အပိုင်း၂၇၀
Viewers 67k

🍵Chapter 270




ထိုစာထဲ၌ ယနေ့မှစ၍ အဆောင်ထဲသို့ ပြင်ပလူများဝင်ခြင်းကို ပို၍တင်းကြပ်စွာကိုင်တွယ်တော့မည် ဟု ရေးထားသည်။ အဆောင်ထဲသို့ ဝင်ချင်သော ယောင်္ကျားလေးများ သို့မဟုတ် အဆောင်သူများ၏မိဘများသည် အဆောင်ထဲသို့ ဝင်မည်ဆိုလျှင် နာမည်စာရင်းပေးရမည့်အပြင် အဆောင်ထဲ၌ လည်း နှစ်မိနစ်ထက်ပိုမနေရဟူ၍လည်း ရေးထားသေးသည်။


ယောင်္ကျားလေးများ ဝင်မည်ဆိုလျှင်လည်း အဆောင်မှူးအဒေါ်ပါမှ ဝင်ရမည် ဟူသော စည်းကမ်းလည်းပါသေးသည်။


အဆောင်သူများလည်း ထိုသတိပေးစာကိုမြင်သောအခါ ပြောစရာစကားများမကုန်ဖြစ်လာသည်။


အချို့မိန်းကလေးများက တစ်နေ့က အခန်းနံပါတ် ၂၀၁ ကို ဝင်ရှာသွားသည့်ကိစ္စကြောင့်ဟုထင်ကြကာ အချို့ကတော့ တစ်စုံတစ်ယောက်က ပစ္စည်းတစ်ခုခုပျောက်သွားသောကြောင့် ဟု ထင်ကြသည်။


ကောင်းမင်သည် ထိုသတိပေးစာကိုမြင်သောအခါ မျက်နှာက ဖြူလိုက် နီလိုက်ဖြစ်သွားကာ တစ်ချိန်တည်းမှာပဲ သူမ အဆောင်သို့ အပြင်လူခေါ်မိသည်က ဤလောက်တောင် ဖြစ်သွားစေသည်လားဟူ၍ စိတ်ပူသွားမိသည်။


အခန်းထဲသို့ပြန်ရောက်သောအခါ ကောင်းမင်က ဘာမှမဖြစ်သလို ပြောလိုက်သည်။

"နင်တို့ အောက်က သတိပေးစာ တွေ့ပြီးကြပြီလား..."


ကောင်းမင်၏မေးခွန်းကို မည်သူကမှ ပြန်မဖြေကြပဲ လင်းလန်ကျွမ်းကသာ ခေါင်းငြှိမ့်ပြလိုက်သည်။


"အင်း တွေ့တယ်..."


ကောင်းမင်က အခန်းထဲရှိ လူတိုင်းကို မျက်လုံးဝေ့ကြည့်လိုက်သည်။

"ဘာဖြစ်လို့ အဲဒီ သတိပေးစာက ရုတ်တရက်ကြီး ထွက်လာလဲမသိဘူးနော်..."


ရှဲ့ရှောင်ယန့်က ပြောလိုက်သည်။

"ငါကတော့ အဲဒါထွက်လာတာ ကောင်းတယ်ထင်တာပဲ...မိန်းကလေးအဆောင်ထဲကို ယောင်္ကျားလေးတွေ မလာသင့်ဘူးလေ..."


ထုံရွှယ်လူက ဖတ်စာအုပ်ကို ကြည့်နေရင်းဖြင့် နှုတ်ခမ်းထောင့်က အနည်းငယ်တွန့်ကွေးကာ ပြုံးလိုက်သည်။


ထိုသတိပေးစာသည် လွန်ခဲ့သည့်နှစ်ရက်က ထုံရွှယ်လူ၏အကြံပြုစာကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။


ထုံရွှယ်လူသည် အခန်းထဲမှ လူများကို အပြင်လူခေါ်မလာဖို့ ပြောထားသော်လည်း စကားဖြင့်သာပြောထားသည်ဖြစ်သောကြောင့် ကြာလျှင် မေ့သွားကြမည်သာဖြစ်သည်။ ထို့ကြောင့် အခန်းထဲသို့ ရှစ်ကျွင်းမင် ထပ်မဝင်လာနိုင်ရန် အရင်းအမြစ်ကနေ ပိတ်နိုင်ရန် လုပ်လိုက်ရခြင်းဖြစ်သည်။


သူခိုးတစ်ယောက်ဖြစ်ရန် ရက်တစ်ထောင်ကြာ လေ့ကျင့်လျှင်ဖြစ်နိုင်သော်လည်း သူခိုးတစ်ယောက်ကို ရက်တစ်ထောင်ကြာအောင် နှိမ်နင်းရန်ကြိုးစားသော်လည်း မရ ဟူသော ဆိုရိုးစကားလည်း ရှိသေးသည်မဟုတ်လား။


ဤကဲ့သို့မလုပ်ထားလျှင် တစ်‌နေ့နေ့၌ ရှစ်ကျွင်းမင်က အခန်းထဲထပ်ဝင်လာ၍ ထုံရွှယ်လူမသိခင် စာရွက်တစ်ရွက်ရွက်ထားခဲ့ပါက ထုံရွှယ်လူ၏ဘဝ ပျက်စီးရပေလိမ့်မည်။


ထုံရွှယ်လူတို့အခန်းကို ဝင်ရှာခံရပြီးနောက်တွင်တော့ ရှစ်ကျွင်းမင်ဘက်မှ ဘာလှုပ်ရှားမှုမှ ထပ်မလုပ်လာတော့သော်လည်း ထုံရွှယ်လူသည် ထိုလူအား လူကိုယ်တိုင် မြင်ချင်နေမိသည်။


မကြာမီတွင် ထိုအခွင့်အရေးက ထုံရွှယ်လူဆီသို့ ရောက်လာတော့သည်။


တရုတ်စာမေဂျာမှ ကျောင်းသားတစ်ဦး၏မိသားစုက အလွန်ဆင်းရဲလေသည်။ အဖေနှင့် အဖွားက လေဖြတ်၍ အိပ်ယာထဲလဲနေကာ အမေတစ်ယောက်သာ လယ်ယာလုပ်၍ မိသားစုကို ရှာကျွေးနေရသည်။


ထိုကျောင်းသားသည် ပုံမှန်အခြေအနေဆိုလျှင် ကျောင်းမတက်နိုင်သော်လည်း ယခုတော့ နိုင်ငံတော်မှပေးသည့် ထောက်ပံ့ကြေးငွေနှင့် တက်နေနိုင်သေးသည်။ ထိုကျောင်းသားသည် လစဉ်ရသည့် ထောက်ပံ့ကြေးငွေ ၁၈ ယွမ်မှ ၉ယွမ်သာချန်ကာ အိမ်သို့ ၉ယွမ်ပို့ပေးသည်။


ထိုငွေ ၉ယွမ်က လုံးဝနေရန်မလောက်သောကြောင့် ကျောင်းသားသည် တစ်နေ့လျှင် ထမင်းတစ်နပ်သာစား၍ ထိုတစ်နပ်မှာလည်း ပေါက်စီလေးတစ်လုံးသာဖြစ်သည်။


ထိုကျောင်းသားအကြောင်းကို အခြားလူများထံမှ ကြားပြီးသောအခါ ထုံရွှယ်လူသည် ချက်ချင်းပင် အတန်းသားများကို အကျိုးအကြောင်းပြော၍ ပိုက်ဆံကောက်လိုက်သည်။


ပိုက်ဆံမတည်သူအနေနှင့် ထုံရွှယ်လူက သုံးလစာထောက်ပံ့ငွေ ၅၄ ယွမ်ထည့်လိုက်သည်။ အချို့ငွေကြေးချို့တဲ့သည့်ကျောင်းသားများက တစ်ယွမ် နှစ်ယွမ် စသဖြင့် ထည့်ကြကာ အနည်းငယ်ချောင်လည်သူများက ငါးယွမ် ဆယ်ယွမ် ထည့်ကြသည်။


နောက်ဆုံးတွင် အလှူငွေစုစုပေါင်း ၁၈၉ ယွမ်ရလေသည်။


စာရင်းများချုပ်ပြီးသောအခါ ထုံရွှယ်လူသည် အတန်းခေါင်းဆောင် ရှစ်ကျန်းရွဲ့နှင့် အတန်းခေါင်းဆောင်လက်ထောက် ကောင်းမင်တို့နှင့်အတူ တရုတ်စာဌာနသို့ သွားလိုက်သည်။


ထုံရွှယ်လူတို့ရောက်သွားသောအခါ တရုတ်စာအတန်းသည် ပြီးခါနီးဖြစ်နေ၍ ထုံရွှယ်လူတို့ဝင်လာသည်ကို မြင်သောအခါ အားလုံးက အံ့ဩသွားကြသည်။


ထုံရွှယ်လူက အတန်းထဲသို့ ဦးဆောင်ဝင်သွားကာပြောလိုက်သည်။


"မင်္ဂလာပါ သူငယ်ချင်းတို့...ငါက အင်္ဂလိပ်စာမေဂျာက ပထမနှစ်ကျောင်းသူ ထုံရွှယ်လူပါ...ဒီတရုတ်စာမေဂျာက ဟွမ်ဆိုတဲ့ နာမည်နဲ့ ကျောင်းသားတစ်ယောက်က မိသားစုအခြေအနေကြောင့် တစ်နေ့ကို ပေါက်စီတစ်လုံးပဲစားပြီး ကျောင်းတက်နေရတယ်လို့ ငါကြားမိတယ်...ဒီတက္ကသိုလ်ကကျောင်းသားတစ်ယောက်က ဒီလိုမျိုးအခြေအနေဖြစ်နေတယ်လို့ သိရတာ ငါအရမ်းစိတ်မကောင်းဖြစ်မိပါတယ်..."


"ခန္ဓာကိုယ်က သင်ယူမှုရဲ့ အခြေခံပါ...ကိုယ့်မှာ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်မရှိရင် ဘယ်လို ကောင်းကောင်းမွန်မွန်စာသင်နိုင်တော့မှာလဲ...အဲဒါကြောင့် ငါ ငါ့ရဲ့အတန်းဖော်တွေကို ပြောကြည့်ပြီး စုလာတဲ့ ပိုက်ဆံလေးတွေ လာပေးတာပါ...ငါတို့ရဲ့သူငယ်ချင်းနဲ့ သူ့မိသားစုလည်း ဒီပိုက်ဆံလေးကြောင့် နည်းနည်းတော့ အသက်ရှူချောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."


ထုံရွှယ်လူက ထိုသို့ပြောလိုက်သောအခါ အတန်းတစ်ခုလုံး၏ အားပေးသံများဖြင့် ဆူညံသွားကာ တစ်ချိန်တည်းမှာလည်း တရုတ်စာမေဂျာမှကျောင်းသားများသည် ကိုယ့်ကိုယ်ကိုယ် အရှက်ရကုန်ကြသည်။


သူတို့အကုန်လုံးသည် ကျောင်းသားဟွမ်၏အခြေအနေကို သိကြသော်လည်း တစ်ခါမှ ပိုက်ဆံပေးရန် ကူညီရန် မစဉ်းစားမိခဲ့ကြချေ။ ဤကဲ့သို့ အခြားမေဂျာမှ ကျောင်းသားများလည်း လာကူကြလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။


ထိုအချိန်၌ ပထမအချိန်ကို စာသင်နေသော တရုတ်စာမေဂျာမှ ဌာနမှူးသည်လည်းညအတန်းအပြင်သို့ မထွက်ရသေးချေ။ ထုံရွှယ်လူ၏စကားကိုကြားပြီးသောအခါ ဌာနမှူးသည်လည်း သူ့ကိုယ်သူ ရှက်သွားမိသည်။


"ကျောင်းသူ...မင်းရဲ့ ကိုယ့်ရဲ့သူငယ်ချင်းအပေါ်ထားတဲ့ စိတ်ဓာတ်ကို လေးစားပါတယ်...ကျောင်းသားဟွမ်ကိုယ်စား ဆရာကပဲ ကျေးဇူးတင်စကားပြောပါရစေ...တကယ်တော့ ဒီလိုမျိုး ကူညီတဲ့ကိစ္စက ဆရာတို့လို မေဂျာတူတဲ့လူတွေက အရင်လုပ်ပေးသင့်တဲ့ကိစ္စပါ...ဒါပေမယ့် ဆရာတို့ အကုန်လုံးက လျစ်လျူရှုထားခဲ့မိတယ်..."


ထုံရွှယ်လူက ပြုံး၍ပြောလိုက်သည်။


"ကိုယ့်ဘာသာကိုယ် အပြစ်မတင်ပါနဲ့ ဆရာ...တရုတ်စာဌာနက ကျောင်းသားတွေ အများကြီးရှိတာဆိုတော့ ဆရာတို့က အတန်းတွေအများကြီးကို ဦးစီးသင်နေရတာမဟုတ်လား...ကျောင်းသားတစ်ယောက်ချင်းစီကို ဂရုမစိုက်ပေးနိုင်တာ ဖြစ်သင့်တဲ့ကိစ္စပါပဲ ဆရာ..."


"တကယ်တော့ ဒီလိုကိစ္စမျိုးက အတန်းခေါင်းဆောင်က လုပ်ပေးသင့်တာပါ...ကျွန်မတို့အတန်းက အတန်းခေါင်းဆောင်ဆိုရင် အတန်းထဲက ကျောင်းသားတစ်ယောက်ချင်းစီကို သေချာသိပြီး ကျွန်မတို့ လိုအပ်သမျှတွေကို သေချာဖြည့်ဆည်းပေးတာပါ..."


ရှစ်ကျန်းရွဲ့က ရုတ်တရက် ချီးကျူးခံလိုက်ရသောကြောင့် မျက်နှာက နီရဲသွားသည်။


သို့သော် တစ်စုံတစ်ယောက်၏မျက်နှာကတော့ အသုံးကြာသည့် ဒယ်အိုး၏ဖင်ကဲ့သို့ မည်းနက်နေလေသည်။


ထိုတစ်စုံတစ်ယောက်သည် အခြားလူမဟုတ်၊ ရှစ်ကျွင်းမင်သာ ဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် ရှစ်ကျွင်းမင်သည် တရုတ်စာမေဂျာ အတန်း ၁ ၏ အတန်းခေါင်းဆောင်ဖြစ်နေသောကြောင့် ဖြစ်သည်။


ထုံရွှယ်လူ၏စကားများက ရှစ်ကျွင်းမင်အား လူကြားထဲ၌ ပါးဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။


သူသည် အတန်းခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း သူ၏အတန်းထဲမှ ကျောင်းသားတစ်ယောက်က ဤသို့ ခက်ခက်ခဲခဲ ကျောင်းတက်နေရသည်ဆိုသည်ကိုပင် မသိခဲ့ပေ။ ထို့ကြောင့် ထုံရွှယ်လူ၏ ကျောင်းသားတစ်ယောက်ချင်းစီ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်ဆိုသည့်စကားမှ သူ့အား ရွဲ့ပြောလိုက်သကဲ့သို့ ဖြစ်သွားသည်။


သူထင်သည့်အတိုင်းပင် ထုံရွှယ်လူ၏စကားကိုကြားသည်နှင့် အတန်းထဲမှလူတော်တော်များများ၏အကြည့်များက ရှစ်ကျွင်းမင်ဆီသို့ ရောက်လာကာ ဌာနမှူးကပင် ခေါင်းကိုစောင်း၍ လှမ်းကြည့်လိုက်သည်။


ရှစ်ကျွင်းမင်သည် စားပွဲအောက်၌ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ ရင်ဘတ်ထဲ၌လည်း ဒေါသများ ပွက်ပွက်ဆူနေတော့သည်။


ထုံရွှယ်လူက အတန်းကို ဝေ့ကြည့်လိုက်သည်။

"ဒီမှာ ကျောင်းသား ဟွမ်ရှင်းယိ ရှိပါသလား..."


ဌာနမှူးက ပြောလိုက်သည်။

"ကျောင်းသားဟွမ်က ဒီနေ့ နေမကောင်းလို့ ခွင့်ယူထားတယ်..."


ထုံရွှယ်လူ၏ မျက်နှာက ချက်ချင်းပင် စိတ်ပူသည့်ပုံဖြစ်သွားသည်။


"ဟင် ကျောင်းသားဟွမ်က နေမကောင်းဖြစ်နေတာလား...သူ့မှာ ဆရာဝန်ပြဖို့တို့ ဆေးဝယ်ဖို့တို့တောင် ပိုက်ဆံရှိပါ့မလား...ဒီအတန်းက အတန်းခေါင်းဆောင်က ဘယ်သူလဲဟင်...ကျောင်းသားဟွမ်ဆီကို ကျွန်မတို့ ပိုက်ဆံလေး အခုချက်ချင်းပေးနိုင်အောင် ကူညီပေးနိုင်မလား...ကျောင်းသားဟွမ်အတွက် ကျွန်မ တကယ်စိတ်ပူလို့ပါ..."


ဌာနမှူးလည်း သူ့ကိုယ်သူ ပို၍ပင်ရှက်လာကာ ရှစ်ကျွင်းမင်အား လှမ်းကြည့်၍ ပြောလိုက်သည်။


"ကျောင်းသားရှစ်...မင်း အခုချက်ချင်း ဒီပိုက်ဆံကို ကျောင်းသားဟွမ်ဆီ အမြန်ပို့လိုက်...ဒီပိုက်ဆံက အင်္ဂလိပ်စာဌာနက သူငယ်ချင်းတွေပေးတာဆိုတာကိုလည်း သေချာပြောနော်...ကျောင်းသားဟွမ်ရဲ့အခြေအနေဆိုးနေရင် မင်း သူ့ကို အဖော်လုပ်ပေးပြီး ကျောင်းကဆရာဝန်ဆီခေါ်သွားပေးလိုက်..."


ဌာနမှူး၏မျက်နှာက ရှစ်ကျွင်းမင်အား အပြစ်တင်သည့်ပုံစံပေါ်နေသည်။


ဌာနမှူးသည် ဆရာတစ်ယောက်အနေနှင့် တာဝန်ပျက်ကွက်ခဲ့သည်မှန်သော်လည်း သူသည် အတန်းများစွာကို သင်ရ၍ ဤ အတန်း ၁ မှ ကျောင်းသားများနှင့်လည်း အမြဲအတူရှိနိုင်သည်မဟုတ်ရာ သူ၏ကျောင်းသားတစ်ယောက် ဤသို့ဖြစ်နေသည်ကို မသိရခြင်းမှာ သဘာဝကျပါသည်။


သို့သော် အတန်းခေါင်းဆောင်ဆိုသည်မှာ ဤကဲ့သို့ အခြေအနေမျိုး၌ ဆရာများ၏တာဝန်ကို ခွဲဝေထမ်းဆောင်ပေးရန် ခန့်အပ်ထားခြင်းမဟုတ်လား။ ရှစ်ကျွင်းမင်သည် အစကတော့ သူ့အား အတန်းခေါင်းဆောင် ခန့်အပ်ရန် ရွှန်းရွှန်းဝေအောင်ပြောခဲ့၍ အခုတော့ ဘာအလုပ်မှ မလုပ်နေပါလား။


"ဟုတ်ကဲ့ ဆရာ...ကျွန်တော် အတန်းဖော်ဟွမ်ကို ဂရုစိုက်လိုက်ပါမယ်..."


ရှစ်ကျွင်းမင်၏မျက်နှာက နီလိုက် ဖြူလိုက်ဖြင့် ဒေါသကို မျိုချနေရလေသည်။


ထုံရွှယ်လူသည် သူမအား အခါပေါင်းများစွာ တိုက်ခိုက်ထားသော လူကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။


ရှစ်ကျွင်းမင်သည် အသက် ၂၆ ၂၇ နှစ်ခန့်ရှိပြီဖြစ်ကာ ချောမောသည့်မျက်နှာပေါ်၌ မျက်မှန်တပ်ထားကာ နူးညံ့သိမ်မွေ့သည့်ပုံပေါ်လေသည်။


ထုံရွှယ်လူသည် ရှစ်ကျွင်းမင်ကိုမြင်သည်နှင့် အခေါ်အဝေါ်တစ်ခုကို ချက်ချင်းစဉ်းစားမိလိုက်သည်။

'ကြောင်သူတော်ယောင်ဆောင်ထားသည့် ကြွက်သူခိုး...'


ရှစ်ကျွင်းမင်က ထုံရွှယ်လူတို့နားလျှောက်လာ၍ ပြုံးကာပြောလိုက်သည်။

"ကျောင်းသူထုံ...မင်းတို့ရဲ့ စေတနာကို ကျောင်းသားဟွမ်အစား ငါကပဲ ကျေးဇူးတင်စကားပြောပါရစေ..."


ထုံရွှယ်လူကလည်း ရှစ်ကျွင်းမင်၏မျက်လုံးများကို တည့်တည့်ကြည့်ကာ ပြန်ပြောလိုက်သည်။


"ရပါတယ်ရှင်...တစ်ကျောင်းတည်းတက်နေတဲ့ သူငယ်ချင်းအချင်းချင်း ဒီလိုမျိုးကူညီရမှာ ကျွန်မတို့ရဲ့ တာဝန်ပဲမဟုတ်လား..."


ရှစ်ကျွင်းမင်: "..."


ဌာနမှူးက ဦးဆောင်ကာ လက်ခုပ်တီးလိုက်သည်။

"ဆရာတို့ အတန်းက ကျောင်းသားတွေလည်း နိုင်ငံခြားဘာသာဌာနက ကျောင်းသားတွေကို အတုယူပြီး အနာဂတ်မှာ အချင်းချင်း ကူညီစောင့်ရှောက်ကြမယ်လို့ ဆရာမျှော်လင့်ပါတယ်..."


အတန်းထဲမှလူများကလည်ား လက်ခုပ်တီးလိုက်ကြသည်။ လက်ခုပ်သံက ပိုကျယ်လာလေ၊ ရှစ်ကျွင်းမင်၏မျက်နှာကတော့ ပို၍ မည်းလာလေ ဖြစ်နေသည်။


တရုတ်စာဌာနမှထွက်လာသောအခါ ကောင်းမင်၏မျက်နှာက အနည်းငယ်စူပုပ်နေသည်။


"ကျောင်းသူထုံ...အတန်း ၁ က အတန်းခေါင်းဆောင်ကို နင် လူကြားထဲမှာ အရှက်ခွဲဖို့တော့ မကောင်းပါဘူး..."


ထုံရွှယ်လူက ဘာမှမသိသလို အပြစ်ကင်းစင်သော မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။


"ဟင် နင်ဘာပြောတာလဲ...ငါ ဘာများပြောလိုက်မိလို့ နင်က အဲဒီလို ထင်သွားရတာလဲ..."


ကောင်းမင်က ဘာမှပြန်မပြောရသေးခင် ရှစ်ကျန်းရွဲ့က မျက်မှောင်ကြုတ်ကာ ကောင်းမင်အားကြည့်၍ ပြောလိုက်သည်။


"ကျောင်းသူကောင်း...နင့်အတွေးတွေက တော်တော်လွဲနေတာပဲ...အဲဒီ အတန်းခေါင်းဆောင်ကိုယ်တိုင်ကိုက အတန်းသားတွေကို ဂရုစိုက်ရမယ့် သူ့တာဝန်သူ ကျေပွန်အောင်မလုပ်နေတာလေ...အဲဒါ သူ့ရဲ့ အပြစ်ပဲကို..."


"ကိုယ်တိုင်က အပြစ်လုပ်ထားရင် ကိုယ်တိုင် တာဝန်ယူရမယ်...သူတို့က ဘာမှမသိဘူးပြောရုံနဲ့ အပြစ်ကလွတ်သွားတာမှမဟုတ်တာ...ပြီးတော့ ကျောင်းသူထုံက အဲဒီအတန်းခေါင်းဆောင်ကို တစ်ခါမှ အပြစ်တင်စကား၊ အရှက်ခွဲစကား မပြောခဲ့ဘူးနော်...ကျောင်းသူကောင်းက ဘာဖြစ်လို့ အရှက်ခွဲတယ်ဆိုပြီး စွပ်စွဲနေရတာလဲ..."


ကောင်းမင်: "ငါ..."


သို့သော် ကောင်းမင် ဘာမှမပြောနိုင်ခင်မှာပင် ထုံရွှယ်လူက မျက်နှာကို လက်ဖြင့်အုပ်၍ ငိုချလိုက်သည်။


"ငါက မိသားစုက အခက်အခဲဖြစ်နေတဲ့ ကျောင်းသားဟွမ်ကို ကူ‌ညီပေးချင်ရုံပါ...ငါဒီလိုလုပ်လိုက်လို့ ကျောင်းသူကောင်းရဲ့မျက်စိထဲမှာ ငါက လူဆိုးမကြီးဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...ငါ ဝမ်းနည်းလိုက်တာ..."


ထုံရွှယ်လူ ငိုနေသည်ကိုမြင်သောအခါ ရှစ်ကျန်းရွဲ့လည်း စိတ်မကောင်းဖြစ်သွားသည်။


"ကျောင်းသူထုံ မငိုပါနဲ့...ဒါက နင့်အပြစ်မှမဟုတ်တာ...မဟုတ်တာတွေ လျှောက်တွေးနေတာ ကျောင်းသူကောင်းလေ...ဒီကိစ္စကို ငါ ဌာနမှူးနဲ့ တိုင်ပြောမှဖြစ်တော့မယ်..."


ကောင်းမင်: "..."


ထုံရွှယ်လူက မျက်ရည်သုတ်ကာ ပြောလိုက်သည်။

"ထားလိုက်ပါတော့...အတန်း ၁ ရဲ့ အတန်းခေါင်းဆောင်နဲ့ ကျောင်းသူကောင်းတို့က အစတည်းက သိကြတော့ သူတို့အချင်းချင်းကာကွယ်ပေးကြမယ်ဆိုတာတော့ ငါသိပါတယ်...ဒါပေမယ့် ငါ့ကို ဒီလိုကြီးပြောလိမ့်မယ်လို့တော့ မထင်ထားခဲ့မိလို့ပါ..."


ထိုစကားကိုကြားသောအခါ ရှစ်ကျန်းရွဲ့က မျက်မှောင်ကို ပို၍ ကြုတ်လိုက်သည်။


"ဪ အဲဒါကြောင့် ကျောင်းသူကောင်းက အတန်း ၁ ရဲ့ခေါင်းဆောင်ကို ကာကွယ်ပြောပေးနေတာကိုး...သူတို့က အချင်းချင်းသိနေတယ်ဆိုရင် ကျောင်းသူကောင်းရဲ့ အတွေးအခေါ်တွေက ပိုပြီးတော့တောင် မှားနေ‌ပြီ...ဒီလိုမျိုး လူမှုရေးနဲ့ အလုပ်တာဝန်တွေကို ရောထွေးနေတာ မဖြစ်သင့်ဘူး...ကျောင်းသူကောင်းက လက်ထောက်အတန်းခေါင်းဆောင်မဖြစ်သင့်တော့ဘူးလို့ ငါထင်မိတယ်...ဒီကိစ္စကို ငါ ဌာနမှူးကို အခုချက်ချင်းသွားပြောမှရတော့မယ်..."


ကောင်းမင်: "..."


ထိုသို့ပြောပြီးသောအခါ ရှစ်ကျန်းရွဲ့သည် အနောက်သို့လှည့်၍ အင်္ဂလိပ်စာမေဂျာ၏ဌာနမှူးရုံးခန်းဆီသို့ ဦးတည်ကာလျှောက်သွားတော့သည်။


"ကျောင်းသူရှစ်...ခဏနေပါဦး..."


ကောင်းမင်သည် ဒေါသလည်းထွက် ကြောက်လည်းကြောက်ကာ ရှစ်ကျန်းရွဲ့နောက်သို့ အပြေးလိုက်သွားလေသည်။


သူတို့နှစ်ယောက်ထွက်သွားသွားပြီးချင်းမှာပင် ထုံရွှယ်လူသည် မျက်ရည်ကိုသုတ်၍ စာကြည့်တိုက်သို့သွားကာ စာမူတစ်ခုကိုရေးနေလိုက်သည်။ စာကြည့်တိုက်မှထွက်လာပြီးသောအခါ ထုံရွှယ်လူသည် စာမူကို ကျောင်းသတင်းစာဌာနသို့ သွားပို့လိုက်သည်။


ကောင်းမင်သည် ရှစ်ကျန်းရွဲ့အား လိုက်မှီသွားသော်လည်း ဌာနမှူးကို သွားတိုင်သည်ကိုတော့ တား၍မရလိုက်ချေ။


ရှစ်ကျန်းရွဲ့သည် ဌာနမှူးအား ထုံရွှယ်လူ၏ ဒုက္ခရောက်နေသော ကျောင်းသားကို ကူညီရန် အလျင်အမြန် အလှူငွေစုဆောင်းခြင်း နှင့် ကောင်းမင်က ထုံရွှယ်လူအား အပြစ်တင်ကာ ငိုအောင်လုပ်သည်များကို ပြောပြလိုက်သည်။