🤚Chapter 100
ကျောင်းဝင်းအတွင်း ချေးငွေကိစ္စများ အုတ်အော်သောင်းနင်းဖြစ်ပြီးနောက် ချေးငွေယူထားသည့် လူငယ်များကို ကြည့်လိုက်လျှင် အချို့က အဆောက်အဦးပေါ်က ခုန်ချကာ သတ်သေသွားကြပြီး တန်ဖိုးရှိသည့် အသက်များက အချိန်မတန်သေးဘဲ လွင့်ပါးကြရသည်။ တချို့ကလည်း ဂုဏ်သိက္ခာများ ကျဆင်းသွားကြသည်။ အိမ်က အလွန်ပင် ဆင်းရဲနွမ်းပါးမနေပါလျှင် တစ်သိန်းနှစ်သိန်းမျှဖြင့် မိသားစုပြိုကွဲသွားမည်မဟုတ်ချေ။ ယခုကဲ့သို့အခြေအနေတွင် အလေးပေးလုပ်ဆောင်သင့်သည်က မိဘများကို စောစောစီးစီးပြောကာ အကြွေးမြန်မြန်ဆပ်ပြီး ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ရန်သာ ဖြစ်သည်။
ကံမကောင်းသည်က ကလေးများ မလုပ်ချင်ဆုံးအရာမှာ မိဘများကို ပြောပြရန်ပင် ဖြစ်နေသည်။ သို့ဖြစ်၍ အခြေအနေများက လွတ်လမ်းမရှိသည်အထိ ဖြစ်လာကာ ကြေကွဲဖွယ် အဆုံးသတ်သွားကြရတော့သည်။
လူကြီးများအတွက် ရင်ကွဲစရာကောင်းလှ၏။
အစပိုင်းတွင် ပိုင်လုက အိမ်ကိုပြောပြရန် ငြင်းဆန်ခဲ့သည်။ သူမမိသားစုကိုသာ ပြောပြရဲခဲ့လျှင် အတန်းဖော်များဆီကပင် ငွေချေးနေမည် မဟုတ်ချေ။
မုန့်ရှင်းယွီက အလွန်စိတ်ဆိုးသွားသည်။ သူမက ပိုင်လု၏ ဖုန်းကို လှမ်းယူလိုက်ပြီး ကျန်အခန်းဖော်နှစ်ယောက်ကို ပိုင်လုအား တားထားရန် ညွှန်ကြားလိုက်သည်။ ထို့နောက် ပိုင်လုဖုန်းထဲမှ ‘အမေ’ဆိုသည့် နံပါတ်ကို ဖုန်းခေါ်လိုက်သည်။
“ဟယ်လို အန်တီ သမီးက ပိုင်လုရဲ့အခန်းဖော်မုန့်ရှင်းယွီပါ... အခု ပိုင်လုရဲ့အခြေအနေကို အန်တီ့ကို ပြောဖို့ လိုမယ်ထင်လို့ပါ...”
မုန့်ရှင်းယွီက သူမအမေအား ကိစ္စအားလုံးပြောပြလိုက်သည်ကို ပိုင်လုက မျက်ရည်လည်ရွဲနှင့် ကြည့်နေခဲ့သည်။
မုန့်ရှင်းယွီက ဖုန်းချပြီးနောက် ပိုင်လုဆီသို့ လှည့်လာသည်။
“နင့်အမေက ဒီနေ့လာမယ်လို့ ပြောတယ်...”
ပိုင်လုက သူမအသတ်ခံရတော့မည်ဟူသည့် အမူအရာဖြစ်နေခဲ့သည်။
ပိုင်လု၏မိသားစုမှာ အခြားစီရင်စုမှဖြစ်ပြီး အမြန်ရထားဖြင့် လေးနာရီကြာစီးမှ ကျောင်းသို့ ရောက်နိုင်မည်ဖြစ်သည်။ ထိုညနေတွင် ပိုင်လုမိဘများက အပြေးအလွှားလာခဲ့ရသဖြင့် အတော်လေးမောပန်းနွမ်းနယ်နေပုံရသည်။
မုန့်ရှင်းယွီက ပိုင်လုနှင့်အတူ အဖော်အဖြစ်လိုက်လာသည်။
သူမမိဘများ၏ ဖိအားများအောက်တွင် ပိုင်လုက အရာအားလုံးကို ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြလာသည်။
မုန့်ရှင်းယွီက တင်းမာသည့်မျက်နှာနှင့် ဝင်ပြောလိုက်သည်။
“နင် ချန်းဟောင်နဲ့ကိစ္စကိုကော မပြောတော့ဘူးလား...”
ပိုင်လု၏မျက်နှာ ဖြူဖျော့သွားသည်။
သူမက ဆက်မပြောရဲသဖြင့် မုန့်ရှင်းယွီကသာ ရှင်းပြခဲ့သည်။ ပြဿနာ၏ အတိမ်အနက်မှာ ချေးငွေယူသည်ထက်ပင် လေးနက်နေ၍ ပိုင်လု၏မိဘများ ထိတ်လန့်သွားရသည်။
တက္ကသိုလ်ရောက်သည်မှာ တစ်နှစ်ပင်မပြည့်သေးသည့် သူတို့၏ လိမ္မာပြီး ချစ်စရာကောင်းသည့် သမီးလေးက အဘယ့်ကြောင့်များ ဤသို့ဖြစ်လာရသနည်း။ ယခင်ကျောင်းမှာ ရှိစဉ်က သူမလေးက စည်းကမ်းလိုက်နာသူ ဖြစ်ခဲ့သေးသည်။
ပိုင်လု၏မိဘများက မုန့်ရှင်းယွီကို ထပ်ခါတလဲလဲ ကျေးဇူးတင်ခဲ့သည်။ လူကြီးများအနေနှင့် အခြေအနေကို ကောင်းကောင်းနားလည်ကြသည်။ ဇာတ်လမ်းအစအဆုံးသိရှိပြီးနောက် သူတို့သာ စောစောမသိခဲ့ရလျှင် ပိုင်လု အနှေးနှင့်အမြန်ဒုက္ခရောက်တော့မည်ကို သဘောပေါက်လာကြသည်။
သို့ဖြစ်၍ မုန့်ရှင်းယွီအား စိတ်ရင်းနှင့် ကျေးဇူးတင်နေကြသည်။
ပိုင်လု၏မိဘများက သုံးရက်မျှနေခဲ့ပြီး ပိုင်လု၏ချေးငွေကိစ္စနှင့် အတန်းဖော်များဆီမှ ချေးထားခဲ့သမျှကို ပြန်ဆပ်ပေးခဲ့သည်။ ပိုင်လုအမေက ချန်းဟောင်အကြောင်းကို ပိုင်လုအား တိုးတိုးတိတ်တိတ်မေးကာ သက်ပြင်းချလိုက်သည်။
“သူက တွေးပေးတတ်တဲ့ကလေးပဲ... နှမြောစရာကောင်းလိုက်တာ...”
သူမက ပိုင်လုဝယ်ထားသမျှ ဇိမ်ခံပစ္စည်းတိုင်းကို ပြန်သိမ်းသွားပြီး ပိုင်လုအား ပြင်းပြင်းထန်ထန် ဆူပူခဲ့သည်။
သူတို့ ပြန်သွားချိန်တွင် ပိုင်လုက မှိုင်တွေညှိုးငယ်နေခဲ့သည်။
“တကယ်တော့ ပေးရမယ့် စုစုပေါင်းပမာဏက ယွမ်တစ်သောင်းအပြည့်မဟုတ်ပေမဲ့ ငါတို့ ယွမ်ခြောက်ထောင်ကျော်တော့ ပြန်ပေးလိုက်ရတယ်...”
၎င်းခြောက်ထောင်မှာ လက်ကိုင်အိတ်ကောင်းနှစ်အိတ် ထပ်ဝယ်၍ပင်ရသည်။ ထိုအတွေးက ပိုင်လုအား ရင်နာစေသည်။
လွန်ခဲ့သည့်နှစ်လအတွင်း သူမကိုယ်တိုင် အလွန်အကျွံသုံးစွဲမိသည်ကို ယခုထက်ထိ မယုံကြည်နိုင်သေးပေ။
“အိမ်မက်တစ်ခုလို ခံစားရတယ်... ဝယ်နေတုန်းကတော့ ပိုက်ဆံအစစ်သုံးနေတယ်လို့တောင် မထင်ခဲ့ဘူး... ပိုက်ဆံမရှိမှာကို ပူစရာမလိုတော့ တစ်ခုခုဈေးကြီးတာတွေ့ရင် ငါလုံးဝဝယ်နိုင်တယ်ဆိုပြီး ခံစားလိုက်ရတယ်...”
မုန့်ရှင်းယွီ ဆွံ့အသွားသည်။
“ဘာလို့လဲဆိုတော့ အဲ့ဒါနင်ကိုယ်တိုင်ရှာထားတဲ့ ပိုက်ဆံမှမဟုတ်တာ... အဲ့ဒီပိုက်ဆံသာ နင်နေ့နေ့ညည အလုပ်ပင်ပင်ပန်းပန်းလုပ်ပြီး ရထားတာဖြစ်ကြည့်ပါလား မသုံးခင် နှစ်ခါလောက် ပြန်စဉ်းစားနေမှာ...”
သူမနှင့် အန်းနဉ်တို့က မွေးကတည်းက တွန့်တိုနေခြင်းမဟုတ်ပေ။ အကြောင်းရင်းအမှန်ကား ငွေတစ်ပြားတစ်ချပ်တိုင်းစီကို သူမတို့ကိုယ်တိုင် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ရှာထားရ၍ပင်ဖြစ်သည်။ ထို့ကြောင့် ပိုက်ဆံသုံးရမည့်အချိန်တိုင်းကို အလေးအနက်ထားလေသည်။
ထို့အပြင် မုန့်ရှင်းယွီနှင့် အန်းနဉ်တို့၌ တူညီသောအရာတစ်ခုရှိသည်။ သူမတို့နှစ်ဦးလုံးက မိသားစုအတွက် ရုန်းကန်နေရခြင်းဖြစ်သည်။ မိသားစုကို ထောက်ပံ့ပေးရန်မလိုသည့် အချို့ကျောင်းသားများကဲ့သို့ သူတို့ကိုယ်တိုင် ကောင်းကောင်းနေ ကောင်းကောင်းစားနိုင်ရန် အလုပ်လုပ်နေသူများမဟုတ်ပေ။ ဝင်ငွေရသည်နှင့် နှုတ်ခမ်းနီအသစ်ကိုပင်ဝယ်ရန် မဖြစ်နိုင်ပေ။ ငွေများက သူမတို့၏အမေ သို့မဟုတ် အဖွား၏ ဆေးကုသစရိတ်အတွက် ငွေအပိုစုနိုင်ရန်အတွက်သာ ဖြစ်သည်။
တစ်ဖက်တွင် ယွီရှားက သူမတို့နှင့်မတူပေ။ သူမက သာမန်မိသားစုမှဖြစ်သော်လည်း သူမအနေနှင့် မိသားစုအား ထောက်ပံ့ပေးရန်မလိုပေ။ အချိန်ပိုင်းအလုပ်မှ ဝင်ငွေများက သူမကိုယ်တိုင်သုံးရန် ဖြစ်သည်။
ယွီရှားအကြောင်းတွေးရင်း မုန့်ရှင်းယွီက ရုတ်တရက် စိတ်မသက်မသာ ခံစားလိုက်ရသည်။
“ယွီရှားလား...”
အန်းနဉ်က ခေါင်းမော့လိုက်ပြီး နက်မှောင်နေသော မျက်လုံးများဖြင့် မုန့်ရှင်းယွီအား ကြည့်လိုက်သည်။
“သူဘာဖြစ်လို့လဲ...”
“ငါ မသိဘူး... ပိုင်လုကိစ္စပြီးတော့ သူ့အကြောင်းကိုတွေးမိတာပဲ... သူလည်း ချေးငွေယူထားမိသေးလားလို့ ငါမေးချင်နေတာ... WeChatမှာတော့ ‘စိတ်မပူပါနဲ့’ လို့ပြောပြီး ငါနဲ့ ဆက်မပြောတော့ဘူး... ဒါနဲ့ မနေ့ကပဲ သူ့အခန်းဖော်နဲ့တွေ့လို့ ယွီရှားအကြောင်းမေးကြည့်လိုက်တာ သူတို့ပြောတာ ယွီရှားကိုမတွေ့တာ ရက်တော်တော်ကြာနေပြီတဲ့... ပြီးတော့ အတန်းကိုလည်း မလာဘူးတဲ့...”
မုန့်ရှင်းယွီက စိုးရိမ်တကြီး ပြောလိုက်သည်။
အန်းနဉ်၏အကြည့်များက အေးစက်နေသော ရေကန်ကဲ့သို့ နက်မှောင်ပြီး ဆန်းကြယ်သည်။
ပိုင်လု၏ကိစ္စကို ကြုံခဲ့ရပြီးနောက် သူမက တစ်ခုခုကို သဘောပေါက်သွားကာ ယခင်ဘဝက အမှန်တရားတစ်ခုကို ခန့်မှန်းနိုင်ခဲ့သည်။
ပိုင်လုကဲ့သို့ မိန်းမကောင်းလေးတစ်ယောက်က လိုင်းပေါ်မှ ချေးငွေ၏ ဆွဲဆောင်မှုများကြောင့် ယွမ်ခြောက်ထောင်ကျော် အကြွေးတင်နေခဲ့ရသည်။ ထိုသို့ဆိုလျှင် တခြားသူများထက် ပစ္စည်းဥစ္စာပိုမက်သည့် ယွီရှားက မည်မျှပင် အကြွေးတင်နေမည်နည်း။
အတိတ်ဘဝတွင် သူမက အန်းနဉ် အလွန်ပင် ဆင်းရဲနွမ်းပါးမှန်း သိသော်လည်း ပိုက်ဆံလာချေးဖူးသည်မှာ အံ့ဩဖွယ်ရာမရှိတော့ပေ။
ဤဘဝတွင် များစွာပြောင်းလဲကုန်ကာ ယခင်ဘဝနှင့် မတူတော့ပေ။
ပြန်စဉ်းစားကြည့်လျှင် ဇွန်လကုန်၌ ဝမ်ယွီက ကျောင်းမှ ပျောက်ကွယ်သွားပြီး ကျောင်းချန်က ကော်ဖီဆိုင်နှင့် NLတို့တွင် သူမအား လိုက်နှောင့်ယှက်မည်ဖြစ်သည်။
ထိုအချိန်တွင် သူမနှင့် ယွီရှားတို့ NL၌ အချိန်ပိုင်းလုပ်နေဆဲဖြစ်သည်။ ထိုအလုပ်က သူမတို့အတွက် ဝင်ငွေအရဆုံး အလုပ်ဆိုလည်း မမှားပေ။
ယွီရှားက ကျောင်းမှန်မှန်တက်သူဖြစ်ပြီး အတန်းလစ်ခြင်း ကျောင်းပျက်ခြင်းမျိုး မရှိခဲ့ဖူးပေ။
သို့သော် ယခုဘဝတွင် ယွီရှားက ထိုအလုပ်ကို မရခဲ့ပေ။ သူမ လက်ရှိဘာလုပ်နေသည်ကို အန်းနဉ်လည်း မသိနိုင်ချေ။ သို့ရာတွင် NLထက် ပိုပေးသည့် အလုပ်ကို ရှာရန် ခက်ခဲသည်ကို ခန့်မှန်းနိုင်သည်။ သူမ ယခင်ဘဝကပင် ရှာမတွေ့ခဲ့ဖူးချေ။
သူ လက်ရှိ ဘာများလုပ်နေတာလဲ... သူ ဘာဖြစ်နေတာလဲ...
ထို့အပြင် ဤဘဝ၌ ကျောင်းချန်နှင့် ပူးပေါင်းနိုင်မည့် အခွင့်အရေးမျိုး ယွီရှားတွင် မရှိမှန်း တွေးလိုက်မိသည်။
အန်းနဉ်က “အိုး”ဟု ပေါ့ပေါ့ပါးပါး တုံ့ပြန်သည်။
အန်းနဉ်နှင့် ယွီရှားတို့က အစကတည်းက တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။ သို့ဖြစ်၍ မုန့်ရှင်းယွီက အန်းနဉ်၏ လျစ်လျူရှုမှုကို မသိနိုင်ခဲ့ချေ။
ယွီရှားအကြောင်းပြောပြီးနောက် ပိုင်လုအကြောင်းသို့ ရောက်သွားသည်။
“သူက ချန်းဟောင်နဲ့ ပြန်အဆင်ပြေချင်တာ... ဒါပေမဲ့ ဟိုက ငြင်းလိုက်တယ်လေ... အခု အိပ်ဆောင်မှာ ငိုနေတယ်...”
အန်းနဉ် သက်ပြင်းချလိုက်သည်။
ဘယ်သူ့ကို အပြစ်တင်ရမှာလဲ... ချန်းဟောင်ကိုတော့ အပြစ်တင်လို့မရဘူးလေ...
တစ်ခြားတစ်ဖက်တွင် ချန်းဟောင်က ကျောင်းနားရှိ စားသောက်ဆိုင်တစ်ခုတွင် ဝမ်ယွီနှင့် အတူစားသောက်နေပေသည်။ သို့ဖြစ်၍ ဝမ်ယွီက ယနေ့ အန်းနဉ်နှင့်အတူ မစားနိုင်ပေ။
ချန်းဟောင်က စိတ်အခြေအနေကောင်းနေပုံမရချေ။ စီးကရက်ကိုသာ သောက်၍နေသည်။
“ငါ မတတ်နိုင်ဘူး...”
သူက စကားစပြောသည်။
ပိုင်လုက သူနှင့် ပြန်အဆင်ပြေချင်သည်ဟု ဆိုချိန်တွင် သူ အလွန်ပင် အကျပ်တွေ့ရသည်။
အချစ်ဦးဆိုသည်မှာ စွန့်လွှတ်နိုင်ရန် အမြဲပင် ခက်ခဲသည်။ သူမ၏ အပြုံးလေး၊ ပျော်ရွှင်နေပုံနှင့် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေသည်များက သူ့နှလုံးသားထဲ ရှိနေဆဲပင်ဖြစ်သည်။ သို့သော် ထိုအချစ်၏ မလှပသော တစ်ဖက်ခြမ်းကိုလည်း သူသိခဲ့ရသည်။
ပိုင်လု၏မိသားစုက မချမ်းသာသော်လည်း သူ့မိသားစုထက် အခြေအနေ ပိုကောင်းနေသေးသည်။ သူတို့နှစ်ယောက်တွင် အမြင်မတူခြင်းမျိုး ရှိတတ်သည်။
တစ်ယောက်နှင့် တစ်ယောက်မည်မျှပင် ကြိုက်နှစ်သက်သည့် ဆက်ဆံရေးမျိုးဖြစ်ပါစေ ရှုထောင့်ကွဲလွဲမှုများကြောင့် ပဋိပက္ခများ ရှိလာမည်ဖြစ်သည်။
ယောကျ်ားတစ်ယောက်က သူနှစ်သက်သည့် မိန်းမကို မထောက်ပံ့နိုင်ဟု ဝန်ခံလိုက်သည်က အလွန်ပင် နာကျင်ဖွယ်ကောင်းလှသည်။
လက်တွေ့လူ့အဖွဲ့အစည်းသို့ မဝင်ဖူးသေးသော လူငယ်များက ဤဝေဒနာကို စောစီးစွာ မြည်းစမ်းဖူးကြသည်။ ရေရှည်တွင် သူ့နောင်ရေးတိုးတက်မှုအတွက် အကျိုးရှိသော်ငြားလည်း လက်ရှိတွင် သည်းခံနိုင်ရန် ခက်ခဲလွန်းသည်။
သူငယ်ချင်းတစ်ယောက်အနေနှင့် ဝမ်ယွီက ချန်းဟောင်အား ပုခုံးပုတ်ပြီးအားပေးရုံသာ တတ်နိုင်ခဲ့သည်။
ချန်းဟောင်က သူ့ကို ကြည့်ကာ အားကျမနာလိုစိတ်နှင့် ပြောလိုက်သည်။
“မင်းကတော့ ဒီခံစားချက်ကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး…”
၎င်းမှာ အမှန်ပင်။ ဝမ်ယွီက ရွှေဇွန်းကိုက်ကာ မွေးဖွားလာသူဖြစ်သည်။ ဝမ်ယွီက ပြန်တုံ့ပြန်သည့်အနေဖြင့် ပခုံးတွန့်လိုက်သည်။
ကားမောင်းပြန်ရမည်ဖြစ်၍ ဝမ်ယွီ မသောက်တော့ပေ။ ချန်းဟောင်က စီးကရက်ဘူးကို သူ့ဆီ ပစ်ပေးလိုက်သည်။
ဝမ်ယွီက နှာခေါင်းရှုံ့ကာ စီးကရက်သောက်ချင်စိတ်ကို ထိန်းပြီး ပြန်ပစ်ပေးလိုက်သည်။
“ဘာမှလည်း လုပ်စရာမရှိဘဲနဲ့ ဘာလို့ ဆေးလိပ်ဖြတ်လိုက်တာလဲ...”
ချန်းဟောင်က ကျိန်ဆဲလိုက်သည်။
ဝမ်ယွီက ပြုံးပြီး ဘာမှမပြောပေ။
လှည့်ကြည့်လိုက်ချိန်တွင် ရင်းနှီးနေသည့် မျက်နှာကို တွေ့လိုက်ရသည်။
ထိုလူက အခြားသူများနှင့် စားသောက်ရန် လာခဲ့သည်။ ရုတ်တရက် ဝမ်ယွီကို တွေ့လိုက်ရ၍ မသိစိတ်မှ လည်ပင်းကို ကျုံ့လိုက်သည်။ ထိုလူမှာဝမ်ယွီ့ဆီမှ ဝက်ခေါင်းဖြစ်လုနီးပါး အထိုးခံလိုက်ရသော အန်းနဉ်၏အတန်းဖော် ဟယ့်ရှန်းတုံမှလွဲ၍ တခြားမဟုတ်ပေ။
ဟယ့်ရှန်းတုံက စားသောက်ဆိုင်တွင် ဝမ်ယွီနှင့် ထပ်မံတွေ့ဆုံရန် မမျှော်လင့်ခဲ့ပေ။ မမြင်ချင်ဟန်ဆောင်ကာ အမြန်လမ်းလျှောက်သွားခဲ့သော်လည်း ဝမ်ယွီက သူ့ကို မည်းမှောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
ဆက်တိုက်ကို စောင့်ကြည့်နေခဲ့သည်။
သူ့မှာ ပြဿနာရှိနေတာများလား...
ဟယ့်ရှန်းတုံက ထမင်းပင် ဖြောင့်ဖြောင့်မစားနိုင်ချေ။
ညဘက် အိမ်၌ အန်းနဉ်က ဝမ်ယွီကို မေးလိုက်သည်။
“ပိုက်ဆံက လူတွေကို ရူးသွပ်စေတာလား...”
“ဟုတ်တာပေါ့...”
ချန်းလျန်နှင့် ယန်ယွမ်တို့က ဥပမာများပင် ဖြစ်သည်။
သို့သော် ထိုစကားကို သူ ထုတ်မပြောခဲ့ချေ။
“လွန်ခဲ့တဲ့ ရက်ပိုင်းက သတင်းကို မတွေ့လိုက်ဘူးလား... ငွေသန်းတစ်ရာကို အလွဲသုံးစားလုပ်တဲ့ စာရင်းကိုင်တစ်ယောက်အကြောင်းလေ... သူက အထက်လူကြီးတောင် မဟုတ်သေးဘူး... စာရင်းကိုင်ရာထူးပဲရှိသေးတာကို...”
“ပြီးတော့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေက သူတို့ကိုသာ မိသွားမယ်ဆိုရင် သေဒဏ်ပေးခံရမယ်ဆိုတာ မသိတဲ့သူတွေမလို့လား... သူတို့က သိသိကြီးနဲ့ စွန့်စားနေကြတာ... ဘာအတွက်လဲ...ငွေကလွဲပြီး ဘာကများ ဒီလို ရူးသွပ်စေဦးမှာလဲ...”
အန်းနဉ်က အချိန်အတော်ကြာ ငြိမ်ကျသွားသည်။
“ဒါဆို လူတွေက ငွေအတွက်နဲ့ သူတို့သိတဲ့သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေကို အန္တရာယ်ပြုနိုင်တယ်ပေါ့...”
“ဒါကတော့ အဲ့ဒီငွေပမာဏနဲ့ အကျိုးအမြတ်ပေါ် မူတည်တယ်... လူတချို့က အကျိုးအမြတ်သာ လုံလုံလောက်လောက်ရမယ်ဆိုရင် လူသတ်တာ၊ မီးရှို့တာမျိုးတောင် လုပ်နိုင်တယ်... ဘာဖြစ်လို့မေးတာလဲ...”
အန်းနဉ်က ပြုံးကာ ပြန်ဖြေသည်။
“ဘာမှမဟုတ်ပါဘူး... သတင်းတွေကို ကြည့်ပြီး နည်းနည်းခံစားလိုက်ရလို့... ကမ္ဘာပေါ်မှာ လူအမျိုးမျိုးအစုံစုံ ရှိတာပဲနော်... မယုံနိုင်စရာဘဲ...”
“အဲ့ဒါတွေကို လျှော့ကြည့်နော်... မျက်စိအစာကျွေးတဲ့အနေနဲ့ ကိုယ့်ကိုပဲ များများကြည့်...”
အန်းနဉ်က သူ့ကြောင့် ရယ်ပြုံးလာသည်။
အတိတ်ကို အတိတ်တွင် ထားခဲ့တော့မည်ဖြစ်၍ ယွီရှားအား သူမ ဂရုစိုက်မနေတော့ပေ။
ထို့နောက် ဝမ်ယွီက ဖုန်းကိုင်ရင်း သူမကို မေးလာသည်။
“အရင်တစ်ခေါက်က ကိုယ်ဆော်လိုက်တဲ့ မင်းတို့အတန်းထဲက အဲ့ကောင်နာမည်ဘယ်သူ...”
အန်းနဉ်က ပြန်စဉ်းစားလိုက်သည်။
“ဟယ့်ရှန်းတုံကို ပြောတာလား... ဘာလို့ သူ့အကြောင်းမေးတာလဲ...”
“ဒီနေ့ညစာစားတုန်းက သူနဲ့တွေ့တယ်... သူ့ကြည့်ရတာ လူကောင်းမဟုတ်ဘူး ... တစ်ချက်ကြည့်လိုက်တာနဲ့ ထထိုးချင်စရာကောင်းတဲ့ ရုပ်နဲ့...”
“သူ့ကိုလျစ်လျူရှုထားလိုက်ပါ...”
“သူက ဒီတိုင်းသွားပုတ်လေလွင့် လျှောက်ပြောတတ်တဲ့သူပါပဲ...”
အန်းနဉ်က ဟယ့်ရှန်းတုံနှင့် ပတ်သတ်လျှင် အေးစက်သည့် သဘောထားရှိသည်။
အတန်းထဲက တခြားကောင်လေးများက သူမအတင်းကို နောက်ကွယ်မှာ ပြောခြင်း၊ သူမကို ရှုပ်ထွေးသည့်အကြည့်မျိုးနှင့် ကြည့်ခြင်းမျိုးသာ လုပ်လေ့ရှိသော်လည်း ထိုဟယ့်ရှန်းတုံက စွန်းယာရှန့်၏ ညွှန်ကြားချက်အောက်တွင် သူမအပေါ် မကြားဝံ့မနာသာစကားများ ပြောခဲ့သည်။
အတိတ်ဘဝတွင် သူက စွန်းယာရှန့်၏ ဇာတ်ညွှန်းအတိုင်း လိုက်ပါဆောင်ရွက်ပေးခဲ့သော်လည်း လက်ရှိဘဝတွင် သူက စွန်းယာရှန့် အမုန်းဆုံးလူဖြစ်လာခဲ့သည်။
ဝမ်ယွီက မေးသည်။
“ကိုယ် အဲ့ဒီလူကို အရင်ကတွေ့ဖူးလား...”
“ကျွန်မ ဘယ်လိုလုပ်သိမှာလဲ...”
ခဏစဉ်းစားပြီးနောက် သူမကထပ်ပြောသည်။
“အရင်စာသင်နှစ်တုန်းက အင်္ဂါနေ့တိုင်း ကျွန်မတို့ စာသင်ဆောင်တစ်ခုတည်းမှာ အတူတူသင်ရတယ်လေ... အဲ့ဒီတုန်းက မြင်ဖူးတာများလား..."
အန်းနဉ်၏စကားမှာ အဓိပ္ပာယ်ရှိသည်။
စာသင်ဆောင်အတူတူ ၊ တစ်ထပ်တည်း၊ အိမ်သာသွားစဉ်က တစ်ယောက်နှင့် တစ်ယောက် တွေ့ဖူးကြလိမ့်မည် ။ သိစိတ်က ၎င်းကို မမှတ်မိသော်လည်း မသိစိတ်က သိမ်းဆည်းထား၍ ဖြစ်ရမည်။
ဤဆန်းစစ်ချက်သည် အလွန်သိပ္ပံနည်းလမ်းကျပြီး ကျိုးကြောင်းဆီလျော်မှုရှိသည်။
သို့သော် တချို့သောအကြောင်းပြချက်ကြောင့် ဝမ်ယွီက မကျေမချမ်းဖြစ်သွားသလို ခံစားလိုက်ရသည်။
###