အပိုင်း၉၄
Viewers 11k

🤚Chapter 94



နောက်ကြောင်းပြန်ကြည့်လျှင် ငွေကိုလက်နက်အဖြစ်အသုံးပြုရာတွင် ဝမ်ယွီ၏နည်းလမ်းများက ပို၍ဆွဲဆောင်မှုရှိသည်ကို ကျိအန်းနဉ် သဘောပေါက်လာသည်။ ယေဘုယျအားဖြင့် သူက လူကိုယ်တိုင် မပေါ်လာတတ်ပေ။


ပန်းစည်းကိုင်ထားသည့်ကောင်လေးက စာသင်ခန်းအပြင်မှာ တိတ်တဆိတ်စောင့်နေပြီး ဆရာက စာသင်ပြီးသည်နှင့် တိုးတိုးနှင့် ယဉ်ယဉ်ကျေးကျေးပြောလာသည်။ 


"မစ္စကျိအန်းနဉ်က ဘယ်သူလဲဆိုတာ သိလို့ရမလား..."


အားလုံး၏မျက်လုံးများက သူမဘက်ကို လှည့်လာသည်။


မိန်းကလေးများက ချဉ်တူးသွားချင်ယောင်ဆောင်နေကြသော်လည်း အမှန်တွင် တိတ်တဆိတ်လေး မနာလိုဖြစ်နေကြသည်။


နောက်ပိုင်းတွင် ကျောင်းချန်က သူမအား ထိပ်တိုက်ရင်ဆိုင်ရန် အစပြုခဲ့ပြီး သူ့အပြောအဆိုများက ပရောပရည်ဆန်ကာ သူမကိုအနည်းငယ် တွန်းအားပေးခဲ့သည်။ ထိုအချိန်တွင် ကျိအန်းနဥ်၏စိတ်ထဲ အတွေးတစ်ခု ရှိခဲ့သည်။


“သူက ဝမ်ယွီလောက် မကောင်းဘူးပဲ...” 


ယခုတွင် ပန်းစည်းကိုင်ဆောင်ထားသည့် ကျောင်းချန်က အတန်းပြီးသည့်နောက် သူမ၏လမ်းကြောင်းကိုပိတ်ဆို့ထားသည်ကို တွေ့သောအခါ သူက သူမထံချဉ်းကပ်ရန် ကြိုးစားနေကြောင်း သိလိုက်သည်။


ဝမ်ယွီကို ကျောင်းတွင် နှစ်လကျော်ခန့် မတွေ့ခဲ့ရသည်က အမှန်ပင်။ ကျောင်းချန်က သူတို့၏ယခင်ဘဝကကဲ့သို့ ဂနာမငြိမ်ဖြစ်နေသည်။


သို့သော် ကျိအန်းနဉ်မှာ ယခင်က ကျိအန်းနဉ်နှင့် မတူတော့ပေ။


ကျောင်းချန်ကို ပထမဆုံးမြင်ရာတွင် သူမက စက်ဆုပ်ရွံ့ရှာမှုနှင့် အကြောက်တရားကို ခံစားလိုက်ရပြီး သူမမျက်နှာကလည်း ဖျော့တော့လာသည်။ သို့သော် သူမ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းသိမ်းထားသည်။


ပိုင်လုက မနာလိုအားကျနေစဉ်တွင် ကျိအန်းနဉ်က သူမကို သတိပေးလာသည်။


"အဲ့ဒါက ကျောင်းချန်မလား..."


"ဘယ်သူလဲ..."


ပိုင်လုက ကျောင်းချန်၏ နာမည်ကိုပင် မေ့နေလေပြီ။


ကျိအန်းနဉ် သူမ၏မှတ်ဥာဏ်ကို ဖြည်းဖြည်းချင်း ပြန်ခေါ်ပေးသည်။


 "ကျောင်းနားလိုက်ရတဲ့ ကြမ်းကြမ်းတမ်းတမ်းတစ်ယောက်လေ..."


ပိုင်လုက ချက်ချင်းဆိုသလို မှတ်မိလာသည်။


"အာ အဲ့ဒီတစ်ယောက်ကို... "


မုန့်ရှင်းယွီက သက်ပြင်းချလိုက်သည်။


 "ဘယ်လိုကံခေတဲ့ကောင်မလေးကများ သူ့အာရုံကို ဆွဲဆောင်မိရတာလဲ..."


ကျိအန်းနဉ်က သူမ၏တည်ငြိမ်မှုကို ထိန်းထားရင်း မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ရှေ့သို့ ဖြေးဖြေးမှန်မှန်လျှောက်သွားသည်။


ထင်ထားသည့်အတိုင်းပင် ကျောင်းချန်က သူမကိုမြင်သောအခါ မျက်လုံးများ တောက်ပလာသည်။ ဤမိန်းကလေးကို တစ်ပတ်ခန့် မတွေ့ရပြီးသည့်နောက်တွင် သူမက ပိုလှလာသလိုပင်။


ကျိအန်းနဉ်၏အသားအရေက ချောမွေ့ပြီး မျက်လုံးများက တောက်ပနေသည်။ သူမက သာလွန်ကောင်းမွန်သော အခြေအနေတွင် ရှိနေပုံရပြီး သူ့ကို ခါတိုင်းထက်ပင် ပိုမိုဆွဲဆောင်စေသည်။


ကျောင်းချန် သူမထံမှ အကြည့်မခွာနိုင်တော့ပေ။


ကျိအန်းနဥ်း သူ့နားကပ်လာပြီး ကျော်သွားတော့မည်ကို မြင်လိုက်သည့်အခါ ကျောင်းချန်က သူမကို အမြန်အော်ခေါ်လိုက်သည်။


"ကျိအန်းနဉ်..."


ကျိအန်းနဉ်က ရပ်တန့်သွားသည်။


ကျောင်းချန်က ပန်းများကို ကိုင်ဆောင်ကာ ပိတ်ဆို့လိုက်ပြီး အတန်းဖော်များ၏ အာရုံကို ဆွဲဆောင်လိုက်သည်။ ဇာတ်ဆောင်မင်းသမီးက စင်မြင့်ထက်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။


ကျိအန်းနဉ်က ကျောင်းချန်ကို ကြည့်ပြီး မေးလာသည်။ 


 "ဘာကိစ္စရှိလို့လဲ..."


"ကိုယ် မင်းကို စောင့်နေတာ..."


ကျောင်းချန်က ရိုမန်တစ်ဆန်သော မင်းသားလေး၏ အမူအရာဖြင့် ကျိအန်းနဉ်ရှေ့တွင် ပန်းများကို လက်ဆောင်ပေးရင်း ပြောလာသည်။


" ငါမင်းကို သဘောကျတယ် ငါ့ချစ်သူဖြစ်ပေးပါ..."


လူအုပ်ကြီးက မြှောက်ပေးလာသည်။


“သူ့ကို လက်ခံလိုက် လက်ခံလိုက်တော့...” 


ပိုင်လုနှင့် မုန့်ရှင်းယွီတို့က ဆိုးရွားသော နိမိတ်လက္ခဏာကို ခံစားခဲ့ရသည်။ သူတို့နှစ်ယောက်က ကျိအန်းနဥ်၏နောက်ဘက်တွင် ဘယ်ညာရပ်နေကာ  ကျောင်းချန်ကို စိုက်ကြည့်နေသည်။


သူ့ကို လက်ခံရန် နှိုးဆော်ပြီး အားပေးစပြုနေသည့် ကြည့်ရှုသူများကို လျစ်လျူရှုကာ ကျိအန်းနဉ်က တုံ့ပြန်ခဲ့သည်။


 " ကျွန်မမှာ ချစ်သူရှိတယ်..." 


" ကိုယ် သိပါတယ် အဲဒါ ဝမ်ယွီမလား..." 


ကျောင်းချန်က လှောင်ပြုံးပြုံးလိုက်သည်။


"သူ့မိသားစုမှာ ကိစ္စတစ်ခုခုဖြစ်ပြီး ဒေဝါလီခံရတော့မယ်လို့ ကြားတယ်လေ... သူက ကျောင်းတောင်မလာတော့ဘူး မင်းတို့ နှစ်ယောက်က ပြတ်သွားပြီ မဟုတ်ဘူးလား ကိုယ့်ကိုစဉ်းစားပေးပါ..."


သူက အားတင်းကာ ပန်းစည်းကြီးကို ပေးလိုက်သည်။


လူအများစုအတွက် ပုံမှန်တုံ့ပြန်မှုက ပန်းများကိုလက်ခံလိုက်ခြင်းဖြစ်သည်။ ကျောင်းချန်က ရွံ့ရှာစရာကောင်းအောင် တမင်တကာ ကြိုးစားနေခဲ့သည်။


သို့သော်လည်း သူလက်လွှတ်လိုက်သောအခါ ပန်းစည်းက မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။  ကျိအန်းနဉ်၏လက်များက သူမ၏ အိတ်ကပ်ထဲတွင် ရှိနေသေးသည်။


ပန်းစည်းက မြေပြင်ပေါ်တွင်လှိမ့်၍ ဖုန်မှုန့်များကို စုဆောင်းကာ ဆွဲဆောင်မှု ပျောက်ဆုံးသွားခဲ့သည်။


ကျောင်းချန်က မျက်နှာပျက်သွားကာ သူ့အမူအရာက မည်းမှောင်သွားသည်။ ကျိအန်းနဥ်က မြေပြင်ပေါ်ရှိ ပန်းစည်းကို ငုံ့ကြည့်ကာ တောင်းပန်စကားပင် မဆိုဘဲ ၎င်းကို ကျော်သွားခဲ့သည်။


ပိုင်လုနှင့် မုန့်ရှင်းယွီတို့ အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့က ကျိအန်းနဥ်က တသီးတခြားဆန်သော အကျင့်စရိုက်ရှိကြောင်း သိသော်လည်း ယောက်ျားလေးတစ်ယောက်ကို ငြင်းပယ်လိုက်သောအခါတွင်  ဤခံစားချက်မျိုးရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။


ဒါက… တကယ်ကို ရက်စက်လွန်းတာပဲ...


တစ်ချိန်တည်းတွင်၊ ကြည့်ရှုသူများကြားမှ အချို့က  မကြောက်မရွံ့ဘဲ လှောင်ပြောင်စပြုလာကြသည်။


ကျောင်းချန်က လူတိုင်းရှေ့တွင် ဤမျှလောက်အထိ မျက်နှာပျက်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ့မျက်နှာ ဖြူဖျော့သွားကာ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ လှောင်ပြောင်သံကို ကြားရသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်မှုကို ဖုံးကွယ်ထား၍ မရပေ။


ကျောင်းချန်က အားနည်းသူများကို အနိုင်ကျင့်ရခြင်းကို နှစ်သက်ပြီး သန်မာသူများကို ကြောက်ရွံ့သူဖြစ်သည်။ ဝမ်ယွီ အနားမှာ ရှိနေလျှင် သတိထားနေသော်လည်း ဝမ်ယွီ ထွက်သွားပြီး ကျိအန်းနဥ်က ဆင်းရဲသည့်ကျောင်းသူတစ်ယောက်ဖြစ်နေ၍ သူ ရဲတင်းနေခြင်းဖြစ်သညိ။


သူက အော်လိုက်သည်။


"ကျိအန်းနဉ် မင်း ငါ့ကို ဘယ်လိုတောင် အရှက်ကွဲအောင်လုပ်တာလဲ..." 


သူမပခုံးကို ဖမ်းဆုပ်ကိုင်လိုက်သော်လည်း သူ့စကားမဆုံးမီ ကျိအန်းနဉ်က ရုတ်တရက်လှည့်ကာ ဒူးကိုမြှောက်၍ ကန်လိုက်သည်။


သူ့ဘေးနားက လူများက သူနာကျင်စွာနှင့် အကန်ခံလိုက်ရသည်ကိုကြည့်ပြီး  တညီတညွတ်တည်း ပင့်သက်ရှိုက်လိုက်ကြသည်။ ကျောင်းချန်၏ပါးစပ်က ပွင့်နေပြီး သူ့မျက်နှာရှုံ့မဲ့ကာ ဝေဒနာ ခံစားနေရပုံပင်။  သူ့ ပေါင်ခြံကို ဆုပ်ကိုင်လိုက်ကာ နာကျင်စွာ ညည်းညူနေသည်။


"မိန်းကလေးတစ်ယောက်က 'မရဘူး' လို့ပြောရင် အဲ့ဒါက'တကယ်မရတာ' ဆိုတဲ့ အဓိပ္ပါယ်ပဲ..."


ကျိအန်းနဉ်က သူ့ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။


"ရှင် တစ်ခုခုလိုချင်တိုင်း အမြဲရနိုင်မယ်လို့ မဆိုလိုဘူးလေ..." 


သူမ လှည့်ကြည့်ကာ မုန့်ရှင်းယွီနှင့် ပိုင်လုကိုခေါ်၍ ထွက်ခွာသွားခဲ့ပြီး ကျောင်းချန်က သူမနောက်ရှိမြေပြင်ပေါ်တွင် တွန့်လိမ်နေခဲ့သည်။


ပိုင်လုက သူမကို လှမ်းကိုင်လိုက်ပြီး လမ်းတစ်လျှောက် အော်ပြောလာသည်။


 “အိုး ဘုရားရေ...နင်က အရမ်းရက်စက်တာပဲ အန်းနဉ်ရယ်... "


သူမ၏စကားများသည် သိမ်မွေ့သော ကဲ့ရဲ့စရာဖြစ်နေသည်။ သူမ၏မျက်လုံးများတွင် ကျောင်းချန်ဟုခေါ်သော ထိုလူထံ၌ မေးခွန်းထုတ်စရာအတိတ်တစ်ခုရှိခဲ့ပြီး လူအများကို စိတ်မသက်မသာဖြစ်စေနိုင်သော်လည်း ယနေ့တွင် သူ၏ဖွင့်ပြောမှုက ကျိအန်းနဉ်ထံမှ ဤမျှပြင်းထန်သောတုံ့ပြန်မှုကိုရမည်ဟု မထင်ထားခဲ့ပေ။


ကျိအန်းနဉ်က သူ့ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး ရက်စက်စွာ ဒူးဖြင့်တိုက်ခဲ့သည်။ ကျိအန်းနဉ်က အလှအပကို အခွင့်ကောင်းယူနေခြင်း ဖြစ်နိုင်ကာ အနည်းငယ်လွန် ကဲနေသည်ဟု ပိုင်လုထင်မြင်မိသည်။


အတိတ်ဘဝ၏ အသေးစိတ်အချက်အလက်များကို မည်သူနှင့်မျှ မမျှဝေနိုင်ခဲ့သောကြောင့် ကျိအန်းနဉ်က ပြုံးကာ ပိုင်လု၏မှတ်ချက်ကို တုံ့ပြန်ခြင်းမရှိပေ။


ပိုင်လုက သိမ်မွေ့သည်ဟူသည့် ကျိအန်းနဉ်အပေါ် အမြင် ပြုပြင်ပြောင်းလဲခဲ့ပြီး "အေးစက်ပြီး ပေါင်းသင်းရခက်တယ်"ဟူသည့်  အရိပ်အမြွက်ကို ထည့်သွင်းခဲ့သည်။


တစ်ဖက်တွင်မူ မုန့်ရှင်းယွီက ကျိအန်းနဉ်က ထိုသို့မဟုတ်ကြောင်း သိသည်။ သူမက အားလပ်ချိန်အတွင်း  ကျိအန်းနဥ်ကို သီးသန့်မေးမြန်းခဲ့သည်။


 "ဘာဖြစ်နေတာလဲ နင် အဲ့ဒီလူ‌ကျောင်းချန်ကို ဘာလို့ ဒေါသထွက်နေတာလဲ..."


ကျိအန်းနဉ် ခဏစဉ်းစားပြီး ဟယ့်မန်၏ဇာတ်လမ်းကို မုန့်ရှင်းယွီနှင့် မျှဝေခဲ့သည်။


ကျောင်းက အတန်းဖော်တစ်ယောက်က လူတစ်ယောက်ရဲ့အသက်ကို သတ်ပစ်ဖို့ လျှို့ဝှက်ချက်တစ်ခု ဆောင်ထားပြီး လူသတ်ဖို့တောင်လုပ်ခဲ့တယ်...

မုန့်ရှင်းယွီက ထိုအတွေးကြောင့် တုန်လှုပ်သွားသည်။


ကျိအန်းနဥ်က ပြောသည်။


“ငါ့မှာ အထူးစွမ်းရည်တွေ ရှိစေချင်တယ်... အဲ့ဒါဆို ဓားကိုင်ပြီး တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ ရှေးခေတ်က သူရဲကောင်းတစ်ယောက် ဖြစ်ရတာက အရမ်းကောင်းမှာပဲ...”


မုန့်ရှင်းယွီက ပြန်ပြောသည်။


”အင်း အခုက တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းဖြစ်နေပြီ... သူရဲကောင်းတွေကလည်း ဥပဒေကို သူတို့လက်ထဲ အပ်လို့မရဘူး... ” 


ကျိအန်းနဉ်က ဆက်လက်ပြီးပြောသည်။


 “ဒါပေမယ့် တရားဥပဒေစိုးမိုးရေးက သူ့လိုလူကို တားလို့မရဘူးလေ... လူဆိုးတွေ လွတ်သွားတဲ့အခါ နင်ဘာလုပ်မလဲ..."


မုန့်ရှင်းယွီ စကားမပြောဘဲ လေးလေးနက်နက် တွေးနေခဲ့သည်။


ကျိအန်းနဉ် ကျောင်းပရိဝုဏ်ကို စိုက်ကြည့်နေစဉ်တွင် ကျောင်းချန်လို ဆိုးသွမ်းသူတစ်ဦးက ဝမ်ယွီလိုမျိုး ရက်စက်ကြမ်းတမ်းမလားဟု မတွေးဘဲ‌မနေနိုင်ပေ။


ဝမ်ယွီ ညနေအိမ်ပြန်ရောက်သောအခါ ကျိအန်းန‌ဥ် ကုတင်ပေါ်တွင်ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် အတွေးထဲ နစ်မျောသွားသည်။


"မင်း ဘာတွေစဥ်းစားနေတာလဲ ဘာ့လိုများ ရုပ်တည် နေရတာလဲ...”


သူက လမ်းလျှောက်လာပြီး သူမကို နမ်းလိုက်သည်။


ကျိအန်းနဉ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးပြောလိုက်သည်။


 "ကျွန်မ ရှင့်ကို တစ်ခုပြောစရာရှိတယ်... " 


သူမ အချိန်အတန်ကြာ စဉ်းစားခဲ့ပြီး နောက်ဆုံးတွင် သူနှင့် ယနေ့အဖြစ်အပျက်များကို ဝေမျှရန် ဆုံးဖြတ်ခဲ့သည်။


ဝမ်ယွီက သူတို့ယခင်ဘဝတွင် ထောင်ကျခဲ့ဖူးပြီး ကျောင်းချန်ကို သတ်ခဲ့သောကြောင့် သူ၏ ငယ်ဘဝ သက်တမ်းကို တိုတောင်းစေခဲ့သည်။ ကျိအန်းနဉ်က ဤကိစ္စအတွက် အလွန်သတိထားနေခဲ့သည်။ သူမ ပြန်လည်မွေးဖွားပြီးကတည်းက ဝမ်ယွီ၏ရှေ့တွင် ကျောင်းချန်ကိုစကားမပြောဘဲ ရှောင်ခဲ့ပြီး ထိုလူနှစ်ယောက်ကို အဆက်အသွယ်မရအောင် ထိန်းထားခဲ့သည်။


သို့သော် ယခုတွင် သူမ စိတ်ပြောင်းသွားခဲ့သည်။


ဤဘဝက သူတို့အတိတ်ဘဝနှင့် မတူပေ အရာများစွာက ပြောင်းလဲခဲ့သည်။


အရေးကြီးဆုံးမှာ သူက အသက်ရှင်နေပြီး ကောင်းကောင်းမွန်မွနိနေခဲ့သည်။ ယနေ့ ကျောင်းချန်က သူ့ကို နှောင့်ယှက်ကြောင်း ဝမ်ယွီသိခဲ့လျှင်ပင် သူ့ကို သတ်မည်မဟုတ်ပေ။


ကျိအန်းန‌ဥ်၏စကားကို နားထောင်ပြီးနောက် ဝမ်ယွီ၏မျက်နှာက သိသိသာသာ မည်းမှောင်သွားသည်။


သူက မတ်တပ်ထရပ်ပြီး ကျိအန်းနဥ်ကို ပြောသည်။


"ကိုယ် ခဏအပြင်ထွက်ဦးမယ်...မင်း သွားအိပ်သင့်ပြီ‌နော်ကိုယ့်ကိုမစောင့်နဲ့..."


သို့သော် ကျိအန်းနဉ်က သူ့လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး မေးသည်။


"ရှင် ကျောင်းချန်ကို သွားတွေ့မလို့မလား..."


ဝမ်ယွီက ဒေါသတကြီးနှင့် ပြန်ဖြေသည်။


“အဲဒါမဟုတ်ရင် တခြား ဘာရှိသေးလို့လဲ... သူ့ ကိုယ့်ချစ်သူကို ဆက်နှောင့်ယှက်နေတာကို ခွင့်ပြုရမှာလား သူကို ဒီအတိုင်း ကျော်သွားခွင့်ပေးရမှာလား..."


ကျိအန်းနဉ်က သူ့လက်ကို မလွှတ်လိုက်ပေ။


ဝမ်ယွီက သူ့အသံကို ပျော့ပျောင်းစေပြီး ပြောလိုက်သည်။


"ကိုယ် သူ့ကို သင်ခန်းစာနည်းနည်းပေးပြီး စောစောပြန်လာနိုင်အောင် ကြိုးစားပါ့မယ်ကွာ..."


ကျိအန်းနဉ်က သတိပေးလိုက်သည်။


“သူ့ကို မသတ်လိုက်နဲ့‌နော်...” 


ဝမ်ယွီက ရယ်ပြီးပြောသည်။


“ကိုယ်က မာဖီယားဂိုဏ်းဝင် မဟုတ်ပါဘူးကွာ..."


ဝမ်ယွီက သူမကို နမ်းပြီး ထွက်သွားသည်။


ဝမ်ယွီက  လီဟေးကို သူ့ဝမ်းကွဲအား ဖုန်းဆက်ခိုင်းလိုက်သည်။ သူက ဖုန်းခေါ်ပြီးနောက် ဝမ်ယွီကိုပြောသည်။


“ဝမ်ရုန်ကလပ်...”


ဝမ်ယွီက ပြန်ဖြေသည်။


 "ကျေးဇူးတင်တယ်ကွာ... ဖုန်းချလိုက်တော့မယ်... "


သို့သော် လီဟေးက သူ့ကို တားလိုက်သည်။


"ခဏ ငါခုထိဘာမှ မလုပ်ရသေးဘူး...ငါလည်းလာမယ်..."


ဝမ်ယွီက အံ့ဩသွားပြီး မေးသည်။


"မင်းက ဘာလို့လာမှာလဲ..."


လီဟေးက သက်ပြင်းချရင်း ပြောသည်။


“အခုနောက်ပိုင်းမှာ အသက်မြန်မြန်ကြီးလာတယ်လို့ ခံစားရလို့  မင်းလို လူငယ်တစ်ယောက်ဆီက ငယ်ရွယ်နုပျိုတဲ့ ခံစားချက်ကို ရှာမလို့လေ...”


ဝမ်ယွီ: “…” သူက ဖုန်းစခရင်ကို လက်ခလယ် ထောင်ပြလိုက်မိသည်။


ကျောင်းချန်က ယနေ့ ဆိုးရွားသော ခံစားချက်ကို ခံစားနေရသည်။


ဒီမိန်းမပျိုလေး ကျိအန်းနဉ်က သူ့ကို ငြင်းပယ်ရန်စိတ်ကူးများ ရှိသည်။ သူမက ဆင်းရဲသည့် မိန်းကလေးမျှသာဖြစ်သည်။ ဝမ်ယွီနှင့် သူမ၏ ပတ်သက်မှုက ငွေကြေးကြောင့် ဖြစ်သည်မှာ ထင်ရှားသည်။


ဒါဆို သူကဘာလို့ ဒီလောက်တောင် အဖတ်မလုပ်ရတာလဲ...


သူက မပျော်မရွှင်ဖြစ်နေသဖြင့် နောက်ထပ်အရက်အနည်းငယ်သောက်ပြီး  သူ့သူငယ်ချင်းများကို မေးသည်။


" ဝမ်မိသားစုက ဘယ်အချိန်ကတည်းက ပြိုလဲသွားတာလဲ..." 


သူ့အပေါင်းအဖော်များက အံ့သြသွားပြီး သူတို့ထဲက တစ်ယောက်က ပြောသည်။


“မင်း ဘယ်ကမ္ဘာကအကြောင်း ပြောနေတာလဲ...” 


အခြားသူငယ်ချင်းတစ်ယောက်က တအံ့တဩမေးလာသည်။


“ပြိုလဲသွားတယ်တဲ့ ဘာတွေပြိုလဲနေတာလဲ... ဝမ်ယွီရဲ့အဖေ အထဲကထွက်လာပြီ မဟုတ်ဘူးလား ငါက အားလုံးပြေလည်သွားပြီလို့ ကြားခဲ့တာလေ...”


ကျောင်းချန် သူ့ပါးစပ်မှ သောက်နေသည်ကို ထွေးထုတ်လိုက်သည်။


"ဘယ်တုန်းကလဲ ဘယ်တုန်းက ဖြစ်တာလဲ.. ဒေဝါလီခံရတော့မှာ မဟုတ်ဘူးလား... ”


သူက ခပ်တိုးတိုးနှင့်မေးသည်။


"ဟားဟား...ဒီကောလဟာလတွေကို ယုံတာလားကွ..." 


သူ့သူငယ်ချင်းက အားပါးတရ ထရယ်သည်။


ကျောင်းချန်က ညံ့ဖျင်းသောလူဖြစ်သည်။ သူကသားအကြီးဆုံး ဖြစ်သော်လည်း သူ့အဖေက သူ့ကို အသုံးမကျဟု ယူဆ၍ သူ့အဖေ၏အမြင်တွင် ကျောင်းချန်က လုံးဝရှုံးနိမ့်ခဲ့ရသည်။ အမှန်တွင် သူ့အဖေ၌ အစတည်းက တရားမဝင် အခြားသားတစ်ယောက်ရှိသည်။


သူ့အဖေက သူနှင့်အတူ မိသားစုစီးပွားရေးအကြောင်း တစ်ခါမှ မဆွေးနွေးဖူးပေ။ သူ့အတွက် အသုံးမဝင်သော်လည်း  ဤအသုံးမကျသောသားက သူ့ကို လာမရှုပ်သရွေ့ထောက်ပံ့ပေးရန် ဆန္ဒရှိနေသည်။


ထို့ကြောင့် ကျောင်းချန်က ထက်မြက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် အလှမ်းဝေးနေခဲ့သည်။ သူက မည်သည့်အရာကိုမှ မသိနားမလည်သော ပလေးဘွိုင်တစ်ဦး ဖြစ်သည်။ ဤသို့ ခေတ်နောက်ကျနေသည့် ကောလာဟလများကို သူ ယုံကြည်နေခဲ့ပြီး ဤထောင်ချောက်ထဲ ကျသွားသည်ကို မအံ့ဩပေ။


ကျောင်းချန် အံသြသွားသည်။


သူ့အတွင်းစိတ်က လုံးဝကို ထိတ်လန့်သွားသည်။ သူ ဝမ်ယွီ၏ ရည်းစားအပေါ် အကွက်မ‌ရွှေ့မီ သူက လုံးဝကျရှုံးသွားပြီဟု တွေးနေခဲ့ခြင်းဖြစ်သည်။


ဒါပေမဲ့ ကြည့်ရတာ ဝမ်ယွီက ဘာမှမဖြစ်တဲ့ပုံပဲ...


ကျောင်းချန်ထံမှ ဇောချွေးများ ထွက်လာသည်။


ကျိအန်းနဉ်က ဒီနေ့ အဖြစ်အပျက်ကို ဝမ်ယွီကို ပြောပြမှာလား...


တစ်စုံတစ်ဦးကို သူ၏အတွေးထဲတွင် ဘယ်သောအခါမှ တွေးမနေသင့်ပေ။ မဟုတ်လျှင် ထိုလူက ကိုယ့်အရှေ့တွင်ပေါ်လာနိုင်သည်။


ကျယ်လောင်သည့် ဘန်းခနဲအသံနှင့်အတူ အခန်းတံခါးက ရုတ်တရက် ပွင့်သွားသည်။


တံခါးနှင့် အနီးဆုံးလူက အလွန်လန့်သွားပြီး တခြားလူ၏ရင်ခွင်ထဲကို ခုန်ဝင်လိုက်သည်။


အခန်းတွင်းရှိလူတိုင်းက ဖြစ်ပျက်နေသည်ကိုကြည့်ရန် သူတို့ခေါင်းကိုလှည့်လိုက်ကြသည်။


အစောပိုင်းလေးကမှ သူတို့ပြောနေခဲ့ကြသော သခင်လေးဝမ်ယွီက သူ၏ အပေါင်းအပါများ သို့မဟုတ် "သစ္စာရှိ ညီအစ်ကိုများစွာ" နှင့်အတူ ရောက်လာသည်။


စိတ်လှုပ်ရှားမှုကိုရှာဖွေနေသည်က လီဟေးတစ်ယောက်တည်း မဟုတ်ဘဲ ဖုန်းကျင်းဟိုင်၊ ချန်းဟောင်ရန်နှင့် အခြားလူအနည်းငယ်လည်းပါသည်။ သူတို့ထံတွင် အားလပ်ချိန် များပြားနေပုံပင်။


ဝမ်ယွီဝင်လာသောအခါ သူ ကျောင်းချန်ဆီကိုတန်းတန်းမတ်မတ်သွားသည်။


ကျောင်းချန်က ကိစ္စကြီးကြီးမားမားတစ်ခုခု ဖြစ်တော့မည်ဟု ချက်ချင်းပြောနိုင်သည်။  သူ အမြန်ထရပ်ကာ အတင်းပြုံးပြလိုက်သည်။


 "အစ်ကို ဝမ်၊ မတွေ့တာကြာ..."


ဝမ်ယွီကစကားပြောရန် အချိန်မဖြုန်းဘဲ ကျောင်းချန်၏ရင်ဘတ်ဆီသို့ လျင်မြန်စွာ ကန်ပစ်လိုက်၍ လွင့်ထွက်သွားရသည်။


ဝမ်ယွီက သူ့နောက်ကိုလိုက်လာရင်း ကော်လံကို ဆုပ်ကိုင်လိုက်ပြီး နောက်ထပ် လက်သီးတစ်ချက်ပစ်သွင်းလိုက်၍ ကျောင်းချန် နောက်လှန်သွားရသည်။


နှစ်ချက်မျှထိုးပြီးနောက် ကျောင်းချန်က  ပြန်မထနိုင်တော့ပေ။


ကျောင်းချန်၏ သူငယ်ချင်းများက စွက်ဖက်သင့်မသင့် မသေချာဘဲ အံသြသွားကြသည်။


ကျောင်းချန်က ဝမ်ယွီကို မည်ကဲ့သို့ စော်ကားခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။


မစွက်ဖက်ပါက သစ္စာရှိမှု ကင်းမဲ့သွားပုံရသည်။ သို့ရာတွင် သူတို့ဝင်ပါမိပါကလည်း တိုက်ခိုက်ရေးစွမ်းရည်ကြောင့် လူသိများသည့် ဝမ်ယွီတစ်ယောက်တည်းသာမက လီဟေးနှင့် ဘေးနားတွင်ပါလာသည့် အခြားလူများကလည်း သူတို့နှင့်အတူ လေ့ကျင့်ခန်းအချို့ လုပ်ကြတော့မည်ကို သိနေသည်။


ဤလူများအတူ ပေါင်းစပ်လိုက်ပါက စီရင်စုမြို့တော်တွင် ဒုတိယမျိုးဆက်အထက်တန်းလွှာများ၏ လက်ရွေးစင် တိုက်ခိုက်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ပေမည်။




###