အပိုင်း၆၈
Viewers 7k

🤚Chapter 68



ညစာစားနေစဉ် ဝမ်ယွီက  မေးသည်။


“ယွီမျိုးရိုးမိန်းကလေးနဲ့က ဘာကိစ္စရှိလို့လဲ...” 


ကျိအန်းနဉ်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ဝမ်ယွီက ပေါ့ပေါ့ပါးပါးသာ ဆက်ပြောသည်။


"ကိုယ် မင်းကို စောင့်နေတုန်း မာကောက ကိုယ့်ကို ပြောပြတာ..သူက ကိုယ်တို့ကျောင်းက ကောင်မလေးပါလို့ ပြောတယ်...သူက မင်းတို့အတန်းထဲကလား..."


"မဟုတ်ဘူး..." 


ကျိအန်းနဉ်က ပြန်ပြောသည်။


 "သူမက ယွီရှင်းရဲ့သူငယ်ချင်းပါ...အစတည်းက NLကအချိန်ပိုင်းအလုပ်တစ်ခုအတွက် သူ့ကို ကျွန်မက‌နေတစ်ဆင့် မိတ်ဆက်ပေးစေချင်‌ပေမဲ့ ကျွန်မငြင်းခဲ့တယ်....အခုလည်း ကျွန်မက ဓာတ်ပုံမော်ဒယ်အနေနဲ့ ဝင်ငွေရှာနေတာကို သိရတော့ အဲဒါအတွက် သူ့ကို မိတ်ဆက်ပေးစေချင်တယ်လေ... ဝဘ်ဆိုဒ်မှာ ကိုယ့်ကိုကိုယ် အကြံပြုချက်လျှောက်လွှာတင်လို့ရတယ်လို့ ရှင်းယွီက သူ့ကို ပြောပြခဲ့တာ...သူကလည်း Firewing ဆိုတဲ့နာမည်ကို ရှာတွေ့ရှိပြီး ကျွန်မက သူ့ကိုအကြံပြုပါတယ်ဆိုပြီး  သူတို့ရဲ့ မေးလ်ဘောက်စ်ထဲကို ကိုယ်တိုင်အကြံပြုအီးမေးလ် တိုက်ရိုက်ပို့ခဲ့တာ..."


"အဆင်ပြေပါတယ်...ကျွန်မ သူ့ကို မညွှန်းလိုက်ဘူးလို့ မာကောကို ပြောထားပြီးသားပါ...” 


ကျိအန်းနဉ်က ပြောသည်။


ဝမ်ယွီက ကျိအန်းနဉ်၏အခြေအနေအပေါ် ရှင်းပြမှုကို အာရုံစိုက်နားထောင်နေသည်။ အမှန်တွင် မာကောက သူ့ကိုဦးစွာ အစီအရင်ခံပြီးသားဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျိအန်းနဉ်ဆီမှ ထပ်မံနားထောင်ရသည့်အခါ သူမယခင်ကဲ့သို့ နုံအမနေတော့ဘဲ ငြင်းဆိုရမည်ကို သိနေခြင်းက သူ့အားပျော်ရွင်စေသည်။


ဝမ်ယွီ၏နှလုံးသားတွင် ကျိအန်းနဥ်က "သူ့လူ" ပင်ဖြစ်သည်။


“သူ့လူ” ဟူသော အဓိပ္ပာယ်မှာ သူမက သူနှင့်သူ၏ အကာအကွယ်အောက်တွင် ရှိနေသည်ဟု ဆိုလိုသည်။


ဝမ်ယွီက ကိုယ့်အပြစ်ကိုယ်မမြင်တတ်သော လူမျိုးသာဖြစ်သည်။ သူက ကျိအန်းနဉ်ကို စကားနှင့်ဖြစ်စေ အနိုင်ကျင့်နေသည့် မည်သူ့ကိုမဆို သည်းခံမည်မဟုတ်ပေ။ ကျိအန်းနဉ်ကို အသုံးချပြီး အမြတ်ထုတ်ရန် ကြံစည်နေပါကလည်း သူ ငြိမ်ခံနေမည်မဟုတ်ပေ။


သို့သော် ကျိအန်းနဉ်က မည်သို့ငြင်းဆန်ရမည်ကို ရှင်းလင်းစွာသိနေ၍ ဝမ်ယွီက စိတ်ကောင်းဝင်နေပြီး အညှိုးအတေး မထားတော့ပေ။


သူ မြင်ဖူးပြီးသားဖြစ်သော ယွီရှား၏ပုံကို စိုက်ကြည့်နေခဲ့သည်။ သူ ဤမိန်းမနှင့် တစ်ကြိမ်မှ မဆုံခဲ့ဖူးပေ။ ကျိအန်းနဉ်က ဤကိစ္စနှင့်ပတ်သက်ပြီး သူ့ကိုစိတ်မပူရန်ပြောရာ သူခေါင်းညိတ်လိုက်ပြီး သူမဘာသာ ကိုင်တွယ်ဖြေရှင်းစေခဲ့သည်။


ညစာစားပွဲတွင် သူက သူမကို ကျွေးမည့်အစားအစာအပေါ်ကို ဂရုတစိုက် အလေးထားခဲ့သည်။


အရက်က ထူးဆန်းလွန်းသည့် အရာသာဖြစ်သည်။ အရက်နည်းငယ်လေးက မမူးစေသော်လည်း သာမန်အချိန်တွင် မလုပ်မိမည့်အရာမှန်သမျှ လုပ်စေပြောစေလိမ့်မည်သာ။


ကားထဲတွင် ကျိအန်းနဉ်နှင့် ဝမ်ယွီ၏ နှုတ်ခမ်းနှင့်လျှာက လိမ်ယှက်နေခဲ့ကာ သူမက နမ်းနေသည်လား အနမ်းခံ‌ရနေသည်လားကို မခွဲခြားနိုင်တော့ပေ။


ဝမ်ယွီ၏လက်က သူမဝတ်စုံထဲရောက်သွားသည်။ လေ့ကျင့်ခန်းလုပ်ထားခြင်းများကြောင့် အနည်းငယ်ကြမ်းတမ်းနေသော သူ၏လက်ပူပူနွေးနွေးက ကျိအန်းနဉ်၏ နူးညံ့သောခန္ဓာကိုယ်ကို တစ်လက်မ မကျန် ပွတ်သပ်နေသည်။


ခံစားချက်က ကောင်းမွန်လွန်းလှပြီး အချိန်အတန်ကြာအောင် ငြှိမ်းသတ်ထားခဲ့ရသော ဆာလောင်မှုက ပိုမိုနက်ရှိုင်းလာခဲ့သည်။


ကျိအန်းနဥ်တုန်လှုပ်သွားသည်။  သူမ လည်ချောင်းထဲမှ အသံမထွက်လာအောင် မထိန်းထားနိုင်တော့၍ ဝမ်ယွီ၏ သွေးများ ပိုမိုဆူပွက်လာသည်။


ဝမ်ယွီ တောင့်ခံထားရသောကြောင့် နာကျင်လာခဲ့သည်။


ကား၏ ကိုယ်ထည်ကမြင့်သော်လည်း အတွင်းတွင် လေ့ကျင့်ခန်းလုပ်ရန်အထိ မသင့်တော်ပေ။ ထို့အပြင် ကျိအန်းနဉ်က အတွေ့အကြုံမရှိသူဖြစ်၍ သူမ၏ပထမဆုံးအကြိမ်က ဤနေရာတွင် မဖြစ်သင့်ပေ။


"ကိုယ့်နေရာကို သွားရအောင်..."


ဝမ်ယွီ ကျိအန်းနဥ်၏ နားရွက်ကို ကိုက်လိုက်သည်။


သူမခန္ဓာကိုယ်၏ သက်သာရာရမှုနှင့် ကြည်နူးမှုကို ခံစားနေသော ကျိအန်းနဉ်က ရုတ်တရက် အသိစိတ်ဝင်လာပြီး သူမ၏ ဆင်ခြင်တုံတရားက ပြန်လည်ရောက်ရှိလာသည်။


“ကျွန်မ အိမ်ပြန်ရမယ်…” 


ဝမ်ယွီ၏လက်ကို တွန်းထုတ်ရန် ကြိုးစားရင်း သူမက ပြောလိုက်သည်။ သူမ၏ အသံက အက်ရှနေပြီး အသက်ရှုသံက ရှုပ်ထွေးနေဆဲဖြစ်၍ ဆွဲဆောင်မှုရှိနေကာ ညအမှောင်ထဲတွင် ထူးထူးခြားခြား ညှို့ယူဖမ်းစားနိုင်နေသည်။


ကျိအန်းနဥ်က နောက်တစ်ကြိမ် ထွက်ပြေးချင်နေကြောင်း ဝမ်ယွီသိသည်။ သူ အကြာကြီး တောင့်ခံထားခဲ့ပြီးဖြစ်၍ ယ နေ့ သူမကို လွယ်လွယ်နှင့် မလွှတ်ချင်ပေ။


“မပြန်နဲ့...” 


သူက ပြောင်ပြောင်တင်းတင်း ငြင်းဆန်ပြီး ကျိအန်းနဥ်၏ နားရွက်ကို လျှာဖျားဖြင့်ထိကာ ကိုက်လိုက်သည်။


ကျိအန်းနဥ်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။


"ဝမ်ယွီ..."


ဝမ်ယွီ၏လက်ချောင်းများက ခါးပတ်ကို ဆွဲချွတ်၍ ဇစ်ဆွဲဖွင့်ကာ နာကျင်နေပြီဖြစ်သော သူ့ကိုယ်ကို ဖြေလျှော့လိုက်ပြီး ကျိအန်းနဥ်၏လက်ကို ထိုနေရာသို့ ဖိဆွဲလိုက်သည်။


ကျိအန်းနဥ်က ဝမ်ယွီ၏ပခုံးကိုမှီကာ အသံတိုးတိုးလေးထွက်နေပြီး ထိတ်လန့်စွာဖြင့် မျက်လုံးမှိတ်၍ လက်သီးများဆုပ်ကာ ဝမ်ယွီနှင့် တိုက်ခိုက်နေသည်။


ဝမ်ယွီက အသက်ပြင်းပြင်းရှူရင်း သူမ နားနားကပ်ကာ တိုးတိုးလေး တောင်းဆိုလိုက်သည်။


“အန်းနဥ် ကျိအန်းနဉ်……” 


အန်းနဉ်……


ကျိအန်းနဉ်....


............


အချုပ်ခန်းထဲတွင် ညဉ့်နက်လာသည့်အခါ သေခြင်းတရားကို စောင့်ဆိုင်းနေသည့် လူငယ်လေးက သူ့နာမည်ကို ထပ်ခါထပ်ခါရွတ်ပြီး သူ့ကိုယ်သူ ပြောနေသည်။


ကျိအန်းနဥ်၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်ကာ မျက်လုံးဖွင့်လိုက်သည်။


သူမ ထိတွေ့၍ မရသောမျက်နှာ၊ မထိတွေ့နိုင်ခဲ့သောနှုတ်ခမ်းများကို မှတ်မိနေသည်။ သူမ လေထုထဲတွင် လွင့်မျောရင်း ခံစားခဲ့ရသော ဝမ်းနည်းမှုအား အမှတ်ရသွား၍ သူမ မျက်နှာကို အုပ်ကာ ငိုကြွေးနေမိသည်။


ဝမ်ယွီက ကျိအန်းနဉ်၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသောကြောင့် သူမ မလွတ်မြောက်နိုင်တော့ပေ။ သို့သော် သူမ နာကျင်သွားမည်စိုး၍ အပြင်းအထန် တွန်းအားမပေးတော့ပေ။


ကျိအန်းနဥ်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့်လက်က ရုတ်ချည်းဆိုသလိုပင် အားလျော့သွား၍ ပေါ့ပါးသွားသည်။


ဝမ်ယွီက သူမလက်ကို လှမ်းကိုင်လိုက်သည်။ ကျိအန်းနဥ်က သူမလက်သီးဆုပ်ကို ဖြေလိုက်ပြီး ဖြည်းညှင်းစွာဖွင့်လိုက်သည်။


ဝမ်ယွီက ဝမ်းသာအားရဖြင့် သူ့လက်ကို ဖိချလိုက်သည်။


ကျိအန်းနဥ်၏မျက်နှာက ဝမ်ယွီ၏ပခုံးတွင် နစ်နေပြီး သူမ၏လက်က ပူနေသည်ဟု ခံစားမိသည်။ သူမ မော့မကြည့်ရဲဘဲ တီးတိုးပြောလိုက်သည်။


“ကျွန် ကျွန်မ မလုပ်ချင်ဘူး……”  


"အဆင်ပြေပါတယ် ဘေဘီ…" 


ဝမ်ယွီက သူမနားရွက်ကို ကိုက်လိုက်သည်။


" ကိုယ် မင်းကို သင်ပေးမယ်လေ..."


———


စနေနေ့က လူများစွာ အပြင်ထွက်၍ ပျော်ရွှင်ရသောနေ့ဖြစ်သည်။


ကလပ်၏ သီးသန့်ခန်းတွင် ဖုန်းကျင်းဟိုင်က လီဟေးကို မေးရင်း သူ့ခြေထောက်ကိုချိတ်လိုက်သည်။


" ဝမ်ယွီ လာနေတုန်းပဲလား..."


“ဟုတ်တယ်” 


လီဟေးက ယခုမှ ဝမ်ယွီ၏ဖုန်းကို ချလိုက်ခြင်းဖြစ်သည်။


 "သူ့ကောင်မလေးကို အိမ်ပြန်ပို့ပြီး လမ်းမှာပဲရှိသေးတယ်..."


ဖုန်းကျင်းဟိုင်က သူ့ကိုဆူပူလာသည်။


 “ဒီကလေးက သူ့သူငယ်ချင်းတွေထက် လိင်ကိစ္စကို ပိုအလေးပေးနေတာပဲ... ကြည့်နေ.သူရောက်တာနဲ့ငါသူ့ကို အရက်နဲ့ အပြစ်မပေးဘဲမနေဘူး..."


သူက ဆက်ပြောသည်။


“သူ့ကောင်မလေးက စာရိတ္တကောင်းလွန်းတယ်မဟုတ်လား... အိမ်ထဲမှာပဲ အမြဲနေပြီး အပြင်ကိုမထွက်ဘူးလေ...”


လီဟေးက ပြန်ပြောသည်။


"သူက ငယ်သေးတယ်တဲ့ လူသစ်တစ်ယောက်ပါပဲ...အသက်ကြီးလာတာနဲ့အမျှ မိန်းကလေးပေါင်းစုံကို တွေ့ရမှာဆိုတော့ ခံနိုင်ရည်ပိုရှိလာမှာလေ... ကျိအန်းနဉ်လိုမျိုး မိန်းကလေးကောင်းတစ်ယောက်လို့ ထင်ရတဲ့လူတစ်ယောက်က ပိုတောင် သဘောကျစရာကောင်းသေးတယ်..."


ရုတ်တရက် ဖုန်းကျင်းဟိုင်တစ်ခုခုကို သဘောပေါက်သွားပြီး သူ တုန်လှုပ်သွားသည်။


 "နေပါဦး... သူ့ကောင်မလေးကို အိမ်ပြန်ပို့လိုက်တာလား...” 


ညစာစားရင်း ဆိုရှယ်မီဒီယာမှာ သူတို့နှစ်ယောက်၏ ချစ်ခြင်းမေတ္တာကို ပြသနေသည်ဖြစ်၍ နောက်တစ်ဆင့်က သူတို့အတွက် ရင်းနှီးမှု ပိုတိုးလာရမည့် အခိုက်အတန့်ဖြစ်ပေသည်။


အဲ့ဒီကောင်လေးဝမ်ယွီ ဘယ်အချိန်တုန်းကစပြီးကောင်မလေးအပေါ် စောင့်ထိန်းသွားတာလဲ... သူ့ကောင်မလေးကို တကယ်ကြီး အိမ်ပြန်လိုက်ပို့နေတာလား...

 

လီဟေးက စီးကရက်တစ်လိပ်ကို ဆွဲယူကာ ပြုံးလိုက်သည်။


"ရှောင်ယွီ...ဒီအချိန်ကစပြီးမင်းကို ဖမ်းလိုက်ပြီ.."


 သူက ပေါ့ပေါ့ပါးပါး ပြောလာသည်။


ဝမ်ယွီ အမြန်ပြေးလာသော်လည်း သူ အခန်းထဲဝင်လိုက်သည်နှင့် ဖုန်းကျင်းဟိုင်က သူ့ကို ဆိုဖာပေါ် ဖိချလိုက်သည်။


“အိုကေ အိုကေ ငါ့ကိုယ်ငါ ဒဏ်ပေးတဲ့အနေနဲ့ သုံးခွက်သောက်လိုက်မယ်...” 


သူက အတော်လေး လွယ်လွယ်ကူကူနှင့်ပြောလေသည်။


ဖုန်းကျင်းဟိုင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ပြောင်လေသည်။


“မင်းရဲ့ ဆိုရှယ်မီဒီယာကပို့စ်ကို မြင်တော့ ဒီနေ့ မင်းပေါ်လာမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ ကျစ် ကျစ်..."


သူက ဝမ်ယွီကို အပေါ်အောက် ငုံ့ကြည့်ရင်း သူ့ခြေထောက်တွေကြား ခဏလောက် ငေးကြည့်နေကာ သူ့မှာ ရှက်စရာလျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်သည်ဟု သံသယရှိနေသည်။


“‌သေစမ်းပါ...” 


ဝမ်ယွီက ခြေထောက်မြှောက်ကာ ကန်လိုက်သည်။


အပျော်သဘောနောက်ပြောင်ပြီးနောက် လီဟေးနှင့် ဖုန်းကျင်းဟိုင်တို့က ယနေ့တွင် ဝမ်ယွီ တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို သတိပြုမိသည်။


သူက ဖန်ခွက်တစ်လုံးကို ကိုင်ထားပြီး လက်တစ်ဖက်က ဆိုဖာနောက်ဘက်တွင်ထားလျက် ကျေနပ်နှစ်သိမ့်သော အမူအရာကို ပြသနေသည်။ ခပ်ကျယ်ကျယ်ဖွင့်ထားသော မျက်လုံးများဖြင့် အနီးကပ်ကြည့်လျှင် ပျော်ရွှင်မှုလွန်ကဲခြင်း၏ အရိပ်အမြွက်ကိုလည်း မြင်နိုင်သေးသည်။


လီဟေးနှင့် ဖုန်းကျင်းဟိုင်က အကြည့်ချင်းဖလှယ်ကြပြီး မျက်စိတစ်ဖက်မှိတ်ပြကာ ဝမ်ယွီ၏ တစ်ဖက်တစ်ချက်တွင်ထိုင်ကာ အလယ်တွင်သူ့ကို ညှပ်ထားသည်။


ဝမ်ယွီ: "...ဒီနှစ်ယောက် ဘာဖြစ်နေကြတာလဲ... 'Brokeback Mountain'ဇာတ်လမ်းကို ပြန်သရုပ်ဆောင်နေကြတာလား..."


(လိင်တူ ရိုမန့်ဇာတ်ကားနာမည်ဖြစ်မယ်)


"နည်းနည်းဖယ် နည်းနည်းဖယ်ကြပါဦး... အခန်းက ဒီလောက်ကျယ်တာ ဘာလို့ ငါ့ကို လာရှုပ်နေတာလဲ..."


သူက ဘယ်ရောညာပါ တွန်းလိုက်သည်။


"ကောင်စုတ်လေး ဟန်ဆောင်မနေနဲ့..." 


လီဟေးက သူ့ပါးစပ်ထဲတွင် ဆေးလိပ်ခဲထားရင်း ပြောသည်။


 "လာခဲ့ ဒီနေ့ ဘာဖြစ်သွားလဲ ပြောပြပါဦး...မင်းခြေလှမ်းကနေ နွေဦးရဲ့ အငွေ့အသက်ကိုမြင်နေရတယ်..."


ဖုန်းကျင်းဟိုင်ကလည်း မျက်ခုံးပင့်လိုက်သည်။


"ပြောစမ်းပါ ဒီနေ့ home runဖြစ်ခဲ့လား..."


"အမှိုက်လိုလူ..."


စကားစက ကျိအန်းနဥ်အကြောင်းသို့ ရောက်သောအခါ ဝမ်ယွီက သူမကို အလိုလို ကာကွယ်ခဲ့သည်။


 "ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောနဲ့..."


"မင်းရဲ့အစ်ကိုကြီးတွေကို မင်းဘယ်လိုအလေးမထားရဲတာလဲ..." 


ဖုန်းကျင်းဟိုင်က သူ့ကို ဖက်ထားလိုက်သည်။


ဝမ်ယွီက သူ၏လေ့ကျင့်မှုကို တန်ပြန်တိုက်ခိုက်ရန် အသုံးပြုခဲ့သည်။


"အင်း  လီဟေး သူ့ကိုဖမ်းထား..." 


ဖုန်းကျင်းဟိုင်က နာကျင်စွာ အော်ဟစ်လိုက်သည်။


လီဟေးက ဘေးမှနေ၍ နှုတ်ဖြင့်ပျော်ပျော်ပါးပါး ပြန်ပြောသော်လည်း သူ့‌နေရာမှ မလှုပ်ခဲ့ပေ။


ဝမ်ယွီက ရယ်မောပြီး ဆူပူလိုက်သည်။


“မင်း...” 


သူက ဖုန်းကျင်းဟိုင်ကို လွှတ်ပေးလိုက်ပြီး ထွက်သွားရန် ထရပ်လိုက်သည်။


ဖုန်းကျင့်ဟိုင်က အော်လိုက်သည်။


 "မင်းဘယ်သွားမလို့လဲ..."


ဝမ်ယွီ: "သန့်စင်ခန်းကို..."


သန့်စင်ခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ချန်းဟောင်ရန်က စွန်းယာရှန့်ကို နံရံသို့ ဖိကပ်ပြီး ပြင်းပြင်းထန်ထန်နမ်းနေသည်အား မြင်လိုက်ရမည် မထင်ခဲ့ပေ။


ဝမ်ယွီက တံခါးကို တွန်းဖွင့်လိုက်သည်ကိုပင် နှစ်ယောက်လုံး မသိလိုက်ကြပေ။


ဝမ်ယွီ: "……"


သူ့မျက်လုံးကို မှိတ်ထားပြီး တံခါးကိုပြန်ပိတ်ကာ အပြင်ဘက် သန့်စင်ခန်းဆီသို့ လျှောက်သွားသည်။


ကျောင်းချန်လည်း ဤညနေတွင် သူ့သူငယ်ချင်းများနှင့်အတူ ရောက်လာသည်။


သူတို့ကားပါကင်တွင် ကားပေါ်မှ ဆင်းလိုက်သည်နှင့် Limited Edition စူပါကားတစ်စီးကို တွေ့လိုက်ရသည်။ ဤကားပါကင်တွင် ဇိမ်ခံကားများစွာရှိသော်လည်း အထူးသဖြင့် ဤကားက ထင်ရှားနေဆဲဖြစ်သည်။


ကျောင်းချန် မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။


" ဝိုးးး "


သူ့ သူငယ်ချင်းတစ်ယောက်က ရုတ်တရက်ပြောလာသည်။ 


“ဒါက ငါ့ဝမ်းကွဲရဲ့ကား..."


တခြားသူများက မေးလာသည်။


“ဘယ်ဝမ်းကွဲလဲ...” 


အခြားသူတစ်ဦးက ပြောသည်။


  “ဒီကားကိုကြည့်၊ တခြားဘယ်သူဖြစ်နိုင်မလဲ..လီမိသားစုရဲ့ အိမ်ရှေ့မင်းသားလေးလား..."


“ဟုတ်တယ်‌...” 


ကျောင်းချန်၏သူငယ်ချင်းက ပြောလိုက်သည်။


“ငါ့ဝမ်းကွဲက ကားတွေကို ကြိုက်လို့ နာမည်ကြီးပေမယ့် ဒါက သူ့အကြိုက်ဆုံးကားတော့ မဟုတ်ပါဘူး... သူ့အကြိုက်ဆုံးက Maybach ပြိုင်ကားလေ...”


တစ်စုံတစ်ယောက်သည် အံ့အားသင့်သွားသည်။


 “Maybachမှာက ပြိုင်ကားအမျိုးအစားလည်း ရှိတာလား..."


ထိုကားက ဤအသိုင်းအဝိုင်းထဲတွင် နာမည်ကြီးလွန်း၍ ကျောင်းချန်က ၎င်းကို ကြားပြီး ချက်ချင်းပြောသည်။


" ဒါက customize ကားကွ... ၁၆သန်းလောက် ပေးရမှာ..."


လူအနည်းငယ်က ထိုနေရာတွင် လှည့်ပတ်သွားလာကာ မနာလိုသံများ တစ်ချိန်တည်းတွင် ထွက်ပေါ်လာသည်။


အပေါ်ထပ်သို့ရောက်ရန် ဓာတ်လှေကားစီးပြီးနောက် ဧည့်ကြိုက သူတို့အား သီးသန့်အခန်းသို့ ခေါ်သွားခဲ့သည်။ ကျောင်းချန်၏သူငယ်ချင်းက ခေါင်းငုံ့၍ သူ့ဆဲလ်ဖုန်းကို ခဏ ကြည့်နေပြီးနောက် ရုတ်တရက် မော့ကြည့်လာသည်။


 "ငါ့ဝမ်းကွဲလည်း ဒီအထပ်မှာ ရှိနေတယ်... ငါ သူ့ကို သွားနှုတ်ဆက်လိုက်ဦးမယ်..."


ကျောင်းချန်က အခြေအနေကို အကဲခတ်တတ်သူဖြစ်သည်။ သူ့မျက်လုံးများကလည်း အရောင်တောက်ပလာသည်။


" ငါလည်း မင်းနဲ့လိုက်မယ်..."

 

ဝမ်ယွီ သန့်စင်ခန်းသို့သွား၍ လက်ဆေးကာ မှန်ရှေ့ဘယ်ဘက်နှင့် ညာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့ပုံပန်းသဏ္ဍာန်နှင့် ပတ်သက်ပြီး ထူးထူးခြားခြား ဘာမှမရှိဟု သူ့ကိုယ်သူ တွေးထားသော်လည်း ထိုလူများက စူးရှသောမျက်လုံးများဖြင့် ဖောက်ထွင်းမြင်နိုင်နေကြသည်။

 

ယနေ့တွင် home runမဖြစ်ခဲ့သော်လည်း ဝမ်ယွီက အချိန်အတော်ကြာ ထိန်းချုပ်ထားခဲ့ရသည့်ကိစ္စတစ်ခုကို ဖြေလျှော့နိုင်သွားခဲ့၍ စိတ်ဝိညာဉ်က လန်းဆန်းတက်ကြွနေသည်။ သူကိုယ်တိုင်ကသာ သူ့ကိုယ်သူ ထိုသို့ဖြစ်နေသည်အား သတိမပြုမိခြင်းပင်။


သီးသန့်ခန်းသို့ မပြန်မီတွင် လီဟေးက အခန်းဝ၌ လူနှစ်ယောက်နှင့် ရပ်စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူတို့ထဲက တစ်ယောက်က ရင်းနှီးနေပုံရ၍ သူ စိုက်မကြည့်ဘဲမနေနိုင်ပေ။


တစ်ဖက်သို့ လှည့်ထွက်သွားသော လူနှစ်ယောက်ကိုကြည့်ကာ ဝမ်ယွီမေးလိုက်သည်။

 "အဲဒါဘယ်သူလဲ..." 


“ငါရဲ့ အမျိုးဝေးတဲ့ ညီဝမ်းကွဲတစ်ယောက်က လာနှုတ်ဆက်တာ..” 

လီ‌ဟေးက ပြောသည်။

 "တခြားတစ်ယောက်က ငါ့ရှေ့မှာ သူ့မျက်နှာသာရဖို့ ကြိုးစားနေတာ..."


ဆိုတော့ သူက လီဟေးရဲ့ဝမ်းကွဲပေါ့... သူက ကျောင်းချန်နဲ့ ဘာလို့တွဲနေတာလဲ...


ဝမ်ယွီတွေးနေစဉ် လီဟေးကပြောသည်.

 "သူက ယွီချန်က လာတာလေ အခုကစပြီး ဒီမှာပဲနေမှာမို့သူ့သူငယ်ချင်းတွေက သူ့ကို ကြိုဆိုဖို့ ဒီကိုလာတာ..."


ဝမ်ယွီ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး နောက်ကထပ်ပြောလိုက်သည်။

 “ယွီချန်လား...”


လီဟေးက အံ့သြတကြီးနှင့် ခေါင်းလှည့်ပြီးမေးသည်။

 "ဘာဖြစ်လို့လဲ..."


ဝမ်ယွီ၏အမူအရာမှာ ဇဝေဇဝါဖြစ်နေသည်။


ချန်းဟောင်ရန်နှင့် စွန်းယာရှန့်တို့က အတွင်းဘက်သန့်စင်ခန်းမှ ပြန်လာခဲ့ကြသည်။


ဝမ်ယွီကိုမြင်သောအခါ ချန်းဟောင်ရန်က သူ့ဆီသို့ လျှောက်လာသည်။


စွန်းယာရှန့်ကခေါင်းမှ ခြေဖျားအထိ အသွင်အပြင်ကို ပြောင်းလဲခဲ့၍ ယခုချိန်တွင် သူမက ပိုမိုကြည့်ကောင်းလာပြီး သူမကိုယ်သူမ ထိန်းချုပ်တတ်လာသည်။ သူမ ဝမ်ယွီကို တစ်ချက်ကြည့်လိုက်သောအခါ သူက သူမကို ဂရုမစိုက်ကြောင်းမြင်၍ သူမအကြည့်ကို ရုတ်သိမ်းလိုက်သည်။ ဒီနေရာတွင် သူမ၏ကဏ္ဍမှာ ချန်းဟောင်ရန်၏ချစ်သူမျှသာဖြစ်ပြီး ဝမ်ယွီနှင့် သူမ၏ဆက်ဆံရေးမှာ သုညသာဖြစ်သည်။


ချန်းဟောင်ရန်နှင့် ဝမ်ယွီတို့က စကားပြောရန် တံခါးဆီသို့ လျှောက်သွားကြသည်။


"ဘယ်လိုလဲ မင်းအတွက် ငါရှာခဲ့တဲ့လူက...”

 ချန်းဟောင်ရန်က မေးသည်။


"သူ ငါ့ကို ပြန်မဖြေသေးဘူး..."

ဝမ်ယွီက ပြောသည်။


ချန်းဟောင်ရန်က ဝမ်ယွီ မည်သည့်ကိစ္စကို စုံစမ်းချင်သည်အား မမေးဘဲ အခိုင်အမာပြောလာသည်။

 "ငါ့အဘိုးအိမ်က သူ့ကိုတွေ့ခဲ့တာ..သူ့အရည်အချင်းက လုံးဝအကောင်းပဲ..."


ဝမ်ယွီက သူ့ပခုံးကိုလက်ဖြင့်လှမ်းချိတ်ကာပြောသည်။ "ကျေးဇူးပါပဲကွာ..."


........


ဝမ်ယွီက ဒီဇင်ဘာ ဒုတိယပတ် ရောက်မသည်ကို စောင့်ဆိုင်းနေသည်။


လူတစ်ယောက်က ဝမ်ယွီကို သားရေအိတ်တစ်လုံး ပေးလိုက်သည်။ ဝမ်ယွက ၎င်းကိုဖွင့်ကာ ပါးလွှာသော စာရွက်အနည်းငယ်ကို ကြည့်၍ မျက်ခုံးပင့်လိုက်သည်။

 “ဒါအကုန်ပဲလား..."


"ဒါအကုန်ပါပဲ... သူက တော်တော်လေးရိုးရှင်းတယ်..."

ထိုလူက အလေးပေး၍ ပြောလာသည်။


ဝမ်ယွီက စာရွက်များကို ခါယမ်းကာ ၎င်းတို့ကို စိုက်ကြည့်နေသည်။


ထိုစာရွက်များတွင် ကျိအန်းနဥ်၏ဘဝကို အကျဉ်းချူပ် ရေးထားသည်။


“သူငယ်ငယ်တုန်းက စောစောသေသွားခဲ့တဲ့ သူ့အမေကလွဲရင် သူတို့မိသားစုက ချမ်းသာတယ်... သူ့အဖေက အလုပ်များလို့ အဖွားနဲ့ ကြီးပြင်းလာရတာ..."


ထိုလူက ပြောသည်။

"သူ့အဖေ ကျိထိုက်ဟယ့်က စီးပွားရေးသမားကောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ သူငယ်ချင်းတစ်ယောက်ကို ယုံကြည်ပြီး ပရောဂျက်တစ်ခုမှာ ရင်းနှီးမြုပ်နှံလိုက်လို့ ထောင်ချောက်ထဲ ကျသွားရတာ... သူ့ပိုင်ဆိုင်မှုတွေ အကုန်သုံးပေမယ့် မလုံလောက်တော့ အဖွားရဲ့အိမ်ရောင်းဖို့ ချော့ပြောတယ်... ပြီးတော့ အကြွေးတွေချန်ထားပြီး ထွက်ပြေးသွားပြီးတော့ သူ့သမီးကိုပါ စွန့်ပစ်လိုက်တာ..."


ဤအခြေအနေကို အမှန်တကယ်ပင် နားလည်နိုင်ပေသည်။အိမ်ရောင်းရငွေကို အကြွေးဆပ်ဖို့ သုံးခဲ့မည်ဆိုပါက မလောက်ငှပေ။ သူထွက်ပြေးသွားသော်လည်း အိမ်ရောင်းရငွေက သူ့အနာဂတ်အတွက် အရင်းအနှီးသာဖြစ်သည်။


သို့သော် ယောက္ခမနှင့် သမီးအရင်းကိုပင် ပစ်ပယ်ထားသောကြောင့် ကျောက်တုံးလို နှလုံးသားမာသူဖြစ်သည်။


အသက်ကြီးကြီး အဖွားအိုကြီးနှင့် ယခုမှ အလယ်တန်းရောက်သော မိန်းကလေးမှာ အိမ်မရှိတော့သည့်အပြင် အကြွေးတောင်းသူများနှင့် ရင်ဆိုင်နေကြရ၍  သူတို့၏ဘဝ မည်မျှ ခက်ခဲကြမ်းတမ်းလာသည်ကို တွေးကြည့်နိုင်သည်။


ဝမ်ယွီက အမှန်တကယ် ကျိန်ဆဲချင်လာသည်။


ကျိအန်းနဥ်၏ နောက်ပိုင်းဘဝများကို အတိုချုပ် အကျဉ်းချုပ်ဖော်ပြပြီးနောက် အဖွားနှင့် ကျိအန်းနဥ်တို့  အသက်ရှင်ရပ်တည်ရန် မည်သို့ရုန်းကန်ခဲ့ရတာ အိမ်ဆုံးရှုံးခဲ့ရ၍ ပြောင်းရွှေ့နေထိုင်ခဲ့ရပုံကို စာရွက်ထဲ ဆက်လက်ဖော်ပြသွားခဲ့သည်။ ၎င်းက သွယ်ဝိုက်ထားခြင်းမရှိဘဲ တည့်တိုးဆန်ဆန် ပြောထားသည်များသာ ဖြစ်ပေသည်။


ထို့နောက် ကျိအန်းနဥ်၏ အထက်တန်းကျောင်းတက်နေစဉ်က အကြောင်းများသို့ ပြောင်းသွားသည်။


"ခင်ဗျား ဘာမှ ရှာမတွေ့ဘူးလား..." 

ဝမ်ယွီက ၎င်းကိုဖတ်ပြီးနောက် မေးလိုက်သည်။


“ငါတို့ ဘာမှ ရှာမတွေ့တာ မဟုတ်ဘူး...”

ဝမ်ယွီ မျက်မှောင်ကြုတ်သည်ကို သတိပြုမိကာ လူကြီးက ပြန်ဖြေသည်။

 “မင်းသိချင်တဲ့ အချက်အလက်က ရှိတော့မှာ မဟုတ်ဘူး... သူ့ကျောင်းက စည်းကမ်းတင်းကြပ်ပြီး ဂုဏ်သတင်းကြီးတဲ့ ကျောင်းဆိုတော့ အဲဒီ့မှာ အနိုင်ကျင့်တဲ့ အဖြစ်အပျက်မျိုးတော့ မကြားမိပါဘူး... သူ့အတန်းဖော်တချို့ကို ငါတို့ မေးပြီးပြီ... သူတို့အားလုံးက အဲ့အချိန်တုန်းက ကျိအန်းနဉ်လိုပဲ စာကျက်ရင်း အလုပ်များနေကြတယ်လို့ပြောတယ်... သူ့ရဲ့ အထက်တန်းကျောင်းဘဝက အရမ်းသာမန်ဖြစ်ပြီးတော့ ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ဘူးတဲ့...အနည်းဆုံးတော့ ကျောင်းမှာ ပြဿနာမရှိဘူး...”


သို့သော် ကျိအန်းနဥ်က သူ့ကို လိမ်ညာမည် မဟုတ်ပေ။ ရံဖန်ရံခါ သူမအတိတ်ကို ထုတ်ဖော်လိုက်သည့်အခါ သူမမျက်လုံးထဲမှ အကြည့်များ မှားနိုင်စရာမရှိပေ။


သူ တစ်ခုခုတော့ ကြုံဖူးတာဖြစ်မယ်...


ဝမ်ယွီ ခဏတာ တွေးတောရင်း မေးစေ့ကိုကိုင်ကာ ကွဲပြားသော စုံစမ်းစစ်ဆေးမှု ရှုထောင့်သို့ ပြောင်းရန် ဆုံးဖြတ်လိုက်သည်။


“ ကျွန်တော့်အတွက် တခြားလူတစ်ယောက်ကို ရှာပေးပါ... သူ့နာမည်က ရှန်းထန်းဆေးဝါးဖြန့်ချီရေးကုမ္ပဏီရဲ့ သခင်လေးကျောင်းချန်... သူက လက်ရှိမှာ ချင်ဟွားတက္ကသိုလ်မှာ ဒုတိယနှစ်တက်နေပြီး ယွီချန်မှာနေခဲ့ဖူးတယ် ဒါ..."


လူအိုကြီးရှင်း(လောင်ရှင်း)က သူ့မှတ်စုစာအုပ်ထဲတွင် ဘောပင်နှင့် မှတ်တမ်းတင်နေလျက် ပြောလိုက်သည်။

"ကျုပ်ကို လောင်ရှင်းလို့ပဲ ခေါ်ပါ..." 


ဝမ်ယွီက က ခေါင်းညိတ်ပြလိုက်သည်။

 "လောင်ရှင်း... ကျောင်းချန် ယွီချန်မှာရှိနေတုန်းက  ကျိအန်းနဉ်နဲ့ ပတ်သက်မှုရှိမရှိ ရှာဖို့ အာရုံစိုက်ပေးပါ..."


ယခင်ကိစ္စ၏ အသုံးဝင်သောအချက်အလက်များ နည်းပါးခြင်းနှင့် ပတ်သက်၍ ဝမ်ယွီက ဆက်မပြောတော့ပေ။ လောင်ရှင်းက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်သည်။ 

"ကောင်းပါပြီ  သခင်လေးဝမ်..." 



###