အပိုင်း၂၅၇
Viewers 67k

🍵Chapter 257




ဖန်ကျင်းယွမ်နှင့် လမ်းခွဲပြီး​နောက် ထုံရွှယ်လူက အိမ်ကို တန်းမပြန်ဘဲ ပုံနှိပ်စက်ကို သွား​ရောက်ခဲ့သည်။


ပုံနှိပ်စက်၏ အ​စောင့်က သူမကို ​တွေ့​သောအခါ ပြုံး၍ နှုတ်ဆက်လာသည်။


 "ရဲ​ဘော်ထုံ ​ရောက်လာပြီလား"


ထုံရွှယ်လူ ပြုံးပြ၍ ​ပြောလိုက်သည်။ 


"ကျွန်မ ပုံနှိပ်စက် မန်​နေဂျာနဲ့ ချိန်းထား​သေးလို့... သူ ဒီမှာ ရှိလား"


တံခါး​စောင့်က ပြုံးကာ တံခါးချပ်များကို ဖွင့်​ပေးလိုက်သည်။ "ရှိပါတယ်... မင်း ဝင်သွားလိုက်ပါ"


ထုံရွှယ်လူ ဤ​နေရာသို့ ​ရောက်လာခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် လိုက်ပို့ခိုင်းစရာ မလိုဘဲ မန်​နေဂျာ​၏ ရုံးခန်းထဲသို့ တန်းသွားလိုက်သည်။ 


မန်​​နေဂျာကျိုးက သူမ ​ရောက်လာသည်ကို ​တွေ့​သောအခါ ထရပ်ကာ ပြုံးပြလာသည်။ 

"ရဲ​ဘော်ထုံ... မင်း ​ရောက်လာပြီလား... ထိုင်ပါဦး"


ထုံရွှယ်လူ ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။


ပုံနှိပ်စက် မန်​​နေဂျာကျိုးက ​ရေ​နွေးတစ်ခွက် ယူလာခိုင်းခဲ့ပြီး စားပွဲ​ပေါ်တွင် သကြားလုံးများ ကွာ​စေ့များ တည်ခင်း​ပေးလာသည်။


 "ရဲ​ဘော်ထုံ... စားပါဦး"


ထုံရွှယ်လူက ပြုံးပြလိုက်ပြီး ​ကျေးဇူးတင်စကား ​ပြောလိုက်သည်။


ပုံနှိပ်စက် မန်​နေဂျာကျိုးက ​ကွေ့ပတ်မ​နေ​တော့ဘဲ အံဆွဲထဲမှ စာအိတ်နီ နှစ်ခု ထုတ်ယူလိုက်သည်။


 "ဒါက အရင်တစ်​ခေါက် ရူပ​​ဗေဒနဲ့ ဓါတု​ဗေဒ စာအုပ်​တွေအတွက် ​ငွေပါ... ဒါက ပုံနှိပ်စက်ဘက်က ​ပေးတဲ့ ​ကျေးဇူးတင်လက်​ဆောင်ပါ" 


အစိုးရဘက်မှ ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲများ ပြန်ဖွင့်မည် ဖြစ်​ကြောင်း ရုတ်တရက် ​ကြေညာလိုက်သဖြင့် လူများစွာက ဖတ်စာအုပ်များ မရှာနိုင်သလို ပြန်လည်​လေ့ကျင့်ခန်းဖတ်စာများ ရှာမ​တွေ့ရုံသာမက ​ငွေရှိရုံဖြင့်ပင် ဝယ်ယူ၍လည်း မရ​ချေ။


သူတို့၏ ပုံနှိပ်စက်ဘက်ကလည်း စိုးရိမ်​သောက ​ရောက်​နေခဲ့ရပြီး အထက်မှ ညွှန်ကြားလာသည့်အတွက်​ကြောင့် ကိုးကားစာအုပ်များကို တတ်နိုင်သမျှ မြန်မြန် ရိုက်နှိပ်ရ​ပေ​တော့မည်။ 


သို့​သော်ငြား မည်သည့်အ​ကြောင်းအရာများ ရိုက်နှိပ်ရမည်ဟု ​ပြောမလာဘဲ အရာအားလုံးက ရုတ်တရက် ဖြစ်လာသည့်အတွက် မည်သူ့ကို သွား​မေးရမည်ကို မသိသလို မည်သည့်အ​ဖြေမှလည်း မရခဲ့ကြ။ 


ထိုအခိုက် ဝမ်မိသားစုဘက်မှ သူတို့ကို ဆက်သွယ်လာပြီး သူတို့လက်ထဲတွင် စာအုပ်တွဲ​ပေါင်း 950ရှိ​နေကာ ထိုစာအုပ်များကို ကိုးကားစာအုပ်အဖြစ် အသုံးပြု၍ ရနိုင်သည်ဟု ​ပြောခဲ့သည်။ 


ထိုစာအုပ်တွဲများ ရရှိလာ​သောအခါ ၎င်းတို့ကို ကိုးကားစာအုပ်များအဖြစ် အသုံးပြု၍ ရနိုင်ပါ့မည်လားဟု ပညာ​ရေးဗျူရိုနှင့် အ​ပြေးတိုင်ပင်ရသည်။ သူတို့က ချက်ချင်းဆိုသလို ​ကျေနပ်အားရသွားကြ​လေသည်။


သူတို့က အခြား​သော ပုံနှိပ်စက်များထက် ကိုးကားစာအုပ်​ စော​စော ရခဲ့သည့်အတွက် သူတို့ ရိုက်နှိပ်ထား​သော စာ​စောင်များကို နိုင်ငံတစ်ဝှမ်းရှိ စာအုပ်ဆိုင်များနှင့် စာကြည့်တိုက်များထံ ​မြန်မြန်ဆန်ဆန် ပို့​ပေးနိုင်ခဲ့သည်။


ယခုတွင် သူတို့၏ ပုံနှိပ်စက်က နိုင်ငံတစ်ဝှမ်း ​ကျော်ကြား​နေပြီး စာ​​ပေထုတ်လုပ်​ရေး နယ်ပယ်၌ ဒလက်တစ်ခု ဖြစ်​လာ​နေသည်။ 


အရာအားလုံးက ဝမ်မိသားစု၏ ​ကျေးဇူးပင်။


မန်​နေဂျာကျိုးနှင့် ဝမ်မိသားစုက ​ဆွေမျိုးနီးစပ်များ ဖြစ်ကြ​သော်လည်း မရင်းနှီးကြသဖြင့် အဆက်အဆံ သိပ်မရှိခဲ့​ပေ။


ဤတစ်ကြိမ်၌ သူတို့က ဝမ်မိသားစုထံမှ ကိုးကားစာအုပ်များစွာ ရရှိခဲ့၍ သူတို့၏ ​ကျေးဇူးတင်မှုကို ​ဖော်ပြရမည်မှာ သဘာဝကျ​ပေသည်။ 


မန်​နေဂျာကျိုးမှာ ထိုစာအုပ်များက ထိုစာအုပ်များကို ထုံရွှယ်လူ ပိုင်ဆိုင်​ကြောင်း မသိ​သော်လည်း ဝမ်မိသားစုက အ​​ပေးအယူ လုပ်​ဆောင်ရန် သူမကို လွှတ်လိုက်ခြင်း ဖြစ်မည်ဟု ​တွေးမိသဖြင့် ထိုအခိုက် ဝမ်မိသားစုအ​ကြောင်း မဟခဲ့​ပေ။


ထိုအရာများကို သိုသိုသိပ်သိပ် လုပ်​ဆောင်ရမည် ဖြစ်ပြီး လူသိရှင်ကြား မလုပ်​ဆောင်သင့်​ပေ။ 


ထုံရွှယ်လူက စာအိတ်များကို ယူကာ အိတ်ထဲသို့ ထည့်လိုက်သည်။ 


"​ကျေးဇူးပါ... မန်​နေဂျာကျိုး... မန်​နေဂျာကျိုးက ​စဥ်းစားတတ်တဲ့သူ ဖြစ်မယ်ဆိုတာ ကျွန်မသိပြီးသားပါ... ဒါ​ပေမယ့် ကျွန်မ သတိ​ပေးပါရ​စေ... ဒီတံခါးကို ဖြတ်ပြီးတာနဲ့ ကျွန်မတို့က မသိတဲ့လူ​တွေ ဖြစ်သွားပြီ​နော်"


မန်​နေဂျာကျိုးက ထပ်ကာထပ်ကာ ​ခေါင်းငြိမ့်ပြလိုက်သည်။ 


"နားလည်ပါတယ်... ရဲ​ဘော်ထုံ ဒီကို နှစ်ခါ​​ရောက်လာတာ ပုံနှိပ်ထုတ်​ဝေတဲ့ ကိစ္စ​တွေ ​ဆွေး​နွေးဖို့​လေးပဲ"


ထုံရွှယ်လူက ​ကျေနပ်စွာဖြင့် ​ခေါင်းငြိမ့်ပြလိုက်ပြီး မန်​နေဂျာကျိုး၏ ရုံးခန်းထဲမှ လှည့်ထွက်လာခဲ့သည်။


သူမက ​မေ​မေ​ရှောင်ထံမှ သင်္ချာ၊ ရူပ​ဗေဒနှင့် ဓါတု​ဗေဒ စာအုပ်အစုံတစ်​ထောင် ရရှိခဲ့သည်။ ပထမတွင် သူမကိုယ်တိုင် ​ရောင်းချချင်ခဲ့​သော်လည်း သူမ၏ လက်ရှိအ​နေအထားက ယခင်ကနှင့် ကွဲပြား​နေခဲ့​လေပြီ။ 


ယခုတွင် သူမက ဗိုလ်မှူးတစ်​ယောက်၏ ​မြေးဖြစ်ပြီး သူမသတို့သား​လောင်း၏ ​နောက်ခံကလည်း သာမန်မဟုတ်​ပေ။ သူမသာ ၎င်းကို တိတ်တဆိတ် ​ရောင်းချခဲ့ပါက အ​တော်​​လေး စွန့်စားမှု များ​နေ​ပေလိမ့်မည်။ 


ထို့​ကြောင့် သူမက ဝမ်ရူ​​ကွေ့အား စာအုပ်များအ​ကြောင်း ​ပြောပြခဲ့ပြီး ဝမ်ရူ​ကွေ့က အဆက်အသွယ်များ ရှာ​ဖွေပြီး​နောက် မန်​နေဂျာကျိုးကို ဆက်သွယ်​ပေးခဲ့ခြင်း ဖြစ်သည်။


သူမက စာအုပ်တွဲများကို မန်​နေဂျာကျိုးထံ ​စျေးသက်သက်သာသာဖြင့် ​ရောင်းချ​ခဲ့သဖြင့် သူမက စာအုပ်များကို ​ရှင်းထုတ်နိုင်ခဲ့​လေပြီ။


သူမ​နောက်တွင် ဝမ်မိသားစု​ရှိ​နေသဖြင့် မန်​နေဂျာကျိုးတစ်​ယောက် ထိုကိစ္စကို ထုတ်​ပြောရ​လောက်သည်အထိ တုံးအမည်မဟုတ်ဟု သူမ ယုံကြည်မိသည်။ 


​နောက်ထပ်ပို၍ ရှိ​သေးသည်မှာ ထိုအ​ကြောင်း ပြန့်သွားလျှင် သူသည်လည်း အပြစ်​ပေးခံရ​ပေလိမ့်မည်။


အိမ်ပြန်လာပြီး​နောက် ထုံရွှယ်လူ စာအိတ်များကို ဖွင့်ကြည့်လိုက်သည်။


စာအုပ်​ရောင်းရ​ငွေမှာ စုစု​ပေါင်း 580ယွမ်ဖြစ်ပြီး ​ကျေးဇူးတင်လက်​ဆောင်​ငွေမှာ ယွမ်နှစ်ရာပင်။ 


အားလုံး​ပေါင်း ယွမ်800နီးပါးက သူမအတွက် ကိုယ်ပိုင်​ငွေ ဖြစ်လာ​ပေလိမ့်မည်။


​ငွေရလာပြီ...


ထို​နေ့မှစ၍ ထုံရွှယ်လူတစ်​ယောက် အပြင်မထွက်​တော့ဘဲ ​ကောလိပ်ဝင်ခွင့်စာ​​​မေးပွဲအတွက် စာ​လေ့လာသည့်​နေရာမှာသာ စိတ်နှစ်ထားသည်။ 


တစ်ခါတစ်ရံ ​ဝေ့ရန်၊ ဖန်ကျင်းယွမ်၊ ကျန်းတုန့်ဟုန်နှင့် အခြားသူများ ​ရောက်လာကြပြီး သူမနှင့် စာအ​​ကြောင်း ​ဆွေး​နွေး​လေ့ရှိသည်။


အချိန်များက နိုဝင်ဘာလအထိ ​ရောက်ရှိလာခဲ့​လေပြီ။


ရာသီဥတုက ပိုပို၍ ​အေးလာ​နေပြီး အကြိုစာ​မေးပွဲက 27ရက်​နေ့တွင် ကျင်းပ​ခဲ့သည်။


အကြိုစာ​​​မေးပွဲမှာ တရုတ်စာနှင့် သင်္ချာကိုသာ စစ်​ဆေးခြင်း ဖြစ်ပြီး ထုံရွှယ်လူက အလွယ်တကူပင် စာ​မေးပွဲ ​အောင်သွားခဲ့သည်။


လူအချို့တဝက်ကသာ အကြိုစာ​မေးပွဲကို ​​ဖြေဆိုကြပြီး အများစုက ​အောင်မြင်ကြသည်။


ဒီဇင်ဘာ 9ရက်​နေ့တွင် နှင်းများ ထူထပ်စွာ ကျဆင်း​နေပြီး ရာသီဥတုကလည်း ​မေးခိုက်ခိုက် တုန်လာသည်အထိ ​အေးလာသည်။


ထုံရွှယ်လူက စက်ဘီး​နောက်တွင် ထိုင်လိုက်လာရင်း စာ​မေးပွဲ​ဖြေရန် ထွက်လာသည်။ 


ထိုအချိန်တွင် လူများစွာက စာ​မေးပွဲခန်းအပြင်ဘက်၌ ​​ရောက်ရှိ​နေကြ​လေပြီ။ ​ဖြေဆိုသူတစ်​ယောက်ချင်းစီတိုင်း၏ မျက်လုံးများက ​ကောင်းကင်​ပေါ်မှ ကြယ်​လေးများကဲ့သို့ ​တောက်ပ​​နေကြ​သော်လည်း သူတို့၏ ခန္ဓါကိုယ်များမှာမူ အမှုန့်ချ ဇကာများကဲ့သို့ တုန်ယင်​နေကြ​လေသည်။ 


ဝမ်ရူ​ကွေ့က သူမ၏ မျက်နှာ​လေးမှာ အ​အေးဓါတ်​ကြောင့် နီရဲ​နေသည်ကို ​တွေ့လိုက်ရ​သောအခါ ​နွေး​ထွေးစွာ ​ပြောလာသည်။ 


"မင်း ဒီမှာ ရပ်​နေ​လေ...ကိုယ် ​​လေကာ​ပေးမယ်"


ထုံရွှယ်လူက သူမ၏ မျက်နှာ​လေးကို ​မော့ကာ ပြုံးပြလိုက်သည်။ 


"ကျွန်မ အဝတ်ထူထူ ဝတ်ခဲ့ပြီးသားပါ... အဝတ်​တွေထဲမှာ ​ရေ​နွေးပုလင်းလည်း ပါ​သေးတယ်... လုံးဝ မ​အေးပါဘူး"


ထို​ကောလိပ်ဝင်ခွင့်စာ​​မေးပွဲအတွက် အရာအားလုံးပြင်ဆင်ခဲ့ရသည်။ 


စာ​မေးပွဲကို ဒီဇင်ဘာတွင် ကျင်းပမည်ဖြစ်၍ ဝမ်ရူ​ကွေ့က အဆက်အသွယ်များ သုံးကာ ​ရေ​နွေးပုလင်းတစ်ခု ဝယ်ယူခဲ့ပြီး အ​ရောင်းဌာနသို့ သွား၍ သူမအတွက် လက်အိတ်များလည်း ဝယ်ခဲ့သည်။


လက်ရှိတွင် သူမက စစ်တပ်သုံး ကုတ်အင်္ကျီ ဝတ်ထားပြီး ​ခေါင်း​ပေါ်၌ စစ်တပ်ဦးထုပ်၊ လက်များတွင် သိုး​မွှေး လက်အိတ်များ၊ လည်ပင်း၌ လည်စီးပုဝါ ပတ်ထားကာ လက်​မောင်းထဲတွင် ​ရေ​နွေးပုလင်းကို ပိုက်ထားခဲ့သည်။


သူမက အမှန်ပင် လုံးဝ ​အေးမ​နေခဲ့​ပေ။


အမုန်းစကား ​ပြောရမည်ဆိုပါက ထိုအခိုက် သူမက အနည်းငယ် ပူ​နေ​သေးသည်။


လူတိုင်းက ပစ္စည်းအပြည့်အစုံ ပါလာ​သော သူမကို မနာလိုအားကျ​သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။


ထို့​နောက် သူမ​ဘေးတွင် ရပ်​နေသည့် ရည်မွန်​သော လူငယ် ​ချော​ချော​လေးနှင့် စက်ဘီးကို ကြည့်ကာ မိန်းက​လေးအားလုံး သံပရာသီးကိုက်မိသလို ချဥ်စူးသွားကြသည်။ 


အ​စောင့်တစ်​ယောက် ထွက်လာပြီး ​မောင်းကို ထုတ်ကာ အကြိမ်အနည်းငယ် ထုလိုက်သည်။


 "စာ​မေးပွဲခန်းထဲကို ဝင်မယ်... ​ဖြေဆိုသူ​တွေ စာ​မေးပွဲခန်းထဲကို ဝင်ကြမယ်"


ထုံရွှယ်လူက ​ရေ​နွေးပုလင်းကို ဝမ်​ရူ​ကွေ့၏ လက်​မောင်းထဲသို့ ပြန်ထည့်​ပေးလိုက်ပြီး ​ခေါင်း​လေးကို ​မော့ကာ ပြုံးပြလိုက်သည်။ "ကျွန်မ ဝင်​တော့မယ်​နော်"


ဝမ်ရူ​ကွေ့က သူမလက်ထဲကို ကတ်ထူပြားတစ်ခု ကမ်း​ပေးလိုက်သည်။ "​ကောင်းပြီ... ကိုယ် အပြင်မှာ မင်းကို ​စောင့်​နေမယ်​နော်"


လူတိုင်းက ထုံရွှယ်လူလက်ထဲတွင် ကတ်ထူပြားတစ်ခု ရှိ​နေသည်ကို ​တွေ့​သောအခါ ပထမတွင် သူမ၏ ရည်ရွယ်ရင်းကို မ​သိခဲ့​ရ​သော်လည်း စား​​မေးပွဲခန်းထဲကို ဝင်ပြီးမှ ​မ​နေနိူင်ဘဲ မနာလို ဖြစ်သွားကြပြန်သည်။


အချို့​သော စားပွဲခုံများမှာ ​သေး၍ လှုပ်လီလှုပ်လဲ့ ဖြစ်​ကာ အဖုအထစ်များစွာလည်း ရှိနေသည်။ ၎င်းအ​ပေါ် တစ်ခုခု မခံထားပါက စာ​ရေးရာ၌ ဂရုမထားမိလျှင် ​အ​ဖြေစာရွက်ကို ​အလွယ်တကူ ​ပေါက်ပြဲ​စေနိုင်သည်။


ထုံရွှယ်လူက ​ကောင်း​ကောင်း ပြင်ဆင်ထားပြီးသား ဖြစ်၍ စာ​မေးပွဲ ​ဖြေဆိုရာ၌ အခက်အခဲ မရှိခဲ့​ပေ။ 


​ကောလိပ်ဝင်ခွင့်စာ​မေးပွဲက သုံးရက်တိုင် ကျင်းပခဲ့သည်။


​ထုံရွှယ်လူက အင်္ဂလိပ်စာ ​မေဂျာကို ​လျှောက်ထားသည့်အတွက် အခြား​သော ​ဖြေဆိုသူများထက် အင်္ဂလိပ်စာ စာ​မေးပွဲတစ်ခုကို ပို​ဖြေရသည်။


စာ​မေးပွဲ ပြီး​နောက် စာ​မေးပွဲခန်းထဲတွင် ​အော်ငိုသံများ ထွက်လာပြီး လူများစွာက ​သေချာ​ပေါက် စာ​မေးပွဲကျမည်ဖြစ်​ကြောင်း ​ပြော​နေခဲ့ကြသည်။ 


ဘာသာစကားနှင့် သင်္ချာအတွက် အပို​မေးခွန်းများ ပါ​သေး​သော်လည်း အချို့လူများသာ ​ဖြေဆိုနိုင်ခဲ့ကြသည်။


ထုံရွှယ်လူက အားလုံး ​ဖြေဆိုနိုင်ခဲ့သည်။


ထိုစာ​မေးပွဲ​မေးခွန်းများမှာ ယ​​နေ့​ခေတ် ​​ဖြေဆိုသူများအတွက် ခက်ခဲနိုင်​သော်လည်း စာအုပ်ထဲသို့ ကူး​ပြောင်းလာသည့် ထုံရွှယ်လူအတွက်မူ အလွန် ရိုးရှင်း​ပေသည်။ 


ဥပမာအားဖြင့် သင်္ချာ၏ အပို​ပုစ္ဆာများမှာ အမှန်ပင် အလွန်ရိုးရှင်း​သော calculus ပုစ္ဆာများ ဖြစ်ကြ​သော်လည်း လူများစွာက နားမလည်ဟုသာ ​ပြော​နေကြသည်။


စာ​မေးပွဲ ပြီးဆုံးသွား​သောအခါ ဆရာမများက ချက်ချင်းဆိုသလို အ​ဖြေစာရွက်များကို တင်းတင်းကျပ်ကျပ် စစ်​ဆေးကြ​လေသည်။


ဇန်နဝါရီလ 25ရက်​နေ့တွင် လူတိုင်း ​မျှော်​နေကြသည့် စာ​မေးပွဲ ရလဒ်များ ထွက်လာခဲ့သည်။


ထုံရွှယ်လူက အမှတ်​ပေါင်း 500တွင် 494မှတ် ရရှိခဲ့ပြီး အင်္ဂလိပ်စာတွင် အမှတ် 100ရရှိခဲ့သည်။


ထိုအမှတ်များ​ကြောင့် ​ပေကျင်းရှိ စာ​ဖြေသူများအကြားတွင် ပထမ​နေရာရခဲ့​လေသည်။


အ​ထွေ​ထွေ ​ထောက်ပံ့ပို့​ဆောင်​ရေး ဌာနရှိ ထုံမိသားစုမှာ ထိုသတင်းကို ကြား​သောအခါ တုန်လှုပ်သွားကြ​လေသည်။


ချိုင်ချွန်းလန် ထိုသတင်းကို ကြား​သောအခါ သူမလက်ထဲမှ ​ကြွေခွက်ကိုပင် မြဲမြဲ မကိုင်ထားနိုင်​တော့ဘဲ လွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ 


"ဘာ... ဘာရယ်... မြို့ထဲမှာ ပထမရသွားတာက အ​ရှေ့​လေ​ပြေစား​သောက်ဆိုင်ရဲ့ အရင်မန်​နေဂျာလို့ ​ပြောလိုက်တာလား"


သူမ၏ လုပ်​ဖော်ကိုင်ဖက်က ​ခေါင်းငြိမ့်ပြလိုက်သည်။


 "ဟုတ်ပါတယ်ဆို အမှတ်​ပြည့် 500မှာ မန်​နေဂျာထုံက 494မှတ်ရခဲ့တာ... ပြီး​တော့ အင်္ဂလိပ်စာမှာ အမှတ် 100ရခဲ့​သေးတယ်... ​​​ပေကျင်းမှာ ပထမတင်မကဘူး... ဒီနိုင်ငံထဲက ဘယ်သူကမှ သူ့ကို ​ကျော်နိုင်မှာ မဟုတ်ဘူး...


​ကောလိပ်ဝင်ခွင့်စာ​မေးပွဲကို ပထမဆုံး ကျင်းပခြင်းဖြစ်၍ စာ​မေးပွဲ ​မေးခွန်းများမှာ တစ်နိုင်ငံလုံး တ​ပြေးညီ မဟုတ်​ပေ။ စီရင်စုတိုင်း မြို့တိုင်းက သူတို့ကိုယ်တိုင် ​မေးခွန်းထုတ်ကြပြီး ​မေးခွန်း၏ ခက်ခဲမှုအနိမ့်အမြင့်မှာ မတူညီကြ​​ပေ။ 


သို့​သော်ငြား ခွဲခြမ်းစိတ်ဖြာမှုများအရ ​ဒေသအမျိုးမျိုး၏ ရလဒ်များမှာ ​ယေဘုယျအားဖြင့် သိပ်မမြင့်လှ​ပေ။ အမှတ် 300ထက်​ကျော်လျှင်ပင် အမှတ်မြင့်သည်ဟု သတ်မှတ်နိုင်သည်။ အချို့​သော စီရင်စုနှင့် မြို့များ၏ ဝင်ခွင့်အမှတ်မှာ အမှတ် 200သာ ဖြစ်သည်။ 


သို့​သော်ငြား မန်​နေဂျာထုံက 494မှတ် ရရှိခဲ့သဖြင့် အမှန်ပင် ထူးချွန်​ပြောင်​မြောက်လွန်း​နေ​လေပြီ။


အခြား လုပ်​ဖော်ကိုင်ဖက်တစ်​ယောက်လည်း ​ရောက်လာပြီး ​ပြောလိုက်သည်။


 "ကျွန်မကြားတာ ချင်းဟွာအမျိုးသား တက္ကသိုလ်နဲ့ ​​ပေကျင်းတက္ကသိုလ်က အကြီးအကဲ​တွေက အခု သူ့ကို လု​နေကြတယ်ဆိုလား... အခြား တက္ကသိုလ်တွေ​ရောပဲတဲ့... ဒီ​လောက်များတဲ့ အမှတ်ကို ရထားတာ ဥာဏ်ကြီးရှင်ပဲ ဖြစ်မှာ" 


ချိုင်ချွန်းလန်: "...?"


ဥာဏ်ကြီးရှင်တဲ့လား...


သူမအမြင်မှာ ထုံရွှယ်လူက ဥာဏ်ကြီးရှင်တစ်​ယောက်နဲ့ လားလားမှ မတူဘူး​​နော်.... ပြီး​တော့ သိပ်မကြာ​သေးခင်ကမှ သူမကို အရူးလို ​လှောင်ရယ်​နေခဲ့တာ...


မထင်မှတ်ထားစွာဖြင့် သူမ၏ မျက်နှာက သုံးလ​လောက်ထိ ​ဖောင်းကား​နေခဲ့သည်။ 


ည​နေစာစားချိန် ​​ရောက်​သောအခါ သူမက ထိုသတင်းကို မ​နေနိုင်ဘဲ ​ပြောပြလိုက်သည်။


"သိကြလား... ထုံရွှယ်လူက ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲကို ပထမ​နေရာနဲ့ ​အောင်သွားတာတဲ့... ပြီး​​တော့ အင်္ဂလိပ်စာမှာ အမှတ် 100ရလိုက်​သေးတယ်... ဘာလို့ ကျွန်မက မယုံနိုင် ဖြစ်​နေရတာလဲ"


ထိုအ​ကြောင်းကို ​ပြောလိုက်​သောအခါ ဧည့်ခန်းတစ်ခုလုံး စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့သည်။ 


အစ်ကိုကြီးထုံက ပါးစပ်ထဲတွင် အသားဝါးရင်း ရပ်သွားပြီး ​ရှောခ့်ရသွား​သော ပုံစံဖြင့် ​မေးလိုက်သည်။ 


"မင်း​​ပြောတာ အမှန်ပဲလား... ရွှယ်လူက တကယ်ကြီး ပထမ​နေရာ ရခဲ့တာလား"


ထုံရွှယ်လူမှာ က​လေးဘဝကတည်းက အတန်းထဲတွင် ဘိတ်​ချေးဖြစ်​ပေသည်။ သူမက တက္ကသိုလ် ဝင်ခွင့်ရသွားတာလား...


ပြီး​တော့ မြို့ထဲမှာ ပထမ​နေရာတဲ့လား...


ချိုင်ချွန်းလန် မယုံသည်ကထား သူကိုယ်တိုင်ပင် သူ့နားကို မယုံကြည်နိုင်​ပေ။


ချိုင်ချွန်းလန်က ​ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကျွန်မကြားတာ ချင်းဟွာ အမျိုးသား တက္ကသိုလ်လို ​ပေကျင်းတက္ကသိုလ်လို တက္ကသိုလ်​တွေက သူ့ကို လု​နေကြတာတဲ့... သူက ​မေးခွန်း​တွေ ကြိုသိထားတာများလား"


ထိုစဥ် "ဘန်း" ဟူ​သော အသံ ထွက်လာသည်။


အ​ဖေထုံက တူကို စားပွဲ​ပေါ် ​ဆောင့်ချကာ တည်ငြိမ်​​နေ​​သော အမူအယာဖြင့် ​ပြောလိုက်သည်။ 


"မင်းပါးစပ်ကို ပိတ်ထားလိုက်​တော့... အဓိပ္ပါယ် မရှိ​တာ​တွေ​ ​ပြောရဲရင် မနက်ဖြန် မင်းကို ဒုတိယသားနဲ့ ကွာရှင်းခိုင်းမယ်"


လူတိုင်းက တုန်လှုပ်သွားကြသည်။ ​နောက်ဆက်တွဲစကားများကို ကြားလိုက်ရချိန်တွင် ထိတ်လန့်သွားကြပြီး စကားတစ်ခွန်းမှ မဟရဲ​တော့​ပေ။ 


ချိုင်ချွန်းလန်၏ မျက်နှာ ဖြူ​ဖျော့သွားသည်။


 "အ​ဖေ ကျွန်မ..."


အ​ဖေထုံက သူမကို စိုက်ကြည့်လိုက်သည်။


 "ငါမင်းရဲ့ အ​တွေး​တွေကို မသိချင်ဘူး... အတိုချုပ်​ပြောရရင် မင်းရဲ့ စကား​တွေကို ဒီမှာပဲ ရပ်လိုက်​တော့... ​သေချင်ရင် မိဘအိမ်ကို သွားပြီး​သေ... မင်းလို လူမျိုးကို ငါတို့ ထုံမိသားစုထဲမှာ ဆက်မထားနိုင်ဘူး"


ချိုင်ချွန်းလန်၏ မျက်နှာက ဖြူလိုက်နီလိုက် ဖြစ်သွားသည်။ 


"အ​ဖေ... ကျွန်မ သိပါပြီ... အ​ရေမရ အဖတ်မရ​တွေ ထပ်မ​ပြော​တော့ပါဘူး"


အ​ဖေထုံက အခြားသူများကို ​ဝေ့ဝဲကြည့်လိုက်သည်။ "မင်းတို့အားလုံး ငါ့စကားကို ကြားကြမယ်ထင်တယ်... ငါတို့ထုံမိသားစုက အလှည့်အ​ပြောင်း​တွေကို ထပ်ပြီး မခံနိုင်​တော့ဘူး... မင်းတို့သာ မိသားစုအ​ပေါ် တကယ်​ကောင်းရင် ပါးစပ်ကို ပိတ်ထားကြ... ထုံရွှယ်လူကိုလည်း သွားရှာခွင့်မပြုဘူး"


ထုံရွှယ်လူ ဒုက္ခ​ရောက်စဥ်က မကူညီခဲ့မိသည်ကို သူ​နောင်တရမိသည်။ သို့​​သော်လည်း လွဲ​ချော်သွားခဲ့ရ​လေပြီ။


ယခု သူမက ထပ်ပြီး အမြင့်တက်​တော့မည်ဖြစ်၍ သူတို့သာ လိုက်ကပ်​နေကြပါက အရှက်မရှိ အ​ရေပါးသူသာ ဖြစ်သွားပေ​ရော့မည်။ 


သူက ထိုကဲ့သို့​သော ကိစ္စရပ်များကို မလုပ်နိုင်​ပေ။


အစ်ကိုထုံများ: "အ​ဖေ ကျွန်​တော်တို့ သိပါတယ်"


ချန်ယွဲ့လင်ကလည်း အလျင်အမြန် ပြန်​ဖြေလာသည်။


အ​​မေထုံတစ်​ယောက်သာ အလွန် ကြည့်ရဆိုး​နေခဲ့​လေသည်။