အပိုင်း၆၆
Viewers 7k

🤚Chapter 66




ကျိအန်းနဉ်က သူမသင်ကြားပေးနေသည့် ကျောင်းသားများ၏ မိဘများကို ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုခဲ့သည်။ သူမက အားကိုးအားထားပြုနိုင်ပြီး နူးညံ့သည့် မိန်းကလေးတစ်ဦးဖြစ်သောကြောင့် မုန့်ရှင်းယွီကို အကြံပြုသောအခါတွင် ကျောင်းသားမိခင်များက ဝမ်းသာအားရ သဘောတူခဲ့သည်။


"ကောင်းပါပြီ မင်းအကြံပြုထားတဲ့သူကို ငါတို့ယုံပါတယ်... ပိတ်ရက်မှာ သူ့ကို တိုက်ရိုက်လာတွေ့ခိုင်းလိုက်လေ...” 


ကန်တင်းမှအလုပ်နှင့်ပတ်သက်ပြီး ဝမ်ယွီက သူမကို စိတ်မပူရန်နှင့် ထောက်ပံ့ပို့ဆောင်ရေးဒါရိုက်တာကို တိုက်ရိုက်အကြောင်းကြားပေးမည်ဟု ပြောသည်။


“ဝန်ပိတယ်လို့ ခံစားမနေပါနဲ့...နေရာတွေက ကန့်သတ်ထားပြီးသား... အဲဒါကို မင်းမယူတော့ရင် မင်းတခြားသူတွေကို အခွင့်အရေးပေးလို့ရတယ်..."


ကျိအန်းနဉ်သည်လည်း ဤဖြစ်စဉ်က အမှန်ပင်ဖြစ်ကြောင်း သဘောပေါက်သည်။ ထိုအခွင့်အရေးကို သူမ ရရှိခဲ့ရခြင်းမှာလည်း ဝမ်ယွီ၏ အဆက်အသွယ်များကြောင့် ဖြစ်သည်။


“မာကောက ဒီရာသီကုန်ပြီးလို့ ကျွန်မ ပုံမှန်ဖောက်သည်တွေရပြီဆိုတာနဲ့ လုပ်အားခတိုးပေးမယ်လို့ ပြောတယ်... Firewingမှာ အလုပ်လုပ်ရတာက တော်တော်လေး အဆင််ပြေတယ်...”


ကျိအန်းနဥ်က သူမစိတ်ထဲတွင်တွက်ချက်ပြီး ပျော်ပျော်ရွှင်ရွှင်နှင့်ပြောလိုက်သည်။


“ကျွန်မသာ ဒီအလုပ်ကို ဆက်ထိန်းထားနိုင်ရင် နောက်နှစ် စာသင်ဖို့ ပညာသင်ဆု လျှောက်ထားစရာမလိုတော့ဘူး...”


သူမ၏ ရွှင်မြူးသော ခံစားချက်က လျှံကျတော့မတတ်ပင်ဖြစ်နေသည်။။


၀မ်ယွီက သဘောတကျရယ်မောပြီး ပြောလိုက်သည်။


"ပညာသင်ဆုမရဘူးဆိုရင်တောင် ကုသိုလ်အခြေခံ ပညာသင်ဆုတော့ ရနိုင်တယ်မလား..."


ကျိအန်းနဉ် အသက်ပြင်းပြင်းရှူပြီး လက်သီးကို တင်းတင်းဆုပ်၍ပြောလိုက်သည်။ 


"ကျွန်မ ကြိုးစားကြည့်ပါ့မယ်..."


၀မ်ယွီ၏မျက်၀န်းများက သူ၏ရယ်မောမှုနှင့်အတူ ကွေးညွတ်သွားသည်။


ကျိအန်းနဉ်၏ဘ၀က တစ်လှမ်းခြင်း၊တစ်လှမ်းခြင်းအခြေကျလာပြီး ၀မ်ယွီမျှော်မှန်းထားသည့်အချိန်နှင့် မဝေးတော့ပေ။


ကျိအန်းနဉ်က ဆက်လက်ပြီးပျော်ရွှင်နေကာ သူမ၏စိတ်က သတင်းတစ်ခုမရရှိမီ ကြာသပတေးနေ့အထိအဆင်ပြေနေခဲ့သည်။


ဤဘဝတွင် သူမ၏အဖွားကို ကြိုတင်ကာ ဆေးစစ်ချက်များပြုလုပ်ခဲ့သော်လည်း သူမထင်ထားသည်ထက် အဖွား၏ရောဂါက ပိုပြင်းထန်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


ဆရာ၀န်၏ရှင်းပြချက်ကိုနားထောင်ပြီး ကျိအန်းနဉ်တုန်လှုပ်သွားသည်။


“အဲ့ဒါက ဘာလို့ပိုဆိုးသွားတာလဲ...”


“အဲဒါ မင်း အချိန်အကြာကြီး ကုသဖို့နှောင့်နှေးနေခဲ့လို့ပဲ...”


ဆရာ၀န်က သူမကိုတင်းတင်းမာမာကြည့်ပြီး အပြစ်တင်နေသည်။


“မင်းထပ်ပြီး နောက်ဆုတ်နေဦးမယ်ဆိုရင် ခွဲစိတ်ဖို့မလိုတော့ဘူး... traction(ခြေထောက်စသည့် အင်္ဂါအစိတ်အပိုင်းကို အလေးဖြင့် မျှဉ်းမျှဉ်းဆွဲခြင်းဖြင့်ကုသနည်း)နဲ့ စလိုက်ကြရအောင်... ပြီးတော့ လူနာဘယ်လိုသွားမလဲကြည့်ကြတာပေါ့...”


သို့သော် ဆရာ၀န်ပြောသည့်အရာက ကျိအန်းနဉ်သိချင်နေသည့်အရာမဟုတ်ပေ။


သူမအဖွားနှင့်အတူ ဆေးရုံမှ ထွက်လာသည့်အချိန်ထိ သူမစိတ်က ပရမ်းပတာအခြေအနေမှာပင် ရှိနေသေးသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်ဘ၀တွင် သူမအဖွား၏ ရောဂါက ဤအခြေအနေထိ မပြင်းထန်ခဲ့ကြောင်း သူမ သေချာသိနေခဲ့၍ဖြစ်သည်။


ဆရာဝန်၏ ရောဂါရှာဖွေခြင်းကလည်း သူမကို လှည့်စားမည်မဟုတ်ပေ။ ကျိအန်းနဉ်က သူမ၏အဖွားနှင့် ပတ်သက်သည့်အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျကိုင်တွယ်ဖြေရှင်းခဲ့ပြီး အဖွား၏ ဆေးကုသမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကိုပင် သူမ ကောင်းစွာသိရှိခဲ့သည်။ ယနေ့ သူမအဖွား၏ရောဂါအခြေအနေက နောက်ပိုင်းတွင် ဖြစ်လာမည်ထက် ပိုမိုပြင်းထန်နေသည်။


အိမ်ပြန်ရောက်ချိန်အထိ သူမစိတ်များ ဖရိုဖရဲ ဖြစ်နေသည်။


ကျောင်းချိန်ပြီးသောအခါ ဝမ်ယွီက သူမအဖွား၏ အခြေအနေကို မေးမြန်းရန် ဖုန်းဆက်လာသည်။


“tractionနဲ့ စကုပြီး ဘယ်လိုဆက်သွားမလဲဆိုတာ ကြည့်ကြည့်ကြမယ်တဲ့...ခွဲစိတ်ဖို့က မလိုသေးဘူး...”


ကျိအန်းနဉ် ပြောလိုက်သည်။


ဝမ်ယွီက သူမကို နှစ်သိမ့်စကားအနည်းငယ်ပြောလိုက်သည်။


သူမက စကားများများမပြောဘဲ ဖုန်းခေါ်ဆိုမှု မပြီးဆုံးမီအထိ ရိုးရှင်းသောစကားလေးများသာ ပြောခဲ့သည်။


သူမ၏ နှလုံးသားထဲတွင် ပူလောင်နေသော ခံစားချက်ကိုမည်သူနှင့်မျှ သူမ မမျှ၀ေနိုင်ပေ။ ထိုလူက ၀မ်ယွီဖြစ်နေလျှင်ပင် ထိုသို့မလုပ်နိုင်ပေ။


ဘာလို့လဲ...


ဒီဘဝမှာ အရာအားလုံးက ပိုကောင်းလာတာလေ... အဖွားရဲ့ အခြေအနေက ဘာလို့ ပိုဆိုးလာတာလဲ...


သူမအဖွား၏ကျောက်ကပ်က ယခင်ဘဝကထက်အခြေအနေ ပိုတိုးတက်လာစဥ်တည်းက ကျိအန်းနဉ်ကသိမ်မွေ့သည့် အကြောက်တရားကို ဖုံးကွယ်ထားခဲ့သည်။ယခုတစ်ကြိမ်တွင်မူ သူမ မိမိကိုယ်ကို မလှည့်စားနိုင်တော့ဘဲ သူမအဖွား၏ ခန္ဓာကိုယ်သည်လည်းအရင်ဘဝကထက် ပိုမိုမြန်ဆန်စွာ အိုမင်းရင့်ရော်နေပြီး ပျက်စီးယိုယွင်းလာနေသည်။


ဘာလို့ ဒီလိုဖြစ်ရတာလဲ... ငါ ပြန်လည်မွေးဖွားလာတာ ကြောင့်လား...


ဝမ်ယွီက ကျိအန်းနဉ်၏ စိတ်ထဲတွင် လေးလံနေမှုကိုလျင်မြန်စွာ သတိပြုမိသွားပြီး မေးလိုက်သည်။


" Traction နဲ့ကုဖို့က ဘယ်လိုလဲ..."


ကျိအန်းနဉ် ပြန်ဖြေလိုက်သည်။


"အဆင်ပြေပါတယ်..."


"ကိုယ်မင်းနဲ့အတူ လိုက်ခဲ့မယ်" 


ဝမ်ယွီက ထပ်မံတောင်းဆိုလိုက်သည်။


"မလိုတော့ပါဘူး ရပါတယ်...ဒါကရပ်ရွာဆေးရုံလေ... ပြီးတော့ လူတိုင်းက ဦးလေးတွေ အဒေါ်တွေလိုပါပဲ...သူတို့အားလုံးက တစ်ယောက်နဲ့တစ်ယောက် သိကြတော့ ရှင် သွားမယ်ဆိုရင် ရှင့်ကို ဝိုင်းပြီးမေးကြလိမ့်မယ် အတင်းအဖျင်းတွေလည်းပြောမှာ..."


၀မ်ယွီ သက်ပြင်းချပြီး ပြောလိုက်သည်။


"ကောင်းပါပြီ..."


သူ ကျိအန်းနဉ်ကို စူးစိုက်စိုက်ကြည့်နေသည်။


ကျိအန်းနဉ်သည် မော့ကြည့်လိုက်သည့်အခါ အနည်းငယ် ထိတ်လန့်သွားသည်။


"ဘာဖြစ်လို့လဲ..."


၀မ်ယွီ မေးလိုက်သည်။


"တစ်ခုခု အဆင်မပြေဘူးလား..."


ကျိအန်းနဉ်၏ မျက်ခုံးများကြားမှ ညှိုးငယ်သော ဝမ်းနည်းမှုကို ဝမ်ယွီ သတိပြုမိနေသည်။ သူမအဖွားကို ဆေးရုံခေါ်သွားပြီးနောက် ကြာသပတေးနေ့ကတည်းက ဤသို့ဖြစ်နေခဲ့ခြင်းပင်။


“စိတ်မပူပါနဲ့...” 


သူ့၏လက်မဖြင့် သူမမျက်ခုံး‌ေမွှးကို ပွတ်သပ်ပေးလိုက်သည်။


“ခွဲစိတ်ရရင်လည်း ကိစ္စကြီးကြီးမားမား မဖြစ်လောက်ပါဘူး... ဒီနေ့ခေတ် ခွဲစိတ်မှုတွေက အရင်ကလို ခန္ဓာကိုယ်ကို အရမ်းကြီးမခွဲစိတ််တော့ဘဲ နည်းနည်းပဲ ခွဲစိတ်ကြတာမျိုးပါ... ဆေးဘက်ဆိုင်ရာ နည်းပညာတွေလည်း တိုးတက်နေပြီဆိုတော့ ကုဖို့ခက်တဲ့ရောဂါဆိုတာမျိုး မရှိတော့ပါဘူး... အရမ်းကြီးစိတ်မပူပါနဲ့..."


သူမကို စိတ်ရင်းမှန်ဖြင့်နှစ်သိမ့်ရန် သူကြိုးစားလိုက်သည်။ ကျိအန်းနဉ်သည် သက်ပြင်းတစ်ချက်ချပြီး “ကောင်းပါပြီ” ဟု တိုးတိုးလေးပြောလာသည်။


သူမ ခဏ တိတ်တိတ်ဆိတ်ဆိတ်နေပြီးနောက် ရုတ်တရက်မေးလိုက်သည်။


“ရှင် အရင်ကပြောဖူးတဲ့ အဲ့ဒီဘုရားကျောင်းနဲ့ ပတ်သက်ပြီးတော့ အမွှေးတိုင်ထွန်းတာက တကယ်ထိရောက်တာလား...” 


၀မ်ယွီ သဘောကျစွာဖြင့် ရယ်လိုက်သည်။


“မင်း အခု ဘုရားနဲ့ ဗုဒ္ဓကို ယုံကြည်သွားတာလား..."


ကျိအန်းနဉ်က ဘာမှမပြောဘဲ ငြိမ်ကျသွားသည်။


ပြန်လည်မွေးဖွားခြင်းက သိပ္ပံနည်းကျရှင်းလင်းချက်ထက် ကျော်လွန်နေသည့်ဖြစ်စဉ်တစ်ခု ဖြစ်သည်။


ယခု သူမကို ပိုပို၍ပင် စိုးရိမ်လာမိစေသည့်အရာမှာ သူမ၏ပြန်လည်မွေးဖွားခြင်းအခြေအနေက သူမအဖွား၏ အသက်စွမ်းအားကို အဆက်မပြတ် ဆွဲငင်နေပုံရသည့် သိမ်မွေ့သော ခံစားမှုဖြစ်သည်။


၎င်းကို ရှင်းပြရန် ဤအရာက တစ်ခုတည်းသောနည်းလမ်းဖြစ်ပုံရသည်။


သဘာဝ၏မျှတမှု၏နိယာမတွင် - ဆုံးရှုံးမှုတိုင်းအတွက် ပြန်လည်ရရှိခြင်းတစ်မျိုး ရှိသည်။ 


မှေးမှိန်သွားရမယ့် ဘဝတစ်ခုကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးခဲ့တယ်... ဒါဆို ဒီပိုနေတဲ့ အသက်စွမ်းအားက ဘယ်ကလာတာလဲ...


သဘာဝအားဖြင့်၊ မျှခြေကို ထိန်းသိမ်းရန် အခြားတစ်နေရာမှ ထုတ်ယူရန် လိုအပ်သည်။


စကြဝဠာ၏ စုစုပေါင်းစွမ်းအင်က တည်မြဲနေရမည်ဖြစ်သည်။


၀မ်ယွီက ကျိအန်းနဉ်ကို နန်ကျောင်းဘုရားကျောင်းသို့ ခေါ်သွားရန် အလွန်သွေးဆောင်ခဲ့သည်။ နန်ကျောင်းဘုရားကျောင်းက အနည်းငယ်ဝေးသောကြောင့် သူတို့ တစ်ရက်အတွင်း ပြန်၍မရဘဲ တစ်ညအိပ်နေရမည်ဖြစ်သည်။


သူ့ရည်ရွယ်ချက်များက အတော်ပင် သိသာနေသည်။


သို့သော်လည်း ကျိအန်းနဉ်မသွားနိုင်သည်မှာ အတိအကျပင်ဖြစ်သည်။ နန်ကျောင်းဘုရားကျောင်းသို့ သွားခြင်းက သူမနှင့် ရေစက်မပါသည့်အရာဖြစ်သည်။


ထို့အပြင် အဖွားက သူမနှင့်အတူရှိနေသရွေ့ သူမ အဖွား၏အနားမှာသာ နေမည်ဖြစ်သည်။ အခြားသူများကဲ့သို့ ဂရုမစိုက်ဘဲ ခရီးသွားခြင်းနှင့် လက်ငင်း ခရီးထွက်ခြင်းတို့ကို လွတ်လပ်ပေါ့ပါးစွာ မပြုလုပ်နိုင်ပေ။


ဤကိစ္စက ငယ်ရွယ်သည့်သခင်လေး၀မ်ကို အလွန်စိတ်ဆိုးသွားစေသည့် ကိစ္စဖြစ်သွားသည်။


ဤအရာသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူဖြေရှင်းရမည့်အရာဖြစ်သည်။ ဝမ်ယွီက သူ့စိတ်ထဲတွင် တိတ်တဆိတ်ပြောလိုက်သည်။


ဒီဇင်ဘာသည် ဆောင်းရာသီ၏အစဖြစ်သော ပထမဆုံးနှင်းကျခြင်းကို ယူဆောင်လာခဲ့သည်။


ကျိအန်းနဉ်က နွေးနွေးထွေးထွေးရှိစေရန် အကျီအထူကို ၀တ်ဆင်ထားနေပြီးပြီဖြစ်သည်။ အတန်းပြီးသွားချိန်၌ လူတိုင်းက လည်ပင်းများကို မာဖလာဖြင့်ပတ်ပြီး ကန်တင်းဘက်ကို ဦးတည်ထွက်သွားကြသည်။


ကန်တင်းဆိုင်အပြင်ဘက် နေရာလွတ်တွင် ဆိုင်အချို့ကို ခင်းကျင်းထားပြီး ပွဲအမျိုးအစားအချို့အတွက် လက်ကမ်းကြော်ငြာများ ဝေငှထားသည်။


"ဟေ့ ခဏစောင့်ဦး ငါသွားကြည့်ဦးမယ်..."

 ပိုင်လုက အဖွဲ့မှ ထွက်ခွာပြီး အမြန်ကျော်သွားခဲ့သည်။


"အေးနေတယ် မြန်မြန်လုပ်...ဒါမှမဟုတ်ရင်လည်း ငါတို့အရင်ဝင်နှင့်မယ်..."


မုန့်ရှင်းယွီ အော်ပြောလိုက်သည်။


အော်ပြောပြီးနောက် သူမ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ရုတ်တရက်အံ့သြသွားသည်။


"ယွီရှား..."


ကျိအန်းနဉ်က အအေးဒဏ်ကိုအံတုရန်အတွက် လည်ပင်းကိုကျုံ့ပြီး လမ်းလျှောက်လာသည်။ “ယွီရှား”ဟူသော အမည်ကို ကြားလိုက်ရသည့်အခါ သူမနားထဲတွင် ပေါက်ကွဲသွားသလိုဖြစ်သွားပြီး ရုတ်တရက် ခေါင်းမော့ကြည့်လိုက်မိသွားသည်။


ပရိုမိုးရှင်းဆိုင်ဘက်မှ ခပ်သေးသေးမိန်းကလေးတစ်ဦးက သူမနာမည်ကိုခေါ်သံကြား၍ ခေါင်းလှည့်ကာပြုံးပြလာသည်။ 


"ရှင်းယွီပါလား..."


လက်ကမ်းစာစောင်ကို ပုံးထဲသို့ ပေါ့ပေါ့ပါးပါး ခေါက်ထည့်ပြီး သူမနှင့်တွေ့ဆုံရန် ရှေ့တစ်လှမ်းတိုးလာသော မုန့်ရှင်းယွီဆီသို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။


ထိုအချိန်တွင် ကျိအန်းနဉ်၏ ခြေလှမ်းများက နောက်ကျကျန်ရစ်နေခဲ့ပြီး သူတို့အချင်းချင်း စကားဖလှယ်ပြီးသည်အထိဖြစ်သည်။


ယွီရှားနှင့် စကားအနည်းငယ်ပြော၍ လှည့်ကြည့်လိုက်သောအခါ ကျိအန်းနဉ်က နောက်ကျကျန်နေခဲ့သည်ကို မုန့်ရှင်းယွီ သတိပြုမိသွားသည်။


“အန်းနဉ်...” 


သူမက ကျိအန်းနဉ်ကိုလှမ်းခေါ်ပြီး မိတ်ဆက််ပေးလိုက်သည်။


“ဒါက ငါ့နဲ့တစ်နယ်တည်းသားချင်း ယွီရှားတဲ့... ယွီရှား ဒါကကျိအန်းနဥ်..."


"ဟဲလို ရှင်းယွီက  နင့်အကြောင်းကို ခဏခဏပြောတာ ငါကြားဖူးတယ်..." 


ယွီရှားက ဖော်ရွေသည့်အပြုံးနှင့်နှုတ်ဆက်လာပြီး သူမကလုံးဝအန္တရာယ်ကင်းသည့်ပုံပေါက်နေသည်။


သူမက သေးသွယ်ပြီး အံ့မခန်းစရာကောင်းအောင်လှသည်ဟု မယူဆနိုင်သော်လည်း ဝတ်တတ်စားတတ်ပုံပေါ်သည်။   ဆေးဆိုးထားသောဆံပင်၊ မိတ်ကပ်နှင့် ဖက်ရှင်အဝတ်အစားများကြောင့် သူမ၏သာမန်အသွင်အပြင်ကို အဆင့်အတန်းအနည်းငယ်ရှိပုံ ပေါ်စေသည်။


သို့သော်လည်း သူမက ကျိအန်းနဉ် သို့မဟုတ် စွန်းယာရှန့် ကဲ့သို့ ရုပ်ရည်တွင် အထူးလှပသူမဟုတ်ပေ။ ဝတ်စားဆင်ယင်ပြီးသည့်အခါ ချစ်စရာကောင်းသည့်လမ်းကြောင်းပေါ်ကိုရောက်သွားရုံသာ။ သူမပုံစံက ဘေးအိမ်က ချဉ်းကပ်ရခက်သည့် မိန်းကလေးတစ်ယောက်ပုံစံနှင့်တူနေသည်။


မည်သို့ပင်ဖြစ်စေ သူမက အဖော်ကျောင်းသူတစ်ယောက်ကို ဆေးခတ်၍ မီးတွင်းထဲတွန်းချမည့်သူဟု ထင်ရက်စရာကိုမရှိချေ။


"ဟယ်လို..." 


ကျိအန်းနဉ်က ခပ်လှမ်းလှမ်းလျှောက်သွားပြီး ဘာမှမထူးခြားသလိုပင် ခေါင်းညိတ်လိုက်သည်။


ယွီရှားအပေါ် သူမ၏ဆက်ဆံပုံက အခြားသူများကို ဆက်ဆံပုံနှင့်ယှဉ်လျှင် အနည်းငယ် အေးစက်နေပုံရသည်။ မုန့်ရှင်းယွီက အေးခဲနေသည့်ရာသီဥတုကြောင့် ဖြစ်နိုင်သည်ဟုတွေးမိသွားပြီး ဂရုမစိုက်ဘဲ ရိုးရိုးသားပြောလိုက်သည်။ 


"အေးနေပြီ မြန်မြန်သွားစားရအောင်... ပိုင်လု ပိုင်လု မြန်မြန်လုပ်..."


ပိုင်လုက လက်တစ်ဆုပ်စာ လက်ကမ်းစာစောင်များနှင့်အတူပြေးလာပြီးနောက် အားလုံးကထမင်းစားရန် ကန်တင်းထဲသို့ အတူတူ၀င်သွားလိုက်ကြသည်။ ပိုင်လု နှင့် ကျိအန်းနဉ်တို့က ချန်းဟောင်နှင့် ၀မ်ယွီတို့ကို အတူတူရှာရန် ထွက်သွားခဲ့ကြပြီး မုန့်ရှင်းယွီက သူမ၏ သူငယ်ချင်းဟောင်းနှင့် လိုက်လာခဲ့သည်။


နေ့လယ်စာစားချိန်တွင် ယွီရှားကပြောသည်။


 "နင့်ရဲ့အတန်းဖော်က နည်းနည်းမာနကြီးတဲ့ပုံပဲနော်..."


" အဲ့ဒီလိုမဟုတ်ပါဘူး..." 


မုန့်ရှင်းယွီက အနည်းငယ်အံ့သြသွား၍ ခဏစဉ်းစားပြီးမှ သူမပြောသည်။


“ငါလည်း ကျောင်းစတက်တုန်းကတော့ သူက နည်းနည်း မာနကြီးပုံပေါက်တယ်လို့ ထင်ခဲ့ဖူးတယ်... ဒါပေမယ့် သူ့ကို သိလာပြီးတဲ့နောက်ပိုင်းမှ သူက တော်တော်လေးကို နူးညံ့သိမ်မွေ့တာကို သိခဲ့ရတာ... ပြီးတော့ သူက လွတ်လွတ်လပ်လပ်နေတတ်တယ်..."


ယွီရှားက ရှင်းယွီထံမှ ကျိအန်းနဉ်၏ အကြောင်းကို အကြိမ်များစွာကြားခဲ့ရဖူးသည်။ ကျိအန်းနဉ်၏အကြောင်းကိုပြောပြီးတိုင်း ရှင်းယွီက သူမကို အမြဲချီးမွမ်းသည်။


ကျိအန်းနဉ်က မုန့်ရှင်းယွီကို သူမ၏ ဖြောင့်မတ်တည်ကြည်မှု၊ ရိုးသားမှုနှင့် ကြင်နာတတ်သော သဘောသဘာဝကြောင့် သဘောကျသည်။ အလားတူပင် မုန့်ရှင်းယွီသည်လည်း ကျိအန်းနဉ်၏ လွတ်လပ်မှု၊ စိတ်ပိုင်းဖြတ်မှု၊ ကိုယ်ပိုင်စိတ်ကူးများ၊ ခံနိုင်ရည်ရှိမှုနှင့် ပြင်ပတွန်းအားများရှိသော်လည်း မလှုပ်မယှက်နေနိုင်ခြင်းအတွက် သဘောကျသည်။ ယွီရှားနှင့် စကားစမြည်ပြောသည့်အခါတိုင်း သူတို့က သဘာဝအတိုင်း ချီးမွမ်းခြင်းများသာ ရှိခဲ့သည်။


ယွီရှား၏စိတ်ထဲတွင် ၎င်းတို့အားလုံးက အပြုသဘောဆောင်လွန်းသည့် မှတ်ချက်များဟုသာ သူမထင်မှတ်နေခဲ့သည်။


သူမ မေးလိုက်သည်။


“အခု သူ့ရဲ့ မော်ဒယ်အလုပ်ကနေ ဝင်ငွေဘယ်လောက်ရလဲ...”


“တော်တော်များတယ်...” 


မုန့်ရှင်းယွီက မနာလိုသည့်လေသံဖြင့် ပြန်ပြောသည်။


“သူ့လစာက တော်တော်ကောင်းတယ် အဲဒါကြောင့် တခြားအလုပ်တွေအားလုံးကို ထွက်လိုက်ပြီး ကျူရှင်လည်းမသင်တော့ဘဲ ဖက်ရှင်မော်ဒယ်လုပ်ဖို့ပဲ အာရုံစိုက်နေတာလေ... ဓာတ်ပုံစတူဒီယိုနဲ့ စာချုပ်ချုပ်ထားတယ်လို့တောင် ကြားလိုက်ရသေးတယ်... စတူဒီယိုက သူ့အတွက် အလုပ်တွေ စီစဉ်ပေးနေတာဆိုတော့ သူ့ဝင်ငွေကိုတော့အာမခံနိုင်တယ်...”


ယွီရှားက သူမ၏အားကျနေမှုကို မျက်လုံးများတွင် မဖုံးကွယ်ထားနိုင်ပေ။


"ဟေး ငါ့ကိုရောအလုပ်ပေးနိုင်မလားလို့ မေးပေးလို့ရမလား..."


ယွီရှားက အခွင့်အရေးကို တက်ကြွစွာအမိဖမ်းလိုက်သည်။


"အင်း... သာမာန်လူတွေကလုပ်နိုင်ပါ့မလား..." 


မုန့်ရှင်းယွီက ခဏတုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။


"ဒါပေမယ့် သူတို့က အရပ်အမောင်း သတ်မှတ်ချက်တွေက သိပ်မတင်းကျပ်ဘူး...ဟုတ်တယ်မလား..." 

ယွီရှားသည် ငွေရှာရန် အလွန်စိတ်အားထက်သန်နေ၍ အသနားခံပြောလိုက်သည်။ 

"သူ့ကို ငါ့အတွက်တောင်းဆိုပေးလို့ ရမလား..."


မုန့်ရှင်းယွီက အမှန်တကယ်ပင်ငြင်းဆန်၍ မရတော့ဘဲ သဘောတူလိုက်ရသည်။

“ကောင်းပြီလေ…”


ဤမေးခွန်းအတွက် ကူညီပေးခြင်းသည် ကြီးကြီးမားမားကိစ္စမဟုတ်ပေ။ မုန့်ရှင်းယွီက စာသင်ပြသည့်အလုပ်များရှာဖွေခြင်းနှင့် ပတ်သက်၍ ကျိအန်းနဉ်နှင့် အတွေ့အကြုံများကို ဖလှယ်ခဲ့ဖူးပြီး ကျိအန်းနဉ်ကပင် သူမ၏ဖောက်သည်အချို့ကို သူမအား ညွှန်း‌ပေးခဲ့သေးသည်။


မုန့်ရှင်းယွီက မော်ဒယ်တစ်ယောက်ဖြစ်ခြင်းကို သေသေချာချာ တွေးကြည့်မိသည်။ ယွီရှားက ၎င်းကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။


သို့သော်လည်း သူမကို တိုက်ရိုက်ကြီး စိတ်ဓာတ်မကျသွားစေချင်ပေ။


ထိုအချိန်တွင် ပိုင်လုနှင့်ကျိအန်းနဉ်တို့လည်း ထမင်းစားနေကြသည်။


"ဘာကြည့်နေတာလဲ..." 


ချန်းဟောင်ကမေးလိုက်သည်။


"အိုး အဲဒါက အကြွေးဝယ်ကတ်ရဖို့လို့ ထင်ခဲ့တာ..." 


ပိုင်လုက လက်ကမ်းစာစောင်ကို စားပွဲပေါ်ပစ်ချလိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။


“အကြွေးဝယ်ကတ်တွေအကြောင်း မဟုတ်ဘူးလား... ချေးငွေနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ တွေ့လိုက်တယ်ထင်တာပဲ...”


ချန်းဟောင်က လက်ကမ်းစာစောင်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်သည်။


“ဒါက ချေးငွေနဲ့ ပတ်သက်ပေမယ့် အကြွေးဝယ်ကတ်တွေ မဟုတ်ဘူး... အဲဒါက အထူးပြုကျောင်းသားများချေးငွေလေ... ဟင်း ငါကပိုမြင့်တဲ့ ခရက်ဒစ်ကန့်သတ်ချက်ရှိတဲ့ ခရက်ဒစ်ကတ်ကို ရချင်ခဲ့တာ...ကျောင်းသားခရက်ဒစ်ကတ်ကို ဘာအတွက်သုံးမှာလဲ...” 


ပိုင်လုက ညည်းညူလိုက်သည်။


၀မ်ယွီသည်လည်း လက်ကမ်းကြော်ငြာကို တစ်ချက်ကြည့်လိုက်ရာ “LoanX Treasure”၊ “StudentX Loan” နှင့် “Top SchoolX” ကဲ့သို့သော စကားလုံးများကို တွေ့လိုက်ရသည်။


"ဟေး...ဒါက တော်တော်ကောင်းတဲ့ပုံပဲ...” 


 ချန်းဟောင်က အနီးကပ်စစ်ဆေးလိုက်သည်။


 “ချေးငွေအဆင့်က တော်တော်နည်းတယ်...သူတို့အားလုံး ပမာဏနည်းတော့ ကျောင်းသား‌တွေအတွက် သင့်တော်တယ်...”


၀မ်ယွီက ဒုတိယအကြိမ်တစ်ချက်ကြည့်လိုက်ပြီး မှတ်ချက်ပေးသည်။


 “အကြွေးကန့်သတ်ချက်က နည်းပေမယ့် အတိုးနှုန်းက မနည်းဘူး...” 


သူ ဤအကြောင်းအရာကို စိတ်မဝင်စားဘဲ ပေါ့ပေါ့ပါးပါးဖြင့်သာ သူ၏မှတ်ချက်ပြုမှုကို အပြီးသတ်ခဲ့သည်။ထို့နောက် သူလှည့်ကြည့်လိုက်သောအခါ ကျိအန်းနဥ်က တိကျသေချာသော ဦးတည်ရာတစ်ခုဆီသို့ လှမ်းကြည့်နေသည်ကို သတိပြုမိလိုက်၍ သူမေးလိုက်သည်။


"မင်းဘယ်သူ့ကို ကြည့်နေတာလဲ..."


သူ လိုက်ကြည့်သော်လည်း အထူးတလည် ထူးထူးခြားခြား မည်သူမျှ မတွေ့ပေ။


"ရှင်းယွီက ဟိုမှာရှိနေတယ် သူ့နယ်ကလူနဲ့..."


ကျိအန်းနဉ် ပြောလိုက်သည်။


ဝမ်ယွီက “အိုး” ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေပြီး ပိတ်ရက်တွင် အလုပ်မည်သို့စီစဉ်ထားကြောင်း မေးလိုက်သည်။ သူက ညစာစားပြီး တစ်နေရာရာတွင် သူမနှင့်ချိန်းတွေ့ချင်နေသည်။


ပိုင်လုက ၎င်းကိုကြား၍ ရွှတ်နောက်နောက်နှင့်မျက်ခုံးပင့်လိုက်ပြီး သူ့ချစ်သူကို တစ်ချက်ကြည့်လိုက်သည်။ ချန်းဟောင်က ၀မ်ယွီပြောသည်ကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုထားသည်။


ပိုင်လု အနည်းငယ် မနာလိုသော်လည်း ၀မ်ယွီက ကျိအန်းနဉ်ကို အထူးတလည် ခေါ်သွားသည့် နေရာတိုင်းသည် အဆင့်မြင့်ပြီး ဈေးကြီးမည်ကို သိသည်။ ချန်းဟောင်တတ်နိုင်သည့်နေရာကလည်း သူမကို စိတ်ပျက်လက်ပျက်ဖြစ်သွားစေမယ့် နေရာမဟုတ်ပေ။


ယခုအချိန်တွင် စားပွဲပေါ်၌ ပေါ့ပေါ့ပါးပါးတင်ထားသော လက်ကမ်းစာစောင်များက ချေးငွေများ ကျောင်းထဲသို့ တိတ်တဆိတ် ဝင်ရောက်လာကြောင်း အရိပ်အယောင်ပင် မသိကြသေးပေ။ နောက်နှစ် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင်၊ ရွေးချယ်စရာအမျိုးမျိုးရှိနိုင်သည့် အခြေအနေတစ်ခုကို တင်ပြခြင်းဖြင့် ပေါက်ကွဲကြီးထွားမှုကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ သို့သော်လည်း ၂၀၁၆ ခုနှစ်တွင် ဆိုရှယ်မီဒီယာချေးငွေထုတ်ချေးခြင်းနှင့် ပတ်သက်သည့် အဖြစ်အပျက်များစွာကြောင့် ၎င်းတို့သည် လှည့်စားမှုများ၏ဖရိုဖရဲဖြစ်နေသောအခြေအနေကို ဖော်ထုတ်ရန် အပြင်းအထန်ဆွေးနွေးမှုဖြစ်လာခဲ့သည်။ ၎င်းတို့ကို အစိုးရမှ လျင်မြန်စွာ ထိန်းချုပ်ခြင်းခံခဲ့ရပြီး ၎င်းတို့၏ ဆုတ်ယုတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။


ကျိအန်းနဉ်ကညစားပွဲပေါ်ရှိ လက်ကမ်းစာစောင်များကို ဂရုမစိုက်ပေ သူမ၏ နက်မှောင်သော မျက်လုံးများက အကွာအဝေးတစ်ခုကို စကင်န်ဖတ်ရန် ရံဖန်ရံခါမော့ကြည့်နေသည်။


ယွီရှားနှင့် မုန့်ရှင်းယွီတို့ ရယ်မောစကားပြောနေသည်ကို သူမ မြင်လိုက်ရသည်။


ယွီရှားက နူးညံ့သိမ်မွေ့ပြီး တိတ်တိတ်ဆိတ်ဆိတ်နှင့် ချစ်စရာကောင်းပုံရကာ လူအများက သူမထံ ချဉ်းကပ်လာချိန်တွင်သက်တောင့်သက်သာဖြစ်စေသည်။



###