အပိုင်း၆၅
Viewers 7k

🤚Chapter 65



ဝမ်ယွီက စွန်းယာရှန့်ကို အဘယ်ကြောင့် ပစ်မှတ်ထားနေကြောင်း ကျိအန်းနဉ် နားမလည်ပေ။ သူတို့၏ယခင်ဘဝတွင်ပင် ၀မ်ယွီက သူမအား ဤကဲ့သို့ ကြိုးကိုင်စီမံထားခြင်း မရှိခဲ့ပေ။ ဤဘဝတွင် သူက ဆက်လက်ပြီးတိတ်ဆိတ်မနေတော့ပေ။ ထို့အပြင် စွန်းယာရှန့်ကလည်း သူမကို မည်သို့မှ ဒုက္ခမပေးနိုင်ချေ။


ဝမ်ယွီ ရှင့်ရဲ့ ရည်ရွယ်ချက်ကဘာလဲ...


သူမ သူ၏အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။


"ဝမ်ယွီ ရှင် အဲ့ဒီလိုလုပ်လို့မဖြစ်ဘူး..."


"ကိုယ် ဘာလုပ်နေလို့လဲ..."


ဝမ်ယွီက အနည်းငယ် ပြုံးလိုက်သည်။


"ကိုယ် သူ့ကို ဆွဲဆောင်ခဲ့တာလား ဒါမှမဟုတ် ကိုယ်က သူ့ကို တွန်းအားပေးခဲ့လို့လား... ကိုယ်က သူ့ကို ရိုးရိုးရှင်းရှင်းအခွင့်အရေးလေးတစ်ခု ပေးခဲ့ရုံပါပဲ..."


သူ၏တရားဝင်ချစ်သူ ကျိအန်းနဉ်ကို သူနှင့် အပြင်ထွက်ရန်အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း  သူမက အကြိမ်တိုင်းငြင်းပယ်ခဲ့ပြီး သူနှင့် မည်သည့်အခါမှ မသွားဖြစ်ခဲ့ပေ။ သို့သော် သူ စကားအနည်းငယ်ပြောရုံဖြင့် စွန်းယာရှန့်က ကောင်းကောင်းမွန်မွန်ဝတ်စားကာ သူ့ကားထဲသို့ ၀င်လာသည်။


သူ့အမှားလား...


သူက ရုပ်ချောလို့လား...


သူ့မှာ ပိုက်ဆံရှိလို့လား...


သူက ကားအကောင်းစားကိုမောင်းလို့လား...


“ကိုယ့်ရဲ့သူငယ်ချင်းတွေက မင်းထင်ထားသလောက် မနိမ့်ကျကြပါဘူး... လူတိုင်းမှာ သူတို့ကန့်သတ်ချက်နဲ့သူတို့ ရှိပါတယ်... ပြီးတော့ သေချာတာတစ်ခုက သူတို့ကတရားမ၀င်တာတွေ မလုပ်ဘူး... ဒါက စိတ်ခံစားမှုနဲ့ ကစားတာမျိုး မဟုတ်ပါဘူး... နှစ်ဦးနှစ်ဖက် သဘောတူညီမှုတစ်ခုပဲ... စွန်းယာရှန့်က တစ်ခုခုတုံ့ဆိုင်းနေတာကို မင်းမြင်လို့လား... သူကဆွဲဆောင်မှုရှိပြီး ကျောင်းမှာ အာရုံစိုက်မှု ကင်းမဲ့နေတာမဟုတ်ဘူးလေ ဟုတ်တယ်မလား... သူက ကန်တင်းမှာ မစားချင်ပေမယ့် Michelin ကြယ်ပွင့်စားသောက်ဆိုင်တွေမှာ စားသောက်ချင်နေတယ်... သူ့ကို မင်းထိန်းချုပ်နိုင်လို့လား... ကိုယ်တို့က အခုဆိုရင် အရွယ်ရောက်ပြီးပါပြီ... လူတိုင်းက သူတို့ရဲ့ရွေးချယ်မှုကို သူတို့ကိုယ်တိုင်လုပ်ကြတာပဲ...”


"မဟုတ်ဘူး ရှင် ပြောသလိုမဟုတ်ဘူး ဝမ်ယွီ... ကျွန်မတို့အားလုံး အရွယ်ရောက်ပြီးပြီဆိုတာ သိပါတယ်...  ဒါပေမယ့် ကျွန်မတို့က လူသစ်တွေပဲလေ... ကျွန်မတို့ လောကကြီးကို အများကြီး မမြင်ဖူးဘူး... ထူးထူးခြားခြား စုံစမ်းနှောင့်ယှက်မှုတွေကို မကြုံဖူးဘူး... သူ့မှာ ရည်ရွယ်ချက်နဲ့ အကြံအစည်တွေ ရှိကောင်းရှိနိုင်တယ်... တကယ်လို့ ရှင်သာ သူ့ကို အခွင့်အရေးတွေ မပေးရင် ဒါမှမဟုတ် အခြေအနေတွေ ဖန်တီးမပေးလိုက်ဘူးဆိုရင် သူက ရှင့်ရဲ့ကမ္ဘာထဲကို ဘယ်တော့မှ ခြေမချဘဲ သူ့ဘ၀ကိုသူ နှိမ့်ချပြီး နေသွားနိုင်ပါတယ်..."


"အဲ့ဒါတော့ သူက မင်းနဲ့မတူဘူး သူကနိမ့်ကျတဲ့ဘဝကို မလိုချင်ဘူး..." 


ဝမ်ယွီ မျက်ဆံလှန်လိုက်ပြီး ခေါင်းငုံ့ကာ သူမနဖူးကို အမြန်နမ်းလိုက်သည်။


"အချစ်လေးရာ မင်းက စိတ်ကောင်းရှိတယ် အဲ့ဒါကကောင်းတယ်ဆိုပေမယ့် သူတော်စင် မဖြစ်ပါစေနဲ့... ကိုယ် စိတ်မထိန်းနိုင်ဘဲဖြစ်သွားမယ်..."


"ကျွန်မက သူတော်စင်မဟုတ်ပါဘူး..."


 ကျိအန်းနဉ် ပြောလိုက်သည်။


သူမ၏အသံက တုန်နေသော်လည်း သူမ၏အတွေးများကို သူနှင့် မျှဝေနေဆဲဖြစ်သည်။


“ကျွန်မ လူဆိုးတွေနဲ့ ကြုံဖူးတယ် အခုချိန်ထိ အဲ့ဒီအကြောင်း တွေးကြည့်ရုံနဲ့တင် ကြောက်နေတယ်..."


“လူဆိုးတွေက တကယ်ကြောက်စရာကောင်းတယ်...”


"ဒါကြောင့်မို့လို့ ဝမ်ယွီ ရှင်က လူဆိုးတစ်ယောက်အဖြစ်ပြောင်းလဲမသွားဘူးလို့ ကျွန်မ မျှော်လင့်ပါတယ်..."


ဒီနေ့တွင် ကျိအန်းနဉ်က စွန်းယာရှန့်၏ချစ်သူနှင့် ယွီရှားပြန်လာသည်ဟူသော သတင်းများကို ကြားခံခဲ့ရ၍ သူမ၏ စိတ်ခံစားမှုများ ကမောက်ကမ ဖြစ်သွားခဲ့သည်။


သူမ စွန်းယာရှန့်ကို မနှစ်သက်သည်မှာ သေချာသည်။သူမ ယွီရှားကို နာကြည်းသည်။ သို့သော် ယွီရှား သူတို့ကျောင်းကို ပြန်လာသည်ဟူသည့် သတင်းထွက်လာသောအခါ ပြဿနာများက နောက်မှကပ်ပါလာသည်။


ယခင်ဘဝကကဲ့သို့ပင် စွန်းယာရှန့်က ၀မ်ယွီ၏သူမအပေါ် ချစ်ခြင်းမေတ္တာကို မနာလိုဖြစ်ပြီး သူမကိုနှုတ်ဖြင့်ပြင်းပြင်းထန်ထန် အသရေဖျက်ရန် ကြိုးစားခဲ့သည်။


အမှန်တွင် စွန်းယာရှန့်က သူမ၏ မလိုလားအပ်သော  ရည်ရွယ်ချက်များကို ထောက်ခံရန် သတ္တိရှိနေခဲ့သည်။ သို့သော် ကျိအန်းနဉ်ကို ယွီရှား လုပ်ခဲ့သည့်အရာကို ပြုလုပ်ရန် သူမအား အခွင့်အရေးပေးမည်ဆိုလျှင် ကျိအန်းနဉ်၌  စစ်မှန်သည့် သေချာမှုတစ်ခုရှိသည်။ သူမ မလုပ်၀ံ့ပေ။


စွန်းယာရှန့်တွင် အမှန်တကယ်ပင် ထိုကဲ့သို့သော သတ္တိမျိုးမရှိပေ။


သို့သော် စွန်းယာရှန့်က ယခင်ဘဝက သူမလုပ်ခဲ့သော လုပ်ရပ်များ၊ သူမကြုံတွေ့ခဲ့ရသော လုပ်ရပ်များနှင့် လေးနက်စွာ တွေးတောမိသော လုပ်ရပ်များကို အမှန်ပင် ထပ်တလဲလဲ ပြုလုပ်နေသည်။ ဤတစ်ကြိမ်တွင် ကျိအန်းနဉ် နှုတ်ဆိတ်မနေတော့ဘဲ တန်ပြန်တိုက်ခိုက်လိုက်သည်။


အပြောင်းအလဲများဖြစ်ပေါ်လာပြီး ယခင်ဘဝက အခြေအနေများကဲ့သို့ ပြန်မဖြစ်တော့ပေ။ သူမနောက်ကွယ်တွင် အတင်းအဖျင်းပြောလေ့ရှိပြီး မထီမဲ့မြင်ပြုသော အကြည့်နှင့်ကြည့်သည့် အတန်းဖော်များက ယခုတွင် စွန်းယာရှန့်ကို ချန်ထားခဲ့ကြပြီး သူမကိုပင် ကောင်းကောင်းဆက်ဆံနေခဲ့ကြသည်။


ဘဝလမ်းစဉ်ကို ကြိုတင်သတ်မှတ်ထားခြင်းမရှိပေ။ ၎င်းက ပြင်ပတွန်းအားကြောင့် ပြောင်းလဲနိုင်သည့်ရေစီးကြောင်းနှင့် ပိုတူသည်။


ထို့အပြင် ယွီရှား၌ သိသာထင်ရှားသည့် ပြဿနာတစ်ခုရှိသည်။ အဘယ်ကြောင့်ဆိုသော် ယခုဘဝတွင် ယွီရှားက ကိစ္စတစ်ခုကိုမှ မပြုလုပ်ရသေးပေ။


ကျိအန်းနဉ် ယခင်ဘဝက ယွီရှားကို ပြင်းပြင်းထန်ထန် ဒေါသထွက်ခဲ့သော်လည်း ယခုဘဝတွင်မူ  ယွီရှားနှင့် ပတ်သက်၍ တစ်ခုခုပျောက်ဆုံးနေသလို ခံစားခဲ့ရသည်။

ဘာမှမလုပ်ရသေးတဲ့ ဒီယွီရှားကို ငါ မုန်းသင့်လား... ဒါမှမဟုတ် သူ့ကိုတစ်ခုခုလုပ်သင့်လား...


သူမ၏ စိတ်ရှုပ်ထွေးမှုကို ပို၍ပင် လှုံ့ဆော်ပေးခဲ့သည့် စွန်းယာရှန့်အပေါ် ဝမ်ယွီ၏အငြိုးထားမှုကို သူမမြင်ခဲ့သည်။


အကယ်၍ ဤဘဝအခြေအနေမှာ ယခင်ဘဝကထက် ပိုမိုဆိုးရွားလာပါက ဝမ်ယွီက စွန်းယာရှန့်အတွက် ပန်ဒိုရာသေတ္တာကိုဖွင့်ကာ ပြုတ်ကျစေရန် လှုံ့ဆော်လိမ့်မည်။ ကျိအန်းနဉ်သည်လည်း ၎င်းကို ကျေနပ်အားရဖွယ်ကောင်းသည်ကို တွေ့ရှိရပေလိမ့်မည်။


သို့သော် အလားတူစွာပင် စွန်းယာရှန့်က ဤဘဝတွင် ထိုအမှားအဆင့်အထိ မရောက်ခဲ့ပေ။


အထူးသဖြင့် ဝမ်ယွီ၏ ရှုထောင့်မှကြည့်လျှင် သူမက သူ့ကို နှစ်သက်သော မိန်းကလေးမျှသာ ဖြစ်သည်။ သို့ဖြစ်၍ ဝမ်ယွီရည်းစားကို မနာလိုကြောင်း ပြသပြီး ကြမ်းတမ်းသော စကားများကို အကြိမ်အနည်းငယ် ပြောဆိုခဲ့သည်။


သူမက နှစ်သက်စရာမကောင်းသည့်သူဖြစ်ပြီး အကျင့်စာရိတ္တ ချို့ယွင်းချက်များ ရှိသည်။ သို့သော် ၎င်းက ပတ်သက်နေသည့် အကြောင်းအရာဖြစ်သည်။


ဝမ်ယွီ၏ သူမအပေါ် အငြိုးထားမှုမှာ လွန်ကဲသည်။


ထိုအငြိုးထားမှုက ကျိအန်းနဉ်၏ ကျောရိုးတစ်လျှောက်တုန်လှုပ်သွားစေသည်။


ဝမ်ယွီကို ရပ်တန့်ရန် သူမ၏ ရည်ရွယ်ချက်မှာ စွန်းယာရှန့်ကို မကြိုက်မနှစ်သက်သောကြောင့် မဟုတ်ပေ။ ဝမ်ယွီ၏ နားမလည်နိုင်သော ဒေါသကို သူမကြောက်ရွံ့ခြင်းပင်ဖြစ်သည်။ ဝမ်ယွီ တစ်ခုခုဖြစ်သွားပြီး သူမ မကြုံတွေ့ချင်သည့်အရာ ဖြစ်လာမည်ကို ကြောက်ရွံ့နေသည်။


ဝမ်ယွီ၏ အမူအရာမှာ အေးစက်လာပြီး သူ့မျက်လုံးများသည်လည်း နားမလည်နိုင်သော တွင်းနက်ကြီးတစ်ခုလို မည်းမှောင်လာနေသည်။


"မင်း ကျောင်းချန်အကြောင်း ပြောနေတာလား..."


မထင်မှတ်ထားစွာနှင့် သူက ရုတ်တရတ် မေးလာသည်။


သူ့မေးခွန်းတွင် အကြောင်းပြချက်မရှိပေ။ အမှန်တွင် ကျိအန်းနဉ်က "အဲဒါကို တွေးကြည့်ရုံနဲ့ ကျွန်မ ကြောက်တယ်" ဟု ပြောသည့်အခါ ကျိအန်းနဉ်နှင့်ကျောင်းချန်၏တွေ့ဆုံမှုက သူ့စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။


သူမ ကြောက်လန့်ပြီး ရှောင်သွားခဲ့သည်။ ကျောင်းချန်ကို သူမ အမှန်တကယ်ကြောက်သည်။ ဤ"ကြောက်ရွံ့ခြင်း"၏နောက်ကွယ်တွင် အကြောင်းရင်းများရှိနေသည်မှာ သေချာသည်။


သူက ကျိအန်းနဉ်ကို မယိမ်းယိုင်စိုက်ကြည့်နေသည့်အခါ သူမပခုံးများကျုံ့သွားသည်က ထင်ထင်ရှားရှားကိုသက်သေပြလိုက်သကဲ့သို့ ဖြစ်သွားသည်။


ကျိအန်းနဉ် အံ့အားသင့်သွားသည်။


ဝမ်ယွီက တစ်ခုခုကို သိနေတာလား... ဒါပေမဲ့ အဲ့ဒါက မဖြစ်နိုင်ဘူးလေ...


ကျိအန်းနဉ် သူမ၏ယခင်ဘဝက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ၀မ်ယွီကို မည်သည့်အခါမှ မပြောပြရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် သူသိသွားပါက တစ််ယောက်ယောက်ကိုသတ်ပစ်နိုင်သည်။


တကယ်ပဲ လူတစ်ယောက်ကို သတ်လိုက်မှာ...


ကျိအန်းနဉ်၏ စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း သူမမျက်လုံးများက မမှိတ်နိုင်သေးပေ။ သူမ အလိုအလျောက်ငြင်းလိုက်မိသည်။


“မဟုတ်ဘူး...”


တစ်နည်းအားဖြင့် အမြန်ငြင်းဆိုခြင်းမှာ အတည်ပြုခြင်းနှင့် ညီမျှနေသည်။


ဝမ်ယွီက စိတ်ပညာကို တရားဝင် မလေ့လာထားသော်လည်း သူ့အဖေ၏ လမ်းညွှန်မှုနှင့် ပြုစုပျိုးထောင်ထားသည့်ဘဝတွင်နေထိုင်သူဖြစ်၍ လိမ္မာပါးနပ်သူဖြစ်လာရန်ကို မတားဆီးနိုင်ခဲ့ချေ။


ကျိအန်းနဉ် သူ၏ပါးပြင်က အနည်းငယ်ပုံပျက်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ အံ့ကြိတ်ထားခြင်းကြောင့် ဖြစ်ပေါ်လာသော ကြွက်သားလှုပ်ရှားမှုဖြစ်ကြောင်း သူမ သဘောပေါက်သွားသည်။


သူမက အသက်ပြင်းပြင်းရှူလျက် ခံစားချက်များကို ထိန်းချုပ်ရန်ကြိုးစားကာ ပြောလိုက်သည်။


“ရှင် ဘာတွေတွေးနေတာလဲ... ကျောင်းချန်က ရှင့်အတွေးထဲကို ဘယ်လိုရောက်လာတာလဲ..."


ဝမ်ယွီက သူမမျက်နှာကို စိုက်ကြည့်ရင်းပြောလိုက်သည်။


“မင်း သူ့ကို တော်တော်လေးကြောက်နေတယ်လို့ ကိုယ်ခံစားရတယ်...” 


ကျိအန်းနဉ်က ပြန်ဖြေသည်။


“ဘာလို့လဲဆိုတော့ ကျွန်မသူ့ကို ပထမဆုံးမြင်တော့ သူက လူဆိုးတစ်ယောက်လို့ ခံစားရလို့ပါ... အတိတ်တုန်းက သူတစ်ယောက်ယောက်ကို အတင်းအကြပ် တွန်းအားပေးဖို့ ကြိုးစားခဲ့တယ်မလား... ကျွန်မရဲ့၀မ်းတွင်းအသိက တကယ်ကို စူးရှတယ်လေ...”


စကားအနည်းငယ်ပြောပြီးနောက် သူမ၏စိတ်ခံစားချက်များက သိသိသာသာပင် သက်သာလာပြီး ပို၍ သဘာဝကျစွာ ပြောဆိုနိုင်လာသည်။


"ရှင်က ကိစ္စတွေကို စိတ်ကူးယဉ်နေတာပဲ..."


သူမက အပြုံးတစ်ခုကိုဖန်တီးကာ ပြောလိုက်သည်။


"ကျွန်မ ကျောင်းချန်ကို အရင်က မသိခဲ့ပါဘူး...  ကျွန်မကို မယုံဘူးဆိုရင် သွားပြီးစစ်ဆေးကြည့်လေ..."


သူမ၏ နောက်ဆုံးစကားကအလွန်ယုံကြည်မှုရှိနေသည်။အကယ်၍ ထိုအရာသည်သာ အမှန်ဆိုလျှင် ဝမ်ယွီ၏ သံသယအားလုံးကို ဖယ်ရှားပစ်နိုင်မည်ဖြစ်သည်။


"ဟုတ်ပါပြီကွာ ရပါတယ်... မင်းသူ့အကြောင်းကိုပြောတာနဲ့ ကိုယ်လည်း သူ့အကြောင်းကို ဒီတိုင်းပဲ တွေးလိုက်မိတာ..."


သူ ပြောလိုက်သည်။ ထိုအချိန်တွင် သူကမီးဖိုချောင်တံခါးကိုဖွင့်ပြီးထွက်ခွာရန် ပြင်ဆင်နေကာစကား၀ိုင်းကိုအဆုံးသတ်လိုက်သည်။


ကျိအန်းနဉ်က သူ့ကို လှမ်းဆွဲသည်။ 


“ စွန်းယာရှန့်က...”


ဝမ်ယွီက သက်ပြင်းရှည်ကြီးချလိုက်သည်။


" ကိုယ် ချန်းဟောင်ရန်ရဲ့ ဘောင်းဘီခါးပတ်ကို ထိန်းရမှာလား ဒါမှမဟုတ် စွန်းယာရှန့် အသုံးအဖြုန်းကြီးတာကို ထိန်းရမှာလား..."


သူ မေးလိုက်သည်။


ကျိအန်းနဉ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။


သူတို့နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသူများဖြစ်နေ၍ အခြားသူများ၏ကိစ္စရပ်များတွင် မည်သူကမှ ဝင်ရောက်စွက်ဖက်၍ မရပါပေ။ ထို့အပြင် စွန်းယာရှန့်ကဲ့သို့သောတစ်စုံတစ်ယောက်ကိုတားရန် ကြိုးစားပါက သူမက  သူမလမ်းကြောင်းကို ပိတ်ဆို့တားဆီးရန် ကြိုးစားနေသည်ဟုပင် ထင်နေပေလိမ့်မည်။


"ရှင် ဘာလို့ သူ့ကို ပစ်မှတ်ထားနေရတာလဲ..."


ကျိအန်းနဥ်က မေးလိုက်သည်။


ဝမ်ယွီ ဤမေးခွန်းကို ရှင်းပြရန် ရှောင်နေခဲ့သည်။ သူက ဒီမေးခွန်းကို မဖြေရရန် ဤစကားခေါင်းစဉ်ကို အဆုံးသတ်ချင်နေသည်။


လက်တွေ့နဲ့အိပ်မက်ကြားက မှုန်ဝါးဝါးအဖြစ်အပျက်တွေကြောင့် ဒီလိုလုပ်ခဲ့တာလို့ ကျိအန်းနဉ်ကို ဘယ်လိုပြောရမလဲ... အဲ့ဒါက အရမ်းကို ရူးကြောင်ကြောင်နိုင်တယ်လေ...


သူက  အရူးတစ်ယောက် သို့မဟုတ် လူများကိုကိုက်ရခြင်းအားကြိုက်သည့် အရူးတစ်ယောက်ဟု ထင်သွားနိုင်သည်။


"သူ့ရဲ့ပုံစံကို မကြိုက်ရုံပါပဲ..."


ဝမ်ယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ 


"သူက အမြဲတမ်း လျှို့ဝှက်ကြံစည်နေတာလေ... ပြီးတော့ စိတ်တိုစရာကိစ္စအသေးအမွှားလေးတွေကို ကြံနေတတ်တယ်..."


"အဲ့ဒါပဲလား..."


ကျိအန်းနဉ် မေးလိုက်သည်။


၀မ်ယွီက တိုင်တည်လိုက်သည်။


“တကယ်ပါ အဲ့ဒါပါပဲ... ဒါက ကိုယ့်ရဲ့စိတ်နေစိတ်ထားပဲလေ... ကိုယ့်ကိုမလှုံ့ဆော်ပါနဲ့... ကိုယ့်ကို လှုံ့ဆော်တဲ့သူတွေက အဆုံးသတ် မကောင်းဘူးနော်... မင်းကတော့ခြွင်းချက်ပေါ့..."


သူ သွားပေါ်အောင်ပြုံးလိုက်သည်။


ကျိအန်းနဉ်က အရာအားလုံးကို ရယ်စရာကောင်းနေသည်ဟု လုံးဝမထင်ပေ။ သူမ သက်ပြင်းချလိုက်ပြီးမေးလိုက်သည်။


“ဒါကို နောက်ကျထပ်ပြီး မလုပ်တော့ဘူးမလား...”


"ဘာကိုလဲ..."


ဝမ်ယွီ နုံအဟန်ဆောင်လိုက်သည်။


“လူ့ဘဝမှာ အပြောင်းအလဲများကြီးရှိတယ်... ရှင် အားထုတ်တဲ့ လမ်းကြောင်းပေါ် မူတည်ပြီး ရွေ့လျားတဲ့လမ်းကြောင်း အပြောင်းအလဲဖြစ်သွားမှာပဲ ရှင် စွန်းယာရှန့်ကို မကြိုက်မှန်း ကျွန်မသိပါတယ်... သူက သူဖြစ်ချင်တဲ့အရာကို သူကိုယ်ပိုင်လုပ်ယူနေတာပဲ... ဒါပေမယ့် ဝမ်ယွီ သူကဖြားယောင်းသွေးဆောင်တာကို ခံနိုင်ရည်မရှိဘူးဆိုတာ ရှင် ကောင်းကောင်းသိပါတယ်... ဒါတောင် ရှင်က သူရှေ့မှာ သွေးဆောင်လိုက်သေးတယ်... အဲ့ဒီလိုလုပ်တာက မမှန်ဘူးလေ...”


"မင်းရဲ့အသံက အကြံပေးတစ်ယောက်လိုပဲ..." 


ဝမ်ယွီက မကျေမနပ်ဖြစ်ပြီး အလျှော့ပေးလိုက်သည်။


“ကောင်းပြီ ကောင်းပြီ ကိုယ်သိပြီ... ကိုယ် ဒီလိုမျိုးထပ်မလုပ်တော့ဘူး... ဒါပေမယ့် စွန်းယာရှန့်နဲ့ ချန်းဟောင်ရန်တို့ က ဒီကိစ္စမှာ ပါနေပြီးပြီ... အဲဒါက မင်းရော ကိုယ်ရော ထိန်းချုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး...”


" ကျွန်မ သူ့ကိုမထိန်းချုပ်ပါဘူး... ဘာလို့ သူ့ကို ထိန်းချုပ်ရမှာလဲ... ကျွန်မက ရှင့်အတွက်ပဲ စိတ်ပူနေတာ..."


ထိုစကားတစ်ခွန်းက ဝမ်ယွီ၏ မျက်လုံးများကိုတောက်ပသွားစေပြီး သူ အလွန်ဝမ်းသာသွားသည်။


“ကောင်းပါပြီ ကောင်းပါပြီ  Miss Managerလေးရယ်... မင်း ပြောတာအားလုံး မှန်ပါတယ်...”


သူက ဝမ်းသာအားရနှင့် သူမပါးနှစ်ဖက်ကို တင်းတင်းဖျစ်ညှစ်ရင်း ရွှတ်နောက်နောက်နှင့်ပြောလိုက်သည်။


"စိတ်ညစ်စရာကောင်းအောင်မလုပ်နဲ့..."


ကျိအန်းနဉ်က သူ့လက်များကို တွန်းဖယ်ပြီးဆူပူလိုက်သည်။


“လေထန်နေတယ် ရှင် မြန်မြန်ပြန်တာပိုကောင်းမယ်..."


"ကိုယ်က ကားမောင်းလာတာလေ ဘာလို့ လေထန်နေတာကို ကြောက်ရမှာလဲ... ဟေး ကိုယ့်ကိုမတွန်းနဲ့လေ..." 


၀မ်ယွီက ရေရွတ်ပြီး နောက်ဆုံးတွင် ကျိအန်းနဉ်၏ဇွဲလုံ့လကြောင့် ထွက်လာခဲ့လိုက်ရတော့သည်။


အိမ်တွင် အဖွားရှိသော်လည်း သူမက စိတ်ကျရောဂါ ခံစားနေရသည်။ ကျိအန်းနဉ်သာ ယောက်ျားလေးတစ်ယောက်နှင့် ထွက်သွားပါက သူမအတွက် အကျိုးသက်ရောက်မှုရှိနိုင်၍ အန္တရာယ်များလွန်းသည်။ ကျိအန်းနဉ် သူ့ကို အိမ်တွင် ဆက်လက်ပြီး ကြာကြာနေခွင့်မပေးနိုင်တော့ပေ။


တံခါးကို သော့ခတ်ပြီး လှည့်ကြည့်လိုက်သည့်အခါ အိမ်ထဲတွင် စွဲကျန်နေသည့် အနံ့အသက်ဆိုးဆိုးများ ပျောက်ကွယ်သွားကြောင်း သိလိုက်ရသည်။ လေထုက ယခုမှအမှန်တကယ်ကို လတ်ဆတ်နေပြီးဖြစ်သည်။


ကျိအန်းနဉ် လေသန့်စင်စက်ကို ကြည့်လိုက်သည်။


သူမ၏ယခင်ဘဝတွင် ဝမ်ယွီက လေသန့်စင်စက်အကြောင်း ဆက်စပ်တွေးမိခြင်းမရှိခဲ့ပေ။ ထိုအချိန်က သူ အလေးမထားခဲ့ခြင်းဖြစ်လိမ့်မည်။


သူမ၏ယခင်ဘဝတွင် ဝမ်ယွီက တစ်မူထူးခြားသောအရာကိုပြုလုပ်ခဲ့သည်။ သူမ၏မွေးနေ့တွင် သူမအား နန်လုတံတားပေါ်သို့ခေါ်သွားကာ ကားပေါ်သို့ အတင်းဆွဲခေါ်ခဲ့သည်။


ကားနောက်ဖုံးကိုဖွင့်ကြည့်လိုက်သည့်အခါ ပန်းရောင်ပူဖောင်းများက တွန်းတိုက်ပြီး တိုးထွက်လာကြသည်။ထို့နောက် မယုံနိုင်စရာကောင်းလောက်အောင် အလွန်လက်ရာမြောက်လှသော မွေးနေ့ကိတ်တစ်ခု၊ နှင်းဆီပန်းစည်းကြီးတစ်ခုနှင့်...ကားနောက်ဖုံးတွင် စုစုပေါင်းလက်ဆောင် ဆယ့်ကိုးခုရှိနေသည်။


ဖုန်းများ၊ လက်ပ်တော့များ၊ အိတ်များကဲ့သို့ စျေးမကြီးသော ပစ္စည်းများအပြင် စျေးကြီးသည့် လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဖဲပြားနှင့်ချည်ထားသော ဘဏ်ကတ်တစ်ခုလည်း ရှိနေသည်။


"ကိုယ် မင်းကိုသိတာ အရမ်းနောက်ကျခဲ့တယ်... လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်ရဲ့ တန်ဖိုးရှိတဲ့ မွေးနေ့တွေအတွက် အခု ကိုယ်လက်ဆောင်ပြင်ထားပြီ...”


ထို့နောက်ဝမ်ယွီက ခပ်မိုက်မိုက်နှင့်ချောမောပြီး လွှမ်းမိုးချုပ်ကိုင်လိုသည့်အမျိုးအစားကို ပုံဖော်ထားသည့် အချစ်ဝတ္ထုထဲမှ CEO တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။


ကံမကောင်းစွာပင် ကျိအန်းနဉ်၏မျက်လုံးထဲတွင် သူကဘာမှမဟုတ်ဘဲ အရူးတစ်ယောက်ဟုသာ ထင်နေခဲ့သည်။


ထိုအချိန်က ကျိအန်းနဥ် လက်ဆောင်အားလုံးကို မဆိုင်းမတွ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ကိတ်မုန့်တစ်စိတ်စားရန်မဆိုနှင့် ပန်းတစ်ပွင့်ကိုပင် လက်မခံခဲ့ချေ။


သူမနှင့် ဤချမ်းသာကြွယ်ဝသောအရူးကြားတွင် ပြတ်သားသောမျဉ်းတစ်ကြောင်းကို ဆွဲချင်ရုံသာဖြစ်ပြီး သူနှင့်သူမက ဘာမှမဆိုင်ချေ။


တစ်ယောက်က အလျှော့မပေးဘဲတင်းခံနေပြီး နောက်တစ်ယောက်က ဒေါသကြီးနေကာ အနှောင့်အယှက်ပေးရန် ပိုမိုစိတ်ပိုင်းဖြတ်ခဲ့သည်။ သူတို့ငြင်းခုံနေကြစဉ်အတွင်း သူကသူမကို ကားတံခါးတွင် ဖိကပ်ပြီးအတင်းနမ်းခဲ့သည်။


ယခုပြန်စဥ်းစားကြည့်လိုက်သည့်အခါ ကျိအန်းနဉ်က သူမအသုံးပြုခဲ့သော ခွန်အားပမာဏကို မှတ်မိနေသေးပြီး ထိုအချိန်တွင် သူမ၏လက်ဖဝါးမှ နာကျင်မှုကိုလည်း မှတ်မိနေသေးသည်။


ခဏအကြာတွင် သူမ ဘတ်စ်ကားပေါ် ပြေးတက်ပြီး ထွက််ပြေးခဲ့သည်။ သူမလက်များကလည်း ရောင်ရမ်းနေပြီး မျက်ရည်များလည်း လမ်းတစ်လျှောက်လုံးစီးကျနေခဲ့သည်။


ထိုစဉ်အချိန်က မောက်မာပြီး မည်သူ့ကိုမှ အဖက်မလုပ်တတ်သော သခင်ငယ်လေး၀မ်က တစ်နေ့တွင် လေသန့်စင်စက်ကို လက်ထဲတွင်သယ်ဆောင်ကာ သူမ၏အိမ်တံခါးဝတွင် ပေါ်လာမည်ဟု သူမ စိတ်မကူးကြည့်နိုင်ခဲ့ပေ။


ကျိအန်းနဉ် စိတ်မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။


ဝမ်ယွီ ကားပေါ်သို့ ပြန်လာပြီး ခဏခန့် စဉ်းစားလိုက်သည်။


သူ၏ သူငယ်ချင်းအသိုင်းအဝိုင်းတွင် အချို့မှာ ချန်းဟောင်ရန်၏မိသားစုနှင့် နက်ရှိုင်းသောဆက်သွယ်မှုရှိသည်။ သူ ချန်းဟောင်ရန်ကို ဖုန်းခေါ်လိုက်သည်။


"မင်းမှာ အားကိုးရတဲ့လူရှိလား ငါ ကိစ္စတစ်ခုစုံစမ်းချင်လို့...” 



###