🤚Chapter 98
အိမ်ထဲတွင် အပူချိန်နှင့် စိုထိုင်းဆကို ထိန်းရန် အအေးပေးစက် ဖွင့်ထားသော်ငြားလည်း နွေရာသီက လူများအား အမြဲလိုလို ဂနာမငြိမ်ဖြစ်စေမြဲပင်ဖြစ်သည်။
အိပ်ခန်းရှိ စာကြည့်ခန်းငယ်လေးထဲတွင် အန်းနဉ်က assignmentလုပ်နေရာမှ ထလိုက်ကာ အအေးဘူး ယူရန် မီးဖိုချောင်သို့ ခြေလှမ်းပြင်လိုက်သည်။ ထို့နောက် အတွေးပြောင်းသွားကာ ဘီယာဘူးကို ယူလိုက်သည်။ စာကြည့်ခန်းကြီးထဲရှိ ဝမ်ယွီ့အတွက်ပါ ယူလာလိုက်သည်။
အိမ်၌ စာကြည့်ခန်းနှစ်ခန်းရှိလေသည်။
အကြီးခန်းက စားပွဲခုံကြီးကြီးတစ်လုံးနှင့် စာအုပ်အစုံအလင်ရှိသည့် စာအုပ်စင်လည်းပါ၍ အလွန်အမင်း သမားရိုးကျဆန်သည်။
ပိုသေးသည့် အခန်းက အိပ်ခန်းနှင့် တံခါးတစ်ချပ်သာ ခြားသည်။ ရိုးရှင်းသော ဒီဇိုင်းအရ ပိုင်ရှင်အေးအေးလူလူ အနားယူနိုင်ရန်အတွက်သာ လုပ်ထားပုံရသည်။
ကနဦး မွမ်းမံစဉ်ကတည်းက ဒီဇိုင်းဖြစ်လောက်ပေမည်။ လူဆိုသည်မှာ သဘာဝအတိုင်း ပျင်းရိတတ်သူများဖြစ်သည်။ နီးနီးနားနားမှာ စာကြည့်ခန်းတစ်ခုရှိနေ၍ အဘယ့်ကြောင့်များ ဝေးဝေးလံလံကို သွားနေရဦးမည်နည်း။ သို့ဖြစ်၍ အန်းနဉ် ဤအိမ်ကို စရောက်ကတည်းက စာကြည့်ခန်းငယ်လေးကိုသာ အသုံးပြုနေခဲ့သည်။
စာကြည့်ခန်းကြီးကိုမူ အသုံးနည်းသည်။
ယနေ့တွင် အကြောင်းအရာတစ်ချို့ကြောင့် ဝမ်ယွီက စာကြည့်ခန်းကြီးကို သုံးဖြစ်သည်။
တံခါးက အနည်းငယ်ဟနေ၍ သူမခေါင်းပြူကြည့်လိုက်သည်။
“ကျွန်မ ဝင်လာလို့ရမလား...”
ဝမ်ယွီ၏ အနက်ရောင်ဆံပင်များက ငိုက်စိုက်ကျနေပြီး အစာရှာနေသည့် ကြွက်ကလေးတစ်ကောင်လို မျက်လုံးများ ပြူးကျယ်သွားသည်။
ဝမ်ယွီက ပြုံးပြီး သူ့လက်ထဲက ဖိုင်တွဲကို ပိတ်လိုက်သည်။
"ဝင်လာခဲ့လေ..."
အန်းနဉ်က ပိုက်ကိုစုပ်ကာ သောက်ရင်း အခန်းထဲသို့ဝင်လာကာ ဝမ်ယွီ့ကို ဘီယာပေးလိုက်သည်။
"အရမ်းတွေးပေးတတ်တာပဲ..."
ဝမ်ယွီက ဘီယာကိုယူကာ လျင်မြန်သည့်အရှိန်နှင့် သူမခါးကို ပွေ့ဖက်လိုက်သည်။
"ကိုယ့်ကို အနမ်းလေးပေးပါဦးကွာ... တစ်ကြိမ်လောက်ဖြစ်ဖြစ်လေ..."
ငယ်ရွယ်ပြီးသန်မာသည့် ဝမ်ယွီ့တွင် အတောမသတ်နိုင်သည့် ခွန်အားများရှိသည်။ သူစိတ်ပါလာပြီဆိုလျှင် ထမင်းစားခန်းနှင့် ရေချိုးခန်းတို့ကပင် စစ်မြေပြင်ဖြစ်လာနိုင်သည်။ ဤလူက ကျီစယ်သည့်နေရာတွင် အလွန်ပင်တော်လွန်းသဖြင့် သူမဘက်က အမြဲလိုလို အလျှော့ပေးလိုက်ရသည်။
ယခင်က သူမ တွေးပင်မတွေးဖူးသည့် အရာများကို သူနှင့်အတူတူစမ်းလုပ်ကြည့်ဖူးသည်။
အန်းနဉ်က ချစ်စိတ်ပြင်းပြသည့် တိုက်ပွဲမျိုးကို မာကျောကာ သက်သောင့်သက်သာမရှိသည့် စားပွဲပေါ်တွင် မကြုံတွေ့လိုပေ။ သူမက သူ့ကို မြန်မြန်ဆန်ဆန် နမ်းလိုက်ပြီး လိမ္မာပါးနပ်စွာ ပြောလိုက်သည်။
“ကျွန်မ အိမ်စာမပြီးသေးဘူး... ရှင်လည်း ရှင့်အလုပ်ရှင်လုပ်တော့နော်...”
ဝမ်ယွီက သူမ ထွက်ပြေးသွားပြီး တံခါးကိုပါပိတ်ပေးသွားသည်ကို အပြုံးနှင့် ကြည့်နေခဲ့သည်။
တံခါးပိတ်လိုက်သည်နှင့် ဝမ်ယွီ၏ အပြုံးက မှိန်ဖျော့သွားကာ သူ့ရှေ့က ဖိုင်တွဲနှစ်ခုကို မှင်သေသေနှင့် ကြည့်နေခဲ့သည်။
ဖိုင်တွဲထဲတွင် လောင်ရှင်း ယခင်ကစုံစမ်းခဲ့သည့် ရလဒ်များပါဝင်နေသည်။ တစ်ခုက အန်းနဉ်အတွက်ဖြစ်ပြီး ကျန်တစ်ခုက ကျောင်းချန်အကြောင်းများပင်။
ဝမ်ယွီက ၎င်းတို့ကို ထုတ်လိုက်ပြီး နောက်တစ်ကြိမ် သေချာပြန်ဖတ်လိုက်သည်။
ဘယ်နှစ်ခေါက်ပင်ဖတ်သည်ဖြစ်စေ လောင်ရှင်းပြောခဲ့သည့်အတိုင်း သူတို့နှစ်ယောက်ကြား တွေ့ဆုံရင်းနှီးနိုင်သည့် အခွင့်အရေးလုံးဝရှိခဲ့ပုံမပေါ်ချေ။
ဝမ်ယွီက လက်မကိုက်ကာ ဆက်လက်တွေးတောနေခဲ့သည်။
အိပ်မက်များက လက်တွေ့ဘဝ၏ သရုပ်ဖော်ချက်များဖြစ်သည်ဟု စိတ်ရောဂါကုဆရာဝန်က ခွဲခြမ်းစိတ်ဖြာခဲ့သည်။
အန်းနဉ်ထံမှ သူမ ယခင်က လူဆိုးများ၏ နှောင့်ယှက်မှုများ ကြုံတွေ့ခဲ့ရကြောင်းနှင့် သူမစိတ်ထဲ ကျောင်းချန်အပေါ်ထားရှိသည့် အကြောက်တရားများကို တစ်ချိန်က သိရှိခဲ့ရဖူးသည်။
ဤအချက်အလက်အပိုင်းအစများက သူ့ဦးနှောက်ထဲဝင်လာပြီး ထင်ယောင်ထင်မှားဖြစ်စေကာ ကျောင်းချန်က ချင်းဟွာတက္ကသိုလ်တွင် အန်းနဉ်အား နိုင်လိုမင်းထက်ပြုမူနေပြီးနောက် တဖြည်းဖြည်းနှင့် အင်အားသုံးဖိနှိပ်ရန် ကြိုးစားလာရာမှ သူမဘက်က အပြင်းအထန်ခုခံနေသည့်အိပ်မက်ကို မက်ခဲ့ခြင်းဖြစ်ရမည်။
ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...
သီအိုရီအရဆိုလျှင် ထိုသို့ဖြစ်သင့်သည်။ ဝမ်ယွီက အဖြစ်မှန်အချက်အလက်များမှ အိမ်မက်များဖန်တီးခဲ့သည်။ ထိုအိပ်မက်များက အစစ်အမှန်လက်တွေ့ဘဝနှင့် ကွဲပြားနေခဲ့သည်။
ဝမ်ယွီက စိတ်ရောဂါကုဆရာဝန်၏စကားများမှာ သိပ္ပံနည်းလမ်းကျသဖြင့် ယုံကြည်ခဲ့သည်။
သို့သော် တချို့သောအကြောင်းအရာများကြောင့် ထိုအိမ်မက်များကို စိတ်ပူနေမိပြန်သည်။
အိပ်မက်ထဲတွင် ပထမလူ၏ ရှုထောင့်မှ ရုန်းထွက်ပြီး အိပ်မက်တစ်ခုလုံးကို ကြည့်လိုက်မိသည့်အခါ သူ့နှလုံးသား နာကျင်သွားရသည်။
အန်းနဉ်က ခက်ခဲလွန်းသော အခြေအနေတွင် အစွမ်းကုန် ရုန်းကန်နေရသည်။
မလွတ်မြောက်နိုင်လျှင် မည်သို့သောကံကြမ္မာမျိုးက စောင့်ကြိုနေသည်ကို သူမနားလည်နေပုံရသည်။
နားမလည်နိုင်သည့်သူမှာ ဝမ်ယွီပင်ဖြစ်သည်။ လက်တွေ့တွင် သူက အန်းနဉ်အား မတရားမှုနည်းနည်းလေးပင် ခံစားခွင့် မပြုနိုင်သည်ကို အိပ်မက်ထဲတွင် သူကိုယ်တိုင်က အဘယ်ကြောင့်များ သူမအတွက် အန္တရာယ်များပြီး ခက်ခဲသည့် အခြေအနေတစ်ခု ဖန်တီးခဲ့ရပါသနည်း။
ထိုအိပ်မက်အား သူကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်၍ ထိုကဲ့သို့အချိန်မျိုးတွင် သူက သတိရှိရှိ နိုးနေသင့်သည်ဟု ဆရာဝန်က ပြောခဲ့သည်။ သို့မှသာ သူ့အသိစိတ်က တဖြည်းဖြည်း တိုးတက်လာပြီး လွတ်မြောက်လာလိမ့်မည်ဖြစ်သည်။
ဝမ်ယွီက ဆရာဝန်၏စကားမှာ အမှန်တကယ်ပင် အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။
အိပ်မက်ထဲမှ အခင်းအကျင်းအရ အန်းနဉ်က မည်သည့်အကူအညီမှ မရလျှင် ကျောင်းချန်၏နှောင့်ယှက်မှုများမှ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။
ဤအိပ်မက်သာ ဆက်ဖြစ်နေမယ်ဆိုလျှင်...
ဝမ်ယွီက သတိရှိနေသည့် အနေအထားမှာပင် အိပ်မက်ထဲဆက်ဖြစ်လာမည့်အရာများကို မတွေးကြည့်ရဲပင်။
သူ့ကိုယ်သူ သတိရှိနေသည့်အကြိမ်တိုင်း အိမ်မက်၏အခက်အခဲများကို ရှောင်ရှားရာတွင် လွန်စွာ အထောက်အကူဖြစ်ကြောင်း သက်သေပြနေသည်။
သူ့ဖော်ပြချက်အပေါ် အခြေခံ၍ အိပ်မက်က အမှန်တကယ် မပြီးဆုံးသေးကြောင်း ဆရာဝန်က ဆက်ပြောခဲ့သည်။ ဝမ်ယွီက ရုပ်ရှင်ကားတစ်ကားကဲ့သို့ ပြီးပြည့်စုံသည့်ဇာတ်လမ်း သို့မဟုတ် အပိတ်ဇာတ်လမ်းတစ်ခုကို တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်သည်။
နောက်တစ်ကြိမ်တွင် ဝမ်ယွီ့အနေနှင့် အိပ်မက်အား အောင်အောင်မြင်မြင်ကျော်လွှားနိုင်ရန် ဆရာဝန်က မျှော်လင့်မိသည်။
ဝမ်ယွီ အမှန်တကယ်ပင် တုံ့ဆိုင်းသွားသည်။
သို့သော် ဆရာဝန်က သူ့ကို အလျင်စလိုမလုပ်ဘဲ တစ်ပတ်ခန့် အချိန်ယူစဉ်းစားရန် အကြံပေးခဲ့သည်။ သေချာသည်က သူ၏ အိပ်မက်ထပ်တလဲလဲ မက်နေသည့် ပြဿနာကို သူကိုယ်တိုင် ပျောက်ကင်းအောင် ကုသနိုင်လျှင် ကုသမှုကို ဆက်လက်ခံယူရန် မလိုအပ်တော့ချေ။
ဝမ်ယွီက သူ့ရှေ့ရှိ ဖိုင်တွဲနှစ်ခုကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် အံဆွဲကိုဖွင့်ပြီး ထည့်လိုက်ကာ သော့ခတ်လိုက်သည်။
ထို့နောက် နေရာမှထလိုက်ကာ စာကြည့်ခန်းငယ်ဆီသို့ သွားခဲ့သည်။
လက်ရှိအချိန်တွင် အိမ်စာလုပ်ပြီးသွားသည့် အန်းနဉ်က အိတ်ကို သိမ်းနေခဲ့သည်။ သူမက အသံကြားသည်နှင့် လှည့်ကြည့်လိုက်ပြီး သူ့ကို မေးလိုက်သည်။
“အလုပ်ပြီးသွားပြီလား...”
“အင်း...”
ထို့နောက် သူမကို အနောက်ကနေ ပွေ့ဖက်ပြီး သွယ်လျလျ လည်ပင်းလေးကို တဖွဖွနမ်းလိုက်သည်။
“မင်း အိမ်စာတွေ ပြီးပြီလား...”
"ပြီးသွားပြီ..."
စကားအဆုံးတွင် ဝမ်ယွီ၏လက်က သူမ၏ ခါးဆီသို့ လျှောဆင်းလာပြီး တင်းတင်းလေး ညှစ်လိုက်သည်။
အန်းနဉ်က သူလုပ်ချင်နေသည့်အရာကို ချက်ချင်းပဲ သဘောပေါက်သွားသည်။
ခုခံချင်နေသော်လည်း ဝမ်ယွီက ပရောပရည်လုပ်ရာတွင် ကျွမ်းကျင်လွန်းသဖြင့် မာကျောသည့်စားပွဲခုံ၏ အတွေ့အကြုံမှ သူမ မလွတ်မြောက်နိုင်တော့ပေ။
ပြီးဆုံးသွားချိန်တွင် စားပွဲခုံအဖျား၌ ချွေးများက မက်မွန်သီးပုံပေါ်နေသည်။
အန်းနဉ်က သူမမျက်လုံးများကို ကာလိုက်သည်။
ဝမ်ယွီက ဆရာဝန်၏အကူအညီမပါဘဲ အိပ်မက်ကို သူ့ ကိုယ်တိုင်ကျော်လွှားနိုင်ရန် ကြိုးစားချင်ခဲ့သော်လည်း အန်းနဉ်ကို ပွေ့ဖက်ရင်း တစ်ညလုံး အိပ်မက်ပင်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည်။
နောက်ထပ် ရက်ချိန်းထားသည့်နေ့တွင် ဝမ်ယွီက ဆရာဝန်ဆီသွားပြသည်။ သေသေချာချာတွေးပြီးနောက် အခြေအနေကို ဆရာဝန်အား ပြောပြခဲ့သည်။
“သူ့ကို ဖက်ပြီးအိပ်လိုက်ရင် ကျွန်တော် အိပ်မက်တစ်ခုမှ မမက်တော့ဘူး...”
ဆရာဝန်က ခေါင်းညိတ်ပြကာ ပြန်ပြောသည်။
"မင်းရဲ့ ပူပန်သောကတွေက မူလက သူကြောင့် ဖြစ်လာတာဖြစ်မယ်... မင်းတို့ကြားမှာရှိတဲ့ လိုက်ဖက်ညီတဲ့ ဆက်ဆံရေးနဲ့ တည်ငြိမ်တဲ့ခံစားချက်တွေက မင်းရဲ့မသိစိတ်ထဲက စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေတာဖြစ်မယ်..."
ဆရာဝန်၏စကားများက သိပ္ပံနည်းကျပြီး ယုံကြည်စိတ်ချရသည်။ ယခုအချိန်တွင် ဝမ်ယွီက သူ့အပေါ် ယုံကြည်မှုတစ်ခုအထိ ရှိနေပြီဖြစ်သည်။ ဤယုံကြည်မှုက ဆရာဝန်နှင့် လူနာအကြား အထူးသဖြင့် စိတ်ရောဂါကုဆရာဝန်နှင့် လူနာအကြားတွင် အလွန်အရေးကြီးသည်။
နောက်ဆုံးတွင် ဝမ်ယွီက ဆရာဝန်၏အကူအညီဖြင့် စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
“အိပ်မက်ကနေ မနိုးဘဲနဲ့ ဆက်နေနိုင်မလား စမ်းကြည့်တာပေါ့...”
ယခုအကြိမ်တွင် အိပ်မက်ထဲဝင်ရသည်မှာ ပိုလွယ်ကူသည်။
လှေကားထစ်ကို မြင်ပြီးကတည်းက ဝမ်ယွီက အိပ်မက်ထဲ ရောက်နေခဲ့ပြီဖြစ်သည်။ သူ့ခေါင်းမော့ကြည့်လိုက်သည့်အခါ အန်းနဉ်က ခြေဗလာနှင့် ပြေးလာကာ အပေါ်သို့ တက်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။
သူမပုံစံလေးက သူ့နှလုံးသားကို ဆောင့်ဆွဲနေသည်အတိုင်းပင်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူမက လှေကား ထောင့်နားတစ်ဝိုက်တွင် ပျောက်သွားသည်။မကြာမီ သူမနောက်သို့ ယောကျာ်းတစ်ချို့ လိုက်လာသည်။
“သူ ဒီမှာ...”
သူတို့က အော်ပြောလိုက်သည်။
သူတို့က ဝမ်ယွီ၏ကိုယ်ကို ဖြတ်သွားကာ အန်းနဉ်ကို လိုက်နေကြသည်။
ဝမ်ယွီက လက်သီးကို တင်းတင်းဆုပ်ကာ နောက်မှလိုက်သွားသည်။
အဆိုပါ ယောကျ်ားများက ခေါင်မိုးပေါ်သို့ ရောက်လာပြီး ဝင်ပေါက်တစ်ခုတည်းသာရှိသည်ကို တွေ့ လိုက်ရသည်။ သူမကို လိုက်ရှာနေမည့်အစား ကျောင်းချန်အား ဖုန်းဆက်ကာ ကျောင်းချန်ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။
ဝမ်ယွီက အန်းနဉ်ပုန်းနေသည့်နေရာကို သိလိုက်သည်။ သူက ယောကျ်ားများ၏ကိုယ်ကို ဖြတ်သွားကာ ထိုနေရာဆီသို့ ဦးတည်လိုက်သည်။
ကျောင်းချန်သွားရာလမ်းကြောင်းအတိုင်း သွားလိုက်သည်။
ကျောင်းချန်အနားရောက်ချိန်တွင် သူက ကျောင်းချန်ကဲ့သို့ လှည့်ကြည့်လိုက်ရာ အန်းနဉ်၏မျက်လုံးများကို တွေ့လိုက်သည်။
သူမက ထောင်ချောက်ထဲ ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ လက်လျှော့သည့်ပုံမရှိဘဲ မျက်လုံးများက နီရဲနေခဲ့သည်။
သူမနှုတ်ခမ်းကို တင်းတင်းကိုက်ပြီး အသက်ရှုထိန်းထားပြီး သံဆူးချွန်ကို ကိုင်ထားသည့် လက်ဆစ်များက ဖြူဖျော့နေခဲ့သည်။
သူမက အတိုက်အခိုက်ပညာရပ်များကို တစ်ခါမှ မလေ့ကျင့်ခဲ့ဖူးသော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တင်းမာနေပြီး ရှင်သန်လိုစိတ်ဖြင့် လုံးလုံးလျားလျား တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
သူ့ရဲ့အန်းနဉ်လေး...
ဝမ်ယွီက အတွေးများမှ ပြန်ထွက်လာသည့်အခါ အန်းနဉ်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး သံဆူးချွန်က သူ့ထံသို့ ရုတ်တရက် ကျရောက်လာလေသည်။
ငယ်စဉ်ကတည်းက အတိုက်အခိုက်လေ့ကျင့်ခဲ့သည့် ဝမ်ယွီက အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး နောက်ပြန်ဆုတ်သွားရာ သူ့နေရာတွင် ကျောင်းချန်၏ကိုယ်ကို မြင်လိုက်ရသည်။ ကျောင်းချန်က ဝမ်ယွီရပ်ခဲ့သည့်နေရာတွင် ရှိနေခဲ့ခြင်းဖြစ်သည်။
ဝမ်ယွီက ခြေတစ်လှမ်းဆုတ်လိုက်ပြီးနောက် ကမ္ဘာကြီး ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ လှုပ်ရှားနေသည့်လူများ၊ ပန်းထွက်လာသည့် သွေးများမရှိချေ။
ဤနေရာက အရေးကြီးသည့်အပိုင်းဖြစ်ကြောင်း ဝမ်ယွီ သိလိုက်သည်။
ဤတစ်ကြိမ် အိပ်မက်ထဲဝင်လိုသည့် ရည်ရွယ်ချက်ကား အိပ်မက်အား အဆုံးထိ ဆက်သွားကြည့်ရန် ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ဝမ်ယွီ့လက်များက ချွေးပြန်နေပြီး သူ့နှလုံးသားက ကားမောင်းပြိုင်နေသကဲ့သို့ တုန်လှုပ်နေကာ နဖူးပေါ်တွင် အေးစက်နေသော ချွေးများ အပြိုင်ထွက်လာသည်။
အိပ်မက်ကို ဆက်သွားခဲ့လျှင် သူ မမြင်ချင်ဆုံးအရာတစ်ခု ဖြစ်လာလိမ့်မည်ကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
အိပ်မက်ထဲမဝင်မီ စိတ်ပိုင်းဆိုင်ရာ အပြည့်အဝပြင်ဆင်ခဲ့သော်ငြားလည်း ဤကဲ့သို့ ခုခံနေရဦးမည်ဟု မထင်ထားခဲ့ချေ။ အိပ်မက်ထဲဝင်ရန် ကြိုးစားသည့်အကြိမ်တိုင်း သူကျရှုံးသွားသည်မှာ မဆန်းပေ။
သို့ရာတွင် ဆရာဝန်၏စကားက သူ့နားထဲမှာ ပျံ့လွင့်နေသည်။
"မင်းရဲ့ မသိစိတ်က မင်းကိုဘာပြောပြဖို့ ကြိုးစားနေလဲဆိုတာ သိချင်ရင် အိပ်မက်ထဲမှာပဲ ရှာဖွေလို့ရမယ်..."
ဝမ်ယွီ၏ လက်ဖဝါးများက တစ်ချိန်လုံး ချွေးများထွက်နေပြီး သူက လက်သီးကို တင်းတင်းဆုပ်ကာ မျက်လုံးများကိုမှိတ်၍ အသက်ပြင်းပြင်းရှူလိုက်သည်။
ထို့နောက် မျက်လုံးဖွင့်လိုက်သည်။
ကမ္ဘာကြီး ပြန်လည်လှုပ်ရှားအသက်ဝင်လာခဲ့သည်။
ယခင်က အသံပိတ်ထားရာမှ ယခု အသံအတိုးအကျယ်ခလုတ်ကို နှိပ်လိုက်သကဲ့သို့ ပုံမှန်အသံထွက်လာလေသည်။
ဝမ်ယွီက လမ်းပေါ် ဖြတ်သွားသော ကားသံများနှင့် အောက်ထပ်တစ်နေရာဆီမှ သီချင်းသံကို ကြားလိုက်ရသည်။ အကျယ်ဆုံးမှာ ကျောင်းချန်၏ သနားစဖွယ်အော်သံပင် ဖြစ်လေသည်။
ကျောင်းချန်ကအော်ဟစ်ပြီး နောက်ပြန် လဲကျသွားသည်။
အန်းနဉ်က သူ့အပေါ်မှ ခုန်ဆင်းကာ ဝမ်ယွီ၏ ခန္ဓာကိုယ်ကို ဖြတ်သွားသည်။ ဝမ်ယွီက လှည့်ကြည့်ချိန်တွင် အန်းနဉ်က လှေကားထစ်ဆီသို့ အပြေးအလွှား ပြေးသွားပြီးနောက် ကျောင်းချန်၏လူများ ဝန်းရံတားဆီးခြင်းကို ခံလိုက်ရသည်။
သူ့ကောင်မလေးက သဘာဝအားဖြင့် ပုန်ကန်တတ်ပြီး ခေါင်းမာသည့်စရိုက်ရှိသည်။ သူမက ထိုမျှလောက်နှင့် အလွယ်တကူ အရှုံးမပေးတတ်ပေ။ အန်းနဉ်က ကျိုးပဲ့နေသည့် ပစ္စည်းတစ်ခုကို မြေပေါ်မှ ကောက်လိုက်ကာ ကျောင်းချန်၏သက်တော်စောင့်များထဲမှ တစ်ဦး၏မျက်နှာသို့ ထုရိုက်လိုက်သည်ကို တွေ့လိုက်ရသည်။
ဒါ သူ့ပုံစံပဲလေ...
နောက်ဆုံး ယောက်ျားများ၏ဝိုင်းရံတားဆီးမှုမှ လွတ်မြောက်နိုင်ရန်လမ်းမရှိတော့သဖြင့် အဆောက်အဦးအစွန်းပေါ်သို့ ခုန်တက်လိုက်သည်။
"တိုးမလာနဲ့နော်... ဝေးဝေးသွား... "
သူမက အသံကွဲအက်သည်အထိ အော်လိုက်သည်။
သူမလက်ထဲတွင် ပုလင်းကွဲသာရှိပြီး သူမအနောက်တွင် အထပ်သုံးဆယ်မြင့်သည့် လေဟာနယ်သာ ရှိနေခဲ့ကာ အရှေ့တည့်တည့်တွင် မကောင်းသည့်ရည်ရွယ်ချက်အပြည့်နှင့် ယောက်ျားများရှိနေခဲ့သည်။
သူမ ဘာလုပ်ရမလဲ....
သူမ ဘာများလုပ်နိုင်ဦးမှာလဲ...
ဝမ်ယွီ၏ နှလုံးသားက တင်းကျပ်လာလေသည်။
၎င်းက အိပ်မက်တစ်ခုဖြစ်ကြောင်း၊ ထိုလူများက သူ၏ထင်ယောင်ထင်မှားသာဖြစ်ကြောင်းသိနေသော်လည်း အိပ်မက်ထဲတွင် သူက အန်းနဉ်အား ကူညီပေးနိုင်စွမ်း မရှိခဲ့ချေ။
ဝမ်ယွီက အန်းနဉ်အနားသို့ ယောကျ်ားများချဉ်းကပ်လာသည်ကို ကူကယ်ရာမဲ့ ကြည့်နေခဲ့စဉ် အန်းနဉ်ကလည်း ထိတ်လန့်တကြား နောက်ပြန်ဆုတ်သွားခဲ့သည်။
ဝမ်ယွီက သူ့လက်ကို ဆန့်ထုတ်လိုက်သေးသည်။
သို့သော် အန်းနဉ်အတွက် သူ့လက်က ပုံရိပ်ယောင်တစ်ခုမျှသာ။
သို့မဟုတ် အန်းနဉ်က ဝမ်ယွီ့အတွက် ပုံရိပ်ယောင်သာ ဖြစ်နေခဲ့သည်။
မတားဆီးနိုင်ခဲ့သည့်အတွက် အန်းနဉ် ခေါင်မိုးပေါ်မှ ပြုတ်ကျသွားသည်။
ဝမ်ယွီက တုံ့ဆိုင်းမနေဘဲ သူမနောက်သို့ လိုက်ခုန်ချကာ သူမအား ပွေ့ဖက်နိုင်ရန်မျှော်လင့်ရင်း လက်ကို ဆန့်ထုတ်လိုက်သည်။
ထို့နောက် သူနိုးလာသည်။
ဆရာဝန်က ကုတင်ဘေးတွင် ထိုင်ကာ လူနာအား စောင့်ကြည့်နေခဲ့သည်။ အချိန်ကျလာသည်နှင့် လူနာ နိုးမလာသေးပါက လူနာအား အိပ်မွေ့ချခြင်းမှ ဆွဲထုတ်ရန် ခေါင်းလောင်းကို မြည်စေမည်ဖြစ်သည်။
သူက ဝမ်ယွီကို ကြည့်လိုက်ချိန်တွင် မျက်ခွံအောက်မှ မျက်လုံးများက မြန်မြန်ရွေ့နေသည်ကို တွေ့လိုက်ရသည်။ ၎င်းက ဦးနှောက်အာရုံကြော၏ ပြင်းထန်သည့် လှုပ်ရှားမှုကြောင့်ဖြစ်မှန်း ထင်ရှားသည်။
ဆရာဝန်က အချိန်ကို တစ်ချက်ကြည့်လိုက်ရာ လူနာ အိပ်ပျော်သွားသည့်အချိန်က သူယခင်က အိပ်မက်ထဲ နိုးနိုးကြားကြားနေသည့်အချိန်များထက် ပိုကြာနေသည်ကို တွေ့လိုက်ရသည်။
ဝမ်ယွီက နိုးထရန် လက္ခဏာမပြသေးသဖြင့် ဆရာဝန်က ခေါင်းငုံ့ကာ မှတ်စုစာအုပ်ထဲတွင် ဆက်လက်ရေးမှတ်နေခဲ့သည်။
ခဏအကြာတွင် အိပ်ရာပေါ်ရှိ လူနာက ရုတ်တရက် ထထိုင်လိုက်သည်။
ဆရာဝန်က အနည်းငယ် အံ့အားသင့်သွားပြီး မော့ကြည့်လိုက်ရာ မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
မှင်ကဲ့သို့ မည်းနက်ပြီး၊ သွေးကဲ့သို့ နီရဲနေခဲ့သည့်မျက်ဝန်းတစ်စုံက တစ်ယောက်ယောက်ကို သတ်ပစ်တော့မလိုပင်။
###