🍵Chapter 256
ထုံရွှယ်လူ၏ မွေးနေ့ပွဲသို့ လာရောက်ကြသူများတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် ဆုံးဖြတ်လိုက်ကြသည့် ဖန်ကျင်းယွမ်နှင့် ဝေ့ရန်တို့အပြင် ကျန်းတန့်ဟုန်လည်း ရှိနေသေးသည်။
ကျန်းတန့်ဟုန်က သူတို့ထဲတွင် အကြီးဆုံး ဖြစ်သော်လည်း လူတိုင်းက သူမ၏ ဆုံးဖြတ်ချက်ကို ထောက်ခံပေးကြသည်။
အမှန်မှာ... ဤခေတ်တွင် ကျန်းတန့်ဟုန်၏ အခြေအနေက အံ့သြစရာ မဟုတ်ပေ။ ဤကောလိပ်ဝင်ခွင့်စာမေးပွဲ၌ အသက်အရွယ် သို့မဟုတ် အတန်းပညာ ကန့်သတ်ချက်များ မရှိပေ။ ထို့ကြောင့် အသက်ကြီးနေကြပြီ ဖြစ်သည့် များစွာသော ပညာတတ်လူရွယ်များက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာရင်းသွင်းကြသည်။
ဝမ်ရူကွေ့လည်း ရောက်လာပြီး ထုံရွှယ်လူဘေးတွင် ဝင်ထိုင်ကာ သူမလက်ထဲမှ ဘာဘီကျူးများကို ဆွဲယူလိုက်ပြီး ကင်လိုက်သည်။
"မင်းသွားနားတော့လေ... ကိုယ်ဆက်ကင်လိုက်မယ်"
ထုံရွှယ်လူက သူ့ကို ပြုံးပြလိုက်ပြီး ထရပ်ကာ အခန်းထဲသို့ ဝင်၍ သင်္ချာ၊ ရူပဗေဒနှင့် ဓါတုဗေဒ စာအုပ်နှစ်စုံ ထုတ်ကာ ဖန်ကျင်းယွမ်နှင့် ကျန်းတန့်ဟုန်တို့ကို လှမ်းပေးလိက်သည်။
ကျန်းတန့်ဟုန်က စာအုပ်များကို ဂရုတစိုက်ထိကာ ပြောလိုက်သည်။
"ကျေးဇူးပါ ရွှယ်လူရယ်... ဒီလက်ဆောင်က အရမ်းတန်ဖိုးရှိတာ"
ဖန်ကျင်းယွမ်က ပို၍ပင် စိတ်လှုပ်ရှားနေပြီး သူမကို ခုန်ဖက်လိုက်သည်။
"ငါ စာတွေ ပြန်ကြည့်ဖို့ စာအုပ် ဝယ်လို့ ရပါ့မလားလို့တောင် စိုးရိမ်နေခဲ့တာ... အဆင်ပြေသွားပြီ... ကျေးဇူးပဲနော်"
ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်ခွင့်ပြုတော့မည် ဟူသည့် သတင်းထွက်လာကတည်းက ဖတ်စာအုပ်များ ရှာရန် ခက်ခဲသွားသည်။ အိမ်၌ အလယ်တန်းနှင့် အထက်တန်းဖတ်စာအုပ်များ ရှိကြသူများက ကျော်ကြားလာခဲ့လေသည်။
ရှောင်ချန်ဖျင်က ပျော်ရွှင်နေသည့် ဖန်ကျင်းယွမ်ကို ကြည့်ကာ နှလုံးသားက ပို၍ ဒေါသတကြီး ဖြစ်လာခဲ့သည်။
မတိုင်မီက ဖန်ကျင်းယွမ်တစ်ယောက် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေတော့မည်ဟု ကြားစဥ်က သူ့ဦးလေးကို အကူအညီတောင်း၍ ဖတ်စာအုပ်တစ်စုံ ရှာခိုင်းလိမ့်မည်ဟု စဥ်းစားမိသွားသေးသည်။
သူတကယ် နေမကောင်း ဖြစ်နေတာလား... ငတုံးမ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေမဖြေက သူနဲ့ ဘာဆိုင်လို့လဲ...
🍵
ညနက်လေလေး တိုးဝှေ့လိုက်သောအခါ ခြံဝင်းတစ်ခုလုံး ဘာဘီကျူးနံ့များ ပြည့်နှက်သွားလေသည်။
လူတိုင်းက ဘာဘီကျူး စားရင်း အနာဂါတ်အကြောင်း ပြောနေကြပြီး သာယာလှပသည့် ညလေး ဖြစ်ခဲ့သည်။
နောက်တစ်နေ့တွင် လပြည့်လာပြီး ဆောင်းလလယ်ပွဲတော် ကျရောက်လာသည့်အခါ ထုံရွှယ်လူက မနှစ်ကလိုပင် လူတိုင်းအတွက် လမုန့်များ လုပ်ပေးခဲ့သည်။
ထို့နောက် ရှောင်းကျားမင်တို့ မောင်နှမသုံးယောက်ကို ခေါ်ကာ ဆောင်းလလယ်ပွဲတော်အတွက် ဝမ်အိမ်သို့ အလည်သွားခဲ့သည်။
ထုံရွှယ်လူနှင့် ဦးလေးဇုန်းတို့က မီးဖိုချောင်ထဲတွင် အလုပ်များနေကြပြီး လူတိုင်းအတွက် ဟင်းပွဲများ စားပွဲအပြည့် ချက်ပေးခဲ့သည်။
ဝမ်ရူကွေ့က ငါးစားရသည်ကို ကြိုက်သည့်အတွက် သူမက ယနေ့တွင် ငါးပေါင်း ပြုလုပ်ထားသည်။
သူမက ငါးပေါ်တွင် စပ်ထားသော ပဲငံပြာရည်ကို လောင်းထည့်လိုက်ပြီး တောက်တောက်စင်းထားသော ကြက်သွန်မြိတ်နှင့် ဂျင်းများကို ဖြူးလိုက်ပြီးနောက် ပေါင်းထားသော ငါးပေါ်တွင် ဆီပူပူကို လောင်းချလိုက်သည်။
"ရှဲ" ဟူသော အသံ ကြားရပြီးနောက် မီးဖိုချောင်တစ်ခုလုံး မွှေးပျံ့သော ရနံ့များ ပြည့်သွားလေသည်။
ဆီလောင်းပြီးသွားသောအခါ ငါးအသားက ပေါ့ပါးသော အလွှာလေးများ ထွက်ပေါ်လာပြီး အလွန်အမင်း နူးညံ့သွားပုံပေါ်နေသည်။
မွှေးရနံ့လေးက ပြတင်းပေါက်မှ လွင့်ပျံ့လာသောအခါ အိမ်ယာထဲမှ အခြားအိမ်များလည်း အနံ့ရသွားကြသည်။ အိမ်နီးချင်းများက မသိစိတ်အရ တံတွေးမျိုချလိုက်ပြီး ဝမ်အိမ်ဘက်သို့ ကြည့်လိုက်သည်။
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။ "ဗိုလ်မှူးဝမ်... ခင်ဗျားတို့ မိသားစုတွေက ဘာတွေချက်နေလို့ ဒီလောက် အနံ့မွှေးနေရတာလဲ"
"ဟုတ်ပါ့... ကျွန်တော်တို့ သွားရည်တောင် ကျလာပြီ... ပုံမှန်ဆို ဦးလေးဇုန်းချက်တဲ့ဟင်းတွေက ဒီလောက်ထိ မမွှေးပါဘူး"
အဘိုးဝမ်က ဂုဏ်ယူဝံ့ကြွားသွားပုံပင်။
"ရှောင်ဇုန်း ချက်တဲ့ဟင်းတွေက သာမန်ပါပဲ... ဒီနေ့ ငါ့ရဲ့ မြေးချွေးမလောင်းလေးက ဆောင်းလလယ်ပွဲတော်ကို အတူတူ လာကုန်ဆုံးတာလေ... ဟင်းချက်နေတာ သူပဲ"
"အိုး... ရူကွေ့ရဲ့ ချစ်သူက အရှေ့လေပြေစားသောက်ဆိုင်ရဲ့ မန်နေဂျာဟောင်းမို့လား"
အဘိုးဝမ်က ပို၍ပင် ဂုဏ်ယူလာပြီး ရင်ဘတ်ကို ကော့ကာ ပြောလိုက်သည်။
"ဟုတ်ပါ့... သူက အဆင့်တစ်စားဖိုမှူးလက်မှတ်ရထားတာလေ... ငါသူ့ကို မြှောက်နေတာ မဟုတ်ဘူးနော်... ဒီကလေးက ဥာဏ်ကောင်းပြီး လုပ်ရည်ကိုင်ရည် ရှိတယ်... သာမန်လူက သူနဲ့ လုံးဝ ယှဥ်နိုင်မှာ မဟုတ်ဘူး"
လူတိုင်း: "..."
ဒါက မြှောက်ပင့်နေတာ မဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ...
"စကားမစပ် သူက ဘာလို့ အလုပ်ထွက်လိုက်တာလဲ... သူထွက်သွားပြီးကတည်းက အရှေ့လေပြေစားသောက်ဆိုင်က စားစရာတွေက အရသာ သိပ်မရှိတော့သလိုပဲ"
"ကျွန်တော်လည်း တွေးနေတာ... ကျွန်တော်လည်း အဲ့ဒီဆိုင်ကို တစ်လ အနည်းဆုံး တစ်ခေါက် နှစ်ခေါက်လောက် စားနေကျပဲ... အခု သွားစားကြည့်ရတာ ရိုးအီလာသလို ခံစားရတယ်"
အဘိုးဝမ်: "သူက ကောလိပ်ဝင်ခွင့် စာမေးပွဲ ဝင်ဖြေတော့မှာလေ... ငါကြွားပြောတာ မဟုတ်ဘူးနော်... သူ ဥာဏ်ကောင်းပုံနဲ့ဆို ချင်းဟွာအမျိုးသား တက္ကသိုလ်တို့ ပေကျင်းတက္ကသိုလ်တို့ ဝင်နိုင်လောက်တယ်"
လူတိုင်း: "..."
အရင်တုန်းက မစ္စတာဝမ်ကို ဒီလောက်ထိ နှိမ့်ချတတ်မှန်း ဘာလို့မသိခဲ့ရပါလိမ့်...
ချင်းဟွာအမျိုးသားတက္ကသိုလ်ကို ဝင်ရတာ ဒီလောက် လွယ်လို့လား...
ထုံရွှယ်လူက အရသာရှိသော ဟင်းပွဲများ ချက်ပြုတ်နိုင်သော်ငြား သူမက ဂျူနီယာအထက်တန်းသာ အောင်သေးသည်ဟု ကြားထားသည်။ ထိုအခြေအနေဖြင့် ချင်းဟွာအမျိုးသား တက္ကသိုလ်နှင့် ပေကျင်းတက္ကသိုလ်ကို မှန်းနေသည်။ ထိုအရာက ကြွားဝါနေခြင်းသာ ဖြစ်ပေမည်။
သို့သော်ငြား မစ္စတာဝမ်ရှေ့တွင် လူတိုင်းက တိုက်ရိုက်ပြောရမည်ကို ရှက်ရွံ့ကြသဖြင့် တဟဲဟဲ ရယ်၍သာ အိမ်ထဲပြန်ဝင်သွားကြသည်။
မစ္စတာဝမ်က သူတို့၏ အတွေးများကို ဂရုမစိုက်သဖြင့် သူသည်လည်း စားသောက်ရန်အတွက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။
ထုံရွှယ်လူက ငါးပေါင်းအပြင် ဝက်နံရိုးနှင့် ပိန်းဥပေါင်း၊ အသီးအရွက် အဆာသွပ်ထားသည့် ဘန်းမုန့်ကြော်များနှင့် ပြောင်းဖူးနှင့် မုန်လာဥဖြူတို့ပါသည့် ကြက်သားစွပ်ပြုတ်လည်း လုပ်ထားသေးသည်။
ငါးပေါင်းက နူးညံ့မွှေးပျံ့လှသည်။ အရသာက လျှာဖျားထက်တွင် စွဲကျန်နေခဲ့လေသည်။ နံရိုးများမှာ ချိုမြသော ပိန်းဥ၏ အရသာလေးနှင့် ရောနှောနေသည်။ ခပ်မွှေးမွှေး ရနံ့နှင့်အတူ ခပ်ထုပ်ထုပ်လေး ဖြစ်နေ၏။ ပိန်းဥကို နူးညံ့ပျော့ပျောင်းသည်အထိ ပေါင်းထားသဖြင့် မစ္စတာဝမ်၏ ပါးစပ်နှင့် အသင့်တော်ဆုံးဖြစ်သည်။
အသီးအရွက်များ အဆာသွပ်ထားသည့် ဘန်းမုန့်ကြော်များကို တစ်ကိုက် ကိုက်လိုက်သည့်အခါ အဆာပလာအမျိုးမျိုးက ပါးစပ်ထဲတွင် ပြည့်နှက်သွားပြီး စွပ်ပြုတ်ရည်များ ပန်းထွက်လာကာ မွှေးပျံ့ ကြွပ်ဆပ်နေကာ တောင်တန်းနှင့် ပင်လယ်တို့၏ အရသာထက် မနိမ့်ကျပါပေ။
လူတိုင်းက ထိုထမင်းတစ်နပ်ကို ကျေနပ်အားရစွာ စားသုံးခဲ့ကြပြီး ဗိုက်များပင် တင်းကားလုံးဝန်းသွားကြလေသည်။
အဘိုးဝမ် စားသောက်ပြီးသွားသောအခါ အိမ်နီးချင်း အဘိုးကို ကြွားဝါရန်အတွက် သရေစာများ ယူဆောင်သွားခဲ့ပြီး ဂျင်းပင်အိုကြီးကို မနာလိုမှုကြောင့် ရင်တွင်း၌ ငိုကြွေးသွားရစေသည်။
🍵
ဤအချိန်တွင် အထွေထွေ ထောက်ပံ့ပို့ဆောင်ရေးဌာနချုပ်အိမ်ယာရှိ ထုံအိမ်၏ လေထုမှာမူ အနည်းငယ် လေးလံနေခဲ့သည်။
မနှစ်က ထုံရွှယ်လူတစ်ယောက် မိုးရွာနေသဖြင့် လက်ဆောင်များ ပေးရန် ရောက်မလာခဲ့သော်လည်း နောက်တစ်နေ့တွင် လမုန့်များ လာပေးနေဆဲ ဖြစ်သည်။
ဤနှစ် ဆောင်းလလယ်ပွဲတော်တွင် မိုးမရွာသဖြင့် သူမ လာလိမ့်မည်ဟု တွေးမိကြသော်လည်း သူတို့က တစ်နေ့လုံး စောင့်မနေချင်ခဲ့ပေ။
ချိုင်ချွန်းလန်က နှုတ်ခမ်းများကို တွန့်ကွေးကာ ပြောလိုက်သည်။
"ကြည့်ရတာ တစ်စုံတစ်ယောက်ကတော့ ထုံအိမ်နဲ့ အဆက်အသွယ်ဖြတ်ဖို့ တွေးထားပြီးသား နေမှာ"
ဒုတိယအစ်ကိုထုံက သူမကို လှမ်းကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"မင်းကို တုံးတဲ့လူလို့ မထင်အောင် စကားကို လျှော့ပြော"
ချိုင်ချွန်းလန်က သူမ၏ နှလုံးသားထဲတွင် စိတ်ပျက်သွားသော်ငြား ယောက္ခမဖြစ်သူ၏ မျက်နှာ ပုပ်သိုးနေသည်ကို မြင်သောအခါ ရှင်းမပြနိုင်အောင်ပင် စိတ်ထဲလန်းဆန်းသွားလေသည်။
ထိုအခိုက် အမေထုံ၏ နှလုံးသားထဲတွင် ကျောက်ဆောင်ကြီးနှင့် ညှပ်မိသကဲ့သို့ အသက်ရှုရခက်ခဲနေသည်။
သူမက ထုံရွှယ်လူသာ ဆောင်းလလယ်ပွဲတော်တွင် အလည်ရောက်လာပါက သူမကပင် တစ်ထစ်လျှော့ကာ ခွင့်လွှတ်ပေးလိုက်ပြီးနောက် နှစ်ယောက်ကြားက ဆက်ဆံရေးကို ပြန်လည် ဆက်သွယ်မည်ဟု တွေးထားခဲ့သည်။
ထုံရွှယ်လူ၏ အဘိုးက ဗိုလ်မှူးတစ်ယောက် ဖြစ်၍ နောက်လတွင် ပေကျင်းသို့ ပြောင်းရွှေ့လာတော့မည်ဟု ကြားထားသည်။ တစ်ဖက်လူသာ သူတို့ကို ကူညီပေးနိုင်ပါက သူမသားနှစ်ယောက်သည်လည်း တစ်ခါတည်းနှင့် ရာထူးတက်နိုင်ပေလိမ့်မည်။
မထင်မှတ်ထားစွာဖြင့် သူမ ရောက်မလာသည့်အပြင် ပွဲတော်လက်ဆောင် အရိပ်အယောင်များလည်း မတွေ့ခဲ့ရ...
တကယ့် မျက်လုံးဖြူ ဝံပုလွေမပဲ..
ချိုင်ချွန်းလန်မှာ ပါးစပ်ပိတ်ထားတတ်သည့် လူမျိုးမဟုတ်ပေ။ တစ်မိနစ်မျှ တိတ်ဆိတ်သွားပြီးနောက် တစ်စခန်းထလာပြန်သည်။
"စကားမစပ်... ထုံရွှယ်လူက ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဖို့ စားသောက်ဆိုင်မန်နေဂျာအလုပ်ကနေ ထွက်ခဲ့တယ်လို့ ကြားထားတယ်"
"သူ စာသင်နေတဲ့အချိန်တုန်းက စာမေးပွဲတွေ ခဏခဏ ကျလို့ အဲ့ဒီနှစ်က စာသင်နှစ်ကိုတောင် အပြီးမသတ်နိုင်လုနီးပါး ဖြစ်ခဲ့တာ မှတ်မိပါသေးတယ်... သူ့အဆင့်တွေနဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေချင်နေသေးတယ်... ရယ်စရာကောင်းလိုက်တာ"
ထိုသတင်းကို ကြားရချိန်၌ လူတိုင်းရှောခ့်ရသွားကြလေသည်။
ချန်ယွဲ့လင်: "သူက မန်နေဂျာ နေရာကနေတကယ် အလုပ်ထွက်လိုက်တာလား"
ချိုင်ချွန်းလန်က ပြုံး၍ လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"အမလေး... ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေတဲ့သူ အများကြီး ရှိပေမယ့် သူ့လို တုံးအပြီး ရာထူးက ထွက်တာမျိုးတော့ မရှိကြပါဘူး... စာမေးပွဲသာ မအောင်ရင် တကယ် ရှက်စရာကောင်းသွားမှာ"
အစ်ကိုကြီးထုံက မျက်မှောင်ကျုံ့ကာ စပြောလိုက်သည်။ "သူက စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်"
အခြားသူများကလည်း ထိုကဲ့သို့ တွေးနေကြပြီး ထုံရွှယ်လူ သေချာပေါက် ကောလိပ်ဝင်ခွင့်ရမည် မဟုတ်ဟု ခံစားနေရသည်။
စာမေးပွဲကျတာက ရှက်စရာကောင်းရုံတင်မကဘူး... အလုပ်ကိုပါ ဆုံရှုံးရဦးမယ်... ဒါက စိတ်လိုက်မာန်ပါ လုပ်တာထက်ပိုပြီး လုံးဝ တုံးအတာပဲ...
အမေထုံက ထိုအကြောင်းကို ကြားသောအခါ နှလုံးသားထက်တွင် ပိနေသည့် ကျောက်ဆောင်ကြီးမှာ ရုတ်တရက်ဆိုသလို ပြုတ်ကျသွားပုံရပြီး ချက်ချင်းပင် ထမင်းနှစ်ပန်းကန်လောက်ထိ စားဝင်သွား၏။
🍵
ပထမဆုံးသော ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပတော့မည်။
ကန့်သတ်ချက်နည်းသည့်အတွက် စာရင်းသွင်းခက အနည်းငယ်ပိုများပြီး ယွမ်ငါးဆယ် ဖြစ်သည်။ သို့သော်လည်း ဂျူနီယာအထက်တန်းကျောင်းနှင့် ၎င်း၏ အထက်ကို ပြီးမြောက်ထားလျှင် အခြေခံအားဖြင့် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုနိုင်မည် ဖြစ်သည်။
ထုံရွှယ်လူက အစပိုင်းတွင် စီးပွားရေးနှင့် စီမံခန့်ခွဲမှုမေဂျာကို လျှောက်ချင်ခဲ့သော်လည်း စဥ်းစားကြည့်ပြီးနောက် အင်္ဂလိပ်စာမေဂျာကို လျှောက်ထားလိုက်သည်။
ဒါပေါ့... သူမက ဘွဲ့ရပြီးသွားရင် အင်္ဂလိပ်စာနဲ့ သက်ဆိုင်တဲ့နယ်ပယ်ထဲ ဝင်ချင်လို့ မဟုတ်ပါဘူး... သူမက အစားအသောက်နဲ့ ဆိုင်တဲ့ အလုပ်ကို ဆက်လုပ်မှာပဲလေ...
စက်ရုံနှင့် စားသောက်ဆိုင်များ ပိုင်ဆိုင်နိုင်ရေးအပြင် သူမက တရုတ်ဟင်းလျာများကို ကမ္ဘာအနှံ့ ဖြန့်ဖြူးရန် စီစဥ်ထားသည်။
တရုတ်၏ အစားအသောက် ယဥ်ကျေးမှုက နှစ်ပေါင်း ငါးထောင်ကြာ ယဥ်ကျေးမှု တိုးတက်လာခြင်းနှင့် အမျော်အမြင်ကြီးမှုများဖြင့် ခိုင်ခံ့လျက်ရှိသည်။ အစားအသောက်များ၏ "အရောင်အဆင်း၊ အနံ့အရသာနှင့် ပါဝင်ပစ္စည်း"တို့က လူတိုင်းကို သိမ်းပိုက်အောင်မြင်ရန် လုံလောက်ပေသည်။
အစားအသောက် ဖြန့်ဖြူးဖို့ဆို အင်္ဂလိပ်စာ ကျွမ်းကျင်မှ ဖြစ်မယ်....
သူမ စာအုပ်ထဲသို့ မဝင်ကလည်း အင်္ဂလိပ်စာကို လေ့လာခဲ့ဖူးသော်ငြား ပရော်ဖက်ရှင်နယ်တစ်ယောက် မဟုတ်သဖြင့် အင်္ဂလိပ်စာကိုသာ ထပ်ပြီး သင်ယူရန် ဆုံးဖြတ်ထားသည်။
ယနေ့တွင် သူမနှင့် ဖန်ကျင်းယွမ်တို့က ပညာရေးဗျူရိုကို သွားကာ ဝင်ခွင့်လက်မှတ်ကို ထုတ်ယူကြသည်။
သူမ၏ ဝင်ခွင့်လက်မှတ်တွင် တွေ့ရသည်မှာ...
1977 ခုနှစ် ကောလိပ်နှင့် တက္ကသိုလ်များအတွက် တက်ရောက်ခွင့် စာရင်းပေးသွင်းမှု
ဖြေဆိုမည့်နေရာ: ပေကျင်း
အမျိုးအစား: စီမံခန့်ခွဲမှု
အမည်: ထုံရွှယ်လူ
(ထပ်ပေါင်းဘာသာရပ်: အင်္ဂလိပ်)
အမှတ်စဥ်: 254250
ပေကျင်း အဆင့်မြင့်ပညာရေးဦးစီးဌာန ဝင်ခွင့်ကော်မတီရုံးမှ ထုတ်ပြန်စာ
ထုံရွှယ်လူက သူမ၏ နံပါတ်ကို မြင်သောအခါ နှုတ်ခမ်းတွန့်လိုက်သည်။
ငါ့ကို ဒီလိုနဲ့ စာမေးပွဲ ကျသွားစေချင်လို့လား... 254250... ငါက နှစ်ရာ့ငါးလား...
[T/N ထုံရွှယ်လူ့ ခုံအမှတ်ရဲ့ နောက်ဆုံး သုံးလုံးဖြစ်တဲ့ 250ကို တရုတ်လို ရေးရင် "二百五十" အသံထွက် "အာ့ပိုင်ဝူရှီ" လို့ ဖတ်ရပါတယ် တရုတ်မှာ 205(二百五) အသံထွက် /အာ့ပိုင်ဝူ/ရဲ့ အဓိပ္ပါယ်က "ငတုံး"ပါတဲ့]
ဖန်ကျင်းယွမ်က သူမ၏ ဝင်ခွင့်လက်မှတ်ကို လှမ်းကြည့်လိုက်ပြီးနောက် မနာလိုဖြစ်သွားသည်။
"ဘာလို့ နင့်ပုံတွေက အရမ်းလှနေရတာလဲ"
ထုံရွှယ်လူက ရှက်ရွံ့နေခြင်း မရှိဘဲ ပြန်ဖြေလိုက်လေသည်။ "မဟုတ်တာ... ငါက ပင်ကိုယ်အလှလေးလေ"
ဖန်ကျင်းယွမ်: "..."
အပြင်ဘက်တွင် ရှင်းဟွာစာအုပ်ဆိုင်မှ ဖြတ်လာသောအခါ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် လူတန်းရှည်ကြီးကို တွေ့လိုက်ရသည်။
စာကြည့်တိုက်မှာလည်း လူများပြည့်နေပြီး အကြည့်တစ်ချက်မှာပင် လူခေါင်းများ ဖွေးဖွေးလှုပ်နေသည်ကို တွေ့မြင်ရသည်။ တံခါးဝမှာပင် လူများ အပြည့်ဖြစ်နေပြီး နောက်ကျသွားသည့် အချို့လူများမှာ နေရာမရကြသည့်အတွက် ကြမ်းပေါ်မှာသာ ထိုင်နေကြရသည်။
လွန်ခဲ့သည့် ဆယ်နှစ်တွင် ရှေးဆန်သောလူများက ထိချက်ပြင်းပြင်း ထိခဲ့သည်။ ထိုအချိန်က "စာဖတ်ခြင်းက အသုံးမဝင်" ဟူသော သဘောတရားကိုပင် မြှင့်တင်ခဲ့ကြသော်လည်း ယခုတွင် အဓိပ္ပါယ်မရှိသော ခေတ်ကာလကြီး ကုန်ဆုံးသွားခဲ့လေပြီ။
ဤတစ်ကြိမ် ကောလိပ်ဝင်ခွင့် စာမေးပွဲများ ပြန်ဖွင့်ပေးလိုက်ခြင်းက နိုင်ငံတဝှမ်းရှိ ယဥ်ကျေးမှု ထုံးတမ်းလိုက်နာသူများအပေါ် အားပြင်းသော သက်ရောက်မှု ဖြစ်စေခဲ့သည်။ သူတို့က အားရကျေနပ်နေကြပြီး မျက်လုံးများထဲတွင်လည်း သိလိုစိတ်များ ပြည့်နေကြသည်။
ထိုမြင်ကွင်းကို တွေ့ရသည့် အချိန်တိုင်း ထုံရွှယ်လူ စိတ်တက်ကြွလာခဲ့လေသည်။