အပိုင်း၂၆၀
Viewers 67k

🍵Chapter 260





ဝမ်ရူကွေ့က အံ့ဩစွာမေးလိုက်သည်။

"မင်းဘာပြောလိုက်တာလဲ..."


ကျိုးရန်၏မျက်နှာက ရက်ကြာနေသည့်သခွားသီးကဲ့သို့ တွန့်ရှုံ့နေလေသည်။


"ငါနဲ့ ရှောင်းယွင် လက်ထပ်ထားတာ နှစ်တစ်ဝက်ကျော်နေပြီ...ဒါပေမယ့် ရှောင်းယွင်မှာ အခုထိ ကိုယ်ဝန်မရသေးဘူး...ဟိုနေ့က ယောက္ခမကြီးက ရှောင်းယွင်ကို ဆေးရုံကို ဆေးစစ်ဖို့ခေါ်သွားတာ ရှောင်းယွင်မှာ ဘာပြဿနာမှမရှိပဲ ကျန်းမာရေးလည်းကောင်းတယ်လို့ ဆရာဝန်ကပြောလိုက်တယ်..."


ဝမ်ရူကွေ့က နားမလည်ဖြစ်သွားသည်။

"အဲဒါ ကောင်းတာမဟုတ်ဘူးလား..."


ကျိုးရန်က နှုတ်ခမ်းကိုကိုက်ကာဆက်ပြောလိုက်သည်။

"သူ့အတွက်ကောင်းပေမယ့် ငါ့အတွက်မကောင်းဘူးလေ...ကလေးမရသေးတဲ့ လင်မယားနှစ်ယောက်မှာ မိန်းမက ဘာပြဿနာမှ မရှိဘူးဆိုရင် ပြဿနာရှိနေတဲ့လူက ယောင်္ကျားဖြစ်နေတာပေါ့..."



"..."


နောက်ဆုံးတော့ ကျိုးရန်ပြောချင်သည်ကို ဝမ်ရူကွေ့နားလည်သွားကာ ကျိုးရန်အား သနားစာနာသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။


ကျိုးရန်လည်း ဝမ်ရူကွေ့က သူ့အား စာနာစွာကြည့်နေသည်ကို မြင်သောအခါ ငိုချမိတော့မတတ်ဖြစ်သွားသည်။

"ရူကွေ့...ငါ့မှာ ပြဿနာရှိနေတာဆို ဘယ်လိုလုပ်မလဲ..."


မိန်းမများ ကိုယ်ဝန်မရနိုင်လျှင် ယောင်္ကျားများက ကွာရှင်းလိုက်ကြသည်။ သို့သော် ယောင်္ကျားက ကလေးမရနိုင်လျှင်ရော မိန်းမက ကွာရှင်းမည်လား။


ကျိုးရန် မကွာရှင်းချင်ပေ။


ဝမ်ရူကွေ့က ကျိူးရန်၏ပခုံးကို ပုတ်ကာပြောလိုက်သည်။


"လျှောက်တွေးပြီး ကိုယ့်ဘာသာကိုယ် ဒုက္ခမပေးပါနဲ့ကွာ...ဒီအကြောင်းကို ချီမင်ကိုမေးကြည့်ပါလား...သူက ငါ့ထက်ပိုသိတယ်လေ..."


ကျိုးရန်က ခေါင်းခါလိုက်သည်။

"မင်း ဒီကိစ္စကို ချီမင်ကို လုံးဝပြန်မပြောရဘူး..."


ဝမ်ရူကွေ့: "?..."


ကျိုးရန်: "ချီမင်ရဲ့ကလေးက ဒီတရုတ်နှစ်သစ်ကူးဆို မွေးတော့မှာလေ...သူက ငါ့လို ကလေးမရနိုင်တဲ့ကောင်ရဲ့ ခံစားချက်ကို လုံးဝနားလည်မှာမဟုတ်ဘူး..."


ဝမ်ရူကွေ့: "..."


ငါလည်း နားမလည်ဘူးလေ...


ထို့နောက် ကျိုးရန်၏မျက်နှာက ရှက်သလိုလိုနှင့် တစ်မျိုးဖြစ်သွားသည်။


"ရူကွေ့...ငါ မင်းကို အကူအညီတောင်းစရာတစ်ခုရှိလို့..."


"ဘာလဲ..."


ကျိုးရန်က ပြောလိုက်သည်။

"ငါ ဆေးစစ်ဖို့ ဆေးရုံကိုသွားရင် မင်းအဖော်လိုက်ခဲ့ပေးနိုင်မလားလို့..."


ဝမ်ရူကွေ့: "..."


ကျိုးရန်က လက်အုပ်ပင်ချီကာ တောင်းပန်လိုက်သည်။

"လုပ်ပါကွာ...ငါတစ်ယောက်တည်း အဲဒါကြီးကို စစ်ဆေးဖို့ ဆေးရုံမသွားချင်လို့ပါ...မင်းလည်း လက်မထပ်ခင် စစ်ဆေးလိုက်တော့ ပိုကောင်းတာပေါ့...မင်းသာ လိုက်ပေးရင် ငါ မင်းအိမ်ကို တစ်လတိတိ သန့်ရှင်းရေးလုပ်‌ပေးပါမယ်..."


ဝမ်ရူကွေ့က ခဏစဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

"မင်းရဲ့အစ်မက စတိုးဆိုင်မှာ အလုပ်လုပ်တာမလား..."


ကျိုးရန်က အမြန်ခေါင်းငြှိမ့်လိုက်သည်။

"မင်း ဘာလိုချင်လဲသာ ပြောလိုက်..."


ဝမ်ရူကွေ့: "ငါ စောင်တွေ ခေါင်းအုံးတွေ...ဖန်ပုလင်း ဓာတ်ဘူး ရေပုံးနဲ့ရေခွက် ခြင်ထောင် အဲဒါတွေ အကုန်လိုချင်တယ်...ငါ နောက်ကျမှ မင်းကို စာနဲ့ရေးပေးမယ်...မင်း ငါ့ကို ဝယ်ပေးမလား..."


ကျိုးရန်: "ရတာပေါ့...အဲဒါတွေက ထုံရွှယ်လူအတွက်မလား...."


ထုံရွှယ်လူ၏နာမည်ကြားသောအခါ ဝမ်ရူကွေ့၏မျက်လုံးများက အနည်းငယ်နူးညံ့သွားကြသည်။

"ဟုတ်တယ်..."


နှစ်သစ်ကူးပြီးလျှင် ထုံရွှယ်လူက တက္ကသိုလ်သို့ သွားတော့မည်ဖြစ်သောကြောင့် ဝမ်ရူကွေ့လည်း သူတတ်နိုင်သည့်ဘက်မှ ပြင်ဆင်ပေးနေချင်မိသည်။


ကျိုးရန်က စနောက်သည့်လေသံဖြင့် "ကျစ်..." ဟု စုပ်သတ်ကာပြောလိုက်သည်။


"အိုခေလေ...ငါ့ကို စာရင်းရေးပေး...ငါ ငါ့အစ်မကို ပြင်ခိုင်းထားလိုက်မယ်...ဒါပေမယ့် မင်းကတော့ ငါနဲ့အတူ နှစ်သစ်ကူးပြီးရင် ဆေးရုံလိုက်ခဲ့ရမယ်နော်..."


ဝမ်ရူကွေ့: "ဘာဖြစ်လို့ နှစ်သစ်ကူးအတွင်း မသွားတာလဲ..."


ကျိုးရန်က မျက်နှာနီနီဖြင့် ပြောလိုက်သည်။

"နှစ်သစ်မှာ ငါကြိုးစားကြည့်ချင်သေးလို့လေ...နှစ်သစ်ကူးပြီးလို့ ငါ့မိန်းမမှာ ကိုယ်ဝန်ရသွားတယ်ဆိုရင် ငါ ဆေးသွားစစ်စရာမလိုတော့ဘူးပေါ့..."


ကျိုးရန်နှင့် သူ့ဇနီးတို့သည် တူတူနေရချိန်က နည်းသောကြောင့် ကိုယ်ဝန်မရနိုင်ခြင်းလည်း ဖြစ်နိုင်သည်။ ယခုနှစ်သစ်ကူးအချိန်၌ ကျိုးရန်သည် အပြင်မသွားပဲ အိမ်၌သာနေရန် စီစဉ်ထားသည်။


ဤတရုတ်နှစ်သစ်ကူးအချိန်၌သာ ကိုယ်ဝန်ရသွားခဲ့မည်ဆိုလျှင် ကျိုးရန်လည်း ဆေးစစ်ရန် ဆေးရုံသို့သွားစရာမလိုတော့ချေ။


ဝမ်ရူကွေ့လည်း ကျိုးရန်အား သူနားလည်သည် ဟုပြောကာ နှစ်သစ်ကူး၌ အိမ်သို့ပြန်ရန် အထုတ်ပြင်ရဦးမည်ဖြစ်သဖြင့် အိမ်သို့ ပြန်သွားတော့သည်။


*****


၁၉၇၈ ခုနှစ်၏ နွေဦးရာသီပွဲတော်သည် လူပေါင်းများစွာအတွက် ထူးခြားသော ‌နွေဦးပွဲတော်ဖြစ်ခဲ့သည်။


ထိုနှစ်၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်လည် ကျင်းပပေးခဲ့ကာ လူနှစ်သောင်း‌ကျော်တို့သည် တက္ကသိုလ်များသို့ ဝင်ခွင့်ရခဲ့ကြသည်။ ထိုနှစ်မှစ၍ ထိုလူများ၏ဘဝများသည်လည်း အကြီးအကျယ် ပြောင်းလဲသွားကြတော့သည်။


ဤနှစ်သည် ထုံရွှယ်လူတို့ မိသားစုအတွက်လည်း ထူးခြားသောနှစ်ဖြစ်သည်။


ယခုလောလောဆယ်တွင်တော့ ထုံရွှယ်လူသည် မိသားစုအကုန်လုံးနှင့် အစည်းအဝေးထိုင်နေလေသည်။


"ပထမဆုံးအနေနဲ့ အဖိုးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်...အဖိုးက သမီးတို့မိသားစုအတွက် ခြံနဲ့အိမ်လေး ဝယ်ပေးခဲ့တာမို့လို့ ဒီနွေဦးရာသီပွဲတော်ပြီးရင် သူများအိမ်ကို ငှားနေစရာမလိုတော့ဘူး..."


ထုံရွှယ်လူ၏စကားဆုံးသည်နှင့် လက်ခုပ်သံများ ထွက်လာသည်။


ရှောင်းမျန်မျန်က အသံသေးသေးလေးနှင့် ဝင်ပြောလိုက်သည်။


"ဖိုးဖိုးက အကောင်းဆုံးပဲ...နောက်ဆိုရင် သမီးတို့ အိမ်အပိုင်ကြီးနဲ့ နေရတော့မှာပေါ့နော်..."


ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့ကလည်း ဝင်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဖိုး..."


ထုံရွှယ်လူက အဝတ်အထည်တစ်ခုကိုထုတ်ကာ ဗိုလ်မှူးရှောင်းအားပေးလိုက်သည်။


"အဖိုး ဒါ သမီး အဖိုးအတွက် ဝယ်ထားတဲ့ ကုတ်အင်္ကျီပါ...အထဲမှာ အစားအစာလက်မှတ် နှစ်စောင်...အနှိပ်ခံဖို့ လက်မှတ် လေးစောင်နဲ့ သီချင်းလက်မှတ် နှစ်စောင်လည်း ပါပါတယ် .."


"အဖိုး အရသာရှိတာလေးတွေစားချင်ရင် စားစရာလက်မှတ်ကို သုံးလို့ရတယ်...ခါးနာတာတို့ ဘာတို့ဖြစ်ရင် အနှိပ်ခံလက်မှတ်သုံးပြီး ပျင်းလို့ သီချင်းတွေ ဘာတွေနားထောင်ချင်ရင် သီချင်းလက်မှတ် သုံးလို့ရတာပေါ့..."


စားစရာလက်မှတ်ကို ထုံရွှယ်လူကပေးခြင်းဖြစ်၍ အနှိပ်ခံလက်မှတ်များက ရှောင်းကျားမင်နှင့် ထုံကျားရှင်းက ပေးခြင်းဖြစ်ကာ သီချင်းလက်မှတ်များကတော့ ရှောင်းမျန်မျန်ဆီမှဖြစ်သည်။


ဗိုလ်မှူးရှောင်းသည် သူ့ရှေ့မှ ကုတ်အင်္ကျီနှင့် လက်မှတ်များကိုကြည့်၍ မျက်ရည်များပင်ဝဲလာလေသည်။

"ဟုတ်ပါပြီကွာ...မြေးတို့ရဲ့လက်ဆောင်ကို အဖိုးလက်ခံပါ့မယ်..."


ဗိုလ်မှူးရှောင်းသည် နှစ်ပေါင်းများစွာ စစ်တပ်ထဲ၌ အမှုထမ်းလာသူဖြစ်ရာ အထီးကျန်မှုကိုသာ အဖော်လုပ်နေခဲ့ရသူဖြစ်သည်။ သို့သော် ယခုတွင်တော့ သူ တစ်ယောက်တည်းမဟုတ်တော့ပေ။ သူ့၌ အလွန်ပင် ချစ်စရာကောင်း၍ သိတတ်လိမ္မာသော မြေးများရှိနေပေပြီ။


ဗိုလ်မှူးရှောင်း၏နှလုံးသားထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နေလေတော့သည်။


ထို့နောက် ထုံရွှယ်လူက ရှောင်းကျားမင်ကို ကြည့်လိုက်သည်။

"ကျားမင်က ဒီနှစ် အတန်းတစ်တန်းကျော်တက်ခဲ့တာတောင်မှ အမှတ်တွေက အရင်လို ကောင်းနေတုန်းပဲ...အဲဒါကြောင့် ကျားမင်ကို မမက အားကစားဖိနပ်အဖြူတစ်ရံ ဆုချမယ်..."


ရှောင်းကျားမင်၏မျက်လုံးများက ချက်ချင်း တောက်ပသွားကြသော်လည်း ခဏအတွင်းမှာပင် ကျားမင်သည် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။

"မမ...ကျွန်တော့်ကို အရင်ကလည်း ဖိနပ်တစ်ရံ ဆုချပေးထားပြီးသားလေ..."


ထုံရွှယ်လူက ဖိနပ်အသစ်ကို အိတ်ထဲမှ ထုတ်လိုက်သည်။

"အဲဒါက အရင်ကလေ...အဲဒီတုန်းတည်းကနေ အခုထိ ကျားမင်က လိမ်လိမ်မာမာနေပြီး စာကို သေချာကြိုးစားလို့ ထပ်ပြီး ဆုချသင့်လို့လေ...ဒီဖိနပ်ကို ကောင်းကောင်းစီးပြီး အခုနှစ်မှာလည်း ဆက်ပြီး ကြိုးစားရမယ်နော်..."


ရှောင်းကျားမင်သည် အဖြူရောင်အားကစားဖိနပ်ကို လှမ်းယူကာ ငိုချင်၍ နှာခေါင်းပင်နီနေသည်။

"ဟုတ်ကဲ့...ကျွန်တော် သေချာပေါက်ကြိုးစားမှာပါ..."


သူ့အစ်ကိုက ဘဝ၏ဒုတိယမြောက် အားကစားဖိနပ်ရသွားသည်ကို မြင်သောအခါ ထုံကျားရှင်းသည် မနာလိုဖြစ်လွန်း၍ မျက်နှာက သံပုရာသီးလို ချဉ်နေကာ သူ့အစ်မအား မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။


ထုံရွှယ်လူက ဆက်ပြောလိုက်သည်။

"ကျားရှင်းရဲ့ အမှတ်တွေက ကျားမင်လောက်တော့ မကောင်းပေမယ့် ကျားရှင်းလည်း မနှစ်ကထက်စာရင် အများကြီး တိုးတက်လာလို့ မင်းကိုလည်း မမက အဖြူရောင်အားကစားဖိနပ်တစ်ရံ ဆုချမယ်နော်...ဒီနှစ်လည်း မနှစ်ကလိုပဲ ဆက်ကြိုးစားပြီး အရင်ကလို ပျင်းမနေဖို့ ကတိပေးရမယ်ဟုတ်ပြီလား..."


ထို့နောက် အိတ်ထဲမှ နောက်ထပ်ဖိနပ်တစ်ရံကို ထုတ်ပြလိုက်သည်။


ထုံကျားရှင်းလည်း ချက်ချင်းပင် ပျော်ရွှင်သွားကာ ဝမ်းသာအားရ ထခုန်လိုက်သည်။


"ပျော်လိုက်တာ...ကျွန်တော်လည်း ဖိနပ်အသစ်ရပြီပေါ့နော်...ကျေးဇူးအများကြီးတင်ပါတယ် မမ...ကျွန်တော် ရှေ့လျှောက် အများကြီး ဆက်ကြိုးစားပါ့မယ်..."


ထုံကျားရှင်းသည် ပြီးခဲ့သည့်စာမေးပွဲတုန်းက အမှတ် ၆၀ သာ ရသောကြောင့် ဤနှစ်သစ်တွင် ဆုမရတော့ဟု ထင်ထားခဲ့မိခြင်းဖြစ်သည်။


သို့သော် မမျှော်လင့်ထားသည့်အချိန်မှာပင် သူ၏အစ်မက ဖိနပ်အဖြူအသစ်တစ်ရံ ဝယ်ပေးခဲ့လေသည်။ ယခုတွင်တော့ ထုံကျားရှင်းသည် ဖိနပ်အဟောင်းကြီးစီး၍ သူ့အစ်ကို၏စနောက်ခြင်းကို ခံရတော့မည်မဟုတ်ချေ။


ထုံကျားရှင်းသည် ပျော်ရွှင်ကာ အစ်မဖြစ်သူ ထုံရွှယ်လူကိုလည်း ပိုချစ်သွားမိသည်။


ထိုအခိုက်တွင် ရှောင်းမျန်မျန်ကလည်း သူမ၏ တုတ်တစ်သော လက်ချောင်းလေးများဖြင့် သူမကိုယ်သူမ လက်ညှိုး ထိုးကာ မေးလိုက်သည်။


"မမ မျန်မျန့်အတွက်ရော...မျန်မျန့်အတွက် လက်ဆောင်ရော..."


ထုံရွှယ်လူသည် ဝိုင်းစက်နေသောမျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူမ အား မျှော်လင့်တကြီးကြည့်နေသော ရှောင်းမျန်မျန်ကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။


ထို့နောက် အိတ်ထဲမှ အဝတ်နှင့်လုပ်ထားသော အရုပ်မလေးကို ဆွဲထုတ်လိုက်သည်။

"မနှစ်တုန်းက မျန်မျန်က လိမ္မာတဲ့ကလေးလေးဖြစ်ခဲ့တယ်နော်...ကိုကိုတွေနဲ့ မမတို့ ပင်ပန်းနေရင်လည်း အမောပြေအောင် သီချင်းတွေဆိုပြတယ်...ကိုယ့်ဘာသာကိုယ် ဖိနပ်လည်း စီးတတ်သွားပြီ...အဲဒါကြောင့် မျန်မျန့်ကို မမက အရုပ်မလေး ဆုချမယ်နော်..."


ထိုအရုပ်မလေးဖြစ်လာပုံမှာ ထုံရွှယ်လူက ထုံကျားရှင်းအား ပုံစံဆွဲခိုင်းကာ ဘေးအိမ်မှာ အဖွားရှန်ဝမ်ရုံအား ချုပ်ပေးရန် အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။


အရုပ်မလေးကို မြင်သောအခါ ရှောင်းမျန်မျန်သည် မျက်လုံးများပိတ်သွားအောင် ပြုံး၍ ထုံရွှယ်လူနားသို့ ပြေးလာလေသည်။

"အရုပ်မလေး...မျန်မျန်က အရုပ်မလေးတွေကို အချစ်ဆုံးပဲ..."


ရှောင်းမျန်မျန်၏ အရင်အရုပ်အဟောင်းလေးအား ရှောင်ကျိုးအား ပေးလိုက်ရသောကြောင့် အရုပ်မရှိပဲ အသားမကျဖြစ်နေရာမှ ယခုမှပင် အရုပ်မအသစ်လေး ရသွားခြင်းဖြစ်သည်။


သူမ၏မိသားစုဝင်များအကုန် ပျော်ရွှင်နေကြသည်ကို ကြည့်၍ ထုံရွှယ်လူလည်း မနေနိုင်ပဲ ပြုံးလိုက်မိသည်။


အခြားလူများအား လက်ဆောင်များပေး၍ သူမကိုယ်တိုင်အတွက်တော့ ဘာမှဝယ်ထားသည်ကို မမြင်သောအခါ ဗိုလ်မှူးရှောင်းသည် မနေနိုင်ပဲ မေးလိုက်မိသည်။

"သမီးအတွက်ရော ဘာမှမဝယ်ဘူးလား..."


သူတို့အဖိုး၏စကားကြောင့် ကလေးသုံးယောက်လုံးက သူတို့အစ်မအား လှမ်းကြည့်လိုက်သည်။


တကယ်တော့ မနှစ်တစ်နှစ်လုံး၌ ထုံရွှယ်လူသည် ပိုက်ဆံအများဆုံးရှာခဲ့၍ ပညာရေးမှာလည်း အတိုးတက်ဆုံးဖြစ်ခဲ့သည်မဟုတ်လား။


ထုံရွှယ်လူက ပြုံး၍ ပြောလိုက်သည်။

"သမီးအတွက်ဆုချစရာ‌ေတွကို သိမ်းထားပါတယ်...နောက်ကျမှ သမီးလိုချင်တာကို ဝယ်လိုက်ပါမယ်..."


တကယ်တော့ ထုံရွှယ်လူလည်း ကိုယ့်ဘာသာကိုယ် ဆုမချချင်၍ မဟုတ်ပေ။ ဤခေတ်က ပစ္စည်းများရှားပါးလွန်းသောကြောင့် ပိုက်ဆံရှိလျှင်တောင် ပစ္စည်းများက ဝယ်မရသောကြောင့်ဖြစ်သည်။


ထို့အပြင် ယခု ထုံရွှယ်လူ ဝတ်ထားသော အဝတ်အစားများအားလုံးကလည်း ဝမ်ရူကွေ့ ဝယ်ပေးထားခြင်းဖြစ်သည်။ ဝမ်ရူကွေ့က သူမ လိုအပ်သမျှကို ဝယ်ပေးနေသောကြောင့် ထုံရွှယ်လူကိုယ်တိုင်ပင် ဘာအှဝယ်စရာမလိုချေ။


ရှောင်းကျားမင်က ရုတ်တရက် စာကြည့်ခန်းဆီသို့ ပြေးသွားကာ လက်မှတ်အချို့ကို ယူလာသည်။

"ဒါက အလုပ်ခိုင်းလက်မှတ်...မမ ကျွန်တော့်ကို အလုပ်ခိုင်းချင်ရင် ဒီလက်မှတ်တွေ သုံးလို့ရတယ်..."


တကယ်တော့ ထိုလက်မှတ်မရှိလျှင်လည်း ထုံရွှယ်လူ အလုပ်ခိုင်းလျှင် ကျားမင်ရော ကျားရှင်းရော လုပ်ရမည်သာဖြစ်သည်။


သို့သော် ယခု၌ သူ့အစ်မအား တစ်ခုခုပြန်ပေးချင်လာသောကြောင့် ထိုလက်မှတ်များပေးလိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် ရှောင်းကျားမင်တစ်ယောက် မသက်မသာ ခံစားနေရမည်ဖြစ်သည်။


ရှောင်းကျားမင်က ထိုလက်မှတ်များပေးလိုက်သည်ကိုမြင်သောအခါ ထုံကျားရှင်းလည်း အခန်းထဲပြေးဝင်၍ လက်မှတ်များယူလာကာ ထုံရွှယ်လူအား ပေးလိုက်သည်။


ရှောင်းမျန်မျန်ကလည်း ထုံရွှယ်လူ၏ခြေထောက်ကို ဖက်၍ ချစ်စရာကောင်းစွာပြောလိုက်သည်။

"မျန်မျန်ကလည်း မမကို နှိပ်ပေးပြီး သီချင်းဆိုပြမယ်နော်..."


ထုံရွှယ်လူသည် အပြေးအလွှားနှင့် အစ်မကို ဂရုစိုက်ပေးနေကြသော ညီမနှင့် မောင်များကိုကြည့်၍ ရင်ဘတ်ထဲ နွေးထွေးသွားမိသည်။


ထိုအချိန်၌ ဗိုလ်မှူးရှောင်းသည် သူ့အိတ်ထဲမှ အနီရောင်စာအိတ်နှင့်ထည့်ထားသော နှစ်သစ်ကူးပိုက်ဆံအိတ် လေးအိတ်ကို ထုတ်လိုက်သည်။


"လာကြ...လာကြ...ဒါ မြေးတို့အတွက် နှစ်သစ်ကူးမုန့်ဖိုး..."


သူတို့လေးယောက်၌ ထုံရွှယ်လူက စာအိတ် နှစ်အိတ်ရသွားသည်။ ထုံရွှယ်လူက သူမအတွက် ဆုမချသောကြောင့် အဖိုးဖြစ်သူအနေဖြင့် ဆုချချင်သောကြောင့် ဟု ဗိုလ်မှူးရှောင်းက ရှင်းပြလိုက်သည်။


ကလေးသုံးယောက်ကလည်း ထုံရွှယ်လူ ပိုက်ဆံပိုရသည်ကို မနာလိုမဖြစ်ကြပေ။ သူတို့ရသော ဆုများနှင့် မုန့်ဖိုးများကိုသာ ကြည့်ကာ မျက်လုံးများပိတ်အောင် ပြုံး၍ ပျော်ရွှင်နေကြသည်။


"ကျေးဇူးတင်ပါတယ် ဖိုးဖိုး...ဒီ မြင်းနှစ်မှာ ကံကောင်းမှုတွေရရှိပြီး အစားအသောက်တွေ ကောင်းကောင်းစားရပြီး နောက် နှစ်ပေါင်းရာကျော်အထိ အသက်ရှည်ကျန်းမာပါစေ လို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်..."


"ဟားဟားဟား အေးပါကွာ...ဖိုးဖိုးကလည်း မင်းတို့ ဒီနှစ်မှာ စာတွေ အကောင်းဆုံးကြိုးစားနိုင်ကြပါစေ လို့ဆုတောင်းပေးပါတယ်..."


အပြင်၌ နှင်းမှုန်များ တဖွဲဖွဲကျဆင်းနေချိန်တွင် အခန်းထဲတွင်တော့ ရယ်သံများ လှိုင်ကာ မိသားစုငါးယောက်တို့သည် မီးရောင်အောက်၌ နွေးထွေးပျော်ရွှင်နေကြလေသည်။


နှစ်သစ်ကူးနေ့၏ပထမဆုံးရက်တွင် ဝမ်ရူကွေ့သည် ဒင်းဆမ်းနှင့် ဝက်သားပေါင်းများနှင့်အတူ ထုံရွှယ်လူ၏အိမ်ရှေ့သို့ ရောက်လာသည်။


မနှစ်က ဗိုလ်မှူးရှောင်းတစ်ယောက် ဝမ်ရူကွေ့ကို မြင်သောအခါ စားထားသည်များ အန်ထွက်တော့မတတ်ပင် ကြည့်မရဖြစ်ခဲ့သည်။


ယခုနှစ်သစ် ရောက်လာသည့်အချိန်ထိလည်း သူ ဝမ်ရူကွေ့အား ကြည့်မရသေးပါချေ။


သို့သော် ဝမ်ရူကွေ့နှင့် ထုံရွှယ်လူတို့က စေ့စပ်ထားပြီးသားဖြစ်သောကြောင့် သူ ဘာမှလုပ်မရဖြစ်နေသည်။


ဗိုလ်မှူးရှောင်းက ကြည့်မရဖြစ်နေသော်လည်း ထုံကျားရှင်းနှင့် ရှောင်းမျန်မျန်တို့ကတော့ ဝမ်ရူကွေ့အား အစ်ကိုအရင်းတစ်ယောက်ကဲ့သို့ ချစ်ခင်နေကြပြီဖြစ်သည်။


ဝမ်ရူကွေ့အား မြင်သောအခါ ထုံကျားရှင်း၏မျက်လုံးများက ပျော်ရွှင်စိတ်ဖြင့် ဝိုင်းစက်သွားကာ ဝမ်ရူကွေ့အား ချက်ချင်းအလေးပြုလိုက်သည်။


"ယောက်ဖကြီး...ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေ...ဒီနှစ်သစ်မှာ ကျန်းမာရေးကောင်းပြီး ကောင်းမွန်တဲ့အရာတွေပဲ ရပါစေ..."


ယောက်ဖကြီး!!


ထုံကျားရှင်း၏ခေါ်သံကို ကြားလိုက်သောအခါ ဝမ်ရူကွေ့ ရင်ပင်တုန်သွားမိသည်။


ဗိုလ်မှူးရှောင်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဟေ့ ကောင်လေး ဘာတွေလျှောက်အော်နေတာလဲကွ...မင်း အစ်မက လက်တောင်မထပ်ရသေးဘူးလေ..."


ထုံကျားရှင်းက နှာခေါင်းကို ပွတ်၍ ပြောလိုက်သည်။

"ဒါပေမယ့် မမနဲ့ အစ်ကိုရူကွေ့က စေ့စပ်ပြီးနေပြီပဲကို...နောက်ကျရင်လည်း လက်ထပ်တော့မှာပဲ..."


ဝမ်ရူကွေ့က အနှေးနှင့် အမြန် ယောက်ဖ ဖြစ်တော့မည်ဖြစ်သောကြောင့် ထုံကျားရှင်းက ကြိုခေါ်ထားလိုက်ခြင်းဖြစ်သည်။ ထိုသို့ ခေါ်သောကြောင့် ဝမ်ရူကွေ့က သူ့အား လက်ဆောင်များပင် ပေးလျှင်ပေးနိုင်သေးသည်။


ဝမ်ရူကွေ့သည် ထုံကျားရှင်းက သူ့အား ယောက်ဖ ဟု ထပ်ခါထပ်ခါ ခေါ်နေသည်ကို ပျော်ပျော်ကြီး နားထောင်ကာ အိတ်ထဲမှ အနီရောင်စာအိတ်သုံးအိတ်ကို ထုတ်လိုက်သည်။

"ဒါ မင်းတို့ သုံးယောက်အတွက်...ဒီနှစ်မှာလည်း စာကြိုးစားကြရမယ်နော်..."


"ကျေးဇူးတင်ပါတယ် ယောက်ဖကြီး..."


ထုံကျားရှင်းက စာအိတ်အနီကို လှမ်းယူကာ ပျော်ရွှင်စွာ အော်ပြောလိုက်သည်။


ရှောင်းမျန်မျန်သည်လည်း သူ့အစ်ကိုအော်နေသည်ကို ကြည့်၍ သူလည်း စာအိတ်ကို လှမ်းယူကာ လက်ကိုမြှောက်၍ အော်ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ် ယောက်ဖကြီး..."


ဝမ်ရူကွေ့: (*^▽^*)


ဗိုလ်မှူးရှောင်း: "...."