🍵Chapter 268
တနင်္ဂနွေနေ့တွင် ထုံရွှယ်လူသည် စွံပလွံသီးကိတ်မုန့်နှင့် ပဲကိတ်မုန့်များယူကာ အဆောင်သို့ပြန်သွားသည်။
အိမ်သို့ မပြန်ခင်က မုန့်များယူခဲ့မည်ဟု ထုံရွှယ်လူပြောသွားသည်ကို အဆောင်မှလူများက ဒီတိုင်း လေနှင့်သာပြောသွားသည်ထင်ကာ တကယ်ယူလာမည်ဟု မထင်ကြပေ။
ရှဲ့ရှောင်ယန့်က စွံပလွံသီးကိတ်မုန့်ကို ယူကာ တစ်ကိုက်ကိုက်လိုက်ပြီးနောက် မျက်လုံးများတောက်ပသွားသည်။
"စားကောင်းလိုက်တာ...စွံပလွံသီးကိတ်မုန့်က နူးညံ့ပြီး ချိုပေမယ့် ဆီများတဲ့အရသာလည်း မခံစားရဘူး...ငါစားဖူးသမျှထဲမှာ အကောင်းဆုံးပဲ..."
အခြားလူများကလည်း မုန့်များကို အမြန်လှမ်းယူကြ၍ စားလိုက်ကြရာ ချီးကျူးသံများ အပြိုင်အဆိုင်ထွက်ပေါ်လာကြသည်။
ကောင်းမင်: "ရွှယ်လူ...နင်က တုန်းဖုန်းစားသောက်ဆိုင်မှာ မန်နေဂျာလုပ်ဖူးတယ်လို့ ငါကြားဖူးတယ်...ပြီးတော့ နင်က ပထမအဆင့်စားဖိုမှူးလက်မှတ်လည်း ရထားတာဆို...အဲဒါကြီးက တကယ်ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားမိဘူး...နင့်ဟင်းချက်လက်ရာတွေက တကယ်ကောင်းတာပဲ..."
ကောင်းမင်၏စကားကိုကြားသောအခါ အခြားလူများလည်း အံ့ဩသွားကြလေသည်။
"ရွှယ်လူက တကယ်ဟင်းချက်တော်တာလား..."
ကောင်းမင်က ဂုဏ်ယူသည့်ပုံနှင့် ခေါင်းငြှိမ့်ပြလိုက်သည်။
"ဟုတ်တယ်...နင်တို့ကတော့ ပေကျင်းက မဟုတ်တော့ ဘယ်သိမလဲ...ရွှယ်လူ့ဆိုင်က ရွှယ်လူချက်တဲ့ အမဲသားလုံးနဲ့ မာလာ့ထန်က ပေကျင်းမှာ တော်တော်ကို နာမည်ကြီးသွားတာ..."
ချွေ့ရုန်ရုန်က ပဲကိတ်မုန့်ကို လှလှပပလေးကိုက်လိုက်၍ ကောင်းမင်အား လှမ်းကြည့်ကာပြောလိုက်သည်။
"နာမည်အရမ်းကြီးတယ်ဆိုရင် နင်က ပေကျင်းမှာနေပြီး ဘာဖြစ်လို့ မစားဖူးရတာလဲ..."
ကောင်းမင်က မျက်နှာနီသွား၍ ချွေ့ရုန်ရုန်အား လှည့်ကြည့်လိုက်သည်။
"နင်နဲ့ဘာဆိုင်လို့လဲ..."
ချွေ့ရုန်ရုန်က တစ်ချက်လှောင်ရယ်ရယ်ကာ လက်ထဲမှ ပဲကိတ်မုန့်ကို ပါးစပ်ထဲသို့ အကုန်ထည့်ကာ လက်မှကပ်နေသည့် မုန့်အမှုန်များကိုခါ၍ သူမ၏အိပ်ယာဆီသို့ ပြန်လျှောက်သွားလေသည်။
ကောင်းမင်က ချွေ့ရုန်ရုန်၏နောက်ကျောကိုကြည့်၍ လေသံတိုးတိုးဖြင့် ဆဲဆိုလိုက်သည်။
"အပျက်မ..."
ထုံရွှယ်လူလည်း အလွန်အံ့ဩသွားရသည်။
သူမ အိမ်သို့ မပြန်မှီ သောကြာနေ့ကပင် အခန်းထဲမှလူများအကုန်လုံး ခင်ခင်မင်မင်ရှိကြသေးသည်မဟုတ်လား။ နှစ်ရက်တည်းနှင့် မည်သို့ ဖြစ်သွားကြသနည်း။
ရှဲ့ရှောင်ယန့်က ထုံရွှယ်လူအား မျက်စိတစ်ဖက်မှိတ်ပြ၍ တံခါးဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
ထုံရွှယ်လူက ချက်ချင်းပင် နားလည်သွားကာ အကြောင်းပြချက်တစ်ခုပေး၍ အခန်းအပြင်သို့ ထွက်လာလိုက်သည်။
ထုံရွှယ်လူ အပြင်သို့ရောက်ပြီးမကြာခင်မှာပင် ရှဲ့ရှောင်ယန့်က လိုက်ထွက်လာသည်။
"ရွှယ်လူ...ကောင်းမင်နဲ့ ချွေ့ရုန်ရုန်တို့ ဘာဖြစ်သွားကြလဲဆိုတာ နင်သိချင်နေတာမလား..."
ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။
"သူတို့ ရန်ဖြစ်ထားကြတာလား..."
ရှဲ့ရှောင်ယန့်က မေးစေ့ကို ပွတ်ကာပြောလိုက်သည်။
"ဒီနေ့နေ့လယ်တုန်းက ကောင်းမင်ရဲ့ ဝမ်းကွဲအစ်ကိုက ဒီအဆောင်ကိုလာသွားတယ်...သူ့ဝမ်းကွဲအစ်ကိုနဲ့အတူ အဲ့အစ်ကိုရဲ့ အတန်းဖော်ကျောင်းသားတစ်ယောက်လည်းပါလာတယ်...ကောင်းမင်က အဲဒီအတန်းဖော်ကို တော်တော်ကို ဖော်ဖော်ရွေရွေနဲ့ စကားတွေပြောနေတာ..."
"သူတို့နှစ်ယောက် စကားတွေပြောနေတုန်း မကြာဘူး ချွေ့ရုန်ရုန် ပြန်ရောက်လာတယ်...နောက်တော့ ချွေ့ရုန်ရုန်က သူ့ဘက်ကနေစပြီး ဟိုအတန်းဖော်ကို စကားတွေစပြောနေတော့တာပဲ...ကောင်းမင်ကို နည်းနည်းဂရုမစိုက်သလိုတော့ဖြစ်သွားတာပေါ့...အဲ့လိုတွေဖြစ်ပြီး ကောင်းမင်အစ်ကိုနဲ့ အတန်းဖော်လည်းပြန်သွားရော ကောင်းမင်က ချွေ့ရုန်ရုန်ကို မြေခွေးမ၊ အပျက်မ ဆိုပြီး ခေါ်တော့တာပဲ..."
ထုံရွှယ်လူသည် သူမ မရှိသည့်နှစ်ရက်အတွင်းတွင် ယောင်္ကျားလေးတစ်ယောက်နှင့် ပတ်သတ်၍ ဤမျှကြီးမားသောရန်ပွဲကြီး ဖြစ်သွားလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။
"ချွေ့ရုန်ရုန်မှာက ယောင်္ကျားရှိတယ်မဟုတ်ဘူးလား...ချွေ့ရုန်ရုန်က သဘောရိုးနဲ့ စကားပြောတာကို ကောင်းမင်က တစ်မျိုးထင်သွားတာများလား..."
ရှဲ့ရှောင်ယန့်က ခေါင်းကုတ်လိုက်သည်။
"အဲ့ဒါတော့ ငါလည်း သေချာမသိဘူး...ဒါပေမယ့် အဲဒီအတန်းဖော်ကျောင်းသားက တော်တော်တော့ချောတယ်..."
ထုံရွှယ်လူ၏ဦးနှောက်ထဲ၌ တစ်ခုခုကို ဖြတ်ခနဲသတိရသွားသော်လည်း စိတ်ကိုငြိမ်ငြိမ်ထားကာမေးလိုက်သည်။
"အဲဒီအတန်းဖော်ရဲ့နာမည်က ဘာတဲ့လဲ..."
ရှဲ့ရှောင်ယန့်: "သူ့ရဲ့ မျိုးရိုးနာမည်ပဲသိတယ်...ရှစ် တဲ့...နာမည်အရင်းတော့ မသိဘူး..."
ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါနဲ့ ကောင်းမင်ရဲ့ အစ်ကိုဝမ်းကွဲက ဘယ်မေဂျာကလဲ..."
ရှဲ့ရှောင်ယန့်: "တရုတ်စာမေဂျာက...ငါလည်း အစက တရုတ်စာယူချင်တာ...ဒါပေမယ့် ဝင်ခွင့်က ခက်တယ်ဆိုလို့..."
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်စပြီးသောအခါ တရုတ်စာနှင့် သမိုင်းမေဂျာ၊ သင်္ချာမေဂျာ၊ ရူပဗေဒနှင့် ဓာတုဗေဒမေဂျာများက လူကြိုက်အများဆုံးဖြစ်ကြသောကြောင့် ဝင်ခွင့်အမှတ်များကလည်း မြင့်ကြလေသည်။
ရှဲ့ရှောင်ယန့်၏စကားကိုကြားသောအခါ ထုံရွှယ်လူသည် တစ်ချက်ရယ်လိုက်မိသည်။
"တရုတ်စာမေဂျာလား..."
ရှစ်ကျွင်းမင်သည် ထုံရွှယ်လူထင်ထားသည်ထက်ပင် ပို၍ ကြောက်လန့်နေ၍ ထုံရွှယ်လူမရှိတုန်း ထုံရွှယ်လူ၏အခန်းထဲသို့ အကြံအစည်နှင့် ဝင်လာပုံရသည်။
ထုံရွှယ်လူသည် စိတ်ထဲ၌ ဗလောင်ဆူကာ ဒေါသထွက်သွားသော်လည်း တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
"လာ အခန်းထဲပြန်ရအောင်...စာကြည့်ရဦးမယ်..."
ရှဲ့ရှောင်ယန့်က ခေါင်းငြှိမ့်လိုက်သည်။
ထုံရွှယ်လူသည် အခန်းထဲသို့ပြန်ရောက်သောအခါ သူမ၏ကုတင်နှင့် စားပွဲပေါ်ရှိ စာအုပ်များကို မျက်စိဖြင့် အကြမ်းဖျင်း ဝေ့ကြည့်လိုက်သည်။
ထို့နောက် ခေါင်းအုံးစွပ်နှင့် အိပ်ယာခင်းကို လဲလိုက်သည်။
အခန်းထဲမှလူများလည်း ထုံရွှယ်လူလုပ်နေသည်ကိုကြည့်၍ အထူးတဆန်းဖြစ်ကုန်ကြသည်။
"ရွှယ်လူ...အိပ်ယာခင်းလျှော်မလို့လား...နောက်ကျနေပြီလေ..."
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။
"လျှော်တာကတော့ မနက်ဖြန်မှလျှော်မှာပါ...အခုတည်းက လဲထားမလို့..."
ကောင်းမင်: "နင် အဲဒီ အိပ်ယာခင်းအသစ်လဲထားတာ နှစ်ပတ်တောင်မရှိသေးဘူးလေ...ဘာဖြစ်လို့ ဒီလောက်အမြန်ကြီး လျှော်မှာလဲ...နင်က တော်တော်အသန့်ကြိုက်တာပဲ..."
ထုံရွှယ်လူ: "စစ်လေ့ကျင့်ရေးဆင်းတုန်းက ငါ ချွေးတွေ အရမ်းထွက်ပြီး ဒီပေါ်မှာ အိပ်မိတယ်လေ...တကယ်တော့ ဟိုနေ့တည်းက လျှော်မလို့...ဒါပေမယ့် သောကြာနေ့မှ ပြန်ဖို့ လုပ်နေလို့ မလျှော်ဖြစ်တာ...ငါက အသန့်ကြိုက်တာထက် ရောဂါပိုးမွှားတွေကို ပိုကြောက်တာပါ...ပြီးတော့ တခြားလူတွေက ငါ့ပစ္စည်းတွေကို ကိုင်တာကိုလည်း မကြိုက်ဘူး..."
ထုံရွှယ်လူက ထိုသို့ပြောလိုက်သောအခါ အခန်းထဲမှ မိန်းကလေးများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
ကောင်းမင်က ချက်ချင်း ရှဲ့ရှောင်ယန့်ကို လှမ်းကြည့်လိုက်သည်။
"ရှောင်ယန့်...နင် ရွှယ်လူ့ကို ဘာတွေလျှောက်ပြောလိုက်တာလဲ..."
ရှဲ့ရှောင်ယန့်: "ငါဘာလျှောက်ပြောလို့လဲ...နင့်အစ်ကိုဝမ်းကွဲနဲ့ သူ့အတန်းဖော်က နေ့လယ်က အခန်းကို လာသွားတယ်လို့ပဲပြောတာ...အဲဒါ အမှန်တွေပဲလေ..."
ကောင်းမင်က ရှဲ့ရှောင်ယန့်အား မျက်စောင်းထိုးလိုက်ပြီးမှ ထုံရွှယ်လူအား ရှင်းပြလိုက်သည်။
"ရွှယ်လူ...ငါ့ကို တစ်မျိုးမထင်ပါနဲ့...အခန်းထဲကို ငါ့ဝမ်းကွဲအစ်ကိုနဲ့ သူ့သူငယ်ချင်းလာသွားတယ်ဆိုပေမယ့် ခုံမှာပဲထိုင်သွားတာပါ...နင့်ကုတင်ကို ထိတောင်မထိသွားပါဘူး...ပြီးတော့ သူတို့လည်း ခဏပဲနေပြီး ပြန်သွားကြတာပါ..."
ထုံရွှယ်လူက ခေါင်းမော့ကြည့်၍ ကောင်းမင်အား ပြုံးပြကာ ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး...ငါကလည်း နင့်ကိုပဲ ပြောတာမဟုတ်ပါဘူး...ဒီတိုင်း ငါ့ပစ္စည်းတွေကိုထိရင် မကြိုက်ဘူးဆိုတာကို လူတိုင်းသိအောင် ပြောပြထားရုံပါ..."
ထုံရွှယ်လူက အိပ်ယာခင်းအသစ်လဲပြီးနောက် စာအုပ်များကိုပါ သေချာပြန်စီလိုက်သည်။
စာအုပ်များစီပြီးသွားချိန်တွင် အပြင်၌ ကျယ်လောင်သောခြေသံများကြားလိုက်ရ၍ မကြာခင်မှာပင် အခန်းတံခါးကို ခေါက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
အခန်းထဲမှ မိန်းကလေးများအားလုံးလည်း လန့်သွားကြကာ ရှဲ့ရှောင်ယန့်ဆိုလျှင် ကုတင်ပေါ်မှ လိမ့်ကျတော့မလိုပင်ဖြစ်သွားသည်။
"အခန်းတံခါးကို ဖွင့်ကြစမ်း..."
အခန်းတံခါးကိုခေါက်နေသူက တံခါးကို ရိုင်းစိုင်းစွာဖြင့် အကျယ်ကြီးထုကာ အော်နေလေသည်။
ထျန်ဖုန်းကျစ်က အမြန်ပြေး၍ တံခါးကိုသွားဖွင့်လိုက်သည်။
တံခါးပွင့်သွားသည်နှင့် အဆောင်မှူးအဒေါ်နှင့် ဆရာမ နှစ်ယောက် ဝင်လာသည်။
အရပ်မြင့်မြင့် ပါးရိုးချွန်ချွန်နှင့် ဆရာမက ထုံရွှယ်လူတို့အား တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။
"အားလုံး အခန်းဘေးမှာရပ်ကြစမ်း...တစ်ယောက်မှ နေရာက မရွှေ့ကြနဲ့..."
အခန်းထဲမှ လူအများစုသည် ဆရာမများရောက်ချလာခြင်းကို ကြောက်လန့်နေကြကာ လင်းလန်ကျွမ်းဆိုလျှင် မျက်နှာက ဖြူဖျော့နေ၍ ငိုချတော့မလိုပင် ဖြစ်နေသည်။
သူတို့ထဲတွင် ထုံရွှယ်လူက အတည်ငြိမ်ဆုံးဖြစ်သည်။
သူမသည် ဆရာမအားလှမ်းကြည့်ကာမေးလိုက်သည်။
"ဆရာမ...ဆရာမတို့ပြောတဲ့အတိုင်း ကျွန်မတို့လုပ်ပေးမှာပါ...ဒါပေမယ့် ဘာဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်မတို့ကိုပြောပြနိုင်မလား..."
ထုံရွှယ်လူက ကျောင်းအခမ်းအနား၌လည်း အတန်းကိုယ်စားလှယ်အဖြစ် စကားတက်ပြောခဲ့ကာ ထိုနေ့က ဖြစ်ပျက်ခဲ့သော ကိစ္စကလည်း ကြီးမားသောကြောင့် ဆရာမက ထုံရွှယ်လူအား မှတ်မိနေလေသည်။
ထို့ကြောင့် ဆရာမ၏လေသံက အနည်းငယ်ပျော့သွားသည်။
"မင်းတို့ရဲ့အဆောင်မှာ တရားမဝင်ပစ္စည်းတစ်ခု ဝှက်ထားတာရှိနေတယ်လို့ သတင်းရလို့ ဆရာမတို့ လာရှာတာ..."
ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။
"ဟုတ်ကဲ့...အဲဒါဆိုရင်တော့ ဆရာမတို့ စိတ်ကြိုက်ရှာပါ..."
ထုံရွှယ်လူက ပြောပြီးသောအခါ အခန်းထောင့်၌ သွားရပ်နေလိုက်သည်။
ရှဲ့ရှောင်ယန့်အပါအဝင် တခြားလူများလည်း ထုံရွှယ်လူလုပ်သည်ကိုကြည့်၍ အခန်းထောင့်သို့ အကုန် သွားရပ်လိုက်ကြသည်။
ထုံရွှယ်လူတို့၏အပြုအမူကြောင့် ဆရာမလည်း ကျေနပ်သွားကာ အဆောင်မှူးအဒေါ်နှင့် အခြားဆရာမနောက်တစ်ယောက်အားခေါ်၍ အခန်းတစ်ခုလုံးကို မွှေနှောက်ရှာတော့သည်။
ဗီရို၊ စောင်၊ ခေါင်းအုံး နှင့် စာအုပ်များ အပါအဝင် ပစ္စည်းများ ဝှက်နိုင်သည့်နေရာမှန်သမျှကို ရှာကြရာ အခန်းတစ်ခုလုံး ရှုပ်ပွကုန်တော့သည်။
ဆရာမများသည် အခန်းကို နှစ်ခေါက်လောက် နေရာအနှံ့ရှာကြသော်လည်း တရားမဝင်ပစ္စည်းကို ရှာမတွေ့ကြချေ။
ထို့နောက် ဆရာမသည် မိန်းကလေးများဘက်သို့ လှည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"မင်းတို့ တရားမဝင်ပစ္စည်းကို ဝှက်ထားတယ်ဆိုရင် အခုပဲ ဆရာမကို ပြောပါ...မပြောပဲ နောက်မှ ရှာတွေ့တယ်ဆိုရင် အပြစ်က ပိုကြီးမယ်နော်...အခုတည်းက အမှန်ကိုပြောရင် သက်ညှာပေးမယ်..."
မိန်းကလေးများလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ကြောက်လန့်စိတ်ဖြင့် မျက်နှာများ ဖြူဖျော့ကုန်ကြသည်။
လင်းလန်ကျွမ်းဆိုလျှင် ဘေး၌ တအိအိငိုနေတော့သည်။
ဆရာမက မြင်သောအခါ အော်လိုက်သည်။
"နင်က ဘာဖြစ်လို့ ငိုနေတာလဲ...တရားမဝင်တဲ့ဟာကို နင်ဝှက်ထားတာလား..."
လင်းလန်ကျွမ်းသည် ခြေထောက်များတုန်၍ မေ့လဲကျမတတ်ဖြစ်သွားသည်။
"မ..မဝှက်ပါဘူး...ကျွန်မ မဝှက်ပါဘူး ဆရာမ..."
ဆရာမက လင်းလန်ကျွမ်းအား စူးစူးစိုက်စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။
"ဒါဆို ဘာဖြစ်လို့ငိုနေတာလဲ...နင့်မှာ အပြစ်ရှိလို့ ငိုနေတာပဲဖြစ်မှာပေါ့..."
ထိုသို့ပြော၍ ဆရာမသည် လင်းလန်ကျွမ်း၏ တစ်ကိုယ်လုံးကို စမ်းသပ်ရှာဖွေလေတော့သည်။ လင်းလန်ကျွမ်းလည်း ပစ္စည်းဝှက်ထားသည်ဟု စွပ်စွဲစော်ကားခံလိုက်ရသောကြောင့် နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ရပ်နေသော်လည်း ဆရာမကို ပြန်တော့မပြောရဲချေ။
ထို့နောက် ဆရာမများသည် အခြားမိန်းကလေးများကိုလည်း စမ်းသပ်ရှာဖွေလိုက်ကြသေးသည်။
ထုံရွှယ်လူနားသို့ ရောက်သောအခါ ထုံရွှယ်လူက သူမ၏ အင်္ကျီအိတ်ကပ်များကို ကြို၍ ထုတ်ပြကာ မေးလိုက်သည်။
"ဆရာမတို့ ဘယ်လို ပစ္စည်းကိုရှာနေကြလဲဆိုတာကို ကျွန်မတို့ သိခွင့်ရှိပါသလား..."
"ဆရာမတို့ ရှာမယ်ဆိုရင် ကျွန်မတို့က ကောင်းကောင်းကြီးအရှာခံမှာပါ...ဒါပေမယ့် ဒီလို ကျွန်မတို့ ခန္ဓာကိုယ်ကို သက်သေမရှိပဲ ဒီလိုမျိုး ရှာတာကတော့ အပြစ်ရှိတဲ့ တရားခံတွေကို ဆက်ဆံနေတာနဲ့ တူပါတယ်...ဒီသတင်းသာ အပြင်ကို ပြန့်သွားရင်လည်း ကျောင်းအတွက် ကောင်းမယ်မထင်ပါဘူး..."
ထုံရွှယ်လူ၏စကားကိုကြားသောအခါ ဆရာမ၏လက်များက တုန်သွား၍ ထုံရွှယ်လူ၏ခန္ဓာကိုယ်ရှာရန်ပြင်နေသည်မှလည်း ရပ်သွားသည်။
"ဘာမှမဟုတ်ပါဘူး...ဒီတိုင်း တရားမဝင်တဲ့ပစ္စည်းတစ်ခုပါ...ဒီမှာလည်း ရှာလို့မတွေ့ဘူးဆိုတော့ ထားလိုက်ပါတော့မယ်..."
ဆရာမက ပြောပြီးသောအခါ တောင်းပန်စကားတစ်ခွန်းမျှပင် မပြောပဲ အခြားလူများကိုခေါ်၍ ထွက်သွားတော့သည်။
အခန်းကတော့ ရှုပ်ပွ၍ ကျန်ခဲ့လေသည်။
စာအုပ်များက ကြမ်းပေါ်၌ ကျနေကာ ခေါင်းအုံးနှင့် အိပ်ယာများသည်လည်း ဖရိုဖရဲဖြစ်ကုန်ကြသည်။ ကောင်းမင်၏စောင်ဆိုလျှင် ရှာရင်းနှင့် ကြမ်းပေါ်သို့ကျကာ လူများက ခဏခဏတက်နင်းကြသဖြင့် ညစ်ပတ်နေပြီဖြစ်သည်။
ဗီရိုထဲမှ အဝတ်များလည်း ဆွဲထုတ်ခံထားရကာ အတွင်းခံများသည်ပင် မြင်မကောင်းဖြစ်အောင် ကျနေသည်။
အခန်းကိုကြည့်၍ မိန်းကလေးများအားလုံးလည်း ဒေါသထွက်ထွက်နှင့် မျက်ရည်များပင် ကျလာကြသည်။
အခြားအခန်းမှလူများသည်လည်း အခန်းများထဲမှ ထွက်ကာ ထုံရွှယ်လူတို့ အခန်းကို လာစပ်စုနေကြသည်။
"ဆရာမက တရားမဝင်ပစ္စည်းတစ်ခုကိုလာရှာတာဆို ဟုတ်လား..."
"ငါက ဘယ်လိုလုပ်သိမှာလဲ...ဒါပေမယ့် သူတို့တစ်ခန်းတည်းကိုပဲ ရှာတာဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ..."
"ဟုတ်တယ်နော်...ငါတို့လည်း မြန်မြန်ပြန်ရမယ်...ဒီအခန်းနားမှာနေနေတာ တော်ကြာ ငါတို့ပါ ပါသွားဦးမယ်..."
ထိုသို့ စကားများတီးတိုးပြော၍ လာကြည့်ကြသူများလည်း အလျှိုလျှိုပြန်သွားကုန်ကြသည်။
ကျန်းပိုင်ဟွေ့တစ်ယောက်သာ မပြန်ပဲ ထုံရွှယ်လူတို့ အခန်းထဲသို့ပြေးဝင်လာသည်။
"ရွှယ်လူ နင်အဆင်ပြေရဲ့လား...ဆရာမက ဘာဖြစ်လို့ နင်တို့ အခန်းကိုရှာသွားတာလဲ..."
ထုံရွှယ်လူက ခေါင်းခါလိုက်သည်။
"ငါ အဆင်ပြေပါတယ်...ဆရာမက ဘာဖြစ်လို့ ငါတို့ အခန်းတစ်ခုတည်းကိုပဲ ရှာသွားလဲတော့ ငါလည်းမသိဘူး..."
ကျန်းပိုင်ဟွေ့သည် ပြောရင်းဖြင့် ရှုပ်ပွနေသော စာအုပ်များနှင့် စောင်များကို ကူသိမ်းပေးနေသည်။
"ဘာသဘောလဲတော့မသိဘူးနော်...ဒါပေမယ့် ဘာမှရှာမတွေ့ဘူးဆိုတော့ တော်ပါသေးတယ်..."
ထုံရွှယ်လူက ပြုံး၍ ကြမ်းပေါ်၌ကျကာ ပြားနေသော ပဲကိတ်မုန့်နှင့် စွံပလွံသီးကိတ်မုန့်ကို ကောက်ယူလိုက်သည်။
"ဒီမုန့်နှစ်ခုက ငါနင့်အတွက် ယူလာတာ...အခုတော့ စားလို့မရတော့ဘူး...ငါတောင်းပန်ပါတယ်..."
ကျန်းပိုင်ဟွေ့မြင်သောအခါ တော်တော်လေး စိတ်ညစ်သွားသည့်ပုံပေါ်သွားသည်။
"ဒါပေမယ့် ကိတ်မုန့်က စက္ကူနဲ့ထုပ်ထားတာမလား...ကြမ်းနဲ့ မထိသေးဘူးဆိုတော့ စားလို့ရပါသေးတယ်..."
ထိုသို့ပြော၍ ကျန်းပိုင်ဟွေ့သည် ထုံရွှယ်လူထံမှ မုန့်ထုပ်ကိုလှမ်းယူ၍ ပဲကိတ်မုန့်ကို ယူစားလိုက်ရာ ချက်ချင်းပင် မျက်လုံးများပိတ်အောင် ပြုံးသွားလေသည်။
"စားလို့ကောင်းလိုက်တာ...မုန့်ကပြားနေပေမယ့် အရသာရှိသေးတယ်..."
ကျန်းပိုင်ဟွေ့၏ ပျော်ရွှင်စွာပြုံးနေသော မျက်နှာလေးကိုမြင်၍ ထုံရွှယ်လူပင် ပျော်သွားမိသည်။
"နောက်တစ်ခါကျရင် များများပိုလုပ်လာခဲ့ပေးမယ်..."
ကျန်းပိုင်ဟွေ့၏မျက်လုံးများက ချက်ချင်းပင် ညကောင်းကင်မှကြယ်များကဲ့သို့ တောက်ပသွားကြသည်။
"တကယ်လား...ဒါဆို ငါမှတ်ထားလိုက်ပြီနော်..."
ထုံရွှယ်လူက ခေါင်းငြှိမ့်ပြ၍ ပစ္စည်းများကို ဆက်သိမ်းနေလိုက်သည်။
ပစ္စည်းများ အကုန်သိမ်းပြီးသွားသောအခါ ကျန်းပိုင်ဟွေ့လည်း အခန်းဆီသို့ ပြန်သွားလေသည်။
ထုံရွှယ်လူတို့အခန်းထဲ၌ အခြေအနေက တစ်မျိုးဖြစ်ကာ မည်သူကမှ စကားစမပြောကြဖြစ်နေသည်။
ထုံရွှယ်လူက လူတိုင်းကို ကြည့်ကာပြောလိုက်သည်။
"ဒီနေ့ ငါတို့ကို ဘယ်သူ တိုင်လိုက်တယ်ဆိုတာရော ဆရာမက ဘာကို ရှာချင်တယ်ဆိုတာကိုရော ငါမသိဘူး...ဒါပေမယ့် နောက်ဆိုရင်တော့ အခန်းထဲကို အပြင်လူ ခေါ်မလာဖို့ ငါတောင်းဆိုချင်တယ်...တခြားလူတွေရော ဘယ်လိုသဘောရလဲ..."
ကောင်းမင်က ခေါင်းကိုမော့၍ ထုံရွှယ်လူအား ကြည့်လိုက်သည်။
"နင်ပြောချင်တာ ဘာအဓိပ္ပာယ်လဲ...ငါတို့ ဒီနေ့အတိုင်ခံရတာ ငါ့ဝမ်းကွဲအစ်ကိုနဲ့ သူ့သူငယ်ချင်းကြောင့်လို့ ပြောချင်တာလား..."
ထုံရွှယ်လူက အေးအေးဆေးဆေးပင်ပြန်ပြောလိုက်သည်။
"ငါ ဘယ်သူ့ကိုမှ စွပ်စွဲနေတာမဟုတ်ပါဘူး...ဒီတိုင်းပဲ ငါတို့အခန်းဆီကို အပြင်လူတွေ မလာစေချင်ရုံပါ..."
ရှဲ့ရှောင်ယန့်ကလည်း ဝင်ပြောလိုက်သည်။
"ငါလည်း ရွှယ်လူပြောတာကို သဘောတူတယ်..."
ချွေ့ရုန်ရုန်: "ငါလည်း သဘောတူတယ်..."
ထို့နောက် ထျန်ဖုန်းကျစ်နှင့် လင်းလန်ကျွင်းတို့ကလည်း သဘောတူကြောင်း ဝင်ပြောလိုက်ကြသည်။
မည်သူကမှတော့ သူတို့ကို တိုင်လိုက်သူက ကောင်းမင်၏အစ်ကိုဝမ်းကွဲဟု မထင်ကြချေ။ မည်သူကတော့ ကိုယ့်ဆွေမျိုးကို ဒုက္ခရောက်အောင်လုပ်မည်နည်း။ သို့သော် တိုက်ဆိုင်နေသည်ကတော့ တိုက်ဆိုင်နေသည်ပင်။
အကောင်းဆုံးကတော့ အနာဂတ်တွင်း အခန်းထဲသို့ အပြင်လူ ခေါ်မလာရန်ပင်ဖြစ်သည်။
ကောင်းမင်ကတော့ ဒေါသထွက်သွားကာ ဘာစကားမှမပြောတော့ပဲ အခန်းထဲမှ ခြေဆောင့်ကာထွက်သွားသည်။
"ဒါဆိုရင် လူအများစုရဲ့ ဆုံးဖြတ်ချက်ကို လူနည်းစုက သဘောတူရမယ်မလား...အဲဒါကြောင့် နောက်ဆိုရင် ဘယ်သူမှ အခန်းထဲကို အပြင်လူ ခေါ်မလာပါနဲ့တော့..."
ထို့နောက် ထုံရွှယ်လူသည် အပြင်သို့ထွက်၍ သွားတိုက် မျက်နှာသစ်ကာ ပြန်ရောက်သောအခါ အိပ်ရန် ပြင်ဆင်လိုက်သည်။
ပုံမှန်ဆိုလျှင်တော့ အခန်းသူများသည် ညဉ့်နက်သည်အထိ စာကြည့်တတ်ကြသော်လည်း ယနေ့ဖြစ်ခဲ့သော အဖြစ်အပျက်များကြောင့် ဘယ်သူကမှ စာမကြည့်ချင်ကြတော့ချေ။
ထို့ကြောင့် မျက်နှာသစ် သွားတိုက်ပြီးကြသောအခါ အလျှိုလျှို အိပ်ယာဝင်သွားကြကုန်သည်။
အခန်းထဲမှ အသက်ရှူသံများက ဖြည်းဖြည်းနှင့် ပုံမှန်ဖြစ်၍ အိပ်ပျော်သွားကြသည့်အချိန်၌ ထုံရွှယ်လူ၏မျက်လုံးများ ပွင့်လာကြသည်။
ထို့နောက် သူမ၏အတွင်းအင်္ကျီထဲမှ စာရွက်စလေးတစ်ရွက်ကို ထုတ်ကြည့်ကာ မျက်လုံးများထဲ၌လည်း ဒေါသများ တလှိုက်လှိုက်ထွက်နေသည်။
ထုံရွှယ်လူလက်ထဲ၌ ကိုင်ထားသည့်စာရွက်ထဲ၌ တိုင်းပြည်ကို အုပ်ချုပ်နေသည့်ပါတီအပြင် ခေါင်းဆောင်ကြီးကိုပါ စော်ကားဆဲဆိုထားသည့် စာများဖြင့်ပြည့်နေလေသည်။
ထိုစာရွက်ကို တစ်ယောက်ယောက်သာမြင်သွားလျှင်တော့ ထုံရွှယ်လူ၏ဘဝလည်း ရစရာရှိတော့မည်မဟုတ်ချေ။
ထုံရွှယ်လူအား အဖိုးဖြစ်သူ ဗိုလ်မှူးရှောင်းသည်ပင် ကယ်နိုင်တော့မည်မဟုတ်ပဲ ထုံရွှယ်လူကြောင့် ဗိုလ်မှူးရှောင်း၏အသက်ပင် အန္တရာယ်ရှိသွားနိုင်သေးသည်။
နင်တော်ပါတယ် ရှစ်ကျွင်းမင်...
နင်ငါ့ကို ကောင်းကောင်းကြီး ရန်စလိုက်နိုင်တာပဲ...
ထုံရွှယ်လူ၏နှုတ်ခမ်း၌ အေးစက်သော အပြုံးတစ်ခုပေါ်လာသည်။
နင့်ဘဝကို ပျက်စီးအောင် မလုပ်နိုင်ရင် ငါ့နာမည်လည်း ထုံရွှယ်လူမဟုတ်တော့ဘူး...