အပိုင်း၂၆၄
Viewers 67k

🍵Chapter 264




ကျောင်းမဖွင့်ခင်တစ်ရက်အလို ညနေမှပင် ထုံရွှယ်လူသည် ကျောင်းသို့ ပြန်ရောက်လာသည်။


အဆောင်ထဲသို့ ထုံရွှယ်လူ ဝင်လိုက်သည်နှင့် လူတိုင်း၏မျက်လုံးများက ထုံရွှယ်လူပေါ်သို့ ရောက်လာကြသည်။


ကျောင်းဖွင့်တော့မည်ဖြစ်၍ လူများ အကုန်ရောက်နေကြပြီဖြစ်သောကြောင့် လွန်ခဲ့သည့်နှစ်ရက်နှင့်မတူပဲ အဆောင်က လူပြည့်နေသည်။


ကောင်းမင်: "ရွှယ်လူ နင်ပြန်ရောက်လာပြီပဲ...မနက်ဖြန်မှ ပြန်လာမယ်ထင်နေတာ..."


ထုံရွှယ်လူက ပြုံး၍ပြောလိုက်သည်။

"မနက်ဖြန်မှပြန်လာရင် ငါကျောင်းတက်ဖို့ နောက်ကျသွားမှာပေါ့..."


ထုံရွှယ်လူနှင့်ကပ်လျက်ကုတင်၌ အိပ်နေသော မိန်းကလေးက ထုံရွှယ်လူအား အားကျစွာကြည့်၍ ပြောလိုက်သည်။

"နင်က ထုံရွှယ်လူပေါ့နော်...ငါက ရှဲ့ရှောင်ယန့်ပါ... ပိုင်ဟဲဒေသက ..."


နှစ်ယောက်လုံးက နယ်များမှ လာသူများဖြစ်သော်လည်း ရှဲ့ရှောင်ယန့်က တက်တက်ကြွကြွနှင့် ပျော်ပျော်နေတတ်ကာ စကားပြောလျှင်လည်း ယုံကြည်ချက်ရှိရှိပြော၍ ထုံရွှယ်လူ ပထမနေ့က တွေ့ခဲ့ရသည့် အရပ်ပုပုမိန်းကလေး လင်းလန်ကျွမ်းကတော့ ရှဲ့ရှောင်ယန့်နှင့် ပြောင်းပြန်ဖြစ်သည်။


နောက် အခန်းဖော်နှစ်ယောက်မှာ အိမ်ထောင်ရှိသူများဖြစ်ကြသည်။ ထိုနှစ်ယောက်ထဲမှ အသက် ၂၄ နှစ်အရွယ် ချွေ့ရုန်ရုန်က ကလေးမရှိပေ။ အသက် ၃၀ ရှိပြီဖြစ်သော ထျန်ဖုန်းကျစ်ကတော့ သားတစ်ယောက် သမီးတစ်ယောက်ရှိလေသည်။


သူတို့အခန်းဖော်များထဲ၌ ထျန်ဖုန်းကျစ်က အကြီးဆုံးဖြစ်၍ ထုံရွှယ်လူက အငယ်ဆုံးဖြစ်သည်။


အချင်းချင်းမိတ်ဆက်ပြီးကြသောအခါ အားလုံးက ထုံရွှယ်လူအား ဝိုင်း၍ အင်္ဂလိပ်စာကို မည်သို့ လေ့လာခဲ့သည်နှင့် အမှတ်အမြင့်ဆုံးရရန် မည်သို့စာကျက်ခဲ့သည်များကို မေးမြန်းနေကြလေသည်။


ထုံရွှယ်လူကလည်း ထိမ်ချန်မထားပဲ အကုန်ပြောပြလိုက်သည်။


"ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါမှာ ‌အရေးအကြီးဆုံးက မှတ်သားဖို့၊ များများနားထောင်ဖို့နဲ့ များများပြောဖို့ပဲ...ပထမဆုံးလုပ်ရမှာက စကားလုံးတွေကို ကျက်မှတ်ဖို့...စကားလုံးတွေ မသိရင် တခြားလူတွေနဲ့ စကားပြောလို့မရဘူးလေ..."


"ဒုတိယလုပ်ရမှာကတော့ စကားများများပြောဖို့ပါပဲ...ငါကတော့ ကိုယ့်ဟာကိုယ် အခြေအနေလေးတွေ စဉ်းစားပြီး ပြောကြည့်တယ်..."


ရှဲ့ရှောင်ယန့်က စိတ်ဝင်စားသည့်မျက်နှာဖြင့်ကြည့်ကာ မေးလိုက်သည်။

"အခြေအနေစဉ်းစားတယ်ဆိုတာ ဘယ်လိုလဲဟင်...နည်းနည်းထပ်ရှင်းပြပါလား..."


အခြားလူများကလည်း သိချင်ကြသည့်ပုံနှင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏မျက်လုံးများကလည်း ပညာကို သင်ယူလိုစိတ်ဖြင့် တလက်လက်တောက်ပနေကြသည်။


ထိုခေတ်၏ ပညာတော်သည့် လူငယ်လေးများသည် ပညာရေး၌ နောက်ကျခဲ့ကြရ၍ နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ကြရသည်။ ထို့ကြောင့် ယခု ပညာကို ပြန်သင်ကြားခွင့်ရသည့်အခါ သူတို့၏ ပညာကို လိုချင်စိတ်များက ထိန်းသိမ်းမရဖြစ်နေတော့သည်။


ထုံရွှယ်လူလည်း သူတို့၏ သိချင်စိတ်ပြင်းပြနေသည့်မျက်နှာများကို ကြည့်၍ သူမ၏ နည်းလမ်းများကို မပြောလျှင် မဖြစ်တော့သည်ကို သိလိုက်သည်။


"အခြေအနေကို စဉ်းစားတာ အရမ်းလွယ်ပါတယ်...ဥပမာ ငါ ခုနက ပြန်လာတုန်းက ကိုယ့်ဘာသာကိုယ် မိတ်ဆက်ကြမယ်မလား...အဲဒါကို အခု အင်္ဂလိပ်လို နှုတ်ဆက်ကြည့်ရင် ငါတို့ရင် စကားပြောနိုင်စွမ်းနဲ့ နားထောင်နိုင်စွမ်းတွေကို လေ့ကျင့်ပြီးသားဖြစ်တာပေါ့..."


"ကိုယ့်ဘာသာကိုယ် မိတ်ဆက်ရမယ် ဟုတ်လား...အဲဒါဆိုရင်တော့ ငါမလုပ်နိုင်ဘူး..."

ရှဲ့ရှောင်ယန့်က ခေါင်းကို ခပ်သွက်သွက် ခါကာ ပြောလိုက်သည်။


အခြားလူများကလည်း မလုပ်နိုင် ဟု အပြိုင်အဆိုင် ငြင်းလိုက်ကြသည်။


သူတို့သည် အင်္ဂလိပ်မေဂျာကို သင်ယူမည်ဖြစ်၍ ဝင်ခွင့်စာမေးပွဲ၌လည်း အခြားလူများထက် အမှတ်ကောင်းသော်လည်း မလုံလောက်သေးပေ။ သူတို့သည် အင်္ဂလိပ်စာစာလုံးများကို အနည်းငယ်သာ သိကြသေးသည်။


ကောင်းမင်ကတော့ ကြိုးစားချင်စိတ်ရှိသော်လည်း သူမ အမှားပြောလိုက်၍ ဝိုင်းအရယ်ခံရမည်ကိုလည်း စိုးနေမိသည်။

"ရွှယ်လူ နင် ငါတို့ကို တစ်ခုလောက် ပြောပြလို့ရမလား..."


ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။

"ရတာပေါ့...မိုင် နိမ်း အစ်စ်..."


ထုံရွှယ်လူက သူမ၏အမည်၊ အသက်၊ မွေးသည့်မြို့ စသည်တို့အကြောင်းကို လွယ်ကူသည့် အသုံးအနှုန်းများဖြင့် အင်္ဂလိပ်လို ပြော၍ နောက် သူမ၏ ဝါသနာများကိုပါ ဆက်ပြောလိုက်သည်။


ထုံရွှယ်လူပြောလိုက်သည်က ဘာမှခက်သည့်ဟာမပါပဲ ရိုးရိုးစာကြောင်းလေးပင်ဖြစ်သော်လည်း အခန်းထဲမှ လူများကတော့ အလွန် အံ့ဩနေကြကာ ထုံရွှယ်လူအား အားကျမှုအပြည့်ဖြင့် ကြည့်နေကြလေသည်။ 


ရှဲ့ရှောင်ယန့်: "ရွှယ်လူ နင်က အရမ်းတော်တာပဲ...ခုနက နင် အင်္ဂလိပ်လို ပြောသွားတာတွေ ငါတစ်လုံးမှနားမလည်ဘူး..."


ထုံရွှယ်လူ: "..."


နင် ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်...


ကောင်းမင်သည် အစကတော့ သူမကိုယ်သူမ အင်္ဂလိပ်လို နှုတ်ဆက်ချင်သော်လည်း ထုံရွှယ်လူ၏ စကားအသုံးအနှုန်းများနှင့် အသံထွက်များက အလွန်ကောင်းမွန်နေသောကြောင့် ချက်ချင်းပင် ထိုစိတ်ကူးကို ပယ်ဖျက်လိုက်သည်။


ထျန်ဖုန်းကျစ်က ပြုံးကာပြောလိုက်သည်။

"ရွှယ်လူ...ညီမရဲ့ အင်္ဂလိပ်က အရမ်းကောင်းလို့ နောက်ဆိုရင် အစ်မတို့အကုန် ညီမဆီကနေ စာတွေသင်မယ်နော်..."


အခြားလူများကလည်း သဘောတူသည့်ပုံနှင့် ခေါင်းတဆတ်ဆတ်ငြှိမ့်လိုက်ကြသည်။


ထုံရွှယ်လူကလည်း သူမကိုယ်သူမ နှိမ့်ချကာပြောလိုက်သည်။

"အကုန်လုံးက ဒီစာတွေကိုပဲ တူတူသင်ကြရမှာပဲဆိုတော့ အဆင်ပြေမှာပါ...ပြီးတော့ အခု ငါတို့ နေ့တိုင်းသုံးနေတဲ့ ပစ္စည်းတွေ...ဥပမာ စားပွဲတို့ ကုတင်တို့ အဲဒါတွေမှာ အင်္ဂလိပ်စာလုံးတွေကို စာရွက်နဲ့ရေးပြီး ကပ်ထားရင် ငါတို့ တွေ့တိုင်း ရွတ်မိတော့ ခေါင်းထဲမှတ်မိတာပေါ့..."


ရှဲ့ရှောင်ယန့်၏ မျက်လုံးများက တောက်ပသွားသည်။

"နင့်စိတ်ကူးကကောင်းလိုက်တာ...ငါတို့ အခုပဲ စာလုံးတွေ ချရေးထားတော့မလား..."


ထျန်ဖုန်းကျစ်ကလည်း သဘောတူစွာဝင်ပြောလိုက်သည်။

"အစ်မလည်း အဲဒီစိတ်ကူးက ကောင်းတယ်လို့ထင်တယ်...ဘာဖြစ်လို့များ အရင်က မစဉ်းစားမိပါလိမ့်..."


အခြားလူများကလည်း သဘောတူကြသောကြောင့် သူတို့အားလုံးစု၍ အသုံးဝင်သည့် အင်္ဂလိပ်စာလုံးများကို ချရေးကာ နေ့စဉ်သုံးသည့်ပစ္စည်းများပေါ်၌ ကပ်ထားလိုက်ကြသည်။


ထိုသို့ရေးနေချိန်တွင် သူမ၏အခန်းဖော်များသည် အင်္ဂလိပ်စကားလုံးများကို အတော်မသိကြ၍ အသံထွက်များကလည်း မမှန်ကြသည်ကို သတိထားမိသွားသည်။


သို့သော် သင်ယူရမည့်အရာက မည်မျှပင် ခက်ခဲနေပါစေ သင်ယူလိုစိတ်ပြင်းပြပါက ပြဿနာရှိမည်မဟုတ်ပါ။


အခန်းဖော်များသည် အစကတော့ အင်္ဂလိပ်လိုပြောရန် ပါးစပ်မရဲဖြစ်နေ‌ကြသော်လည်း ထုံရွှယ်လူ၏အားပေးမှုကြောင့် တစ်ယောက်ပြီးတစ်ယောက်သည် အသံထွက်များကို သေချာမှတ်သား၍ တိုးတိုးလေး ထွက်ကြည့်လာကြသည်။


ထိုသို့ လုပ်ပြီးသွားသောအခါ အခန်းထဲမှ မိန်းကလေးများအားလုံးသည် အချင်းချင်းရင်းနှီးသွားကြလေတော့သည်။


အခန်းထဲမှ မိန်းကလေးများသည် တစ်ယောက်တစ်မျိုးစီ စိတ်နေစိတ်ထားမတူကြပေ။ ကောင်းမင်က အနည်းငယ် မာနကြီး၍ လင်းလန်ကျွမ်းက သူ့ကိုယ်သူ သိမ်ငယ်၍ စကားနည်းကာ ချွေ့ရုန်ရုန်ကတော့ ချောမောလှပ၍ နူးညံ့သောအပြုံးကို အမြဲ ပြုံးနေတတ်သည်။ သို့သော် ထိုအပြုံးနောက်၌ လျှို့ဝှက်ချက်တစ်ခုခုရှိနေပုံပေါ်ကာ ချွေ့ရုန်ရုန်သည် သူ့စိတ်ကိုသူလည်း သိပ်ထုတ်မပြတတ်ပေ။


ထျန်ဖုန်းကျစ်က အသက်အကြီးဆုံးဖြစ်၍ ရင့်ကျက်ကာ ကျန်သည့်မိန်းကလေးများကို အစ်မကြီးတစ်ယောက်ကဲ့သို့ စောင့်ရှောက်တတ်သည်။ ရှဲ့ရှောင်ယန့်ကတော့ ပျော်ပျော်အနေတတ်ဆုံးမိန်းကလေးဖြစ်သည်။


သူတို့အားလုံးသည် ပညာကို အလွန်လိုချင်နေကြသောကြောင့် အခြားကိစ္စများကို စိတ်မဝင်စားနိုင်ကြသေးပေ။


အနာဂတ်တွင်တော့ စိတ်ဝင်စားနိုင်လာမလား မသိနိုင်သေးချေ။



ညနေဘက်၌ မိန်းကလေးများအကုန်လုံးသည် ထမင်းစားရန် ထမင်းစားဆောင်သို့ သွားလိုက်ကြသည်။


ထိုခေတ်က ကျောင်းသားများသည် တက္ကသိုလ်တက်ရန် ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုပဲ တက္ကသိုလ်ကပင် ကျောင်းသားတိုင်းကို အစားအသောက်အတွက် ၁၈ ယွမ်နှင့် ဈေးဝယ်လက်မှတ်အမျိုးမျိုးပေးသေးသည်။


သို့သော် ၁၈ ယွမ်က မြို့ထဲ၌နေရန် လုံလောက်သော စားရိတ်မဟုတ်ပေ။ ကျောင်းသားများသည်လည်း ကျောင်းတက်ရန် ပိုက်ဆံမကုန်သော်လည်း စာအုပ်များနှင့် စာရေးကိရိယာများဝယ်ရန် ကုန်ကျရသေးသည်။ ထို့ကြောင့် ထမင်းစားဆောင်ထဲ၌ အသားဟင်းနှင့် စားနေသူ သိပ်မရှိချေ။


ထုံရွှယ်လူသည် အိမ်၌ပြန်နေသည့် နှစ်ရက်လုံး အသားဟင်းစားခဲ့သောကြောင့် ယခု ထမင်းစားဆောင်၌ လူတိုင်းက ပေါက်စီနှင့် ရေနွေးကိုသာ သောက်နေကြသည်ကို မြင်သောအခါ သူမ လည်း ပေါက်စီသာ ဝယ်လိုက်သည်။ သို့သော် အခြားလူများထက် ကြက်ဥတစ်လုံးတော့ ပိုဝယ်လိုက်သေးသည်။


ကောင်းမင်ကလည်း ထုံရွှယ်လူ ကြက်ဥပိုဝယ်သည်ကို မြင်သောအခါ သူမလည်း လိုက်ဝယ်လိုက်သည်။


ရာသီဥတုက အေးနေဆဲဖြစ်သောကြောင့် စားသောက်ပြီးသည်နှင့် အဆောင်သို့ ပြန်ရန်ပြင်လိုက်ကြသည်။ အခန်းထဲမှ မိန်းကလေးများအားလုံးတို့သည် အဆောင်ခန်းနားသို့ ပြန်ရောက်ခါနီးတွင် ဘေးအခန်းမှ မိန်းကလေးတစ်ယောက်က အလျင်အမြန် ပြေးထွက်လာလေသည်။


"ရဲဘော်ထုံ...နောက်ဆုံးတော့ နင်ရောက်လာပြီပဲ..."


ထုံရွှယ်လူက ထိုမိန်းကလေးအား သေချာကြည့်လိုက်သောအခါမှ ကျန်းပိုင်ဟွေ့ဖြစ်နေသည်ကို တွေ့လိုက်ရသည်။


ထုံရွှယ်လူက ပြုံးကာ နှုတ်ဆက်လိုက်သည်။


ကျန်းပိုင်ဟွေ့က စကားတတွတ်တွတ်ပြော၍  ထုံရွှယ်လူတို့၏ အခန်းထဲအထိ လိုက်ဝင်လာသည်။


"ငါ နင်နဲ့ အခန်းတူတူရဖို့ မျှော်လင့်နေတာ...ဘေးခန်းရောက်သွားလိမ့်မယ်လို့ မထင်ထားဘူး...စိတ်ပျက်လိုက်တာ..."


ထုံရွှယ်လူက ပြုံးကာပြောလိုက်သည်။

"ဘယ်အခန်းမှာနေနေ တူတူပါပဲ..."


"ဘယ်လိုများတူမှာလဲ...ငါက နင်နဲ့တူတူ စာလုပ်ချင်တာလေ...ပြီးတော့ နင်နဲ့လည်း တူတူနေချင်တယ်..."


ထို့နောက် ကျန်းပိုင်ဟွေ့က အခန်းထဲရှိ လူများကို မော့ကြည့်လိုက်သည်။

"ဟဲလို ငါက ဘေးအခန်းက ကျန်းပိုင်ဟွေ့ပါ...နင်တို့ထဲက တစ်‌ယောက်ယောက်များ ငါနဲ့ အခန်းလဲပေးချင်လားဟင်..."


ကောင်းမင်က မျက်လုံးကိုဝေ့ကာပြောလိုက်သည်။

"ဘာဖြစ်လို့ ငါတို့က အခန်းလဲပေးရမှာလဲ...နင် ရွှယ်လူနဲ့တူတူနေချင်သလို ငါတို့လည်း နေချင်တာပဲလေ...အဲဒါကို ဘာဖြစ်လို့ အခန်းလဲပေးရမှာလဲ..."


ကောင်းမင်၏ မာထန်ထန်ပုံစံကြောင့် ကျန်းပိုင်ဟွေ့လည်း အနည်းငယ်လန့်သွားသည်။

"နင့်ကို လဲခိုင်းနေတာလဲမဟုတ်ပါဘူး...လဲပေးချင်‌တဲ့လူရှိလား မေးရုံပါ...ထားလိုက်ပါတော့..."


အခန်းထဲမှ အခြားလူများကလည်း မလဲပေးချင်ကြပေ။ အထူးသဖြင့် နေ့လယ်က ထုံရွှယ်လူ အင်္ဂလိပ်စာသင်ပေးပြီးသောအခါ ပို၍ပင် အခန်းမပြောင်းချင်ဖြစ်သွားကြသည်။


အဆောင်၌ စာအတော်ဆုံးကျောင်းသူရှိနေ၍ ထိုကျောင်းသူက သူတို့နှင့် တစ်ခန်းတည်းနေကာ စာပါသင်ပေးသည်ဆိုလျှင် မည်သူကများ အခန်းပြောင်းချင်ပါတော့မည်နည်း။


ထိုအဖြစ်အပျက်ပြီးသောအခါ ကျန်းပိုင်ဟွေ့သည် ထုံရွှယ်လူ၏အခန်းထဲ၌ ဆက်နေရန် ရှက်လွန်းလှ၍ လျှာလေးတစ်လစ်ထုတ်ကာ ထွက်ပြေးသွားတော့သည်။


နောက်တစ်နေ့၌ မနက်စာစားပြီးသောအခါ ကျောင်းကွင်းပြင်ထဲသို့ စုဝေးကြရန် အခေါ်ခံလိုက်ရသည်။


ကျောင်းကွင်းပြင်ထဲ၌ "လေ့လာပါ ဖတ်ရှုပါ မှတ်သားပါ စည်းလုံးပါ စည်းလုံးပါ စည်းလုံးပါ" ဟု ရေးထားသော အလံကြီးတစ်ခုက တစ်လူလူ လွင့်လျက်ရှိသည်။


မတ်လရောက်နေပြီဖြစ်သော်လည်း အေးနေဆဲဖြစ်သောကြောင့် ကွင်းပြင်ထဲ၌ ရပ်နေကြသူများအားလုံးသည် လက်ဖျား ခြေဖျားများအေးစက်၍ မျက်နှာများကလည်း အအေးဒဏ်ကြောင့် နီရဲနေကြသည်။


သို့သော် မည်သူကမှ အအေးဒဏ်ကို မမှုကြပေ။ တက္ကသိုလ်ပါမောက္ခချုပ်ကြီး၏ မိမ့်ခွန်းကို နားထောင်ရင်း လူတိုင်း၏နှလုံးသားများက ပူနွေးနေကြသည်။


ပါမောက္ခချုပ်ကြီး၏ မိန့်ခွန်းတွင် ယခုကျောင်းသားများသည် အမိမြေ၏တိုးတက်မှုတွငါ အဓိကပါဝင်ထမ်းဆောင်ရမည့် ကျောရိုးများဟူ၍ ပါဝင်သည်။


ထို့အပြင် ယခုကဲ့သို့ ခက်ခက်ခဲခဲရရှိထားသော စာသင်ခွင့်ကို အလဟဿမဖြစ်စေရန် စာကို ကောင်းစွာသင်ကြားပြီး အမိမြေ၏ကျေးဇူးကိုဆပ်နိုင်ရန် ပညာထက်မြက်၍ တိုင်းပြည်၌ အသုံးဝင်မည့် လူတော်များဖြစ်လာအောင်ကြိုးစားရန်လည်း ပြောသွားသည်။


ထုံရွှယ်လူသည်လည်း အခြားလူများလောက် အခက်အခဲဒုက္ခများကို မကျော်ဖြတ်ရသည့်တိုင် ထိုကွင်းပြင်ထဲ၌ ပါမောက္ခချုပ်ကြီး၏မိန့်ခွန်းနှင့် တက်ကြွနေသောကျောင်းသားများကြားတွင် သူမသည်ပင် စိတ်များ ပူနွေးတက်ကြွလာမိသည်။


ထုံရွှယ်လူ ဤခေတ်သို့ ရောက်မလာခင်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်ဖြေခွင့် စပေးသည့်နှစ်က ‌စာမေးပွဲသည် အခက်ဆုံးဖြစ်၍ ထိုနှစ်က တက္ကသိုလ်တက်ခွင့်ရခဲ့သောလူများကလည်း အတော်ဆူံးလူများဖြစ်သည်ဟု ဖတ်ခဲ့ဖူးသည်။ ယခုတွင်တော့ ထိုလူများနှင့်အတူ ရပ်နေရသည်မှာ အလွန်ကံကောင်းသည်ဟု ထုံရွှယ်လူ ခံစားနေရသည်။


ပါမောက္ခချုပ်ကြီး၏ မိန့်ခွန်းကိုနားထောင်ရင်း လူတော်နော်များများသည်လည်း လွန်ခဲ့သည့် ဆယ်နှစ်က ရင်ဆိုင်ခဲ့ရသည့် ဒုက္ခအခက်အခဲများကို တွေးမိနေကြဟန်တူသည်။ အချို့က မျက်လုံးများနီနေကြ၍ အချို့ကလည်း မျက်ရည်များ သုတ်နေကြသည်။


ထို့နောက် နိုင်ငံတော်သီချင်းသံထွက်လာသောအခါ လူတိုင်းက လိုက်ဆိုလိုက်ကြကာ အားလုံးလည်း တက်ကြွသော ဇာတိသွေး ဇာတိမာန်များဖြင့် အားအင်အပြည့်ဖြစ်သွားကြသည်။


နိုင်ငံတော်သီချင်းဆိုပြီးသောအခါ အစီအစဉ်ကြေငြာသူက စင်ပေါ်တက်၍ စကားပြောပေးရန် ကျောင်းသားကိုယ်စားလှယ်များကို ဖိတ်ခေါ်လိုက်သည်။


ထုံရွှယ်လူက မတ်တပ်ရပ်ကာ စင်ပေါ်သို့ လျှောက်သွားလိုက်သည်။


ထိုအချိန်တွင် လူအုပ်ထဲမှ အသံများထွက်ပေါ်လာလေသည်။


"သူက ထုံရွှယ်လူလား...ချောလိုက်တာ..."


"အို ငါသူ့ကို မနာလိုလိုက်တာ...သူက ဒီလောက်ချောတဲ့အပြင် စာမေးပွဲမှာလည်း လေးဘာသာတောင် အမှတ်ပြည့်ရထားတာ...တော်လည်းတော်လိုက်တာနော်..."


"ဟုတ်တယ်...သင်္ချာ ရူပဗေဒ ဓာတုဗေဒ နဲ့ အင်္ဂလိပ်စာတွေမှာ အမှတ်ပြည့်ရထားတာ...တကယ်ကို ဉာဏ်ကောင်းတာပဲနော်..."


"ဒီပေကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရတဲ့လူထဲမှာ နှစ်ယောက်ပဲ အမှတ် ၄၀၀ ကျော်ရတာတဲ့...ဒါပေမယ့် အဲ့နှစ်ယောက်ထဲမှာတောင် နောက်တစ်ယောက်က ထုံရွှယ်လူထက် အမှတ် ၈၀ ကျော်လောက် နည်းသေးတာတဲ့..."


ထိုအချိန်၌ လူအုပ်ထဲမှ အသံတစ်ခုက ကျယ်လောင်စွာထွက်လာသည်။


"ဆရာကြီး...အတန်းဖော်ထုံရဲ့ အဖိုးက စစ်တပ်က ဗိုလ်မှူးကြီးလို့ သတင်းကြားထားပါတယ်...အဲဒါကြောင့် အတန်းဖော်ထုံက စာမေးပွဲမဖြေခင်တည်းက မေးခွန်းတွေ ကြိုသိထားလားဆိုတာ ကျွန်တော်သိချင်ပါတယ်..."