အပိုင်း၂၆၃
Viewers 67k

🍵Chapter 263




ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသည်။


ဝမ်ရူကွေ့၏လက်များက တဆတ်ဆတ်တုန်နေကာ လက်ထဲမှ ဖန်ပုလင်းပင် ပြုတ်ကျတော့မတတ်ဖြစ်သွားသည်။

"ရွှယ်လူ...မင်း ဘာဖြစ်လို့ ဒီရောက်နေတာလဲ..."


ထုံရွှယ်လူက မဖြေပဲ ဝမ်ရူကွေ့၏လက်ထဲမှ ပုလင်းထံသို့သာ အကြည့်ရောက်သွားသည်။


ပုလင်းထဲ၌ လေးမီလီ ငါးမီလီလီတာခန့်ရှိသော  အဖြူရောင်အရည်များရှိနေသည်။


သူတို့နှစ်ယောက်၏ ခိုးကြောင်ခိုးဝှက်အပြုအမူနှင့် သူနာပြု၏အမူအယာကိုကြည့်၍ ဝမ်ရူကွေ့တို့ ဘာလုပ်နေသည်ကို ထုံရွှယ်လူ အနည်းငယ်တော့ ရိပ်မိပြီးဖြစ်သည်။


သို့သော် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

"ဒီနားက ဖြတ်သွားရင်း ရှင်နဲ့ ကျိုးရန်တို့ကို လှမ်းတွေ့လိုက်လို့ လိုက်တာလိုက်တာ...ရှင့်လက်ထဲမှာ ကိုင်ထားတာ ဘာတွေလဲ..."


ဝမ်ရူကွေ့သည် မျက်နှာမှသွေးများထွက်မတတ် မျက်နှာနီရဲသွား၍ လက်ထဲမှ ပုလင်းကို အမြန် အနောက်သို့ ဝှက်လိုက်သည်။


"ဘာ...ဘာမှမဟုတ်ပါဘူး..."


ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာမှမဟုတ်ဘူး ဟုတ်လား...ရှင့်လက်ထဲမှာ တစ်ခုခုကိုင်ထားတာ အသိသာကြီးကို ဘာမှမဟုတ်ဘူး လို့ပြောတယ်ပေါ့...ကျွန်မကို မျက်စိကန်းနေတယ်ထင်နေတာလား..."


"အဲ့လို အဓိပ္ပာယ်နဲ့ပြောတာမဟုတ်ပါဘူး...ကိုယ်..."


ဝမ်ရူကွေ့သည် စိတ်လှုပ်ရှားကာ ဘာလုပ်ရမည်မသိဖြစ်နေတော့သည်။ သူ့စိတ်ထဲရှိသည့်အတိုင်းဆိုလျှင်တော့ ကိစ္စအကုန်လုံးကို ထုံရွှယ်လူအား ရှင်းပြလိုက်တော့မည်ဖြစ်သည်။


ထိုအချိန်၌ပင် ထုံရွှယ်လူသည် နားနှစ်ဖက်လုံးကို လက်ဖြင့်ပိတ်၍ နာကျင်သွားသော မျက်နှာလေးဖြင့် ပြောလိုက်သည်။

"မကြားချင်ဘူး မကြားချင်ဘူး မကြားချင်ဘူး..."


"ရှင်ပဲ မအားလို့ ကျွန်မကို ကျောင်းလိုက်မပို့ပေးနိုင်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား...အခုတော့ ရှင်က ကျွန်မ မသိအောင် ပေကျင်းကို ခိုးကြောင်ခိုးဝှက် ပြန်ရောက်လာတယ်ပေါ့...အခုလည်း ကျွန်မမျက်စိနဲ့ တပ်အပ်မြင်နေတာကိုတောင် လိမ်နေပြန်ပြီ...ရှင် အကျင့်တွေ ပြောင်းကုန်ပြီလား...ပြောစမ်းပါ..."


ဝမ်ရူကွေ့၏ မျက်နှာက ဖြူလျော်သွားကာ ခေါင်းကို ပလုတ်တုတ်ကဲ့သို့ အတင်း ခါရမ်းလိုက်သည်။


"မဟုတ်ဘူး ရွှယ်လူ...ကိုယ် အကျင့်တွေပြောင်းသွားတာမဟုတ်ပါဘူး...ကိုယ် အခု ဒီဆေးရုံကိုရောက်နေတာက ကျိုးရန်က ကလေးမရနိုင်လို့ ဆေးစစ်ဖို့ကို ကိုယ့်ကိုပါ အဖော်လိုက်ခိုင်းလို့ လိုက်လာတာပါ..."


"ဒီလို ကိစ္စမျိုးက ယောင်္ကျားတွေရဲ့ သိက္ခာနဲ့ ဆိုင်လို့ လူသိရှင်ကြား လုပ်လို့မကောင်းဘူးလေ...အဲဒါကြောင့် ကျိုးရန်ရဲ့သိက္ခာကိုထိန်းပေးဖို့ ကိုယ်လိမ်ပြောခဲ့တာပါ...ကိုယ်တောင်းပန်ပါတယ်နော်...နောက်ဆို ကိုယ်ဘယ်တော့မှ လိမ်‌မပြောတော့ပါဘူး..."


အခန်းထဲမှထွက်လာသောကျိုးရန်: "..."


ငါ့ သိက္ခာကိုရော ငါ့မိသားစုရဲ့ သိက္ခာကိုရော ထိန်းပေးလို့ ကျေးဇူးပါ ငါ့ကောင်ရူကွေ့ရာ...


ကျိုးရန်သည် သူ ခိုးကြောင်ခိုးဝှက်လုပ်နေသောကိစ္စကို ဝမ်ရူကွေ့က ထုံရွှယ်လူအား အိတ်သွန်ဖာမှောက်ပြောလိုက်သောကြောင့် စိတ်တိုကာ မျက်နှာကြီး မည်းသွားလေသည်။ ကျိုးရန်၏စူပုပ်နေသောမျက်နှာကို ထုံရွှယ်လူ မြင်သောအခါ ရယ်ချင်မိသွားသည်။


ယခုလောလောဆယ်၌ ထုံရွှယ်လူသည် ရုပ်ရှင်ဇာတ်လမ်းတွဲများ စွဲနေသောကြောင့် ရုပ်ရှင်ထဲမှ မင်းသမီးများအတိုင်း နားလည်မှုအပြည့်အဝပေးနိုင်သည့်ပုံ ဖမ်းလိုက်သည်။


"တကယ်တော့ ကျွန်မကမှ ရှင့်ကို အထင်လွဲခဲ့မိတာပဲ...ရှင် ဆက်ပြီး စစ်ဆေးလိုက်ပါ...ကျွန်မ အပြင်မှာ စောင့်နေပါမယ်..."


ဝမ်ရူကွေ့လည်း ထိုအခါမှပင် သက်ပြင်းချနိုင်တော့သည်။


သို့သော် အနောက်သို့ လှည့်လိုက်သည့်အခါ မမျှော်လင့်ထားပဲ မျက်နှာကြီးစူပုတ်သိုးနေသော ကျိုးရန်နှင့် မျက်နှာချင်းဆိုင်မိသွားသည်။


"..."


အခြေအနေက ထပ်ပြီး တင်းမာသွားပြန်လေသည်။


ထို့နောက် နှစ်ယောက်သား ဖန်ပုလင်းလေးများ ကိုယ်စီကိုင်၍ ဆရာဝန်ကြီးအခန်းထဲသို့ ပြန်ဝင်သွားရာ ဆရာဝန်ကြီးက ပုလင်းများကို သေချာကြည့်၍ အထဲမှ ခဲစပြုနေသော အရည်များကိုလည်း ဖန်ချောင်းတစ်ခုနှင့် ထိုးကြည့်နေသည်။


အခန်းတစ်ခုလုံး ဖန်နှင့်ဖန်ချင်း ထိသံမှလွဲ၍ တိတ်ဆိတ်နေလေသည်။


ဝမ်ရူကွေ့ရော ကျိုးရန်ရော အသက်ရှူရန်ပင်မေ့နေကြကာ ကျိုးရန်ကတော့ ပို၍ စိတ်လှုပ်ရှားနေ၍ နှလုံးက အခုန်လွန်ကာ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ်ပင် ဖြစ်နေသည်။


နှစ်တစ်ရာခန့်ကြာသွားသည်ဟု ခံစားရပြီးသောအခါမှ ဆရာဝန်ကြီးသည် ခေါင်းကိုမော့၍ အရည်ပိုများများပါသော ဖန်ပုလင်းကို လက်ညှိုးထိုးကာ မေးလိုက်သည်။


"ဒါ ဘယ်သူ့ဟာလဲ..."


ဝမ်ရူကွေ့က ရှက်ပြီး နားရွက်နီနီဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်တော့်ဟာပါ..."


ဆရာဝန်ကြီး: "မင်းဟာက ပုံမှန်ပဲ...အခြေအနေလည်းကောင်းတယ်..."


ဝမ်ရူကွေ့လည်း ရုတ်တရက် ကြောင်သွားပြီးမှ သဘောပေါက်သွားသည်။


အခြေ‌အနေကောင်းတယ်ဆိုတာ ကလေးရနိုင်သည်ဟု ဆိုလိုခြင်းပဲမဟုတ်လား။


ထို့နောက် ဆရာဝန်ကြီးက ကျိုးရန်ကို ကြည့်၍ ခေါင်းခါလိုက်ပြီးမှ သက်ပြင်းချလိုက်သည်။


ဆရာဝန်ကြီးကိုကြည့်၍ ကျိုးရန်သည် ထိတ်ခနဲ ရင်တုန်သွားကာ မျက်နှာကလည်း သွေးမရှိတော့သလို ဖြူဖတ်ဖြူလျော်ဖြစ်သွားသည်။

"ဆရာ...ဆရာ...ကျွန်တော့်မှာရော ပြဿနာရှိနေတာလား..."


ဆရာဝန်ကြီးက မျက်မှောက်ကြုတ်လိုက်သည်။

"ဒီ ပုလင်းနှစ်ခုကို မင်းပဲ ယှဉ်ကြည့်လေ...မင်း သူငယ်ချင်းရဲ့ဟာက လေးမီလီမီတာ ငါးမီလီလီတာလောက်ရှိပေမယ့် မင်းဟာက တစ်မီလီလီတာလောက်ပဲ ရှိတယ်လေ..."


ဝမ်ရူကွေ့: "..."


ကျိုးရန်: "..."


ဆရာဝန်ကြီး: "ဘာဖြစ်လို့ မင်းဟာက ဒီလောက်နည်းနေရတာလဲ...မနေ့ညက မင်းရဲ့မိန်းမနဲ့ တူတူအိပ်ခဲ့သေးလား..."


ကျိုးရန်က ခေါင်းခါလိုက်သည်။

"မအိပ်ပါဘူး ဆရာ..."


ဆရာဝန်ကြီးက ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။

"အင်း...အရမ်းနည်းလွန်းတယ်...မဖြစ်နိုင်ဘူး..."


မဖြစ်နိုင်ဘူး!!?


ထိုစကားကိုကြားသောအခါ ကျိုးရန်သည် ခြေထောက်များပျော့ခွေ၍ ကြမ်းပေါ်သို့ ပြုတ်ကျတော့မတတ်ပင်ဖြစ်သွားသည်။

"ဆရာ...ကျွန်တော် ကလေးမရနိုင်တော့ဘူးလား..."


ဆရာဝန်ကြီး: "မင်းအသက်အရွယ်နဲ့ အခု ပမာဏက နည်းလွန်းတယ်...နည်းရုံမကဘူး...မင်းဟာက ကျဲလည်းကျဲနေသေးတယ်...အနည်ဆိုရင် မထိုင်သလောက်ပဲ..."


ကျိုးရန်၏မျက်နှာက စာရွက်ကဲ့သို့ ဖြူလျော်နေပြီဖြစ်သည်။


ဆရာဝန်ကြီးက မျက်နှာတည်တည်ဖြင့် ဆက်ပြောလိုက်သည်။

"ကလေးကတော့ ရနိုင်တယ်...ဒါပေမယ့် သာမာန်ထက်တော့ ခက်လိမ့်မယ်..."


ကျိုးရန်၏သုတ်ရည်က ပမာဏနည်းသည့်အပြင် ကျဲလည်းကျဲနေသောကြောင့် အမျိုးသမီးအတွက် ကလေးရရန် ခက်မည်ဖြစ်သည်။


ကျိုးရန်သည် မေ့လဲ‌သွားမတတ်ပင်ဖြစ်သွားသည်။


ထို့နောက် ဆရာဝန်ကြီးက ကျိုးရန်အား ဘာဆေးမှသောက်ရန်မလိုပဲ လေ့ကျင့်ခန်းများများလုပ်၍ စောစောအိပ်ရန်ပြောလိုက်သည်။ အကယ်၍ ကျိုးရန် အလိုရှိလျှင် ရှေးဟောင်းတရုတ်ဆေးများကို စမ်းကြည့်နိုင်ကြောင်းလည်း ပြောလိုက်သည်။


ဆရာဝန်ကြီးအခန်းထဲမှထွက်လာသောအခါ ကျိုးရန်သည် ဝမ်းနည်းနေသောကြောင့် စကားပင်မပြောနိုင်ဖြစ်နေသည်။


ဝမ်ရူကွေ့က ထုံရွှယ်လူအား အခြေအနေကို ပြောပြလိုက်သည်။

"ကျိုးရန်ရဲ့ သုတ်ရည်အခြေအနေကမကောင်းလို့ သူတို့ ကလေးရဖို့က ပုံမှန်ထက်ခက်လိမ့်မယ်လို့ ပြောလိုက်တယ်..."


ထုံရွှယ်လူက အစကတော့ ဘာပြန်ပြောရမည်မသိပဲ တိတ်ဆိတ်သွားသည်။ သို့သော် ခဏအကြာတွင် မျက်ခုံးများကိုပင့်၍ မေးလိုက်သည်။

"ရှင်ကရော..."


ဝမ်ရူကွေ့က ချက်ချင်းပင် မျက်နှာနီသွားသည်။

"ဆရာဝန်ကပြောတာတော့...အခြေအနေကောင်းတယ်တဲ့..."


ရှက်လိုက်တာ...


ဝမ်ရူကွေ့ရှက်နေပုံကိုကြည့်၍ ဘေး၌ လူအများကြီးသာမရှိလျှင် ထုံရွှယ်လူ သူ့အား စနေမိမည်ဖြစ်သည်။


ထို့နောက် ထုံရွှယ်လူသည် ကောင်းကင်ကြီးပြိုသွားသကဲ့သို့ ဖြစ်နေသော ကျိုးရန်ကို လှမ်းကြည့်၍ ဝမ်ရူကွေ့အားပြောလိုက်သည်။

"ဒီဆေးရုံက သိပ်ပြီးလည်း ကောင်းတဲ့ပုံမပေါက်ပါဘူး...ဒါကြီးကို သိပ်ပြီး အတည်ယူမနေပါနဲ့လို့ ရဲဘော်ကျိုးကိုပြောလိုက်ပါ...ရှင်တို့ပြန်ရောက်ရင် စိတ်ချရတဲ့ ဆေးရုံကြီးကြီးတစ်ခုစီ ထပ်သွားစစ်ကြည့်လိုက်ကြနော်..."


ဤကောင်လေးနှစ်ယောက်သည် ဘယ်လောက်တောင် စိတ်မချရသလဲဆိုလျှင် သူတို့ အရှက်ကွဲမည်စိုး၍ ဤကဲ့သို့ စုတ်ပြတ်သောဆေးရုံလေးသို့ ဆေးလာစစ်ကြသည်တဲ့။


အမျိုးသားတစ်ယောက်၏ သုတ်ရည်အခြေအနေကို စစ်ဆေးဖို့ဆိုလျှင် ယခုကဲ့သို့ မျက်စိနှင့်ကြည့်၍ ဆုံးဖြတ်၍မရပေ။ အဆင့်မြင့်ပစ္စည်းကိရိယာများလိုအပ်သည်။


သို့သော် ထိုကဲ့သို့ ပစ္စည်းကိရိယာများက ဤခေတ်၌ မပေါ်သေးသောကြောင့် အမျိုးသား၏သုတ်ရည်က ကလေးရနိုင် မရနိုင်ကို သေချာစစ်ဆေးရန်က ခက်ပေသည်။


ဤကိစ္စကြီးက ရှက်စရာကောင်းသောကြောင့် ထုံရွှယ်လူကဲ့သို့ လက်မထပ်ရသေးသော မိန်းမပျိုလေးတစ်ယောက်က ဤအကြောင်းကို အသေးစိတ်ပြောနေပါက လူများ ထိတ်လန့်ကုန်ကြနိုင်သည်။ 


ထို့ကြောင့် ထုံရွှယ်လူလည်း ပါးစပ်ပိတ်ထားရန်သာဆုံးဖြတ်လိုက်သည်။


ဝမ်ရူကွေ့က ခေါင်းငြှိမ့်လိုက်သည်။

"ကိုယ်သိပါတယ်...ကိုယ် ပြောလိုက်ပါမယ် ကျိုးရန်ကို...ပြီးတော့ ရွှယ်လူ့ကို လိမ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်နော်...နောက်ဆို ကိုယ်ဘယ်တော့မှ မလိမ်တော့ပါဘူး..."


ထုံရွှယ်လူက မျက်နှာတည်တည်နှင့် ပြန်ပြောလိုက်သည်။

"အင်း...ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်ပါမယ်...ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ မရတော့ဘူးနော်..."


ဝမ်ရူကွေ့က ချက်ချင်းပင် ခေါင်းကို တဆတ်ဆတ်ငြှိမ့်လိုက်သည်။


ဝမ်ရူကွေ့တို့သည် ခွင့်ကတစ်ရက်ပဲရသောကြောင့် ချက်ချင်းပင် ဌာနချုပ်သို့ ပြန်သွားရသည်။


ထုံရွှယ်လူကလည်း ကျန်းတန့်ဟုန်ဆီသို့ သွားမည်ဖြစ်သောကြောင့် ဆေးရုံမှထွက်လာပြီးသောအခါ သုံးယောက်သား လမ်းခွဲသွားကြရတော့သည်။


🍵


ထုံရွှယ်လူသည် ကျန်းတန့်ဟုန်၏အိမ်သို့ ဘတ်စ်ကား စီးသွားလိုက်သည်။


ထုံရွှယ်လူရောက်သွားသောအခါ ကျန်းတန့်ဟုန်က အထုတ်အပိုးများ ထုတ်ပိုးနေ၍ ထုံရွှယ်လူကိုမြင်သောအခါ အံ့ဩသွားသည်။

"ရွှယ်လူက ဒီကို ဘာလာလုပ်တာလဲ...ကျောင်းအပ်ပြီးပြီလား..."


ထုံရွှယ်လူ: "အခုပဲ အပ်ပြီးပြန်လာတာ...အစ်မရော ဘယ်တော့သွားမှာလဲ..."


ကျန်းတန့်ဟုန်က ထုံရွှယ်လူအတွက် ရေတစ်ခွက်ခပ်ပေးကာပြောလိုက်သည်။

"မနက်ဖြန်သွားမှာ...အခုက ဝယ်စရာလေးတွေ ရှိနေသေးလို့..."


ထုံရွှယ်လူက သူမ၏အိတ်ထဲမှ လက်မှတ်များထုတ်ပေးလိုက်သည်။

"လက်မှတ်တွေ လိုလို့လား...ညီမမှာရှိသေးတယ်...အစ်မ သုံးရင်သုံးလိုက်လေ..."


ထုံရွှယ်လူသည် ကျန်းတန့်ဟုန် တစ်ယောက်တည်းဖြစ်နေ၍ ကူပေးမည့်လူမရှိဖြစ်နေမည်ထင်သောကြောင့် ရောက်လာပေးခြင်းဖြစ်သည်။


ကျန်းတန့်ဟုန်က ထုံရွှယ်လူ့လက်ထဲမှ လက်မှတ်များကိုကြည့်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်...ဒါဆို အစ်မ အားနာမနေတော့ဘူးနော်...ကျောင်းက ထောက်ပံ့ငွေပေးတာနဲ့ အစ်မ ပြန်ပေးပါမယ်..."


ထုံရွှယ်လူက လက်ခါပြလိုက်သည်။

"ရပါတယ်...အေးဆေးမှပြန်ပေး...အခု ဘာတွေ မဝယ်ရသေးတာလဲ...ညီမလည်း တူတူလိုက်ခဲ့မယ်လေ..."


ကျန်းတန့်ဟုန်က နာရီကို လှမ်းကြည့်လိုက်သည်။

"အိုခေလေ...အခုပဲ သွားလိုက်မယ်..."


ထို့နောက် နှစ်ယောက်သားသည် ကုန်တိုက်သို့သွား၍ အဝတ်ဇလုံနှင့် အခြား နေ့စဉ်သုံး လိုအပ်မည့်ပစ္စည်းများကို ဝယ်လိုက်ကြသည်။ ကျန်းတန့်ဟုန်၌ ထိုပစ္စည်းများရှိပြီးဖြစ်သော်လည်း တစ်ခုစီသာရှိသောကြောင့် ကျောင်းသို့ ယူသွားလျှင် အိမ်၌ သုံးစရာမကျန်ပဲ နေမည်ဖြစ်သည်။


ပစ္စည်းများဝယ်ပြီးသောအခါ အိမ်သို့ လမ်းလျှောက်ပြန်လိုက်ကြသည်။ လျှောက်နေရင်းဖြင့် လမ်းကြားလေးတစ်ခုကိုဖြတ်နေကြစဉ်တွင် လမ်းထဲမှ ကလေးမလေးတစ်ယောက်၏ ငိုသံလေးကိုကြားလိုက်ကြရသည်။


"သမီး ဖေဖေ့ကိုရှာနေတာပါ...သမီးကို သွားခွင့်ပြုပါနော်..."


"ငိုမနေနဲ့...နင့်မှာရှိတဲ့ ပိုက်ဆံနဲ့ မုန့်တွေ အကုန်ထုတ်...မဟုတ်ရင် နင့်ကို အိမ်မပြန်ခိုင်းဘူး..."


ထုံရွှယ်လူနှင့် ကျန်းတန့်ဟုန်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးနောက် လမ်းကြားလေးထဲသို့ ပြေးဝင်သွားလိုက်ကြသည်။


ထုံရွှယ်လူတို့ လမ်းကြားလေးထဲရောက်သွားသည်နှင့် ရှစ်နှစ် ကိုးနှစ်အရွယ် ယောင်္ကျားလေး သုံးယောက်က ခြောက်နှစ် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား ဖမ်းချုပ်ထားကြသည်ကို မြင်လိုက်ရသည်။  ကောင်လေးများက ကောင်မလေးကို ဖမ်းချုပ်၍ တွန်းထိုးနေကြ၍ ထုံရွှယ်လူတို့ရောက်လာချိန်တွင် ကောင်မလေးအား မြေကြီးပေါ်သို့ တွန်းချလိုက်ကြသောကြောင့် ကောင်မလေး၏ငိုသံက ပို၍ပင် ကျယ်လာလေသည်။


တန်းကျန့်ဟုန်၏မျက်နှာက ဒေါသဖြင့် နီမြန်းနေကာ အသံမာမာဖြင့် အော်လိုက်သည်။

"ကောင်စုတ်လေးတွေ...နင်တို့ ဘာလုပ်နေကြတာလဲ..."


ကောင်လေးများလည်း လူကြီးများရောက်လာသည်ကို မြင်သည်နှင့် အသီးသီးထွက်ပြေးပျောက်ကွယ်သွားကြသည်။


ထုံရွှယ်လူနှင့် ကျန်းတန့်ဟုန်တို့လည်း ကလေးမလေးနားသို့ အမြန်ပြေး၍ ထူလိုက်ကြသည်။ ထိုအခါမှ ကလေးမလေးသည် သူ့တပည့်မလေးဖြစ်ကြောင့် ကျန်းတန့်ဟုန် သတိထားမိသွားသည်။


"တန့်ရှောင်ကျား...သမီးက ဒီမှာ ဘာလုပ်နေတာလဲ..."


တန့်ရှောင်ကျားလေးက မော့ကြည့်၍ သူ့ဆရာမကို မြင်သောအခါ မျက်ရည်များသုတ်လိုက်သော်လည်း အငိုကမရပ်နိုင်ပဲ ရှိုက်ကာ ပြောလိုက်သည်။

"ဆရာမကျန်း...သမီးက ဖွားဖွားအိမ်မှာ နေနေတာ..."


ကျန်းတန့်ဟုန်က လက်ကိုင်ပုဝါကို ထုတ်၍ မျက်ရည်များသုတ်ပေးလိုက်သည်။

"အဲဒီကောင်လေးတွေက သမီးကို အနိုင်ကျင့်နေကြတာလား...သမီး အဖေနဲ့ အမေရော ဒီအကြောင်းတွေသိလား..."


တန့်ရှောင်ကျားက ခေါင်းခါလိုက်သည်။

"မေမေက မရှိတော့ဘူး...ဖေဖေကလည်း အမြဲ အလုပ်မအားဘူး..."


တန့်ရှောင်ကျားသည် စကားပြော၍မပြီးမှီ ရုတ်တရက် အန်ချလိုက်ရာ ကျန်းတန့်ဟုန်၏ကိုယ်ပေါ်သို့ပင် အန်ဖတ်အနည်းငယ်စင်သွားသည်။


သို့သော် ကျန်းတန့်ဟုန်ကတော့ ဘာမှမဖြစ်ပဲ တန့်ရှောင်ကျား၏နဖူးလေးကို လှမ်းစမ်းလိုက်၍ ထုံရွှယ်လူအား လှည့်ပြောလိုက်သည်။

"ရွှယ်လူ ဒါ အစ်မရဲ့ တပည့်လေးပဲ...သူ့နဖူးတွေက ပူခြစ်နေတာပဲ...အစ်မ သူ့က်ု ဆေးရုံခေါ်သွားချင်တယ်..."


ထုံရွှယ်လူ: "ခေါ်သွားလိုက်လေ အစ်မ...ညီမ ပစ္စည်းတွေကို အိမ်ပြန်သယ်သွားလိုက်မယ်..."


"ကျေးဇူးနော် ရွှယ်လူ..."


ကျန်းတန့်ဟုန်က ပြောရင်းနှင့် ထုံရွှယ်လူအား သော့ထုတ်ပေးလိုက်ကာ တန့်ရှောင်ကျားကို ချီ၍ ဆေးရုံသို့ခေါ်သွားလိုက်သည်။


ထုံရွှယ်လူလည်း ပစ္စည်းများကို ကျန်းတန့်ဟုန်၏အိမ်သို့ ပို့ပြီးမှ ဆေးရုံသို့ လိုက်သွားလိုက်သည်။


ဆေးရုံ၏ အရေးပေါ်ဌာနနားသို့ရောက်သောအခါ ကျန်းတန့်ဟုန်နှင့် ယောင်္ကျားတစ်ယောက်တို့ စကားပြောနေကြသည်ကို ထုံရွှယ်လူ လှမ်းမြင်လိုက်ရသည်။


ထိုအမျိုးသားသည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် သူ့နောက်ကျောဘက်ကို ရင်းနှီးနေသည်ဟု ထုံရွှယ်လူ စဉ်းစားနေမိသည်။


အနားသို့ရောက်သောအခါမှ ထုံရွှယ်လူ မျက်လုံးပြူးသွားရတော့သည်။

"မန်နေဂျာတန့်...ရှင်က ဘာဖြစ်လို့ ဒီရောက်နေတာလဲ..."


ကျန်းတန့်ဟုန်နှင့် စကားပြောနေသော အမျိုးသားမှာ အစိုးရပိုင်ဟိုတယ်တစ်ခု၏ မန်နေဂျာဖြစ်သည်။ ထို မန်နေဂျာတန့်နှင့် ထုံရွှယ်လူသည် အကြိမ်အနည်းငယ်တွေ့ဖူး၍ ထက်မြက်၍ တော်သော လူကောင်းတစ်ယောက်ဖြစ်ကြောင်း ထုံရွှယ်လူသိထားသည်။


မန်နေဂျာတန့်သည်လည်း ထုံရွှယ်လူကို‌မြင်သောအခါ အနည်းငယ် အံ့ဩသွားပုံရသည်။


"ဟဲလို ရဲဘော်ထုံ...ကျွန်တော့်သမီး ဖျားပြီး ဆေးရုံတက်နေရလို့ ဒီရောက်နေတာပါ...အကုန်လုံး ဒီက ဆရာမကြောင့် သမီး‌က အချိန်မှီဆေးရုံရောက်ခဲ့ရတာပေါ့..."


ထိုအခါမှပင် မန်နေဂျာတန့်သည် တန့်ရှောင်ကျား၏အဖေဖြစ်မှန်း ထုံရွှယ်လူ သိသွားတော့သည်။


အချင်းချင်းမိတ်ဆက်ပြီး၍ ကျန်းတန့်ဟုန်သည် ထုံရွှယ်လူ၏မိတ်ဆွေမှန်းသိသွားသောအခါ အလျင်အမြန်ပင် ခါးကိုကုန်း၍ ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာမကျန်း...ဆရာမကြောင့်သာမဟုတ်ရင် ရှောင်ကျားက အခုလို အနိုင်ကျင့်ခံနေရမှန်း ကျွန်တော်သိမှာမဟုတ်ဘူး..."


"ရပါတယ်ရှင်...ဒါပေမယ့် ကလေးကို ရှင့်နားမှာထားပြီး ဂရုစိုက်နိုင်ရင်တော့ ပိုကောင်းတာပေါ့..."


ကျန်းတန့်ဟုန်သည် မပြောသင့်မှန်းသိသော်လည်း သူမ၏ဘဝနှင့်ယှဉ်၍ တန့်ရှောင်ကျားလေးကို သူမကဲ့သို့ မဖြစ်စေချင်သောကြောင့် မန်နေဂျာတန့်အား အပြစ်တင်လိုက်မိသည်။


မန်နေဂျာတန့်က အမြန်ပင် ခေါင်းငြှိမ့်လိုက်သည်။

"နောက်ဆိုရင် ရှောင်ကျားကို ကျွန်တော်နဲ့အတူ ခေါ်သွားပါတော့မယ်..."


ဆေးရုံမှ ထွက်လာပြီးသောအခါ ထုံရွှယ်လူသည် ကျန်းတန့်ဟုန်အား မနက်ဖြန် ပစ္စည်းများကူသယ်ပေးရန်ထပ်လာခဲ့မည်ဟုပြော၍ အိမ်ပြန်လာခဲ့လိုက်တော့သည်။


**