အပိုင်း၁၀၁
Viewers 10k

🤚 Chapter 101




အိပ်မက်၏ အဓိပ္ပာယ်မရှိသည့် အဆုံးသတ်ကို မြင်ပြီးချိန်မှစ၍ ဝမ်ယွီက ထပ်မမက်တော့ပေ။ သူ၏ မသိစိတ်က သူသိရန်လိုအပ်သည့်အရာများကို ပြသလိုခြင်းဖြစ်သည်ဟု ခံစားခဲ့ရသည်။ ကနဦးတွင် သူက ထိုအိပ်မက်အကြောင်းမှန်သမျှကို ငြင်းဆန်ကာ ဆရာဝန်နှင့်လည်း ရက်ချိန်းမယူတော့ချေ။ နောက်ပိုင်း အိပ်မက်များ ဆက်မမက်တော့သည်ကို သတိထားမိလာသဖြင့် သူ၏ထူးဆန်းသော ရောဂါကြီးက အံ့ဩဖွယ်ကောင်းအောင် ပျောက်သွားသည်ဟု ထင်လိုက်ကာ ကုသမှုကို ပျော်ပျော်ရွှင်ရွှင်နှင့် အဆုံးသတ်လိုက်သည်။


သို့သော် ယနေ့ည အိပ်မက်ထပ်မက်လိမ့်မည်ဟု ဝမ်ယွီက မထင်ထားခဲ့ချေ။


ညလယ်ခေါင်တွင် အေးစက်နေသော ချွေးများဖြင့် နိုးလာပြီး မျက်လုံးပွင့်ပွင်းချင်း သူ့ဘေးကို လက်ဆန့်ကာ အန်းနဉ်၏ လက်မောင်းသွယ်သွယ်လေးအား ထိလိုက်သည်မှာ သူ၏ ပထမဆုံးတုံ့ပြန်မှုပင် ဖြစ်သည်။ ထို့နောက် ချက်ချင်းဘေးသို့လှည့်ကာ သူမကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။


အခန်းထဲ လေအေးပေးစက်ဖွင့်ထား၍ အန်းနဉ်၏ကိုယ်မှာ အနည်းငယ်အေးစက်နေသော်လည်း ခဏကြာအောင် ထိတွေ့ပြီးချိန်တွင် တဖြည်းဖြည်း နွေးလာခဲ့သည်။


သူမ အသက်ရှင်နေသေးသည်။


အန်းနဉ်က ဝမ်ယွီကြောင့် နိုးလာခဲ့ရသည်။


“ဘာဖြစ်လို့လဲဟင်...” 


သူမက အိပ်ချင်မူးတူးနှင့်‌ မေးလိုက်သည်။


“အိပ်မက်ဆိုးမက်ပြီး ကိုယ်လန့်နိုးလာတာပါကွာ...” 


ဝမ်ယွီက သူမ၏လည်ပင်းကြားတွင် မျက်နှာကိုနှစ်ထားလိုက်သည်။


သူ့ကိုယ်သင်းနံ့လေးက သန့်ရှင်းလတ်ဆတ်နေတာပဲ…… ကောင်းလိုက်တာနော်...


ဝမ်ယွီက အိပ်မက်ဆိုးကြောင့် လန့်နိုးလာလိမ့်မည်ဟု အန်းနဉ်က မမျှော်လင့်ထားပေ။ 


သူမက သူ့ဘက် မျက်နှာမူလိုက်ကာ လည်ပင်းကို ဖက်လိုက်ပြီး ‘အရူး’ဆို၍ ချစ်စဖွယ် ကြိမ်းမောင်းလိုက်သည်။


အိပ်မက်အကြောင်းမေးချိန်တွင် ဝမ်ယွီက အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။ 


“ကိုယ် တစ်ယောက်ယောက်သေသွားတဲ့ အကြောင်းကို မက်တာ...”


ဝမ်ယွီက သူ့အမေအကြောင်း အိပ်မက်မက်နေသည်ဟု အန်းနဉ် ထင်လိုက်ကာ သူ့ကျောကို ညှင်ညှင်သာသာ ပုတ်ပေးလိုက်သည်။ နှစ်ဦးသားပွေ့ဖက်ရင်းနှင့် အန်းနဉ်က နောက်တစ်ကြိမ် အိပ်မောကျသွားသည်။ သို့သော်လည်း ဝမ်ယွီက မှောင်မည်းနေသည့် အခန်းထဲ အိပ်မပျော်နိုင်ခဲ့ချေ။


သူက အဓိပ္ပာယ်မရှိသည့် အိပ်မက်ကို မက်ခဲ့သည်ဟု ထင်မိခဲ့ပုံရသည်။ ကြည့်ရသည်မှာ အိပ်မက်ထဲမှအချက်အလက်တချို့ကို သူ ကျော်ကြည့်မိခဲ့တဲ့ပုံပင်။


သို့သော် ၎င်းက သူတတ်နိုင်သည့် အပိုင်းမဟုတ်ချေ။ အန်းနဉ် အိပ်ရာထလာမှ သူလည်း နိုးလာခဲ့သည်။


ဝမ်ယွီက မျက်လုံးပွင့်သည်နှင့် ထိုအကြောင်းကို အချိန်အတော်ကြာတွေးတောကာ အိပ်မက်ထဲမှ အချက်အလက်ကို နှိုက်ထုတ်ရန်ဆိုလျှင် ပညာရှင်၏အကူအညီလိုသေးကြောင်း သဘောပေါက်လာသည်။


သို့ဖြစ်၍ ဆရာဝန်က ငယ်ရွယ်ပြီး ချမ်းသာတဲ့ လူနာတစ်ဖြစ်လဲ သူ့ဖောက်သည်အား နောက်တစ်ကြိမ် တွေ့လိုက်ရသည်။


“နောက်ထပ် အိပ်မက်မက်ပြန်ပြီလား...” 


ဆရာဝန်က စတင်မေးမြန်းသည်။


“တစ်ခုခုတော့ လွဲနေတယ်ဆိုတာ အမြဲ ခံစားမိတယ်... ကျွန်တော် ပြန်စစ်ကြည့်ဖို့လိုတယ်...” 


ဆရာဝန်က မျက်မှန်ကို ပင့်တင်လိုက်သည်။ 


“အခု အိပ်မက်ရဲ့ နောက်ဆက်တွဲနဲ့ပတ်သတ်ပြီး ပြောပြဖို့ ဆန္ဒရှိလား...”


ဝမ်ယွီက မျက်နှာလွှဲလိုက်သည်။ 


“ဟင့်အင်း၊ မရှိဘူး...”


ဆရာဝန်၏ ပြောကြားချက်အရ ဤအိပ်မက်ကို ဝမ်ယွီကိုယ်တိုင် ဖန်တီးခဲ့မိခြင်း ဖြစ်နိုင်သည်။ သို့သော်သူက အန်းနဉ်အတွက် ဤသို့သောဇာတ်ကွက်မျိုးကို အဘယ်ကြောင့်များ ဖန်တီးမိသည်ကို နားမလည်နိုင်ခဲ့ချေ။


အိပ်မက်တစ်ခုလုံးတွင် အန်းနဉ်အတွက်‌ ကောင်းသည့်နေရာ မရှိခဲ့ချေ။


ဝမ်ယွီက အိပ်မက်ထဲမှ အကြောင်းအရာကို ဆရာဝန်အား မပြောပြချင်ခဲ့ပေ။ မဟုတ်လျှင် သူက အန်းနဉ်အပေါ် ရန်ငြိုးရှိ၍ ဖန်တီးလိုက်ခြင်းဖြစ်သည်ဟု ဆရာဝန်က ပြောနေပေဦးမည်။


ဝမ်ယွီက ၎င်းကို လက်မခံနိုင်ချေ။


ဆရာဝန်ကလည်း ဝမ်ယွီအား အတင်းမတိုက်တွန်းဘဲ စမ်းသပ်ကုတင်ပေါ်တွင် လှဲရန် ပြောကာ အိပ်မက်ထဲသို့ ထပ်မံဝင်စေသည်။


အန်းနဉ်က လှေကားပေါ်သို့ ခြေဗလာနှင့် ပြေးတက်ကာ သူမအနောက်မှ ယောကျာ်းများက ဝမ်ယွီ့ကိုယ်အား ဖြတ်သွားပြီး သူမအား လိုက်ဖမ်းကြသည်။ ဤအကြိမ်တွင် ဝမ်ယွီက လိုက်သွားရန် အလျင်မလိုခဲ့ချေ။


သူက လှေကားထောင့်၌ ရပ်လိုက်ပြီး အပေါ်၊ အောက်၊ ဘယ်ညာ သေချာကြည့်လိုက်သည်။


နောက်ဆုံးအကြိမ် အိပ်မက်ထဲ ဝင်ခဲ့စဉ်က သူ့အာရုံမှာ အိပ်မက်ထဲမှလူများဆီသာ ရောက်နေခဲ့သဖြင့်ပတ်ဝန်းကျင်အား သေချာဂရုမစိုက်နိုင်ခဲ့ချေ။


နံရံတွင် ‘28F’ဆိုသည့် ဆိုင်းဘုတ်ကပ်ထားပြီး လှေကားပေါ်ရှိ ကြွေပြားများက ထုံးကျောက်ရောင်ရှိသည်။ ထိပ်ဆုံးလှေကားထစ်ရှိ ထောင့်တစ်နေရာတွင် အနည်းငယ်ပဲ့နေသည်။


ဝမ်ယွီက ခေါင်မိုးပေါ်သို့ တက်သွားခဲ့သည်။ ဤအကြိမ်တွင်လည်း သူက ကျောင်းချန်နှင့် သူ့အဖွဲ့သာမက အန်းနဉ်ကိုပင် ကြည့်မနေခဲ့ချေ။ အဆောက်အဦး၏ ထောင့်တစ်နေရာသို့ တည့်တည့်လျှောက်သွားပြီး အဝေးကို လှမ်းကြည့်လိုက်သည်။


မကြာမီ အိပ်မက်ထဲရှိ ပတ်ဝန်းကျင်မှာ သူတို့ နေထိုင်ရာ မြို့တော်စီရင်စုဖြစ်ကြောင်း အတည်ပြုခဲ့သည်။


ရင်းနှီးနေသည့် အထင်ကရ အဆောက်အအုံများကိုပါ တွေ့လိုက်ရသည်။


ပတ်ဝန်းကျင်တည်နေရာက ကွက်ကွက်ကွင်းကွင်းရှိကာ သူက အဆောက်အဦးကို တစ်ပတ် ပတ်စရာပင်မလိုဘဲ တည်နေရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။


ရုတ်တရက် ပိုရင်းနှီးသော အဆောက်အဦးကို တွေ့လိုက်ရသည်။


ဝမ်ယွီက ထိုနေရာကို မျက်စိတစ်ဆုံးကြည့်နေခဲ့သည်။


နောက်ဆုံးတွင် ဝမ်ယွီသည် အိပ်မက်ထဲ ဖြစ်ပျက်ခဲ့သမျှကို ဆရာဝန်အား မပြောခဲ့ပေ။


သို့သော် ယခုတစ်ခေါက် သူနိုးလာချိန်က နောက်ဆုံးတစ်ခေါက်နှင့် မတူပေ။ သူက တုန်လှုပ်ခြင်းမရှိ နိုးလာခဲ့သည်။ မျက်လုံးဖွင့်ပြီး ထထိုင်ကာ မည်သည်ကိုမှမပြောဘဲ တစ်ခုခုကို တွေးတောနေသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။


ထို့နောက် ထွက်ခွာသွားလေသည်။


ထိုလူငယ်လေး နောက်တစ်ကြိမ် ပြန်လာတော့မည် မဟုတ်ကြောင်းကို ဆရာဝန်က အလိုလိုသိနေခဲ့သည်။


အိပ်မက်ထဲက သူလိုချင်နေသည့် အချက်အလက်များကို ရှာတွေ့ခဲ့ကြောင်း သူ့အမူအရာက ဖော်ပြနေသည်။


ဆရာဝန်က အိပ်မက်၏အဆုံးသတ်ကို မသိလိုက်ရ၍ အတန်ငယ် နောင်တရမိသော်လည်း ဝမ်ယွီအား နှုတ်ဆက်လိုက်ကာ မှတ်စုများကို လေးလေးနက်နက် မှတ်သားနေခဲ့သည်။


ဆရာဝန်ထံမှ ပြန်လာချိန်တွင် အလွန်ပင်မှောင်နေပြီဖြစ်သည်။


သူက အန်းနဉ်ကို ဖုန်းခေါ်လိုက်သည်။ 


“အချစ်ရေ ကိုယ်အိမ်ပြန်နောက်ကျလိမ့်မယ်နော်...”


သူက ပြုံးနေပြီး သူ့အသံမှာ နူးညံ့ကာ အလိုလိုက်မှု အပြည့်နှင့်ပင်။ ဖုန်းခေါ်ဆိုမှုပြီးသည်နှင့် သူ့အပြုံးက ပျောက်ကွယ်သွားသည်။


ဝမ်ယွီက သူ့ကိုယ်သူ ရူးနေပြီဟုပင် ခံစားရသည်။


ရူးကြောင်ကြောင်နိုင်သည့် အရာတစ်ခုကို သူလုပ်တော့မည်ဖြစ်၍ပင် ဖြစ်သည်။


ဝမ်ယွီက အန်းနဉ်နှင့် တစ်ခါက လှပသည့်နွေဦးညလေးကို ဖြတ်သန်းခဲ့ဖူးသော ဟိုတယ်ဆီသို့ မောင်းလိုက်သည်။ ဟိုတယ်သို့ မရောက်မီ အဝေးမှ အဆောက်အဦးကို တစ်ချက်လှမ်းကြည့်ကာ အရပ်မျက်နှာကို ခန့်မှန်းလိုက်သည်။


ထို့နောက် အခန်းဆီသို့ တက်သွားကာ ရေချိုးကန်ကျယ်ကြီး၏အရှေ့တွင် ရပ်နေပြီး အဝေးသို့ ငေးကြည့်လိုက်သည်။


အိပ်မက်ထဲတွင် မြင်လိုက်ရသော ကြော်ငြာဆိုင်းဘုတ်များ၊ မီးရောင်များနှင့် ခေါင်မိုးကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းကို သူယခင်က မြင်ဖူးနေ၍ ခေါင်းထဲစွဲပြီး အိပ်မက်ထဲ ပြန်ဖန်တီးလိုက်မိခြင်း ဖြစ်ပေမည်။ ဝမ်ယွီက သူ့ကိုယ်သူ ပြန်အယုံသွင်းနေမိသည်။ 


သူက ဟိုဟိုသည်သည်ကြည့်လိုက်ပြီး သိသာမြင်သာရှိသည့် နေရာများကို ဂရုတစိုက်ကြည့်ကာ အဆောက်အဦးတစ်ခုကို မြင်လိုက်ရသည်။


ကြာမြင့်စွာကြည့်ကာ အဆောက်အဦးတည်နေရာကို ရှင်းရှင်းလင်းလင်း မှတ်သားပြီးနောက် ဟိုတယ်မှ ထွက်လာခဲ့သည်။


သူက အချိန်အကြာကြီး ယူစရာမလိုဘဲ အဆောက်အဦးဆီသို့ ရောက်လာသည်။


၎င်းမှာ နေရာထိုင်ခင်း၊ အစားအသောက်၊ မင်္ဂလာပွဲများနှင့် အမျိုးမျိုးသော စီးပွားရေးဆိုင်ရာ အစည်းအဝေးများ လက်ခံကျင်းပသည့် ဟိုတယ်တစ်ခုဖြစ်သည်။


ဤဟိုတယ်ကို သူတစ်ကြိမ်မှ မရောက်ဖူးသည်မှာ သေချာသည်။


အခြေအနေက အလွန်အမင်း ကျိုးကြောင်းဆီလျော်နိုင်စွမ်း မရှိတော့ချေ။ ဤနေရာကို လာရသည့်အကြောင်းရင်းမှာ သူ့အိပ်မက်ထဲက နေရာနှင့် ကိုက်ညီခြင်းရှိမရှိကို သိချင်နေ၍ပင်ဖြစ်သည်။


သူ့ကိုယ်သူ ရူးနေပြီဟုပင် ခံစားရသည်။ ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့်အရာကို ချက်ချင်း ရပ်တန့်ပြီး လှည့်ထွက်သွားလိုက်သင့်သည့်။


သို့သော် အကြောင်းတစ်ချို့ကြောင့် သူ့ရင်ထဲ တုန်ရီနေသည်ကို ခံစားမိသည်။


ပြုံးထားကာ ဟိုတယ်ထဲသို့ ဆုံလည်တံခါးမှတဆင့် ဝင်လိုက်သည်။


“ကျွန်တော် ဘာများကူညီပေးရပါမလဲ...” 


ဧည့်ကြိုဝန်ထမ်းက မေးလိုက်သည်။


ဝမ်ယွီက ဧည့်ကြိုလက်ထဲ ပိုက်ဆံတစ်ရွက်ထည့်ကာ ပြောလိုက်သည်။ 


“ကိုယ် မေးချင်တာလေးရှိလို့...”


ဧည့်ကြိုက ပိုက်ဆံကို မြန်မြန်သိမ်းလိုက်ပြီး သူ့အပြုံးများက ပိုမိုစစ်မှန်လာသည်။ 


“ဘာများသိချင်ပါသလဲ...”


“ဒီနေရာမှာ တစ်ယောက်ယောက်များ ပြုတ်ကျပြီးသေဖူးသေးလား...”


 ဧည့်ကြိုက အစတွင်’ပြုတ်ကျသေဆုံးသည်’ဟူသော စကားအား သဘောမပေါက်ခဲ့ချေ။ ဝမ်ယွီက သေချာရှင်းပြလိုက်သည်။ 


"တိုက်ပေါ်က ခုန်ချတာလေ... သတ်သေတာလိုမျိုး..."


“အိုး ဆရာပြောတာ နားလည်ပါပြီ...” 


ဧည့်ကြိုက ခဏစဉ်းစားလိုက်ကာ ပြန်ဖြေသည်။ 


“ကျွန်တော် ဒီမှာ အလုပ်လုပ်နေတာ သုံးနှစ်ရှိပြီ... အဲ့ဒီလိုမျိုးတော့ မကြားဖူးသေးဘူး...”


ဝမ်ယွီက ပြောမပြတတ်အောင်ပင် စိတ်သက်သာရာရသွားသည်။


ထို့နောက် နှစ်ဆယ့်ရှစ်ထပ်မြောက်သို့ တက်သွားကာ ဓာတ်လှေကားမှ ထွက်ပြီး လှေကားထစ်များကို မြန်မြန်ရှာတွေ့ခဲ့သည်။


သူက တံခါးလက်ကိုင်ကို တင်းတင်းကိုင်ထားကာ လက်များက ချွေးစိုနေပြီး နှလုံးခုန်သံက မြန်နေခဲ့သည်။


“အဲ့ဒါ အိပ်မက်ပဲ... အိပ်မက်ပဲဖြစ်ရမယ်...”  

သူ့ကိုယ်သူ ပြန်ပြောခဲ့သည်။


သူ တံခါးကို ဖွင့်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသည့် မွန်းစတားကြီးပေါ်လာလိမ့်မည်လို့ပင် ခံစားနေရသည်။


သူ ကလေးဘဝကတည်းက အကြောက်အလန့်မရှိခဲ့ပေ။ သို့သော် ယခုအချိန်၌ အကြောက်တရားအား မထင်မှတ်ဘဲ ခံစားလိုက်ရသည်။


ဤနေရာကို အရူးကဲ့သို့ လာရခြင်းမှာ သူ့အိပ်မက်ထဲက နေရာနှင့် မတူကြောင်း မျက်လုံးများဖြင့် သေချာကြည့်ကာ အဓိပ္ပာယ်မရှိသည့် အိပ်မက်တစ်ခုသာဖြစ်ကြောင်း သက်သေပြလို၍ပင်။


ထို့နောက် သူ အံကြိတ်ကာ တံခါးကို ဖွင့်လိုက်သည်။


တံခါးနောက်တွင် မည်သည့်မွန်းစတားမှ မရှိပေ။ သို့သော် အကြည့်တစ်ချက်တည်းနှင့် ဝမ်ယွီ့စိတ်များ တုန်လှုပ်သွားရသည်။


နံရံပေါ်တွင် ‘28F’ဆိုသည့် ဆိုင်းဘုတ်ရှိနေပြီး လှေကားထစ် ကြွေပြားများက ထုံးကျောက်ရောင်နှင့်ပင်။


ဝမ်ယွီက ခြေထောက်များ ပျော့ခွေလာသည်ကို ခံစားရကာ တုန်တုန်ယင်ယင် လှမ်းလိုက်ပြီး လှေကားနားရပ်ကာ အပေါ်သို့ မော့ကြည့်လိုက်သည်။ အမြင့်ဆုံးအထစ်တွင် ထောင့်စွန်းက ပဲ့နေလေသည်။


ခေါင်းများ မူးဝေလာပြီး ခြေထောက်က ပျော့ခွေနေသဖြင့် မတ်တပ်ကောင်းကောင်း မရပ်နိုင်တော့ဘဲ လဲကျလုနီးပါးဖြစ်ကာ နံရံကို လက်ဖြင့် အားပြုထားရသည်။


ဒါ မဖြစ်နိုင်ဘူး... ဟုတ်တယ် ဒါ လုံးဝမဖြစ်နိုင်ဘူး...


ဤနေရာသို့ မရောက်ဖူးသည်မှာ ၁၀၀ရာခိုင်နှုန်းသေချာသည်။


ဝမ်ယွီက ကိုယ်ကိုငုံ့လိုက်ပြီး ဒူးကိုအားပြုကာ လေကို ရှူထုတ်လိုက်သည်။ ခဏအကြာတွင် ရင်ဘတ်ထဲက နေ၍ကောင်းလာသည်။


ထို့နောက် အပေါ်သို့ မော့ကြည့်လိုက်သည်။ ဤနေရာအထိပင် ရောက်လာခဲ့ပြီးဖြစ်၍ မည်မျှပင် ထိတ်လန့်စရာများ ရှိနေပါစေ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ချေ။


သူက အံကြိတ်ကာ လှေကားထစ်များမှ တဆင့် အပေါ်သို့ တက်သွားသည်။


အဆောက်အဦးက အထပ်သုံးဆယ်သာမြင့်ပြီး ခေါင်မိုး၌ ဝင်ပေါက်တစ်ခုတည်းသာရှိသည်။ မြင်ကွင်းက သူ့အိပ်မက်ထဲကနှင့် တစ်ထပ်တည်းပင်။


ဝမ်ယွီ ဝင်ပေါက်နှင့် မနီးမဝေးတွင် ရပ်လိုက်ရာ ဝင်ပေါက်နှင့် စင်တီမီတာ အနည်းငယ်အကွာ၌ အုတ်ခဲကျိုးတစ်ချပ် ရှိနေခဲ့သည်။


ဝမ်ယွီ့နဖူးတွင် ချွေးစက်များက နေရာယူထားသည်။


သူက အသက်ကို ပြင်းပြင်းရှူကာ ရှေ့သို့ဆက်လျှောက်သည်။ တစ်နေရာအရောက်တွင် လှည့်ကြည့်လိုက်သည်။ 


သူ့နှလုံးက တဒုန်းဒုန်းခုန်နေသည်မှာ ထိုနေရာတွင် နီရဲရဲလျှာအရှည်ကြီးနှင့် နတ်ဆိုးတစ်ကောင် ပုန်းနေသကဲ့သို့ပင်။


သို့မဟုတ် အန်းနဉ်က ကြောက်ရွံ့ထိတ်လန့်စိတ်အပြည့်နှင့် ပုန်းနေ၍ဖြစ်မည်။


သို့သော် ထိုနေရာတွင် သံဆူးချွန်တစ်ချောင်းမှ လွဲ၍ မည်သူမှ မရှိခဲ့ပေ။


ဝမ်ယွီက သံဆူးချွန်ကို အိပ်မက်ထဲ၌ မထမလူ၏အမြင်မှ ခဏခဏကောက်ကိုင်ဖူးသည်။ ယခုအကြိမ်တွင်မူ ပြင်ပကမ္ဘာ၌ သူ့လက်များဖြင့် ကုန်းကောက်လိုက်ပြီး ညဘက်ဖြစ်၍ အဆောက်အဦး၏ အလင်းရောင်အောက်တွင် အနီးကပ်ကြည့်လိုက်သည်။


ထိုသံချောင်း၏ အဆုံးတစ်ဖက်ကို သေချာဖြတ်တောက်ထားပြီး တစ်ခြားတစ်ဖက်က သိမ်းငှက်နှုတ်သီးကဲ့သို့ ကွေးနေလေသည်။


အိပ်မက်ထဲကအတိုင်းပင်


အရာအားလုံးက အိပ်မက်ထဲကနှင့် ထပ်ထူကျနေခဲ့သည်...


ဝမ်ယွီ အသက်ရှူမဝတော့ပေ။


....


နှစ်ရက်လုံး ဝမ်ယွီက ထူးထူးခြားခြားပြုမူနေတာကို ကျိအန်းနဉ် သတိပြုမိသည်။ 


နောက်ဆုံးစာမေးပွဲက ရောက်ရန် မလိုတော့ချေ။ သူက စာကြည့်ခန်းငယ်လေးထဲတွင် သူမနှင့်အတူ စာလာလုပ်ရမည့်အစား တစ်ချိန်လုံး စာကြည့်ခန်းကြီးထဲနေနေသည်။ ဘာလုပ်နေသည်ကိုပင် မသိရချေ။


သူမက မနေနိုင်ဘဲ မေးလိုက်သည်။ 


“အလုပ်မှာ တခုခုဖြစ်လို့လား...”


“မဖြစ်ပါဘူး... ဘာလို့လဲ...”


“ရှင် တစ်ချိန်လုံးအလုပ်များနေပြီးတော့ စာသိပ်မလုပ်ရသေးလို့လေ...” 


ယခင်က သူ ခွင့်ရက်ရှည်ယူခဲသည်။ အမှန်တွင် သူက ယခုစာသင်နှစ်တစ်ဝက်ကိုသာ တက်ခဲ့ရသည်။


“အိုး အဲ့ဒါလား...” 


ဝမ်ယွီက ရုတ်တရက် သဘောပေါက်သွားသည်။


“မပူပါနဲ့ကွာ... ကိုယ်စာမေးပွဲကျမှာ မဟုတ်ဘူး...”


သူက အဆင်ပြေသည်ဟု ဆိုသော်လည်း တစ်ခုခုလွဲနေသည်ကို အန်းနဉ်က ခံစားမိသည်။


အတူတူနေလာသည်မှာ ကြာလာ၍ အကြည့်တစ်ချက်နှင့် နားလည်နိုင်ပြီး အမူအရာတစ်ခုနှင့် အတွေးများကို ခန့်မှန်းနိုင်သည်အထိ ရင်းနှီးလာသည်မှာ ပုံမှန်ပင်။


“ဒီရက်ပိုင်းဘာလုပ်နေတာလဲ...” 


အန်းနဉ်က မေးလိုက်သည်။


“ကိုယ် စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေကို ကြည့်နေတာ...”


“…ဟမ်...” 


အန်းနဉ် စိတ်ရှုပ်ထွေးသွားသည်။


“တော်တော်လေး စိတ်ဝင်စားစရာကောင်းလားလို့....” 


ဝမ်ယွီ့မျက်လုံးများက နက်မှောင်သွားပြီး မေးလိုက်သည်။ 


“မင်း parallel universeအကြောင်း သိတယ်မလား...”


ကျိအန်းနဉ်က ခေါင်းညိတ်လိုက်သည်။ 


“သိတယ်လေ... ငယ်ငယ်က အိမ်မှာ အဲ့ဒီလိုဝတ္ထုတွေ ဖတ်ဖူးတယ်...” 


“စိတ်ဝင်စားဖို့ကောင်းတယ်လို့ မထင်ဘူးလား... မရေမတွက်နိုင်တဲ့ parallel universeတွေမှ အများကြီးပဲ... မင်းကဘယ်ခြေနဲ့စလှမ်းရင်း တစ်ခြားစကြာဝဠာက မင်းက ညာခြေနဲ့လှမ်းလိမ့်မယ်..."


“ဒီကမ္ဘာမှာ မင်းနဲ့ကိုယ် ရှိနေသလိုမျိုး တစ်ခြားကမ္ဘာမှာလည်း မင်းနဲ့ကိုယ်တို့ရှိချင်ရှိနေမှာပဲလေ... ဒီကမ္ဘာမှာတော့ ကိုယ်တို့ အတူတူရှိနေပေမဲ့ နောက်ကမ္ဘာမှာ အဲ့ဒီလိုဖြစ်မဖြစ် ဘယ်သူကသိနိုင်မှာလဲ... တစ်ယောက်က လူသတ်သမားဖြစ်ပြီး နောက်တစ်ယောက်က လူဆိုးသတ်တာခံလိုက်ရတာမျိုးလည်း မဖြစ်နိုင်ဘူးလား... ဘယ်လိုထင်လဲဟင်...”


ဝမ်ယွီက အန်းနဉ်၏မျက်လုံးထဲသို့ စိုက်ကြည့်နေခဲ့သည်။


သူ့စကားဆုံးသည်နှင့် မီးအလင်းရောင်အောက်မှ အန်းနဉ်၏အကြည့်များ ပြောင်းလဲသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။




###