အပိုင်း၉၅
Viewers 11k

🤚Chapter 95




ဝမ်ယွီက လမ်းလျှောက်လာပြီး ကျောင်းချန်ကို ဆောင့်ဆွဲရင်းမေးသည်။


"ဒီနေ့ကိစ္စ ဘာလို့ဖြစ်တာလဲ သိလား..."


ကျောင်းချန်က မြေပြင်ပေါ်တွင် လဲနေပြီး သူ့အသံက တုန်ယင်နေလျက် ပြန်ဖြေသည်။


“ကျွန်တော် သိပါတယ်...” 


"ဒါပဲ ငါကြားဖို့လိုတာ..." 


ဝမ်ယွီက သူ့စကားများကို ချန်ထားခဲ့လိုက်သည်။


"နောက်ကျ မင်းသူ့ကိုတွေ့ရင် ခပ်ဝေးဝေးနေ... သူနဲ့ ဆယ်မီတာအကွာကိုရောက်အောင် နေရဲရင် မင်းအမေတောင် မမှတ်မိတော့တဲ့အထိ ငါထိုးပစ်မယ်..."


ကျောင်းချန်က မျက်ရည်များဝဲကာ နားလည်ကြောင်း ပြသသည်။


ဘယ်လို ငကြောက်လဲကွ...


လီဟေးက စိတ်လှုပ်ရှားမှုကို ရှာဖွေနေ၍ သူ့ဆန္ဒမပြည့်သောကြောင့် မကျေမနပ်ဖြစ်သွားသည်။

 

“ပျင်းစရာကြီး... အခုတော့ ငါတို့ကို စိန်ခေါ်ချင်တဲ့သူတစ်ယောက်တောင် ရှာမတွေ့တော့ဘူး... စိတ်ဝင်စားစရာမကောင်းတော့ဘူးကွာ..."


တစ်ချိန်က သူနှင့် ငြင်းခုံခဲ့ဖူးကာ  သူ့အာရုံကို ဆန့်ကျင်ပြီး ပြိုင်ဆိုင်ခဲ့ကြသည့် လူများက ယခုအခါ သူကဲ့သို့ပင် ရင့်ကျက်လာကြသည်။ သူတို့က ဤကိစ္စများတွင် မပါဝင်နိုင်ကြတော့ပေ။


ဖုန်းကျင်းဟိုင်လည်း သက်ပြင်းချလိုက်သည်။


 "ရှောင်ယွီကိုကြည့်လိုက်တော့ ဟိုအတိတ်တုန်းက ငါဘယ်လောက်ဆိုးသွမ်း နေလဲဆိုတာကို နားလည်လာတယ်..."


ဝမ်ယွီက ဘေးသို့စောင်ငဲ့ကြည့်သည်။


 " လူအိုကြီးလို လုပ်မနေစမ်းနဲ့... အိမ်ပြန်ပြီး wolf berriesသာ သွားဖျော်သောက်လိုက်တော့..."


"ဖျော်သောက်ရုံအပြင် ဘာအသုံးကျလို့လဲ... အရက်ပဲ ပြန်သွားသောက်ရအောင်..."


ချန်းဟောင်ရန်က ပြောသည်။


"ဘယ်မှမသွားတော့ဘူး... ငါအိမ်ပြန်ဖို့လိုတယ်..."


ဝမ်ယွီက ချက်ချင်း ငြင်းလိုက်သည်။


ကျိအန်းနဉ်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားချိန်တွင် သူ့ကို စိုးရိမ်နေကြောင်းပြနေသည်။ အခုကိစ္စအားလုံးပြီး၍ အိမ်အမြန်ပြန်မှသာ သူမကိုစိုးရိမ်နေရခြင်း သက်သာစေမည်။


လီဟေးက သည်းမခံနိုင်တော့ပေ။


"အိမ်ပြန်ပြီး ဘာလုပ်စရာရှိလို့လဲ... ငါတို့က မင်းအတွက်လာ‌ခဲ့ပေးတာလေ..."


ဝမ်ယွီက မျက်ခုံးပင့်မိသည်။


 "ငါမင်းတို့ကို လာဖို့တောင်းဆိုခဲ့မိလို့လား... မင်းတို့ဘာသာ ပျော်ချင်လို့လာမှန်း သိသာနေတာကိုများ..."


လီဟေးနှင့်အခြားသူများက အမျက်ချောင်းချောင်းထွက်၍ အင်္ကျီလက်ကိုတင်၍ ဝမ်ယွီဘက်သို့လှည့်ကာ ခြိမ်းခြောက်ဟန်လုပ်နေသည်။


သို့သော်လည်း တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေရာ  ဝမ်ယွီ၏ ပရော်ဖက်ရှင်နယ်ဆန်သော တိုက်ခိုက်ရေးစွမ်းရည်ကို သတိပြု‌မိလေသည်။  သူတို့ကရှိူးပြရုံသာ ရည်ရွယ်ပြီး မည်သူမှ သူ့ကိုစိန်မခေါ်ရဲကြပေ။


သူတို့က သူ့၏နောက်ပြန်ကန်ချက်ကို ကြောက်ကြလေသည်။


နောက်ဆုံးတွင် ဝမ်ယွီက ထွက်သွားရန် စိတ်ပိုင်းဖြတ်ကာ ပြောသည် ။


" ငါ လူတစ်ယောက်ကို ရိုက်ဖို့ထွက်လာတာ အိမ်ပြန်နောက်ကျရင် သူက ထိခိုက်နေမလားဆိုပြီး စိုးရိမ်နေရမယ်..."


ဤချစ်ခင်ကြင်နာမှုက လီဟေးနှင့်အခြားလူများကို အော့အန်ချင်သလို ခံစားရစေသည်။


"မင်း ဆေးလိပ်နဲ့အရက်ကို တကယ်မသောက်တော့ဘူးလား... မင်းရဲ့ရန်ပွဲမှာ ကူညီပေးဖို့ ငါ့ရည်းစားအသစ်ကို ထားခဲ့တာကို မင်းက သွားတော့မယ်ပေါ့..."


ချန်းဟောင်ရန်က ပြောသည်။


ဝမ်ယွီက ခဏရပ်ပြီး မေးသည်။


"ရည်းစားအသစ်လား..."


ချန်းဟောင်ရန်က ပြောသည်။


 "ဟုတ်တယ် သူက အတော်လေးလှပြီး လတ်လတ်ဆတ်ဆတ်လေး... "


ဝမ်ယွီက မေးသည်။


 “ စွန်းယာရှန့်ကိုရော ဘယ်လိုလုပ်မလဲ...” 


သူမအကြောင်း ပြောလာသောအခါ ချန်းဟောင်ရန်က သူ့လက်ကို ဝှေ့ယမ်းပြီးပြောသည်။


"သူက လိုချင်စိတ်များလွန်းတယ်... ဒီလိုမိန်းကလေးမျိုးတွေက ပိုပတ်သက်မိလေ တောင်းဆိုမှာ ပိုများလာလေပဲ... အားလုံးအတွက်ကောင်းအောင် ဒါကို မြန်မြန်ဆန်ဆန် အဆုံးသတ်လိုက်တာက ပိုကောင်းတယ်..."


ဝမ်ယွီက သိချင်စိတ်ဖြင့် မေးလိုက်ရုံသာဖြစ်သည်. သူက ချန်းဟောင်ရန်၏ အချစ်ဘဝကို အမှန်တကယ် စိတ်မဝင်စားပေ။ သူက ခေါင်းညိတ်ပြပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။


သူ့သူငယ်ချင်းတစ်စုက အနည်းငယ် စိတ်ဆိုးနေသေး၍ အတူသောက်ရန် ထွက်သွားကြသည်။


ဝမ်ယွီက လမ်းတွင် သတိရလာသည်။ ဖုန်းကျင်းဟိုင်သည်လည်း မကြာသေးမီက ချစ်သူအသစ် ပြောင်းလဲခဲ့သည်။ လီဟေးကမူ ပြောစရာမလိုချေ။ ကြယ်လေးတွေနှင့် ကစားရသည်ကို နှစ်သက်‌သည့်သူ့တွင် အတည်တကျ ရည်းစားပင် မရှိပေ။


သူတို့ ငယ်ရွယ်စဥ်ကတည်းက မိန်းကလေးများစွာက သူတို့ဘေးတွင် ရှိနေခြင်းဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ သူတို့၏ အရပ်အမောင်းနှင့် ပုံပန်းသဏ္ဍာန်အပေါ် လွှမ်းမိုးမှုနည်းပါးသော်လည်း သူတို့၏ ပိုင်ဆိုင်မှု အလေးချိန် များလေလေ လှပသော မိန်းကလေးများက သူတို့နောက်သို့လိုက်လာလေဖြစ်သည်။


၎င်းက ဝမ်ယွီ၏ အသိုင်းအဝိုင်းထဲမှ စံနှုန်းပင်။


သို့သော် ယခုတစ်ကြိမ်တွင် ဝမ်ယွီက သူ့ဘေးမှလူများသာ ပလေးဘွိုင်းများသာဖြစ်ကြောင်း ခံစားမိလာသည်။


ကျိအန်းနဥ် ထိုအချိန်က ရေရှည်တည်မြဲသောဆက်ဆံရေးကို မစဉ်းစားခဲ့ဘဲ လမ်းခွဲရန် ဦးစွာစဉ်းစားခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။


ကျစ်... ဒါတွေအားလုံက  ဒီပြဿနာကောင်တွေကြောင့်ပဲ...


အိမ်ပြန်ရောက်သည့်အခါ သူမှန်းဆထားသည့်အတိုင်း ကျိအန်းနဉ်က သူ့ကို စောင့်နေသည်။


"အဆင်ပြေရဲ့လား..."


သူပြန်လာသည်နှင့် ကျိအန်းနဥ်က မတ်တပ်ထရပ်ပြီး  မေးသည်။


"ဘာဖြစ်နိုင်ရမှာလဲကွာ...  သူက အရှက်မရှိတဲ့ကောင်လေ ... နည်းနည်းလောက်ရိုက်တာနဲ့ အကူအညီတောင်းဖို့ အော်ဟစ်နေတာများ..."


ဝမ်ယွီက မထီမဲ့မြင်ပြုသည်။


ကျောင်းချန်ကို ဝမ်ယွီမြင်လိုက်ပုံက အမှန်ပင် ထိုအတိုင်းပင်။ ကျိအန်းနဥ်က စဉ်းစားမိသည်။


ဝမ်ယွီက သူမမေးစေ့ကိုညှစ်ပြီး မေးသည်။


 “ဘာဖြစ်လို့လဲ...” 


ကျိအန်းနဉ်က သူ့မျက်လုံးများကို ကြည့်ကာ လေးလေးနက်နက် မေးသည်။


 " ကျောင်းချန်က လုံးဝကြောက်စရာမကောင်းဘူးလား..."


ဝမ်ယွီက သူမ၏ မျက်လုံးများကို စူးစိုက်ကြည့်ကာမေးခွန်းတစ်ခုနှင့် ပြန်ဖြေလိုက်သည်။


“မင်းက ဘယ်လိုထင်လို့လဲ...” 


လီဟေး၊ ဖုန်းကျင်းဟိုင်နှင့် အခြားသူများက ဝမ်ယွီ၏ ထင်ရှားသော ဆယ်ကျော်သက်ပုန်ကန်မှုကို ရယ်မောကြသည်။ သူတို့က ယခု အရွယ်ရောက်နေပြီဖြစ်သော်လည်း ဝမ်ယွီက သဝန်တိုမှုကြောင့် ရန်ဖြစ်နေသည်ပင်။


ကျိအန်းနဉ်က ကျောင်းချန်ကို အမြဲတမ်း နားမလည်နိုင်စွာ ကြောက်လန့်နေသောကြောင့် ဝမ်ယွီက သူ့ဒေါသကို မပြောပြခဲ့ပေ။ ထို့ကြောင့် ကျောင်းချန်က သူမကိုအနှောင့်အယှက်ပေးသောအခါတွင် သူ မရှိခြင်းက သူမကို အတိုင်းအတာတစ်ခုအထိ ကြောက်လန့်မှုကို ဖြစ်စေခဲ့သည်။


ဝမ်ယွီ ဒေါသတကြီး ဖြစ်နေသည်။


ကျိအန်းနဉ်က  ပြောသည်။


"သူက ကြောက်စရာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်..."


သူမက သက်တောင့်သက်သာရှိသော အပြုံးကို ဆင်မြန်းထားသည်။


 " ကျွန်မ ဒီနေ့သူ့ကို ကန် ပေးခဲ့တယ် သူ့ရဲ့ အဲ့ဒီနေရာကိုလေ..."


ဝမ်ယွီက ရယ်မောလိုက်သည်.


“ကောင်းတယ်... နောက်ကျ မင်းကိုဖွင့်ပြောရဲတဲ့ အဲ့ဒီလူတိုင်းကို အဲ့ဒီလိုလုပ်ဖို့ တာဝန်ရှိတယ်နော်... ကိုယ်မင်းကို လွှဲထားမယ် ဒီကိစ္စတွေကို ကိုယ်မလုပ်တော့ဘူး... ကလေးဆန်လွန်းတယ် ကိုယ်ဒါကို အထက်တန်းထဲက မလုပ်တော့တာ... "


ကျိအန်းနဉ်က မျက်ခုံးပင့်လိုက်သည်။


"ရှင့်ရဲ့ ကောင်မလေးတွေအတွက် လုပ်ပေးခဲ့သေးတာလား..."


ဝမ်ယွီက ဖြေသည်။


 "လုပ်ခဲ့တယ်... "


အထက်တန်းကျောင်းပြီးမှလား...


ဝမ်ယွီက သူမ အထင်ကြီးလေးစားသူများကို အကြမ်းဖက်ရန် တစ်ကြိမ်ထက်မက ပြုလုပ်ခဲ့ဖူးကြောင်း ကျိအန်းနဉ်က သူမ၏ အတိတ်ဘဝကို ပြန်တွေးနေမိသည်။


သူမ မပြုံးဘဲ မနေနိုင်တော့ပေ။


"ဘာတွေတွေးနေတာလဲ... အရမ်းပျော်နေတဲ့ပုံပဲ..."


ဝမ်ယွီက စိတ်ဝင်တစား မေးသည်။


"ရှင့်ကို တစ်ယောက်ယောက်က ပြောဖူးလား... ရှင်က တိုက်ခိုက်နေတဲ့အချိန်မှာ အရမ်းချောတာကိုလေ..."


ကျိအန်းနဉ်က သူ့ခါးကို ပွေ့ဖက်ပြီးပြောသည်။


"တကယ်လား... နည်းနည်းပါးပါးရင့်ကျက်ပါဦး..."

ဝမ်ယွီက အံ့ဩသွားသည်။  


ထိုသို့ပြောသော်လည်း သူ့နှုတ်ခမ်းထောင့်က ကော့ညွတ်သွားသည်။


ကျိအန်းနဉ်က သူမ၏ ရယ်မောချင်စိတ်ကို ထိန်းထားပြီး သူ့နှုတ်ခမ်းများကို ကိုက်ရန် မတ်တတ်ရပ်လိုက်သည်။


၎င်းက ပေါ့ပေါ့ပါးပါး အနမ်းတစ်ခုသာပင်။


ဝမ်ယွီက အမြဲတမ်း မီးတောက်လွယ်သော ဓာတ်ဆီစည်ကဲ့သို့ပင်ဖြစ်သည်။


အိပ်ခန်းက ဝေးလွန်း၍ ဤဆိုဖာနှင့်ပင် လုံလောက်သည်။


ကျိအန်းနဉ်က ဝမ်ယွီ၏ခံနိုင်ရည်ကို မယှဉ်နိုင်ဘဲ ဦးစွာ အိပ်ပျော်သွားတတ်သူဖြစ်သည်။


ကျောင်းချန်က သူမကို ယနေ့တွင် ချောင်ပိတ်ခဲ့သည့် အခြေအနေအကြောင်းပြောပြသည်ကို သူ ပြန်တွေးမိသွားသည်။ ထိုအချိန်က သူ ဒေါသထွက်နေခဲ့၍ အာရုံမစူးစိုက်နိုင်ခဲ့သော်လည်း စိတ်ငြိမ်သွားသည့်အခါ သူမပြောခဲ့သည်များက ရှင်းလင်းနေသည့် စိတ်ပိုင်းဆိုင်ရာ ပုံရိပ်များ ဖြစ်ပေါ်လာပြီး ၎င်းတို့ကို ထူးဆန်းစွာဖြင့် ရင်းနှီးနေသည်။


ဝမ်ယွီ တစ်ခဏတာအတွင်း အံ့အားသင့်သွားသည်။


ဤအခြေအနေက သူအရင်က မက်ခဲ့ဖူးသော အိပ်မက်နှင့်တူသည်ကို သူ မှတ်မိလာသည်။ အိပ်မက်ထဲတွင် ချင်းဟွာတက္ကသိုလ်ကို နောက်ခံထားပြီး ကျောင်းချန်က ကျိအန်းနဉ်ကို အမြဲတစေ အနှောင့်အယှက်ပေးခဲ့သည်။ အိပ်မက်အစကတည်းက ကျောင်းချန်က ယနေ့ဖြစ်ပျက်ခဲ့သည့်အရာများနှင့် ဆင်တူသည့်အရာများကို ပြုလုပ်ခဲ့ကြောင်း ဝမ်ယွီသတိရမိသည်။


စိတ်ငြိမ်သက်သော အခိုက်အတန့် ကုန်ဆုံးသွားသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော အတွေးက သူ့စိတ်ထဲတွင် လျင်မြန်စွာ ဝင်လာ၍ ပယ်ချလိုက်သည်။ အိပ်မက်တစ်ခုက အိပ်မက်မျှသာဖြစ်၍ အဖြစ်မှန်နှင့် ရောနှော၍မရပေ။


ဤအတိုင်း ဆက်တွေးနေပါက သူ အာရုံကြောရောဂါများဖြစ်လာလိမ့်မည်။


သူက သူ့မျက်ခုံးများကို နှိပ်နယ်ပြီး မျက်လုံးကိုမှိတ်ရင်း အိပ်ပျော်သွားသည်။


မြင်ကွင်းက ဖရိုဖရဲဖြစ်ပြီး ထူးဆန်းနေသည်။ ဝမ်ယွီက သူ့ကို တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်ခုခုကို ပူးကပ်ထားသလို ခံစားရသည်။


လှေကားထစ်တစ်ခု ပေါ်လာပြီး ထိတ်လန့်တကြားဖြစ်စရာ တစ်ခုခုမှလွတ်မြောက်သွားသကဲ့သို့ အပေါ်ထပ်သို့ တစ်စုံတစ်ဦး ပြေးလာနေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။


နောက်တစ်ခုမှာ အဆောက်အအုံတစ်ခု၏ ခေါင်မိုးဖြစ်ပြီး နေရာက ဖရိုဖရဲဖြစ်နေသည်။


လက်တစ်ဖက်က စတီးဘားကို တင်းတင်းကျပ်ကျပ် ကိုင်ထားသည်။


လူအချို့ စကားပြောနေပုံရသော်လည်း ရှင်းရှင်းလင်းလင်း မသိရပေ။ သူ့နားထဲမှာ ကြားနိုင်သမျှက သူ့ကိုယ်ပိုင် အသက်ရှူသံနှင့် နှလုံးခုန်သံများ ပိုမြန်လာသည်ကိုဖြစ်သည်။


တစ်စုံတစ်ယောက်က နီးကပ်လာပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးလာသည်။


ဝမ်ယွီက သူတို့၏ ဖိနပ်ထိပ်ဖျားကို ပထမဆုံးမြင်လိုက်ပြီးနောက် ထိုလူ၏မျက်နှာက ပေါ်လာပြီး သူ့ကို ပြုံးကာ လှည့်ကြည့်လိုက်သည်။


ထိုလူမှာ ယနေ့  သူ ရိုက်နှက်ခဲ့သည့် ကျောင်းချန်မှလွဲလို့ အခြားသူ မဟုတ်ပေ။ သို့သော်လည်း ဤမြင်ကွင်းတွင် ကျောင်းချန်၏မျက်နှာက ဆိုးရွားပြီးကြောက်စရာကောင်းသည့်ပုံပေါက်နေသည်။ ထိုအပြုံးဖြင့် သူ့ကို လှည့်ကြည့်လိုက်သောအခါ တစ်ယောက်ယောက်ကို ကိုက်စားရန် သူ့ပါးစပ်ကို ဟတော့မည့်ပုံအတိုင်းပင်။


ချက်ချင်းဆိုသလိုပင် စတီးဘားက သူ့၏ ရွံရှာဖွယ်မျက်နှာကို ကြေမွသွားစေပြီး သွားများလွင့်ထွက်လာကာ သူ့နှာခေါင်းထဲမှ သွေးမျာ စီးကျလာသည်။


ဝမ်ယွီ လန့်နိုးလာပြီး ရုတ်တရတ် ရွံရှာသွားသလို ခံစားလိုက်ရသည် ။


ဘာလဲဟ... ဒါ ဘယ်လိုအိပ်မက်လဲ...


ဝမ်ယွီ လုံးဝစိတ်ရှုပ်သွားသည်။


နေ့ခင်းဘက်မှ အကြောင်းများကို ညဘက်တွင် ထူးခြားသည့် အိပ်မက်များမက်တတ်သည့် သူ့အကျင့်က အတော်လေးကို ပြင်းထန်လာပုံရသည်။


...


ပိုင်လုက အတင်းအဖျင်းပြောသည်ကို သဘောကျ၍ ကျိအန်းနဉ်ထံသို့ သတင်းအသစ်တစ်ခု ယူလာခဲ့သည်။


 "ဟေး စွန်းယာရှန့်က သူ့ရည်းစားနဲ့ လမ်းခွဲလိုက်ပြီဆိုတာ နင်သိလား..."


သူမက အတင်းအဖျင်းပြောရန် စိတ်လှုပ်ရှားနေသော်လည်း မုန့်ရှင်းယွီနှင့် ကျိအန်းနဉ်နှစ်ယောက်စလုံးက စိတ်ဝင်စားပုံမပေါ်ပေ။


မုန့်ရှင်းယွီက ပြောသည်။


" ငါတို့ တခြားသူတွေရဲ့ကိစ္စကို ဘာလို့ အရမ်းဂရုစိုက်ရမှာလဲ... သူ့ရည်းစားနဲ့ လမ်းခွဲခွဲ မခွဲခွဲ အဲဒါ သူ့လွတ်လပ်ခွင့်လေ..."


"နင်တို့နှစ်ယောက်က တကယ်ကို စကားကပ်ပြောတာပဲ..." 


ပိုင်လုက နှုတ်ခမ်းစူပြီး ညည်းညူလာသည်။


သို့သော် သူမ မပြောပါက စိတ်ထဲတွင် တင်းကြပ်နေသလို ခံစားရမည်ဖြစ်သည်။


“သူ အခု အိမ်ရှာနေတယ်တဲ့... အရင်က သူ့ရည်းစားနဲ့အတူတူနေခဲ့တာမလား... သူတို့ လမ်းခွဲပြီး သူ ထွက်သွားရတယ်လေ... ငါသိလိုက်ရတာကို နင်တို့ယုံမှာမဟုတ်ဘူး သူက ပစ္စည်းအစုံအလင်ကို အရင်အဆောင်ကို ပြန်ရွှေ့ပြီး အခု ဟိုတယ်တစ်ခုမှာ တည်းနေတယ်တဲ့ နေရာရှာပြီးတာနဲ့ ထွက်သွားမယ်လို့ ပြောတယ်... သူ့ရဲ့ အဆောင်ဖော်တွေက  သူ့ပစ္စည်းတွေကြောင့် အဆောင်တစ်ခုလုံး ပြည့်သွားတယ်လို့ ညည်းညူပြီး ငါ့ကိုလာပြောပြတယ်..."


သူမက စကားစမြည်ပြောနေသော်လည်း မုန့်ရှင်းယွီနှင့် ကျိအန်းနဉ်၏အမူအရာများက မူမမှန်သည်ကို ရုတ်တရက် သတိပြုမိခဲ့သည်။ မုန့်ရှင်းယွီက သူမကို မျက်လုံးများဖြင့် အချက်ပြလိုက်သည်။


ပိုင်လုက ခေါင်းကို အမြန်လှည့်လိုက်သည့်အခါ စွန်းယာရှန့်က သူမနောက်တွင် ရပ်နေပြီး အေးစက်သောအပြုံးဖြင့် သူမကို ကြည့်နေသည်။


ရှက်စရာ ကောင်းလိုက်တာ...


မုန့်ရှင်းယွီက သက်ပြင်းချလိုက်သည်။


"နင် ငါ့အတွက် စိတ်ပူနေဖို့ မလိုပါဘူး..."


စွန်းယာရှန့်က အေးစက်စက် ပြုံးလျက် သူမ၏ သာမာန်လေသံဖြင့် ပြောသည်။


 “ငါ နေရာရှာပြီးပြီ သိပ်မကြာခင် ပြောင်းတော့မယ် စိတ်လျှော့ထား ကိုယ့်ကိုကိုယ် ဖိအားမပေးပါနဲ့..."


ပိုင်လုက ကယောင်ကတမ်း တိုးတိုးလေး ညည်းနေပြီး မိမိကိုယ်မိမိ မကာကွယ်နိုင်ဘဲ ရှက်ရွံ့ပြီး ထွက်ပြေးချင်စိတ် ဖြစ်လာသည်။


သို့သော် စွန်းယာရှန့်က သူမကိုပိတ်ထားပြီး ပိုင်လု၏အိတ်ကိုထိရန်ပြင်ကာ ပြောသည်။


 “မဆိုးပါဘူး ဇိမ်ခံပစ္စည်းတစ်ခုပဲ  နင့်ရည်းစားက ဒါကို ငွေရှင်းဖို့ အမှိုက်တွေ စားနေရမှာပဲနော်..."


ပိုင်လု၏မျက်နှာက ကြက်သွေးရောင်သန်းလာပြီး ခွန်းတုံ့ပြန်လိုက်သည်။


"ဒါကို ငါကိုယ်တိုင်ဝယ်ခဲ့တာ..."


စွန်းယာရှန့်က ရယ်ပြီး လှည့်ထွက်သွားသည်။


ပိုင်လုက ဒေါသတကြီးနှင့် ပြောသည်။


“ဘာများ ရေးကြီးခွင်ကျယ်မို့လဲ... သူ့ရည်းစားက ပစ္စည်းတွေ အများကြီးဝယ်ပေးလည်း ထိန်းသိမ်းခံထားရတဲ့ မိန်းမတစ်ယောက်ဖြစ်တာနဲ့ သိပ်မကွာပဲနဲ့...”


သူမ၏စကားများက ကြမ်းတမ်းနေ၍ မည်သူ့ကိုမှ အပြစ်မတင်တတ်သော ကျိအန်းနဉ်ပင် မျက်ခုံးပင့်လိုက်မိသည်။ သို့သော် ကျိအန်းနဉ်၏ စူးစူးဝါးဝါး အကြည့်များကြောင့် သူမပြောသမျှက မှားနေကြောင်း ပိုင်လုကိုသဘောပေါက်သွားစေသည်။


ပိုင်လု ရှက်သွားပြန်သည်။


မုန့်ရှင်းယွီ၏ အာရုံစိုက်မှုက ပိုင်လု၏ အိတ်အသစ်ဆီသို့ ရောက်သွားပြီး မေးလာသည်။


“ဒီအိတ်က ဈေးကြီးလို့လား...” 


ပိုင်လု ရက်အတော်ကြာ လွယ်နေခဲ့သော်လည်း သူမက ဂရုမစိုက်ခဲ့ပေ။  စွန်းယာရှန့်မှတ်ချက်ပေးပြီးနောက်တွင် ၎င်းက အမှတ်တံဆိပ်ပါ ပစ္စည်းတစ်ခု ဖြစ်နိုင်ကြောင်း သူမ သဘောပေါက်ခဲ့သည် 


"ဒါက ယွမ် ၂၃၀၀ပဲ ကုန်ခဲ့တာ"


ပိုင်လုက ကျိုးနွံစွာ ပြန်ပြောသည်။


"အလို ဒါလေးအတွက် ယွမ် ၂၃၀၀တောင် ပေးရတယ်..."


မုန့်ရှင်းယွီ အံ့သြသွားသည်။ ၎င်းက ယွမ်နှစ်ရာသာရှိမည်ဟု သူမထင်ခဲ့သည်။


ပိုင်လုက သူမ၏အိတ်ပေါ်မှ လိုဂိုကို ပွတ်သပ်ကာ မကျေမနပ်ဖြင့် ပြောလာသည်။


"အနည်းဆုံးတော့ အဲဒါက brandတစ်ခုလေဟာ... "


မုန့်ရှင်းယွီက သူမအတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။ စွန်းယာရှန့်၏ အိတ်တစ်အိတ်ကပင် ယွမ်သောင်းချီပြီး ကုန်ကျနိုင်သည်ဟု သူမကြားခဲ့ဖူးသည်။ သူမ၏ အိတ်များက ထိပ်တန်းဇိမ်ခံ အမှတ်တံဆိပ်များမှဖြစ်၍ မုန့်ရှင်းယွီအနည်းငယ် နားလည်နိုင်သည်


သို့သော် သားသားပြောရလျှင် ပိုင်လု၏အိတ်က ဆွဲဆောင်မှုရှိသည်ဟု သူမ မထင်ပေ။ သူမက ယွမ်၂၃၀၀ အတွက် အမှန်တကယ် ဝမ်းနည်းမိသည်။


သူမ၏ မူလအတွေးကလည်း စွန်းယာရှန့်၏ အတွေးနှင့်အတူတူပင်။


 "ချန်းဟောင်က ဒါကိုလည်း ပေးခဲ့တာလား..."


“သူ့မှာ ပိုက်ဆံမရှိဘူး...သူတစ်ပြားတစ်ချပ်မှကို မရှိတော့တာ... အဲဒါနဲ့ ငါဘာသာဝယ်ခဲ့တာ..."


ပိုင်လုက သက်ပြင်းချလိုက်သည်။


မုန့်ရှင်းယွီက  မေးသည်။


 "နင့်မိသားစုကို ပိုက်ဆံထပ်တောင်းလိုက်လို့လား..."


ပိုင်လုက စိတ်ပျက်လက်ပျက်နှင့်ပြောသည်။


 "ငါတောင်းရင်တောင် သူတို့က မပေးတော့ဘူးဟ..."


အဆုံးတွင် သူမက မုန့်ရှင်းယွီနှင့် ကျိအန်းနဉ်ကို ပြောပြလိုက်သည်။


“ငါ ကျောင်းဝင်းထဲက အသေးစားချေးငွေနဲ့ ဝယ်လိုက်တာ ဒါက အရမ်းအဆင်ပြေတယ်...”


မုန့်ရှင်းယွီက သူမချေးထားသည့်ငွေ မည်မျှပြန်ဆပ်ခဲ့ရသည်ကို မေးမြန်းခဲ့သည်။ အချို့သော တွက်ချက်မှုအပြီးတွင် သူမ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရပြီးပြောသည်။


 "ဒီချေးငွေရဲ့ အတိုးနှုန်းက တော်တော်မြင့်တယ်နော်..."


"ဒါပေမယ့် ချေးငွေပမာဏက နည်းနေတော့ လစဉ်ပေးချေမှုက သိပ်မများပါဘူး... ငါ တတ်နိုင်တယ်... ကြိုတင်သုံးစွဲမှုလို့ ခေါ်တယ်... ပိုက်ဆံကို တဖြည်းဖြည်းစုမယ့်အစား ဖြည်းဖြည်းချင်း ပြန်ဆပ်တာလေ... ငါက ပစ္စည်းတွေကို အရင်သုံးပြီး ကြိုပျော်နေမှာ..."

ပိုင်လုက ရှင်းပြသည်။


မုန့်ရှင်းယွီ တစ်ခုခုပြောတော့မည်ကို မြင်လိုက်ရသဖြင့် သူမကို သင်ခန်းစာပေးတော့မည်ကို စိုးရိမ်၍ ပိုင်လုက အမြန်ပြောသည်။


 "နင်ရဲ့ ဇာတိကလူကို ကြည့်ဦး... သူက တော်တော် ဥာဏ်ကောင်းတာ ချေးငွေနဲ့ ပစ္စည်းတွေအများကြီးဝယ်ပြီး ဖြည်းဖြည်းချင်း ပြန်ဆပ်တယ်လေ... ”

 

"ယွီရှားလား..."


မုန့်ရှင်းယွီ အံ့သြသွားသည်။


"ယွီရှား ဟုတ်လား..."


သူမက မေးသောအခါ ကျိအန်းနဉ်လည်း ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်သည်။



###