🍵Chapter 261
ဝမ်ရူကွေ့ထံမှ မုန့်ဖိုးကို ယူပြီးသောအခါ ဒီတိုင်း ထွက်ပြေးသွားလျှင် မကောင်းသောကြောင့် ထုံကျားရှင်းသည် သူ၏ယောက်ဖလောင်းကြီးတစ်ယောက် သူတို့အဖိုးနှင့် စကားပြောနေရသည်ကို ဘေး၌ အဖော်လုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။
"အစ်ကိုရူကွေ့ လမုန့်လေးက ဘယ်လောက်လည်လဲ သိလား...သူ ငယ်ငယ်တုန်းက အချီခံချင်လို့ သူ့ကိုယ်သူ ဒဏ်ရာရချင်ဟန်ဆောင်တာလေ..."
ရှောင်းမျန်မျန်ကလည်း ဘေးမှ ဝင်ပြောလိုက်သည်။
"ဟုတ်တယ်...ဟိုတစ်နေ့ကလည်း သမီးက သူ့ခြေထောက်ကို မတော်တဆတက်နင်းမိတာ...အဲဒါ ခြေထောက်နာချင်ယောင်ဆောင်နေတာ...မမက သနားပြီး မုန့်တွေတောင် အများကြီးကျွေးလိုက်သေးတယ်..."
ဝမ်ရူကွေ့ကလည်း ထောက်ခံပေးလိုက်သည်။
"အင်း...တော်တော်လည်တာပဲ..."
ထုံကျားရှင်း: "ဟုတ်တယ်...ပြီးတော့လေ..."
သို့သော် ထုံကျားရှင်း ပြော၍မပြီးသေးခင်မှာပင် ဗိုလ်မှူးရှောင်းက ဝင်ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်...ဝေ့အိမ်ကို နှစ်သစ်မှာ သွားလည်ဖို့ အဖိုးနဲ့တူတူ လိုက်ခဲ့ကြ..."
ဗိုလ်မှူးရှောင်းသည် သူ့မြေးများက ဝမ်ရူကွေ့အား ယောက်ဖခေါ်နေသည်ကို မကြားနိုင်တော့သောကြောင့် အပြင်သွားရန်ခေါ်လိုက်သည်။
ထုံကျားရှင်း၏ မျက်လုံးများက တောက်ပသွားကြသည်။
"ဟုတ်ကဲ့...အစ်ကိုရူကွေ့...ကျွန်တော်တို့ နှစ်သစ်ကူးကန်တော့ဖို့ သွားလိုက်ဦးမယ်..."
နှစ်သစ်ကူးကန်တော့ရန်ဆိုသည်မှာ နှစ်သစ်ကူးပိုက်ဆံလည်း ရမည်ဖြစ်သောကြောင့် ထုံကျားရှင်းတစ်ယောက် တက်ကြွသွားသည်။
နှစ်သစ်ကူးကန်တော့လျှင် ပိုက်ဆံရတော့မည်ကို ရှောင်းမျန်မျန်လည်း သိနေပြီဖြစ်သောကြောင့် အဖိုး၏လက်ကို အမြန်ဆွဲကာ ဝေ့မိသားစု၏အိမ်သို့ လျှောက်သွားကြသည်။
မြေးအဖိုးများထွက်သွားကြသည်နှင့် တစ်ပြိုင်နက် ဧည့်ခန်းက ချက်ချင်း တိတ်ဆိတ်သွားလေသည်။
ထိုအခါမှ ဝမ်ရူကွေ့လည်း သက်ပြင်းချနိုင်ကာ အမြန်ထ၍ မီးဖိုထဲ လျှောက်သွားလိုက်သည်။
ထိုအချိန်၌ ထုံရွှယ်လူက ဟင်းခတ်အမွှေးအကြိုင် ငါးမျိုးနှင့် အမဲသားကို ချက်နေလေသည်။
ထုံရွှယ်လူသည် အရသာများနှင့် နှစ်ရက်ကြာ နှပ်ထားသော အမဲသားကို ဘူးထဲမှထုတ်၍ ရေသန့်နှင့် ဆေးကာ သန့်စင်ရန် ရေနွေးထဲ ခဏ ထည့်ပြုတ်လိုက်သည်။ အသားထဲမှ သွေးများ ထွက်သွားပြီးသောအခါမှ ရေနွေးထဲမှ ဆယ်၍ ရေအေးထဲ စိမ်လိုက်သည်။
ထို့နောက် အမွှေးအကြိုင်နှင့်အရသာထုပ်ကို အိုးထဲဖောက်ထည့်ကာ မီးပြင်းပြင်းနှင့် တည်၍ ဟင်းရည်က အနှစ်ကဲ့သို့ ပျစ်လာသောအခါ မီးလျှော့၍ အမဲသားကိုပါထည့်ကာ တည်ထားလိုက်သည်။
မီးအေးအေးနှင့် နှစ်နာရီခန့် တည်ပြီး အမဲသားကလည်း နူးညံ့လာပြီဆိုသောအခါမှ အိုးထဲမှဆယ်ကာ အအေးခံထားလိုက်သည်။
ဝမ်ရူကွေ့က အနားသို့ လျှောက်လာကာ ပြောလိုက်သည်။
"ဘာကူပေးရဦးမလဲ..."
ထုံရွှယ်လူက ခေါင်းမော့ကြည့်ကာ ကြည့်လိုက်သည်။
"ရှင် အဖိုးနဲ့ စကားပြောနေတာမဟုတ်ဘူးလား...ဘာဖြစ်လို့ ဒီရောက်နေတာလဲ..."
ဝမ်ရူကွေ့က သူ၏ နက်မှောင်သောမျက်လုံးများနှင့် ထုံရွှယ်လူအား ကြည့်လိုက်သည်။
"အဖိုးက ကျားရှင်းနဲ့ မျန်မျန်ကို ခေါ်ပြီး ဝေ့အိမ်ကို သွားတာ...အဲဒါကြောင့် ကိုယ်လည်း ဒီရောက်လာတာလေ..."
ထုံရွှယ်လူက ပြုံး၍ ပြောလိုက်သည်။
"အဖိုးက မကောင်းတာ တစ်ခုခု ပြောလိုက်သေးလား...'
ဝမ်ရူကွေ့က ခေါင်းခါလိုက်သည်။
"မပြောပါဘူး..."
ဗိုလ်မှူးရှောင်းက လူကြီးဖြစ်သောကြောင့် သူ ဘာပြောပြော ဝမ်ရူကွေ့ကတော့ စိတ်မကွက်ပဲ နားထောင်မည်သာဖြစ်သည်။
ဝမ်ရူကွေ့က အလွန်စိတ်သဘောထားေကာင်းကာ သည်းခံတတ်သူဖြစ်သောကြောင့် ဗိုလ်ချုပ်ရှောင်းနှင့် ဝမ်ရူကွေ့တို့ ရန်ဖြစ်မည်ကိုလည်း ထုံရွှယ်လူသိပ်မစိုးရိမ်မိပါ။ ဝမ်ရူကွေ့နေရာ၌ အဖိုးဝမ်သာဆိုလျှင်တော့ ထိုနေရာ၌ပင် ချက်ချင်း ရန်ထဖြစ်နေကြမလားမသိပေ။
ဝမ်ရူကွေ့က ကူညီချင်နေပုံပေါက်နေသောကြောင့် ထုံရွှယ်လူက ဓားကို လှမ်းပေးကာ ပြောလိုက်သည်။
"ဒါဆို ဒီအသားတွေကို လှီးပြီး ပန်းကန်ထဲထည့်လိုက်လေ..."
ဝမ်ရူကွေ့က လှမ်းယူကာ အသားများကို ကျွမ်းကျင်စွာ လှီးနေလိုက်သည်။
ထိုအခိုက်၌ အပြင်မှ အသံများကြားလိုက်ရသောကြောင့် ထုံရွှယ်လူပြေးထွက်သွားလိုက်သည်။
ထိုအသံများမှာ ထုံရွှယ်လူအား လက်ဆောင်များလာပေးသော မုန့်ချင်းချင်းနှင့် ဝူလီကျူး တို့ဖြစ်နေကြသည်။
မုန့်ချင်းချင်း: "မန်နေဂျာထုံ...တက္ကသိုလ်ဝင်ခွင့်ရလို့ ဂုဏ်ယူပါတယ်...မန်နေဂျာထုံကို ကျွန်မ အားကျလိုက်တာ..."
ဝူလီကျူးကလည်း သက်ပြင်းချလိုက်သည်။
"ကျွန်မနဲ့ ချင်းချင်းတို့ နှစ်ယောက်လုံး ဝင်ခွင့်မရတာတော့ ဝမ်းနည်းလိုက်တာ..."
ထုံရွှယ်လူက သူတို့နှစ်ယောက်လုံးအတွက် ရေနွေးကြမ်းငှဲ့ပေးကာ မုန့်များထုတ်ကျွေးလိုက်သည်။
"ကျွန်မကို ရွှယ်လူပဲ ခေါ်ကြပါတော့...ကျွန်မက စားသောက်ဆိုင်ရဲ့ မန်နေဂျာမဟုတ်တော့ဘူးလေ...ဒါနဲ့ လီကျူးတို့ရော စာမေးပွဲမအောင်တော့ ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ...စာမေးပွဲဆက်ဖြေကြဦးမလား..."
မုန့်ချင်းချင်းက ခေါင်းငြှိမ့်လိုက်သည်။
"အင်း...ကျွန်မ မိသားစုက စာမေးပွဲဆက်ဖြေဖို့ကို အားပေးကြတယ်...အဲဒါကြောင့် အခုတောင် စားပွဲထိုးအလုပ်ကထွက်ပြီး စာကိုပဲ သေချာအာရုံစိုက်ပြီး ကြည့်တော့မလို့..."
မိသားစု၏ အားပေးမှုကိုရသောကြောင့် မုန့်ချင်းချင်းလည်း အလွန်ပျော်ရွှင်နေလေသည်။
မုန့်ချင်းချင်း၏စကားကိုကြားသောအခါ ဝူလီကျူးက အနည်းငယ် မျက်နှာအနည်းငယ်ညှိုးသွားသည်။
ထုံရွှယ်လူက လှည့်ကြည့်ကာ မေးလိုက်သည်။
"လီကျူးရော...ဘယ်လိုအစီအစဉ်ရှိလဲ..."
ဝူလီကျူးက ခါးသီးစွာပြုံးလိုက်သည်။
"ကျွန်မကတော့ အလုပ်ဆက်မလုပ်လို့မရဘူး...ကျွန်မအိမ်က ကျွန်မကို မြန်မြန် လက်ထပ်စေချင်နေတာ...ကျွန်မက ဒီလိုအခြေအနေနဲ့ လက်ထပ်ပြီး ကလေးလည်း မမွေးချင်ဘူး...စာမေးပွဲကိုလည်း ဆက်ပြီး ကြိုးစားချင်သေးတယ်..."
ဤတစ်ခေါက် ထပ်ကြိုးစား၍မှ ကျနေသေးသည်ဆိုလျှင်တော့ ဝူလီကျူးသည် သူ့ကိုယ်သူ တက္ကသိုလ်ဝင်နိုင်ရန်အတွက် ဉာဏ်မမှီသူဟု ခံယူကာ အိမ်မှ စီစဉ်ပေးသည်ကို လက်ခံ၍ အိမ်ထောင်ပြုကာ ကလေးယူလိုက်တော့မည်ဟု စဉ်းစားထားသည်။
ထုံရွှယ်လူသည် ရုတ်တရက် မတ်တပ်ထကာ အခန်းထဲဝင်၍ သူမ၏မှတ်စုစာအုပ်များကို ယူလာလိုက်သည်။
"ဒါ ကျွန်မ စာကြည့်တုန်းက မှတ်ထားတဲ့စာတွေ...ပုစ္ဆာတွေတွက်နည်းတွေလည်းပါတယ်...ရှင်တို့ ယူသွားပြီး အေးအေးဆေးဆေးကူးပြီးမှ ပြန်ပေးလို့ရပါတယ်..."
ဝူလီကျူးနှင့် မုန့်ချင်းချင်းတို့လည်း ရွှေတုံးကောက်ရသကဲ့သို့ ပျော်သွားကြသည်။
"ကျေးဇူးတင်ပါတယ် မန်နေဂျာထုံ..."
ထုံရွှယ်လူက မျက်ခုံးများပင့်လာသည်။
"ဘာဖြစ်လို့ ကျွန်မကို မန်နေဂျာထုံ လို့ ခေါ်နေကြသေးတာလဲ..."
မုန့်ချင်းချင်းက ရှက်သွားဟန်ဖြင့် လျှာကို တစ်လစ်လေးထုတ်ကာပြောလိုက်သည်။
"အဟဲ ခေါ်နေကျဖြစ်နေလို့ အကျင့်ပါသွားတာပါ..."
ထို့နောက် ထုံရွှယ်လူက သူတို့နှစ်ယောက်အား စားသောက်ဆိုင်မှအကြောင်းများကို မေးနေလိုက်သည်။
သူတို့နှစ်ယောက်၏စကားများအရ စားသောက်ဆိုင်သည် ထုံရွှယ်လူထွက်သွားပြီးသောအခါ လူနည်းသွားသော်လည်း ဆိုင်၏ နာမည်ကြီးဟင်းပွဲများက မပြောင်းသွားသောကြောင့် အခြား စားသောက်ဆိုင်များနှင့်ယှဉ်သောအခါ လူများနေဆဲဖြစ်သည်။
မန်နေဂျာအသစ်ကလည်း မျက်နှာတည်တည်နှင့် မာကျောပုံပေါ်သော်လည်း အလုပ်နှင့် လူမှုရေးကို ခွဲခြားဆက်ဆံသောကြောင့် လျှိုတုံချန်ထက်တော့ တော်သေးသည်ဟု ဆိုသည်။
သူတို့သုံးယောက်သားသည် အချိန်အတော်ကြာ စကားပြောနေကြပြီးမှ မုန့်ချင်းချင်းနှင့် ဝူလီကျူးတို့သည် ထုံရွှယ်လူ၏ မှတ်စုစာအုပ်များကို ယူကာ ပြန်သွားကြတော့သည်။
ထုံရွှယ်လူလည်း ပန်းကန်များသိမ်းကာ မီးဖိုထဲသို့ ပြန်လာလိုက်သည်။ သို့သော် မီးဖိုထဲသို့ ရောက်ရောက်ချင်းမှာပင် ဝမ်ရူကွေ့၏လက်ညှိုး၌ ပတ်တီးပတ်ထားကာ ထိုပတ်တီး၌လည်း သွေးစို့နေသည်ကို မြင်လိုက်ရသည်။
ထုံရွှယ်လူက လန့်ဖြန့်စွာ ပြောလိုက်သည်။
"ရှင့်လက်က ဘာဖြစ်တာလဲ...ဓားရှသွားတာလား..."
ဝမ်ရူကွေ့ကလည်း မျက်တောက်တစ်ချက်ခတ်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်..."
ထုံရွှယ်လူက ဝမ်ရူကွေ့၏လက်ကို ခပ်ဖွဖွလေး လှမ်းကိုင်ကာ သေချာ ကြည့်လိုက်သည်။
"အခုရော ဘယ်လိုနေသေးလဲ...သွေးထွက်နေသေးလား...ပတ်တီးကို ကျွန်မ ပြန်စည်းပေးရမလား..."
ဝမ်ရူကွေ့က အမြန်ပြန်ပြောလိုက်သည်။
"ရတယ်...အခု သွေးတိတ်သွားပါပြီ..."
ဝမ်ရူကွေ့ ဒဏ်ရာရနေသောကြောင့် ထုံရွှယ်လူက ပြောလိုက်သည်။
"ဧည့်ခန်းမှာ သွားထိုင်ရအောင်..."
ထို့နောက် ဝမ်ရူကွေ့အား ထိုင်ရာမှ မထခိုင်းပဲ ထုံရွှယ်လူကိုယ်တိုင် ကြာပန်းစေ့မုန့်နှင့် နှမ်းစေ့ယိုတို့ကို ယူလာကာ ဂန္ဓမာပန်းနှင့် အနီရောင်စွံပလွံရေနွေးကြမ်းတို့ကို ပြင်ဆင်လိုက်သည်။
သူမနှင့် ဝမ်ရူကွေ့တို့အတွက် ရေနွေးကြမ်း တစ်ခွက်စီထည့်ပြီး၍ ထုံရွှယ်လူသည် ကြာပန်းစေ့မုန့်တစ်ခုကို ယူ၍ စားတော့မည်အပြင်တွင် ဝမ်ရူကွေ့က သူမအား မျက်နှာသေနှင့် လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။
ထုံရွှယ်လူ: "ဘာတွေကြည့်နေတာလဲ...မစားဘူးလား..."
"ကိုယ့်လက်နာနေလို့လေ..."
ဝမ်ရူကွေ့က ပြောရင်းဖြင့် သူ၏ဒဏ်ရာရနေသော ညာဘက်လက်ကို မြှောက်ပြလိုက်ချိန်တွင် နားရွက်ဖျားများကလည်း နီရဲနေကြသည်။
ထုံရွှယ်လူလည်း ဝမ်ရူကွေ့ကို ကြည့်၍ ရယ်မိတော့မတတ်ဖြစ်သွားသည်။ ဝမ်ရူကွေ့၏လက်က တစ်ခုလုံးကြီး ထိထားသည်မဟုတ်ပဲ လက်ချောင်းလေးပဲ ထိထားသည်သာ ဖြစ်၍ အခြားလက်တစ်ဖက်ကလည်း အကောင်းအတိုင်း ရှိနေသည်မဟုတ်လား။
သို့သော်လည်း ဝမ်ရူကွေ့က ဤသို့ ကလေးဆန်ဆန်ချွဲသည်မှာ ရှားပါးလွန်းသောကြောင့် ထုံရွှယ်လူလည်း သူ့ဇာတ်အတိုင်း လိုက်ကရန် တွေးလိုက်သည်။
ထုံရွှယ်လူက ကြာပန်းစေ့မုန့်တစ်ခုကို ယူကာ ဝမ်ရူကွေ့၏ပါးစပ်နားသို့တေ့၍ ကလေးလေးကို ပြောသည့်အသံဖြင့်ပြောလိုက်သည်။
"ပါးစပ်ဟပါဦး ကလေးလေး...မမ မုန့်ကျွေးမယ်နော်..."
ဝမ်ရူကွေ့လည်း မျက်နှာရော လည်ပင်းများရော နီရဲနေသော်လည်း ထုံရွှယ်လူ၏လက်ထဲမှ မုန့်ကို လှမ်းကိုက်လိုက်သည်။
ကြာပန်းစေ့မုန့်က ချို၍ နူးညံ့ကာ ကြာပန်းစေ့အရသာကလည်း ပြည့်ပြည့်ဝဝပေါ်လွင်၍ အရသာကလည်း ဆီများနေသည့်အရသာမရပေ။
ထုံရွှယ်လူက ဝမ်ရူကွေ့စားနေသည်ကိုကြည့်၍ မေးလိုက်သည်။
"စားကောင်းရဲ့လား..."
ဝမ်ရူကွေ့က ခေါင်းငြှိမ့်လိုက်သည်။
"အင်း..."
ထုံရွှယ်လူက ခေါင်းကို အနည်းငယ်စောင်းကာ ပြောလိုက်သည်။
"တကယ်လား...ကျွန်မလည်း မြည်းကြည့်မယ်..."
ပြောပြီးသောအခါ ထုံရွှယ်လူသည် ရှေ့သို့တိုးကာ ဝမ်ရူကွေ့၏ နှုတ်ခမ်းများကို နမ်းလိုက်လေတော့သည်။
ဒုတ် ဒုတ် ဒုတ်...
ဝမ်ရူကွေ့၏နှလုံးသားက မိုးကြိုးပစ်သကဲ့သို့ ရုတ်တရက် တဒုတ်ဒုတ်ခုန်သွားတော့သည်။ ထုံရွှယ်လူ မြည်းကြည့်မည်ဟု ပြောစဉ်က သူကိုက်လိုက်သော မုန့်ကို စားကြည့်မည်ဟု ပြောသည်သာ ဝမ်ရူကွေ့ ထင်မိခြင်းဖြစ်သည်။
သို့သော် ထုံရွှယ်လူက သူထင်ထားသည်ထက် အတင့်ရဲနေကာ သူ့ပါးစပ်ထဲမှ မုန့်ကို လာစားနေပါပေါ့လား။
နှစ်ယောက်သားက အချိန်အတန်ကြာ နမ်းနေပြီးမှ လူများဝင်လာမည်ကို စိုးရိမ်သွားသောကြောင့် ထုံရွှယ်လူက နောက်သို့ ပြန်ဆုတ်လိုက်သည်။
"ဟုတ်တယ် ချိုသားပဲ...စားလို့ကောင်းတယ်..."
ဝမ်ရူကွေ့သည် ထုံရွှယ်လူ၏ နှင်းဆီကဲ့သို့ ပန်းသွေးရောင်ပြေးနေသော ပါးများကိုကြည့်၍ ခေါင်းထဲသို့ သွေးဆောင့်တက်သွားသည်။ ထုံရွှယ်လူ၏ နှုတ်ခမ်းများက သူ့နှုတ်ခမ်းများပေါ်တွင် အရာထင်ကျန်နေသကဲ့သို့လည်း ခံစားလိုက်ရသည်။
ထုံရွှယ်လူ၏နှုတ်ခမ်းများသည် နူးညံ့၍ ကြာပန်းစေ့နံ့များက ထုံသင်းနေရာ ဝမ်ရူကွေ့သည် ထိုနှုတ်ခမ်းများကို ခံစား၍ မဝဖြစ်နေသည်။
ထို့ကြောင့် လက်ကို ဆန့်၍ သူ၏လက်တစ်ဖက်စာပင်မရှိသော ထုံရွှယ်လူ၏သေးသွယ်သောခါးလေးကို လှမ်းဖက်ကာ သူ့နားသို့ရောက်အောင် ဆွဲယူလိုက်ရာ နှစ်ယောက်သားသည် တဖြည်းဖြည်း ပို၍ နီးကပ်သွားသည်။
ထို့နောက် ဝမ်ရူကွေ့သည် ထုံရွှယ်လူ၏ ချိုမြိန်သောနှုတ်ခမ်းများကို ထပ်၍ နမ်းလိုက်လေသည်။
ဝမ်ရူကွေ့က ဤသို့ လက်ရဲဇတ်ရဲ လုပ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားသော ထုံရွှယ်လူသည်လည်း အစက လန့်သွားသော်လည်း ထဏအကြာတွင် ဝမ်ရူကွေ့၏ အနမ်းများအောက်တွင် ပျော်မွေ့သွား၍ ဝမ်ရူကွေ့၏ လည်ပင်းကို လှမ်းဖက်ကာ နှစ်ယောက်သားပို၍ နီးကပ်အောင် ဆွဲယူလိုက်သည်။
ဝမ်ရူကွေ့သည် နမ်းနေရင်းဖြင့် သူတစ်ယောက်တည်း ပိုင်ဆိုင်သော ထုံရွှယ်လူ၏ကိုယ်သင်းနံ့လေးကို နမ်းရှိုက်နေကာ ထုံရွှယ်လူက သူ့နားသို့ ပို၍ တိုးကပ်၍ အနမ်းကို ပို၍ နက်ရှိုင်းအောင် လုပ်လိုက်သောအခါ ဝမ်ရူကွေ့၏တစ်ကိုယ်လုံး လျှပ်စီးကြောင်းများ စီးသွားသကဲ့သို့ ခံားလိုက်ရသည်။
သူတို့နှစ်ယောက်သားသည် အချိန်အတော်ကြာနမ်းနေပြီးမှ ခွာလိုက်ချိန်တွင် နှစ်ယောက်လုံး မောနေကြတော့သည်။
ထို့နောက် ထုံရွှယ်လူက ဝမ်ရူကွေ့အား မျက်စောင်းထိုး၍ ပြောလိုက်သည်။
"အဖိုးတို့ ရုတ်တရက် ပြန်ရောက်လာမှာ ရှင်မကြောက်ဘူးလား..."
ထုံရွှယ်လူက ပြောရင်းဖြင့် ရေနွေးခွက်ကို လှမ်းယူရန်ပြင်လိုက်သည်။ သို့သော် ရာသီဥတုက အေးနေသောကြောင့် ငှဲ့ထားသည်မှာ မကြာသေးသော်လည်း ခွက်ထဲမှ ရေနွေးက အေးနေပြီဖြစ်သည်။
ဝမ်ရူကွေ့က မျက်နှာနီနီဖြင့် ပြောလိုက်သည်။
"အဲဒါကို မသောက်နဲ့တော့...ကိုယ် အသစ်ထည့်ပေးမယ်..."
ထိုသို့ပြော၍ ရေနွေးခရားကို လှမ်းယူလိုက်သည့်အချိန်တွင် ခုနက လှုပ်ရှားမှုများသွား၍လားမသိသော်လည်း ဝမ်ရူကွေ့၏လက်မှ ပတ်တီးက ချောင်နေပုံရသည်။ ထို့ကြောင့် လက်ကို ဆန့်လိုက်သောအခါ ပတ်တီးကပြေကျသွား၍ ဖြူဖွေးကာ ဘာဒဏ်ရာမှမရှိသော ဝမ်ရူကွေ့၏လက်ချောင်းများ ပေါ်လာတော့သည်။
လက်ချောင်းများက သန့်ရှင်းကာ ဒဏ်ရာရော ပေကျံနေသောသွေးရော ဘာဆိုဘာမှ မရှိချေ။
ဝမ်ရူကွေ့: "..."
ထုံရွှယ်လူ: "..."
ဒဏ်ရာက ဘယ်မှာလဲ?
ဝမ်ရူကွေ့သည် ထုံရွှယ်လူ သူ့အား သနားစေရန် ဒဏ်ရာရဟန်ဆောင်နေသည်လား။
ယခင်က မထုံတတ်သေးနှင့် ဟန်မဆောင်တတ်သော၊ အနည်းငယ်ရှက်သည်နှင့် မျက်နှာတစ်ခုလုံးနီလာတတ်သော ဖြူစင်ရိုးသားသည့် ဝမ်ရူကွေ့လေးသည် ယခုတော့ သနားမှုကိုရရန် ဟန်ဆောင်တတ်နေပြီပဲ။
ဝမ်ရူကွေ့လည်း အလိမ်ပေါ်သွားသောကြောင့် မျက်နှာတစ်ခုလုံး သွေးများပေါက်ထွက်တော့မတတ် နီရဲနေတော့သည်။
"ကိုယ် လမုန့်လေး လုပ်တဲ့အတိုင်း လိုက်လုပ်ကြည့်တာလေ..."
ထုံရွှယ်လူက နားမလည်၍ မျက်တောင်တစ်ချက်ခပ်လိုက်သည်။
"လမုန့်လေး?..."
ဝမ်ရူကွေ့က ထုံကျားရှင်း ပြောပြသော လမုန့်လေး က ခြေထောက်နာဟန်ဆောင်သည့်အကြောင်းကို ပြန်ပြောပြလိုက်သည်။ ထုံရွှယ်လူလည်း ဝမ်ရူကွေ့ကိုပင် စိတ်မဆိုးနိုင်တော့ပဲ ရယ်မိသွားလေသည်။
တကယ်တော့လည်း ဝမ်ရူကွေ့သည် သူမဆီမှ ကြင်နာမှုကို လိုချင်မိ၍ ခွေးလေးဆီကပင် ပြန်အတုယူနေရသည်မဟုတ်ပါလား။ မည်မျှပင် ချစ်စရာကောင်းသည့် ကောင်လေးပါလဲ။
ထိုတစ်နေ့လုံး ဝမ်ရူကွေ့မျက်နာနီနေသည်က အရောင်မပြောင်းတော့ချေ။
ဝေ့မိသားစုအိမ်မှ ဗိုလ်မှူးရှောင်း ပြန်ရောက်လာသောအခါ ဝမ်ရူကွေ့၏မျက်နာနီနီကို မြင်၍ တစ်ချိန်လုံး မသင်္ကာသည့်မျက်လုံးများဖြင့် ကြည့်နေတော့သည်။
ဝမ်ရူကွေ့လည်း တစ်ချိန်လုံး ဗိုလ်ချုပ်ရှောင်း၏အကြည့်အောက်၌ နေမထိထိုင်မသာဖြစ်နေတော့သည်။
🍵
နှစ်သစ်ကူးပွဲတော်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားသည်။
နှစ်သစ်ကူးပွဲတော်ပြီးသောအခါ မိသားစုသုံးစုသည် ခြံဝန်းကို စ၍ပြင်ဆင်ကြတော့သည်။ ထုံရွှယ်လူသည်လည်း တက္ကသိုလ်မတက်ရသေးသောကြောင့် တစ်ခါတစ်ရံ ရှောင်းကျားမင်တို့ကျောင်းသို့ လိုက်သွားလေသည်။
သို့သော် ခြံဝန်း ပြင်၍မပြီးသေးခင်မှာပင် ထုံရွှယ်လူ ကျောင်းတက်ရမည့်နေ့သို့ ရောက်လာလေတော့သည်။
ဝမ်ရူကွေ့က ထုံရွှယ်လူအား ကိုယ်တိုင်လိုက်ပို့ပေးချင်သော်လည်း ခွင့်မရသောကြောင့် ပို့၍မရပေ။
ဗိုလ်မှူးရှောင်းနှင့် အဖိုးဝမ်တို့ကလည်း လိုက်ပို့ချင်ကြသော်လည်း ထုံရွှယ်လူက ငြင်းလိုက်သည်။
ဗိုလ်မှူးနှစ်ဦးနှင့်အတူ ကျောင်းသို့ သွားရန်မှာ အလွန်ကိန်းကြီးခန်းကြီးနိုင်သည်ဟု ထင်မိသောကြောင့်ဖြစ်သည်။
ထို့အပြင် ထိုအဖိုးအိုနှစ်ယောက်တို့သည် ဘယ်တော့မှမတည့်၍ တွေ့လျှင် ရန်ဖြစ်နေကြခြင်းဖြစ်သည်။ တစ်ယောက်ကို လိုက်ခွင့်ပြုလိုက်လျှင် နောက်တစ်ယောက်က သေချာပေါက် ကန့်ကွက်မည်သာဖြစ်သည်။
ထို့ကြောင့် ထုံရွှယ်လူသည် နှစ်ယောက်လုံးကို ငြင်း၍ ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့ ညီအစ်ကိုနှစ်ယောက်နှင့်သာ အတူသွားရန်ဆုံးဖြတ်လိုက်သည်။
သယ်ရမည့်ပစ္စည်းများကများလွန်းသောကြောင့် ဘေးအိမ်မှ ဝေ့ရန်ကိုပါ အထုပ်ကူသယ်ပေးရန် အကူအညီတောင်းထားရသည်။
သူတို့သည် တက္ကသိုလ်သို့ ဘတ်စ်ကား စီးသွားကြသော်လည်း အထုပ်များက သပ်သပ်ရပ်ရပ်ကျစ်ကျစ်လစ်လစ်ထုပ်ပိုးထားသောကြောင့် ကရိကထတော့မများပေ။
ကားဂိတ် ၇ခု ၈ခု တို့ဖြတ်ပြီးသောအခါ ဘတ်စ်ကားက ပေကျင်းမြို့ဂိတ်သို့ ရောက်လာလေသည်။