဆက်ဖြေပေါ့"
အဘိုးဝမ်ပြောသည်က မှန်သည်။ အလုပ်သမား၊ လယ်သမားနှင့် စစ်သားတက္ကသိုလ်မှ ဘွဲ့ရများမှာ သူတို့၏ လုပ်ငန်းခွင့်၌ ကန့်သတ်ခံကြရပြီး သူတို့၏ အနေအထားမှာလည်း တဖြည်းဖြည်း ယုတ်လျော့လာသည်။ သို့သော်လည်း သူတို့က ဘွဲ့ရပြီးသား ဖြစ်၍ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ထပ်ပြီး ဖြေဆိုခွင့်မရကြတော့။
ဝေ့ရန်သာ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေချင်ပါက ယခုအချိန် ကျောင်းထွက်လိုက်သည်က အကောင်းဆုံး ဖြစ်ပေမည်။ တစ်နှစ် နှစ်နှစ်ခန့်သာ ကြာသွားပါက ထိုသို့ လုပ်ရန် မဖြစ်နိုင်ပေ။
ဝေ့ရန်က လူတိုင်း ထိုသို့ ပြောနေကြသည်ကို တွေ့သောအခါ တွေးကြည့်လိုက်ပြီးနောက် စိတ်ဆုံးဖြတ်နိုင်သွားပြီး ပြောလိုက်သည်၊
"ကောင်းပြီလေ... ကျွန်တော် ကျောင်းကို ပြန်ရောက်ရင် ကျောင်းထွက်ဖို့ လုပ်ငန်းစဥ်တွေ လုပ်ပြီး ပြန်လာခဲ့မယ်"
ဝေ့ရန်၏ အသံ ထွက်ပေါ်လာသည်နှင့် ဖန်ကျင်းယွမ် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"ရွှယ်လူ... နင်ရော ငါ့ကို ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေစေချင်လား"
သူမက လတ်တလော ယဥ်ကျေးမှုဌာနတွင် အလုပ်လုပ်နေလေရာ ရံဖန်ရံခါ သီချင်းဆိုခြင်း ကခြင်းဖြင့် ဖျော်ဖြေပေးရသည်။
ဒါက ငယ်ရွယ်တုန်းမှာပဲ လုပ်လို့ရမှာ... အနာဂါတ်မှာ အထက်ကို မတက်နိုင်ရင် အသက်ပိုကြီးလာတာနဲ့ အသုံးမဝင်တဲ့နေရာတွေပဲ ရလာတော့မှာ...
သို့သော်လည်း သူမက ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း အမေးခံလိုက်ရချိန်၌ ယုံကြည်ချက်မရှိပေ။ အဆုံးတွင် သူမက အထက်တန်းပြီးထားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပြီး အဆင့်များကလည်း သိပ်မကောင်းပေ။
ထုံရွှယ်လူ ပြောလိုက်သည်။ "နင်လျှောက်ချင်တဲ့ မေဂျာ ရှိလား"
ဖန်ကျင်းယွမ်၏ မျက်နှာထက် ခပ်ရှက်ရှက် အမူအယာလေးများ ဖြတ်ပြေးသွားသည်။ "ငါ ရုပ်ရှင်တွေ ရိုက်ရတာ စိတ်ဝင်စားဖို့ ကောင်းမှာပဲလို့ တွေးနေတာ"
ရှောင်ချန်ဖျင်က ရုတ်တရက် ဝင်နှောက်ယှက်လိုက်သည်။ "မင်းက သရုပ်ဆောင် ဖြစ်ချင်လို့လား"
ရုပ်ရှင်ကျောင်းမှ ကျောင်းသားများက ကြည့်ကောင်းလေ့ရှိသဖြင့် သူမက ရုပ်ချောချော ကောင်လေးများနှင့် တွေ့ဆုံချင်နေသည်ဟု သူသံသယရှိနေလေသည်။
"ရှင်က ကျွန်မကို လာထိန်းချုပ်ချင်နေတာလား" ဖန်ကျင်းယွမ်က သူ့ကို မျက်စောင်းထိုးလိုက်ပြီးနောက် ထုံရွှယ်လူကို ပြောလိုက်သည်။
"ငါ ဒါရိုက်တာတစ်ယောက် ဖြစ်ချင်တယ်"
အိုး... ခေါင်းကြီးမလေးမှာ ဒီလို အိမ်မက်တစ်ခု ရှိနေမယ်လို့ ထင်မထားခဲ့ဘူး...
ထုံရွှယ်လူ ပြုံး၍ ပြောလိုက်သည်။
"နင် စာမေးပွဲ မအောင်မှာ စိုးရင် ယဥ်ကျေးမှု ဌာနကအလုပ်ကို မထွက်နဲ့လေ... ဘာပဲ ဖြစ်ဖြစ် ကြိုးစားကြည့်လို့ အရှူံးမရှိပါဘူး"
ယဥ်ကျေးမှူ ဌာနက အလုပ်ကို မထွက်ဘဲ ကြိုးစားကြည့်ပါက သူမတွင် ဖိအားများစွာ ရှိလာမည် မဟုတ်ပေ။
ဖန်ကျင်းယွမ်က တစ်ခဏမျှ တွေးပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ "နင်ပြောတာ မှန်တယ်... အဆိုးဆုံး စာမေးပွဲ မအောင်ရုံပေါ့... ငါ့မှာ ဆုံးရှုံးစရာ မရှိပါဘူး"
တစ်ဖက်မှ ဝေ့ရန်က ထိုစကားကို ကြားသောအခါ ပုခုံးထက်၌ ဖိအားများ ပိုတိုးလာသလို ခံစားလိုက်ရသည်။
သူ ကျောင်းမှ ထွက်လိုက်သည်နှင့် လမ်းမရှိသူဖြစ်သွားရပေတော့မည်။ ဖန်ကျင်းယွမ်နှင့် လုံးဝ ခြားနားပေသည်။
ထုံရွှယ်လူ၏ မွေးနေ့ပွဲသို့ လာရောက်ကြသူများတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် ဆုံးဖြတ်လိုက်ကြသည့် ဖန်ကျင်းယွမ်နှင့် ဝေ့ရန်တို့အပြင် ကျန်းတန့်ဟုန်လည်း ရှိနေသေးသည်။