အပိုင်း၂၆၉
Viewers 67k

🍵Chapter 269




နောက်တစ်နေ့မနက် နိုးလာကြသောအခါ အခန်းထဲမှ အခြေအနေက ခါတိုင်းကဲ့သို့ ပေါ့ပေါ့ပါးပါးမရှိပဲ တင်းမာနေလေသည်။


ညက ထုံရွှယ်လူ၏စကားကြောင့် ကောင်းမင်သည် နိုးနိုးချင်းမှာပင် တစ်စုံတစ်ယောက်က သူ့အပေါ် ယွမ် ၂.၅ သန်းခန့် အကြွေးတင်နေသကဲ့သို့ စူပုတ်နေတော့သည်။


မျက်နှာသစ်ပြီးသောအခါ ကောင်းမင်သည် သူမဘက်ကစ၍ လင်းလန်ကျွမ်း၏လက်ကို ဆွဲကာပြောလိုက်သည်။


"လာ...ထမင်းစားဆောင်ကို တူတူသွားရအောင်..."


ယခင်က ကောင်းမင်သည် မာနကြီး၍ နယ်မြို့မှ လူများကို အထင်သေးနှိမ့်ချတန်ကာ လင်းလန်ကျွမ်းကိုဆိုလျှင် ရှိသည်ဟုပင် မထင်ပေ။ သို့သော် ယခုတွင်တော့ ရုတ်တရက် လင်းလန်ကျွမ်းအား အလွန် ချစ်ခင်ဂရုစိုက်ပြနေ‌သောကြောင့် အခန်းထဲမှ လူများအားလုံး၏အကြည့်က သူတို့ဆီသို့ ရောက်သွားကြသည်။


လင်းလန်ကျွမ်းက ဤသို့ ဂရုစိုက်ခံရသောကြောင့် ပျော်သွားသော်လည်း အနည်းငယ်လည်း လန့်နေကာ မရဲတရဲဖြင့် ပြန်ပြောလိုက်သည်။


"အင်း...သွားကြတာပေါ့..."


ကောင်းမင်က လင်းလန်ကျွမ်း၏လက်ကိုဆွဲကာ ခေါင်းကိုမော့၍ ဘေးဘီသို့ အနည်းငယ်မျှပင် မကြည့်ပဲ ထွက်သွားတော့သည်။


ထိုအဖြစ်အပျက်ကိုကြည့်၍ ချွေ့ရုန်ရုန်က မျက်လုံးကိုဝေ့၍ ခေါင်မိုးဆီသို့ မော့ကြည့်ကာ လှောင်ရယ်ရယ်လိုက်သည်။


ကောင်းမင်က ရယ်သံကို ကြားသောအခါ အံကြိတ်၍ နောက်သို့ ပြန်လှည့်မည်ပြုလိုက်သည်။ သို့သော် သူ့ဘာသာသူ ဘာတွေးမိသွားသည်မသိ၊ နောက်သို့ မလှည့်တော့ပဲ ရှေ့သို့သာဆက်သွား၍ အပြင်သို့ ထွက်သွားတော့သည်။


ထို့နောက် ချွေ့ရုန်ရုန်နှင့် ထျန်ဖုန်းကျစ်တို့ပါ ထွက်သွားသောအခါ အခန်းထဲ၌ ထုံရွှယ်လူနှင့် ရှဲ့ရှောင်ယန့်တို့သာ ကျန်ခဲ့တော့သည်။


ထိုအခါမှ ရှဲ့ရှောင်ယန့်လည်း သက်ပြင်းချနိုင်တော့သည်။

"ငါကြောက်လိုက်တာဟယ်...ခုနက သူတို့ ရန်ထပ်ဖြစ်တော့မယ် ထင်လို့..."


ထုံရွှယ်လူက လှည့်ကြည့်ကာပြောလိုက်သည်။

"ရန်ဖြစ်ရင်လည်း ဖြစ်ကြပါစေပေါ့...ကိုယ်က ဘာကြောက်နေစရာရှိလို့လဲ..."


ရှဲ့ရှောင်ယန့်က မျက်လုံးပြူးကာပြောလိုက်သည်။

"ဟဲ့ ကြောက်ရမယ်လေ...အဆောင်အခန်းတိုင်းကို အမှတ်တွေပေးတာနင်မေ့နေပြီလား...သူတို့ရန်ဖြစ်ရင် ငါတို့အခန်းက သေချာပေါက် အမှတ်လျှော့ခံရမှာပေါ့..."


ထိုအခါမှ ထုံရွှယ်လူလည်း ပြန်ပြောစရာစကားမရှ်ိဖြစ်သွားသည်။ 


ထိုသို့ အဆောင်အမှတ်ပေးခြင်းကို ထုံရွှယ်လူ လုံးဝမေ့နေခြင်းဖြစ်သည်။ ထိုခေတ်က အဆောင်အမှတ်များသည် ကျောင်းစာအမှတ်များနှင့် မသက်ဆိုင်သော်လည်း အဆာင်အမှတ်များ အရမ်းနည်းနေပါက ပညာတော်သင်ဆုကိုတော့ ထိခိုက်နိုင်မည်ဖြစ်သည်။


ခုနက ကောင်းမင်သည် ချွေ့ရုန်ရုန်အား လှည့်၍ ရန်မဖြစ်လိုက်သည်မှာလည်း အံ့ဩစရာမဟုတ်တော့ပေ။ သူမသည်လည်း အဆောင်အမှတ်လျော့မည်ကို စိုးရိမ်နေ၍ဖြစ်မည်။


ထိုသို့ ဖြစ်သည်မှာလည်း ကောင်းတော့ကောင်းပါသည်။ အဆောင်သူများအား ထိန်းသိမ်းထားသည့်သဘော ဖြစ်သည်။ မဟုတ်လျှင် အဆောင်တစ်ခုလုံး တစ်ခန်းမဟုတ် တစ်ခန်း ရန်ဖြစ်၍ ဆူညံပွက်လောရိုက်နေမည်ဖြစ်သည်။


ညက ကျန်နေသည့် ပစ္စည်းအချို့ကို သိမ်းပြီးသောအခါ ထုံရွှယ်လူနှင့် ရှဲ့ရှောင်ယန့်တို့လည်း အခန်းတံခါးကို ပိတ်၍ ထမင်းစားဆောင်သို့ ထွက်လာလိုက်ကြသည်။

"ဒါနဲ့ ကောင်းမင်ရဲ့အစ်ကိုက ဘယ်လိုလုပ်ပြီး အဆောင်ထဲကို ဝင်လာလို့ရတာလဲ..."


ထိုခေတ်က အဆောင်များသည် စည်းကမ်းအလွန်တင်းကြပ်ကြသည်။ ပုံမှန်အခြေအနေဆိုလျှင် ယောင်္ကျားလေးများက မိန်းကလေးအဆောင်ထဲသို့ လုံးဝဝင်ခွင့်မရချေ။


ရှဲ့ရှောင်ယန့်က မျက်လုံးပြူးကာ ပြောပြရပြန်သည်။

"နင်မသိဘူးလား...ကောင်းမင်က သူ့စားပွဲကို အသစ်လဲတာလေ...သူ့အစ်ကိုနဲ့ သူငယ်ချင်းက စားပွဲကို ကူသယ်ပေးတာမို့လို့ အဆောင်မှူးအဒေါ်က ဝင်ခိုင်းလိုက်တာ..."


ထုံရွှယ်လူ ထင်ထားသည့်အတိုင်းပင်ဖြစ်သည်။

"ဪ အဲ့လိုကိုး..."


ရှဲ့ရှောင်ယန့်က မနာလိုအားကျသည့်လေသံဖြင့် ဆက်ပြောလိုက်သည်။


"ကောင်းမင်ရဲ့အစ်ကိုဝမ်းကွဲက ကောင်း‌တယ်နော်...အခု ငါတို့သုံးနေရတဲ့ အဆောင်က စားပွဲတွေက တစ်ခုမှကောင်းတယ်မရှိဘူး...ငါ့စားပွဲဆိုရင် ခြတောင်တက်နေတယ်...ကောင်းမင်အစ်ကို လာလဲပေးသွားတဲ့စားပွဲက တော်တော်ကောင်းတယ်ဟ..."


ထုံရွှယ်လူကတော့ ထိုကိစ္စကို သိပ်စိတ်ထဲမရှိပဲ "အင်း..." ဟုသာ ပြောလိုက်သည်။


ထမင်းစားဆောင်မှ မနက်စာကလည်း ဖွယ်ဖွယ်ရာရာမရှိပေ။ ပေါက်စီ၊ ပေါင်မုန့်၊ ကြက်ဥ နှင့် သောက်စရာအနေနှင့် ပဲနို့သာရှိသည်။


ထိုခေတ်က နွားနို့ရှိသော်လည်း ရှားသည်။ ကလေးငယ်များနှင့် အလွန်နာမကျန်းဖြစ်နေသူများသာ ဆေးရုံမှလက်မှတ်နှင့် တစ်နေ့ နို့တစ်ပုလင်းဝယ်နိုင်သည်။ သို့သော် ဘာမှမရှိသည်နှင့် စာလျှင်တော့ ပဲနို့က တော်ပါသေးသည်။


ထုံရွှယ်လူသည် ထမင်းစားလက်မှတ်နှင့် ပိုက်ဆံကိုသုံးကာ ပဲနို့တစ်ပုလင်း၊ ပေါက်စီတစ်လုံးနှင့် ကြက်ဥတစ်လုံးဝယ်လိုက်ရာ ထမင်းစားလက်မှတ် ၂ စောင်၊ နှစ်ယွမ်နှင့် ၈ပြား ကျသွားသည်။


ရှဲ့ရှောင်ယန့်ကတော့ ပေါက်စီနှစ်လုံးနှင့် ရေနွေးတစ်ခွက်ဝယ်လိုက်သည်။


စားပြီးကြသော‌အခါ စာသင်ခန်းဆီသို့ သွားလိုက်ကြသည်။


ဤနှစ်၌ အင်္ဂလိပ်စာမေဂျာက အတန်းတစ်တန်းသာခေါ်၍ စုစုပေါင်း ကျောင်းသား ၄၁ ယောက်သာရှိသညိ။


ထုံရွှယ်လူနှင့် ရှဲ့ရှောင်ယန့်တို့ အတန်းဆီရောက်လာသောအခါ ကျောင်းသားတော်တော်များများက ရောက်နှင့်နေကြပြီဖြစ်သည်။


ထုံရွှယ်လူလာသည်ကိုမြင်သောအခါ ကျောင်းသားများစွာက ပြာပြာသလဲပြေးလာ၍ လာနှုတ်ဆက်ကြသည်။


"အတန်းဖော်ထုံ...နင့်မှာ အင်္ဂလိပ်စာလေ့လာဖို့အတွက် လျှို့ဝှက်နည်းလမ်းရှိတယ်လို့ ငါကြားထားတယ်...နင် ငါတို့ကို ပြောပြနိုင်မလား..."


"အင်္ဂလိပ်စာသင်ရတာ တကယ်ခက်တာပဲနော်...နင်သာ ငါတို့ကို သင်ပေးရင် အရမ်းကောင်းမှာပဲ..."


ထုံရွှယ်လူက ကိုယ့်ကိုယ်ကိုယ် မာနကြီးသည့်ပုံမပေါက်အောင် သတိထားပြောလိုက်သည်။


"ငါလည်း နင်တို့ကို ဆရာတွေလောက် သင်ပေးနိုင်မှာမဟုတ်ပါဘူး...ဒီကိုရောက်လာတဲ့လူတိုင်းက တူတူသင်ပြီး တူတူတိုးတက်သွားကြဖို့ပဲလေ...ငါ အင်္ဂလိပ်စာလေ့လာတဲ့ နည်းကို ငါ့အခန်းဖော်တွေကိုတော့ ပြောပြပြီးပြီ...နင်တို့မသိသေးရင် အခု ငါပြောပြလို့ရတယ်လေ..."


ထိုနည်းလမ်းကို မသိသေးသည့်လူများက အမြန်ပြောလိုက်ကြသည်။


"ငါမသိသေးဘူး...အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အတန်းဖော်ထုံ...နင်က တကယ် စိတ်ထားကောင်းတာပဲ..."


သင်မည့်ဆရာမလာခင် ထုံရွှယ်လူသည် လူတိုင်းအား အင်္ဂလိပ်စာကို အလွယ်နည်း ကျက်မှတ်နိုင်သည့်နည်းလမ်းများ ပြောပြပေးလိုက်သည်။ အဆောင်ခန်းထဲ၌ ပြောပြခဲ့သော နည်းအပြင် စကားလုံးများကို မှတ်နိုင်မည့် နောက်နည်းလမ်းတစ်ခုကိုလည်း ပြောပြလိုက်သည်။


"ဥပမာ transportation ဆိုတဲ့ စာလုံးက အရမ်းရှည်ပြီး မှတ်ရခက်တယ်လို့ ထင်ရတယ်မလား...ဒါပေမယ့် ငါတို့ သူ့ကို ခွဲကြည့်လိုက်ရင် လွယ်ပါတယ်...အလယ်မှာ sport ဆိုတဲ့ စကားလုံးပါတယ်မလား...sport ဆိုတာက လှုပ်ရှားနေတယ် ဆိုတဲ့ အဓိပ္ပာယ်ရတယ်...သူ့ရှေ့မှာ tran ဆိုတဲ့စာလုံးကပ်လိုက်တော့ သယ်ယူပို့ဆောင်သည် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားရော...အနောက်က ion ထပ်ကပ်လိုက်တော့ transportation သယ်ယူပို့ဆောင်ခြင်း ဆိုတဲ့ နာမ်ဖြစ်သွားတာပေါ့..."


"ဒီလိုမျိုး စာလုံးတွေက အများကြီးရှိတယ်...စာလုံးလေးတစ်ခုကို ပေါင်းလိုက်တာ ဒါမှမဟုတ် ခွာလိုက်တာနဲ့ အဓိပ္ပာယ်တွေ ပြောင်းသွားကြတယ်...အခုလိုမှတ်တာက အင်္ဂလိပ်ဝေါဟာရတွေကို ပိုမှတ်မိစေတာပေါ့..."


"ဖြောင်း ဖြောင်း ဖြောင်း..."


ထုံရွှယ်လူ စကားပြောပြီးပြီးချင်းမှာပင် တံခါးဆီမှ လက်ခုပ်တီးသံတစ်ခု ထွက်ပေါ်လာသည်။


အင်္ဂလိပ်စာမေဂျာ၏ ဌာနမှူးဖြစ်သူ ပါမောက္ခယင်းက လက်ခုပ်တီးကာ အတန်းထဲသို့ ဝင်လာလေသည်။


"ကျောင်းသူထုံရဲ့ နည်းလမ်းက တကယ်ကို ကောင်းပြီး လက်တွေ့ဆန်တယ်...ပိုပြီး ကောင်းတာက ကျောင်းသူထုံက သူ့ရဲ့နည်းလမ်းတွေကို တစ်တန်းလုံးကို ပြောပြပေးတာပဲ...အားလုံးပဲ ကျောင်းသူထုံကို လက်ခုပ်တီးပြီး ကျေးဇူးတင်ကြောင်း ပြလိုက်ကြပါ..."


ပါမောက္ခယင်းသည် ဌာနမှူးဖြစ်သည့်အပြင် အင်္ဂလိပ်စာဆရာလည်းဖြစ်သည်။ သူသည် အမေရိကား၌ ပါရဂူဘွဲ့ယူထားသူဖြစ်ရာ သူ၏ အင်္ဂလိပ်အသံထွက်များက အလွန်ကောင်းမွန်၍ အနောက်တိုင်း၏အကြောင်းကိုလည်း နှံ့စပ်စွာသိသည်။ ပါမောက္ခယင်းသည် အမေရိကားမှ ပြန်ရောက်လာပြီး‌တည်းက တက္ကသိုလ်များ၌ သံတမန်ရေးရာနှင့် ဘာသာပြန်ခြင်းအတတ်များကို သင်ကြားပို့ချပေးနေခြင်းဖြစ်သည်။


ပါမောက္ခယင်း၏စကားကြောင့် လူတိုင်းက လက်ခုပ်တီးလိုက်ကြရာ ထုံရွှယ်လူပင် အနည်းငယ်ရှက်၍ မျက်နှာ‌နွေးသွားသည်။


တကယ်တော့ ထုံရွှယ်လူသင်ပေးသည့်နည်းလမ်းသည် မော်ဒန်ခေတ်တွင် ဘာမှအရေးတယူ ပြောရလောက်သည့် နည်းလမ်းမဟုတ်ပေ။ အနာဂတ်တွင် ထိုကဲ့သို့သော နည်းလမ်းများ များစွာ ပေါ်‌ပေါက်နေပြီမဟုတ်လား။


ပါမောက္ခယင်းက ဆက်ပြောလိုက်သည်။

"ကျောင်းသူထုံ...ဆရာ မင်းကို အတန်းခေါင်းဆောင်လုပ်စေချင်တယ်...မင်းလုပ်နိုင်မလား..."


ထုံရွှယ်လူက ငြင်းလိုက်သည်။

"အတန်းခေါင်းဆောင်ဆိုတာ အတန်းသူ အတန်းသားတွေကို နေရာပေါင်းစုံကနေ ကူညီပေးရတဲ့လူတွေပါ...ကျွန်မက စနေ တနင်္ဂနွေဆိုရင် အိမ်ပြန်တာမို့လို့ ကျွန်မ လုပ်ဖို့ အဆင်မပြေလောက်ဘူးထင်ပါတယ်...ကျွန်မထက်ပိုပြီး လုပ်ပေးနိုင်မယ့် အတန်းဖော်တစ်ယောက်ယောက်ကို ပေးလိုက်တာက ပိုကောင်းပါလိမ့်မယ် ဆရာ..."


ပါမောက္ခယင်းက စိတ်မကောင်းဖြစ်သွားသည့်ပုံနှင့် ပြောလိုက်သည်။


"ဒါဆိုရင် အင်္ဂလိပ်စာအတန်းရဲ့ ခေါင်းဆောင်တော့ လုပ်ပေးနိုင်မလား...ပြီးတော့ ကျောင်းသားတွေကို မကြာခဏ အင်္ဂလိပ်စာကို အားစိုက်လုပ်ဖို့ တွန်းအားပေးပေးဖို့..."


"ဟုတ် အဲဒါတော့ လုပ်နိုင်ပါတယ် ဆရာ..."

ထုံရွှယ်လူက ခေါင်းငြှိမ့်ပြလိုက်သည်။


ထို့နောက် ပါမောက္ခယင်းက အတန်းကို စသင်တော့သည်။


ပါမောက္ခယင်း၏အတန်းသည် ပျော်စရာကောင်း၍ စိတ်ဝင်စားစရာလည်းကောင်းသည်။ ပါမောက္ခသည် စာကိုပဲ သင်သွားသည်မဟုတ်ပဲ ကျောင်းသားများကိုလည်း စဉ်းစားခိုင်းကာ သင်နေရင်းဖြင့်လည်း ပြင်ပမှ စိတ်ဝင်စားဖွယ်၊ ဗဟုသုတရဖွယ် အကြောင်းအရာများ ထည့်ပြောတတ်သည်။ ပါမောက္ခယင်း၏သင်ကြားပုံက ပုံမှန်စာသင်ပုံများနှင့် မတူသောကြောင့် ကျောင်းသားများကလည်း စိတ်ဝင်တစားသင်ယူကြကာ စာလည်း ခေါင်းထဲရောက်ကြသည်။


ပါမောက္ခယင်းသည် ကျောင်းသားများကို တွန်းအားပေးရာ၌လည်း တော်သည်။ အချို့ကျောင်းသားများသည် အင်္ဂလိပ်စာအသံထွက်က တော်တော်မကောင်းသောကြောင့် အသံထွက်၍ မပြောရဲကြပေ။ သို့သော် ပါမောက္ခယင်းက အားပေးသောကြောင့် ထိုကျောင်းသားများသည်ပင် ရဲစိတ်တင်ကာ အင်္ဂလိပ်စကားဖြင့် သူတို့ကိုယ်သူတို့ မိတ်ဆက်ခြင်းများ၊ မေးခွန်းများမေးခြင်းများပင် လုပ်ရဲလာကြသည်။


ဆရာများက စာသင်ကောင်းကြ၍ ကျောင်းသားများကလည်း ဤကဲ့သို့ အခွင့်အရေးကောင်းကို လက်လွတ်မခံပဲ အစွမ်းကုန်ကြိုးစားသင်ယူကြကာ အတန်းပြင်သို့ ထွက်သွားသူ၊ အိပ်နေသူဟူ၍ တစ်ယောက်မှပင် မရှိပေ။ 


မနက်ခင်းအတန်းများပြီးသွားသောအခါ အတန်းကို ဦးစီးရသူ ဆရာမဟွမ်ရောက်လာကာ သူမကိုယ်သူမ မိတ်ဆက်၍ အတန်းသားများအား အတန်းခေါင်းဆောင်ရွေးခိုင်းလေသည်။


အတန်းထဲမှ ပထမဆုံး သူမကိုယ်သူမ အတန်းခေါင်းဆောင်ဖြစ်ချင်သည်ဟု ထပြောသူမှာ ကောင်းမင်ဖြစ်သည်။


"အားလုံးပဲ မင်္ဂလာပါ...ငါက ကောင်းမင်ပါ...ဒီအတန်းရဲ့ အတန်းခေါင်းဆောင်နေရာမှာ ငါ့ကိုယ်ငါ အဆိုတင်သွင်းချင်ပါတယ်...ငါသာ အတန်းခေါင်းဆောင်ဖြစ်ခဲ့ရင် ဆရာ၊ ဆရာမတွေရဲ့ အလုပ်တာဝန်တွေကို သေချာလုပ်ပေးပြီး တစ်တန်းလုံးမှာရှိတဲ့ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ တောင်းဆိုမှုတွေကိုလည်း သေချာဖြည့်ဆည်းပေးပါမယ်..."


"သူငယ်တန်းကနေ အထက်တန်းကျောင်းအထိလည်း ငါက အတန်းတိုင်းမှာ အတန်းခေါင်းဆောင်ဖြစ်ခဲ့တာမို့လို့ အတွေ့အကြုံတွေလည်း အများကြီးရှိပါတယ်...ငါ့ကိုသာ အတန်းခေါင်းဆောင်ရွေးကြမယ်ဆိုရင် လူတိုင်းကို စည်းလုံးအောင်လုပ်ပြီး ငါတို့အတန်းကို ဒီကျောင်းမှာ အကောင်းဆုံးအတန်းဖြစ်လာအောင် လုပ်ပေးပါမယ်...အားလုံးကိုကျေးဇူးတင်ပါတယ်...ငါ့ကို ရွေးကြမယ်လို့လည်း မျှော်လင့်ပါတယ်..."


ကောင်းမင်၏အဆိုတင်သွင်းမှုက ကောင်းသော်လည်း ကံမကောင်းစွာပင် အတန်းထဲမှ ရှစ်ကျန်းရွဲ့ဟူသော မိန်းကလေးအား မဲတစ်ခုလိုကာ ရှုံးနိမ့်သွား၍ အတန်းခေါင်းဆောင်မဖြစ်ပဲ လက်ထောက်သာ ဖြစ်သွားသည်။


ကောင်းမင်သည် ဒေါသအကြီးအကျယ်ထွက်၍ မျက်နှာမှာလည်း နီရဲနေကာ ထုံရွှယ်လူနှင့် ရှဲ့ရှောင်ယန့်တို့အား ဒေါသတကြီး လှမ်းကြည့်လိုက်သည်။


အတန်းပြီးသောအခါ ကောင်းမင်သည် ထုံရွှယ်လူ့ထံသို့ ဒေါသတကြီး ပြေးလာ၍ အေးစက်စွာမေးလိုက်သည်။


"နင် ဘာဖြစ်လို့ ငါ့ကို မဲမပေးတာလဲ..."


ထုံရွှယ်လူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဘာမှမသိသလိုဖြေလိုက်သည်။


"ဆရာမဟွမ်က အကောင်းဆုံးလုပ်နိုင်မယ်ထင်တဲ့လူကို မဲပေးဖို့ပြောသွားတာမဟုတ်ဘူးလား...ရှစ်ကျန်းရွဲ့က အတန်းထဲမှာ အဲဒီလို အလုပ်နိုင်ဆုံးလူလို့ ငါထင်လို့ သူ့ကို မဲပေးလိုက်တာလေ...နင်ကငါ့ကို လိမ်ခိုင်းနေတာလား...အဲဒီလိုလုပ်စေချင်တယ်ဆိုလည်း စောစောပြောထားတာမဟုတ်ဘူး..."


"..."


ကောင်းမင်သည် ထုံရွှယ်လူ၏စကားကိုကြားသောအခါ အသက်ရှူရန်ပင် မေ့သွား၍ သီးပါသီးသွားလေသည်။


အတန်းခေါင်းဆောင်အဖြစ် ပါဝင်ယှဉ်ပြိုင်သူအနေဖြင့် မဲပေးမည့်လူများကို လိမ်ခိုင်း၍မရသည်မှာ စည်းမျဉ်းသာဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် ကောင်းမင်လည်း ဘာမှမပြောနိုင်တော့ပဲ ထုံရွှယ်လူအား စူးရဲစွာကြည့်ကာ စိတ်ဆိုးမာန်ဆိုးထွက်သွားတော့သည်။


ရှဲ့ရှောင်ယန့်က ကောင်းမင်၏နောက်ကျောကိုကြည့်၍ စိတ်ပူစွာပြောလိုက်သည်။

"ငါတို့အခန်းတော့ နောက်ကျရင် အရင်ကလောက် ငြိမ်းချမ်းတော့မှာမဟုတ်ဘူး..."


ထုံရွှယ်လူက ပခုံးတွန့်၍ ဘာမှမသိသလို ပြောလိုက်သည်။

"ကောင်းမင်က အဲဒီလောက် မာနကြီးပြီး စိတ်ကြီးဝင်မနေရင်ကောင်းမှာပဲ...ငါက ဒီကို စာသင်ဖို့လာတာလေ...ဒီလို ကိစ္စတွေမှာတင်ပါပြီး စိတ်ညစ်နေဖို့မှမဟုတ်တာ..."


ရှဲ့ရှောင်ယန့်ကလည်း သဘောတူစွာ ခေါင်းငြှိမ့်လိုက်သည်။

"ဟုတ်တယ်...တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ မနည်းကြိုးစားလာရတာ...ဘယ်သူက အဲဒီကိစ္စတွေနဲ့ အချိန်ကုန်ချင်မှာလဲ..."


ထုံရွှယ်လူက ဘာမှမပြောပဲ ပြုံးသာပြုံးနေလိုက်တော့သည်။


ထုံရွှယ်လူသည် အတန်းခေါင်းဆောင်နေရာအတွက် ကောင်းမင်ကို တမင်ပင် မရွေးခဲ့ခြင်းဖြစ်သည်။


အတန်းခေါင်းဆောင်ဆိုသော ရာထူးသည် သေးသေးကွေးကွေးမဟုတ်၍ သူ၏ အစွမ်းအာဏာကလည်း ကြီးသည်။ ကောင်းမင်၏အစ်ကိုဝမ်းကွဲ၏သူငယ်ချင်းက ရှစ်ကျွင်းမင် ဖြစ်နေရာ ကောင်းမင်အား မည်သည့်နည်းနှင့်မှ အတန်းခေါင်းဆောင်နေရာမပေးနိုင်ချေ။


ပိုအရေးကြီးသည်က မနေ့က ကိစ္စများဖြစ်ပျက်ပြီးသောအခါ ကောင်းမင်သည် အချစ်ကိုဦးစားပေးသူဟု ထုံရွှယ်လူ ရိပ်စားလိုက်မိသည်။


ထိုကဲ့သို့သောလူမျိုးသည် မည်မျှပင် အစီအစဉ်ဆွဲတတ်ပါစေ၊ ဦးဆောင်တတ်ပါစေ၊ ယောင်္ကျားတစ်ယောက်က လက်လေးတစ်ချောင်းလှုပ်ကာခေါ်လိုက်သည်နှင့် ကောက်ကောက်ပါအောင် လိုက်သွားမည်ဖြစ်သည်။


ထို့ကြောင့် ကောင်းမင်ကို မရွေးလိုက်ခြင်းဖြစ်သည်။


ရှဲ့ရှောင်ယန့်က ပြောလိုက်သည်။

"ငါ စာကြည့်တိုက်သွားမလို့...နင်ရော လိုက်ဦးမလား..."


ထုံရွှယ်လူက ခေါင်းခါလိုက်သည်။

"ဟင့်အင်း...ငါ စာရေးကိရိယာလေးနည်းနည်း သွားဝယ်စရာရှိလို့..."


ရှဲ့ရှောင်ယန့်လည်း ခေါင်းငြှိမ့်လိုက်ကာ နှစ်ယောက်သား လမ်းခွဲလိုက်ကြသည်။


ထုံရွှယ်လူသည် ‌တကယ်တော့ စာရေးကိရိယာဝယ်ရန်သွားသည်မဟုတ်ပေ။ ကျောင်းဝန်းတစ်ဝက်လောက်ကို လမ်းလျှောက်ပြီးသောအခါ မည်သူမျှ ကြည့်မနေသည့်အချိန်၌ အကြံပြုစာထည့်ရန်လုပ်ထားသည့် ပုံးထဲသို့ အကြံပြုစာတစ်စောင်ကို ထည့်လိုက်လေသည်။


ထို့နောက် အဆောင်သို့ ပြန်သွားလိုက်သည်။


နှစ်ရက်ကြာသောအခါ အဆောင်တံခါးမကြီး၌ သတိပေးစာတစ်စောင် ကပ်ထားလေတော့သည်။