🤚Chapter 103
ယွီရှားနိုးလာသည်နှင့် သူမကိုယ်သူမ ICUခန်းထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ရောက်နေရသည့် အကြောင်းရင်းကို မသိသဖြင့် မွှန်ထူနေခဲ့သည်။
သူနာပြုက သူမကိုစစ်ဆေးရန် ရောက်လာချိန်တွင် သူမက အက်ကွဲနေသည့် အသံနှင့် ခေါ်လိုက်သည်။
“အဒေါ် ကျွန်မ ဘာဖြစ်သွားတာလဲဟင်...”
သက်လက်ပိုင်းအရွယ် သူနာပြုက သူမအားကြည့်ကာ ဖြေလိုက်သည်။
“သားအိမ်ကို အလွန်အမင်းလှုံ့ဆော်ခံလိုက်ရပြီး သားအိမ်တွင်း အရည်လျှံလာတာလေ... မင်းသတိလစ်နေတာ သုံးရက်ရှိပြီ...”
ဆေးပညာအသုံးအနှုန်းများကို နားမလည်နိုင်သဖြင့် သူမက ငေးကြောင်ကြောင်ဖြစ်နေလေသည်။
သူနာပြုဆရာမက ချက်ချင်းသဘောပေါက်သွားသည်။
“ခဏနေ ဆရာဝန်ရောက်လာရင် မင်းကို ရှင်းပြလိမ့်မယ်...”
ဆရာဝန်က မြန်မြန်ရောက်လာပြီး သူမအားစစ်ဆေးကာ ခေါင်းတညိတ်ညိတ်ဖြင့် မေးသည်။
“မင်းအသက်ဘယ်လောက်ရှိပြီလဲ...”
“ဆယ့်ကိုးနှစ်ပါ...”
“မင်းက ကျောင်းသူလား...”
“ဟုတ်ကဲ့...”
ထို့နောက် ဆရာဝန်က ပြောလိုက်သည်။
“မင်းမိသားစုကို ဆက်သွယ်ပြီး ဒီကို မြန်မြန်လာဖို့ ပြောလိုက်ပါ...”
ဆယ့်ကိုးနှစ်ဆိုလျှင် အရွယ်ရောက်သူဟု သတ်မှတ်၍ရသော်လည်း ဤနိုင်ငံတွင် ထိုသို့ မသတ်မှတ်ကြသေးပေ။ တစ်ခုခုဖြစ်လျှင် မိဘခေါ်ရန်လိုသည်။
ယွီရှား ကြက်သေသေသွားသည်။
“ကျွန်မမိသားစုက ဒီမြို့ကမဟုတ်ဘူး... သူတို့လာနိုင်မှာမဟုတ်ဘူး...”
ဆရာဝန်နှင့် သူနာပြုဆရာမတို့ မျက်နှာအမူအရာမကောင်းသည်ကို တွေ့လိုက်ရာ သူမက မြန်မြန်ထပ်ပြောသည်။
“ကျွန်မက အရွယ်ရောက်နေပါပြီ... ကျွန်မကိုပဲ တိုက်ရိုက်ပြောလိုက်လို့ရပါတယ်...”
ဆရာဝန်က အတန်ကြာစဉ်းစားပြီး သူမအား မေးလိုက်သည်။
“အတန်းဖော်လေး၊ မင်း မျိုးဥလှူခဲ့တာလား...”
ယွီရှားက ရိုးအချင်ယောင်ဆောင်ကာ ငြင်းလိုက်သည်။
“မလှူဖူးပါဘူး...”
လိမ်သည့်အကြောင်းကို ပြောရမည်ဆိုလျှင် သူမ၏တုံ့ပြန်မှုက အလွန်မြန်ဆန်သည်။ ဆရာဝန်ကိုယ်တိုင်ပင် ထိုမိန်းကလေးက ဉာဏ်ကောင်းသည်လား၊ တုံးအသည်လားဆိုသည်ကို မသိနိုင်ခဲ့ပေ။
ဆရာဝန်က ဒေါသထွက်သွားပြီး ဆက်ပြောသည်။
“မြန်မြန်မငြင်းပါနဲ့... မင်းအခြေအနေကို မင်းကိုယ်တိုင်ပြန်ကြည့်လိုက်ဦး...”
ယွီရှားက စိတ်ရှုပ်သွားသော်လည်း ဆရာဝန်က ပြောသည့်အတိုင်း ကြည့်လိုက်သည်နှင့် ချက်ချင်းရှော့ရသွားသည်။ သူမက အလန့်တကြား အော်မိမတတ်ဖြစ်ကာ မေးလိုက်သည်။
“ကျွန်မဗိုက် ဘာဖြစ်သွားတာလဲ...”
သူမ၏ဗိုက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကဲ့သို့ ဖောင်းနေခဲ့သည်။
ကြောက်အားကြီးပြီး မျက်ရည်များပင် ကျလာသည်။
ဆရာဝန်က ပြောလိုက်သည်။
“မင်းရဲ့ သားအိမ်က အလွန်အမင်း လှုံ့ဆော်ခံလိုက်ရလို့ ပျက်စီးသွားပြီ... အနာဂတ်မှာ… မင်းကလေးရနိုင်တော့မှာ မဟုတ်ဘူး..”
ကလေးမရနိုင်သည့်ကိစ္စအပေါ် အလွန်မခံစားရသဖြင့် သူမစိတ်များပြန်တည်ငြိမ်သွားသည်။
“ဒါဆို… ကျွန်မ မျိုးဥဆက်လှူလို့ရသေးလားဟင်...”
ဤမိန်းကလေးသာ သူမသမီးဆိုလျှင် သူမအားဆွဲကာ ကောင်းကောင်းရိုက်နှက်ပစ်ပေမည်ဟု သူနာပြုက ဒေါသတကြီး တွေးလိုက်သည်။
“လှူဦးမယ်ဟုတ်လား... မင်း သေတော့မလိုဖြစ်သွားတာ သိရဲ့လား... သတိလစ်နေတဲ့ သုံးရက်လုံးလုံး အရေးပေါ်ကုသမှုတွေ ခံနေရတာ...”
အမှန်၌ ကိုယ်ဝန်မဆောင်နိုင်ခြင်း၊ သတိလစ်ခြင်းနှင့်၊ သေခါနီးအထိဖြစ်သွားခြင်းက ယွီရှားအား မခြောက်လှန့်နိုင်ပေ။ ခေတ်မီဆေးဝါးနှင့်ဆိုလျှင် မည်သို့ပင်ဖြစ်စေကုနိုင်သည်ဟု သူမက တွေးလိုက်သည်။ ထို့အပြင် သူမက ကင်ဆာဖြစ်နေခြင်း မဟုတ်ပေ။
ယွီရှားကို အမှန်တကယ်ကြေကွဲစေသည်က ဆေးရုံစရိတ်ပင်ဖြစ်သည်။
လူငယ်များအနေနှင့် ICUခန်းရောက်နိုင်သည့် ပြင်းထန်သော နာမကျန်းမှုမျိုး မဖြစ်ဖူးသရွေ့ ဆေးရုံစရိတ် မည်မျှကုန်မည်ကို နားလည်နိုင်မည်မဟုတ်ချေ။
ICUခန်းထဲ သုံးရက်နေခဲ့ရာ ပထမသုံးရက်က ယွမ်တစ်သောင်းခွဲကျကာ ကျန်နှစ်ရက်အတွက် တစ်ရက်ကို ယွမ်ခြောက်ထောင်ကုန်သည်။ စုစုပေါင်း ယွမ်ငါးသောင်းခုနစ်ထောင်ကျကာ ပုံမှန်လူနာဆောင်ကို ပြောင်းရွေ့ခက မပါသေးချေ။
မျိုးဥရောင်းရန် သူမက ခွဲစိတ်ကုတင်ပေါ်တွင် မချိမဆံ့ဝေဒနာကို ခံစားခဲ့ရသည်။ သူမ၏သားအိမ်တွင်လည်း အပေါက်ဆယ်ပေါက်ရှိပြီး တစ်သက်လုံးမြုံသွားသည်အထိ အသက်နှင့်ရင်းခဲ့ရသော်လည်း ယွမ်တစ်သောင်းသာ ရခဲ့သည်။
ICUတစ်ရက်စာ စရိတ်ပင် မကာမိပေ။
သူမ၏ဖုန်းတွင် ချေးငွေပလက်ဖောင်းများထံမှ ဖုန်းကောများက အရူးအမူးဝင်နေသည်။
ပိုပြီး နှောင့်နှေးနေလေလေ အတိုးက ပိုများလာမည်ဖြစ်သည်။
ယွီရှား၌ မျှော်လင့်ချက်များ မရှိတော့ပေ။
ပိုင်လုတွင် သူမကို ကာကွယ်မည့် မိဘများ၊ ဘေးကထောက်ပံ့ပေးမည့် သူငယ်ချင်းများ ရှိနေသေးသည်။
သူမတွင် ဘာတစ်ခုမှ မရှိပေ။
သူမလာခဲ့သည့် မြို့လေးတွင် လူတစ်ယောက်၏ ပျမ်းမျှလစာမှာ ယွမ်သုံးထောင်သာရှိသည်။ သူမတင်နေသည့် အကြွေးပမာဏကို သူမမိဘများပြန်ဆပ်ပေးနိုင်မည် မဟုတ်ချေ။
စိတ်ပျက်အားငယ်စွာဖြင့် ဆေးရုံခေါင်မိုးပေါ်သို့ တက်လာခဲ့သည်။
ထိုနေ့တွင် လူတိုင်း နောက်ဆုံးစာမေးပွဲကို ဖြေဆိုနေကြချိန် ယွီရှားက ဆေးရုံခေါင်မိုးပေါ်မှ ခုန်ချကာ သတ်သေသွားခဲ့သည်။
အတိတ်ဘဝ၌ သူမက အန်းနဉ်နှင့် NLတွင် အလုပ်အတူတူလုပ်ခဲ့သည်။ ထိုအချိန်တွင် ကျောင်းချန်က အန်းနဉ်ကို နှောင့်ယှက်လာသည်။
ကျောင်းချန်က ချမ်းသာမှန်း ယွီရှားသိသည်။ အပြင်ဘက်တွင် သူမက အန်းနဉ်ကို ကျောင်းချန်၏ရန်မှ ကာကွယ်ပေးသကဲ့သို့ ပြုမူကာ အမှန်စင်စစ်၌ သူမက ကျောင်းချန်ကို တိတ်တဆိတ်ဆက်သွယ်ခဲ့ပြီး အန်းနဉ်ကို လိုက်ရန် ကူညီပေးနိုင်ကြောင်း ကမ်းလှမ်းခဲ့သည်။
ယွီရှား၏ မူလရည်ရွယ်ချက်မှာ အကျိုးအမြတ် တစ်ခုခုရနိုင်ရုံသာဖြစ်သည်။ ကျောင်းချန်က ‘ကိစ္စကြီးကြီးမားမား’ လုပ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
မြွေမြွေချင်း ခြေမြင်သည်ဟု ဆိုရမည်။ ကျောင်းချန်က ထိုမိန်းကလေး၏ မျက်လုံးထဲတွင် ငွေသာရှိကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။
တိုက်ဆိုင်သည်က သူ့မှာလည်း ငွေကလွဲပြီး ဘာမှမရှိချေ။
အရှက်မရှိသည့် သဘောတူညီမှုတစ်ခု ဖြစ်လာခြင်း၏ အစပင်။
ကျောင်းချန်က ယွီရှားအား ဆေးထုပ်တစ်ထုပ်ပေးကာ အန်းနဉ် သောက်မည့်အအေးထဲ ဆေးခတ်ခိုင်းသည်။ ယွီရှားက အန်းနဉ်အား အအေးခွက်လှမ်းပေးရာတွင် လက်များတုန်ရီနေခဲ့သည်။
အန်းနဉ်က သတိကြီးသဖြင့် အမှန်ကို ရှာတွေ့သွားကာ ထွက်ပြေးသွားခဲ့သည်မှာ မထင်မှတ်ထားသည့်အရာပင်။
ထို့နောက် အန်းနဉ် သေသွားခဲ့သည်။
ကျောင်းချန်က ယွီရှားအား သူကတိပေးခဲ့သည့် ပမာဏထက် ပိုပေးခဲ့သည်။
ထိုပိုက်ဆံများနှင့်ဆိုလျှင် သူမအကြွေးဆပ်နိုင်ပြီဖြစ်သည်။
ကျောင်းပြန်တက်ချိန်တွင် အတန်းဖော်များက သူမအား မေးလေသည်။
“နင်ကြားပြီးပြီလား... ငါတို့ကျောင်းက ကောင်မလေးတစ်ယောက် မကောင်းတဲ့နေရာမှာ အလုပ်လုပ်တာ ဖောက်သည်နဲ့ စကားများပြီး တိုက်ပေါ်က ခုန်ချသွားတာတဲ့...”
ယွီရှားက အတင်းလုပ်ပြုံးလိုက်သည်။
“ဟယ် အရှက်မရှိလိုက်တာနော်...”
ထို့နောက် ကျောင်းချန်လည်း ရုတ်တရက်သေဆုံးသွားခဲ့သည်။
အန်းနဉ် ပြုတ်ကျသေဆုံးသွားသည့်နေရာတွင် အလားတူ သေဆုံးသွားသည့် သတင်းကို ကြားလိုက်ရသည်။
တစ်ယောက်ယောက်က အန်းနဉ်အစား လက်စားချေနေကြောင်း သူမသိလိုက်သည်။
ကြောက်လန့်တကြားနှင့် အဆောင်ထဲ ပုန်းကာ ဘယ်ကိုမှ မသွားရဲခဲ့ပေ။
ကံကောင်းစွာနှင့် ကျောင်းချန်အား သတ်ခဲ့သူကို ဖမ်းမိသွားသည်။ အံ့ဩစရာကောင်းသည်မှာ ထိုသူက အန်းနဉ်အား ထပ်ခါတလဲလဲ လိုက်ပိုးနေသည့် ‘ဝမ်ယွီ’ ဖြစ်နေခဲ့သည်။
သူကလည်း သူဌေးသားတစ်ယောက်ပင်။
အန်းနဉ်က ဘယ်လောက်တောင် ကံကောင်းတာလဲ...
အရမ်းမိုက်မဲတာပဲ...
ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အတွေ့အကြုံများကြောင့် ယွီရှားက onlineချေးငွေများချေးခြင်းမှ ရုန်းထွက်လာခဲ့သည်။
စာကောင်းကောင်းလေ့လာပြီး ကျောင်းပြီးသည်နှင့် အလုပ်ရှာကာ သူမ၏ ပေါင်းသင်းဆက်ဆံရေးကို ကောင်းမွန်အောင် လုပ်နိုင်ခဲ့သည်။
သူမဘဝက အထူး ကောင်းမွန်သည်ဟု ဆိုရမည်။
သို့ရာတွင် အန်းနဉ်၏ ပြန်လည်မွေးဖွားလာခြင်းကြောင့် အခြေအနေက ဤအထိဖြစ်လာခဲ့သည်။
သူမအတန်းဖာ်များက သူမ သေဆုံးသွားသည့်ကိစ္စကို လုံးဝမသိခဲ့ကြပေ။
ဆေးရုံဝန်ထမ်းက ယွီရှား၏ဖုန်းထဲရှိ ‘အကြံပေး’မှတဆင့် ကျောင်းသို့ အကြောင်းကြားခဲ့သည်။ ကျောင်းက ယွီရှားမိဘများထံ ဆက်သွယ်ကာ နောက်ဆက်တွဲ ကိစ္စရပ်များကို မြန်မြန်ဖြေရှင်းခဲ့သည်။
သူမဖုန်းထဲတွင် အကြွေးပြန်ဆပ်ရန် တိုက်တွန်းထားသော စာတိုများဖြင့် ပြည့်နေသည်။
သူမက တရားမဝင် မျိုးဥရောင်းချခဲ့ခြင်းမှာ အမှန်ဖြစ်ကြောင်း ဆရာဝန်ကိုယ်တိုင် ရှင်းပြခဲ့သည်။
ကောင်းမွန်သည့် အကြောင်းကိစ္စမဟုတ်၍ ကျောင်းက ထိုသိက္ခာကျဖွယ်ဖြစ်ရပ်ကို ဖိနှိပ်ထားရန် လုပ်သည်။
ရလဒ်အနေနှင့် ကျောင်းသားများ မသိခဲ့ရပေ။ စာမေးပွဲပြီးသည်နှင့် အချုပ်အနှောင်မှလွတ်သည့်နှယ် ခံစားနေကြသည်။ အဆောင်များနှင့် ကလပ်များက ညစာစားပွဲများနှင့် ကာရာအိုကေ သီချင်းဆိုကြရန် စုဝေးကြသည်။
ဝမ်ယွီက အန်းနဉ်အား အလုပ်ကိစ္စခရီးထွက်ရန် ရှိသည်ဟုဆိုကာ ယွီချန်သို့ တိတ်တဆိတ်သွားခဲ့သည်။ ထို့နောက် လူတစ်ယောက်နှင့်တွေ့ကာ မြန်မြန်ပြန်လာခဲ့သည်။
“ကိုယ်တို့ မြို့တော်ကို သွားကြရအောင်လေ...”
အန်းနဉ်က သူမအဖွား၏ အရိုးပြာကို စိန်အတုဖြင့် ပေါင်းစပ်ထားပြီး ဆွဲကြိုးအဖြစ် သူမလည်တိုင်တွင် ဝတ်ဆင်ထားသည်။
သူမက အဖွားအား မြို့တော်ရင်ပြင်၊ မြို့မျှော်စင်၊ အလံတင်အခမ်းအနား၊ တားမြစ်မြို့တော်၊ မဟာတံတိုင်းနှင့် မင်မင်းဆက် အုတ်ဂူများဆီသို့ ခေါ်သွားခဲ့သည်။
သူမအသက်ကြီးလာသည့်အခါ အဖွားခေါ်သွားပေးမည်ဟု ကတိပေးခဲ့သည့် နေရာတိုင်းကို သွားလည်ခဲ့သည်။
ဝမ်ယွီက သူမလက်ကို ဆွဲကာ နေရာတိုင်း အဖော်လိုက်ခဲ့သည်။
ဩဂုတ်လ၌ ယွီရှားအကြောင်း သတင်းများထွက်လာခဲ့သည်။
ဆပ်ရမည့်ရက်ရောက်သည်အထိ ယွီရှားအား ဆက်သွယ်၍မရသောကြောင့် အကြွေးရှင်များက သူမဖုန်းထဲရှိ လူများ အထူးသဖြင့် ရင်းနှီးသူများအား အဆက်မပြတ်ဆက်သွယ်ခဲ့သည်။
အဓိကအချက်မှာ ချေးငွေထုတ်ချေးသည့် ကုမ္ပဏီဘက်မှ ယွီရှား၏ဓာတ်ပုံများကို ဖြန့်လိုက်ခြင်းပင်။
ယွီရှားက ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်၍ သူမဖုန်းထဲရှိ contactထဲတွင် အတန်းဖော်များ၏ ဖုန်းနံပါတ်များရှိနေခဲ့သည်။
ရလဒ်အနေနှင့် သူမ၏ပုံများက အတန်းဖော်များဆီ ရောက်သွားသည်။
ယွီရှားသေသွားသည့် သတင်းကို ထပ်ဖုံးထားရန် မဖြစ်နိုင်တော့ရာ ချင်းဟွာတက္ကသိုလ်ဖိုရမ်ကြီးထဲ ပေါက်ကွဲသွားသည်။
မုန့်ရှင်းယွီက ရူးမတတ်ခံစားလိုက်ရသည်။
ပိုင်လု၏ကိစ္စထက် ယွီရှား၏အဖြစ်အပျက်က ပိုကျော်လွန်နေခဲ့သည်။ သူမသိခဲ့သည့် သာမန်လောကကြီး မဟုတ်ဟုပင် ခံစားမိသည်။
ထို့နောက် မုန့်ရှင်းယွီက ပိုင်လုအား ဖုန်းခေါ်ကာ ထိုသို့သောချေးငွေမျိုး ချေးဖူးခဲ့ခြင်းရှိမရှိ ပြင်းပြင်းထန်ထန် မေးမြန်းလာသည်။
ပိုင်လုကလည်း အလွန် ထိတ်လန့်တုန်လှုပ်သွားသည်။
“ဟင့်အင်း... တကယ်ပါဟာ... WeChatကနေတဆင့် သူတို့နဲ့တော့ ကြုံဖူးတယ်... ငါ့ကို အရူးလုပ်တယ်ထင်လို့ မချေးခဲ့ပါဘူး... ဖျက်ပစ်လိုက်တာ... ငါတကယ် မချေးခဲ့ဘူး.... ပိုက်ဆံအားလုံးဆပ်ပြီးပါပြီ...”
ဖုန်းကိုချပြီးနောက် ဖိုရမ်ထဲသို့ ဝင်လိုက်သည်။ တစ်ယောက်ယောက်က ယွီရှားပုံများကို ဆင်ဆာဖြတ်ကာတင်ထားသည်။
တချို့လူများက ပို၍ပင် ဆိုးယုတ်ကြသည်။ ပုံကိုဆင်ဆာပင် ဖြတ်မထားကြချေ။
ပိုင်လုက ဖိုရမ်ထဲခဏဝင်ကြည့်ပြီးနောက် ‘အကြောက်တရား’ဟူသည့်အရာကို ခံစားမိသည်။
အန်းနဉ်ကလည်း ဖိုရမ်ထဲ ဝင်ကြည့်နေခဲ့သည်။
တင်ထားသည့် postများအရ အလုပ်မရှိသေးသည့် ကျောင်းသူယွီရှားက ယွမ်သုံးသိန်းကျော် အကြွေးတင်နေခဲ့သည်။
သုံးသိန်းဆိုသည့်ပမာဏမှာ ဝမ်ယွီကဲ့သို့သူများအတွက် သူ့သူငယ်ချင်းများနှင့် စုဝေးပျော်ပါးသည့် တစ်ရက်တာ ကုန်ကျစရိတ်သာဖြစ်သည်။
ကျောင်းချန်လည်း တတ်နိုင်သည့် ပမာဏထဲပါသေးသည်။
သို့သော် ယွီရှားအတွက်မူ အသက်တစ်ချောင်း ပေးလိုက်ရသည်။ ယခင်အတိတ်ကမူ အန်းနဉ်၏အသက်ဖြစ်ပြီး ယခုအချိန်တွင် သူမအသက် ပေးလိုက်ရသည်။
အန်းနဉ်က ဖုန်းကို မျက်နှာသေဖြင့် ကြည့်နေသည်ကို ဝမ်ယွီက မြင်လိုက်သည်။
“သူ့ကို သိလို့လား...”
အန်းနဥ်က ငြိမ်ကျသွားသည်။
“ကျွန်မကို Silver Seaဟိုတယ်သွားဖို့ လှည့်ဖြားခဲ့တဲ့သူ...”
လေထုက အေးခဲသွားသည်။
ဝမ်ယွီက အေးစက်စွာ ရယ်လိုက်သည်။
“ဟက်...”
နွေရာသီပိတ်ရက်များ ကုန်ဆုံးသွားပြီ ဖြစ်ကာ တစ်ယောက်ပြီး တစ်ယောက် ကျောင်းသို့ ရောက်လာကြသည်။ ၎င်းတို့ထဲတွင် ကျောင်းချန်လည်း ပါသည်။
တစ်နေ့ သူကျောင်းကိုလာခိုက် ကားပါကင်တွင် ပစ္စည်းဘူးများက နေရာယူထားကာ ရှုပ်ထွေးနေပြီး ကားပါကင် အစောင့်ကိုလည်း ရှာမရချေ။
လမ်းတစ်ဖက်ရှိ KFCဆိုင်နားတွင် ကားရပ်ရန်မှတပါး ရွေးရန်မရှိချေ။
နေ့တစ်ဝက် အတန်းတက်ပြီး နေ့လည်စာမှာကာ နေ့လည်ခင်းအချိန်ကို မတက်တော့ရန် ဆုံးဖြတ်လိုက်သည်။ အတန်းဖော်များက ကန်တင်းသို့ သွားနေကြစဉ် သူက ကျောင်းဂိတ်ဝသို့ ထွက်လာခဲ့သည်။
ချင်းဟွာတက္ကသိုလ် ကျောင်းဂိတ်အပြင်ရှိ လမ်းတစ်ဖက်က သူ့ကားကို မြင်နေရပြီဖြစ်သည်။ ကျောင်းချန်က လမ်းကို ကူးလိုက်သည်။
ဘရိတ်ဆွဲသည့် စူးစူးဝါးဝါး အသံတစ်သံထွက်လာကာ လမ်းသွားလမ်းလာများကို သတိထားမိသွားစေသည်။ အသံကြားရာ လှည့်ကြည့်လိုက်သည်နှင့် လူငယ်လေးတစ်ယောက် အတိုက်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။
တစ်စုံတစ်ယောက်က ကားမှန်ကို ခေါက်လိုက်ပြီး လူတိုက်မိကြောင်း ယာဉ်မောင်းအား ပြောခဲ့သည်။ ယာဉ်မောင်းက ထိတ်လန့်သွားကာ ကားကို နောက်ပြန်ဆုတ်လိုက်သည်။
ဒုတိယတစ်ကြိမ် ထပ်တိုက်မိပြန်သည်။
အတိုက်ခံလိုက်ရသည့် လူငယ်လေး အသက်ရှင်နိုင်ရန် အခွင့်အလမ်းမရှိတော့သည်ကို မြင်နေရသူတိုင်း သိနိုင်သည်။
ကျောင်းဂိတ်ဝတွင် ဝမ်ယွီက အန်းနဉ်လက်ကို ဆွဲထားပြီး ကျောင်းချန်သေသွားသည့် ဖြစ်ရပ်တစ်ခုလုံးကို ကြည့်နေခဲ့သည်။
အန်းနဉ်က ဝမ်ယွီ့ကို လှည့်ကြည့်လိုက်သည်။
ဝမ်ယွီက လမ်းလယ်ရှိ ကားဘီးအောက်မှ စိမ့်ထွက်နေသော သွေးများကို ကြည့်ကာ အမူအရာက တည်ငြိမ်လှသည်။
ဝမ်ယွီက နေ့လယ်စာကို KFCတွင် စားချင်သည်ဟု ပြောစဉ်က ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ဂိတ်အပြင်ဘက်ရောက်ချိန်တွင် ဆက်မသွားတော့သည်က ပိုထူးဆန်းသည်။
သို့သော် ယခုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ၎င်းထူးဆန်းမှုများ မရှိတော့ပေ။
သူမက ကားလမ်းပေါ်ကို ပြန်ကြည့်လိုက်သည်။
တချို့က ရဲခေါ်နေကြပြီး လူတစ်ချို့က ကားဘီးအောက် ကြည့်ကာ အသက်ရှင်နိုင်မည့် အခွင့်အရေးရှိမရှိကို စစ်ဆေးကြသည်။ တစ်ချို့က ကားပြတင်းမှန်ကို ထုရိုက်ကာ ကားသမားကို အပြင်ထွက်လာရန် အော်နေကြသည်။
ကားမောင်းသူက စိတ်ရှုပ်ထွေးနေပုံရပြီး ကားပေါ်တွင် မလှုပ်မယှက် ထိုင်နေလေသည်။
အန်းနဉ်က မေးလိုက်သည်။
“ကားသမားက….”
“သူ အဆင်ပြေပါတယ်...”
ကြည့်ရသည်မှာ ဝမ်ယွီက အားလုံးစီစဉ်ထားပြီးဖြစ်ပေမည်။
အန်းနဉ် သက်ပြင်းချလိုက်သည်။
ဝမ်ယွီက ခေါင်းလှည့်ကြည့်ကာ မေးသည်။
“ဘာလို့ သက်ပြင်းချနေတာလဲ”...
“ရှင်ကျွန်မကို ကတိပေးပြီးပြီထင်လိုက်တာ...”
ဝမ်ယွီက ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်ဖြေသည်။
“ကိုယ် မပတ်သက်စေရပါဘူးလို့ပဲ ကတိပေးခဲ့တာလေ...ကျောင်းချန်ကို မရှင်းထုတ်ဘူးလို့မှ ကတိမပေးခဲ့တာ...”
###