🍵Chapter 259
ထုံရွှယ်လူ မျက်မှောင်ကြုတ်လိုက်သည်။ "အပြင်ထွက်ပြီး ရှာကြည့်ရအောင်လေ"
ထိုအခိုက် ခပ်သွယ်သွယ် ပုံရိပ်တစ်ခု ရောက်ရှိလာခဲ့သည်။ "ရှင်တို့တွေ ကျန်းမာရေးစစ်ဆေးမှုအကြောင်းကြားစာ ပျောက်သွားတာလား"
ဖန်ကျင်းယွမ်၏ မျက်လုံးများ ဝင်းလက်သွားသည်။ "ဟုတ်တယ် ဟုတ်တယ်... ကျွန်မ ပျောက်သွားတာ... ရှင်တို့တွေ ကျွန်မရဲ့ အကြောင်းကြားစာကို ကောက်ရထားသေးလားဟင်"
ထိုမိန်းကလေးက ပြောလိုက်သည်။
"ကျွန်မ တစ်ရွက်ကောက်ရထားတယ်... ရှင့်ဟာ ဟုတ်မဟုတ် ကြည့်လိုက်လေ"
ဖန်ကျင်းယွမ် ယူကြည့်လိုက်သောအခါ ပျော်ရွှင်မှုကြောင့် ခုန်ပေါက်သွားလေသည်။ "ကျွန်မဟာပဲ... ကျေးဇူးပါ ရဲဘော်... ကျွန်မ ဒီနေ့ ကျန်းမာရေးစစ်ဆေးမှု မလုပ်ရတော့လောက်ဘူး ထင်နေတာ"
ထိုမိန်းကလေး မပြောမီ သူမဘေးမှ မိန်းကလေးက မကျေမနပ် ပြောလိုက်သည်။ "ဘာလို့ ပေးလိုက်တာလဲ... အရင်ဆုံး နာမည်လေးဘာလေး မေးပါဦးလား... သူ ဟန်ဆောင်နေရင် ဘယ်လိုလုပ်မလဲ"
မိန်းကလေးက တုန့်ဆိုင်းသွားပြီးနောက် နှာခေါင်းလေးကို ကုတ်ကာ ပြုံးပြလိုက်သည်။
"မဟုတ်လောက်ပါဘူး... ဒီလိုကိစ္စမျိုးကို ဘယ်သူက ဟန်ဆောင်မှာလဲ"
ဖန်ကျင်းယွမ်က သူမ၏ အလုပ်ကဒ်ပြားနှင့် အကြောင်းကြာစာကို ခပ်မြန်မြန် ထုတ်ယူလိုက်သည်။ "ကျွန်မ ဟန်မဆောင်ပါဘူး... ဒီမှာကြည့်... ကျွန်မ နာမည် ဖန်ကျင်းယွမ်ပဲလေ"
မိန်းကလေးက ၎င်းကို မြင်သောအခါ ပို၍တောက်ပစွာ ပြုံးပြလာသည်။ "ဝမ်းကွဲအစ်မ... ကျွန်မပြောသားပဲ... ဘယ်သူကမှ ဟန်ဆောင်မှာ မဟုတ်ပါဘူး ဆိုတာကို"
ဖန်ကျင်းယွမ်က ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီတစ်ခေါက်ကိစ္စအတွက် တကယ် ကျေးဇူးတင်ပါတယ်... စကားမစပ် ကျွန်မနာမည်က ဖန်ကျင်းယွမ်ပါ... ရှင့်နာမည်ကရော"
"ကျွန်မ နာမည်က ကျန်းပိုင်ဟွေ့ပါ.. ကျွန်မက ပေကျင်းတက္ကသိုလ် နိုင်ငံခြားဘာသာဌာနရဲ့ အင်္ဂလိပ်စာ ကျောင်းသူပါ... ရှင်ကရော"
ဖန်ကျင်းယွမ် အံ့သြတကြီး ပြောလိုက်သည်။ "အာ... တိုက်ဆိုင်လိုက်တာ"
ကျန်းပိုင်ဟွေ့၏ မျက်လုံးလေးများ ပြူးကျယ်သွားပြီး အံ့အားသင့်သော အမူအယာ ဖြစ်လာသည်။ "ရှင်ရော နိုင်ငံခြားဘာသာဌာနရဲ့ အင်္ဂလိပ်စာ ကျောင်းသူပဲလား"
ဖန်ကျင်းယွမ်က သူမကို ခေါင်းခါပြလိုက်သည်။ "ကျွန်မ မဟုတ်ပါဘူး... ကျွန်မရဲ့ သူငယ်ချင်းပါ... ကျွန်မ ပြောပြမယ်... သူက အရမ်းတော်တာနော်... ပေကျင်းမှာ ပထမရတဲ့သူလေ"
ထိုစကားကို ကြားသောအခါ ကျန်းပိုင်ဟွေ့နှင့် သူမ၏ ဝမ်းကွဲတို့ ရှောခ့်ရသွားကြသည်။
အထူးသဖြင့် ကျန်းပိုင်ဟွေ့မှာ စိတ်လှုပ်ရှားမှုကြောင့် ပါးပြင်လေးများ သွေးရောင်လွှမ်းလာသည်။."ရှင့်သူငယ်ချင်းက ဘယ်သူများလဲဟင်"
ဖန်ကျင်းယွမ် လှည့်ကာ ထုံရွှယ်လူကို လက်ညှိုးထိုးပြလိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
"ဒါ ကျွန်မ သူငယ်ချင်းလေ... အင်္ဂလိပ်စာမှာလည်း အမှတ်တစ်ရာ ရခဲ့တာ"
ကျန်းပိုင်ဟွေ့က ထုံရွှယ်လူအား အမာခံပရိတ်သတ်တစ်ယောက်၏ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "ဘုရားရေ... ရှင်က ရဲဘော်ထုံပဲ... မနက်အစောကြီးကတည်းက ရှင် ပေကျင်းမှာ အမှတ်အများဆုံးနဲ့ ပထမရခဲ့တာကို ကြားခဲ့တာပါ... ရှင့်ကို အရမ်းငယ်ပြီး အရမ်းလှနေမယ်လို့ မထင်ထားခဲ့ဘူး"
ကျန်းပိုင်ဟွေ့၏ ဝမ်းကွဲကလည်း သူမကို လေးစားသောမျက်လုံးများဖြင့် ကြည့်လိုက်သော်ငြား တစ်ခွန်းမှ ပြောမလာပေ။
ဖန်ကျင်းယွမ်က ဆက်ပြီး ကြွားဝါလေတော့သည်။
"ရှင်သိမှာ မဟုတ်ဘူး... ရွှယ်လူက လှပြီး စာတော်ရုံတင်မကဘူး... ဟင်းတွေကိုလည်း အရသာရှိအောင် ချက်တတ်သေးတယ်... အရှေ့လေပြေစားသောက်ဆိုင်အကြောင်း ကြားဖူးလားမသိ"
ကျန်းပိုင်ဟွေ့က ကြက်ပေါက်စလေးကဲ့သို့ ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ "ကြားဖူးပါတယ်"
ဖန်ကျင်းယွမ်က သူမ၏ ရင်ဘတ်ကို ကော့ကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ "အဲ့ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာက ရွှယ်လူပဲလေ"
ကျန်းပိုင်ဟွေ့က အော်ဟစ်လိုက်ပြန်သည်။
"ဘုရားရေ... ကျွန်မ အရှေ့လေပြေစားသောက်ဆိုင်မှာ နှစ်ခါလောက် သွားစားဖူးတယ်... မာလာထန်းနဲ့ အမဲသားလုံးက တကယ်စားကောင်းတာ.... ဒါပေမယ့် ကျွန်မသွားတဲ့အခါတိုင်း မန်နေဂျာကို မတွေ့ခဲ့ရဘူး... ဆိုတော့ ရှင်ဖြစ်နေတာကိုး"
"ရဲဘော်ထုံ တွေ့ရတာ ဝမ်းသာပါတယ်... လက်ဆွဲနှုတ်ဆက်လို့ ရမလား"
ထုံရွှယ်လူ: "..."
ကျန်းပိုင်ဟွေ့မှာ သူမ၏ ယခင်ဘဝမှ အိုင်ဒေါလ်ပရိတ်သတ်များနှင့် တူနေသည်။ သူမက ထိုပရိတ်သတ်များ၏ ပုံစံနှင့် ရင်းနှီးနေလေသည်။
သို့သော်ငြား သူမအကြောင်းကို အဆက်မပြတ် ကြွားဝါနေသည့် ဖန်ကျင်းယွမ်ကိုလည်း သတိပေးရန် လိုနေသေးသည်။
ထုံရွှယ်လူက ကျန်းပိုင်ဟွေ့နှင့် သူမ၏ ဝမ်းကွဲကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
ကျန်းပိုင်ဟွေ့က စိတ်လှုပ်ရှားမှုများကြောင့် မျက်နှာများ နီရဲလာသည်။
"အိမ်ပြန်သွားပြီးရင် လက်တောင် မဆေးချင်တော့ဘူး"
ထုံရွှယ်လူ: "..."
ဖန်ကျင်းယွမ်နှင့် ကျန်းပိုင်ဟွေ့တို့ စကားပြောကြလေလေ ပို၍ အဆင်ချောလာလေလေ ဖြစ်လာပြီး ချက်ချင်းခင်မင်သွားကြသည်။
နှစ်ယောက်သားက အပူအပင်ကင်းသော အမူအကျင့်များ ရှိလေသည်။ သူတို့ နှစ်ယောက်လုံးက ရုပ်ချောသူများကို သဘောကျတတ်ကြပြီး အစားကောင်းအသောက်ကောင်းများကိုလည်း ကြိုက်နှစ်သက်ကြသည်။
နှစ်ယောက်သားက ချက်ချင်းပင် လူရင်းများ ဖြစ်သွားကြသည်။
ထုံရွှယ်လူက ဘာမှ ဝင်မပြောပေ။ ကျန်းမာရေးစစ်ဆေးမှုပြီးနောက် အားလုံး အိမ်ပြန်လိုက်ကြပြီး သူတို့၏ အမေများကို သွားရှာခဲ့ကြသည်။
🍵
စစ်တပ်အိမ်ရာအတွင်းရှိ ဝမ်မိသားစုတွင်...
ထိုအချိန်၌ အဘိုးဝမ်မှာ ယခင်က ရှိခဲ့သည့် ပျော်ရွှင်မှုများ ရှိမနေတော့ဘဲ မျက်မှောင်ကြုတ်ထားလေသည်။ "ရှောင်ဇုန်း... သတင်းက အတည်ဖြစ်သွားပြီလား"
ဦးလေးဇုန်း ခေါင်းငြိမ့်ပြလိုက်သည်။
"သေချာပါတယ်... လူငယ်နှစ်ယောက်ထဲက တစ်ယောက်က ပေကျင်း တက္ကသိုလ်ကို တက်ခွင့်ရတယ်.... ပြီးတော့ နောက်နှစ်မှာ စာရင်းပေးဖို့အတွက် ပေကျင်းကို လာကြတော့မှာပါ"
အဘိုးဝမ် ထိုစကားများကို ကြားသောအခါ မျက်နှာက ပို၍ မဲမှောင်လာသည်။ "ရှောင်ဇုန်း... ငါဒီတစ်ခေါက် သူတို့ကို မတားနိုင်တော့မှာ ကြောက်မိတယ်"
အစိုးရက ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်ဖွင့်တော့မည့်အကြောင်း ရုတ်တရက် ကြေညာလိုက်ချိန်တွင် ထိုအချိန်ကလည်း ထိုမေးခွန်းကို စဥ်းစားခဲ့ဖူးသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ တိုင်းပြည်အတွက် အရည်အချင်း ရှိသူများအား ရွေးချယ်ပြီး လေ့ကျင့်ပေးရန် ဖြစ်သည်။ သူက ထိုလူနှစ်ယောက်ကို တားမြစ်ရန်ပင် မသမာသော နည်းလမ်းများ မသုံးချင်လေရာ ထိုကိစ္စက သာ၍ ဝေးပေရော့မည်။
သူတစ်ခါ တားနိုင်လိုက်တယ်ထားဦး... သူတို့ရဲ့ ကလေးတွေ မြေးတွေကို တားနိုင်ပါ့မလား...
သူသာ လက်တံရှည်ရှည် ဆန့်ကာ တစ်ဖက်လူများကို ထွက်သွားစေရန် နည်းလမ်းသုံးခဲ့ပါက တစ်ချိန်ကျလျှင် ထိုနည်းလမ်းကပင် သူ့ဘက်သို့ ဦးတည်လာသည့် ဓါးထက်ထက်တစ်ချောင်း ဖြစ်သွားနိုင်သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲများ ပြည်လည် ဖွင့်လှစ်ပေးသည့်အတွက် သူပျော်ရွှင်ခဲ့ရသော်လည်း ထိုမိသားစုနှစ်စု ထိုအခွင့်အရေးကို မှီခိုကာ ပေကျင်းသို့ ပြန်လာနိုင်ကြမည့် အကြောင်း စဥ်းစားမိချိန်တွင် ဒေါသထွက်သွားရသည်။
တစ်ချိန်တည်းမှာပင် နှလုံးသားထက် ပူပန်စိုးရိမ်မှုများ ပေါ်ပေါက်လာသည်။
ဦးလေးဇုန်းက စားပွဲပေါ်မှ လက်ဖက်ရည်အေးများကို လဲလှယ်ပေးလိုက်သည်။
"ဗိုလ်မှူး... စိတ်အေးအေးထားပါ... ဗိုလ်မှူး ထင်ထားသလောက်လည်း မဆိုးလောက်ပါဘူး"
အဘိုးဝမ် သက်ပြင်းချလိုက်သည်။ "လာသင့်တဲ့သူကတော့ လာရမှာပဲ"
သို့သော်လည်း သူအသက်ရှူနေသ၍ ထိုမိန်းမကို ဝင်ရှုပ်ခွင့် မပြုနိုင်ပေ။
ထုံရွှယ်လူက မူလတွင် သူမ သဘောကျနေသည့် အိမ်ဝင်းကို ဝယ်ရန် အချိန်ကြာလိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း နှစ်သစ်ကူး မတိုင်မီမှာပင် အိမ်ဝင်းသုံးဝင်း ရောင်းမည် ဖြစ်ကြောင်း ရုတ်တရက် သတင်းရလာခဲ့သည်။
ရှားပါးလှသော အခွင့်အရေးကြောင့် သူတို့က အိမ်အကြောင်းကို အမြန်အဆန် စုံစမ်းမေးမြန်းခဲ့ကြရသည်။
ခြံဝင်းသုံးခုမှာ အိမ်ယာတစ်ခုတည်းတွင် ရှိပြီး သိပ်မဝေးကြဘဲ နှစ်ခုမှာ ကပ်လျက် အိမ်နီးချင်းများ ဖြစ်ကြသည်။
ဝမ်မိသားစုနှင့် ဝေ့မိသားစုမှာ ရှောင်းမိသားစုနှင့် အိမ်နီးသွားစေရန်အတွက် အိမ်ဝင်းဝယ်ရန် တိုက်ခိုက်ခဲ့ကြသေးသည်။
အဆုံးတွင် အဘိုးဝမ်ကသာ မှောင်ခိုစျေးကြောင့် အနိုင်ရရှိသွားသည်။
အိမ်ဝင်းတစ်ခု၏ စျေးနှုန်းမှာ ယွမ် 8000ပတ်ဝန်းကျင်တွင် ရှိပြီး ထုံရွှယ်လူက ပိုက်ဆံရှာနိုင်သော်ငြား အဘိုးကသာ ငွေထုတ်ပေးခဲ့သည်။
ထုံရွှယ်လူ စျေးနှုန်းကို ကြားသောအခါ နှလုံးသားထဲတွင် စျေးချိုလွန်းသည်ဟု တွေးမိသွားသည်။
သူမ၏ ကိုယ်ပိုင်ငွေက နည်းနေသေးသည်ကြောင့်သာ မဟုတ်ခဲ့ပါက သေချာပေါက် တစ်လုံးဝယ်ကာ သူမ၏ အမည်ပေါက် သွင်းထားလိုက်မည် ဖြစ်သည်။
အိမ်ဝင်းကို ဝယ်ပြီးနောက် သူတို့က ပြန်လည်အလှဆင်ခြင်းနှင့် ပြုပြင်ရေးများ လုပ်ဆောင်ရမည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း တရုတ် နှစ်သစ်ကူးတော့မည် ဖြစ်၍ နွေဦးပွဲတော်ပြီးမှသာ ပြောင်းရွှေ့နိုင်ပေတော့မည်။
သို့သော်လည်း အဘိုးဝမ်ကမူ ပျော်ရွှင်နေဆဲ ဖြစ်သည်။
ရှောင်းမိသားစုနှင့် အိမ်နီးချင်း ဖြစ်ရခြင်း ဟူသည်မှာ အနာဂါတ်တွင် ထုံရွှယ်လူ၏ လက်ရာများကို မကြာခဏ စားသောက်နိုင်တော့မည် ဟူသည့် အဓိပ္ပါယ်ပင် ဖြစ်ပေသည်။
ရက်အနည်းငယ်အကြာ 1978ခုနှစ်၏ နွေဦးပွဲတော်ကို လူတိုင်း ကျင်းပခဲ့ကြသည်။
အားလပ်ရက်မတိုင်မီ ဝမ်ရူကွေ့တစ်ယောက် ခေါင်းဆောင်ကျွမ်း၏ ရုံးခန်းထဲသို့ အခေါ်ခံခဲ့ရသည်။
ဝမ်ရူကွေ့: "ခေါင်းဆောင်... ကျွန်တော့်ကို ခေါ်တာ ဘာညွှန်ကြားစရာများ ရှိလို့လဲ"
ခေါင်းဆောင်ကျွမ်းက ချောင်းဟန့်ကာ ရေပုလင်းထဲမှ ရေတစ်ငုံသောက်လိုက်သည်။ "မင်းကို ပြောဖို့ တာဝန်တစ်ခု ရှိနေလို့"
တာဝန်ဟူသည့်စကားကို ကြားသောအခါ ဝမ်ရူကွေ့၏ အမူအယာက ပို၍ အလေးအနက် ဖြစ်လာသည်။
"ခေါင်းဆောင် ပြောသာ ပြောပါ"
ခေါင်းဆောင်ကျွမ်းက ရေဘူးကို ပြန်ချကာ ပြောလိုက်သည်။ "မင်းရဲ့ သတို့သမီးလောင်းက ကောလိပ်ဝင်ခွင့်ရခဲ့တယ်လို့ ငါကြားထားတယ်"
ထုံရွှယ်လူ အကြောင်း ကြားသောအခါ ဝမ်ရူကွေ့၏ မျက်နှာထက် နူးညံ့မှုများ ဖြတ်ပြေးသွားသည်။
"ဟုတ်ပါတယ်... ပေကျင်း တက္ကသိုလ် နိုင်ငံခြားဘာသာဌာနကို ဝင်ခွင့်ရထားပါတယ်"
ခေါင်းဆောင်ကျွမ်း: "မင်းက အခု တွဲဖက်ရသွားပြီပဲ... မင်းက ကမ်းပေါ် တက်သွားရပေမယ့် ငါတို့ဌာနမှာ ရေဒလက်ထဲကနေ မတက်နိုင်သေးတဲ့ လူပျိုတွေ အများကြီး ရှိသေးတာ သိတယ်မလား"
ဝမ်ရူကွေ့: "..."
ချစ်သူ မရှိတာကို ဒီလောက်ကြီး သနားစရာကောင်းအောင် ဖော်ပြစရာလိုလို့လား..
ခေါင်းဆောင်ကျွမ်း: "ဒါကြောင့် ဒီတစ်ခေါက် နှစ်သစ်ကူး ကျင်းပဖို့ ပြန်သွားရင် မင်းရဲ့ ချစ်သူနဲ့ အချိန်ကုန်ဆုံးလို့ ရတယ်လို့ ပြောမလို့... ပြီးရင် တက္ကသိုလ်ကို သတင်းပို့ဖို့ သွားတဲ့အခါ လိုက်ပို့လို့လည်း ရတယ်... ပြီးတဲ့အခါ သူ့ကို ချစ်သူ မရှိတဲ့ ကောလိပ်ကျောင်းသူလေးတွေ ရှာခိုင်းထား... ဒါပြီးရင် ငါတို့ရဲ့ သုတေသနစခန်းနဲ့ သူငယ်ချင်းဖွဲ့ခိုင်းရင် ဘယ်လိုလဲ..."
ဝမ်ရူကွေ့ "..."
ခေါင်းဆောင်ရေ... ဒါတော့ နည်းနည်းလောက် အရှက်မဲ့လွန်းသွားပြီနော်...
ကောလိပ်ကျောင်းသူလေးတွေက အခုထိ ကျောင်းကို မရောက်ရသေးဘူး... အခုကတည်းက ဒီအကြောင်းကို စဥ်းစားနေပြီ...
ခေါင်းဆောင်ကျွမ်းက သူ့ကို တိတ်တဆိတ် ကြည့်လိုက်ပြီး တုံးကို ဖြုတ်ကာ ပြောလိုက်သည်။
"မင်း ကျောင်းသူလေးတွေ လိုက်ဖို့ ကူညီပေးရင် နောက်နှစ်အတွက် ခွင့်ငါးရက် ပိုပေးမယ်"
ဝမ်ရူကွေ့၏ မျက်လုံးများ ဝင်းလက်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဆယ်ရက်"
ခေါင်းဆောင်ကျွမ်း: "ခုနှစ်ရက်"
ဝမ်ရူကွေ့: "ဆယ့်နှစ်ရက်"
ခေါင်းဆောင်ကျွမ်းက သူ့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ "ရူကွေ့ မင်း ဘယ်တုန်းကတည်းက ဒီလောက်ထိ ဥာဏ်နီဥာဏ်နက်များတတ်သွားရတာလဲ"
ဝမ်ရူကွေ့၏ နားရွက်ဖျားလေးများ အနည်းငယ် ရဲတွက်သွားပြီး အသံထွက်မလာတော့ပေ။
ချစ်သူလေးနှင့် အတူရှိနိုင်ရန် ဥာဏ်နီဥာဏ်နက် များသင့်က များရပေမည်။
ခေါင်းဆောင်ကျွမ်းမှာ ရွေးစရာ မရှိတော့ဘဲ အဆုံးတွင် သဘောတူလိုက်ရသည်။ "ဆယ်ရက်ဆိုလည်း ဆယ်ရက်ပေါ့... ဒါပေမယ့် တစ်ခါတည်း ယူလို့တော့ မရဘူးနော်... ခွဲပြီး ယူရမှာ"
ဝမ်ရူကွေ့၏ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးတက်လာခဲ့သည်။ "သိပါပြီ... ပြန်ရောက်ရင် ရွှယ်လူကို ပြောလိုက်ပါမယ်"
ရုံးခန်းထဲမှ ထွက်လာသောအခါ ကြေကွဲနေသည့် ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် ကျိုးရန်က သူ့ထံသို့ လျှောက်လာနေသည်။
ဝမ်ရူကွေ့က အထူးတဆန်းပုံစံဖြင့် မေးလိုက်သည်။ "မင်းဘာဖြစ်နေတာလဲ"
ကျိုးရန်က သူ့ကို မြင်သောအခါ ငိုချလုနီးပါး ဖြစ်သွားသည်။ "ရူကွေ့ရေ... ငါက မစွမ်းဆောင်နိုင်ဘူးတဲ့"
ဝမ်ရူကွေ့:?
ကျိုးရန်: "ငါက ကလေးမရနိုင်ဘူးတဲ့"
ဝမ်ရူကွေ့: "..."