အပိုင်း၂၆၅
Viewers 67k

🍵Chapter 265




ထိုအသံထွက်လာသည်နှင့် ကွင်းပြင်တစ်ခုလုံး ငြိမ်ကျသွားသည်။


လူတိုင်း၏အကြည့်များကလည်း ထုံရွှယ်လူပေါ်သို့ ရောက်လာကြသည်။ အချို့အကြည့်များက သံသယများပါဝင်နေသလို အချို့ကလည်း စိတ်ပူသည့်အကြည့်ဖြင့်ကြည့်နေကြသည်။


မကြာခင်မှာပင် တီးတိုးပြောသံများစွာ ထွက်ပေါ်လာတော့သည်။


"အဲဒါ ဘယ်သူပြောလိုက်တာလဲ...ဒီလိုနေရာကြီးမှာ အဲဒီလိုပြောရဲတာ တော်တော်လည်း အရှက်မရှိတာပဲ..."


"အဲဒီလိုပြောရဲတာ သူ့လက်ထဲမှာ သက်သေရှိလို့နေမှာပေါ့..."


"ဘာသက်သေလဲ...သူ့ဆီမှာ တကယ်သာ သက်သေရှိရင် အရင်တည်းက တိုင်ပြီးလောက်ပြီပေါ့...အခုက ဒီတိုင်း မနာလိုလို့ ပြောတာထင်ပါတယ်..."


"ငါကတော့ သူအော်ပြောလိုက်တာ မှန်တယ်ထင်တာပဲ...ကျောင်းသားတော်တော်များများကလည်း အဲဒီမေးခွန်းကို မေးချင်နေကြတာပဲ မဟုတ်လား..."


ထုံရွှယ်လူသည် လူအုပ်ထဲမှ တိုးထွက်လာသော ကောင်လေးအား ကြည့်လိုက်သည်။ ထိုကောင်လေးသည် အသက်နှစ်ဆယ်ခန့်ရှိ၍ မေးရိုးချွန်ချွန်နှင့် သွားကျဲကျဲ မျက်တွင်းခွက်ခွက်နှင့် သူ့ကိုကြည့်ရသည်မှာ ရူးကြောင်ကြောင်ပုံပေါက်နေသည်။ တစ်ချက်ကြည့်ရုံမျှနှင့် ထိုကောင်လေးသည် စိတ်ဓာတ်မကောင်းမှန်း သိနိုင်လေသည်။


ဆရာတစ်ယောက်လည်း ထိုအချိန်မှ အသိစိတ်ဝင်ကာ ထိုကောင်လေးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။


"ဟေ့ ကျောင်းသား...မင်း အခု ဘယ်လိုစကားမျိုးကိုပြောလိုက်တယ်ဆိုတာ မင်းကိုယ်မင်းရော သိရဲ့လား..."


ထိုကောင်လေးက ရင်ဘတ်ကိုကော့၍ ပြောလိုက်သည်။

"မင်္ဂလာပါ ဆရာ...ကျွန်တော့်နာမည်က ဝမ်ကျစ်ဖုန်းပါ...ကျွန်တော် ဘယ်လိုစကားကိုပြောလိုက်တယ်ဆိုတာ သေချာသိပါတယ်...ကျွန်တော်သာ မသေမချာဖြစ်နေရင် ကျွန်တော်ပြောပါ့မလား...ကျွန်တော်ကတော့ အခုလို ပွင့်ပွင့်လင်းလင်းမပြောပဲ နောက်ကွယ်ကနေ တီးတိုးပြောတာက ပိုဆိုးတဲ့လုပ်ရပ်လို့ထင်လို့ပါ..."


ထုံရွှယ်လူသည် ဒေါသထွက်နေသည့်ကြားမှပင် ရယ်ချင်မိသွားသည်။


"ဪ ဪ ဒါဆို ရှင်က တခြားလူတွေနဲ့မတူတဲ့ လူတော်လေးပေါ့နော်...ဒါဆိုရင် ကျွန်မ မေးပါရစေ ကျောင်းသားဝမ်...ကျွန်မက စာမေးပွဲကို မရိုးမသားဖြေခဲ့တယ်ဆိုတဲ့ သက်သေ ရှင့်မှာရှိလို့လား..."


ဝမ်ကျစ်ဖုန်းက သူ၏မေးစေ့ချွန်ချွန်ကိုမော့ကာ ပြောလိုက်သည်။


"ဒီ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေတဲ့လူ‌က တစ်နိုင်ငံလုံးမှာ စုစုပေါင်း ၅သန်းကျော်ရှ်တယ်...အဲဒီထဲမှာမှ လူ ၂၈၀,၀၀၀ လောက်ပဲ တက္ကသိုလ်တွေကို ဝင်ခွင့်ရခဲ့လို့ ဝင်ခွင့်ရတဲ့ရာခိုင်နှုန်းက ၆% လောက်ပဲရှိတယ်...အဲဒီဝင်ခွင့်ရတဲ့ လူတွေထဲမှာမှ အမှတ် ၄၀၀ ကျော်ရတာက တစ်နိုင်ငံလုံမှာ ၁၀ ယောက်မကျော်ဘူး...အဲဒီလို ခက်ခဲတဲ့စာမေးပွဲမှာတောင်မှ ကျောင်းသူထုံက လေးဘာသာမှာ အမှတ်ပြည့်ရပြီး ၆ဘာသာလုံးအမှတ်ပြည့်ထက် ၆ မှတ်ပဲ နည်းတယ်..."


"ကျွန်တော်သိသလောက်ကတော့ ကျောင်းသူထုံက အငယ်တန်းအထက်တန်းကျောင်းကပဲ အောင်ထားသေးတာ...ကျောင်းတက်နေတုန်းတစ်လျှောက်မှာလည်း စာမေးပွဲတွေ ခဏခဏကျတယ်...အငယ်တန်းအထက်တန်းကျောင်းက အောင်ပြီးတြောလည်း ဘာကျောင်းမှ ဆက်မတက်ဘူး...ဒီလို အခြေအနေကနေ ရုတ်တရက်ကြီး ဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာမှ လေးဘာသာတောင် အမှတ်ပြည့်တွေရနေတော့ ဘယ်သူက သံသယမဝင်ပဲ နေနိုင်ပါ့မလဲ..."


ဝမ်ကျစ်ဖုန်းက ထိုအကြောင်းများပြောလိုက်သည်နှင့် တစ်ပြိုင်နက် တီးတိုးပြောသံများက ဆူညံစွာ ထွက်လာကြပြန်သည်။


"ဟင် တကယ်လား...ကျောင်းသားဝမ်ပြောနေတာတွေက တကယ်လား..."


"သူပြောတာတွေက တကယ်ဆိုရင်တော့ တကယ် သံသယဝင်စရာပဲ...အဲဒီ ထုံရွှယ်လူဆိုတာက ဒီလောက်မတော်နိုင်ဘူးလို့ ငါလည်း ခံစားမိတယ်..."


"ဟုတ်ပါ့နော်...ကျွန်မက သူ့ကို အရမ်းအားကျလွန်းနေလို့ မစဉ်းစားမိတာ...မထင်ထားမိဘူး..."


ထိုအချိန်၌ ကျန်းပိုင်ဟွေ့က ရုတ်တရက် ရှေ့သို့ထွက်လာသည်။ 

"ရှင်ကိုယ်တိုင်မလုပ်နိုင်တာနဲ့ပဲ တခြားလူတွေကို စွပ်စွဲမနေပါနဲ့...စကားနဲ့ပဲ စွပ်စွဲမနေပဲ တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေရှိမှ လာပြောချေ...မဟုတ်ရင်တော့ ရှင်က အဓိပ္ပာယ်မရှိတဲ့စကားတွေ လာပြောနေတာလို့ပဲ သတ်မှတ်ရမှာပဲ..."


ဝမ်ကျစ်ဖုန်းက ကျန်းပိုင်ဟွေ့ကို လှည့်ကြည့်လိုက်သည်။

"မင်းကလည်း သူ့ကို ကာကွယ်ပေးနေတော့ မင်းလည်းပဲ သူ့ဆီကနေ အကျိုးအမြတ်တွေရနေတယ်လို့ သတ်မှတ်လို့ရမှာပေါ့..."


ကျန်းပိုင်ဟွေ့သည် အလွန်အမင်းဒေါသထွက်သွား၍ မျက်လုံးများပါ နီလာသည်။

"ရှင် မဟုတ်တာတွေပြောနေတာပဲ...ရဲဘော်ထုံရော ကျွန်မရော ဘာမှ မခိုးချဘူး သိရဲ့လား..."


ဝမ်ကျစ်ဖုန်းက ဘာမှမဖြစ်သလို ပခုံးတွန့်ပြလိုက်သည်။

"မင်းပြောခဲ့တဲ့အတိုင်းပဲလေ စကားလေးနဲ့ ဘာလုပ်လို့ရမှာလဲ...မင်းတို့ဘက်ကလည်း မင်းတို့ မခိုးချခဲ့ကြောင်း သက်သေမပြနိုင်ရင် ခုန ငါပြောခဲ့တဲ့ အကြောင်းတွေအရ ဘယ်သူကမှ မင်းတို့ပြောတာကို ယုံကြတော့မှာမဟုတ်ဘူး..."


ကျန်းပိုင်ဟွေ့သည် ရှက်လည်းရှက် ဒေါသလည်းထွက်ကာ မျက်ရည်များကျလာတော့သည်။ ထုံရွှယ်လူက လှမ်းကြည့်၍ နှစ်သိမ့်ပေးလိုက်သည်။


ထို့နောက် ဝမ်ကျစ်ဖုန်းဘက်လှည့်ကာ ပြောလိုက်သည်။

"ဒါဆိုရင် ရှင်ပြောတဲ့စကားအရ ရှင့်မှာ ဘာသက်သေမှမရှိပဲ ကျွန်မက မေးခွန်းရတယ်ဆိုတာ ရှင့်ဘာသာရှင် ခန့်မှန်းထားတာပေါ့..."


ဝမ်ကျစ်ဖုန်း: "ငါက မင်းကို တမင်အရှက်ခွဲချင်လို့ ဒီလိုတွေပြောနေတာမဟုတ်ပါဘူး...ဒီတိုင်း ဖြစ်နိုင်ချေကို ပြောရုံပါ...မင်းလည်း မင်းဘက်က မှန်တယ်ဆိုရင် ပြန်ချေပလို့ရတာပဲ...မင်းဘက်က သက်သေပြနိုင်တယ်ဆိုရင် ငါ မင်းကို လူကြားထဲမှာ ကိုယ်တိုင် တောင်းပန်မှာပါ..."


အခြားလူများက ဝမ်ကျစ်ဖုန်း၏စကားကိုကြားသောအခါ ဝမ်ကျစ်ဖုန်းသည် တရားမျှတ၍ သူ့ဘက်ကိုယ့်ဘက် ကြည့်ပေးတတ်ရုံမက သူ မမှန်ကန်ဘူးထင်သည်ကို ပွင့်ပွင့်လင်းလင်းမေးရဲသော သတ္တိရှိသည့် လူကြီးလူကောင်းတစ်ယောက်လည်းဖြစ်သည်ဟု ထင်မြင်သွားကြတော့သည်။


ထုံရွှယ်လူကတော့ ဝမ်ကျစ်ဖုန်းအား ပို၍ပင် ရွံရှာမိသွားသည်။


"ဒါဆို သူများကို စွပ်စွဲချင်သလို စွပ်စွဲပြီးတော့မှ မှားသွားရင်လည်း စကားလေးနဲ့ တောင်းပန်ပြီး ဘာမှမဖြစ်ခဲ့သလို ဆက်နေသွားလည်း လူကြီးလူကောင်းဖြစ်လို့ရတယ်ပေါ့နော်..."


"ရှင့်ကိုယ်ရှင်လည်း ကြည့်ပါဦး...နှာခေါင်းကချွန်ချွန် ပါးစပ်ကထော်ထော်နဲ့...ကျွန်မအထင်တော့ ရှင်က လူမဟုတ်ဘူးပဲ...ကြွက်နဲ့မျောက်ပေါင်းထားတာဖြစ်မယ်...ရှင့်ကိုယ်ရှင် လူဆိုတာ သက်သေပြနိုင်ရင် ကျွန်မလည်း ရှင့်ကို လူကြားထဲမှာ တောင်းပန်မယ်လေ..."


"..."


ကွင်းပြင်တစ်ခုလုံးသည် စက္ကန့်အနည်းငယ်တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ဝါးလုံးကွဲရယ်သံများ ထွက်ပေါ်လာလေသည်။


"ရယ်တော့မရယ်သင့်ပေမယ့် ကျောင်းသားဝမ်က တကယ်လည်း ကြွက်နဲ့မျောက်ပေါင်းထားတာနဲ့ တူနေတာပဲ..."


"ငါလည်း အစတည်းက သူ့ကိုကြည့်ရတာ နည်းနည်းတစ်မျိုးပဲ လို့ထင်နေတာ...တကယ်တော့ သူက ကြွက်လိုလို မျောက်လိုလိုဖြစ်နေတာကိုး..."


"ဟားဟား ကျောင်းသူထုံက ပြောတတ်လိုက်တာ..."


ဘေးနားမှ ရယ်သံများကို နားထောင်ရင်းဖြင့် ဝမ်ကျစ်ဖုန်း၏မျက်နှာကြီး နီလာလေသည်။


"ကျောင်းသူထုံ...လူတစ်ယောက်နဲ့ ရုပ်ရည်နဲ့ပတ်သတ်ပြီး မတိုက်ခိုက်ပါနဲ့...မင်းတော်တော်လွန်နေပြီနော်..."


ထုံရွှယ်လူ: "ရှင်ကတော့ ကျွန်မရဲ့သိက္ခာကို စွပ်စွဲချင်သလိုစွပ်စွဲပြီးတော့ ကျွန်မကတော့ ရှင့်လို ပြန်ပြောလို့မရဘူးပေါ့..."


ဝမ်ကျစ်ဖုန်း: "မင်းအဖိုးက ဗိုလ်မှူးကြီးလေ...ပြီးတော့ မင်းရဲ့ အမှတ်တွေက ဒီလောက်တောင် အများကြီး ထောင်တက်လာတာ...လူတိုင်းအတွက် မသင်္ကာစရာဖြစ်မှာပဲလေ...မင်းအတွင်မင်း မစဉ်းစားရင်တောင် မင်းအဖိုးရဲ့ ဂုဏ်သိက္ခာအတွက်တော့ စဉ်းစားပေးဦးမှပေါ့..."


ထုံရွှယ်လူက ပြုံး၍ ပြောလိုက်သည်။

"ရှင်ပြောတာ မှန်ပါတယ်...အဲဒါကြောင့် ကျွန်မတို့ အခုပဲ ပြည်သူ့လုံခြုံရေးဗျူရိုဆီသွားပြီး ရဲသွားတိုင်ကြရအောင်လေ..."


ဝမ်ကျစ်ဖုန်း၏မျက်နှာက ဖြူဖျော့သွားသည်။

"...ပြည်သူ့လုံခြုံရေးဗျူရိုအထိတော့ သွားစရာမလိုပါဘူး...ကျောင်းကကိစ္စကို ကျောင်းမှာပဲ ဖြေရှင်းလို့ရပါတယ်..."


ထုံရွှယ်လူက ဝမ်ကျစ်ဖုန်း၏စကားကို လျစ်လျူရှု၍ ပါမောက္ခချုပ်ကြီးနှင့် အခြားဆရာများဘက်သို့လှည့်ကာပြောလိုက်သည်။


"ဆရာတို့ရှင်...အတန်းဖော်ဝမ်က ကျွန်မကို စာမေးပွဲကို မတရားတဲ့နည်းလမ်းတွေနဲ့ အောင်ခဲ့တယ်လို့ စွပ်စွဲရုံမကလို့ ကျွန်မရဲ့ အဖိုးနဲ့ ပညာရေးဌာနကြီးတစ်ခုလုံးရဲ့ သိက္ခာကို စော်ကားနေတာဖြစ်ပါတယ်...ဒီစကားတွေသာ ကျောင်းပြင်ပကို ပျံ့သွားမယ်ဆိုရင် ကျွန်မနဲ့ ကျွန်မအဖိုးတင်မကပါဘူး ပညာရေးဌာနကြီးတစ်ခုလုံးကိုပါ လူတွေကို ဝိုင်းအပြစ်ပြောကြတော့မှာပါ..."


ဝမ်ကျစ်ဖုန်း၏မျက်နှာက ပို၍ပင် ဖြူဖျော့လာလေသည်။


"ကျောင်းသူထုံ...ဒီကိစ္စက မင်းနဲ့ငါ့ကြားကကိစ္စလို့ ပြောပြီးပြီလေ...ဘာဖြစ်လို့ ပညာရေးဌာနကိုပါ ဆွဲထည့်နေတာလဲ..."


ထုံရွှယ်လူကတော့ ဝမ်ကျစ်ဖုန်းကို ရှိသည်ဟုပင် မထင်ပဲ ပါမောက္ခချုပ်ကိုသာ တည့်တည့်ကြည့်နေလိုက်သည်။


ပါမောက္ခချုပ်ကျန်းက ပြောလိုက်သည်။

"ကျောင်းသူထုံပြောတာ မှန်တယ်...ဒါက သာမာန်ကိစ္စလေးမဟုတ်တော့ဘူး...ပညာရေးဌာနကြီးရဲ့ ဂုဏ်သိက္ခာနဲ့ပါဆိုင်သွားပြီ...အဲဒါကြောင့် ပညာရေးဌာန၊ ကျောင်းသူထုံနဲ့ သူ့ရဲ့ အဖိုးတို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ငါလည်း ရဲခေါ်ဖို့ သဘောတူတယ်..."


ဝမ်ကျစ်ဖုန်း၏ခြေထောက်များက ပျော့ခွေကာ မြေကြီးပေါ်သို့ ပုံကျတော့မတတ်ဖြစ်သွားသည်။

"ကျောင်းသူထုံ...ငါတောင်းပန်ပါတယ်...ငါ ရုတ်တရက် မပြောသင့်တာတွေ ပြောမိသွားတာပါ...ငါ မင်းကို တောင်းပန်ပါတယ်..."


ဝမ်ကျစ်ဖုန်းတစ်ယောက် အဘယ်ကြောင့် ဤမျှ "သတ္တိကောင်းနေရလဲ" ဆိုသည်မှာ သူ၏ အတိတ်ကြောင့်ဖြစ်သည်။


တစ်စုံတစ်ခုသော အဖွဲ့အစည်း မပြိုကွဲမီ ၁၉၇၆ ခုနှစ်က ဝမ်ကျစ်ဖုန်းသည် ကျောင်း၏ အနီရောင်ရဲဘော်များ အသင်းဝင်ဖြစ်ခဲ့သည်။


အနီရောင်ရဲဘော်များသည် ပြဿနာတစ်ခုခုရှိသည်ဟု ခံစားရသည်နှင့် တစ်ပြိုင်နက် သူတို့ သံသယရှိသည့်လူများကို အပြစ်တင်၊ အပြစ်ပေး စသဖြင့် သူတို့ကြိုက်သလိုလုပ်ခွင့်ရှိသည်။ ထိုသို့လုပ်ခြင်းအတွက်လည်း မည်သည့်အဖွဲ့အစည်းကမှ ဘာမှမပြောပေ။ အနီရောင်ရဲဘော်များသည် သူတို့ သံသယရှိသည့်လူများ၏အိမ်ကိုပင် မွှေနှောက်ဖျက်ဆီးနိုင်လေသည်။


ဝမ်ကျစ်ဖုန်းတို့လက်ချက်နှင့် အိမ်များဖျက်ဆီးခံရ၊ မတရားစွပ်စွဲခံခဲ့ရသော ပညာတတ်များ၊ အရာရှိများ များစွာ ရှိခဲ့သည်။ ယခုတွင်တော့ ထိုတစ်စုံတစ်ခုသော အဖွဲ့အစည်းကြီး ပျက်စီးသွားပြီဖြစ်သော်လည်း ဝမ်ကျစ်ဖုန်း၏နှလုံးသားထဲတွင်တော့ ထိုအကျင့်နှင့် စိတ်ဓာတ်များက ခိုအောင်းနေဆဲဖြစ်သည်။


ထို့ကြောင့် ဝမ်ကျစ်ဖုန်းသည် ထုံရွှယ်လူကိုလည်း ပြဿနာတစ်ခုဟု ထင်၍ စာမေးပွဲကို မတရားသဖြင့် အောင်ခဲ့သည်ဟု သံသယဝင်နေခြင်းဖြစ်သည်။ သူ့ကိုယ်သူလည်း အခြားလူများ ထုတ်မပြောရဲသည့် မေးခွန်းကို ထုတ်မေးရဲသည်ဟူ၍ ‌ဂုဏ်ယူနေသေးသည်။


ပြဿနာများကြီးသွားလျှင်လည်း သူတောင်းပန်လိုက်လျှင် ပြီးသွားလိုက်မည်ဟု တွေးထားခဲ့သည်။


တကယ်တော့ ထို အနီရောင်စစ်သားများသည် ဘာကိုမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ပဲ လေကျယ်နေခဲ့ကြသည်သာဖြစ်သည်။


ဝမ်ကျစ်ဖုန်း၏စိတ်ထဲတွင်တော့ သူသည် ထုံရွှယ်လူအား အခြားလူများကိုလုပ်သလို အိမ်ကို ဖျက်ဆီးခြင်း၊ အပြစ်ပေးသည့်အနေဖြင့် ကတုံးတုံးခြင်း စသည်တို့မလုပ်ပဲ မေးခွန်းလေးသာ မေးလိုက်ခြင်းဖြစ်သောကြောင့် ထုံရွှယ်လူ‌အပေါ် သက်ညှာပေးထားသည်ဟု ‌ထင်နေလေသည်။


အခြားလူများဆိုလျှင်တော့ ဝမ်ကျစ်ဖုန်း၏ စွပ်စွဲမှုကို ကြောက်ကာ သူတို့၏အပြစ်ကင်းစင်မှုကို ပျာပျာသလဲ ပြောဆိုကာကွယ်မည်ဖြစ်သည်။ သို့သော် ကံမကောင်းစွာပင် ဝမ်ကျစ်ဖုန်း၏ပြိုင်ဘက်က ထုံရွှယ်လူ ဖြစ်နေခဲ့သည်။


ယခင်က လက်ဖက်စိမ်းဖြစ်ခဲ့သော ထုံရွှယ်လူသည် ဝမ်ကျစ်ဖုန်းကဲ့သို့ လူများကို ကြောက်မည့်လူ မဟုတ်ချေ။


ထုံရွှယ်လူက ဝမ်ကျစ်ဖုန်းအား စေ့စေ့ကြည့်ကာ ပြောလိုက်သည်။


"အခုမှတောင်းပန်လို့တော့ နောက်ကျသွားပြီရှင်...ရှင်ပြောလိုက်တဲ့ စကားတွေက ပျံ့သွားပြီ...ရှင်တောင်းပန်ရင်တောင် တချို့လူတွေက ကျွန်မ မေးခွန်းရပြီး အောင်လာတယ်လို့ထင်ကုန်ကြတော့မှာ...ပြီးတော့ ကျွန်မအဖိုးက သူ့ရဲ့ အာဏာကိုသုံးပြီး ကျွန်မ စာမေးပွဲအောင်ဖို့ လုပ်ပေးခဲ့တယ်လို့လည်း ထင်ကုန်ကြတော့မှာ..."


"အဲဒါကြောင့် ပညာရေးဌာန၊ ကျွန်မအဖိုးနဲ့ ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် ကျွန်မ ဒီနေ့ ရဲတွေကို ခေါ်ရပါမယ်..."


‌ပါမောက္ခကြီးက ခေါင်းငြှိမ့်ကာ ဆရာတစ်ယောက်အား ပြည်သူ့လုံခြုံရေးဗျူရိုဆီသို့ သွားခိုင်းလိုက်လေသည်။


ဝမ်ကျစ်ဖုန်းမြင်သောအခါ မျက်နှာက ဖြူဆုတ်၍ မြေပေါ်သို့ ပုံလဲသွားတော့သည်။


ကွင်းပြင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြမ်သည်။


လူတိုင်းက ရုတ်တရက် ဖြစ်သွားသော အဖြစ်အပျက်ကို အံ့အားသင့်နေကြလေသည်။


သူတို့သာ ထုံရွှယ်လူနေရာ၌ဆိုလျှင် ရဲခေါ်ဖို့ သတ္တိရှိမည်မဟုတ်ပဲ သူတို့တတ်နိုင်သမျှသာ အားထုတ်၍ အပြစ်မရှိကြောင်းပြမည်ဟု စဉ်းစားနေကြသည်။


သို့သော် ထုံရွှယ်လူပြောသကဲ့သို့ပင် သူမ မည်မျှပင် အပြစ်မရှိကြောင်းပြောစေကာမူ အချို့‌လူများကတော့ ထုံရွှယ်လူ အပြစ်ရှိသည်ဟုသာ ထင်ကြတော့မည်ဖြစ်သည်။ ကောလဟာလဟူသည် ထွက်ပေါ်လာပါက ပျံ့နှံ့သွားမည်မှာ ထုံးစံသာဖြစ်သည်။


ရဲများခေါ်၍ ထို မဟုတ်မမှန်စွပ်စွဲသူကို ပညာပေးလိုက်မှသာ ကောလဟာလများကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။


မိနစ်နှစ်ဆယ်ခန့်ကြာသောအခါ ရဲအရာရှိနှစ်ယောက်နှင့်အတူ ဆရာ ပြန်ရောက်လာသည်။


အခြေအနေကို မေးမြန်းပြီးသောအခါ ရဲများက ပါမောက္ခချုပ်နှင့် ထုံရွှယ်လူအား ပြဿနာကို မည်သို့ ဖြေရှင်းမည်လဲ ဟု မေးလိုက်သည်။


ထုံရွှယ်လူက မိန့်ခွန်းပြောသည့် စင်ပေါ်သို့တက်၍ မိုက်ခရိုဖုန်းကို ယူကာ ပြောလိုက်သည်။


"ကျောင်းသားဝမ်လိုမျိုး ကျွန်မအပေါ် သံသယဝင်နေတဲ့လူတွေ အခု ဒီလူအုပ်ထဲမှာ ရှိနေတယ်ဆိုတာ ကျွန်မ သိပါတယ်...အဲဒါကြောင့် ဒီနေ့ ကျွန်မ လူပုံအလယ်မှာ ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြပါမယ်...အားလုံး အဖြူ အမည်း သဲကွဲသွားအောင် ဒီနေ့ ဒီနေရာမှာပဲ ကျွန်မ စာမေးပွဲအစစ်ခံပါ့မယ်...ဒါပေမယ့် ကျွန်မ လူတိုင်းကို တစ်ခုပြောချင်တာက လူတစ်ယောက်ကို ဘာမှသေချာမသိပဲ စွပ်စွဲလိုက်ပြီဆိုရင် နောက်ပိုင်းကျရင်လည်း စကားလေးနဲ့ တောင်းပန်လိုက်ရုံနဲ့ မပြီးသွားပါဘူး...အဲဒါကြောင့် ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို ပြပြီးသွားရင် ကျွန်မကို စွပ်စွဲသူကို တရားဥအဒေနဲ့အညီ အရေးယူပေးဖို့ ရဲအရာရှိတွေကို ကျွန်မ တောင်းဆိုချင်ပါတယ်..."


စင်အောက်တွင်တော့ ဝမ်ကျစ်ဖုန်းသည် ချွေးစေးများ ပြန်နေကာ မေ့လဲတော့မတတ်ဖြစ်နေသည်။ 


ထို့နောက် ပါမောက္ခချုပ်ကြီးက ကျောင်သင်ပုန်းတစ်ချပ်ကို ယူလာခိုင်း၍ ဘာသာရပ်အသီးသီးမှ ဆရာများကို ဤနေရာ၌ ချက်ချင်း မေးခွန်းများထုတ်ခိုင်း၍ မေးခွန်းများကိုလည်း အရမ်းမလွယ်ကူစေရန် ညွှန်ကြားလိုက်သည်။


ဆရာများက မေးခွန်းထုတ်နေချိန်တွင် ထုံရွှယ်လူက ကျောက်သင်ပုန်းကို ကျောခိုင်းထားသည်။


မေးခွန်းများက ထိုနေရာ၌ ချက်ချင်း ထုတ်ကြသည်ဖြစ်သောကြောင့် ထုံရွှယ်လူနှင့် မေးခွန်းထုတ်သည့် ဆရာများကြား၌ ဘာဆက်သွယ်မှုမှမရှိကာ ထုံရွှယ်လူ မေးခွန်းကြိုသိသည်ဟု၍ စွပ်စွဲ၍ မရတော့ချေ။


မကြာခင်ပင် ရူပဗေဒဌာနမှ ဆရာနှင့် ဓာတုဗေဒဌာနမှ ဆရာတို့က ကျောက်သင်ပုန်းပေါ်၌ မေးခွန်းများရေးလိုက်ကြသည်။


ကျောက်သင်ပုန်း၌ မေးခွန်းအကုန်ရေးရန် မဆန့်သောကြောင့် ထုံရွှယ်လူက ထိုမေးခွန်းနှစ်ပုဒ်ကို အရင်ဖြေရမည်ဖြစ်သည်။


စင်အောက် အရှေ့နား၌ ရပ်နေသော ကျောင်းသားများသည်လည်း ကျောက်သင်ပုန်းကို လှမ်းမြင်နေရသောကြောင့် မေးခွန်းများကို မြင်သောအခါ မနေနိုင်ပဲ ဆွေးနွေးနေမိကြသည်။


"ဘုရားရေ...အဲဒီ ရူပဗေဒမေးခွန်းကို ငါဖတ်တောင်မဖတ်တတ်ဘူး..."


"ငါရောပဲ...ဓာတုဗေဒမေးခွန်းကလည်း ငါ နားလည်ပေမယ့် အဖြေထွက်ဖို့က အချိန်ယူရဦးမှာ..."


"ငါသာ ကျောင်းသူထုံဆိုရင် အဲဒီနေရာမှာတင် အသက်ထွက်သွားမလားမသိဘူး..."


စကားသံများကြားတွင် ထုံရွှယ်လူကတော့ အေးအေးဆေးဆေးပင် ကျောက်သင်ပုန်းနားသို့ လျှောက်သွား၍ မေးခွန်းကို ဖတ်ကာ ခဏမျှစဉ်းစားပြီးလျှင် မြေဖြူကိုကောက်ယူ၍ တွက်နည်းနှင့် အဖြေများကို ကျောက်သင်ပုန်းပေါ်၌ ချရေးလိုက်သည်။


ထုံရွှယ်လူဖြေပြီးသွားသောအခါ မေးခွန်းထုတ်သော ဆရာများက အနားသို့တိုးသွားကာ ‌စစ်ရင်းဖြင့် ခေါင်းတညိတ်ညိတ်ဖြစ်နေကြသည်။


ထို့နောက် ကွင်းပြင်ဘက်သို့လှည့်ကာပြောလိုက်သည်။

"မေးခွန်းနှစ်ခုလုံးရဲ့ အဖြေတွေက မှန်ပါတယ်...ဒီကိစ္စနဲ့ပတ်သတ်ပြီး မေးခွန်းထုတ်ချင်တဲ့ ကျောင်းသားရှိရင် အခုပြောလို့ရပါတယ်..."


လူအုပ်ထဲမှ ရူပဗေဒနှင့် ဓာတုဗေဒ အမှတ်ကောင်းသော ကျောင်းသားများပင် ပုစ္ဆာများကို ဖြည်းညှင်းစွာ တွက်နေကြရသည်။ မတွက်နိုင်သူများကလည်း ထုံရွှယ်လူတွက်ပြထားသည်ကိုကြည့်၍ မှန်ကန်ကြောင်း ပြောကြသည်။


ဝမ်ကျစ်ဖုန်းလည်း ဘာမှမပြောနိုင်တော့ပေ။


ထို့နောက် အခြားဘာသာရပ်များမှ ဆရာများလည်း မေးခွန်းများကိုယ်စီထုတ်၍ ထုံရွှယ်လူက အကုန်လုံးကို မှန်ကန်စွာ ဖြေဆိုနိုင်သည်ချည်းသာဖြစ်သည်။


နောက်ဆုံး၌ အင်္ဂလိပ်စာဆရာက သူ့မေးခွန်းအတွက် ထုံရွှယ်လူ၏ အဖြေမှန်ကန်သည်ဟု ကြေငြာလိုက်သောအခါ ကွင်းပြင်တစ်ခုလုံး လက်ခုပ်သံများဖြင့် ဆူညံသွားတော့သည်။


အထူးသဖြင့် ကျန်းပိုင်ဟွေ့ဆိုလျှင် ပျော်လွန်း၍ မျက်ရည်များပင် ကျနေတော့သည်။


"အတန်းဖော်ထုံ မေးခွန်းကြိုမရပါဘူး လို့ ငါပြောသားပဲ...ပျော်လိုက်တာ..."


ထုံရွှယ်လူက ဝမ်ကျစ်ဖုန်းအား ကြည့်ကာ ပြောလိုက်သည်။


"ကျွန်မတို့နိုင်ငံက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဆယ်စုနှစ်တစ်ခုစာ ရပ်ထားပြီး ဒီနှစ်မှ ပြန်စခဲ့တယ်...အဲဒါကို ရှင်က ပညာရေးဌာနကြီးကို မေးခွန်းတွေကို ကြိုရောင်းစားပါတယ်ဆိုပြီး စွပ်စွဲခဲ့တယ်...ပြီးတော့ ကျွန်မကိုလည်း စွပ်စွဲပြီး ရှင့်ကိုယ်ရှင် လူကောင်းကြီးပုံပေါက်အောင် လုပ်တယ်...ဒါဟာ လူအချင်းချင်း သွေးကွဲအောင်လုပ်နေတာဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကိုလည်း ဆန့်ကျင်ရာရောက်တယ်...ရှင့်လို လူတွေကို သွေးခွဲနေတဲ့လူမျိုးဟာ ဒီ တက္ကသိုလ် ကောလိပ်တွေမှာ စာသင်ဖို့ အခွင့်အရေးမရှိသင့်ဘူး..."