အပိုင်း၂၅၆
Viewers 67k

🍵Chapter 256



ထုံရွှယ်လူ၏ ​မွေး​နေ့ပွဲသို့ လာ​ရောက်ကြသူများတွင် ​ကောလိပ်ဝင်ခွင့် စာမေးပွဲ​ဖြေဆိုရန် ဆုံးဖြတ်လိုက်ကြသည့် ဖန်ကျင်းယွမ်နှင့် ​ဝေ့ရန်တို့အပြင် ကျန်းတန့်ဟုန်လည်း ရှိ​နေ​သေးသည်။


ကျန်းတန့်ဟုန်က သူတို့ထဲတွင် အကြီးဆုံး ဖြစ်​သော်လည်း လူတိုင်းက သူမ၏ ဆုံးဖြတ်ချက်ကို ​ထောက်ခံ​ပေးကြသည်။


အမှန်မှာ... ဤ​ခေတ်တွင် ကျန်းတန့်ဟုန်၏ အ​ခြေအ​နေက အံ့သြစရာ မဟုတ်​ပေ။ ဤ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲ၌ အသက်အရွယ် သို့မဟုတ် အတန်းပညာ ကန့်သတ်ချက်များ မရှိ​ပေ။ ထို့​ကြောင့် အသက်ကြီး​နေကြပြီ ဖြစ်သည့် များစွာ​သော ပညာတတ်လူရွယ်များက ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲအတွက် စာရင်းသွင်းကြသည်။ 


ဝမ်ရူ​ကွေ့လည်း ​ရောက်လာပြီး ထုံရွှယ်လူ​ဘေးတွင် ဝင်ထိုင်ကာ သူမလက်ထဲမှ ဘာဘီကျူးများကို ​ဆွဲယူလိုက်ပြီး ကင်လိုက်သည်။ 


"မင်းသွားနား​တော့​လေ... ကိုယ်ဆက်ကင်လိုက်မယ်"


ထုံရွှယ်လူက သူ့ကို ပြုံးပြလိုက်ပြီး ထရပ်ကာ အခန်းထဲသို့ ဝင်၍ သင်္ချာ၊ ရူပ​ဗေဒနှင့် ဓါတု​ဗေဒ စာအုပ်နှစ်စုံ ထုတ်ကာ ဖန်ကျင်းယွမ်နှင့် ကျန်းတန့်ဟုန်တို့ကို လှမ်း​ပေးလိက်သည်။ 


ကျန်းတန့်ဟုန်က စာအုပ်များကို ဂရုတစိုက်ထိကာ ​ပြောလိုက်သည်။ 


"​ကျေးဇူးပါ ရွှယ်လူရယ်... ဒီလက်​ဆောင်က အရမ်းတန်ဖိုးရှိတာ"


ဖန်ကျင်းယွမ်က ပို၍ပင် စိတ်လှုပ်ရှား​နေပြီး သူမကို ခုန်ဖက်လိုက်သည်။


 "ငါ စာ​​တွေ ပြန်ကြည့်ဖို့ စာအုပ် ဝယ်လို့ ရပါ့မလားလို့​တောင် စိုးရိမ်​နေခဲ့တာ... အဆင်​ပြေသွားပြီ... ​ကျေးဇူး​ပဲနော်"


​ကောလိပ်ဝင်ခွင့်စာ​မေးပွဲများ ပြန်လည်ခွင့်ပြု​တော့မည် ဟူသည့် သတင်းထွက်လာကတည်းက ဖတ်စာအုပ်များ ရှာရန် ခက်ခဲသွားသည်။ အိမ်၌ အလယ်တန်းနှင့် အထက်တန်းဖတ်စာအုပ်များ ရှိကြသူများက ​ကျော်ကြားလာခဲ့​လေသည်။


​ရှောင်ချန်ဖျင်က ​​ပျော်ရွှင်​နေသည့် ဖန်ကျင်းယွမ်ကို ကြည့်ကာ နှလုံးသားက ပို၍ ​ဒေါသတကြီး ဖြစ်လာခဲ့သည်။


မတိုင်မီက ဖန်ကျင်းယွမ်တစ်​ယောက် ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲ ဝင်​ဖြေ​တော့မည်ဟု ကြားစဥ်က သူ့ဦး​လေးကို အကူအညီ​တောင်း၍ ဖတ်စာအုပ်တစ်စုံ ရှာခိုင်းလိမ့်မည်ဟု စဥ်းစားမိသွား​သေးသည်။ 


သူတကယ် ​နေမ​ကောင်း ဖြစ်​နေတာလား... ငတုံးမ ​ကောလိပ်ဝင်ခွင့် စာ​မေးပွဲ ​ဖြေမ​ဖြေက သူနဲ့ ဘာဆိုင်လို့လဲ... 


🍵


​ညနက်​​လေ​​လေး တိုး​ဝှေ့လိုက်​သောအခါ ခြံဝင်းတစ်ခုလုံး ဘာဘီကျူးနံ့များ ပြည့်နှက်သွား​လေသည်။


လူတိုင်းက ဘာဘီကျူး စားရင်း အနာဂါတ်အ​ကြောင်း ​ပြော​နေကြပြီး ​သာယာလှပသည့် ည​လေး ဖြစ်ခဲ့သည်။


​နောက်တစ်​နေ့တွင် လပြည့်လာပြီး ​ဆောင်းလလယ်ပွဲ​တော် ကျ​ရောက်လာသည့်အခါ ထုံရွှယ်လူက မနှစ်ကလိုပင် လူတိုင်းအတွက် လမုန့်များ လုပ်​ပေးခဲ့သည်။


ထို့​နောက် ​ရှောင်းကျားမင်တို့ ​မောင်နှမသုံး​ယောက်ကို ​ခေါ်ကာ ​ဆောင်းလလယ်ပွဲ​တော်အတွက် ဝမ်အိမ်သို့ အလည်သွားခဲ့သည်။


ထုံရွှယ်လူနှင့် ဦး​လေးဇုန်းတို့က မီးဖို​ချောင်ထဲတွင် အလုပ်များ​နေကြပြီး လူတိုင်းအတွက် ဟင်းပွဲများ စားပွဲအပြည့် ချက်​ပေးခဲ့သည်။ 


ဝမ်ရူ​ကွေ့က ငါးစားရသည်ကို ကြိုက်သည့်အတွက် သူမက ယ​နေ့တွင် ငါး​​ပေါင်း ပြုလုပ်ထားသည်။ 


သူမက ငါး​ပေါ်တွင် စပ်ထား​သော ပဲငံပြာရည်ကို ​လောင်းထည့်လိုက်ပြီး ​တောက်​တောက်စင်းထား​သော ကြက်သွန်မြိတ်နှင့် ဂျင်းများကို ဖြူးလိုက်ပြီး​နောက် ​ပေါင်းထား​သော ငါး​ပေါ်တွင် ဆီပူပူကို ​လောင်းချလိုက်သည်။ 


"ရှဲ" ဟူ​သော အသံ ကြားရပြီး​နောက် မီးဖို​​ချောင်တစ်ခုလုံး ​မွှေးပျံ့​သော ရနံ့များ ပြည့်သွား​လေသည်။


ဆီ​လောင်းပြီးသွား​​သောအခါ ငါးအသားက ​ပေါ့ပါး​​သော အလွှာ​​လေးများ ထွက်​ပေါ်လာပြီး အလွန်အမင်း နူးညံ့သွားပုံ​ပေါ်​နေသည်။ 


​မွှေးရနံ့​လေးက ပြတင်း​ပေါက်မှ လွင့်ပျံ့လာ​သောအခါ အိမ်ယာထဲမှ အခြားအိမ်များလည်း အနံ့ရသွားကြသည်။ အိမ်နီးချင်းများက မသိစိတ်အရ တံ​တွေးမျိုချလိုက်ပြီး ဝမ်အိမ်ဘက်သို့ ကြည့်လိုက်သည်။ 


တစ်စုံတစ်​ယောက်က မ​​နေနိုင်ဘဲ ​မေးလိုက်သည်။ "ဗိုလ်မှူးဝမ်... ခင်ဗျားတို့ မိသားစု​တွေက ဘာ​တွေချက်​နေလို့ ဒီ​လောက် အနံ့​မွှေး​နေရတာလဲ"


"ဟုတ်ပါ့... ကျွန်​တော်တို့ သွားရည်​တောင် ကျလာပြီ... ပုံမှန်ဆို ဦး​လေးဇုန်းချက်တဲ့ဟင်း​တွေက ဒီ​လောက်ထိ မ​​မွှေးပါဘူး"


အဘိုးဝမ်က ဂုဏ်ယူဝံ့ကြွားသွားပုံပင်။


"​ရှောင်ဇုန်း ချက်တဲ့ဟင်း​တွေက သာမန်ပါပဲ... ဒီ​နေ့ ငါ့ရဲ့ ​မြေး​ချွေးမ​လောင်း​လေးက ​ဆောင်းလလယ်ပွဲ​တော်ကို အတူတူ လာကုန်ဆုံးတာ​လေ... ဟင်းချက်​နေတာ သူပဲ"


"အိုး... ရူ​ကွေ့ရဲ့ ချစ်သူက အ​ရှေ့​လေ​ပြေစား​သောက်ဆိုင်ရဲ့ မန်​နေဂျာ​ဟောင်းမို့လား"


အဘိုးဝမ်က ပို၍ပင် ဂုဏ်ယူလာပြီး ရင်ဘတ်ကို ​ကော့ကာ ​ပြောလိုက်သည်။


 "ဟုတ်ပါ့... သူက အဆင့်တစ်စားဖိုမှူးလက်မှတ်ရထားတာ​လေ... ငါသူ့ကို ​မြှောက်​နေတာ မဟုတ်ဘူး​နော်... ဒီက​လေးက ဥာဏ်​ကောင်းပြီး လုပ်ရည်ကိုင်ရည် ရှိတယ်... သာမန်လူက သူနဲ့ လုံးဝ ယှဥ်နိုင်မှာ မဟုတ်ဘူး"


လူတိုင်း: "..."


ဒါက ​မြှောက်ပင့်​နေတာ မဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ...


"စကားမစပ် သူက ဘာလို့ အလုပ်ထွက်လိုက်တာလဲ... သူထွက်သွားပြီးကတည်းက အ​ရှေ့​လေ​ပြေစား​သောက်ဆိုင်က စားစရာ​တွေက အရသာ သိပ်မရှိ​တော့သလိုပဲ"


"ကျွန်​တော်လည်း ​တွေး​နေတာ... ကျွန်​​တော်လည်း အဲ့ဒီဆိုင်ကို တစ်လ အနည်းဆုံး တစ်​ခေါက် နှစ်​ခေါက်​လောက် စား​နေကျပဲ... အခု သွားစားကြည့်ရတာ ရိုးအီလာသလို ခံစားရတယ်"


အဘိုးဝမ်: "သူက ​ကောလိပ်ဝင်ခွင့် စာ​​မေးပွဲ ဝင်​ဖြေ​တော့မှာ​လေ... ငါကြွား​ပြောတာ မဟုတ်ဘူး​နော်... သူ ဥာဏ်​ကောင်းပုံနဲ့ဆို ချင်းဟွာအမျိုးသား တက္ကသိုလ်တို့ ​​​ပေကျင်းတက္ကသိုလ်တို့ ဝင်နိုင်​လောက်တယ်"


လူတိုင်း: "..."


အရင်တုန်းက မစ္စတာဝမ်ကို ဒီ​လောက်ထိ နှိမ့်ချတတ်မှန်း ဘာလို့မသိခဲ့ရပါလိမ့်...


ချင်းဟွာအမျိုးသားတက္ကသိုလ်ကို ဝင်ရတာ ဒီ​လောက် လွယ်​လို့လား...


ထုံရွှယ်လူက အရသာရှိ​သော ဟင်းပွဲများ ချက်ပြုတ်နိုင်​သော်ငြား သူမက ဂျူနီယာအထက်တန်းသာ ​အောင်​သေးသည်ဟု ကြားထားသည်။ ထိုအ​ခြေအ​နေဖြင့် ချင်းဟွာအမျိုးသား တက္ကသိုလ်နှင့် ​ပေကျင်းတက္ကသိုလ်ကို မှန်း​နေသည်။ ထိုအရာက ကြွားဝါ​နေခြင်းသာ ဖြစ်​​ပေမည်။ 


သို့​သော်ငြား မစ္စတာဝမ်​ရှေ့တွင် လူတိုင်းက ​တိုက်ရိုက်​ပြောရမည်ကို ရှက်ရွံ့ကြသဖြင့် တဟဲဟဲ ရယ်၍သာ အိမ်ထဲပြန်ဝင်သွားကြသည်။


မစ္စတာဝမ်က သူတို့၏ အ​တွေးများကို ဂရုမစိုက်သဖြင့် သူသည်လည်း စား​သောက်ရန်အတွက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။


ထုံရွှယ်လူက ငါး​ပေါင်းအပြင် ဝက်နံရိုးနှင့် ပိန်းဥ​ပေါင်း၊ အသီးအရွက် အဆာသွပ်ထားသည့် ဘန်းမုန့်​ကြော်များနှင့် ​ပြောင်းဖူးနှင့် မုန်လာဥဖြူတို့ပါသည့် ကြက်သားစွပ်ပြုတ်လည်း လုပ်ထား​သေးသည်။ 


ငါး​ပေါင်းက နူးညံ့​မွှေးပျံ့လှသည်။ အရသာက လျှာဖျားထက်တွင် စွဲကျန်​နေခဲ့​လေသည်။ နံရိုးများမှာ ချိုမြ​သော ပိန်းဥ၏ အရသာ​လေးနှင့် ​ရော​နှော​နေသည်။ ခပ်​​မွှေး​မွှေး ရနံ့နှင့်အတူ ခပ်ထုပ်ထုပ်​လေး ဖြစ်​နေ၏။ ပိန်းဥကို နူးညံ့​ပျော့​ပျောင်းသည်အထိ ​​​ပေါင်းထားသဖြင့် မစ္စတာဝမ်၏ ပါးစပ်နှင့် အသင့်​တော်ဆုံးဖြစ်သည်။


အသီးအရွက်များ အဆာသွပ်ထားသည့် ဘန်းမုန့်​ကြော်များကို တစ်ကိုက် ကိုက်လိုက်သည့်အခါ အဆာပလာအမျိုးမျိုးက ပါးစပ်ထဲတွင် ပြည့်နှက်သွားပြီး စွပ်ပြုတ်ရည်များ ပန်းထွက်လာကာ ​မွှေးပျံ့ ကြွပ်ဆပ်​နေကာ ​တောင်တန်းနှင့် ပင်လယ်တို့၏ အရသာထက် မနိမ့်ကျပါ​ပေ။ 


လူတိုင်းက ထိုထမင်းတစ်နပ်ကို ​ကျေနပ်အားရစွာ စားသုံးခဲ့ကြပြီး ဗိုက်များပင် တင်းကားလုံးဝန်းသွားကြ​လေသည်။


အဘိုးဝမ် စား​သောက်ပြီးသွား​သောအခါ အိမ်နီးချင်း အဘိုးကို ကြွားဝါရန်အတွက် သ​ရေစာများ ယူ​ဆောင်သွားခဲ့ပြီး ဂျင်းပင်အိုကြီးကို မနာလိုမှု​ကြောင့် ရင်တွင်း၌ ငို​ကြွေးသွားရ​စေသည်။


🍵


ဤအချိန်တွင် အ​ထွေ​ထွေ ​ထောက်ပံ့ပို့​ဆောင်​ရေးဌာနချုပ်အိမ်ယာရှိ ထုံအိမ်၏ ​လေထုမှာမူ အနည်းငယ် ​လေးလံ​နေခဲ့သည်။


မနှစ်က ထုံရွှယ်လူတစ်​ယောက် မိုးရွာ​နေသဖြင့် လက်​ဆောင်များ ​ပေးရန် ​​ရောက်မလာခဲ့​သော်လည်း ​နောက်တစ်​​နေ့တွင် လမုန့်များ လာ​ပေး​နေဆဲ ဖြစ်သည်။ 


ဤနှစ် ​ဆောင်းလလယ်ပွဲ​တော်တွင် မိုးမရွာ​သဖြင့် သူမ လာလိမ့်မည်ဟု ​တွေးမိကြ​သော်လည်း သူတို့က တစ်​နေ့လုံး ​စောင့်မ​နေချင်ခဲ့​ပေ။


ချိုင်ချွန်းလန်က နှုတ်ခမ်းများကို တွန့်​ကွေးကာ ​ပြောလိုက်သည်။


 "ကြည့်ရတာ တစ်စုံတစ်​ယောက်က​တော့ ထုံအိမ်နဲ့ အဆက်အသွယ်ဖြတ်ဖို့ ​တွေးထားပြီးသား နေမှာ"


ဒုတိယအစ်ကိုထုံက သူမကို လှမ်းကြည့်လိုက်ပြီး တီးတိုး​ပြောလိုက်သည်။


 "မင်းကို တုံးတဲ့လူလို့ မထင်အောင် စကားကို ​လျှော့​ပြော"


ချိုင်ချွန်းလန်က သူမ၏ နှလုံးသားထဲတွင် စိတ်ပျက်သွား​သော်ငြား ​ယောက္ခမဖြစ်သူ၏ မျက်နှာ ပုပ်သိုး​နေသည်ကို မြင်​သောအခါ ရှင်းမပြနိုင်​အောင်ပင် စိတ်ထဲလန်းဆန်းသွား​လေသည်။ 


ထိုအခိုက် အ​မေထုံ၏ နှလုံးသားထဲတွင် ​ကျောက်​ဆောင်ကြီးနှင့် ညှပ်မိသကဲ့သို့ အသက်ရှုရခက်ခဲ​နေသည်။ 


သူမက ထုံရွှယ်လူသာ ​ဆောင်းလလယ်ပွဲ​တော်တွင် အလည်​ရောက်လာပါက သူမကပင် တစ်ထစ်​လျှော့ကာ ခွင့်လွှတ်​ပေးလိုက်ပြီး​နောက် နှစ်​ယောက်ကြားက ဆက်ဆံ​ရေးကို ပြန်လည် ဆက်သွယ်မည်ဟု ​တွေးထားခဲ့သည်။


ထုံရွှယ်လူ၏ အဘိုးက ဗိုလ်မှူးတစ်​ယောက် ဖြစ်၍ ​နောက်လတွင် ​ပေကျင်းသို့ ​ပြောင်း​ရွှေ့လာ​တော့မည်ဟု ကြားထားသည်။ တစ်ဖက်လူသာ သူတို့ကို ကူညီ​​ပေးနိုင်ပါက သူမသားနှစ်​ယောက်သည်လည်း တစ်ခါတည်းနှင့် ရာထူးတက်နိုင်​ပေလိမ့်မည်။ 


မထင်မှတ်ထားစွာဖြင့် သူမ ​ရောက်မလာသည့်အပြင် ပွဲ​တော်လက်​ဆောင် အရိပ်အ​ယောင်များလည်း မ​တွေ့ခဲ့ရ...


တကယ့် မျက်လုံးဖြူ ဝံပု​လွေမပဲ..


ချိုင်ချွန်းလန်မှာ ပါးစပ်ပိတ်ထားတတ်သည့် လူမျိုးမဟုတ်​ပေ။ တစ်မိနစ်မျှ တိတ်ဆိတ်သွားပြီး​နောက် တစ်စခန်းထလာပြန်သည်။ 


"စကားမစပ်... ထုံရွှယ်လူက ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲ ​ဖြေဖို့ စား​သောက်ဆိုင်မန်​နေဂျာအလုပ်က​နေ ထွက်ခဲ့တယ်လို့ ကြားထားတယ်"


"သူ စာသင်​နေတဲ့အချိန်တုန်းက စာ​မေးပွဲ​တွေ ခဏခဏ ကျလို့ အဲ့ဒီနှစ်က စာသင်နှစ်ကို​တောင် အပြီးမသတ်နိုင်လုနီးပါး ဖြစ်ခဲ့တာ မှတ်မိပါ​သေးတယ်... သူ့အဆင့်​တွေနဲ့ ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲ ​ဖြေချင်​နေ​သေးတယ်... ရယ်စရာ​ကောင်းလိုက်တာ"


ထိုသတင်းကို ကြားရချိန်၌ လူတိုင်း​ရှောခ့်ရသွားကြ​လေသည်။ 


ချန်ယွဲ့လင်: "သူက မန်​နေဂျာ ​နေရာက​နေတကယ် အလုပ်ထွက်လိုက်တာလား"


ချိုင်ချွန်းလန်က ပြုံး၍ ​လှောင်​ပြောင်သည့်ဟန်ဖြင့် ​ပြောလိုက်သည်။ 


"အမ​လေး... ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲ ဝင်​ဖြေတဲ့သူ အများကြီး ရှိ​ပေမယ့် သူ့လို တုံးအပြီး ရာထူးက ထွက်တာမျိုး​တော့ မရှိကြပါဘူး... စာ​မေးပွဲသာ မ​အောင်ရင် တကယ် ရှက်စရာ​ကောင်းသွားမှာ"


အစ်ကိုကြီးထုံက မျက်​မှောင်ကျုံ့ကာ စ​ပြောလိုက်သည်။ "သူက စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်"


အခြားသူများကလည်း ထိုကဲ့သို့ ​တွေး​နေကြပြီး ထုံရွှယ်လူ ​သေချာ​ပေါက် ​ကောလိပ်ဝင်ခွင့်ရမည် မဟုတ်ဟု ခံစား​နေရသည်။ 


စာ​မေးပွဲကျတာက ရှက်စရာ​ကောင်းရုံတင်မကဘူး... အလုပ်ကိုပါ ဆုံရှုံးရဦးမယ်... ဒါက စိတ်လိုက်မာန်ပါ လုပ်တာထက်ပိုပြီး လုံးဝ တုံးအတာပဲ...


အ​မေထုံက ထိုအ​ကြောင်းကို ကြား​သောအခါ နှလုံးသားထက်တွင် ပိ​နေသည့် ​ကျောက်​ဆောင်ကြီးမှာ ရုတ်တရက်ဆိုသလို ပြုတ်ကျသွားပုံရပြီး ချက်ချင်းပင် ထမင်းနှစ်ပန်းကန်​လောက်ထိ စားဝင်သွား၏။ 


🍵


​ပထမဆုံး​​သော ကောလိပ်ဝင်ခွင့်စာ​မေးပွဲ ပြန်လည်ကျင်းပ​တော့မည်။ 


ကန့်သတ်ချက်နည်းသည့်အတွက် စာရင်းသွင်းခက အနည်းငယ်ပိုများပြီး ယွမ်ငါးဆယ် ဖြစ်သည်။ သို့​သော်လည်း ဂျူနီယာအထက်တန်း​ကျောင်းနှင့် ၎င်း၏ အထက်ကို ပြီး​​​မြောက်ထားလျှင် အ​ခြေခံအားဖြင့် ​ကောလိပ်ဝင်ခွင့် စာ​မေးပွဲကို ​ဖြေဆိုနိုင်မည် ဖြစ်သည်။ 


ထုံရွှယ်လူက အစပိုင်းတွင် စီးပွား​ရေးနှင့် စီမံခန့်ခွဲမှု​မေဂျာကို ​လျှောက်ချင်​ခဲ့​သော်လည်း စဥ်းစားကြည့်ပြီး​​နောက် အင်္ဂလိပ်စာ​မေဂျာကို ​လျှောက်ထားလိုက်သည်။


ဒါ​ပေါ့... သူမက ဘွဲ့ရပြီးသွားရင် အင်္ဂလိပ်စာနဲ့ သက်ဆိုင်တဲ့နယ်ပယ်ထဲ ဝင်ချင်လို့ မဟုတ်ပါဘူး... သူမက အစားအ​သောက်နဲ့ ဆိုင်တဲ့ အလုပ်ကို ဆက်လုပ်မှာပဲ​လေ...


စက်ရုံနှင့် စား​သောက်ဆိုင်များ ပိုင်ဆိုင်နိုင်​ရေးအပြင် သူမက တရုတ်ဟင်းလျာများကို ကမ္ဘာအနှံ့ ဖြန့်ဖြူးရန် စီစဥ်ထားသည်။


တရုတ်၏ အစားအ​သောက် ယဥ်​ကျေးမှုက နှစ်​ပေါင်း ငါး​ထောင်ကြာ ​ယဥ်​ကျေးမှု တိုးတက်လာခြင်းနှင့် အ​​​​​မျော်အမြင်ကြီးမှု​များဖြင့် ခိုင်ခံ့လျက်ရှိသည်။ အစားအ​သောက်များ၏ "အ​ရောင်အဆင်း၊ အနံ့အရသာနှင့် ပါဝင်ပစ္စည်း"တို့က လူတိုင်းကို သိမ်းပိုက်​အောင်မြင်ရန် လုံ​လောက်​ပေသည်။ 


အစားအ​သောက် ဖြန့်ဖြူးဖို့ဆို အင်္ဂလိပ်စာ ကျွမ်းကျင်မှ ဖြစ်မယ်....


သူမ စာအုပ်ထဲသို့ မဝင်ကလည်း အင်္ဂလိပ်စာကို ​လေ့လာခဲ့ဖူး​သော်ငြား ပ​ရော်ဖက်ရှင်နယ်တစ်​ယောက် မဟုတ်သဖြင့် အင်္ဂလိပ်စာကိုသာ ထပ်ပြီး သင်ယူရန် ဆုံးဖြတ်ထားသည်။ 


ယ​​နေ့တွင် သူမနှင့် ဖန်ကျင်းယွမ်တို့က ပညာ​ရေးဗျူရိုကို သွားကာ ဝင်ခွင့်လက်မှတ်ကို ထုတ်ယူကြသည်။


သူမ၏ ဝင်ခွင့်လက်မှတ်တွင် ​တွေ့ရသည်မှာ... 


1977 ခုနှစ် ​ကောလိပ်နှင့် တက္ကသိုလ်များအတွက် တက်​ရောက်ခွင့် စာ​ရင်း​ပေးသွင်းမှု


​ဖြေဆိုမည့်​နေရာ: ​ပေကျင်း


အမျိုးအစား: စီမံခန့်ခွဲ​မှု


အမည်: ထုံရွှယ်လူ


(ထပ်​ပေါင်းဘာသာရပ်: အင်္ဂလိပ်)


အမှတ်စဥ်: 254250


​​​ပေကျင်း အဆင့်မြင့်ပညာ​ရေးဦးစီးဌာန ဝင်ခွင့်​ကော်မတီရုံးမှ ထုတ်ပြန်စာ


ထုံရွှယ်လူက သူမ၏ နံပါတ်ကို မြင်​သောအခါ နှုတ်ခမ်းတွန့်လိုက်သည်။


ငါ့ကို ဒီလိုနဲ့ စာ​​​မေးပွဲ ကျသွား​စေချင်လို့လား... 254250... ငါက နှစ်ရာ့ငါးလား... 


[T/N ထုံရွှယ်လူ့ ခုံအမှတ်ရဲ့ ​နောက်ဆုံး သုံးလုံးဖြစ်တဲ့ 250ကို တရုတ်လို ​ရေးရင် "二百五十" အသံထွက် "အာ့ပိုင်ဝူရှီ" လို့ ဖတ်ရပါတယ် တရုတ်မှာ 205(二百五) အသံထွက် /အာ့ပိုင်ဝူ/ရဲ့ အဓိပ္ပါယ်က "ငတုံး"ပါတဲ့]


ဖန်ကျင်းယွမ်က သူမ၏ ဝင်ခွင့်လက်မှတ်ကို လှမ်းကြည့်လိုက်ပြီး​နောက် မနာလိုဖြစ်သွားသည်။ 


"ဘာလို့ နင့်ပုံ​တွေက အရမ်းလှ​နေရတာလဲ"


ထုံရွှယ်လူက ရှက်ရွံ့​နေခြင်း မရှိဘဲ ပြန်​ဖြေလိုက်​လေသည်။ "မဟုတ်တာ... ငါက ပင်ကိုယ်အလှ​လေး​​လေ"


ဖန်ကျင်းယွမ်: "..."


အပြင်ဘက်တွင် ရှင်းဟွာစာအုပ်ဆိုင်မှ ဖြတ်လာ​သောအခါ အပြင်ဘက်တွင် ​စောင့်ဆိုင်း​​နေကြသည့် လူတန်းရှည်ကြီးကို ​တွေ့လိုက်ရသည်။


စာကြည့်တိုက်မှာလည်း လူများပြည့်​နေပြီး အကြည့်တစ်ချက်မှာပင် လူ​ခေါင်းများ ​ဖွေး​ဖွေးလှုပ်​နေသည်ကို ​တွေ့မြင်ရသည်။ တံခါးဝမှာပင် လူများ အပြည့်ဖြစ်​နေပြီး ​နောက်ကျသွားသည့် အချို့လူများမှာ ​နေရာမရကြသည့်အတွက် ကြမ်း​ပေါ်မှာသာ ထိုင်နေကြရသည်။


လွန်ခဲ့သည့် ဆယ်နှစ်တွင် ​ရှေးဆန်​သောလူများက ထိချက်ပြင်းပြင်း ထိခဲ့သည်။ ထိုအချိန်က "စာဖတ်ခြင်းက အသုံးမဝင်" ဟူ​သော သ​ဘောတရားကိုပင် မြှင့်တင်ခဲ့ကြ​သော်လည်း ယခုတွင် အဓိပ္ပါယ်မရှိ​သော ​ခေတ်ကာလကြီး ကုန်ဆုံးသွားခဲ့​လေပြီ။


​ဤတစ်ကြိမ် ကောလိပ်ဝင်ခွင့် စာ​မေးပွဲများ ပြန်​ဖွင့်​ပေးလိုက်ခြင်းက နိုင်ငံတဝှမ်းရှိ ယဥ်​ကျေးမှု ထုံးတမ်းလိုက်နာသူများအ​ပေါ် အားပြင်း​သော သက်​ရောက်မှု ဖြစ်​စေခဲ့သည်။ သူတို့က အားရ​ကျေနပ်​နေကြပြီး မျက်လုံးများထဲတွင်လည်း သိလိုစိတ်များ ပြည့်​နေကြသည်။


ထိုမြင်ကွင်းကို ​တွေ့ရသည့် အချိန်တိုင်း ထုံရွှယ်လူ စိတ်တက်ကြွလာခဲ့လေသည်။