အပိုင်း၉၆
Viewers 11k

🤚Chapter 96




ကျိအန်နဉ် တစ်ခုခုကို သတိရသွားသည်။ ယွီရှားက သူမကို ပိုက်ဆံတောင်းဖူးသော်လည်း သူမ ငြင်းခဲ့သည်။ 


ငွေရှာရသည်က ခက်ခဲလှ၍ ကျိအန်းနဉ်က တစ်ပြားတစ်ချပ်ကအစ အလွန်ဂရုစိုက်သည်။ ယွီရှားက ပိုက်ဆံချေးခိုင်းသည့်အခါ မည်သည့်ကိစ္စအတွက်ဆိုသည်ကို သူမအတိအကျသိရန်လိုသည်။ သို့သော် ယွီရှားက အိတ်တစ်လုံးဝယ်ရန် ပိုက်ဆံလိုအပ်၍ အခြားသူတစ်ဦးထံမှ ချေးယူခဲ့ပြီး ယခုပြန်ဆပ်ရန် လိုအပ်ကြောင်းပြောသောအခါ ကျိအန်းနဉ်က ၎င်းကို ငွေတွင်းနက်တစ်ခုအဖြစ် ချက်ချင်းသိခဲ့သည်။


ယွီရှားက တခြားသူကို ပြန်ဆပ်ဖို့ ပိုက်ဆံချေးခဲ့ရင် ကျိအန်းနဉ်ကိုပြန်ဆပ်ဖို့ ပိုက်ဆံကို ဘယ်မှာရှာဦးမှာလဲ...


ကျိအန်းနဉ်က အမြဲတစေ အမှီအခိုကင်းပြီး မိမိကိုယ်မိမိ အားကိုးတတ်သူဖြစ်ကာ သူမနှင့် ယွီရှားတို့က အချင်းချင်း ငွေချေးရန်အထိ ရင်းနှီးမှုမျိုးမရှိခဲ့ကြပေ။ ထို့အပြင် ကျိအန်းနဉ်က အလုပ်ကြိုးစားလုပ်ကိုင်ခဲ့သော ငွေများကိုနေထိုင်စရိတ်နှင့် သူ့အဖွား၏ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များ၊ ဆေးဝါးများကို ကာမိရန်အတွက် အသုံးပြုခဲ့သည်။အိတ်တစ်လုံးဝယ်ရန် ပိုက်ဆံချေးသော ယွီရှားစိတ်ကူးကို သူမ လက်မခံနိုင်ခဲ့ချေ။


ထိုအချိန်တွင် သူမ ယွီရှားကို ငြင်းပယ်ခဲ့သည်။


ကျိအန်းနဉ်က ငြင်းဆိုပြီးသောအခါတွင် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို ဖြတ်တောက်ရန် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ခဲ့သည်။ သို့သော် ယွီရှားက လူအချင်းချင်းဆက်ဆံရေးကို ထိန်းသိမ်းရာတွင် ကျွမ်းကျင်ပြီး အလွန်လိုက်လျောညီထွေရှိသော သဘောထားရှိသည်။ သူမ အမှန်တကယ် စိတ်ပျက်နေပြီး ထိုညနေခင်းတွင် စကားများများစားစား မပြောဖြစ်ခဲ့ကြပေ။ သို့သော် နောက်နေ့တွင် သူတို့ပြန်တွေ့သောအခါ ယွီရှားက ဘာမှမဖြစ်သကဲ့သို့ ပြုံးပြခဲ့သည်။


ယခုအခါတွင် အခြားသူထံမှ ငွေချေးခြင်းနှင့်ပတ်သက်၍ ယွီရှား၏ပြောဆိုမှုက ချေးငွေထုတ်ခြင်းနှင့်ပတ်သက်သည်မှာ ဖြစ်နိုင်ခြေရှိပုံရသည်။


၎င်းကိုတွေးရင်း ကျိအန်းနဥ်၏စိတ်ထဲတွင် တစ်စုံတစ်ခု ဖြတ်သွားသော်လည်း မြန်မြန်ဆန်ဆန် ပျောက်သွားသည်။


ဤအတွေးက ယုတ္တိမရှိဟုထင်ကာ သူမ ခေါင်းယမ်းလိုက်သည်။


ဤအချိန်တွင် မည်သူကမှ သူတို့၏အလိုဆန္ဒများဖြည့်ဆည်းရန် ကျောင်းချေးငွေထံတွင် ချေးငှားနေသည်က အသူတရာကဲ့သို့ချောက်နက်ထဲရောက်မည်ဟု ခန့်မှန်းမိမည်မဟုတ်ပေ။


ကျိအန်းနဉ်ကဲ့သို့လူမျိုးက စည်းကမ်းကြီး၍ ရုပ်ဝတ္ထုပစ္စည်းများအပေါ် ချုပ်တည်းထားကာ များပြားသည့် ဆန္ဒများကို ကန့်သတ်ထားသည်။


...


ဝမ်ယွီက သူ နေမကောင်းသည်ကို သတိပြုမိသည်။


သူက ကျောင်းချန်နှင့်ပတ်သက်သည့် အိပ်မက်ထဲတွင် ပိတ်လှောင်မိနေသည်။


သူ တစ်လျှောက်လုံး အိပ်မက်များမက်နေသော်လည်း ဤကဲ့သို့ အိပ်မက်ထဲတွင် ပိတ်မိနေသည်က ပထမဆုံးအကြိမ်ဖြစ်သည်။ သူက တူညီသည့်အိပ်မက်ကို ထပ်ခါတလဲလဲ မက်နေပြီး အချိန်တိုင်းတွင် ကျောင်းချန်၏မျက်နှာကို ရိုက်ပစ်ခဲ့ပြီးနောက် အိပ်မက်က ဆက်မမက်တော့ပေ။


အစည်းအဝေးပြီးချိန်တွင် ဝမ်ကောအန်းက သူ့ကို တစ်ခုခုဖြစ်နေလားဟု မေးလာသည်။ သူကမျက်မှန်ကို ချွတ်ရင်းမေးလိုက်သည်။ 


"ဘယ်လိုနေသေးလဲ... မင်း ကောင်းကောင်းမအိပ်ပျော်ဘူးလား..."


သူ့ရင်ထဲတွင် ဝမ်ယွီက အပိုကိစ္စများ၌ မွေ့လျော်လွန်းနေသည်ဟုသံသယဖြစ်နေသည်။


ဝမ်ယွီက သူ့မျက်လုံးကို ပွတ်သပ်လိုက်ရင်း ပြောသည်။


 "ကျွန်တော် နောက်ပိုင်းမှာ အိပ်နိုင်တဲ့စွမ်းရည် မကောင်းတော့ဘူး... "


ဤနှစ်လအတွင်း ဝမ်ယွီက ကိစ္စ‌အတော်များများကို ကြုံခဲ့ရပြီး ပတ်ဝန်းကျင် အခြေအနေကြောင့် အချိန်တိုတိုအတွင်းတွင် သူက ခပ်မြန်မြန် ရင့်ကျက်လာလေသည်။ ဝမ်ကောအန်း၏ရင်ထဲ အနည်းငယ်ထိရှသွားသည်။


ဝမ်ယွီက မကြာမီ သူ့ပုခုံးပေါ်တွင် မိသားစုတာဝန်ကို ထမ်းဆောင်နိုင်ရန် သူ မျှော်လင့်ထားသော်လည်း ဝမ်ကောအန်းက ဤကိစ္စကို အလျင်လိုစရာမဟုတ်ဟု ခံစားမိသည်။ သူက ချင့်ချိန်စဥ်းစားနေရင်းပြောလာသည်။


" တစ်ရက်နှစ်ရက်လောက်နေရင် မင်း ကျောင်းပြန်တက်ဖို့လုပ်တော့..."


ဝမ်ယွီက နေ့တိုင်း ပြည့်စုံသောဘဝကို ဦးဆောင်နေသော်လည်း ပင်ပန်းနွမ်းနယ်မှု အခိုက်အတန့်များ ရှိကာ ကျောင်းဝင်းကိုလည်း လွမ်းဆွတ်နေခဲ့သည်။ အမှန်တွင် သူက အသက်နှစ်ဆယ်သာရှိသေးပြီး သူ၏နှစ်ဆယ့်တစ်နှစ်ပြည့်မွေးနေ့ကိုပင် မကျင်းပရသေးပေ။ သူက မည်မျှပင် ရင့်ကျက်နေရုံမက ရုံးခန်းထဲတွင် လေးလေးနက်နက်ထိုင်နေပုံပေါ်သော်လည်း နုပျိုမှုကို ပိုင်ဆိုင်ထားဆဲပင် ဖြစ်သည်။


ဝမ်ကောအန်းက သူ့ကို ကျောင်းပြန်တက်ရန် အမိန့်ပေးသည့်အခါ ဝမ်ယွီက အဆင်သင့်လက်ခံခဲ့သည် ။


နှစ်ရက်အကြာတွင် သူက ကျိအန်းနဥ်ကို အံ့အားသင့်စေခဲ့သည်။


နံနက်ခင်းတွင် သူ ဟန်ဆောင်ပြီး ကျိအန်းန‌ဥ်အား နှုတ်ဆက်ကာ ဓာတ်လှေကားကို မြေအောက်ကားပါကင်သို့ ဆင်းစေသည်။ ကျိအန်းနဉ်က ပုံမှန်ကဲ့သို့ပင် လက်ထောက်ကောအား ကားလမ်းဘေးတွင် စောင့်နေသည်။ သို့သော် ကားရောက်လာသောအခါတွင် လက်ထောက်ကော မဟုတ်ဘဲ ဟမ်မာကားအနက်ရောင်နှင့် ဝမ်ယွီဖြစ်နေသည်။


ဝမ်ယွီက ကျီစယ်လိုသော အပြုံးကို ဆင်မြန်းကာ ကားပြတင်းပေါက်ကို နှိမ့်လိုက်ပြီး လှောင်ပြောင်သော လေသံဖြင့် ပြောသည်။


“မစ္စကျိီ... လက်ထောက်ကောက ဒီနေ့ လုပ်စရာတွေ ရှိသေးတယ်... မင်းကို ၂၄/၇ အထူးသီးသန့် ယာဉ်မောင်း ဝန်ဆောင်မှုပေးဖို့ ရှောင်ဝမ်က ပုဂ္ဂိုလ်ရေးအရ တာဝန်ပေးထားပါတယ်..."


ကျိအန်းနဉ်က သူ့ကို ရွှတ်နောက်နောက် လှည့်ကြည့်ရင်း ကားထဲသို့ဝင်ကာ မေးသည်။


 "ရှင် ဒီနေ့ ဘာလို့ ကုမ္ပဏီကို မသွားတာလဲ..."


ထိုအခါမှသာ ဝမ်ယွီကပြောသည်။


"ကိုယ့်အဖေက အရာအားလုံးကို ဂရုစိုက်နိုင်လာလို့ ကိုယ့်ကိုကျောင်းပြန်တက်ခွင့်ပေးခဲ့တာ..."


ဤကိစ္စကြောင့် သူက စိတ်ကောင်းဝင်နေရင်းပြောလိုက်သည်။


“အခုချိန်ကစပြီး မနက်အတူကျောင်းတက်ပြီး ညနေအိမ်အတူတူပြန်လို့ရပြီ...”


၎င်းက သူ အမြဲတမ်းလိုချင်ခဲ့သည့် အနေအထားမျိုးဖြစ်၍ ထိုကိစ္စကို ပြောသည့်အခါ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။ ရုံးကိစ္စများနှင့်ယှဉ်ပါက ကျောင်းတက်ရသည့် ဘဝမှာ ဝမ်ယွီအတွက် ပိုသာယာသည်။ သူ့အတန်းဖော်များ၏ မျက်နှာများက အပြစ်ကင်းစင်မှုတို့ရှိနေကာ အာဏာရရန်ရုန်းကန်မှုများနှင့် သေရေးရှင်ရေး အခြေအနေများလည်း မရှိခဲ့ပေ။


သို့သော် ကျောင်းပတ်ဝန်းကျင်က ပို၍ သာယာနေသော်လည်း ဝမ်ယွီ၏ အိပ်စက်မှုမှာ မတိုးတက်ခဲ့ပေ။ အိမ်မက်တစ်ခုတည်းကိုသာ ထပ်တလဲလဲဆက်မက်နေ၍ သူ ခေါင်းကိုက်လာသည်။


ကျောင်းတွင် ကျောင်းချန်ကို ခဏတွေ့လိုက်စဉ်၌ ဝမ်ယွီ၏ အမူအရာက မည်းမှောင်နေ၍  ကျောင်းချန်က အနားမကပ်မီ ကြောက်လန့်သွားသည်။


မေလတွင် ဝမ်ယွီက သည်းမခံနိုင်တော့ဘဲ အမှန်တကယ် နေမကောင်းဖြစ်နိုင်သည်ဟု ခံစားခဲ့ရသည်။


သူ ဖျားနေပုံရသောကြောင့် ဆရာဝန်ပြရန် ဆုံးဖြတ်ခဲ့သည်။ သူက  မည်သူ့ကိုမှ မပြောဘဲ စီရင်စုမြို့တော်တွင် နာမည်အကျော်ကြားဆုံး စိတ်ရောဂါကုပညာရှင်နှင့် တိတ်တဆိတ် ချိန်းဆိုထားခဲ့သည်။


ချိန်းဆိုထားသည့်နေ့၌ သူတို့၏တွေ့ဆုံမှုတွင် စိတ်ရောဂါကုပညာရှင်က ဝမ်ယွီအား သူ၏အခက်အခဲများကို မေးမြန်းခဲ့သည်။ ဝမ်ယွီက ရှင်းပြသည်။


"ကျွန်တော် အိမ်မက်တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲဆက်မက်နေတော့ အိပ်ရေးပျက်လာတယ်..."


စိတ်ရောဂါကုပညာရှင်က အိပ်မက်၏ မြင်ကွင်းများနှင့် ဇာတ်ကောင်များအကြောင်း အသေးစိတ်အချက်အလက်များအပြင် ကျောင်းချန်နှင့်သူ၏ လတ်တလော အပြန်အလှန်ဆက်ဆံရေးနှင့် ဆက်ဆံရေးအပေါ် ခြုံငုံသုံးသပ်ချက်တို့ကို မေးမြန်းခဲ့သည်။ သေချာစဉ်းစားပြီးနောက် စိတ်ရောဂါကုပညာရှင်က ဤသည်မှာ  သူ့မသိစိတ်ထဲတွင် ပုံဖော်ထားသည့် ကျောင်းချန်နှင့် ဝမ်ယွီ၏ လက်တွေ့ဘဝဆိုင်ရာ အပြန်အလှန်တုံ့ပြန်မှုများ၏ ရောင်ပြန်ဟပ်မှုတစ်ခုဖြစ်ပြီး ထပ်တလဲလဲဖြစ်ပေါ်နေသည့် အခြေခံကိစ္စအဖြစ် ကောက်ချက်ချခဲ့သည်။


ဤသို့ ထပ်ခါထပ်ခါ အိပ်မက်ကို မက်နေရခြင်းနှင့် ပတ်သက်ပြီး စိတ်ပညာရှင်က ပြောသည်။


“မင်းနဲ့ သူ့ကြားမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ၊ မင်းရဲ့ အသိစိတ်က အသိအမှတ်မပြုနိုင်တဲ့ ကိစ္စတွေ ဖြစ်နိုင်တယ် ... ဒါပေမယ့် မင်းရဲ့ မသိစိတ်က မင်းကို အဲ့ဒီအကြောင်း အမြဲသတိပေးနေတယ်..."


သို့သော်လည်း ဝမ်ယွီက ကျောင်းချန်မှာ ရွံရှာဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်လင့်ကစား ကျိအန်းနဥ်အတွက် အမှန်တကယ် ထူးထူးခြားခြား ဘာမှ မလုပ်ခဲ့ဟု ခံစားခဲ့ရသည်။ သူ့ကို တစ်ကြိမ် ထိုးနှက်ခြင်းဖြင့် သူ့ဒေါသကိုဖွင့်ထုတ်ရန် လုံလောက်ပေသည်။


ကျောင်းချန်ရဲ့ အတိတ်ကအမှားတွေအတွက်ကတော့ ...


ဝမ်ယွီက ရဲအရာရှိမဟုတ်သည့် အတွက်ကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး လုပ်နိုင်သည့်အရာ မရှိပေ။


သူ့ မသိစိတ်က သူ့ကိုသတိပေးရန် ကြိုးစားနေသည်နှင့် ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေသည်။


ပထမအကြိမ်ကုထုံးက အတော်အတန်အောင်မြင်ခဲ့သော်လည်း သူနှင့်ဆရာဝန်အကြား ယုံကြည်မှုတည်ဆောက်ရန် အဓိကရည်ရွယ်သည့် ပဏာမအဆင့်တစ်ခုမျှသာဖြစ်သည်။


ဝမ်ယွီနှင့် ဆရာဝန်တို့က တစ်ပတ်လျှင် တစ်ကြိမ် တွေ့ဆုံရန် ပုံမှန်ချိန်းဆိုခဲ့ကြသည်။


ဝမ်ကောအန်းအား အပ်ထားသော စီးပွားရေးကိစ္စများကြောင့် ဝမ်ယွီက သိသိသာသာ ပေါ့ပါးသွားခဲ့သည်။ ချန်းလျန်သေဆုံးမှုကြောင့် ရွှေ့ဆိုင်းလိုက်သောကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်မှလည်း လွတ်မြောက်ခဲ့သည်။


ကျိအန်းနဥ် ရှုချန်းထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။


ရှုချန်းက  မေးလာသည်။


"မင်းနဲ့ ဝမ်ယွီမှာ အချိန်နည်းနည်းရှိလားလို့ တွေးနေတာ ... နှစ်ယောက်သားကို ထမင်းစားဖို့ ဖိတ်ချင်လို့..."


သူတို့နောက်ဆုံးစကားပြောပြီးကတည်းက အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ သူ့အသံက စိတ်လှုပ်ရှားနေသည့်လေသံဖြစ်ဟန်ပေါ်သည်။ ကျိအန်းနဉ် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး လူငယ်များကို အဓိက ပစ်မှတ်ထားသည့် ကြီးမားသော စီးပွားရေးဆိုင်ရာ အဆောက်အအုံအသစ်ကို မကြာသေးမီက မြို့တော်တွင် တည်ထောင်ခဲ့ကြောင်း သိရှိရန် ထပ်မံမေးမြန်းခဲ့ရသည်။ သူမ နားလည်သလောက်ဆိုလျှင် ၎င်းက ဝမ်ယွီ၏မိသားစုလက်အောက်ရှိ ကုမ္ပဏီတစ်ခုမှ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။


ဝမ်ယွီက ရှုချန်းကို စတုရန်းမီတာသုံးရာကျယ်သော စတိုးဆိုင်မျက်နှာစာအား ယွမ်၃၅၀၀ဟူသည့် သက်သာသောစျေးနှုန်းဖြင့်ရအောင် ကူညီပေးခဲ့သည်။ ထိုမျှသာမက သူတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ကြောင့် ရှုချန်းကို ပထမသုံးနှစ်အတွင်း ကော်မရှင်မှ ကင်းလွတ်ခွင့်ရခဲ့သည်။ သုံးနှစ်ကြာပြီးနောက် ရှုချန်းဘက်က စာချုပ်ကို သက်တမ်းတိုးရန် ရွေးချယ်ခဲ့လျှင် ကော်မရှင် ၅% ပေးဆောင်ရမည်ဖြစ်သည်။


ရှုချန်းအတွက် ဤအရာက ကောင်းကင်ဘုံသို့ ပို့ဆောင်ပေးသည့် အခွင့်အရေးတစ်ခုကဲ့သို့ဖြစ်၍ သူ ဝမ်ယွီအား ကျေးဇူးတင်ကြောင်း မှန်ကန်စွာ ဖော်ပြရမည်ဖြစ်သည်။


ကျိအန်းနဉ်အတွက်ကြောင့် မဟုတ်ပါက ရှုချန်းကိုကူညီရန် ကို ဝမ်ယွီတွေးမည် မဟုတ်ပေ။ ထို့ကြောင့် ကျိအန်းနဉ်ကိုလည်း ကျေးဇူးတင်သင့်သည်။


ကျိအန်းနဉ်က ဝမ်ယွီကိုမေးလိုက်သည့်အခါ  ရှုချန်း ဖုန်းခေါ်သည်ကိုကြား၍ ဝမ်ယွီဝမ်းသာသွားသည်။


"သူ အရမ်းပျော်နေမှာပေါ့... ဆိုင်မျက်နှာစာအတွက် အနိမ့်ဆုံးငှားရမ်းခက အပြင်မှာ ယွမ် ၇၀၀၀ တောင်လေ၊ အချို့နေရာမှာဆို ယွမ်၉၀၀၀ တောင်၊ ဒါပေမဲ့ သူ့ကိုတော့ ယွမ် ၃၅၀၀နဲ့ပေးလိုက်တာ ဒါတွေအားလုံးက မင်းကို ကျေးဇူးတင်ရမှာပဲ ..."


သူက ချစ်စရာကောင်းအောင်ကြိုးစားပြီး သူမထံမှအသိအမှတ်ပြုမှုအချို့ကို ရယူခဲ့သည် ။


ကျိအန်းနဉ်က ပြုံးပြီး ပြောသည်။


"ဟုတ်ပါပြီ၊  ကျေးဇူးတင်ပါတယ် ရပြီလား..."


ဝမ်ယွီကရွှတ်နောက်နောက်ဖြင့် သူမမေးစေ့ကို ကိုင်လိုက်ပြီးပြောသည်။


 "ကျေးဇူးတင်တယ်ဆိုတာ စကားနဲ့ ပြောရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူးနော် ကိုယ် သဘောကျတဲ့ မန်ဒရင်းဘဲရေချိုးကန်နဲ့ ကိုယ့်ကိုဆုချသင့်တယ်...”


ထိုညနေခင်းတွင် သူတို့က ထိန်းချုပ်ခြင်းမရှိဘဲ ပျော်ပါးနေခဲ့ကြသည်။ အိပ်ယာဝင်သောအခါ ဝမ်ယွီက ကျိအန်းနဥ်၏ နူးညံ့ပျော့ပျောင်းသော ခန္ဓာကိုယ်ကို ပွေ့ဖက်ထားကာ ထူးထူးခြားခြား အိပ်မက်များမရှိဘဲ ကောင်းစွာ အိပ်ပျော်သွားခဲ့သည်။


ဆရာဝန်နှင့်တွေ့ရန် အဆင်သင့်ဖြစ်နေချိန်တွင် သူက ကျိအန်းနဉ်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီးနောက်တွင် သူအမြဲလိုလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပုံရကြောင်း ရုတ်တရက် သိလိုက်ရသည်။


၎င်းက အနည်းငယ်ထူးဆန်းနေပုံပေါ်၍ ဆရာဝန်နှင့်တွေ့ချိန်တွင် ထိုကိစ္စကို မပြောပြခဲ့ပေ။ ဒုတိယဆရာဝန်၏ချိန်းဆိုမှုအတွင်း ဝမ်ယွီက မစစ်ဆေးရသေးသောသံသယကို မဖော်ပြရန် ဆုံးဖြတ်ခဲ့သည်။


ဆရာဝန်က ဝမ်ယွီနှင့် လေးလေးနက်နက် စကားစမြည်ပြောခဲ့ပြီး‌နောက် သူ့ကိုသာမန်လူနဲ့ နှိုင်းယှဥ်လိုက်ပါက သူ့တန်ဖိုးထားမှုများက သမားရိုးကျ လုံးဝမဟုတ်သော်လည်း ထူးထူးခြားခြား စိတ်ပိုင်းဆိုင်ရာ ပြဿနာမရှိကြောင်းကို တွေ့ရှိခဲ့သည်။ သူက ထူးထူးခြားခြားဖြင့် ကလေးဘဝတွင် စိတ်ဒဏ်ရာမရှိခဲ့သူတစ်ယောက် ဖြစ်သည်။


ရိုးရိုးရှင်းရှင်းပြောရလျှင် သူက မိမိကိုယ်ကို သန်မာအောင်နေပြီး ခိုင်မာသောအတွင်းစိတ်ရှိသူဖြစ်သည်။


ချိန်းဆိုမှု ပြီးဆုံးခါနီးတွင် ဆရာဝန်က သူ့ကို အကြံဉာဏ်အချို့ပေးကာ နောက်တစ်ကြိမ်တွင် hypnotherapy ဖြင့် စမ်းသင့်သည်ဟု အကြံပြုခဲ့သည်။


" အရင်ဆုံး ငါတို့က မင်းကို  တဖြည်းဖြည်းချင်း အိပ်ပျော်သွားတဲ့ အခြေအနေရောက်အောင် hypnotherapyနည်းလမ်းကိုသုံးမယ်... ပြီးရင် မင်းရဲ့အသိစိတ်ကို အိမ်မက်ထဲ ဝင်သွားအောင်လုပ်ပြီး အိပ်မက်ရဲ့ မြင်ကွင်းတွေကနေ အကြံပြုထားတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်အောင်လုပ်မယ်..."


ဝမ်ယွီက ဤအချက်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ကို တွေ့ရှိခဲ့ပြီး အလွယ်တကူ သဘောတူခဲ့သည်။


ငယ်စဉ်က စိတ်ဒဏ်ရာနှင့် အတွင်းနာကျင်မှုကြောင့် တုံ့ဆိုင်းနေပြီး ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သော လူနာများနှင့် နှိုင်းယှဉ်ပါက ဤလူငယ်က ခိုင်မာသည့်စိတ်ဓါတ်ကိုပိုင်ဆိုင်ကြောင်း ထင်ရှားသည်။


ဆရာဝန်သည် ဤကိစ္စအား အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ဟု တွေ့ရှိခဲ့ပြီး ပိုမိုနက်ရှိုင်းသောခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန် လာမည့်တွေ့ဆုံမှုတွင် သူ၏အိပ်မက်များမှ အချက်အလက်ပိုမိုရရှိရန် မျှော်လင့်စောင့်စားနေခဲ့သည်။


....


ကျိအန်းနဉ်က ဝမ်ယွီ၊ ရှုချန်းတို့နှင့်အတူ ထမင်းတစ်နပ်စားခဲ့သည်။


ရှုချန်းကို မတွေ့ရသည်မှာ နှစ်ဝက်ခန့်ရှိသော်လည်း ပြန်လည်တွေ့ဆုံချိန်၌ ရှုချန်းက လုံးဝမပြောင်းလဲသွားဟု ခံစားလိုက်ရသည်။ သို့သော် ကျိအန်းနဉ်က 'အများကြီးပြောင်းလဲသွားပြီ' ဟု ရှုချန်းက ပြောခဲ့သည်။


ယခင်ကမူ ကျိအန်းနဉ်က  လှပခဲ့သော်လည်း အခုချိန်တွင်မူ သူမက ထူးထူးခြားခြား ပြေပြစ်လှပနေခဲ့သည်။


အနည်းဆုံး သူမ၏အသွင်အပြင်အရ ကျိအန်းနဉ်က ယခု ကောင်းမွန်စွာနေထိုင်နေပြီဖြစ်ကြောင်း ပြောနိုင်သည်။ သူမက ပင်ပန်းနွမ်းနယ်မှုများသာမက ငွေကြေးအခက်အခဲကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့သည်။


သူတို့အတူတကွ စားသောက်ခဲ့ကြသည်က အလွန်ပျော်စရာကောင်းပြီး သူတို့၏ ခွဲခွာမှုကလည်း ကြည်နူးစရာပင်။  အနာဂတ်တွင် မကြာခဏ ဆုံတွေ့ရန် မမျှော်လင့်ထားသော်လည်း အင်တာနက်ခေတ်ကြီးတွင် သူတို့၏ ခင်မင်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲသာဖြစ်သည်။


ကျိအန်းနဉ်က ရှုချန်း၏ အလုပ်မှနှုတ်ထွက်လိုက်ရစဥ်က ခံစားခဲ့ရသော ဝမ်းနည်းမှုမျိုး မရှိတော့ပေ။ သူမ၏ အတွေးအမြင်က လုံးဝပြောင်းလဲသွားခဲ့သည်။


သူမက လက်ရှိဘ၀တွင် ပြောင်းလဲမှုများအားလုံးကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အပြည့်အဝလက်ခံခဲ့သည်။


အိမ်အပြန်လမ်းတွင် ကျိအန်းနဉ်က ဝမ်ယွီအား သိချင်စွာမေးလိုက်သည်။ 


"ကျွန်မ တကယ်ကို အများကြီးပြောင်းလဲသွားပြီလား..."


နေ့တိုင်း မှန်ထဲမှာ သူမကိုယ်သူမ ကြည့်သည့်အခါ ထူးထူးခြားခြား မခံစားရချေ။


ဝမ်ယွီက သက်ပြင်းချပြီးပြောသည်။


" ကိုယ်မင်းကို ဘဝရဲ့ အနှစ်သာရနဲ့ နေ့တိုင်း စေ့စေ့စပ်စပ် ကျွေးမွေးတယ်လေကွာ... ဒါတောင် ထူးထူးခြားခြား ပြောင်းလဲမှုမရှိနိုင်ဘူးလား..."


သူသာ  ကားမမောင်းနေပါက ကျိအန်းနဥ် သူ့ကို ရိုက်ပစ်ချင်နေသည်။


......


ဝမ်ယွီက သူ၏ တတိယမြောက် ကုထုံးကို ခံယူခဲ့သည်။


သူက လုပ်ငန်းအရ ဒီဇိုင်းပြုလုပ်ထားသည့် စိတ်ပညာရှင်၏အိပ်ရာပေါ်တွင် အိပ်ကာ အိပ်မွေ့ချကုသခြင်းကို ခံယူခဲ့သည်။


သို့သော် ဤတစ်ကြိမ်တွင် သူ အိပ်မက်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။


ဆရာဝန်က ခေါင်းလောင်းသံနှင့် နှိုးလိုက်သည့်အခါ သူ မထချင်တော့ပေ။


"ဒါက ဘာလဲ ထိုင်ခုံရှည်လား... ဒါမှမဟုတ် ကုတင်လား..."


 သူက ကုတင်ကို ပွတ်သပ်ပြီးပြောသည်။


 “ဒါ တော်တော်ကောင်းတာပဲ ကျွန်တော့်  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်  အိမ်မှာ ဝယ်ထားသင့်တယ်ထင်တယ်..."


ဆရာဝန်က နှုတ်ခမ်းမဲ့သွားပြီးပြောသည်။

 “ဒါက စိတ်ပညာရှင်Freudianရဲ့သီအိုရီနဲ့လုပ်ထားတဲ့ ဆိုဖာ...” 


“နောက်တစ်ခါ ဒီထက်ပိုပြီး စိတ်လျှော့လိုက်ထားပါကွ...” ဆရာဝန်က လက်မလျှော့သေးပေ။ 


ယုံကြည်မှုကို တဖြည်းဖြည်းနှင့် တည်ဆောက်လာသော်လည်း ဆရာဝန်အပေါ် ဝမ်ယွီ၏မသိစိတ်က ယုံကြည်မှုက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေသည့် အရာများကို ထုတ်ဖော်ပြသရန် ဆန္ဒရှိသည့်အဆင့်ကို မရောက်သေးပေ။


ဖြည်းဖြည်းချင်းသွားတာပေါ့  နောက်ဆုံးမှာ  ပြီးဆုံးသွားလိမ့်မယ်...


ဆရာဝန်က ဤလူငယ်လေး၏အိပ်မက်များကို အတော်အတန်စိတ်ဝင်စားနေသည်။


“သိပါပြီ..."


ဝမ်ယွီက သက်တောင့်သက်သာအိပ်မောကျခဲ့၍ စိတ်ကောင်းဝင်နေတာကြောင့် အလွယ်တကူ သဘောတူလိုက်သည်။ သူ့ကို မကုသနိုင်ခဲ့လျှင်ပင် အရေးမကြီးတော့ပေ။ သူ ကောင်းကောင်းအိပ်စက်နိုင်ရန် ပိုက်ဆံသုံးရမည်ဟုသာ ယူဆထားလိုက်သည်။




###