အပိုင်း၂၆၆
Viewers 67k

🍵Chapter 266




လူများကို သွေးခွဲသူနှင့် တက္ကသိုလ်ဝင်ခွင့်‌စာမေးပွဲများကို ဆန့်ကျင်သူ။


အလွန်ကြီးမားသော အပြစ်နှစ်ခုပါပေ။


ထုံရွှယ်လူ၏စကားများကိုကြားသောအခါ လူတိုင်းက ဆွံ့အသွားကြ၍ ဝမ်ကျစ်ဖုန်းကတော့ မေ့လဲတော့မတတ်ဖြစ်သွားသည်။


ထို့နောက် "ဖြန်း" ဟူသော အသံတစ်သံထွက်လာသည်။


ဝမ်ကျစ်ဖုန်းက သူ့လက်နှင့် သူ့ပါးကိုယ်သူ ရိုက်လိုက်ခြင်းဖြစ်သည်။


"အတန်းဖော်ထုံ ငါမှားသွားပါတယ်...ငါ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောခဲ့မိတယ်...ငါတောင်းပန်ပါတယ်...ငါ့ကိုခွင့်လွှတ်ပါ..."


ထုံရွှယ်လူကတော့ ဘာမှမပြောပဲ ဝမ်ကျစ်ဖုန်းကို ဒီတိုင်းသာ ကြည့်နေလိုက်သည်။


ဝမ်ကျစ်ဖုန်းက တောင်းပန်ရင်း သူ့ပါးသူ ထပ်ခါထပ်ခါ ရိုက်နေသောကြောင့် ပါးများပင် ချက်ချင်း နီကာ ယောင်လာသည်။


ရဲအရာရှိ: "ပါမောက္ခကျန်း ဒီကိစ္စကို ဘယ်လိုလုပ်ချင်ပါလဲ...ကျောင်းက အမှုဖွင့်ချင်တယ်ဆိုရင် ဒီကျောင်းသားကို ကျွန်တော်တို့ အခုချက်ချင်း ခေါ်သွားပါမယ်..."


ပါမောက္ခကျန်းက ခေါင်ညိတ်လိုက်သည်။

"ဒါပေမယ့် မခေါ်သွားခင် ကျွန်တော် ကြေငြာချင်တာ တစ်ခုရှိပါတယ်...ဒီနေ့ကစပြီး ဝမ်ကျစ်ဖုန်းဟာ ဒီကျောင်းကနေ ထုတ်ပယ်ခံလိုက်ရပြီး ပေကျင်းတက္ကသိုလ်ရဲ့ ကျောင်းသားမဟုတ်တော့ပါဘူး..."


ကွင်းပြင်ထဲမှ အသံများ ဆူညံလာကြပြန်သည်။


ယခုကဲ့သို့ ဖြစ်လာမည်ကို မျှော်မှန်းထားကြသော်လည်း ဝမ်ကျစ်ဖုန်းအား တကယ် ကျောင်းထုတ်ပစ်လိုက်သောအခါ အလွန်အံ့အားသင့်သွားကြသည်။


တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများသည် ဆယ်နှစ်ကြာမှ ပထမဆုံးပြန်စသည်ဖြစ်၍ လူ ၅သန်းကျော် ဖြေသည့်ထဲကမှ လူ ၂၀၀,၀၀၀ ခန့်သာ ဝင်ခွင့်ရခြင်းဖြစ်သည်။ 


ထို့ကြောင့် စကားလေးတစ်ခွန်းကြောင့် ကျောင်းထုတ်ခံရပြီး ဘဝတစ်ခုလုံး ပျက်စီးသွားရတော့မည်မှာ နှမျောစရာဖြစ်ပေသည်။


သို့သော် ဤကိစ္စကြောင့် လူတိုင်းလည်း အခြေအမြစ်မရှိသည့်စကားများကို လက်လွတ်စံပယ်မပြောသင့် ဟူသည့် သင်ခန်းစာလည်း ရသွားကြသည်။


ရဲအရာရှိနှစ်ဦးက ရှေ့သို့တိုး၍ ဝမ်ကျစ်ဖုန်းအား ဖမ်းချုပ်ကာ ထွက်ခွာရန် ပြင်လိုက်ကြသည်။


ဝမ်ကျစ်ဖုန်းသည် အလွန်ကြောက်လွန်း၍ ထိုနေရာ၌ပင် သေးများထွက်ကျကုန်လေသည်။

"အတန်းဖော်ထုံ...ငါ့ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်...ငါ့ကိုယ်ငါ မှားမှန်း တကယ်သိပါပြီ..."


ဝမ်ကျစ်ဖုန်းသည် သူ့မိဘများ သေသွားသကဲ့သို့ ရှိုက်ကြီးတငင် အော်ငိုနေကာ မျက်ရည်များအပြင် နှာရည်များပါ ထွက်နေတော့သည်။


ထိုအဖြစ်အပျက်ကို မြင်သူများထဲမှ အချို့က ဝမ်ကျစ်ဖုန်းသည် တော်တော်ရွံစရာ၊ သနားစရာသတ္တဝါလေးဖြစ်သည်ဟု တွေးနေကြ၍ အချို့ကတော့ ထုံရွှယ်လူ တော်တော်လွန်သည်ဟု တွေးနေကြသည်။


ထိုအခိုက်တွင် ထုံရွှယ်လူက ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်သည်။


"ရဲအရာရှိတို့...သူ့ကို လွှတ်လိုက်ပါ...ကျွန်မ ဒီအမှုကို ပြန်ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါပြီ..."


ဝမ်ကျစ်ဖုန်း အပါအဝင် လူတိုင်း အံ့အားသင့်သွားကြသည်။


ရဲအရာရှိတစ်ဦးက ထုံရွှယ်လူအားကြည့်၍ ပြောလိုက်သည်။

"ကျောင်းသူ...မင်းသေချာစဉ်းစားပြီးပြီလား...အမှုကို ရုတ်သိမ်းပြီးရင် ပြန်ဖွင့်လို့မရတော့ဘူးနော်..."


ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။

"ကျွန်မ သေချာစဉ်းစားပြီးပါပြီ...ဝမ်ကျစ်ဖုန်းရဲ့ အပြုအမူတွေက မှားပြီး ရွံစရာကောင်းပေမယ့် ကျွန်မ သူ့ကို ခွင့်လွှတ်ပေးမှရမယ်...ကျွန်မ ဒီအမှုကို မရုတ်သိမ်းလိုက်ဘူးဆိုရင် ကျောင်းသားဝမ်က သေချာပေါက်ကို လယ်တောအပို့ခံရပြီး သူ့ဘဝလည်း ပျက်စီးသွားတော့မှာ...တက္ကသိုလ်ကလည်း သူ့ကို အပြစ်ပေးပြီးပြီဆိုတော့ လယ်တောထိပို့ပြီးတော့ အပြစ်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒီကိစ္စကနေ သူလည်း သင်ခန်းစာယူပြီး ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ာပါစေလို့ပဲ မျှော်လင့်ရမှာပါပဲ..."


ဝမ်ကျစ်ဖုန်းလည်း ထိုအခါမှပင် အသိစိတ်ပြန်ဝင်လာကာ အလွန်စိတ်ထိခိုက်ကျေးဇူးတင်သွားသောကြောင့် မျက်ရည်များနှင့် နှာရည်များ ထွက်လာကြပြန်သည်။


"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် အတန်းဖော်ထုံ...ငါ မှားမှန်း ငါတကယ်သိပါပြီ...နောက်ကျရင်လည်း ငါ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါတော့မယ်..."


ပြည်သူ့လုံခြုံရေးဗျူရိုမှ ရဲများသည်လည်း ထုံရွှယ်လူ အမှုမဖွင့်တော့သောကြောင့် ပြန်သွားကြသည်။


ပါမောက္ခကျန်းနှင့် ဆရာများကတော့ ထုံရွှယ်လူ၏လုပ်ရပ်ကို ချီးကျူးကြသည်။ ဤကိစ္စမျိုးက ပြည်သူ့လုံခြုံရေးဗျူရို၏လက်ထဲရောက်သွားလျှင် ဘယ်လိုပဲဖြစ်ဖြစ် ကျောင်း၏ဂုဏ်သိက္ခာလည်း ကျရတော့မည်ဖြစ်သည်။


ထို့အပြင် အမှု၌ ဗိုလ်မှူးကြီးတစ်ဦးနှင့် ပညာရေးဌာနကြီးတစ်ခုလုံးလည်းပါနေသောကြောင့် တော်တော်ကြီးသည့်အမှုဖြစ်နေသည်။ ယခုကဲ့သို့ ပြီးဆုံးသွားခြင်းကသာ အကောင်းဆုံးဖြစ်ပေသည်။


ထုံရွှယ်လူသည် ခုနကတော့ အလျှော့မပေးပဲ ရဲများကို ခေါ်လိုက်သောကြောင့် လူတိုင်း အလွန် အံ့ဩသွားကြကသော်လည်း ယခုတွင်တော့ ဝမ်ကျစ်ဖုန်းအား ခွင့်လွှတ်ပေးလိုက်သောအခါ လူတိုင်းက ထုံရွှယ်လူအား စိတ်သဘောထားမြင့်မြတ်သူဟု မြင်ကုန်ကြ၍ ပို၍လည်း လေးစားချင်ခင်သွားကြသည်။


"ကျောင်းသူထုံက တကယ်ကို သဘောထားကြီးတာပဲ...ငါသာ သူ့နေရာမှာဆို ဝမ်ကျစ်ဖုန်းကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး..."


"ငါက ခုနကတော့ ဝမ်ကျစ်ဖုန်းကို နည်းနည်းသနားနေမိတာ...အခု ကျောင်းသူထုံက တကယ်ကြီး ခွင့်လွှတ်ပေးလိုက်တော့ ဝမ်ကျစ်ဖုန်းက ထိုက်တန်တဲ့အပြစ်မရဘူးလို့ ခံစားနေရတယ်..."


"ဝမ်ကျစ်ဖုန်းကိုလည်းကြည့်ပါဦး...အစကတော့ လူတတ်ကြီးလိုလုပ်ပြီး သတ္တိတွေကောင်းနေတာ...နောက်ကျတော့ လူကြားထဲမှာတောင် သေးထွက်ကျတယ်...ရှက်စရာကောင်းလိုက်တာ..."


ဘေးမှ စကားသံများကို နားထောင်ရင်းဖြင့် ဝမ်ကျစ်ဖုန်းသည် မျက်နှာကို လက်ဖြင့်အုပ်၍ ထိုနေရာ၌ပင် လဲသေသွားချင်မိအောင် ရှက်နေတော့သည်။


ထုံရွှယ်လူ၏အခန်းဖော်များနှင့် ကျန်းပိုင်ဟွေ့က ထုံရွှယ်လူနားသို့ ရောက်လာကြသည်။


ရှဲ့ရှောင်ယန့်: "ရွှယ်လူ နင် သတ္တိရှိလိုက်တာဟယ်...ငါသာဆို အဲဒီနေရာမှာ ကြောက်လွန်းလို့ စကားတောင်ပြောရဲမှာမဟုတ်ဘူး..."


ကောင်းမင်: "ငါရောပဲ...ဒါနဲ့ ငါတို့ သွားကြရအောင် ရွှယ်လူ...ခဏနေရင် ဖတ်စာအုပ်တွေ ဝေပေးတော့မှာတဲ့...မြန်မြန်သွားကြရအောင်..."


"နင်တို့ အရင်သွားနှင့်လိုက်ကြ...ငါ ဆရာတွေကို တစ်ခုပြောစရာရှိလို့..."

ထို့နောက် ထုံရွှယ်လူသည် ကျန်းပိုင်ဟွေ့ဘက်သို့ လှည့်ကာပြောလိုက်သည်။


"ခုနက ငါ့ဘက်ကနေပြီး ကာကွယ်ပြောပေးလို့ ကျေးဇူးတင်ပါတယ်..."


ကျန်းပိုင်ဟွေ့က လက်ခါပြလိုက်သည်။

"ငါတို့က သူငယ်ချင်းတွေပဲကို...နင့်ကို ဒီလိုတွေ မဟုတ်တာပြောပြီး အရှက်ခွဲနေတာကို ငါက ဝင်ပြောပေးရမှာပေါ့...ဒါပေမယ့် ငါက အသုံးမကျပါဘူးဟယ်...စကားလေးနည်းနည်းပြောပြီး ငိုပဲငိုနေမိတယ်..."


ထုံရွှယ်လူက ပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ဟယ်...နင် အရင်သွားနှင့်လိုက်လေ...ငါ ပြီးရင် လိုက်လာခဲ့မယ်..."


ကျန်းပိုင်ဟွေ့က လူကြားထဲ၌ ထုံရွှယ်လူဘက်မှ ဝင်ပြောပေးလိုက်‌စဉ်က ထုံရွှယ်လူ၏အခန်းဖော်များသည် အံ့ဩသွားခဲ့ကြသည်။


သူတို့အားလုံးသည် ထုံရွှယ်လူ စာတော်သည်ကို သိထားသော်လည်း မည်သူကမှ ထုံရွှယ်လူဘက်မှ ဝင်မပြောပေးခဲ့သည်မဟုတ်လား။


အခန်းဖော်များ ထွက်သွားပြီးသောအခါ ထုံရွှယ်လူသည် ဝမ်ကျစ်ဖုန်းနားသို့ လျှောက်သွားလိုက်သည်။


"ဝမ်ကျစ်ဖုန်း...ကျွန်မ ရှင့်ကို မေးစရာရှိတယ်..."


ဝမ်ကျစ်ဖုန်းက ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်။

"ကျောင်းသူထုံ...မင်းမေးချင်တာ မေးပါ..."


ဝမ်ကျစ်ဖုန်းသည် ယခုအချိန်တွင် ထုံရွှယ်လူအား မမုန်းပဲ သူ့ရင်ထဲ၌ ထုံရွှယ်လူကို ကျေးဇူးတင်စိတ်များနှင့်သာ ပြည့်နေသည်။


ထုံရွှယ်လူသာ သူ့ကို မကယ်ပေးခဲ့လျှင် ဝမ်ကျစ်ဖုန်း၏ဘဝသည် တကယ်ပျက်စီးသွားတော့မည်ဖြစ်သည်။ ယခုကတော့ ကျောင်းမှထုတ်ခံရသော်လည်း အလုပ်ကောင်းကောင်းတစ်ခုတော့ သူရှာနိုင်ပါသေးသည်။


ထုံရွှယ်လူက မေးလိုက်သည်။

"ကျွန်မရဲ့အဖိုးက ဗိုလ်မှူးကြီးဆိုတာ ရှင်ဘယ်လို သိတာလဲ..."


ဝမ်ကျစ်ဖုန်းက ခဏတိတ်နေပြီးမှ ပြောလိုက်သည်။

"မင်းရဲ့ အမှတ်တွေကကောင်းတယ်လေ...အဲဒီတော့ အဆောင်ကလူတွေရော အတန်းထဲကလူတွေရောက မင်းအကြောင်းပဲ ခဏခဏပြောနေကြတာ...အဲ့ကနေ ငါကြားလာတာ...ဘယ်သူပြောတာလဲကိုတော့ ငါလည်း မမှတ်မိတော့ဘူး..."


ထုံရွှယ်လူက ဆက်မေးလိုက်သည်။

"ရှင် သေချာပြန်စဉ်းစားကြည့်ပါဦး...ရှင့်ဆီကို တစ်ယောက်ယောက်က လာပြောတာလား...မဟုတ်ရင် ရှင် ကျွန်မကို တိုက်ရိုက်ကြီးဦးတည်ပြီး ဘာဖြစ်လို့ လာပြောမှာလဲ..."


ဝမ်ကျစ်ဖုန်းသည် ဘာကိုမှ သေချာမစဉ်းစားပဲ စိတ်မြန်လက်မြန်လုပ်တတ်သူဖြစ်သောကြောင့် ထိုးကျွေးရန် အသင့်တော်ဆုံးလူဖြစ်နေသည်မဟုတ်လား။


ဝမ်ကျစ်ဖုန်းက မျက်မှောင်ကြုတ်ကာ အတော်ကြာကြာစဉ်းစားနေပြီးမှ ရုတ်တရက်ထအော်လိုက်သည်။


"ငါမှတ်မိပြီ...ငါ့အခန်းဘေးက ရှစ်ကျွင်းမင်ဆိုတဲ့ကောင်...သူက သူ့အတန်းထဲက တစ်ယောက်က တော်လှန်ရေးအဖွဲ့ခေါင်းဆောင်ရဲ့သားမို့လို့  စာမေးပွဲမဖြေပဲ တက္ကသိုလ်ဝင်ခွင့်ရသွားတယ်ဆိုတာလည်း‌ပြောသေးတယ်...သူ့ဆီမှာ အတွင်းသတင်းတွေ တော်တော်များများသိရတယ်..."


"ငါက အဲဒီအကြောင်းကြားတော့ ဒေါသထွက်ပြီး ဘာဖြစ်လို့ ရဲကိုမတိုင်တာလဲလို့ မေးတော့ သူက သူ့မိသားစုမှာက ဘာပါဝါအာဏာမှမရှိလို့ သူ ဘာမှလုပ်မရဘူးလို့ပြောတယ်...ပြီးတော့ အခု ကမ္ဘာကြီးက အဲဒီလို အကျင့်ပျက်ခြစား‌တာတွေက နေရာအနှံ့ဖြစ်နေပြီလို့ ပြောတယ်..."


"အဲ့တော့ ငါက တခြား ဒီလို အကျင့်ပျက်တဲ့လုပ်ရပ်တွေ ရှိနေသေးလို့လား မေးတော့ သူက မင်းအကြောင်းဆက်ပြောတာ...မင်းက ငယ်ငယ်တည်းက အမှတ်တွေမကောင်းပဲ အငယ်တန်းအထက်တန်းကိုပဲ အောင်ထားတာမို့လို့ ဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်တွေ ဒီလောက်ကောင်းနေမယ်လို့ မမျှော်လင့်ထားဘူး လို့ပြောတယ်..."


ထုံရွှယ်လူက မျက်ခုံးကိုပင့်ကာမေးလိုက်သည်။

"အဲဒီတော့ သူက ကျွန်မက မေးခွန်းရပြီးအောင်လာတယ်လို့ပြောတယ်ပေါ့..."


ဝမ်ကျစ်ဖုန်းက မျက်နှာနီသွားကာ ခေါင်းခါလိုက်သည်။

"သူကတော့ မပြောပါဘူး...ဒါပေမယ့် အဲဒီကစ္စကို ငါကြားတော့ မင်း ဒီလို အမှတ်ပြည့်တွေရနေတာ မဖြစ်နိုင်ဘူးဆိုပြီး..."


ဝမ်ကျစ်ဖုန်းသည် တကယ်ပင် ဘာမှမစဉ်းစားသည့် အရူး ဖြစ်နေပါရောလား။


သူ့ကိုယ်သူ ထိုးကျွေးခံနေရသည်ကိုတောင် မသိပဲ တက်ကြွစွာပင် သူ့ကို ထိုးကျွေးသည့်လူကိုပင် ကာကွယ်နေလိုက်သေးသည်။


ထုံရွှယ်လူက ပြောလိုက်သည်။

"အဲဒီ ရှစ်မျိုးရိုးနာမည်နဲ့ လူက ဘယ်ကလဲ ရှင်သိလား..."


ဝမ်ကျစ်ဖုန်း: "ကျင်းမြို့က..."


ကျင်းမြို့...


ထုံရွှယ်လူသည် ဝမ်ရူကွေ့၏အမေကို ချက်ချင်းတွေးမိသွားသည်။


ဝမ်ရူကွေ့၏အမေလက်ထပ်ထားသူသည်လည်း မျိုးရိုးနာမည်က ရှစ် ပင် မဟုတ်လား။


"အတန်းဖော်ဝမ်...ဒီနေ့ကိစ္စကို ကောင်းကောင်းသင်ခန်းစာယူပြီး နောက်ကျရင် ရှင့်ဘဝကို ကောင်းအောင် ပြောင်းလဲနိုင်ပါစေလို့ ကျွန်မမျှော်လင့်ပါတယ်..."


ဝမ်ကျစ်ဖုန်းအား ရှစ်ကျွင်းမင်က အသုံးချသွားသည့်အကြောင်းကိုတော့ မပြောတော့ရန် ထုံရွှယ်လူ ဆုံးဖြတ်လိုက်သည်။


ဝမ်ကျစ်ဖုန်းကဲ့သို့ ဘာကိစ္စကိုမှ အောင်အောင်မြင်မြင်မလုပ်နိုင်သည့်လူကို ရှစ်ကျွင်းမင်ကလည်း နောက်ထပ် အသုံးချတော့မည့်ပုံ မပေါက်ချေ။


ဝမ်ကျစ်ဖုန်းက ခေါင်းတဆတ်ဆတ်ငြှိမ့်လိုက်သည်။

"ငါသိပါတယ်...ခုနကလည်း ငါ့ကို အမှုမဖွင့်တဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်..."


"ဪ ပြီးတော့ အခု ရှင့်ကို ကျွန်မမေးတဲ့ ကိစ္စတွေကို ဘယ်သူ့ကိုမှ သွားမပြောပါနဲ့နော်...လူတွေက ရှင့်ကို သူများကိုအပြစ်ပုံချတယ်ဆိုပြီး ပိုအထင်သေးကုန်ကြမှာစိုးလို့..."


"သတိပေးလို့ကျေးဇူးတင်ပါတယ် အတန်းဖော်ထုံ...တကယ်ပြောတာပါ...ငါ မင်းကို စွပ်စွဲခဲ့မိတာ ငါတော်တော်ကို ရူးမိုက်တာပါပဲ..."


ဝမ်ကျစ်ဖုန်းက ထုံရွှယ်လူအား ကျေးဇူးတင်လွန်း၍ ငိုပင်ငိုနေတော့သည်။


"..."


ထုံရွှယ်လူကတော့ ဘာမှမပြောတော့ပဲ စာသင်ခန်းဆီသို့သာ ပြန်လျှောက်လာလိုက်သည်။


ထုံရွှယ်လူမှတ်မိနေသည်သာ မှန်မည်ဆိုလျှင် ထို ရှစ်ကျွင်းမင်သည် ဝမ်ရူကွေ့အမေနှင့် ဖောက်ပြန်သည့်လူ၏ မိသားစုဝင်တစ်ယောက်ယောက်ဖြစ်ပေလိမ့်မည်။


ထုံရွှယ်လူ ထိုလူများနှင့် မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားနေဆဲမှာပင် ကံတရားက ထိုလူများကို ထုံရွှယ်လူရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပို့ပေးလိုက်လေသည်။


ကောင်းလိုက်တာ...


ကိုယ့်ကိုယ်ကိုယ်နှင့် ကိုယ့်၏ရန်သူအကြောင်းကို ကောင်းကောင်းသိထားလျှင် တိုက်ပွဲ၌ မည်သောအခါမှ မရှုံးနိမ့် ဟူသော စကားပုံရှိသည်မဟုတ်လား။ ထို့ကြောင့် ရှစ်ကျွင်းမင်နှင့် ရင်မဆိုင်ရခင် သူ့အကြောင်းကို အရင်စုံစမ်းရပေတော့မည်။ 


🍵


နောက်အပတ်၌ စစ်လေ့ကျင့်ရေး စလုပ်ရသည်။


ထုံရွှယ်လူ၏အသားအရေက ‌အနည်းငယ်နေလောင်ထားသော်လည်း အခြားအတန်းဖော်များနှင့် ယှဉ်လျှင် သူမ၏အသားက တို့ဟူးကဲ့သို့ ဖြူဖွေးနေဆဲဖြစ်သည်။


အခြားအတန်းဖော်များက နေလောင်၍ အသားညိုပြီးသားဖြစ်၍ စစ်လေ့ကျင့်ရေးဆင်းပြီးသောအခါ အချို့လူများဆိုလျှင် အသားများက မီးသွေးကဲ့သို့ မည်းပြာကုန်ကြသည်။


အရင်က အချို့လူများသည် ထုံရွှယ်လူ အသားဖြူနေသည်မှာ ‌ပေါင်ဒါလိမ်းထားသောကြောင့် ဟုထင်ကြသည်။ သို့သော် စစ်လေ့ကျင့်ရေးပြီးသောအခါတွင်တော့ ပင်ကိုယ်အလှဆိုသည်မှာ ဘာလဲဆိုသည်ကို လူတိုင်းနားလည်သွားကြတော့သည်။


ထိုခေတ်က ကျောင်းသားများသည် အလွန်ပင် ကြိုးစားကြသည်။ စစ်လေ့ကျင့်ရေးကို ခါးများနာသည်အထိ နေ့တိုင်း အပြင်းအထန်လေ့ကျင့်ကြကာ အဆောင်သို့ ပြန်ရောက်လျှင်လည်း စာအုပ်များချက်ချင်းကောက်ကိုင်ကာ စာကြည့်ကြတော့သည်။


ကျောင်းသား‌အဆောင်များ၌ ဆယ်နာရီခွဲတိုလျှင် မီးပိတ်ရမည်ဟု သတ်မှတ်ထားသောကြောင့် ကျောင်းသားအများစုသည် စာဆက်ဖတ်နိုင်ရန် လမ်ဘေး သို့မဟုတ် အိမ်သာများနားသို့သွားနေကြရသည်။


အတန်းများ မစခင်၌ပင် ဤမျှကြိုးစားနေကြလျှင် အတန်းများတကယ်စပါက မည်မျှပင် ကြိုးစားနေကြမည်နည်း။


သူတို့နှင့်ယှဉ်လျှင် ထုံရွှယ်လူသည် သူမကိုယ်သူမ ငပျင်းမကြီး ဟု ခံစားနေမိသည်။


သူမသည် အိမ်သာနားသွား၍ နံစော်နေသောအနံ့များကြားတွင် စာမလုပ်နိုင်ပေ။


သို့သော် လူတိုင်းက အလွန်ကြိုးစားနေကြသောကြောင့် ထုံရွှယ်လူသည် လူတိုင်း၏အမြင်ကို မေး၍ အဆောင်မီးများအား တစ်နာရီနောက်ကျပြီးမှ ပိတ်ပေးရန် ကျောင်းအားတောင်းဆိုလိုက်သည်။


ကျောင်းမှ အကြီးအကဲများကလည်း ကျောင်းသား ဤသို့ စာကို အပြင်းအထန်ကျက်မှတ်နေကြသည်ကိုသဘောကျသောကြောင့် တောင်းဆိုချက်ကို သဘောတူလိုက်ကြသည်။


လူတိုင်း၏စိတ်က စာထဲတွင်သာရှိသောကြောင့် အခက်အခဲလေး၊ ပြဿနာလေး အနည်းငယ်ကြုံတွေ့လျှင်လည်း အရေးတယူလုပ်မနေပဲ အလွယ်တကူ မေ့ပျောက်လိုက်ကြသည်သာဖြစ်သည်။


စစ်လေ့ကျင့်ရေးတစ်ပတ်ပြီးသောအခါ ထုံရွှယ်လူသည် စနေ တနင်္ဂနွေ၌ အိမ်သို့ ပြန်လာလိုက်သည်။


ခြံဝန်းက ပြင်ဆင်ပြီးပြီဖြစ်၍ ဤပိတ်ရက်၌ ပြောင်းရွှေ့ကြမည်ဖြစ်သည်။


အဆောင်မှလူများကတော့ ထုံရွှယ်လူအိမ်ပြန်နိုင်သည်ကို မနာလိုအားကျ ဖြစ်နေကြသည်။ ထုံရွှယ်လူက ပြုံး၍ နှုတ်ဆက်ကာ တနင်္ဂနွေနေ့ ပြန်လာလျှင် အရသာရှိသောစားစရာများ ယူလာပေးမည်ဟု ကတိပေးလိုက်သည်။ 


မိသားစုသုံးစုလုံး ပြောင်းရွှေ့ကြမည်ဖြစ်ရာ သယ်ရမည့်ပစ္စည်းများ များသောကြောင့် ဖန်ကျင်းယွမ်နှင့် ကျန်းတန့်ဟုန်တို့က လာကူညီပေးကြသည်။


စနေနေ့တွင် ဖန်ကျင်းယွမ်က ထုံရွှယ်လူတို့ကို ကူပေးရန် အိမ်ထဲမှထွက်လာသည်။


လေ့ကျင့်ရေးကွင်းကို ဖြတ်ချိန်တွင် တစ်စုံတစ်ယောက်က သူမ အား လှမ်းခေါ်လိုက်သံကို ကြားလိုက်ရသည်။


လှည့်ကြည့်လိုက်သောအခါ ရှောင်ချန်ဖျင်က ပြုံးပြုံးကြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။


ဖန်ကျင်းယွမ်က မျက်လုံးကိုဝေ့၍ ပြောလိုက်သည်။

"ဘာပြောမလို့လဲ..."


"ငါဒီနေ့ ခွင့်မရလို့ အိမ်ပြောင်းတာကို လာကူပေးလို့မရဘူးဆိုတာ ရွှယ်လူ့ကို ပြောပေးပါလို့..."


ဖန်ကျင်းယွမ်က လှောင်သည့်အသံနှင့်ရယ်လိုက်သည်။

"နင်က အလုပ်လုပ်စရာဆိုရင်ကျ မအားတော့ဘူးပေါ့...မုန့်စားရမယ်ဆိုရင်တော့ သူများထက် တက်ကြွတယ်..."


ရှောင်ချန်ဖျင်သည် ပွစိပွစိပြောနေသော ဖန်ကျင်းယွမ်ကိုကြည့်၍ နှလုံးသားက တဒုတ်ဒုတ်ခုန်လာသည်။


ဖန်ကျင်းယွမ်သည် သူ့မျက်စိထဲ၌လည်း အလွန်လှလာသလို ခံစားလိုက်ရသည်။


ထုံရွှယ်လူတုန်းကလည်း သူလက်နှေးခဲ့သောကြောင့် ဝမ်ရူကွေ့နောက်ပါသွားခဲ့သည်။


ထို့ကြောင့် ဖန်ကျင်းယွမ်ကိုတော့ မည်သူ့လက်ထဲကိုမှ သူအပါမခံနိုင်တော့ချေ။


ထို့ကြောင့် ရှောင်ချန်ဖျင်သည် အသက်ကိုပြင်းပြင်းရှူ၍ နားရွက်ဖျားများနီနီနှင့် ပြောလိုက်သည်။

"ဖန်ကျင်းယွမ်...ကိုယ် မင်းကို တစ်ခုမေးစရာရှိတယ်..."


ဖန်ကျင်းယွမ်: "ဘာလဲ...ပြောစရာရှိတာ မြန်မြန်ပြောလေ..."


"..."


ရှောင်ချန်ဖျင်သည် သူ့ကိုယ်သူ ရူးနေပြီဟုထင်မိသည်။ ထိုသို့မှမဟုတ်လျှင် သူ့အား ကတ်ကတ်လန်အောင်ရန်တွေ့နေသော ဖန်ကျင်းယွမ်အား အဘယ်ကြောင့် ချစ်စရာကောင်းနေသည်ဟု ထင်နေမိမည်နည်း။


ရှောင်ချန်ဖျင်က အနည်းငယ် တုံ့ဆိုင်းဆိုင်းလုပ်ပြီးမှ ပြောလိုက်သည်။

"ကိုယ် မင်းကိုမေးချင်တာ...မင်း မျက်လုံးမမြင်ဖြစ်နေလားလို့..."


ဖန်ကျင်းယွမ်က ရှောင်ချန်ဖျင်အား မျက်လုံးပြူးကာ ကြည့်လိုက်သည်။

"ရှောင်ချန်ဖျင် နင်ကတော့ သေချင်နေပြီထင်တယ်...မျက်စိမမြင်ဖြစ်နေတာ ငါမဟုတ်ဘူး...နင်ဟဲ့ သိရဲ့လား..."


ရှောင်ချန်ဖျင်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ငါလည်း ငါ့ကိုယ်ငါ မျက်လုံးတွေ ကန်းနေပြီလို့ထင်တယ်...မဟုတ်ရင် မင်း စိတ်တိုပြီး နှာခေါင်းက ပွစိပွစိဖြစ်နေတာကို ချစ်စရာကောင်းတယ်လို့ ငါမြင်နေမှာမဟုတ်ဘူး..."


ဖန်ကျင်းယွမ်: "..."