🤚Chapter 102
နှစ်ဦးကြားရှိ နူးညံ့သိမ်မွေ့သည့်လေထုက တင်းမာစပြုလာသည်။
အန်းနဉ်က ပြုံးကာမေးလိုက်သည်။
“ဘာလို့ ဒါကို ရုတ်တရက်ကြီး စိတ်ဝင်စားသွားရတာလဲ...”
သူမအပြုံးများက အတင်းလုပ်ယူထားရသည်ကို ဝမ်ယွီ သေချာပြောနိုင်သည်။ သူ့နှလုံးသားက စူးရှနာကျင်သွားရသည်။
ဝေ့လည်ကြောင်ပတ်လုပ်ခြင်းက ဝမ်ယွီ့စတိုင်မဟုတ်ချေ။
သူက အန်းနဉ်ကို စိုက်ကြည့်ပြီး အမှန်ကို ပြောပြလိုက်သည်။
“ကိုယ် ထူးထူးဆန်းဆန်း အိပ်မက်တွေကို မကြာခဏ မက်တယ်... အိပ်မက်ထဲမှာ မင်းရဲ့အတန်းဖော်တွေက မင်းကို ပုတ်ခတ်ပြောဆိုကြတာတွေ၊ ကျောင်းချန်ဆိုတဲ့ ခွေးကောင်က မင်းကို ကျောင်းမှာ လိုက်နှောင့်ယှက်တာတွေနဲ့ Silver Seaဟိုတယ်ပါ ပါသေးတယ်...”
သူ၏စကားတစ်ခွန်းချင်းစီတိုင်းက အန်းနဉ်၏ အမူအရာများကို ပျောက်ကွယ်သွားစေသည်။ Silver Seaဟိုတယ်အကြောင်း ပါလာချိန်တွင် သူမမျက်နှာ၌ မည်သည့်အမူအရာမှ မရှိတော့ပေ။
သူမက အိပ်မက်ထဲမှ အန်းနဉ်နှင့် ပိုတူလာသည်။
ဝမ်ယွီက ထိုင်ခုံမှ ထရပ်လိုက်သည်။ သူကအရပ်ရှည်သဖြင့် မတ်တပ်ရပ်လိုက်သည်နှင့် အန်းနဉ်အပေါ် အရိပ်ကျလာကာ သူမအား ခုံနှင့် သူ့အကြားပိတ်ဆို့ထားလိုက်သည်။
“အန်းနဉ် ကိုယ့်ကိုပြောပါကွာ…ကိုယ့်အိပ်မက်ထဲက အကြောင်းတွေက အကုန်အမှန်တွေပဲလား...”
သူက ခေါင်းငုံ့ကာ သူမမျက်လုံးများကို စိုက်ကြည့်လိုက်သည်။
အန်းနဉ်၏မျက်လုံးများက အေးစက်နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ တည်ငြိမ်နေပြီး ခန့်မှန်းရခက်သည်။
“မှန်တာ မမှန်တာက အရေးကြီးလို့လား...”
ဝမ်ယွီက မည်သို့ပြန်ဖြေရမည်ကို မသိချေ။
အန်းနဉ်က အလွန် တည်ငြိမ်နေသဖြင့် ခေါင်မိုးပေါ်၌ ကြိုးစားရုန်းကန်နေရသည့် အန်းနဉ်နှင့် ကွဲပြားနေပုံပင်။
သို့သော် အတွင်းကျကျပြောရမည်ဆိုလျှင် သူမတို့က တူညီနေသည်။
အန်းနဉ်က ခေါင်းမော့ကာ ဝမ်ယွီ့ကို ကြည့်လိုက်သည်။
“ကွဲပြားတဲ့ ရွေးချယ်မှုတွေ၊ လုပ်ရပ်တွေကြောင့် ရလဒ်တိုင်းကလည်း တူမှာမဟုတ်တော့ မရေမတွက်နိုင်တဲ့ ကမ္ဘာတွေ ရှိရင်ရှိမှာပေါ့... ဒါပေမဲ့ ဘာဖြစ်လဲ... ဒီကမ္ဘာမှာ ရှင်နဲ့ကျွန်မနဲ့ အတူရှိတယ်... အခြားကမ္ဘာက ကိစ္စက ကျွန်မတို့နဲ့မှ မဆိုင်တာ... ပစ္စုပ္ပန်မှာ ကောင်းကောင်းနေထိုင်မယ်...အဲ့ဒါကမှ အရေးအကြီးဆုံးမဟုတ်ဘူးလား...”
၎င်းအိပ်မက်များထဲတွင် ဝမ်ယွီ့အတွက် အရေးအကြီးဆုံးလူနှစ်ယောက် သေသွားခဲ့ရသည်။
တစ်ယောက်က အဆောက်အဦးပေါ်မှ ပြုတ်ကျသေဆုံးပြီး ကျန်တစ်ယောက်မှာ အချိန်မီ ကုသမှု မခံယူနိုင်၍ ထောင်ထဲ၌ သေဆုံးသွားခဲ့ရသည်။
အန်းနဉ်၏ စကားများက ကျိုးကြောင်းဆီလျော်လှသည်။
“တကယ်လို့ တစ်ခြားကမ္ဘာသာရှိခဲ့မယ်ဆိုရင် ကိုယ် မင်းကို ကောင်းကောင်းဆက်ဆံခဲ့လား...”
အန်းနဉ်က ပြန်မေးလိုက်သည်။
“အဲ့ဒီအကြောင်းကို အိပ်မက်ထဲ မမက်ဖူးဘူးလား...”
“ဟင့်အင်း...”
ဝမ်ယွီက ဝန်ခံလိုက်သည်။
“ကိုယ်စောစောက ပြောခဲ့တာတွေအပြင် ကိုယ့်အဖေက ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးသွားတာကိုပဲ မက်ဖူးတာ...”
သူ့အဖေ၏ ဆုံးပါးမှုကြောင့် ဝမ်ယွီအကျဉ်းကျနေစဉ် သူ့ဘက်မှထောက်ခံပေးမည့်သူ မရှိခဲ့ခြင်းဖြစ်သည်။
အစကတည်းက ဝမ်မိသားစု၌ မိသားစုဝင်အနည်းငယ်သာရှိပြီး အကြီးဆုံးလူက ဆုံးပါးသွားကာ အငယ်ဆုံးက သေမိန့်ကျသွားသည်။ သို့ဖြစ်၍ ဝမ်အိမ်တော်ကြီး ပြိုလဲခဲ့ရသည်။
နောက်ဆုံးတွင် အန်းနဉ်က ပြန်ဖြေခဲ့သည်။
“တခြားကမ္ဘာမှာ ‘ရှင်’ ကျွန်မကို ကောင်းကောင်းဆက်ဆံပေးတာ၊မဆက်ဆံပေးတာက လက်ရှိကျွန်မတို့နဲ့ ဘာမှမဆိုင်ဘူးလေ...”
အမှန်တွင် ဝမ်ယွီ့မေးခွန်းမှာ ရိုးရှင်းလှသည်။ ‘ကောင်းတယ်၊မကောင်းဘူး’ ဟုဖြေပေးရုံသာ ဖြစ်သည်။ အကယ်၍ သူသာကောင်းကောင်းဆက်ဆံခဲ့မည်ဆိုလျှင် သူမက အဖြေကို တိုက်ရိုက်ဖြေပေးလိမ့်မည်။
ယခု အန်းနဉ်က ‘ကောင်းတယ်’ဟု မဖြေခဲ့၍ အဖြေက ရှင်းနေသည်။
ဝမ်ယွီက မယုံကြည်နိုင်လောက်အောင် ခံစားခဲ့ရသည်။
ဘာလို့ သူ့အပေါ် ကောင်းကောင်းမဆက်ဆံခဲ့ရတာလဲ...
အန်းနဉ်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။
“သိပ်အများကြီး စဉ်းစားမနေပါနဲ့...”
ဝမ်ယွီက နောက်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
“အိပ်မက်ထဲမှာ ကိုယ်ကလူသတ်သမားဆိုတော့ ကိုယ်သတ်ခဲ့တဲ့လူက….”
သူ့မျက်ဝန်းများက မှင်ကဲ့သို့ မည်းနက်ကာ အသံက ရေခဲကဲ့သို့ အေးစက်နေသည်။
“သူလား...”
‘သူ’ဆိုသည့် စကားလုံးက မည်သူ့အားဆိုလိုသည်ကို ဝမ်ယွီသာမက အန်းနဉ်ပါသိသည်။
Silver Seaဟိုတယ်အကြောင်းမက်ကတည်းက သူမမည်သို့သေခဲ့ရသည်နှင့် မည်သူ့ကြောင့် သေခဲ့ရသည်ကို ဝမ်ယွီ သိနေလောက်သည်။
အန်းနဉ်က ပြန်မဖြေခဲ့သော်လည်း ဝမ်ယွီက သူမမျက်တောင်များ တုန်လှုပ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ဝမ်ယွီက သူမကို လက်မောင်းများကြား ပွေ့ဖက်ထားပြီး နဖူးထိပ်ကို နမ်းကာ နူးညံ့စွာ မေးလိုက်သည်။
“သူက မင်းကို ဘာလုပ်ချင်တာလဲ...”
“မမေးပါနဲ့တော့ ဝမ်ယွီ...”
အန်းနဉ်က ခြေဖျားထောက်ကာ ဝမ်ယွီ့လည်ပင်းကို တင်းတင်းလေး ဖက်လိုက်ပြီး တုန်လှုပ်နေသည့် အသံနှင့် ပြောလာသည်။
“ရှင့်ကို ခွင့်မပြုဘူးနော်... ကျွန်မကြောင့်နဲ့ တစ်ခုခုကို ရူးရူးမိုက်မိုက် လုပ်မှာကို ခွင့်မပြုဘူး... လုံးဝပဲနော်... ကျွန်မကို ကတိပေး... မြန်မြန်...”
သူမ၏ကိုယ်လေးက တုန်ရီနေလေသည်။
[ရှင်သာ တစ်ယောက်ယောက်ကို သတ်ခဲ့ရင် ဥပဒေအရ ပြစ်ဒဏ်က လွတ်နိုင်မှာလား... အဖမ်းမခံရဘူးလို့ ထင်နေတာလား...]
တစ်ခါက လူသတ်ခြင်းနှင့် ပတ်သတ်ပြီး အန်းနဉ် သူ့အား မေးခဲ့ဖူးသည်ကို မှတ်မိလာသည်။
သူ့အိပ်မက်ထဲတွင် ပြစ်ဒဏ်မှ လွတ်မြောက်မည့်အစား ပြင်းပြင်းထန်ထန် အပြစ်ပေးခံလိုက်ရသည်ကား ထင်ရှားသည်။ ယနေ့ခေတ်တွင် သေဒဏ်ပေးသည်က ရှားလှပြီး အများဆုံးမှာ တစ်သက်တစ်ကျွန်းကျခံရုံသာ ဖြစ်သည်။
ဒါဆို ဒီကိစ္စကို တစ်ချိန်လုံး လျှိုဝှက်ထားပြီး ဘာတစ်ခွန်းမှ ပြောမလာရတဲ့ အကြောင်းအရင်းက သူ့ကြောင့်တဲ့လား...
အရမ်းအားနည်းပြီး အကာအကွယ်လိုအပ်ပုံပေါ်တဲ့ အန်းနဉ်က တစ်ချိန်လုံး သူ့ကို ကာကွယ်ပေးနေခဲ့တာလား...
သူ့မျက်လုံးများ စူးရှနာကျင်လာသည်။
သူက အန်းနဉ်ကို ပွေ့ဖက်ကာ သူမ၏နောက်ကျောကို ဖြေးဖြေးချင်း ပုတ်ပေးလိုက်သည်။
“ကိုယ်ကတိပေးပါတယ်...”
ကိုယ် ဒီကိစ္စမှာ မပတ်သတ်စေရဘူး...
ဝမ်ယွီက သူ့စိတ်ထဲတွင် ပြောလိုက်သည်။
“အဲ့ဒါတွေက အိပ်မက်ပဲ....”
အန်းနဉ်က နောက်ဆုံးအထိ အသိအမှတ်ပြုရန် ငြင်းဆန်နေခဲ့သည်။
“အိပ်မက်ဆိုတာ အဓိပ္ပာယ်မရှိဘူး... ကျွန်မတို့က အခြားကမ္ဘာမှာ နေနေတာမဟုတ်ဘူးလေ... လက်ရှိပစ္စုပ္ပန်မှာ နေနေကြတာ...”
ဝမ်ယွီက မေးလိုက်သည်။
“ဒါဆို အခု ပစ္စုပ္ပန်မှာ နေနေတာ မင်း အဆင်ပြေရဲ့လား...”
အန်းနဉ်က ထိုမေးခွန်းသည် ရူးကြောင်ကြောင်နိုင်မှန်း ခံစားလိုက်ရသည်။ သူမ၏အမူအရာများက ပိုမိုနူးညံ့လာသည်။
“အင်း ကျွန်မမှာ ရှင်ရှိနေတယ်လေ...”
ထိုစကားတစ်ခွန်းနှင့်ပင် ဝမ်ယွီနှလုံးသားလေးက ပိုကောင်းမွန်လာသည်။
အိပ်မက်ထဲမှ ဝမ်ယွီကဲ့သို့ မည်းမှောင်မနေဘဲ သူ့မျက်လုံးများက တောက်ပနေသည်။
မီးပိတ်ပြီးနောက် အိပ်ရန်ပြင်လိုက်သည်။ ဝမ်ယွီက အန်းနဉ်ကို ဖက်ထားပြီး သူမ၏စာအခြေအနေကို မေးလိုက်သည်။
“ကျွန်မ ပညာသင်ဆုရမယ်ထင်တယ်...”
“ကောင်းတာပေါ့... ဒါဆို စာမေးပွဲကြီးပြီးတာနဲ့ ကိုယ်တို့ ခရီးထွက်ရအောင်လေ...”
“ဘယ်သွားချင်လဲ..”
အန္တာတိကတိုက်ဖြစ်ဖြစ် အာတိတ်သမုဒ္ဒရာပဲ ဖြစ်ဖြစ် မည်သည့်နေရာမဆို သူမနှင့် အတူသွားမည်။ ကမ္ဘာမြေကြီးအဆုံးထိပင် သွားကြမည်။
အန်းနဉ်က မျက်နှာကျက်ကိုငေးကြည့်ကာ ကြာမြင့်စွာတိတ်ဆိတ်နေသည်။
“ကျွန်မ မြို့တော်ကို သွားချင်တယ်...”
ဝမ်ယွီ:”…..”
သူ မမျှော်လင့်ထားသည့် နေရာပင်။
“ဘာလို့လဲ...”
“ကျွန်မငယ်ငယ်တုန်းက သွားချင်ခဲ့တာ... ဒါပေမဲ့ အမေက အစောကြီးဆုံးသွားပြီးနောက်ပိုင်း အဖေနဲ့လည်း အတွေ့နည်းလာခဲ့တယ်... အဖွားကပဲ ပြုစုပျိုးထောင်ပေးခဲ့တာ... အဖွားက အမြဲပြောတယ်... ကျွန်မသာ အသက်ပိုကြီးလာရင် အင်း ဆယ့်ငါးနှစ်လောက်ရောက်ရင် အလံလွှင့်တဲ့ အခမ်းအနားကို ကြည့်ဖို့ မြို့တော်ကို ခေါ်သွားပေးမယ်တဲ့...”
ကျိထိုက်က ငွေအလွဲသုံးစားလုပ်ပြီး ထွက်ပြေးသွားချိန်တွင် အန်းနဉ်မှာ ဆယ့်ငါးနှစ်ပင် မပြည့်သေးကြောင်းကို ဝမ်ယွီ သတိရလာသည်။
“ရင်ပြင်မှာ ပြာကျဲလို့ရလားဟင်...”
အန်းနဉ်က မေးလိုက်သည်။
ဝမ်ယွီက သက်ပြင်းချလိုက်ကာ ပြောသည်။
“မရဘူး...”
“ဒါဆို မြို့နံရံပေါ်ကကော...”
ဝမ်ယွီက သူမပါးကို ထိလိုက်သည်။
“ပြာကို ခိုးယူသွားကြတာပေါ့... ဟိုကျရင် တိတ်တိတ်လေး ကျဲကြမယ်လေ...”
အန်းနဉ်က သက်ပြင်းချလိုက်သည်။
“ထားလိုက်ပါတော့...”
ခဏအကြာတွင် သူမက ပြောလာသည်။
“ရှင်သိလား... ကိုယ်ချစ်ရတဲ့သူရဲ့ အရိုးပြာကို လည်ဆွဲလုပ်ဝတ်လို့ရတယ်လို့ အင်တာနက်ပေါ်မှာ ဖတ်ဖူးတယ်... ကျွန်မသာ ဝတ်ထားပြီးတော့ မြို့တော်ကို သွားမယ်ဆိုရင် အဖွား ကိုယ်တိုင် မမြင်ရရင်တောင် သူ သိလောက်မှာပါနော်...”
အဖွားဆုံးပါးသွားပြီးတည်းက ဝမ်ယွီနှင့် အန်းနဉ်တို့က အဖွားအကြောင်းကို မပြောမိစေရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ ယခုအချိန်တွင် အန်းနဉ်ကိုယ်တိုင် အဖွားအကြောင်းကို ပြန်အစပြုကာ ပြောလာခဲ့ခြင်းဖြစ်သည်။
ဝမ်ယွီ့ရင်ထဲ ဆို့နင့်လာသည်။
အချိန်က နာကျင်မှုကို တဖြည်းဖြည်း ကုစားပေးနိုင်သော်လည်း ၎င်းက သူတို့ချစ်ရသည့် သူများအား မေ့သွားစေမည်မဟုတ်ပေ။
သူမဘက်က ထုတ်မပြောခဲ့သော်လည်း အဖွားကို စိတ်ထဲက အမြဲသတိရနေသည်မှာ သိသာသည်။
“လည်ဆွဲကို စိန်နဲ့ လုပ်ရင်ကော... ကိုယ်လည်း တွေ့ဖူးတယ်... နောက်ကျရင် လုပ်ကြရအောင်လေ...”
နှစ်ယောက်လုံး တဖြည်းဖြည်းနှင့် ငြိမ်ကျသွားကာ တစ်ခန်းလုံးလည်း တိတ်ဆိတ်သွားသည်။
ဝမ်ယွီက အန်းနဉ်၏ပါးကို ညှင်သာစွာထိလိုက်သည်။ သူမအိပ်ပျော်သွားပြီဟု ထင်လိုက်သည်။
ရုတ်တရက် အန်းနဉ်ထံမှ သက်ပြင်းချသံ ကြားလိုက်ရသည်။
“နေ့တိုင်း မျက်လုံးပွင့်ပြီဆိုတာနဲ့ စာလုပ်ရတယ်၊ စာမေးပွဲဖြေရတယ်... တကယ့်ကို ကံကောင်းတာပဲ...”
သေခြင်းတရားကို ကြုံဖူးသူများကသာ ထိုပျော်ရွှင်မှုမျိုးကို နားလည်နိုင်သည်။
ဝမ်ယွီက တစ်ခုခုကို အကြာကြီးတွေးနေခဲ့သည်။ သူက အန်းနဉ်ကို မပတ်သတ်စေရဟုသာ ကတိပေးခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့် ကတိမှမရှိခဲ့ပေ။
ဝမ်ယွီက လောင်ရှင်းကို ထပ်မံဆက်သွယ်ခဲ့သည်။
“ကျွန်တော် တစ်ယောက်ယောက်ကို တွေ့ချင်တယ်... သူ့ကို ရှာပေးပါ...”
~
သန့်ရှင်းမှုပင်မရှိသည့် ဆေးခန်းအသေးစားလေးထဲမှ ကုတင်တစ်လုံးပေါ်တွင် ယွီရှား လှဲလျောင်းနေခဲ့သည်။
သူမ အနည်းငယ်ထိတ်လန့်နေပြီး ဆရာဝန်က အပ်အရှည်ကြီးထုတ်လိုက်သည်ကို မြင်ချိန်တွင် နောင်တရလာသည်။
“ကျွန်မ ….ကျွန်မ မလုပ်ချင်တော့ဘူး... ပြန်တော့မယ်...”
သူမအသံကပင် တုန်နေခဲ့သည်။
သက်လတ်ပိုင်းအရွယ်သူနာပြုက ပြင်းထန်သည့်မျက်နှာဖြင့် သူမအား နောက်ပြန်တွန်းကာ စိတ်မရှည်စွာ ပြောနေခဲ့သည်။
“အခုမှ နောင်တရမယ်ဆိုရင် အရမ်းနောက်ကျသွားပြီ... မင်း ဟော်မုန်းဆေးတွေ သောက်နေတာ ခုနစ်ရက်တောင်ရှိနေပြီ... အခုလောက်ဆို မင်းရဲ့ မမျိုးဥလည်း ကြွေလောက်ပြီပေါ့... ဒီအထိတောင် ရောက်နေပြီ... အလဟဿ အဖြစ်မခံပါနဲ့တော့...”
“ဒါပေမဲ့……”
ယွီရှားက ၃၅စင်တီမီတာရှည်သည့် အပ်ကို ကြည့်ကာ ကြောက်လန့်တုန်လှုပ်သွားသည်။
“ဒါပေမဲ့….”
“ဘာမှ ပူစရာမလိုဘူး... မြန်မြန်လေး လှဲလိုက်တော့...”
သူနာပြုက ဆရာဝန်ဆိုသည့် လူကိုပါ အော်ဟစ်လိုက်သည်။
“နင်ရော မြန်မြန်လုပ်...”
သူနာပြုထက် သဘောထား အနည်းငယ်ပိုကောင်းပုံရသည့် ‘ဆရာဝန်’ဆိုသူက လျှောက်လာပြီး ယွီရှားအား နှစ်သိမ့်ပေးသည်။
“မကြောက်ပါနဲ့... ခဏလေးပဲကြာမှာ... ပြီးတာနဲ့ မင်းပိုက်ဆံလည်း ရပြီလေ...”
‘ပိုက်ဆံရမှာ’ဆိုသည့် စကားတစ်ခွန်းက ယွီရှား၏ ကြောက်လန့်စိတ်ကို ငြိမ်ကျသွားစေသည်။ သူမက ခဏ တုံ့ဆိုင်းနေခဲ့ပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး….ညှင်ညှင်သာသာလေး လုပ်ပေးပါနော်...”
“မပူပါနဲ့...”
ဆရာဝန်က သူ့ကိုယ်သူ အမွှမ်းတင်လိုက်သည်။
“မမျိုးဥထုတ်တဲ့ ခွဲစိတ်မှုတွေ တစ်နေ့ကို အခေါက်ခေါက်အခါခါ လုပ်ဖူးတယ်... မြန်ပါတယ်...”
သူတို့က ယွီရှားအား နာလိမ့်မည်မဟုတ်ကြောင်း အာမခံခဲ့သဖြင့် သူမလည်း ယုံသွားသည်။ ရလဒ်က မချိမဆံ့ ဝေဒနာကို အတောင့်လိုက်ခံစားလိုက်ရခြင်းပင်။
သာမန်ဆေးထိုးအပ်အဖျားသည် ၀.၇မီလီမီတာသာ ရှိပြီး ယခုသုံးသည့်အပ်က မိန်းမကိုယ်ကိုဖြတ်ကာ သားအိမ်မှတဆင့် မမျိုးဥထုတ်ရန် ဖြစ်၍ ၃၅စင်တီမီတာ ရှည်သည်။ ခန္ဓာကိုယ်က မည်မျှပင် ထိခိုက်သွားမည်ကို တွေးကြည့်စရာ မလိုချေ။
ပုံမှန်ဆေးရုံများတွင် မျိုးဥထုတ်သည့်ဖြစ်စဉ်၌ ဆယ်ဂဏန်းအထိသာ ထုတ်ကြသည်ကို ယွီရှားမသိခဲ့ပေ။ ဤဆေးခန်းလေးတွင် သူမ လာရောင်းစဉ်က ဆရာဝန်နှင့် သူနာပြုတို့ အချင်းချင်း မျက်စပစ်ကြပြီး ပုံမှန်ထက် နှစ်ဆယ့်တစ်လုံးအထိပိုထုတ်ရန် ပြင်ကြသည်။ ၎င်းက သာမန်အမျိုးသမီးတစ်ဦး၏ နှစ်နှစ်စာ မျိုးဥဆင်းခြင်းနှင့် ညီမျှသည်။
မျိုးဥထုတ်သည့်ဖြစ်စဉ်တွင် သူမသားအိမ်၌ ဒဏ်ရာဆယ်ခုမက ကျန်နေခဲ့သည်။
ကုတင်မှ ဆင်းလိုက်သည်နှင့် ပြိုလဲကျလုနီးပါး ပင်ပန်းနေခဲ့သည်။
ထိုအခြေအနေတွင် ပိုက်ဆံတောင်းရန် မမေ့ခဲ့ချေ။
သူနာပြုက သူမအား ရှေ့ကောင်တာသို့ ခေါ်သွားပြီး ငွေသားလက်ငင်း ရှင်းပေးခဲ့သည်။ ယွီရှားက ယွမ်တစ်သောင်းရခဲ့သည်။ သူမက ငွေလိုအပ်နေ၍ စိတ်သက်သာရသွားသည်။
ယွီရှား သူ့မဗိုက်ကို ကိုင်ကာ ထိုနေရာမှ တစ်လှမ်းချင်း ထွက်သွားသည်။
လမ်းတွင် သူမဆီဖုန်းတစ်ကော ဝင်လာပြီး ဖုန်းသံကြောင့် ကြောက်လန့်တကြားဖြစ်သွားသည်။
သူမက တုန်တုန်ယင်ယင်ဖြင့် ဖုန်းကို ကြည့်လိုက်ရာ အကြွေးရှင်များ ခေါ်နေခြင်းဖြစ်သည်ကို တွေ့လိုက်ရသည်။
“ငါ မင်းကိုသတိပေးထားမယ်... တကယ်လို့ ဒီနေ့ငါသာ ပိုက်ဆံမတွေ့ရဖူးဆိုရင် မင်းcontactထဲက လူအားလုံးကို မင်းရဲ့ပုံတွေ ပို့ပစ်မယ်...”
တစ်ဖက်လူက အော်ဟစ်ဆဲဆိုသည်။
ယွီရှားက ချေးငွေအတွက် ခန္ဓာကိုယ်အပြည့်အဝဖော်ပြထားသည့် ပုံကို အရိုက်ခံခဲ့ရသည်။ တစ်ဖက်လူက applicationမှတစ်ဆင့် သူမဖုန်းမှ contact listကို စစ်ဆေးခွင့်ရှိကာ သူမဘက်က ‘သဘောတူတယ်’ဆိုသည်ကို နှိပ်လိုက်ပါက သူမ၏contact listတစ်ခုလုံး သူတို့ဆီ ရောက်သွားမည်ဖြစ်သည်။
အချိန်မီပြန်မဆပ်နိုင်လျှင် ပုံကို ဖြန့်ပစ်မည်ဖြစ်သည်။
ယွီရှားက မျက်ရည်များ တသွင်သွင်ကျဆင်း၍ နေသည်။
“အခုပေးပါ့မယ်... အခုကျွန်မ ဘဏ်နားရောက်တော့မယ်... ချက်ချင်းလွှဲပေးပါမယ်...”
ခက်သည်က တစ်ဖက်လူက သူမအား မယုံပေ။ ထို့ကြောင့် သူမက ဆက်ပြောသည်။
“ကျွန်မ မမျိုးဥရောင်းခဲ့တာပါ... ပြန်ဆပ်ဖို့ ပိုက်ဆံရှိပါတယ်...”
“အိုး မင်းမှာ ပိုက်ဆံရှာဖို့ အရင်းအမြစ်ရှိသားပဲ....”
တစ်ဖက်လူက ရယ်လိုက်သည်။
“ဒါဆိုလည်း ကောင်းပြီလေ... မြန်မြန်လွှဲလိုက်...”
ဖုန်းကျသွားသည်နှင့် နောက်ထပ် ဖုန်းကောများ ဝင်လာကာ အားလုံးက အကြွေးရှင်များထံမှ ဖြစ်သည်။
ယွီရှားက ပြန်မဖြေရဲတော့ပေ။ ထိုလူများက သူမအား ရှာမတွေ့လျှင် သူမcontact listထဲမှ လူတိုင်းကို လိုက်နှောင့်ယှက်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူမသူငယ်ချင်းများနှင့် မိသားစုဝင်များကို သူမ၏ ပုံများပို့လိုက်သည်ထက် ပိုကောင်းပါသေးသည်။
ယွီရှားက ATMစက်ကို ရှာတွေ့သွားကာ ငွေသားအားလုံး သူမအကောင့်ထဲ ထည့်လိုက်ပြီး တစ်ဖက်လူကို တိုက်ရိုက်လွှဲပေးလိုက်သည်။
'မျိုးဥရောင်းတာက ကောင်းသားပဲ... ပိုက်ဆံများများရတယ်'ဟုပင် သူမတွေးလိုက်သေးသည်။
အနာဂတ်မှာ ၎င်းကိုဆက်လုပ်ရန်ပင် စဉ်းစားမိသည်။
စဉ်းစားနေရုံရှိသေးသော်လည်း သူမဗိုက်မှ နာကျင်မှုက ရုတ်တရက်တိုးလာသည်။
ဘဏ်ဝန်ထမ်းများနှင့် ဖောက်သည်များက ATMစက်ရှေ့တွင် မိန်းမငယ်လေးတစ်ဦး မေ့လဲကျနေသည်ကို တွေ့လိုက်ရသည်။
###