🤚Chapter 99
မုန့်ရှင်းယွီက အကျပ်အတည်းတစ်ခုကို ကြုံတွေ့ခဲ့ရသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် အန်းနဉ်ပင် သိနိုင်သည်အထိ မျက်နှာပေါ်တွင် ပေါ်လွင်နေပေသည်။
“ဘာဖြစ်လို့လဲ... နင်တစ်ချိန်လုံး မျက်မှောင်ကြုံ့နေတာ...”
အန်းနဉ် မနေနိုင်ဘဲ မေးလိုက်သည်။
မုန့်ရှင်းယွီက နှုတ်ခမ်းကိုက်ကာ မျက်လုံးဝင့်လိုက်ပြီး ဘေးဘီသို့ တစ်ချက်ကြည့်လိုက်သည်။ ပိုင်လုက သူမတို့နှင့် အနည်းငယ်ဝေးသည့် ရှေ့တန်းတွင် အခြားအတန်းဖော်များနှင့် ထိုင်နေခဲ့သည်။
“ပိုင်လုက ငါ့ဆီကနေ ပိုက်ဆံချေးချင်လို့တဲ့...”
အန်းနဉ်က ကြောင်အသွားကာ မေးလိုက်သည်။
“ဘာလို့ ပိုက်ဆံချေးဖို့ လိုတာတဲ့လဲ...”
မုန့်ရှင်းယွီ ပြန်ဖြေလိုက်သည်။
“သူ ချေးငွေကို မဆပ်နိုင်တော့လို့တဲ့...”
အန်းနဉ် အံ့အားသင့်သွားသည်။
“သူပြောတော့ ပြန်ဆပ်နိုင်ပါတယ်ဆို... ပြီးတော့ ချေးထားတာမှ နှစ်လဘဲရှိသေးတာကို ဘာလို့မဆပ်နိုင်ရတာလဲ...”
မုန့်ရှင်းယွီက ခါးခါးသီးသီးနှင့် ပြန်ဖြေသည်။
“သူ နောက်ထပ်နာရီတစ်လုံး ထပ်ဝယ်လိုက်သေးတယ်လေ...”
အန်းနဉ်က အံ့ဩတကြီးနှင့် ပြန်မေးသည်။
“ဝယ်ဖို့ ပိုက်ဆံ ဘယ်ကရမှာမလို့လဲ…”
ပြောရင်း စကားတစ်ဝက်တွင် ရုတ်တရက် သတိပြုမိသွားကာ မေးလိုက်သည်။
“နောက်ထပ်ချေးငွေ ထပ်ယူလိုက်သေးတာလား...”
မုန့်ရှင်းယွီကလည်း ဒေါသထွက်နေလေသည်။
“သူ ရူးသွားတာလားဟာ...”
“အဲ့ဒီနေ့က ငါတို့ အဆောင်မှာ စကားပြောကြရင်းနဲ့ စွန်းယာရှန့်ဝတ်ထားတဲ့ နာရီအသစ်အကြောင်း စကားရောက်သွားတယ်လေ... သူတို့ပြောတာကတော့ တော်တော်လေး ဈေးကြီးတယ်ဆိုပဲ... အဲ့ဒါကပဲ ပိုင်လုကို နာရီထပ်ဝယ်ဖို့အထိ လှုံ့ဆော်လိုက်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ... သူက ဈေးအရမ်းကြီးတာမျိုးအထိတော့ မဝယ်ခဲ့ပေမဲ့ ယွမ်ထောင်ဂဏန်းတော့ ကုန်တယ်တဲ့...”
ယွမ်ထောင်ဂဏန်းတန်သည့် နာရီပင် မုန့်ရှင်းယွီအတွက် အလွန်အမင်းဈေးကြီးနေလေသည်။ သို့သော်လည်း စွန်းယာရှန့်၏ နာရီနှင့်ယှဉ်လိုက်လျှင် ဈေးသက်သာသည်ဟု ထင်စေသည်။
အန်းနဉ်က ခဏမျှငြိမ်ကျသွားပြီးနောက် မေးလိုက်သည်။
“အဲ့ဒီတော့ သူ နင့်ဆီကနေ ပိုက်ဆံချေးချင်တာလား...”
မုန့်ရှင်းယွီက ကူကယ်ရာမဲ့စွာ ခေါင်းငြိမ့်လိုက်သည်။
အန်းနဉ်က ထပ်မေးလိုက်သည်။
“ချေးလိုက်ပြီလား...”
“မချေးရသေးဘူး...”
၎င်းမှာ မုန့်ရှင်းယွီဘက်က တွန့်တိုနေ၍မဟုတ်ဘဲ ငွေကိုမဆင်မခြင်ဖြုန်းတတ်သည့် ပိုင်လု၏အကျင့်အား စိတ်ပျက်နေမိခြင်းသာဖြစ်သည်။ ထို့ကြောင့် ပိုင်လုမှ ပိုက်ဆံလာချေးစဉ် သူမ စိတ်တိုတိုနှင့် ငြင်းလိုက်သည်။
“ပိုက်ဆံသုံးတုန်းက နင့်မှာသာ ပိုက်ဆံမရှိတော့ရင် ချေးငွေကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာကို ဘာလို့များ မစဉ်းစားခဲ့တာလဲ...”
ထိုသို့ပြောလိုက်မိသော်လည်း ယခုအချိန်တွင် သူမ၏ဒေါသ လျော့နည်းလာကာ ပိုင်လုမှ ချေးငွေပြန်မဆပ်နိုင်မည်ကို စိတ်ပူလာပြန်သည်။ သို့ဖြစ်၍ ပိုင်လုအား ပိုက်ဆံချေးသင့် မချေးသင့်စဉ်းစားရခြင်းမှာ သူမအတွက် အကျပ်အတည်းကြီး တစ်ခုဖြစ်၍နေသည်။
မုန့်ရှင်းယွီမှ ပိုက်ဆံမချေးရသေးသည်ကို ကြားချိန်တွင် အန်းနဉ်က သက်ပြင်းချကာ အကြံဉာဏ်ပေးလိုက်သည်။
“နင် မချေးသင့်ဘူးလို့ ငါထင်တယ်...”
“ဒါပေမဲ့…”
မုန့်ရှင်းယွီ တုံ့ဆိုင်းနေမိသည်။
မုန့်ရှင်းယွီနှင့် ပိုင်လုတို့က အဆောင်တွင် တစ်ခန်းတည်း နေခဲ့ရ၍ သူမတို့အကြား ဆက်ဆံရေးသည် အန်းနဉ်နှင့် ပိုင်လုအကြားရှိ ဆက်ဆံရေးထက် ပိုနက်ရှိုင်းသည်။
အန်းနဉ်က သူမအား မေးခွန်းပြန်ထုတ်ခဲ့သည်။
“သူက ချေးငွေဆပ်ဖို့ ပိုက်ဆံမရှိတော့ဘူးဆိုမှတော့ နင့်ပိုက်ဆံကိုရော ဘယ်လိုပြန်ဆပ်နိုင်မှာလဲ...”
မုန့်ရှင်းယွီက ထိုအပိုင်းကို ထည့်မစဉ်းစားမိသည့်အတွက် အတန်ကြာကြောင်အသွားသည်။ သူမက ခဏမျှ စဉ်းစားလိုက်သေးသည်။
“သူ့အိမ်ကနေ တောင်းမှာများလား...”
“အိမ်ကတောင်းလို့ရနေရင် ချေးငွေကို တိုက်ရိုက်ဆပ်ပြီးနေပြီ မဟုတ်ဘူးလား...”
မုန့်ရှင်းယွီက ရှင်းရှင်းလင်းလင်း သဘောပေါက်လာသည်။ ပိုင်လုက ချေးငွေအကြောင်း သူမအိမ်ကို ပြန်ပြောရဲမည်မဟုတ်ချေ။ သို့ဖြစ်၍ သူမငွေပြတ်သွားသည်နှင့် မတတ်နိုင်ဘဲ အတန်းဖော်များဆီမှ ပိုက်ဆံချေးရန်ကိုသာ ရွေးချယ်လိုက်သည်။
“နင် ချေးပေးလိုက်ပြီပဲထားပါဦး... အများဆုံးမှ နင် သူ့ကို ဆူပူကြိမ်းမောင်းလို့ပဲ ရလိမ့်မယ်... ထိထိရောက်ရောက် အပြစ်ပေးမယ့် နည်းလမ်းမရှိဘူး... ဒါ့အပြင် ဒီကိစ္စက သူ့အတွက် လွယ်လွယ်လေး ဖြေရှင်းပြီးသွားပြီလေ...ဒါပေမဲ့ နင်သိရဲ့လား... နောက်တစ်ကြိမ် သူတစ်ခုခုဝယ်ချင်လာပြီဆိုရင် ချေးငွေကို လွယ်လွယ်လေး ထပ်ယူဦးမှာပဲလေ... သူ့စိတ်သူ ထိန်းနိုင်မယ် ထင်လား..."
မုန့်ရှင်းယွီက ပိုင်လုကို ကောင်းကောင်းသိသည်။ ပိုင်လု စိတ်ထိန်းထားနိုင်မည်ဟု မထင်မိချေ။
“ငါသိပြီ...”
မုန့်ရှင်းယွီက ပင်ကိုယ်အားဖြင့် ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်သည်။ သူမက အခြေအနေကို သေချာသဘောပေါက်ချိန်တွင် ဆုံးဖြတ်ချက်ချလိုက်သည်။
“ငါ ပိုင်လုကို ပိုက်ဆံမချေးတော့ဘူး...”
အတန်းပြီးချိန်၌ အန်းနဉ် အိမ်ပြန်ရောက်လာသော်လည်း ဝမ်ယွီ ပြန်မရောက်သေးပေ။
လွန်ခဲ့သည့်တစ်လမှစ၍ သောကြာနေ့တိုင်း ဝမ်ယွီက အိမ်ကို နောက်ကျမှ ပြန်ရောက်လာတတ်သည်။ အလုပ်ကိစ္စကြောင့်ဟုထင်၍ အန်းနဉ်ကလည်း မမေးမြန်းတော့ချေ။
သူမ၏အိမ်စာပြီးသွားသည်နှင့် ဆိုဖာပေါ်ထိုင်ကာ laptopဖြင့် လိုင်းသုံးနေခဲ့သည်။ ထို့နောက် တံခါးပွင့်လာပြီး ဝမ်ယွီ ပြန်ရောက်လာခဲ့သည်။
သူမက နှုတ်ဆက်လိုက်သည်။
“ပြန်လာပြီလား...”
ထို့နောက် laptopကို ပြန်ငုံ့ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးသည်အထိ ဝမ်ယွီ့ဆီမှ အသံ မကြားရသဖြင့် မော့ကြည့်လိုက်သည်။
ဝမ်ယွီက တံခါးအနားတွင် ရပ်နေဆဲဖြစ်ကာ သူမအား ဝေဝေဝါးဝါး အမူအရာဖြင့် ကြည့်နေခဲ့သည်။
အန်းနဉ်လည်း သိချင်လာသဖြင့် မေးလိုက်သည်။
“ဘာဖြစ်နေတာလဲ...”
ဝမ်ယွီက အန်းနဉ်ကို စိုက်ကြည့်နေဆဲပင်။
သူမက သူဝယ်ပေးထားသည့် ညအိပ်ဝတ်စုံဖြင့် ဆိုဖာပေါ်ထိုင်ကာ laptopသုံးနေလေသည်။ ကိုယ်အပေါ်ပိုင်းတွင် ကြိုးတစ်လုံး tank topကို ဝတ်ထားပြီး အောက်ပိုင်းမှာမူ ဇာညအိပ်ဘောင်းဘီတိုကို ဝတ်ဆင်ထားသည်။ သူမ၏အသားအရည်က နူးညံ့တောက်ပကာ နွေးထွေးသည့် အသွင်အပြင်ကို ပေးစွမ်းသည်။
သူမ၏ရှည်လျားသော ဆံပင်များက ပုခုံးတစ်ဖက်ပေါ်တွင် ဖြာစင်းကျနေကာ လှပသော လည်တံသွယ်သွယ်ကို ပေါ်လွင်စေသည်။
သွယ်လျဖြောင့်စင်းသည့် ခြေတံရှည်များကို ဆိုဖာပေါ် သက်သောင့်သက်သာ ဆန့်ထားသည်။
သူမ၏ကိုယ်ဟန်အနေအထားမှာ ပေါ့ပေါ့ပါးပါးနှင့် စိတ်အေးလက်အေးရှိလှသည်။
သူမက သူ၏အိမ်တွင် တည်ငြိမ်အေးချမ်းပြီး ပျော်ရွှင်သောဘဝကို နေထိုင်ခဲ့ရသည်။
ဝမ်ယွီက သက်ပြင်းချလိုက်သည်။
တကယ်တော့ အိပ်မက်တစ်ခုပါပဲလေ....
အချိန်မှာ တစ်ပတ်ကုန်ဆုံးသွားသည်။
ဆရာဝန်က တိုင်ပင်ဆွေးနွေးပွဲပြီးသည့်နောက် ရုတ်တရက် မျက်မှောင်ကြုံ့လိုက်ကာ သူ့လက်ထောက်အား ဖုန်းခေါ်လိုက်သည်။
“ဒီတစ်ပတ် ဝမ်ယွီနဲ့ ချိန်းထားတာမရှိဘူးလား...”
လက်ထောက်က စစ်ဆေးလိုက်ပြီး ပြန်ဖြေသည်။
“မရှိပါဘူး...”
ဆရာဝန်က ဖုန်းချကာ ဝမ်ယွီ၏အချက်အလက်ဖိုင်ကို ဆွဲထုတ်ပြီး ဖုန်းနံပါတ်ကို ရှာကာ ခေါ်ဆိုလိုက်သည်။
လက်ရှိအချိန်၌ ဝမ်ယွီက အန်းနဉ်နှင့် အတူ စားသောက်နေခဲ့သည်။ ဖုန်းအဝင်ကောကို မြင်သည်နှင့် ဖုန်းဖြေရန် အပြင်သို့ ထွက်လာသည်။
“လောလောဆယ်တော့ ကျွန်တော် ဆက်မလုပ်ချင်သေးဘူး...”
အိပ်မက်၏အဆုံးသတ်ကို မြင်ပြီးနောက် ဝမ်ယွီက အလွန်အဓိပ္ပာယ်မဲ့သည်ဟု ခံစားရသည်။ ခါးခါးသီးသီးဖြစ်နေသည့် သူ၏ခံစားချက်များက လျှံထွက်မတတ်ဖြစ်နေသည်မှာ ပို၍ပင် အဓိပ္ပာယ် မရှိပေ။
အထူးသဖြင့် တစ်ယောက်ယောက်ကို သတ်ချင်နေသည်အထိပင်။
အိပ်မက်တစ်ခုကြောင့် လူ့အသက်ကို မည်သို့သတ်နိုင်ပါမည်နည်း။ ထိုအချိန်ကတည်းမှ အိပ်မက်ကို ခဏမေ့ထားရန် ဆုံးဖြတ်လိုက်သည်။
“ပြီးတော့ လတ်တလော ဘာအိပ်မက်မှ ပြန်မမက်သေးဘူး...”
ဆရာဝန်က အတင်းတိုက်တွန်းခြင်း မရှိပေ။
“ကောင်းပြီ ဒါဆို ပြဿနာတစ်ခုခုရှိရင် ဆရာ့ဆီပြန်လာပြပါ...”
~~တစ်ဖက်တွင်
မုန့်ရှင်းယွီက ပိုင်လုကြောင့် ပေါက်ကွဲနေလေသည်။
“နင်သိလား... ငါက ပိုက်ဆံမချေးပေးဘူးဆိုတော့ သူက ယန်ကျားဆီကနေ သွားချေးတယ်လေ...”
အန်းနဉ်သိသည်မှာ ယန်ကျားက ပိုင်လုနှင့် အဆောင်မတူပေ။
“ဒါအကုန်ပဲထင်လား... မဟုတ်သေးဘူးနော်... မနေ့က အဆောင်မှာ သူမရှိဘူး... ငါတို့အချင်းချင်း စကားပြောရင်းကနေ ချန်းယွီယောင်က ပြောလာတယ်... ပိုင်လုက ယန်ကျားဆီကနေ ဘာလို့ ထပ်ချေးနေရတာလဲ မသိဘူး သူအရင်က ချေးထားတာတောင် ပြန်မပေးရသေးဘူးတဲ့လေ...”
“အဲ့ဒါ အဆုံးသတ်မဟုတ်သေးဘူး...”
မုန့်ရှင်းယွီက ဆက်ပြောသည်။
“နောက်တော့ လျို့ခယ်ဟန်ကလည်း ပိုင်လု သူ့ဆီကနေ ပိုက်ဆီလာချေးတဲ့အကြောင်း ပြောတယ်...”
ကြည့်ရသည်မှာ ထိုလူနှစ်ယောက်ထံမှ ပိုင်လု ပိုက်ဆံချေးနေသည်မှာ ကြာနေပြီဖြစ်မည်။
မုန့်ရှင်းယွီက အတန်းထဲနှင့် အဆောင်၌ နာမည်ကောင်းရှိသည်။ မုန့်ရှင်းယွီမှ သူမအား ဆူပူကြိမ်းမောင်းမည်ကို ပိုင်လု အမှန်ပင်ကြောက်သော်လည်း ကျန်အခန်းဖော် နှစ်ယောက်ထံမှ ချေးပြီးသည့်အတွက် မတတ်နိုင်ဘဲ မုန့်ရှင်းယွီအား အကူအညီတောင်းလာရခြင်းဖြစ်သည်။
မုန့်ရှင်းယွီက ဆူပူကြိမ်းမောင်းရုံမက သူမအား ပိုက်ဆံပင် မချေးချေ။
ပိုင်လုချေးထားသည့် ပမာဏမှာ မများသော်ငြားလည်း အခြေအနေအားဖြင့် အတော်ပင် ဆိုးရွားနေပေသည်။
မုန့်ရှင်းယွီနှင့် အန်းနဉ်ကဲ့သို့ ကိုယ့်ပိုက်ဆံကို ရှာနိုင်သည့် သူများမှာ ပိုင်လု၏ငွေကြေးပြဿနာက အလွန်ကြီးမှန်း နားလည်ကြသည်။
သူမက အပေါက်ဖာနိုင်ရန် ချေးလိုက်သော်လည်း သူမ ပိုက်ဆံပိုချေးလေလေ အပေါက်က ပိုကြီးလာလေလေဖြစ်လာသည်။
သူတို့နှစ်ဦးက ပိုင်လုနှင့် စကားသေချာပြောကြရန် ကြိုးစားကြည့်သော်လည်း ပိုင်လုက စကားဝိုင်းကို အမြဲရှောင်ပြေးနေခဲ့သည်။
အကြွေးပမာဏကို မေးမြန်းရာတွင်လည်း သူမက မပြောဘဲ တုံ့ဆိုင်းနေသည်။
သူမ၏ သဘောထားက မုန့်ရှင်းယွီအား စိတ်ပျက်အားငယ်စေသည်။ သို့သော် သူတို့က တစ်ဆောင်တည်းနေ အတန်းဖော်များသာဖြစ်လေသည်။ မုန့်ရှင်းယွီက ပိုင်လု၏ အမေမဟုတ်ချေ။ သူမတွင် ဤအထိ လိုက်လုပ်ပေးရန် တာဝန်မရှိပေ။
ထို့ကြောင့် သူမကိစ္စထဲ ဝင်မစွက်ဖက်လိုကြတော့ပေ။
မုန့်ရှင်းယွီလည်း ထိုပြဿနာမှ ကင်းကင်းရှင်းရှင်းနေရန် ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် မုန့်ရှင်းယွီဘက်က ကင်းကင်းရှင်းရှင်းနေလိုက်သည်နှင့် ပြဿနာကြီးတစ်ခုလုံးက ပြေလည်သွားမည်ဟု မဆိုလိုပေ။ ထိုပြဿနာကြီးက နောက်တစ်ချိန် ပေါက်ကွဲလာမည့် ချိန်ကိုက်ဗုံးသဖွယ် ဖြစ်နေခဲ့သည်။
သို့သော် ချိန်ကိုက်ဗုံးက ပိုင်လုနှင့် ချန်းဟောင်အကြား ပေါက်ကွဲသွားလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
သူတို့စုံတွဲ ရန်အကြီးအကျယ်ဖြစ်ကြပြီး နောက်ဆုံးပြတ်စဲသွားကြသည်။
ထိုအကြောင်းကို အန်းနဉ်က ဝမ်ယွီ့ဆီမှတဆင့် သိခဲ့ရသည်။
“ပိုင်လုက မကောင်းဘူး... သူနဲ့ အဆက်အသွယ် သိပ်မလုပ်နဲ့...”
ဝမ်ယွီက အန်းနဉ်အား သတိပေးလိုက်သည်။
“သူနဲ့ ချန်းဟောင်လည်း လမ်းခွဲသွားပြီ...”
အန်းနဉ် အံ့ဩမိသွားသည်။ ပိုင်လုက ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းသည်။ ချန်းဟောင်ကလည်း သူမကို အလွန်ပင်ချစ်ပုံရသည်။ သူတို့နှစ်ဦးက စသိပြီး မကြာမီအချိန်အတွင်း တွဲလာကြသည်။ ချန်းဟောင်က သူမလိုသမျှကို အကောင်းဆုံး ဖြည့်ဆည်းပေးသည်အထိ အလွန်အမင်း မြတ်နိုးပေးသည်။
“ဘာဖြစ်သွားကြတာလဲ...”
အန်းနဉ်က မေးလိုက်သည်။
ဝမ်ယွီက လှောင်ပြောင်ရယ်မောလိုက်သည်။
ရည်းစားလေးတစ်ယောက်ရချိန်တည်းက ချန်းဟောင်က ငွေကြေးဖိအားကို နက်နက်နဲနဲ ခံစားခဲ့ရသည်။ သူ၏အပူအပင်ကင်းမဲ့သော ကျောင်းသားဘဝလေးမှာ အဆုံးသတ်သွားပြီး သူ့အနာဂတ်ကိုပင် အလေးအနက် စဉ်းစားလာခဲ့သည်။
အမှန်စင်စစ်တွင် အလုပ်တစ်ခုတည်မြဲရန် ခက်ခဲမှန်း ချန်းဟောင် သိနေခဲ့သည်။ အသေအချာ စဉ်းစားပြီးနောက် သူက အနာဂတ်၌ အလုပ်ရှာရာတွင် အသုံးဝင်နိုင်မည့် ဘွဲ့လက်မှတ်များကို ယူထားရန် ဆုံးဖြတ်လိုက်သည်။ ဆိုလိုသည်မှာ စာမေးပွဲကြေးနှင့် သင်တန်းကြေးအတွက် ငွေကုန်ကျမည့်အပြင် စာလေ့လာရန် အချိန်လည်း များစွာလိုအပ်ပေသည်။ သို့ဖြစ်၍ အချိန်ပိုင်းအလုပ်လုပ်ရန် အချိန်မပိုတော့ပေ။ ထို့အပြင် ဝမ်ယွီစီစဉ်ပေးထားသည့် အလုပ်ဖြင့် ဝမ်ယွီ့ထံမှ လစာကို လွယ်လွယ်ယူရန် ရှက်နေသဖြင့် ဝမ်ယွီ့ကို အသိပေးကာ အလုပ်ထွက်လိုက်သည်။
ရေရှည်ကို စဉ်းစားထားခြင်းဖြစ်၍ ဝမ်ယွီကလည်း သေချာထောက်ခံခဲ့သည်။
သို့သော် အလုပ်ထွက်သည့်ကိစ္စကြောင့် ပိုင်လုကို ငွေကြေးထောက်ပံ့နိုင်ရန် ချန်းဟောင် ခက်ခဲလာပေသည်။
ချန်းဟောင်ထံတွင် ကတ်တစ်ကတ်ရှိနေမှန်း ပိုင်လုသိသည်။
ထိုကတ်က ကလပ်ရန်ပုံငွေများ ထည့်ထားသည့်ကတ်ဖြစ်ပြီး ကလပ်စုဝေးပွဲနှင့် လှုပ်ရှားမှုများတွင် သုံးနိုင်ရန် နှစ်အစတိုင်း ဝမ်ယွီက ကတ်ထဲ ယွမ်တစ်သိန်းထည့်ပေးထားသည်။
ပိုင်လုက ထိုကတ်ကို ချန်းဟောင်၏ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားသည်။
ကတ်ထဲကငွေနှင့်သာဆိုလျှင် ချန်းဟောင်က သူမအား ကူညီနိုင်လိမ့်မည်ဟု တွေးကာ ကတ်ကို သုံးရန် ပြောသည်။ သို့သော် ချန်းဟောင်က ငြင်းဆိုလိုက်သည်။
၎င်းငြင်းဆိုမှုမှတစ်ဆင့် ရန်အကြီးအကျယ်ဖြစ်ကြကာ နောက်ဆက်တွဲအနေနှင့် လမ်းခွဲသည်အထိ ဖြစ်လာကြသည်။
ပိုင်လု၏ပြဿနာကို အလေးအနက်ဖြေရှင်းရန်လိုကြောင်း အန်းနဉ်သဘောပေါက်လာသည်။ ထိုသို့သာ ဆက်သွားနေမည်ဆိုလျှင် ပြဿနာကြီးကြီးမားမား ဖြစ်လာလိမ့်မည်။
သူမက မုန့်ရှင်းယွီနှင့် ဆွေးနွေးခဲ့ရာ မုန့်ရှင်းယွီကလည်း သူမနည်းတူ စိတ်ရှုပ်သွားသည်။
ပိုင်လုက သူ့ကောင်လေးကို အန်းနဉ်ရဲ့ကောင်လေးဆီကနေ ပိုက်ဆံခိုးဖို့ အားပေးနေတာမဟုတ်ဘူးလား...
မုန့်ရှင်းယွီက ပြဿနာ၏လေးနက်မှုကို သဘောပေါက်လာသည်။ သူမ အိပ်ဆောင်သို့ ပြန်ရောက်ချိန်တွင် အခြားအခန်းဖော်နှစ်ယောက်နှင့်ပူးပေါင်းပြီး ပိုင်လုကို သူမအကြွေးမည်မျှတင်ထားသည်ကို မေးလိုက်သည်။
နောက်ဆုံး ထွက်လာသည့်အဖြေက မုန့်ရှင်းယွီအား ကြက်သေသေသွားစေသည်။
ပိုင်လုတင်နေသည့် အကြွေးမှာ ခြောက်ထောင်ပင် ရှိနေသည်။
ခြောက်ထောင်ဆိုသည်မှာ မုန့်ရှင်းယွီအတွက် ငွေပမာဏကြီးတစ်ခုဖြစ်နေသည်။ ပိုင်လုအတွက်လည်း မနည်းသော ပမာဏတစ်ခုပင်။
ပိုင်လုကလည်း အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေခဲ့ကာ ထိုမျှအထိ အကြွေးတင်နေလိမ့်မည်ဟု သူမကိုယ်တိုင်လည်း မထင်ထားခဲ့ပေ။
“အစတုန်းက အိတ်ဝယ်ဖို့အတွက်ပဲ... ယွမ်တစ်သောင်းချေးတဲ့ သဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးခဲ့ပေမဲ့ တကယ်တမ်းက ၃၀၀၀ပဲ ရတယ်... နောက်တော့ ငါသုံးရင်း သုံးရင်းနဲ့ အခုနာရီဝယ်လိုက်တဲ့အထိပဲ...”
ချေးငွေသဘောတူညီချက်စာချုပ်များက အလွန်အမင်းလှည့်စားတတ်သည်။ ပိုက်ဆံသုံးထောင်ကို တိုက်ရိုက်ချေးလိုက်ခြင်းနှင့် မတူပေ။ စာချုပ်ထဲရှိ ပမာဏက အပြင်မှာလက်ခံရရှိသည်ထက် ပိုများနေပြီး ယင်းပမာဏအတိုင်း ပြန်ဆပ်ရမည်ဖြစ်သည်။ နည်းနည်းလေး နှောင့်နှေးလျှင် အတိုးများ ပိုမိုတက်လာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ကျောင်းသားများကို ချေးငွေအသစ်ထပ်ချေးလာစေရန် လှည့်ဖြားပြီး ပြန်ဆပ်ရမည့် ပမာဏကို ပိုမိုကြီးလာစေသည်။
ပိုက်ဆံရသည့် ကျောင်းသားများအနေနှင့် ငွေရရန် အလွန်လွယ်သည်ကို ခံစားမိကြသည်။ IDကတ်လေး တစ်ခုတည်းနှင့် သူတို့အကောင့်ထဲ ငွေမြန်မြန်ရောက်လာလိမ့်မည်။ ယင်းပိုက်ဆံများနောက်ကွယ်တွင် မတန်တဆအတိုးများရှိနေသည်ကို သူတို့ မသိခဲ့ကြချေ။ သူတို့အတွက် မည်သည့်အားထုတ်မှုမှ မပါဝင်ဘဲ ကောင်းကင်ပေါ်မှ ပိုက်ဆံထုပ်ကြီး ကျလာသဖွယ် လွယ်ကူနေခဲ့သည်။
ထို့နောက် သူတို့၏ အလိုဆန္ဒများက ပိုများလာခဲ့သည်။ အစပိုင်းတွင် အိတ်ဝယ်ရန်၊ ဖုန်းဝယ်ရန် ဆိုသော်လည်း တဖြည်းဖြည်းနှင့် ပူဖောင်းကို လေထိုးနေရသကဲ့သို့ လိုချင်သည့်အရာက များလာသည်။
သူတို့ သတိပြုမိသွားချိန်တွင် ကျောင်းသားတစ်ယောက် ပြန်ဆပ်ရန်မတတ်နိုင်သောပမာဏရှိသည့် အကြွေးနွံထဲ နစ်နေပြီဖြစ်သည်။
ပိုင်လုက မျက်ရည်များဖြင့် ပြောသည်။
“ငါတကယ် ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး... နောက်လအတွက် ပြန်ဆပ်ဖို့ ပိုက်ဆံမရှိရင် နောက်ထပ်ချေးငွေထုတ်ဖို့ ငါ့ကို တွန်းအားပေးတော့မှာဟ...”
ပိုင်လုကလည်း ပြဿနာ၏ အတိမ်အနက်ကို သိလာ၍ အကြွေးမြန်မြန်ဆပ်ရန် ချန်းဟောင်ထံမှ ကတ်ကို သုံးရန် စဉ်းစားရသည်အထိ စိတ်မရှည်ဖြစ်လာခဲ့သည်။
“ကျေးဇူးပြုပြီး ငါ့ကို ပိုက်ဆံနည်းနည်းလောက် ချေးပေးပါဦး…”
သူမက မိတ်ကပ်များ ညစ်ပတ်ပေပွနေသည်အထိ ငိုယိုနေခဲ့သည်။
အခန်းဖော်များကလည်း အချင်းချင်းအပြန်အလှန်ကြည့်ကာ ဘာဆက်လုပ်ရမည်ကို မသိတော့ချေ။
မုန့်ရှင်းယွီ တစ်ယောက်တည်းသာ တည်ငြိမ်နေခဲ့သည်။
“နင်အခုလုပ်သင့်တာက အတန်းဖော်တွေဆီက ပိုက်ဆံလိုက်ချေးဖို့ မဟုတ်ဘူး... နင့်လက်ရှိ နေထိုင်စရိတ်က လစဉ်ချေးငွေကို ပြန်ဆပ်ဖို့တောင် မလောက်ဘူးမလား... အတန်းဖော်တွေဆီက ချေးထားတဲ့ ပိုက်ဆံကိုကော ပြန်ဆပ်နိုင်မယ် ထင်လို့လား...”
ပိုင်လုက ဆက်တိုက်ငိုယိုနေကာ နှာတရှုံ့ရှုံ့ဖြင့် ပြန်မေးသည်။
“ဒါဆို ငါဘာလုပ်ရမလဲ...”
မုန့်ရှင်းယွီက ဖြေလိုက်သည်။
“အခု နင်လုပ်သင့်တာက နင့်အမေကို ခေါ်လိုက်ဖို့ပဲရှိတယ်...”
###