အပိုင်း၂၆၇
Viewers 67k

🍵Chapter 267




ရှောင်ချန်ဖျင်က သူပြောချင်သည်ကို ပြောချလိုက်ပြီးသောအခါ တောက်ပသောမျက်လုံးများဖြင့် ဖန်ကျင်းယွမ်ကို ကြည့်နေလိုက်၏။သူ့ နှလုံးသားက မိုးကြိုးပစ်သကဲ့သို့ တဒိုင်းဒိုင်း ခုန်နေလေသည်။


ရှောင်ချန်ဖျင်သည် ဖန်ကျင်းယွမ်အား မျက်မမြင်တစ်ယောက်ကဲ့သို့ မျက်ကန်းအချစ်ဖြင့် ချစ်မိသွားသောကြောင့် သူမ သည်လည်း သူ့အား ဤကဲ့သို့ပင် ပြန်ချစ်နေသင့်သည်မဟုတ်လား။


ဖန်ကျင်းယွမ်၏မျက်နှာကတော့ ဆိုးဆေးဆိုင်ထဲ မှောက်လျက်လဲလာသလို နီသွားလိုက် ဖြူသွားလိုက်ဖြစ်နေကာ ‌ဒေါသထွက်လွန်း၍ လှောင်ရယ်ရယ်လိုက်သည်။

"ဟဟ..."


ဖန်ကျင်းယွမ်၏မျက်နှာက ရှက်သွေးဖြာနေသည်ကို မြင်သောအခါ ရှောင်ချန်ဖျင်က ပို၍ပင် အားတက်လာတော့သည်။


သူ့မျက်စိထဲ၌ ဖန်ကျင်းယွမ်သည် ပျော်ရွှင်စွာပြုံးနေ၍ မျက်နှာလေးကလည်း ရှက်ရှက်နှင့် နီနေသောကြောင့် ဖန်ကျင်းယွမ်ကလည်း သူ့အား ပြန်ကြိုက်နေပြီဟု ထင်ကာ ရှောင်ချန်ဖျင် ပျော်ရွှင်သွားမိသည်။


ဖန်ကျင်းယွမ်ကတော့ ရှောင်ချန်ဖျင်၏ ပြုံးဖြီးဖြီးမျက်နှာကြီးကိုကြည့်ရင် ပို၍ပင် ဒေါသအလိပ်လိုက်ထွက်လာကာ ရှောင်ချန်ဖျင်အား လက်ယပ်ခေါ်လိုက်သည်။

"ဒီနားလာပါဦး..."


ရှောင်ချန်ဖျင်က သူ့ဆံပင်ကို သပ်၍ လျှောက်သွားလိုက်သည်။

"မင်း အဆင်ပြေမယ်ဆိုရင် ကိုယ်တို့ ဒီနေ့ပဲ စတွဲ..."


ရှောင်ချန်ဖျင်၏စကားမဆုံးမိ ဖန်ကျင်းယွမ်က ကောင်းကင်သို့ မော့ကြည့်ကာ လက်ညှိုးထိုး၍ ပြောလိုက်သည်။

"ကြည့်ပါဦး ဟိုမှာ ငှက်လေးတွေ..."


ရှောင်ချန်ဖျင်လည်း ဖန်ကျင်းယွမ် လက်ညှိုးထိုးပြသည့်နေရာကို မော့ကြည့်လိုက်သည်။


ထိုအချိန်၌ ဖန်ကျင်းယွမ်သည် ခြေထောက်ကိုမြှောက်ကာ ရှောင်ချန်ဖျင်၏ခြေသလုံးကို ကန်ထည့်လိုက်တော့သည်။


ရှောင်ချန်ဖျင်လည်း "အား..." ဟုအော်ကာ ခြေသလုံးကိုကိုင်၍ ဖားကဲ့သို့ ခုန်ဆွခုန်ဆွဖြစ်သွားလေသည်။


ဖန်ကျင်းယွမ်က ကန်ပြီးသောအခါ ပြေးထွက်သွား၍ ရှောင်ချန်ဖျင်နှင့် နည်းနည်းဝေးဝေးသို့ရောက်မှ အော်ပြောလိုက်သည်။

"ရှောင်ချန်ဖျင်...ငါပြောတာကို သေချာမှတ်ထား...ဖန်ကျင်းယွမ်ဆိုတဲ့ငါက မျက်လုံးကန်းနေရင်တောင် နင့်ကို ဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူး..."


ရှောင်ချန်ဖျင်လည်း သူ့ခြေထောက်က နာနေသည့်အပြင် ရင်ဘတ်ထဲမှလည်း နာကျင်သွားရသည်။


ဘာဖြစ်လို့လဲ...


ရှောင်ချန်ဖျင်သည် ဖန်ကျင်းယွမ်အတွက် မချော၍ ယောင်္ကျားမဆန်သောကြောင့်လား...


🍵


ဖန်ကျင်းယွမ်သည် ထုံရွှယ်လူ၏အိမ်သို့ရောက်သည်အထိ မျက်နှာက ဒေါသဖြင့် နီနေဆဲဖြစ်သည်။


ထုံရွှယ်လူ: "နင် လာဖြစ်လာတာလဲ...ဘယ်သူ နင့်ကို စိတ်တိုအောင် လုပ်လိုက်ပြန်ပြီလဲ..."


ဖန်ကျင်းယွမ်က ဘေးဘီသို့ ကြည့်ပြီးမှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


"ဟို ပဲစေ့မျက်လုံးနဲ့ ရှောင်ချန်ဖျင်ဆိုတဲ့တစ်ယောက်ပေါ့...သူ့ကိုကြည့်ရတာလေ တကယ် ရှုံ့တွနေတဲ့ စပျစ်သီးခြောက်လိုပဲ...အဲဒီကောင်က ငါ့ကို သူက မျက်စိကန်းနေလို့ ငါ့ကို ချစ်မိတယ်ဆိုပြီး ပြောလိုက်တယ်လေ...ငါက သူ့မျက်စိကို ဘာလုပ်ရမှာလဲ..."


ထုံရွှယ်လူ: "..."


ရှောင်ချန်ဖျင် အခုထိ ရည်းစားမရသည်မှာလည်း မဆန်းတော့ပါ။ သူ၏ ရည်းစားစကားပြောပုံက အလွန်ပင် ဆန်းကြယ်နေသည်ကိုး။


ထိုအချိန်တွင် ဘေးမှ ပစ္စည်းများကို ကူ၍ နေရာချပေးနေသော ကျန်းတန့်ဟုန်က ခေါင်းထောင်ကြည့်၍ ပြောလိုက်သည်။

"အဲဒါ ရဲဘော်ရှောင်းက ကျင်းယွမ်ကို ချစ်တယ်လို့ ဖွင့်ပြောလိုက်တာပဲမဟုတ်ဘူးလား...သူက စကားအပြောမတတ်လို့ စော်ကားသလို ဖြစ်သွားတာနေမှာပါ..."


ဖန်ကျင်းယွမ်က ဒေါသဖြင့် အံကြိတ်ကာ ပြောလိုက်သည်။


"ဘာကို စော်ကားသလိုဖြစ်ရမှာလဲ အစ်မရဲ့...တကယ်ကြီးကို စော်ကားနေတာလဲ...ပြောတာလဲ ကြည့်ဦး...ကျွန်မကို ချစ်မိတာ မျက်စိကန်းနေလို့ဆိုတော့ ကျွန်မရုပ်က အရမ်းဆိုးနေလို့လား...ကျွန်မကပဲ သူ့ကို ပိုက်ဆံပေးပြီး ချစ်ခိုင်းနေသလိုလို...အား စိတ်တိုလိုက်တာ..."


ပြောရင်းဖြင့် ဖန်ကျင်းယွမ်သည် ရှောင်ချန်ဖျင်အား ဒီ့ထက်ပို၍ များများကန်ခဲ့ရရင်ကောင်းသား ဟု တွေးနေမိသည်။


ဖန်ကျင်းယွမ်၏ ဒေါသထွက်နေပုံကိုကြည့်၍ ဖန်ကျင်းယွမ်နှင့် ရှောင်ချန်ဖျင်တို့သည် တော်တော်လည်း လိုက်ဖက်ကြသည်ဟု ထုံရွှယ်လူ တွေးလိုက်မိသည်။


အပြင်၌ ဝမ်ရူကွေ့နှင့် ဖုကျန့်ယိတို့က လေးလံသောပစ္စည်းများကို ရွှေ့ပေးနေကြသည်။ သို့သော် သယ်စရာပစ္စည်းကတော့ သိပ်မများပါ။ အိပ်ယာနှင့် စားပွဲများကလည်း ဝမ်ရူကွေ့ ဝယ်ထားပေးခြင်းဖြစ်သည်။


အခု အိမ်အသစ်၌လည်း ဗိုလ်ချုပ်ရှောင်းက ကုတင်နှင့် စားပွဲအသစ်များ လုပ်ထားပေးသောကြောင့် သယ်စရာပစ္စည်းများက အသေးလေးများသာရှိသည်။


သို့သော် ခြံဝန်းထဲမှ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်ခြံလေးနှင့် အသီးပင်များကိုတော့ ထုံရွှယ်လူ မခွဲနိုင်ဖြစ်နေသည်။


ထုံရွှယ်လူသည် အသီးပင်များကိုတော့ တူးယူ၍ အိမ်အသစ်၌ ပြန်စိုက်ရန် စဉ်းစားထားသည်။ ထိုသို့မှမလုပ်လျှင်လည်း ထိုအပင်များသည် စောင့်ရှောက်ပေးမည့်လူမရှိ၍ သေသွားကြမည်သာဖြစ်သည်။


လူအများကြီးက ကူလုပ်ပေးကြသောကြောင့် ပစ္စည်းထုပ်ပိုးခြင်းက လျင်မြန်စွာပင် ပြီးသွားကာ ဝမ်ရူကွေ့က ပစ္စည်းများသယ်ရန် ဂျစ်ကားကြီးတစ်စင်း ငှားပေးထားသည်။


ပစ္စည်းအကြီးများကို ကားပေါ်သို့တင်၍ အသေးများကိုတော့ လူများက သယ်မည်ဖြစ်သည်။


ထုံရွှယ်လူသည် အခြားလူများကို အရင်သွားခိုင်းလိုက်၍ သူကတော့ ကျန်ခဲ့သည်များကို စစ်ဆေးရန် နောက်၌ ကျန်နေခဲ့လိုက်သည်။


ထုံရွှယ်လူသည် အိမ်ထဲ၌ တစ်ခန်းပြီးတစ်ခန်း ဝင်ကြည့်ရင်းဖြင့် ပရိဘောဂများ ရှင်းလင်းနေသည့်အခန်းများကို မြင်သောအခါ သူ့ရင်ထဲ၌လည်း ဟာတာတာဖြစ်လာမိသည်။


မှန်ပြတင်းပေါက်များနှင့် ထားခဲ့သည့်စားပွဲများကို လက်ဖြင့် ပွတ်သပ်ရင်း ဝမ်းနည်းမှုကို ကြွတက်လာသည်။


ထိုအချိန်၌ တံခါးနားမှ အရိပ်တစ်ခုပေါ်လာကာ ဝမ်ရူကွေ့ က အခန်းထဲဝင်လာသည်။

"စိတ်မပူပါနဲ့...ကိုယ် ဒီအိမ်ကို မရောင်းပါဘူး...နောက်ကျရင် ကိုယ်တို့ ဒီမှာ ပြန်လာနေလို့ရတယ်လေ..."


ထုံရွှယ်လူက ဝမ်ရူကွေ့အား လှည့်ကြည့်လိုက်သည်။

"ကျွန်မတို့က ဒီမှာနေတော့ အဖိုးဝမ်ကို တစ်ယောက်တည်း ထားခဲ့မလို့လား..."


ဝမ်မိသားစု၏အခြေအနေအရ ဝမ်ရူကွေ့နှင့် ထုံရွှယ်လူတို့ လက်ထပ်ပြီးလျှင်လည်း အဖိုးဝမ်နှင့် ဦးလေးဇုန်းတို့နှင့်အတူ လိုက်နေကြရမည်ဖြစ်သည်။


ဝမ်ရူကွေ့၏နားရွက်ဖျားများက နီရဲသွားကြပြန်သည်။

"ကိုယ်ပြောတာက...တစ်ပတ် နှစ်ပတ်လောက် ဒီမှာ လာအနားယူလို့ရတယ်လို့ ပြောတာပါ..."


ရှက်လိုက်တာ...


ထုံရွှယ်လူက အနားသို့ လျှောက်လာ၍ ဝမ်ရူကွေ့၏ရင်ဘတ်ကို လက်ညှိုးဖြင့် ထိလိုက်သည်။

"ဒီလိုစကားတွေ ဘယ်က တတ်လာတာလဲ...ရှင်နော် တဖြည်းဖြည်းနဲ့ မဟုတ်တာတွေပြောတတ်နေပြီ..."


ဝမ်ရူ‌ကွေ့၏မျက်နှာ၌ စိုးရိမ်သည့်အရိပ်အယောင်များ ဖြတ်သွားသည်။

"ရွှယ်လူ မကြိုက်ရင် နောက် ကိုယ်မပြောတော့ပါဘူး..."


ထုံရွှယ်လူက သူမ၏လက်ညှိုးဖြင့် ဝမ်ရူကွေ့၏ရင်ဘတ်ပေါ်၌ စက်ဝိုင်းသဏ္ဍာန် ဆွဲကာ မော့ကြည့်လိုက်သည်။

"‌ကြောက်မနေပါနဲ့...ကျွန်မ မကြိုက်ဘူးလို့မပြောပါဘူး...ဒါပေမယ့် ကျွန်မတစ်ယောက်တည်းကိုပဲ အဲ့လို ပြောရမယ်နော်...သိရဲ့လား..."


ဝမ်ရူကွေ့က ခေါင်းငြှိမ့်ကာ သူ၏နက်မှောင်သောမျက်လုံးများဖြင့် ထုံရွှယ်လူအား စိုက်ကြည့်၍ ပြောလိုက်သည်။

"စိတ်မပူပါနဲ့...ကိုယ်က မင်းတစ်ယောက်တည်းကိုပဲ တစ်သက်လုံး ဒီလိုစကားတွေ ပြောနေမှာ..."


"..."


ထုံရွှယ်လူလည်း ဝမ်ရူကွေ့၏ စကားများကိုကြားသောအခါ ရယ်ချင်သွားမိသည်။ 


"ဒါနဲ့ ရှင့်သူငယ်ချင်း ကျိုးရန်ရော ဘယ်လိုနေလဲ..."


ထိုစကားကြောင့်  ဝမ်ရူကွေ့သည် ဆေးရုံ၌‌တွေ့ခဲ့သည့်ရက်ကို ပြန်စဉ်းစားမိကာ ရှက်၍ မျက်နှာ နီသွားပြန်သည်။

"သူ တရုတ်ဆေးဆရာတစ်ယောက် ရှာကြည့်မယ်လို့ ပြောတယ်...အဲဒီကိစ္စကို ချီမင်သိတော့ သူ့သားရဲ့ ဘောင်းဘီကိုပေးလိုက်တယ်..."


ထုံရွှယ်လူက နားမလည်စွာကြည့်လိုက်သည်။

"ဘာဆိုင်လို့လဲ..."


ဝမ်ရူကွေ့: "အဲဒီလိုပေးတာက အပေးခံရတဲ့လူကိုပါ သားရစေတယ်တဲ့..."


"သူတို့တွေအကုန်လုံးက သားတွေပဲ လိုချင်နေကြတာဆိုတော့ ရှင်ကရော သားလိုချင်တာလား...လက်ထပ်ပြီးလို့ ကျွန်မက သမီးလေးမွေးမယ်ဆိုရင် ရှင်က စိတ်ညစ်မှာလား..."


သားအကြောင်းတွေပဲပြောနေသောကြောင့် ထုံရွှယ်လူက စိတ်တိုတိုနှင့် မေးလိုက်သည်။


ဝမ်ရူကွေ့က ထုံရွှယ်လူအား သေချာဂရုစိုက်ကြည့်နေသောကြောင့် ထုံရွှယ်လူ မျက်နှာပျက်သွားသည်ကို သတိထားလိုက်မိသည်။

"မညစ်ပါဘူး...သားရော သမီးရော အကုန်ကောင်းတာပဲ...အဓိက က ကိုယ့်ကို သားလေး သမီးလေးတွေမွေးပေးတဲ့မိန်းကလေးက မင်းဖြစ်နေဖို့ပဲ..."


ထုံရွှယ်လူက နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ဆက်ပြောလိုက်သည်။

"ဒါဆို ကျွန်မ ကလေးမမွေးနိုင်ရင်ရော ရှင်ဘာလုပ်မှာလဲ..."


ဝမ်ရူကွေ့က ထုံရွှယ်လူ၏လက်ကို လှမ်းကိုင်လိုက်သည်။

"မင်း ကလေး‌မမွေးနိုင်ရင် မမွေးဘူးပေါ့...မင်း ကလေး‌မမွေးချင်ဘူးဆိုရင်လည်း ကိုယ်တို့ ကလေးမယူဘူးပေါ့..."


ဝမ်ရူကွေ့သည် သူ၏ဘဝတစ်ခုလုံးကို ထုံရွှယ်လူနှင့်သာ ဖြတ်သန်းချင်သည်ဖြစ်၍ ကလေးများက အဓိကမဟုတ်ချေ။ ကံကောင်း၍ ကလေးများရလာလျှင် ပျော်စရာကောင်းမည်ဖြစ်သော်လည်း ကလေးများ မရှိလျှင်လည်း ထုံရွှယ်လူနှင့် နှစ်ယောက်တည်း နေနိုင်သည်သာဖြစ်သည်။


ထုံရွှယ်လူသည် ဝမ်ရူကွေ့ကို မော့ကြည့်လိုက်ရာ သူ၏ နက်မှောင်သောမျက်လုံးများ၌ သူမအပေါ်ထားသော ကြင်နာမှုကို အတိုင်းသားမြင်လိုက်ရသည်။


ထုံရွှယ်လူသည် ဝမ်ရူကွေ့၏အကြည့်ကြောင့် နှလုံးသားက ဆတ်ခနဲ ခုန်သွားကာ ဝမ်ရူကွေ့အား ချက်ချင်းပင် နမ်းလိုက်ချင်စိတ်များပေါ်လာသည်။ သို့သော် စိတ်ကိုထိန်းက ဝမ်ရူကွေ့၏ လက်ကို လှုပ်ကာပြောလိုက်သည်။

"လာ သွားကြမယ်...တခြားလူတွေက စောင့်နေရတာ..."


ဝမ်ရူကွေ့သည်လည်း ထုံရွှယ်လူကိုင်ထားသော သူ့လက်ကို ကြည့်၍ ပြုံးကာပြောလိုက်သည်။

"အင်း..."


🍵


အိမ်အသစ်၏ခြံဝန်းဆီသို့ ရောက်ကြသောအခါ ‌နေရာချရမည့်ပစ္စည်းများက အများအပြားဖြစ်နေလေသည်။


မိသားစုသုံးစုလုံး ပစ္စည်းများ နေရာချပြီးသောအခါ လူတိုင်းသည် ပင်ပန်းနေကြလွန်း၍ မတ်မတ်ဖြစ်အောင်တောင် မရပ်နိုင်ကြတော့ပေ။


ထုံရွှယ်လူကပြောလိုက်သည်။

"ဒီနေ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်...ဒီနေ့ညစာကို အစိုးရပိုင်စားသောက်ဆိုင်မှာ လိုက်ကျွေးပါရစေ..."


မီးဖိုချောင်သုံးပစ္စည်းများကို အကုန်နေရာမချရသေး၍ ထုံရွှယ်လူကိုယ်တိုင်ကလည်း ပင်ပန်းနေကာ ထမင်းဟင်း မချက်ချင်တော့သောကြောင့် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။


လူတိုင်းကလည်း ထုံရွှယ်လူ၏လက်ရာကို မစားရတော့သောကြောင့် အနည်းငယ် စိတ်ပျက်သွားကြသော်လည်း ယခုအခြေအနေနှင့် မည်သူကမှ အတင်းတောင်းဆိုကြမည်မဟုတ်ချေ။


ကျန်းတန့်ဟုန်က ဝင်ပြောလိုက်သည်။

"ဒီနားမှာ တော်တော်ကို အရသာကောင်းတဲ့ အစိုးရပိုင်စားသောက်ဆိုင်တစ်ခု ကျွန်မသိတယ်...အဲဒီကို သွားစားကြအောင်လေ..."


ထိုစကားကို ကြားချိန်တွင် ထုံရွှယ်လူ၏ရင်ဘတ်က ထိတ်ခနဲ ခုန်သွားသော်လည်း စိတ်ကို အမြန်ပြန်ထိန်းလိုက်သည်။


ယခင်က ထုံရွှယ်လူတို့သည် မြို့၏တောင်ပိုင်း၌ နေခဲ့သည်ဖြစ်၍ ယခုတွင်တော့ ‌မြောက်ပိုင်း၌ ရောက်နေကြပြီဖြစ်ရာ အစိုးရပိုင်စားသောက်ဆိုင်ဆိုလျှင် ထုံရွှယ်လူ၏ဆိုင်သို့ သွား၍မရတော့ပေ။


ကျန်းတန့်ဟုန်က လူတစ်ခုကြီးခေါ်ပြီးရောက်ချလာသည်ကို မြင်သောအခါ မန်နေဂျာတန့် လန့်သွားသည်။

"ဆရာမကျန်း...ရဲဘော်ထုံ...ဒီကို ညစာစားဖို့ ရောက်လာကြတာလား..."


ကျန်းတန့်ဟုန်က ပြုံး‌ကာပြောလိုက်သည်။

"ဟုတ်တယ်...နေရာရော ရှိသေးရဲ့လား..."


မန်နေဂျာတန့်က ခေါင်းငြှိမ့်ကာ သူတို့အား အထဲသို့ ဖိတ်ခေါ်လိုက်သည်။

"ရှိပါတယ်...လာပါ...အားလုံး အထဲဝင်ကြပါခင်ဗျာ..."


စားသောက်ဆိုင်ထဲသို့ ရောက်သောအခါ လူတိုင်းက ‌ဆိုင်ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကြသည်။ ထုံရွှယ်လူ၏ဆိုင်ကို မမှီသော်လည်း အထဲက အလွန်သန့်ရှင်းကာ စားပွဲနှင့် ထိုင်ခုံများကိုလည်း စီစီရီရီ သပ်သပ်ရပ်ရပ်စီထား၍ ဖုန်ဟူ၍လည်း တစ်မှုန်မှပင် မရှိချေ။


သို့သော် ဆိုင်ထဲ၌ စားပွဲထိုးက နှစ်ယောက်သာရှိ၍ ထုံရွှယ်လူတို့ အုပ်စုကြီးကို စားပွဲထိုးပေးရန် လူမနိုင်ဖြစ်နေသောကြောင့် ကျန်းတန့်ဟုန်ကပါ ဝင်ကူပေးနေရသည်။


ထုံရွှယ်လူက တစ်ခုခုကို သတိထားမိသော်လည်း ဘာမှမပြောပဲ ဒီတိုင်းသာ ကြည့်နေလိုက်သည်။


ကူညီပေးကြသောလူများကို ကျေးဇူးဆပ်သည့်အနေဖြင့် ထုံရွှယ်လူသည် သူမကို အားနာမနေပဲ စားချင်သည်များကို မှာစားရန် ပြောလိုက်သည်။


သို့သော်လည်း အစိုးရပိုင်စားသောက်ဆိုင်များ၌ ရသော ကုန်ပစ္စည်းက အရေအတွက်သတ်မှတ်ပြီး ရောင်းရသောကြောင့် အသားဟင်းနှစ်ပွဲ၊ အရွက်တစ်ပွဲနှင့် ဖက်ထုပ်သုံးပွဲသာ မှာလိုက်ရသည်။


ဖုကျန့်ယိက ဝက်သားပေါင်းတစ်ဖတ်ကို ယူစား၍ အရသာခံလိုက်သည်။

"အရသာက ပုံမှန်ပါပဲ...ရွှယ့်လူ့လက်ရာလောက်မကောင်းဘူး..."


ဖုကျန့်ယိက ထိုသို့ ပြောလိုက်လိုက်ချင်းမှာပင် ကျန်းတန့်ဟုန်က မျက်စောင်းလှမ်းထိုးလိုက်သည်။

"အစားစားနေရင်လည်း ပါးစပ်ကို ပိတ်ထားလိုက်လေ..."


ဖုကျန့်ယိ: "..."


ဖုကျန့်ယိသည် သူ ရိုးရိုးတန်းတန်း ပြောလိုက်သည်လေးကို ကျန်းတန့်ဟုန်က မဆီမဆိုင် ဝင်ဆူလိုက်သည်ဟု ခံစားရကာ နည်းနည်းဒေါသထွက်သွားသည်။ သို့သော် သူ ပိုးပန်းနေသော ကျောင်းယွင်ရှီးက ကျန်းတန့်ဟုန်နှင့် တော်တော်ခင်သောကြောင့် ပါးစပ်သာ ပိတ်ထားလိုက်ရငည်။


ထုံရွှယ်လူတို့ စားသောက်နေကြဆဲတွင် ကလေးမလေးတစ်ယောက်က ဆိုင်ထဲပြေးဝင်လာ၍ ကျန်းတန့်ဟုန်ကို မြင်သောအခါ အော်ခေါ်လိုက်သည်။

"ဆရာမကျန်း..."


ကျန်းတန့်ဟုန်က လှည့်ကြည့်၍ ပြုံးကာ ကလေးမလေး၏ခေါင်းကို ပွတ်ပေးလိုက်သည်။

"ရှောင်ကျား...ကျောင်းက ခုမှပြန်ရောက်တာလား..."


တန့်ရှောင်ကျားက လိမ္မာစွာ ခေါင်းငြှိမ့်လိုက်သည်။

"ဟုတ် ဆရာမကျန်း...သမီး ပုစ္ဆာတစ်ချို့ နားမလည်လို့ ရှင်းပြပါလားဟင်..."


ကျန်းတန့်ဟုန်က လျင်မြန်စွာပြောလိုက်သည်။

"ဘယ်ပုစ္ဆာလဲ...ဆရာမကို ပြလေ..."


ထိုအချိန်၌ မန်နေဂျာတန့်က မီးဖိုထဲမှထွက်လာ၍ ထိုအဖြစ်အပျက်ကို မြင်သွားသောအခါ မကြိုက်သည့်ပုံဖြင့် လှမ်းပြောလိုက်သည်။

"ရှောင်ကျား...ဆရာမကျန်းက ထမင်းစားနေတာလေ...မဟုတ်တာတွေလျှောက်မေးပြီး ဆရာမကို သွားနှောင့်ယှက်မနေနဲ့..."


တန့်ရှောင်ကျားလေးလည်း နှုတ်ခမ်းစူသွား၍ အပြစ်တစ်ခုခုလုပ်ထားသူလို ခေါင်းလေး ငုံ့သွားသည်။


ကျန်းတန့်ဟုန်: "မန်နေဂျာတန့်...ကလေးကိုမဆူပါနဲ့...အိမ်စာကပိုအရေးကြီးတယ်လေ...ရပါတယ် ကျွန်မလည်း စားလို့ပြီးနေပြီပဲ..."


ကျန်းတန့်ဟုန်ကပြော၍ တန့်ရှောင်ကျားကို ဘေးစားပွဲသို့ခေါ်သွားကာ အိမ်စာများကို ရှင်းပြနေလေသည်။


ဖန်ကျင်းယွမ်က ထုံရွှယ်လူနားသို့ကပ်၍ အသံတိုးတိုးနှင့် ပြောလိုက်သည်။

"အစ်မတန့်ဟုန် ခုတလော နည်းနည်းထူးဆန်းနေတယ်လို့ နင်မထင်ဘူးလား..."


ထုံရွှယ်လူက ဘာမှမပြောပဲ အဆီများများပါသည့် ဝက်သားပေါင်းတစ်တုံးကိုယူကာ ဖန်ကျင်းယွမ်ပန်းကန်ထဲထည့်ပေးလိုက်သည်။

"ရော့ အသားများများစား..."


ဖန်ကျင်းယွမ်က အဆီများဖြင့်အိနေသော ဝက်သားတုံးကိုကြည့်၍ ပျော်ရွှင်စွာပြုံးလိုက်သည်။

"နင်က ငါ့အကြိုက်ကို အရမ်းသိတာပဲ...ငါက ဝက်သားဆိုရင် အဆီပဲကြိုက်တာ..."


ပြောပြီးသောအခါ ဖန်ကျင်းယွမ်သည် ဝက်သားတုံးကို တစ်လုပ်တည်း စားပစ်လိုက်တော့သည်။


ထုံရွှယ်လူ: "..."


စားသောက်ပြီးသောအခါ လူတိုင်းသည် အသီးသီး အိမ်များဆီသို့ ပြန်သွားကြကုန်သည်။


အိမ်ပြန်လမ်းတွင် ဝမ်ရူကွေ့က ထုံရွှယ်လူ၏ မျက်မှောင်ကြုတ်နေသောမျက်နှာကိုကြည့်၍ လေသံတိုးတိုးနှင့်မေးလိုက်သည်။

"ရွှယ်လူ ရဲဘော်ကျန်းအတွက် စိုးရိမ်နေတာလား..."


ထုံရွှယ်လူက မော့ကြည့်လိုက်သည်။

"ရှင်ရော သတိထားလိုက်မိလား..."


ဝမ်ရူကွေ့က ခေါင်းငြှိမ့်လိုက်သည်။

"မင်းက ကိုယ့်ကိုကြည့်တာထက် ရဲဘော်ကျန်းကိုပဲ ပိုကြည့်နေတာကိုလည်း သတိထားမိတယ်..."


ဝမ်ရူကွေ့သည် ကလေးလေးကဲ့သို့ မနာလိုဖြစ်နေသည်လား။


ထုံရွှယ်လူက မနေနိုင်ပဲ ရယ်လိုက်မိပြီးမှ ပြောလိုက်သည်။

"ဒါဆိုလည်း နောက်ဆိုရင် ရှင့်ကိုပဲ ကြည့်နေပါ့မယ် ဟုတ်ပြီလား..."


ထိုသို့ပြောလိုက်သောအခါ ဝမ်ရူကွေ့၏မျက်နှာက နီရဲသွားသော်လည်း နှုတ်ခမ်းများကတော့ ပြုံးသွား၍ ခေါင်းကို ဖြည်းဖြည်းငြှိမ့်ကာ "ကောင်းပြီလေ..." ဟု ပြောလိုက်သည်။


ဝမ်ရူကွေ့၏ ထိုကဲ့သို့ ရှက်သွားသည့်ပုံလေးမှာ အလွန်ပင် ချစ်စရာကောင်းသည်ဟု ထုံရွှယ်လူ စဉ်းစားလိုက်မိသည်။


"အချစ်ဆိုတာ ထိန်းချုပ်လို့မရဘူးလေ...ပြီးတော့ အစ်မကျန်းကလည်း အရွယ်ရောက်ပြီးသားမိန်းမတစ်ယောက်ပဲ...သူ ချစ်ချင်တဲ့လူကိုချစ်မှာပေါ့...ဒါပေမယ့် သူ့အနေနဲ့ မိထွေးတစ်ယောက်ဖြစ်ဖို့ကတော့ မသင့်တော်ဘူး လို့ ကျွန်မ မြင်မိလို့..."


မန်နေဂျာတန့်သည် စိတ်သဘောထားကောင်း၍ အလုပ်မှာလည်း တော်သူတစ်ယောက်ဖြစ်သော်လည်း အသက် ၇နှစ်အရွယ် ကလေးတစ်ယောက်ရှိ‌နေသောကြောင့် ကျန်းတန့်ဟုန်အတွက် အနည်းငယ်တော့ ခက်ခဲမည်ဖြစ်သည်။


ထို့အပြင် အိမ်ထောင်ပြုပြီး၍ ကလေးရှိနေသူမှာ မန်နေဂျာတန့်မဟုတ်ပဲ ကျန်းတန့်ဟုန်သာဆိုလျှင် မန်နေဂျာတန့်ဘက်မှလည်း ယခုကဲ့သို့ လိုလိုလားလား လက်ခံနိုင်မည်လားဟု ထင်စရာရှိသည်။


ဝမ်ရူကွေ့ကပြောလိုက်သည်။

"လှေဆိုတာကတော့ ကမ်းကပ်ရမှာ ထုံးစံပဲလေ...ရွှယ်လူပြောသလို ရဲဘော်ကျန်းကလည်း အရွယ်ရောက်ပြီးသား မိန်းမတစ်ယောက်ပဲမလား...ဒီကိစ္စကို သူကောင်းကောင်း ကိုင်တွယ်နိုင်မှာပါ..."


ထုံရွှယ်လူ ခေါင်းငြှိမ့်လိုက်သည်။


ကျန်းတန့်ဟုန်သည် နွေးထွေးသော မိသားစုဘဝလေးကို လိုချင်နေသော်လည်း အခြားမိန်းမများနှင့်ယှဉ်လျှင် တွေးတောဆင်ခြင်နိုင်စွမ်းရှိ၍ ကိုယ့်အားကိုယ်ကိုးတတ်သောမိန်းမလည်းဖြစ်သည်။


မန်နေဂျာတန့်ကသာ သူနှင့် မသင့်တော်ဘူးဆိုလျှင် ကျန်းတန့်ဟုန်သည် ချက်ချင်းပင် ဤဆက်ဆံရေးကို ရပ်ပစ်လိုက်မည်ဖြစ်သည်။


ထိုသို့တွေးပြီးသောအခါတွင်တော့ ထုံရွှယ်လူသည် ကျန်းတန့်ဟုန်အတွက် စိုးရိမ်နေမှုများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်တော့သည်။


**