အပိုင်း၆၇
Viewers 7k

🤚Chapter 67





နေ့လည်ပိုင်းတွင် မုန့်ရှင်းယွီက ယွီရှားမေးမြန်းခိုင်းထားသည့်ကိစ္စကို ကူညီပေးခဲ့သည်။


“အလားအလာ အများကြီးရှိမယ် မထင်ပါဘူး...”


သူမကိုယ်သူမ ထိုသို့ မှတ်ချက်မချဘဲ မနေနိုင်ခဲ့ပေ။


မုန့်ရှင်းယွီ ယွီရှားကို မငြင်းခဲ့ပေ။ အကြောင်းရင်းမှာ ထိုအချိန်က ယွီရှားက အလွန်စိတ်အားထက်သန်နေပုံရ၍ သူမစိတ်ဓာတ်ကို မထိခိုက်စေချင်သောကြောင့်ဖြစ်သည်။ နောက်တစ်ချက်မှာ ယွီရှားက တစ်ခါတစ်ရံ စိတ်အားထက်သန်လွန်းပြီး မုန့်ရှင်းယွီ၏မျက်လုံးထဲတွင် အနည်းငယ်အသုံးအဖြုန်းကြီးသူဖြစ်သော်လည်း သူမထံတွင် မုန့်ရှင်းယွီ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်သည့်အရာတစ်ခုရှိသည်။ ၎င်းမှာ သူမက သူမကိုယ်ပိုင်ဝင်ငွေများကိုသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။


ယွီရှားက ၀တ်စားဆင်ယင်ခြင်းနှင့် ဈေးဝယ်ထွက်ခြင်းကို နှစ်သက်သည်။ မိတ်ကပ်လိမ်းခြင်းကို ကျွမ်းကျင်ပြီးနှစ်သက်သဘောကျသည်။ သူမ၏အတိတ်တွင် မည်သို့ဝတ်စားဆင်ယင်ရမှန်းမသိသည့် မုန့်ရှင်းယွီကို လှောင်ပြောင်ခဲ့ပြီး ကျိအန်းနဉ်ကိုလည်း ရယ်မောခဲ့သည်။


ကဲ့ရဲ့ပြီးနောက် သူမ၏ YSL နှုတ်ခမ်းနီကို ရက်ရက်ရောရော ထုတ်ယူပြီး ၎င်းအား ကျိအန်းနဉ်နှင့် မျှဝေကာ  ကန့်ကွက်မှုများကို လျစ်လျူရှုပြီး သူမ(ကျိအန်းနဥ်)အား မိတ်ကပ်လိမ်းရန် တွန်းအားပေးခဲ့သည်။ သူမက ငြူစူသောအရိပ်အမြွက်နှင့်ပင် ပြောလိုက်သေးသည်။


“နင်က အရမ်းလှရဲ့သားနဲ့ ဘာလို့ ပြင်ပြင်ဆင်ဆင်နေရမှန်းမသိတာလဲ... ငါသာ နင့်လိုရုပ်ရည်မျိုးဆိုရင် အမလေး..."


ယွီရှားက အလွန်အမင်း စိတ်အားထက်သန်နေသော်လည်း သူငယ်ချင်းမရှိသော ကျိအန်းနဥ်အတွက်မူ သူမက ညင်သာသော တုံ့ပြန်မှုကိုသာ ပေးလိမ့်မည်။ သို့သော် သူမ၏ နှလုံးသားထဲတွင် ကောလိပ်ပထမနှစ်၌ သူမနှင့်ရင်းနှီးသောလူများကို ရေတွက်ကြည့်လိုက်သောအခါ ယွီရှားက အမှန်တကယ်ပင် သူတို့ထဲမှ တစ်ဦးဖြစ်နေသည်။


"ငါ မသိဘူး...ဒါက သူကိုယ်တိုင် ဝဘ်ဆိုဒ်တွေမှာ တင်ရမှာ... လုပ်ငန်းတစ်ခုခု ဒါမှမဟုတ် ဓာတ်ပုံစတူဒီယိုတစ်ခုက သူ့ကို စိတ်ဝင်စားမယ်ဆိုရင် ဆက်သွယ်လာကြလိမ့်မယ်..."


ကျိအန်းနဥ် ပြောလိုက်သည်။


မုန့်ရှင်းယွီ ပြန်ပြောလိုက်သည်။


“ငါသိပြီ...ပြီးရင် သူကိုင်တွယ်ဖို့ ပြောလိုက်မယ်..."


ကျိအန်းနဉ်က ထိုခေါင်းစဉ်အောက်တွင် ယွီရှားအကြောင်းပြောနေသည်က်ို ရပ်လိုက်သည်။


ကျိအန်းနဉ်က ဤဘဝတွင် ယွီရှားနှင့်သူမ၏ဆက်ဆံရေးရှုပ်ထွေးမှုများကို အလေးအနက်စဉ်းစားနေခဲ့သည်။


ယွီရှားကို သူမ၏ ကိုယ်ပိုင်အရည်အချင်းတစ်ခုတည်းဖြင့် လက်စားချေမည်ဆိုလျှင် ယုတ်မာသောနည်းဗျူဟာအချို့ကို အသုံးပြုရန်လိုအပ်ကြောင်း သူမနားလည်ခဲ့သည်။ ဥပမာအားဖြင့် သူမနှင့် ပထမဆုံး သူငယ်ချင်းဖြစ်ခြင်း၊ သူမနှင့်အတူ ဘားတစ်ခုသို့သွားခြင်း၊ အရက်ထဲတွင်ဆေးခတ်ကာ သူမကို တစ်စုံတစ်ယောက်က ခေါ်ဆောင်သွားစေခြင်းတို့ဖြစ်သည်။


ယွီရှားက အတိတ်ဘဝတွင် သူမအပေါ် ပြုမူခဲ့သမျှကို ပြန်တွေးတောကြည့်မည်ဆိုလျှင် ဤလုပ်ရပ်ကပ ပါးကိုက်နားကိုက်သာဖြစ်သည်။(သူလုပ်ခဲ့သလိုကိုယ်ပြန်လုပ်တာပါ။)


တစ်နည်းအားဖြင့် သူမလက်ညစ်ပတ်ရန် မလိုအပ်ပေ။ သူမထံတွင် ဝမ်ယွီရှိသည်။ ယွီရှားက သူမကို ထိခိုက်နစ်နာစေသည်ဟု ဝမ်ယွီယုံကြည်စေရန်အတွက် ဇာတ်လမ်း သို့မဟုတ် အကြောင်းပြချက်အချို့ကို သူမဖန်တီးနိုင်သည်။ ဝမ်ယွီ၏ပင်ကိုယ်စရိုက်အရ အရေးယူရန် ဆုံးဖြတ်ခဲ့လျှင် သူတွေးတောနေမည်မဟုတ်ပေ။


၎င်းက ယွီရှားကို လက်စားချေသည့်ပုံစံတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး ဖြစ်နိုင်သည်မှာ ဝမ်ယွီ၏နည်းလမ်းများက ပို၍ပင် စိတ်ကျေနပ်စရာဖြစ်ကောင်းဖြစ်နေနိုင်သည်။


စာသင်ချိန်အတွင်း ကျိအန်းနဉ်က သူမ၏အကြည့်ကို စားပွဲခုံပေါ်တွင်စူးစိုက်ကာ အကြောင်းအရာများစွာကို တွေးတောဆင်ခြင်နေခဲ့သည်။


သူမ စာကြောင်းတစ်ခုကိုတွေးမိသွားသည်။


“ချောက်ထဲကို ငေးကြည့်တဲ့အခါ ချောက်ကြီးကလည်း မင်းကို စိုက်ကြည့်နေတယ်...”


သူမငေးကြည့်နေသော စားပွဲက မှန်တစ်ချပ်အဖြစ်သို့ ပြောင်းလဲသွားပုံရပြီး ထိုမှန်ထဲတွင် သူမက ရုပ်ဆိုးပြီး ပုံပျက်နေသော ကျိအန်းနဉ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်နိုင်သည်။


အဆုံးတွင် သူမမျက်လုံးများကိုမှိတ်ကာ နှလုံးသားအတွင်း အတားအဆီးတစ်ခုကို အခိုင်အမာတည်ဆောက်၍  အတွင်းစိတ်ရှိ အကျည်းတန်နတ်ဆိုးများကို သော့ခတ်ထားလိုက်သည်။


ပိုမိုကောင်းမွန်သည့်ဘဝနှင့် ပိုမိုကောင်းမွန်သည့်လူဖြစ်ရန် ဒုတိယအခွင့်အရေးကို ဤဘဝတွင် ရထားသည်ဖြစ်၍ မိမိကိုယ်တိုင်က ရွံရှာမုန်းတီးသောလူများကဲ့သို့ ဖြစ်လာရန် မလိုအပ်ပေ။ 


အဆုံးတွင် ကျိအန်းနဉ်က ယွီရှားနှင့် ဝေးဝေးနေရန် ဆုံးဖြတ်လိုက်ပြီး ဤဘ၀တွင်တော့ သူမနှင့် မပတ်သက်ချင်တော့ပေ။


သို့သော် အားလပ်ချိန်အတွင်းတွင် မုန့်ရှင်းယွီက သူမ၏ဖုန်းကိုကိုင်ပြီး "နင်နဲ့ လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံစတူဒီယိုနာမည်က ဘာလဲ"ဟု မေးလာခဲ့သည်။


"Firewingပါ...ဘာလို့မေးတာလဲ"


ကျိအန်းနဉ် ပြန််ဖြေလိုက်သည်။


မုန့်ရှင်းယွီက ဖုန်းကိုချပြီး ပြန်ပြောသည်။


"ဘာအကြောင်းမှမရှိပါဘူး ဒီတိုင်းသိချင်ရုံပါပဲ..." 


ကျိအန်းနဉ်က “အိုး”ဟု ရိုးရှင်းစွာ တုံ့ပြန်ပြီး နှုတ်ဆိတ်နေခဲ့သည်။


မုန့်ရှင်းယွီ သူမကို တစ်ချက်ကြည့်လိုက်ပြီး ယွီရှားပြောခဲ့သည်မှာ အမှန်ဖြစ်သည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။ ကျိအန်းနဉ်က ယွီရှားအပေါ် အနည်းငယ် အေးစက်နေခဲ့သည်။


အကယ်၍ အခြားသူတစ်ဦးနှင့် ပုံမှန်အခြေအနေဖြစ်ခဲ့ပါက ကျိအန်းနဉ်က အကြံဉာဏ် သို့မဟုတ် ထင်မြင်ချက်အချို့ကို ပေးဆောင်မည်မှာ သေချာသည်။ သူမက သီးသန့်ဆန်ပုံရသော်လည်း အမှန်တကယ်တွင် အခြားသူများကို ဝေမျှတတ်ပြီး ကူညီလိုစိတ်ရှိကာ နူးညံ့သိမ်မွေ့၍ ကူညီတတ်သူဖြစ်သည်။


မုန့်ရှင်းယွီ အနည်းငယ်ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။


ပိတ်ရက်အတွင်းမှာပင် သူတို့က ရှုတင်နေရာကိုကြိုတင်စီစဉ်ခဲ့ကြပြီး ထိုနေရာတွင် မာကောလည်းရှိနေသည်။


ကျိအန်းနဉ် မည်သည့်နေရာ၌ အလုပ်လုပ်နေသည်ဖြစ်စေ Firewing ၏စတူဒီယိုမှာပဲဖြစ်စေ အပြင်တွင်ဖြစ်စေ မာကောက အမြဲရှိနေသည်။ ကျိအန်းနဉ်က သူ၏ အလုပ်အပေါ် စေတနာထားမှုကို ချီးကျူးခဲ့သည်။ သူသည် မယုံနိုင်လောက်အောင် ပရော်ဖက်ရှင်နယ်ကျသည့် သူဌေးဖြစ်သည်။


နေ့လယ်စာစားချိန်တွင် မာကောက မေးလာသည်။


 "အန်းနဥ် ငါတို့စတူဒီယိုကို အတန်းဖော်တစ်ယောက်ဆီ ညွှန်းပေးခဲ့တာလား..."


သူ့မေးခွန်းက ရုတ်တရက် ထွက်ပေါ်လာ၍ ကျိအန်းနဉ်က သူ မည်သည့်အရာကို ရည်ညွှန်းကြောင်း အတိအကျသိသွား၍ စိတ်ထဲတွင် ချက်ချင်းတုန်လှုပ်သွားသည်။


“မဟုတ်ဘူး ကျွန်မဘယ်သူ့ကိုမှ ညွှန်းပေးထားတာ မရှိပါဘူး...”


သူမ ချက်ချင်းငြင်းဆိုလိုက်သည်။


မာကောက သူ့လက်တော့ပ်ကို သူမဘက်လှည့်ပြီး ပြောလိုက်သည်။ 


"မင်းက ညွှန်းလိုက်လို့ဆိုပြီး အကြံပြုထားတဲ့အီးမေးလ်ကို ငါရခဲ့တယ်..."


ကျိအန်းနဉ် သံသယရှိခဲ့သည့်အတိုင်း မိမိကိုယ်ကို အကြံပြုချက်အီးမေးလ် ပေးပို့ခဲ့သူမှာ အမှန်ပင် ယွီရှားဖြစ်သည်။သူမက အလွန်လိမ္မာပါးနပ်သူတစ်ဦးဖြစ်သည်။ သူမ၏ယခင်ဘဝတွင် သူမက တစ်ချက်တည်းဖြင့် ကျိအန်းနဉ်၏အာရုံကို ဖမ်းစားနိုင်ရန်စီစဥ်ခဲ့ပြီး အတန်းဖော်တစ်ဦးအနေဖြင့် အကူအညီတောင်းခဲ့သည်။ ဤသို့ဖြင့် NLက သူမကို ငှားလိုက်သည်။


ဤဘ၀တွင် သူမက Firewing၏ တရားဝင်ဝဘ်ဆိုဒ်ကို တိုက်ရိုက်တွေ့ရှိခဲ့ပြီး ပံ့ပိုးပေးထားသည့် ဆက်သွယ်ရန်အချက်အလက်များကို လိုက်နာခြင်းဖြင့် စတူဒီယို၏ လုပ်ငန်းသုံးစာတိုက်ပုံးသို့ ကိုယ်တိုင်အကြံပြုချက်အီးမေးလ်တစ်စောင် ပေးပို့ခဲ့သည်။ အီးမေးလ်ထဲတွင် ကျိအန်းနဉ်က သူမကို အကြံပြုထားကြောင်း ပြောကြားထားသည်။


အသက်သုံးဆယ်ကျော်အရွယ် မာကောက သူကြားသမျှကို မျက်စိစုံမှိတ်ယုံမည့်သူ မဟုတ်ပေ။ အကယ်၍ ၎င်းက ကျိအန်းနဥ်၏ အကြံပြုချက် အမှန်တကယ်ဖြစ်ခဲ့လျှင်ပင် ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကို စဉ်းစားရန် လိုအပ်သေးသည်။ သို့သော်လည်း ကျိအန်းနဉ်က ဤကိစ္စကို သူ့အား တစ်ခါမျှ မပြောခဲ့သည့်အပြင် ကျိအန်းနဉ်၏အကျင့်စရိုက်ကိုသိသောကြောင့် သူမက ရုတ်တရက် ထိုကိစ္စမျိုး ပြုလုပ်မည်မဟုတ်ပေ။


၎င်းနှင့်ပတ်သက်ပြီး ထူးဆန်းသော အရာတစ်ခု ရှိနေသည်ကို သူသိပြီး ကျိအန်းနဉ်အား မေးမြန်းရန် ရည်ရွယ်ချက်ရှိရှိ လာခဲ့သည်။


သူ ထင်ထားသည့်အတိုင်း ကျိအန်းနဉ်က လုံး၀တိတ်ဆိတ်နေပြီးမှ ပြောလာသည်။


“ကျွန်မရဲ့ အတန်းဖော်တစ်ယောက်ပြောတဲ့ သူနဲ့ရင်းနှီးတဲ့ တစ်နယ်တည်းသားချင်းတစ်ယောက်က ဘယ်ဓာတ်ပုံစတူဒီယိုနဲ့ လက်မှတ်ထိုးခဲ့တာလဲဆိုတာ ကျွန်မကိုမေးခဲ့သေးတယ်... သူ့နောက်ဆုံးနာမည်က ယွီလား..."


မာကောက အခြေအနေကို ချက်ချင်းနားလည်လိုက်သည်။ လူ့အဖွဲ့အစည်းတွင် အသက်မွေးဝမ်းကြောင်းပြုရန် ကြိုးစားနေသူ တစ်ဦးအနေဖြင့် ယွီရှား၏ စိတ်အားထက်သန်မှုလွန်ကဲသော လုပ်ရပ်များကို အထူးဂရုမစိုက်ပေ။ သူက ပြောလိုက်သည်။


“သူ့ရဲ့ တောင်းဆိုမှုကို ငါ ငြင်းလိုက်မယ်... ဒီကောင်မလေးကို မခေါ်ပါဘူး သူ့မှာက အတွေ့အကြုံမရှိဘူးလေ..."


ကျိအန်းနဉ်က မာကော၏ လက်ပ်တော့ကို ခိုးကြည့်လိုက်သောအခါ ယွီရှား၏ ဓာတ်ပုံကို ထပ်မံတွေ့လိုက်ရသည်။ သူမက ချစ်စရာကောင်းသည့် ၀တ်စားဆင်ယင်မှုနှင့် မိတ်ကပ်လိမ်းခြယ်မှု ကောင်းမွန်သော်လည်း အပြင်ပန်း အရည်အချင်း ချို့တဲ့နေသည်မှာ အမှန်ဖြစ်သည်။


ယွီရှား၏ ကိုယ်တိုင်တိုးတက်လိုစိတ်ရှိပြီး ကိုယ်ပိုင်ငွေသုံးနိုင်သည့်စွမ်းရည်ကို မုန့်ရှင်းယွီက တန်ဖိုးထားခဲ့သလို ကျိအန်းနဉ်ကလည်း ၎င်းကို သိရှိခဲ့ပြီးဖြစ်သည်။ ၎င်း‌က သူမနှင့် ပိုမိုနီးကပ်လိုသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။


သို့သော် ယခုအချိန်တွင် ကျိအန်းနဉ် ရုတ်တရက် အံ့ဩသွားသည်။ 


ယွီရှားက ရုပ်ချောနေရင် ဘာဖြစ်သွားမလဲ...


တကယ်လို့ သူက စွန်းယာရှန့်နဲ့တူတယ်ဆို ငါ ဒီလောက်အထိ လုံ့လစိုက်ထုတ်နေရဦးမှာလား...


ကျိအန်းနဉ်နှင့် နှိုင်းယှဉ်ပါက သူမက ငွေအလွန်အကျွံသုံးစွဲခဲ့ပြီး သူမ၏မိသားစုသည်လည်း သူမ၏ကိုယ်ပိုင်ကုန်ကျစရိတ်များကို မထောက်ပံ့နိုင်သောကြောင့် အလုပ်ကြိုးစားခဲ့သည်။ သူမ၏အတိတ်ဘဝမှ "မိမိကိုယ်ကိုအားကိုးခြင်း"ဟူသောအရာက သူမ၏ပြင်းထန်သောပစ္စည်းတပ်မက်မှုဆန္ဒများကို လွှမ်းမိုးသွားခြင်းသာဖြစ်လိမ့်မည်။


ဤအခိုက်အတန့်တွင် ကျိအန်းနဉ်က ယွီရှားက စွန်းယာရှန့်၏ ဘတ်ဂျက်နည်းသောဗားရှင်းဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။


သူတို့နှစ်ဦးစလုံးက ရုပ်ပိုင်းဆိုင်ရာပစ္စည်းများကို မက်မောသူများဖြစ်ကြသည်။


ယနေ့ကဒီဇင်ဘာလ၏ ပထမဆုံးစနေနေ့ဖြစ်ပြီး ထိုနေ့တွင်  အလုပ်စတင်သည်က အလွန်စောသည်။ သူတို့တစ်နေကုန် အလုပ်ရှုပ်နေကြသော်လည်း အပြီးသတ်မည့်အချိန်ကို ကောင်းစွာစီမံထားပြီး ဝမ်ယွီနှင့် ညစာစားရန်အတွက် ကျိအန်းနဥ်စီစဥ်ထားသည်ကို မထိခိုက်စေခဲ့ပေ။


ကျိအန်းနဉ်က ကံကောင်းသည်ဟု ခံစားနေရသည်။ သူမက ဝမ်ယွီကို အချိန်အကြာကြီး စောင့်ခိုင်းစေမိမည်ကို စိုးရိမ်နေမိသည်။


"သွားကြရအောင်..."


ဂျာကင်အင်္ကျီ ၀တ်ထားပြီးအဝတ်လဲခန်းမှ ထွက်လာသည့် ကျိအန်းနဉ်ကို ကြည့်ရသည်မှာ စိတ်ကြည်နေပုံပေါ်သည်။


ဝမ်ယွီက ကျိအန်းနဉ်၏ အချိန်နှင့် အလုပ်များကို ကောင်းစွာစီစဉ်ထားသောကြောင့် သူလည်း စိတ်ကောင်း၀င်နေသည်။


သူက သူမကို အလွန်ကောင်းသည့်စားသောက်ဆိုင်တစ်ဆိုင်ကို ခေါ်ဆောင်သွားသည်။


ကျိအန်းနဉ်က ချွေတာတတ်သော်လည်း သူမ၏ အသုံးစရိတ်အလေ့အထကြောင့် ၀မ်ယွီ၏ ငွေကြေးသုံးစွဲမှုကို အထွန့်မတက်ခဲ့ပေ။ ၀မ်ယွီက သူမကို ရိုမန်တစ်ဆန်ဆန်ချိန်းတွေ့ရန် စားသောက်ဆိုင်ကောင်းကောင်းကို ခေါ်သွားသည့်အခါ သူမ ကျေနပ်စွာ လက်ခံခဲ့သည်။


စားသောက်ဆိုင်တွင် သူမ၏အင်္ကျီကို ချွတ်လိုက်သောအခါ ဝမ်ယွီ၏ မျက်လုံးများကတောက်ပလာသည်။


"ဒါက ဝတ်စုံအသစ်လား..." 


သူက အပြုံးနှင့် မေးလာသည်။


ကျိအန်းနဉ် အနည်းငယ် ရှက်သွားသည်။ သူမက သဘာဝအတိုင်း လှပနေပြီး မည်သည့်အရာတွင်မဆို ကြည့်ကောင်းနေကာ ကောင်းကောင်းမွန်မွန်၀တ်စားဆင်ယင်ရန် ကြိုးစားခဲ့သည်။ ပုံမှန်အားဖြင့် သူမ၏အဝတ်အစားရွေးချယ်မှုများက ကြာရှည်ခံမှု၊ သက်တောင့်သက်သာရှိမှုနှင့် လက်တွေ့ကျမှုကို ဦးစားပေးသည်။


“ဒီနေ့ ဓါတ်ပုံရိုက်ကွင်းက အင်္ကျီပါ... နမူနာအင်္ကျီတွေဆိုရင် လျှော့စျေးရနိုင်တယ်ဆိုတာ ကျွန်မ သိသွားတယ်လေ..."


သူမ ယခင်က ၎င်းကို ဂရုမစိုက်ခဲ့သော်လည်း ယနေ့တွင် စတူဒီယို၏ လက်ထောက်မိန်းကလေးတစ်ယောက်က အထည်နှစ်ထည်ယူရန် စတိုးဆိုင်တစ်ဆိုင်တွင် စကားပြောဆိုသည်ကို ကြားလိုက်သောကြောင့် ၎င်းတို့ကို သက်သာသောစျေးနှုန်းဖြင့် ဝယ်နိုင်သည်ကို သူမအား သဘောပေါက်သွားစေခဲ့သည်။


ဝမ်ယွီနှင့် ညစာစားရန်ကို ရက်ပေါင်းများစွာတည်းက ကြိုတင်စီစဉ်ထားသည်။ ယနေ့ အပြင်ထွက်ရန် အဆင်သင့်ဖြစ်နေချိန်တွင် သူမ၏ကိုယ်ပိုင်အဝတ်အစားများထဲမှ သင့်တော်သည်ဟု ထင်သည့်၀တ်စုံကို ရွေး၀တ်ခဲ့ခြင်းဖြစ်သည်။


သို့သော်လည်း လက်ကားအဝတ်အထည်ဈေးကွက်မှ ဝယ်ယူခဲ့သော သို့မဟုတ် အထူးစျေးနှုန်းချိုသာသော အဝတ်အစားများက ယနေ့ဓာတ်ပုံရိုက်ရာတွင် အသုံးပြုသည့် နမူနာအဝတ်များနှင့် နှိုင်းယှဉ်၍မရပေ။


ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ကျိအန်းနဉ်က သူမ၏ ခြွေတာမှုကို ကျော်ဖြတ်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ ဝတ်စုံအသစ်ကို ကောက်ယူပြီး အလုပ်ပြီးသည်နှင့် အဝတ်လဲခန်းထဲသို့ အ၀တ်လဲရန် ပြေး၀င်သွားသည်။


သူမ၏ ပုံမှန်ပုံစံက ရိုးရှင်းပြီးကျိုးနွံကာ ကျောင်းသားနှင့်တူသော အသွင်အပြင်ဖြစ်သည်။ သူက အမြဲလှပနေသော်လည်း ယခုအခါတွင် အနည်းငယ် ဆန်းသစ်ထားသော ဆွဲဆောင်မှုတစ်ခုကြောင့် ပုံမှန်အားဖြင့် ဖုံးကွယ်ထားသော လျှို့ဝှက်ဆန်းကြယ်မှုကို ပေါ်လွင်စေသည်။


သို့သေည် ဝမ်ယွီကို ပျော်ရွှင်စေခဲ့သည့်အရာမှာ သူမကိုယ်သူမခြွေတာတတ်သူ ကျိအန်းနဉ်က သူတို့နှစ်ယောက်၏dateအတွက် ဝတ်စုံအသစ်ကို ပိုက်ဆံအကုန်ခံပြီး ဝတ်ဆင်ခဲ့ခြင်းကြောင့်ဖြစ်သည်။


အမျိုးသမီးတစ်ယောက်က သူတို့ကြိုက်နှစ်သက်သူ တစ်စုံတစ်ယောက် စိတ်ကျေနပ်ရန်အတွက် လှလှပပဖြစ်အောင် အားထုတ်ရလိမ့်မည်ဟု အားလုံးက ပြောကြသည်။


ထိုအခြေအနေတွင် သူကကျိအန်းနဉ်၏

 "တစ်စုံတစ်ယောက်" ဖြစ်သည်။


ဝမ်ယွီ ကျေနပ်အားရစွာပြုံးကာ ကျိအန်းနဉ်၏အလှကို ထိန်းမနိုင်သိမ်းမရ ချီးမွမ်းလိုက်သည်။


သာမာန်အားဖြင့် သူဤသို့ပြောသည့်အခါ ကျိအန်းနဉ်က ဘာသိဘာသာ သဘောထားရုံဖြစ်သည်။ သို့သော် ယနေ့တွင် သူမက ထူးထူးခြားခြား၀တ်ဆင်ထားပြီး မိတ်ကပ်ပညာရှင်က သိမ်မွေ့သောပုံစံဖြင့် ကူညီပြင်ဆင်ပေးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သောကြောင့်ဖြစ်နိုင်သည်။ သူမ ရုတ်တရက် သူ့စကားများကို ဂရုစိုက်မိလိုက်သည်။


သို့သော်လည်း ဝမ်ယွီက သူ၏ချဲ့ကားပြောဆိုမှုများကို ဘယ်သောအခါမှ ထိန်းသိမ်းမထားဘဲပြောလေ့ရှိ၍ ကျိအန်းနဉ်က သူ၏ ချီးကျူးစကားများကြောင့်ရှက်ရွံ့သွားခဲ့သည်။


နွေးထွေးသော စားသောက်ဆိုင်၏မီးရောင်အောက်တွင် သူမမျက်ဝန်းများက တောက်ပနေပြီး သူမ၏နှုတ်ခမ်းများသည်လည်း နူးညံ့ပြီး စွဲမက်ဖွယ်ကောင်းနေသည်။ ဝမ်ယွီ၏ အကြည့်များက ပို၍ နွေးထွေးလာသည်။


အရွယ်ရောက်ပြီးသည့် ယောကျာ်းသားတစ်ယောက်ဖြစ်သော ၀မ်ယွီက သူ့ဖုန်းကိုထုတ်ကာ ဆယ်လ်ဖီရိုက်ရန် တောင်းဆိုခဲ့သည်။ ကျိအန်းနဉ်က သူမ၏ ရယ်မောချင်စိတ်ကို ထိန်းပြီး သူ၏အနီးမှာထိုင်ကာ ဓာတ်ပုံပေါင်းများစွာ ရိုက်ခွင့်ပေးလိုက်သည်။


“ကိုယ်နည်းနည်းတော့ ကြွားရမှာပေါ့...”


ဝမ်ယွီက ရယ်ရယ်မောမောပြောပြီး သူ၏လူမှုကွန်ရက်ပေါ်တွင် တင်လိုက်သည်။


ကျိအန်းနဉ်က သူမဖုန်းကို ကောက်ကိုင်ပြီးကြည့်လိုက်သည်။ သူမကို အံ့အားသင့်သွားစေသည်မှာ သူက“ကျွန်တော့်ရဲ့ချစ်သူလေး”ဟု ကပ်ပရှင်တပ်ထားခြင်းကြောင့်ဖြစ်သည်။


သူက ဆိုရှယ်မီဒီယာပေါ်မှာတောင် ဒီလို ပရောပရီလုပ်နေတာလား...


ကျိအန်းနဉ်က သူမမျက်နှာကိုကွယ်ပြီး မရယ်မောဘဲမနေနိုင်တော့ချေ။


စားပွဲထိုးက ဟင်းပွဲများကို မဆိုင်းမတွယူလာသည်။


၀မ်ယွီက ဝိုင်အချို့ကိုလည်း မှာထားသည်။


“မင်း ဒါကို စမ်းကြည့်သင့်တယ်... ဒီဝိုင်က ဒီအသားနဲ့တွဲသောက်ရင် အကောင်းဆုံးအရသာရတယ်... ကိုယ်တော့ မသောက်တော့ဘူး ကားမောင်းရမှာမို့..."


ကျိအန်းနဉ်က သတိထားပြီး ဖန်ခွက်ကို မော့ပြီး ဝိုင်အနည်းငယ်သောက်သည်ကို မြင်သောအခါ ဝမ်ယွီက ပြုံးပြီး သူ့ဖန်ခွက်ကိုယူကာ သံပုရာရည်ကိုတစ်ငုံသောက်လိုက်သည်။ အခြားလက်တစ်ဖက်ဖြင့် မကြာသေးမီကတင်ထားသည့် ဆိုရှယ်မီဒီယာပို့စ်အတွက် တုံ့ပြန်မှုတစ်စုံတစ်ရာရှိမရှိကို သူ့ဖုန်းမှတစ်ဆင့် ပေါ့ပေါ့ပါးပါး လှည့်ကြည့်လိုက်သည်။


၀မ်ကောအန်း :  "ငါ့သားဒီနေ့ အောင်မြင်တဲ့ ပေါင်းစပ်မှုကိုလုပ်နိုင်ပါ့မလား"


"ဖူး "


၀မ်ယွီ: အဟွတ် အဟွတ် အဟွတ်...


“…” 


ကျိအန်းနဉ် မေးလိုက်သည်။


“အဆင်ပြေရဲ့လား...”


"ရတယ် ရတယ် နည်းနည်းသီးသွားရုံပါ..."


ဝမ်ယွီ လက်ကိုဝှေ့ယမ်းပြီး ချောင်းဆိုးရန် မျက်နှာကို အခြားတစ်ဖက်သို့ လှည့်လိုက်သည်။


သူက မလေးစားထိုက်သော လူအိုကြီး၏ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။


ဝမ်ကောအန်းက သူ့ဘဝ၏ပထမတစ်ဝက်တွင် ပျော်ပါးနေခဲ့ပြီး လူလတ်ပိုင်းအရွယ်မှာ ချောမောလှပသည့် မယားငယ်ငယ်လေးနှင့် လက်ထပ်ရန် အခြေချနေထိုင်ခဲ့သည့်အမျိုးသားတစ်ယောက်ဖြစ်သည်။


စာကြည့်မျက်မှန်တပ်ထားသည့်၀မ်ကောအန်းက သူ့ဖုန်း၏ မျက်နှာပြင်ကို ကြည့်နေသည်။ ကြည့်နေသည့်အရာမှာ သူ့သားကြီးဖြစ်သူက ရင်သပ်ရှုမောဖွယ်လှပသည့် မိန်းကလေးတစ်ဦးကို ပွေ့ဖက်နေသည့်ပုံ ဖြစ်သည်။


သူက သူ့သားအကြောင်း ကောင်းကောင်းသိသည်။ ဤကဲ့သို့ ပုံများကို ဆိုရှယ်မီဒီယာတွင် သူမည်သည့်အချိန်က နောက်ဆုံးမြင်ဖူးခဲ့သည်ကို မသိတော့ပေ။ ၎င်းက သူ ထိုမိန်းကလေးကို အလွန်ကြွေနေသည့် လက္ခဏာတစ်ခု ဖြစ်သည်မှာ သေချာသည်။


အဖိုးဖြစ်လာတော့မည့် အလားအလာကို တွေးတောရင်း သူကကြင်နာစွာ မပြုံးဘဲမနေနိုင််တော့ချေ။


ရုတ်တရက် စာကြည့်ခန်းတံခါးပွင့်လာပြီး ချန်းလျန်က တံခါးမခေါက်ဘဲ ဝင်လာသည်။


"ရှင့်ရဲ့သား ဒီနေ့လည်းအိမ်ပြန်မလာဘူးလား... သူက တဖြည်းဖြည်း ရိုင်းစိုင်းနေပြီ ရှင် သူနဲ့စကားပြောသင့်တယ်..."


သူမက အေးစက်စွာပြောသည်။


၀မ်ကောအန်းက မတုန်မလှုပ်ဘဲရှိနေပြီး သူ၏စာကြည့်မျက်မှန်ကိုဖယ်လိုက်ကာ တည်တည်ငြိမ်ငြိမ်နှင့်ပြန်ဖြေလိုက်သည်။


“လူငယ်တွေမှာ တက်ကြွတဲ့လူမှုဘဝတွေရှိတယ်လေ... သားက သူ့ကောင်မလေးနဲ့ ညစာစားနေတယ်..."


"ရည်းစားလား..." 


ချန်းလျန်က ရယ်မောလိုက်သည်။


" ဒါက ခဏတာပျော်ပါးတဲ့ လူစုလူဝေးနဲ့ ပိုတူတယ်..."


ချန်းလျန်က သူဌေးတစ်ဦးနှင့် ဆယ်နှစ်ကျော်ကြာလက်ထပ်ခဲ့ပြီးနောက် သူဌေးကတော်ဖြစ်လာပြီး သူမသည် သူမကိုယ်သူမထိုကဲ့သို့ လူစုလူဝေးတွင်ပါ၀င်နေကြောင်းကို စဉ်းစားမိခဲ့ပေ။


သူမက ဂုဏ်သိက္ခာရှိသော တက္ကသိုလ်တစ်ခုမှ ဘွဲ့ရရှိပြီး ချောမောလှပကာ ချမ်းသာသော မိသားစုမှ ဆင်းသက်လာပြီး ထိုအချိန်က ကျောင်းအတူတူတက်သည့် ချောမောသော ချစ်သူတစ်ဦးရှိခဲ့သည်။


သူမကို မင်းသမီးလေးလို သဘောထားပြီး ချမ်းသာကြွယ်ဝသည့်သူဌေးတစ်ယောက်က သူမကို အလွန်အကျွံ လိုက်ပိုးပန်းခဲ့သည်။


လူမှုရေးအဆင့်အတန်းများကို ဖြတ်ကျော်ရန် သွေးဆောင်မှုက အမှန်တကယ် စွဲမက်ဖွယ်ကောင်းသည်။


သူမ၏မိဘများက သူမအပေါ်တွင် သူတို့၏ပထမဆုံး ထိန်းချုပ်မှု ဆုံးရှုံးသွားပြီးနောက် သူမအား ပြင်းပြင်းထန်ထန် ဖျောင်းဖျခဲ့သည်။


သူမ တုံ့ဆိုင်းနေခဲ့သည်။ သူမချစ်သူက နိမ့်ကျသည့်နေရာမှလာခဲ့သော်လည်း ထူးချွန်ရုံသာမက ရုပ်ချောသည့်အပြင် နူးညံ့သိမ်မွေ့မှုကလည်း စွဲမက်ဖွယ်ကောင်းလှသည်။


မိဘစကားနားမထောင်ဘဲ မနေနိုင်ကြောင်း သူ့ချစ်သူကို သူမက မျက်ရည်လည်ရွှဲနှင့် ပြောပြသည့်အခါ ချောမောသည့်လူငယ်လေးက သူမမျက်ရည်များကို အနမ်းဖြင့်ဖယ်ရှားပြီး မျက်နှာကို ညင်သာစွာ ကိုင်လိုက်သည်။


"ကိုယ်နားလည်ပါတယ် ချန်းချန်း... မင်းက မင်းသမီးလေးတစ်ယောက်ဆိုတော့ ပိုကောင်းတဲ့ဘဝနဲ့ ထိုက်တန်ပါတယ်... ကိုယ်မင်းကို ဆွဲထားနိုင်မှာ မဟုတ်ဘူး..."


ထိုနေ့တွင် သူတို့ ပြင်းပြစွာ ချစ်ခဲ့ကြသည်။


ထိုအချိန်မှစ၍ ချန်းလျန်က သူ့ကို တစ်သက်တာ အကြွေးတင်နေသလို ခံစားခဲ့ရသည်။


သူမ သူ့ရှေ့မှ လူအိုကြီးကို လှမ်းကြည့်ရင်း စိတ်ထဲတွင် မငြိမ်မသက်ဖြစ်ပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ၏ သူမအပေါ် သြဇာလွှမ်းမိုးမှုကို တွေ့ရှိခဲ့ပြီး သူမက သူ့သား၏မိခင်ဖြစ်သောကြောင့် သူမကို အန္တရာယ်ပြုမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြောထားသော်လည်း သူ့သားကို အသိမပေးဘဲ သူမ၏အခွင့်ထူးများစွာကို ပြန်လည်ရယူခဲ့ပြီး သူမကို နေ့တိုင်းအဆင်မပြေဖြစ်စေခဲ့သည်။


ပို၍ပင် စိတ်ရှုပ်စရာကောင်းသည်မှာ သူက ပို၍ကြီးမားသောလျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိမည်ကို သူမစိုးရိမ်နေခြင်းပင်ဖြစ်သည်။ ဤသို့ဖြစ်ခဲ့ပါက သူမတွင် လွတ်မြောက်စရာလမ်း မရှိတော့မည်ဖြစ်သည့်အတွက် ညတိုင်းအိပ်ရေးပျက်နေခဲ့ရသည်။


" ရှင် သူနဲ့စကားပြောထားပါ..."


သူမ ဒေါသတကြီးပြောလိုက်သည်။


“ကြောင်တစ်ကောင်နဲ့တွေ့တဲ့ ကြွက်လိုမျိုး ကျွန်မကို ရှောင်နေပြီး တစ်မိနစ်လေးတောင်မှ ကျွန်မနဲ့မနေချင်ဘူး... ကျွန်မက သူ့အမေ မဟုတ်လို့လား..."


ထိုသို့ပြောပြီးသည်နှင့် သူမလှည့်ထွက်သွားသည်။


၀မ်ကောအန်းက သူ့စာကြည့်မျက်မှန်ကို ကိုင်ထားပြီး အေးစက်သောမျက်လုံးများက ခံစားချက်ကင်းမဲ့နေသည်။



###