🤚Chapter 105 Extra 💗
ရှင်းယွီနှင့် ရှုချန်း
ပိတ်ရက်ကြီးဖြစ်၍ ရှုချန်းက မနက်စောစော တံခါးခေါက်သံကြောင့် မနိုးလာဘဲ သူ့ဖုန်းမြည်သံကြောင့် နိုးလာရသည်။
မျက်လုံးပိတ်လျက်နှင့် သေချာမကြည့်ဘဲ ကုတင်ဘေးရှိ စားပွဲခုံပေါ်သို့ ဖုန်းကို စမ်းတဝါးဝါး ရှာကာ ဖြေလိုက်သည်။
"ဟဲလို..."
“မြန်မြန်တံခါးလာဖွင့်စမ်း... အပျင်းကောင်လေး... ဘာလို့အိပ်နေသေးတာလဲ... ဘယ်အချိန်ရှိနေပြီလဲ...”
သူ့အမေ၏ အင်အားအပြည့်နှင့်အသံက ဖုန်းထဲမှ ထွက်၍လာသည်။
မျက်လုံးကို အတင်းဖွင့်ကာ ဖုန်းကိုကြည့်လိုက်ချိန်တွင် 7:30ဖြစ်၍နေပြီ။
ရှုချန်း :”……”
အိပ်ရာကို အတင်းရုန်းကန်ထကာ တံခါးဖွင့်ပြီး အပြင်မှ သူ့အမေကို ဝင်ခွင့်ပေးကာ ဆိုဖာပေါ် ပြန်လှဲအိပ်သွားသည်။
ကံမကောင်းစွာနှင့် သူ့အမေ၏ ကျယ်လောင်စူးရှသည့် အသံက သူ့အား အိပ်ခွင့်ပြုမည် မဟုတ်ချေ။
“ကိုယ့်ကိုယ်ကိုလည်း ကြည့်ပါဦး... မျက်ကွင်းတွေ ညိုမည်းနေတာပဲ... မနေ့က ညလုံးပေါက်နေပြန်ပြီလား...”
သူ့အမေက သက်ပြင်းချလိုက်သည်။
“အရွယ်ပဲရောက်နေပြီ... အခုထိ ကာတွန်းကားကြည့်နေတုန်း... ဘယ်တော့မှ ရင့်ကျက်လာမှာလဲ...”
သူမက စကားဆုံးသည်နှင့် ရှုချန်း၏နောက်ကျောကို တစ်ချက်တီးလိုက်ကာ စကားနားမထောင်၍ အားမလိုအားမရ ဖြစ်နေပုံပင်။
အရွယ်သာရောက်နေတာ အိမ်ထောင်ပြုဖို့ မစဉ်းစားဘဲနဲ့ နေ့တိုင်း နေ့တိုင်း အဲ့ဒီ ကာတွန်းရုပ်တွေ ပလတ်စတစ်အရုပ်တွေကိုပဲ ဖတ်နေတာလေ... ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလဲ...
ရှုချန်းက ညည်းညူလိုက်သည်။
“အမေဘာလို့ ဒီရောက်နေတာလဲ...”
“ငါဘာလို့ ဒီကိုရောက်လာတာလဲ ဟုတ်လား...”
“နင် အသက်ရှိသေးလားဆိုတာ လာကြည့်တာ... ငါသာမလာရင် နင် အိမ်ကို တစ်ပတ်လုံးလုံး ပြန်လာတော့မှာမဟုတ်ဘူးလေ...”
ရှုချန်းက ပြန်လည်ငြင်းဆိုသည်။
“ကျွန်တော်က ဘယ်လိုလုပ် အိမ်ပြန်မလာရမှာလဲ... ပြန်လာပါတယ်နော်... အမေတို့ လင်မယားက ခရီးထွက်နေတာလေ... ဆောင်းတွင်းကြီး ကျွန်တော်က အိမ်ထဲကိုတောင် ဝင်ဖို့မတတ်နိုင်ဘူး... အမေတို့ရဲ့သားက သူ့အိမ်လေးထဲ ဝင်ဖို့ သော့တောင် မရှိဘူးဗျ... ကျွန်တော်က တကယ်ပဲ သားအရင်းကော ဟုတ်ရဲ့လား...”
“ဟွန့်...”
ရှုချန်း၏အမေက လှောင်လိုက်သည်။
“အခုတော့ သော့မရှိလို့ မဝင်ရတဲ့ ခံစားချက်ကို သိပြီမလား... နင် သော့လိုချင်ရင် နင့်အိမ်သော့လည်း ပြန်ပေးရမှာပဲလေ...”
ရှုချန်းက ချက်ချင်းပင် အကြင်နာမဲ့စွာ ငြင်းလိုက်သည်။
“မဖြစ်နိုင်ဘူး...”
သူ့အမေက သူ့ကို ထပ်ရိုက်သည်။ ပန်းခြံထဲ မနက်တိုင်းလေ့ကျင့်ခဲ့သည့် အကျိုးဆက်ကြောင့် ရလာသည့် လက်ဖဝါးထူထူကြီးက အမှန်တကယ် နာကျင်စေလေသည်။
ရှုချန်းက အံကြိတ်လိုက်သည်။
ရှုချန်းက ပုံမှန်အားဖြင့် စိတ်ကောင်းရှိသူဖြစ်ပြီး အခြားသူများကို ဒေါသထွက်ခဲသည်။ သို့သော် လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမေတို့နှင့်အတူ နေထိုင်ရင်း ဆွေမျိုးများက သူတို့၏ ဆိုးသွမ်းသည့်ကလေးများနှင့် အလည်လာတိုင်း သူ၏မာတာမိခင်မှ ကလေးများကို သူ့အခန်းထဲ ဝင်ခွင့်ပြုလိုက်သည်။
"မင်းဝမ်းကွဲရဲ့အခန်းမှာ သွားဆော့လေ... သူ့မှာ အရုပ်တွေ အများကြီးပဲရှိတယ်...”
ရှုချန်းအိမ်ပြန်ရောက်ချိန်တွင် သူဂရုတစိုက်စုဆောင်းထားသော limited edition figureများက ခေါင်းတခြားကိုယ်တခြား ဖြစ်နေခဲ့သည်။
ရှုချန်း ဒေါသထွက်သွားသည်။
စိတ်တိုတိုနှင့် အိမ်မှ ထွက်ကာ အပြင်သို့ ပြောင်းရွေ့နေထိုင်ပြီး သူ့အမေဘာပြောပြော အိမ်သော့ပေးရန် ငြင်းဆန်လိုက်သည်။
အမေဖြစ်သူကလည်း ဒေါသထွက်သွားပြီး ပြင်းထန်သည့် ရာဇသံကို မိန့်ခဲ့သည်။
“နင် သော့မပေးဘူးဆိုရင် ငါ့အိမ်က သော့ကိုလည်း ရဖို့ မမျှော်လင့်နဲ့နော်...”
သူမက ချက်ချင်း လက်ငင်းပင် အိမ်ရှိသော့များကို ပြောင်းလိုက်သည်။
မူလက သားဖြစ်သူကို အိမ်ပြန်လာရန် ဖိအားပေးချင်ခဲ့သော်လည်း ရှုချန်းမှာ အိမ်က ထွက်သွားကတည်းက လှောင်အိမ်ထဲက လွတ်လာသည့် ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေမှန်း မသိခဲ့ချေ။ တတွတ်တွတ် ဆူပူမည့်သူ မရှိသဖြင့် ပို၍ပင် ပျော်နေခဲ့သည်။
သူမ၏ ခြိမ်းခြောက်မှုများက သူ့အပေါ် သက်ရောက်မှု လုံးဝမရှိချေ။ အဆုံးတွင် သားအမိနှစ်ယောက် တစ်ဖက်လူ၏သော့ကို တစ်ဖက်က မရသည့် အခြေအနေသို့ ရောက်လာသည်။
အံ့ဩစရာကောင်းသည်မှာ သူတို့ကိုယ်တိုင် ၎င်းကို ကျင့်သားရနေသည်ပင်။
“ထစမ်း၊ ထထ... ငါ ဆန်ပြုတ်ယူလာတယ်...”
အမေဖြစ်သူက သူ့အား ကော်လံမှ ဆွဲကာ ရေချိုးခန်းထဲ ကန်ထုတ်လိုက်သည်။
သူထွက်လာချိန်တွင် သူ့အမေက ပန်ကိတ်ကို ရေခဲသေတ္တာထဲမှ အမဲသားဆော့စ်နှင့် တွဲဖက်ပြင်ဆင်ပေးထားသည်။
“နင့် ရေခဲသေတ္တာထဲ စားစရာတွေ အများကြီးပဲ...”
အမေက ခါးသီးစွာ ပြောသည်။
မူလက သူမသား အိမ်မှထွက်သွားချိန်တွင် အပြင်တွင် နေတတ်မည်မဟုတ်ဟု တွေးထင်ခဲ့သော်လည်း သူမ၏ စေ့စပ်သေချာသည့် သားလေးက သူ့ဘာသာသူ ကောင်းကောင်းနေနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ရေခဲသေတ္တာထဲတွင် ဒိန်ချဉ်၊ သားရေစာ၊ အချိုရည်၊ ချက်ပြုတ်ထားသော အစားအစာများနှင့် ရသာစုံမှုန့် အစုံရှိနေခဲ့သည်။
ဘဝကို ဖြတ်သန်းပုံက သူ့အဖေနှင့် တစ်ပုံစံတည်းပင်။
နူးညံ့မွှေးပျံ့သည့် ဆန်ပြုတ်တစ်ဇွန်း သောက်လိုက်ပြီးနောက် ရှုချန်းက ချီးကျူးလိုက်သည်။
“အရသာရှိလိုက်တာ... အဖေစောစောထပြီး ဆန်ပြုတ်လုပ်ပေးခဲ့တာလား...”
အမှန်၌ ရှုချန်းတို့အိမ်တွင် သူ့အဖေက ချက်ပြုတ်ရသူပင်။ ရှုချန်းကလည်း သူ့အဖေထံမှ ကောင်းမွန်သည့် ချက်ပြုတ်စကေးကို အမွေရခဲ့သည်။
ရှုချန်းစားသောက်နေစဉ် သူ့အမေက အခန်းသန့်ရှင်းရေးလုပ်ရန် ပြင်လိုက်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် အိမ်ကသပ်ရပ်နေကာ သန့်ရှင်းရေးလုပ်ရန် မလိုသည်ကို တွေ့လိုက်ရသည်။ ကြမ်းပြင်က အထူးသန့်ရှင်းပြီး သန့်ရှင်းရေးစက်ရုပ်ကလေးက အလုပ်ကောင်းကောင်းလုပ်နေပုံရသည်။
လုပ်စရာမတွေ့တော့၍ ရှုချန်းအမေက ဆိုဖာပေါ်ထိုင်ကာ ပြောလိုက်သည်။
“မြန်မြန်စား... ပြီးရင် အမေ့ကို စူပါမားကတ်လိုက်ပို့ပေးဦး...”
“ဘာလို့လဲ...”
ရှုချန်းက မေးလိုက်သည်။ သူ့အမေက ပိတ်ရက်ကို အစောကြီး ရောက်လာေသာကြောင့် ရည်ရွယ်ချက်တစ်ခုခုရှိနေမည်ကို ခန့်မှန်းမိသည်။
“တစ်ခုခုဝယ်ဖို့ပေါ့... ပြီးရင် အန်တီချင်ဆီ လူနာသွားမေးမလို့ နင်ကားမောင်းပို့ပေးရမှာ... နင့်အန်တီချင်က ဆေးရုံကဆင်းလာတာ မကြာသေးဘူး... သူ့ဆီ သွားရမှာပေါ့...”
“ဆေးရုံမှာတုန်းက လူနာမေးသင့်တာ မဟုတ်ဘူးလား...”
သူ့အမေက သူ့ခေါင်းအား တီးလိုက်သည်။
“ဆေးရုံကဆင်းတာနဲ့ လူနာမမေးရဘူးလို့ ဘယ်သူပြောလဲ...”
ကူလီလေးနှင့် ယာဉ်မောင်းအဖြစ် ဘဝပြောင်းသွားသော ရှုချန်းက တခါတစ်ရံ ရိုက်နှက်သည့် ဒဏ်ကိုလည်း ခံရကာ စိတ်ဓာတ်ကျနေခဲ့သည်။
သူ့အမေနှင့် စိတ်မပါလက်မပါ လိုက်လာကာ ရာသီပေါ်အသီးအနှံများ ဝယ်လာပြီးနောက် အန်တီချင်၏အိမ်သို့ မောင်းလိုက်သည်။
တံခါးထဲ ဝင်လိုက်သည်နှင့် အန်တီချင်၏ တောက်ပနေသည့် မျက်နှာကို တွေ့လိုက်ရသည်။ သူမ၏ပုံစံက တက်ကြွမှုအပြည့်နှင့် လူငယ်ဖြစ်သည့် ရှုချန်းထက်ပင် ပိုကျန်းမာနေသေးသည်။
“အိုး ရှုချန်း သားမျက်ကွင်းတွေ ဘာလို့ဒီလောက်တောင် ညိုနေရတာလဲ...”
အန်တီချင်က တွေ့တွေ့ချင်း စပြောသည်။
ရှုချန်း၏အမေက ညည်းညူလိုက်သည်။
“ညလုံးပေါက်နေတာကို...”
အန်တီချင်က စိတ်ရင်းမှန်နှင် သူ့အား လက်ချာရိုက်သည်။
“အန်တီပြောတာနားထောင်... ကိုယ်ကငယ်သေးတယ်ဆိုပြီး ကိုယ့်ခန္ဓာကိုယ်ကို လျစ်လျူရှုထားတာမျိုး မလုပ်ရဘူး... အခုကတည်းက ကျန်းကျန်းမာမာမနေရင် ကြီးလာရင် ပိုဆိုးလိမ့်မယ်... လာ အန်တီချင့်WeChatကို addလိုက်... ကျန်းမာရေးဗဟုသုတတွေကို အန်တီပို့လိုက်မယ်...”
ရှုချန်း၏ နှုတ်ခမ်းက ရှုံ့မဲ့သွားသည်။
သူ့အမေက သူမ၏social mediaပေါ်တွင် နေ့စဉ်နေ့တိုင်း ကျန်းမာရေးဗဟုသုတများကို တင်ထားကာ အများစုမှာ အန်တီချင်ထံမှ ဖြစ်သည်။
“အန်တီချင် မလိုပါဘူးဗျာ... ဒီမှာကြည့် ကျွန်တော့်အမေ အများကြီးတင်ထားတာ... ကျွန်တော့်မှာ အကုန်လုံးကို ဖတ်ဖို့ အချိန်တောင် မရှိဘူး...”
သူက ဖုန်းကို အန်တီချင့်ဆီ ပြလိုက်သည်။
အန်တီချင်ကတစ်ချက်ကြည့်ပြီး သူမ ပို့ပေးရန် မလိုမှန်းသိလိုက်သည်။
သူမက သူတို့အား လက်ဖက်ရည်နှင့် ပြန်ဧည့်ခံသည်။
ဘေးဘီလှည့်ကြည့်ရင်း ရှုချန်းက အိမ်က တိတ်ဆိတ်နေသည်ကို သိလိုက်သည်။
“ဦးလေးနဲ့ ဟန်ဟန်ကော...”
အန်တီချင်၏ သမီးနှင့် သားမက်မှာ အန်တီချင်တို့နှင့် မတူသည့် အထပ်တွင် နေထိုင်သည်။ သူတို့က ပုံမှန်လိုလို အလုပ်များကြပြီး သူတို့သမီးကို အဖိုးအဖွားများထံ ပို့ထားတတ်သည်ကို ရှုချန်း သိသည်။
“ဟန်ဟန်က ဒီနေ့ ကျောင်းမှာ အားကစားပွဲရှိတယ်လေ... သူ့အဖိုးက ဟန်ဟန့်ကို လိုက်ပို့ပေးတယ်...”
ထို့နောက် အန်တီချင်က နံရံပေါ်မှ နာရီကို ကြည့်လိုက်သည်။ သူမက ရှုချန်း၏အမေကို အချက်ပြလိုက်ရာ တစ်ဖက်က ပိပိရိရိနှင့် ခေါင်းပြန်ညိတ်ပြသည်။
ရှုချန်း ငယ်ရာမှ ကြီးပြင်းလာသည်အထိ အန်တီချင်နှင့် ရင်းနှီးနေသဖြင့် အထူးယဉ်ကျေးရန် မလိုအပ်ပေ။ အမျိုးသမီးနှစ်ယောက် စကားပြောနေစဉ် သူက ဖုန်းကြည့်နေလိုက်သည်။
ခဏအကြာတွင် တံခါးခေါက်သံကြားလိုက်ရသည်။
အန်တီချင်က တံခါးဆီသို့ ချက်ချင်း သွားဖွင့်လိုက်သည်။ ရှုချန်း၏အမေမှာ ဧည့်ခန်းထဲ နေနေခဲ့သော်လည်း သူမမျက်လုံးများက ဝင်ပေါက်ဆီသို့ ချောင်းချောင်းကြည့်နေသည်။
ရှုချန်းလည်း သိချင်လာသည်။
သူ့အမေလိုမျိုး ဘယ်သူကများ သူများအိမ်ကို အစောကြီးလာလည်မှာပါလိမ့်...
တံခါးဝတွင် အန်တီချင်၏ အသံကို ကြားနေရသည်။
“အိုး ကြည့်ပါဦး... အန်တီမေ့နေတာ... ဟန်ဟန်က ဒီနေ့ကျောင်းမှာ အားကစားပွဲတော်ရှိတယ်တဲ့...”
ကြည်လင်ပြတ်သားသည့် မိန်းကလေးအသံက ပြန်တုံ့ပြန်လာသည်။
“ဘာမှမဖြစ်ပါဘူးအန်တီ... ဒါဆို ကျွန်မ ပြန်လိုက်ပါဦးမယ်...”
“နေပါဦးကွယ်... သမီး မနက်စာစားပြီးပြီလား... မပြန်ခင် တစ်ခုခုစားသွားပါဦး...”
“ကျွန်မ စားပြီးပါပြီ... အန်တီ အလုပ်များနေတာထင်တယ်... ဒါဆို ကျွန်မပြန်…..”
“အလျင်မလိုပါနဲ့ဦးကွယ်... တကယ်လို့ ဒီနေ့အတန်းမရှိဘူးဆိုရင် အိမ်ထဲဝင်ပါဦး... လာ၊ လာ အန်တီသူငယ်ချင်းလာလည်တာလေ... သူက အသီးတွေ အများကြီးဝယ်လာတာ... မပြန်ခင် စားသွားပါဦးလား...”
“မဟုတ်ပါဘူး၊ အန်တီ ကျွန်မ…”
မိန်းကလေးက သက်လတ်ပိုင်းအမျိုးသမီးကြီးကို အညံ့ခံလိုက်ရသည်။ ကောင်မလေးကို အိမ်ထဲ အတင်းခေါ်လာသည်ကို ကြားလိုက်ကာ သူမအား စာနာစိတ်နှင့် ကြည့်လိုက်သည်။
မိန်းကလေးက နူးညံ့သိမ်မွေ့သည့် အလှလေးဖြစ်ကာ၊ အသက်မကြီးသေးသောကြောင့် ကျောင်းသူဖြစ်ပုံရသည်။ သူမမျက်လုံးများက ကြည်လင်ကာ သက်သောင့်သက်သာဖြစ်စေသည်။
ရှုချန်း၏အမေက မော့ကြည့်ကာ မတ်တပ်ရပ်ပြီး အပြုံးလေးနှင့် မေးလာသည်။
“အိုး ဘယ်က ကလေးလေးလဲ...”
အန်တီချင်က ဖြေပေးလိုက်သည်။
“ဒါဟန်ဟန့်ဆရာမလေ ရှောင်မုန့်တဲ့... ရှောင်မုန့် ဒါက အန်တီ့သူငယ်ချင်း မစ္စဝမ်တဲ့...”
မုန့်အမည်ရသည့် မိန်းကလေးက ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်သည်။
“မစ္စဝမ် မင်္ဂလာပါ...”
ရှုချန်း၏အမေက ပို၍ပင် နွေးထွေးစွာ ပြုံးလာသည်။
“ကလေး ဒီကိုလာ၊ အန်တီမိတ်ဆက်ပေးရဦးမယ်... ဒါ အန်တီ့သား ရှုချန်းတဲ့...”
ရှုချန်းက သူမကို မတ်တပ်ရပ်နှုတ်ဆက်လိုက်သည်။ သူ့အမေက သူ့ကို မိတ်ဆက်ပေးပြီးနောက် ချက်ချင်းပင် တစ်ခုခုမှားနေသည်ကို ခံစားမိလိုက်သည်။
သူက သူ့အမေကို သတိထားလိုက်သည်။
သို့သော် မိန်းကလေးမုန့်က လုံးဝသတိမထားမိဘဲ အန်တီချင့်အိမ်တွင် ဧည့်သည်များရှိနေခြင်းကြောင့် နေရခက်ကာ သက်ပြင်းချလိုက်သည်။
လူငယ်ဖြစ်သည့် ရှုချန်းက သူမခံစားချက်ကို နားလည်နေသည်။ သူကပြုံးကာ နှုတ်ဆက်လိုက်သည်။
“ဟယ်လို...”
ရှုချန်း၏ဖော်ရွေသည့် သဘောထားက မုန့်ရှင်းယွီ၏ နေရခက်မှုကို ပြေလျော့စေကာ သူမကလည်း “ဟယ်လို”ဟု ပြန်နှုတ်ဆက်လိုက်သည်။
သူမက အန်တီချင်၏ ထိုင်ခိုင်းသည့်နေရာတွင် ထိုင်လိုက်သည်။
“လူအိုကြီးဝမ်နဲ့ အန်တီတို့သိတာ နှစ်တော်တော်ကြာနေပြီလေ... ငယ်ငယ်တုန်းက အိမ်နီနားချင်းတွေပေါ့….”
သူမထိုင်ပြီးချိန်တွင် အန်တီချင်က ရှုချန်းအမေတို့နှင့် သူမတို့၏ ဆက်ဆံရေးအကြောင်း အဆက်မပြတ်ပြောလာသည်။
မုန့်ရှင်းယွီက မူလတန်းမှစ၍ ကော်ဖီဆိုင်ဖွင့်သည်အထိ ရှုချန်း၏ဘဝအကြောင်းအစုံကို ဖိအားပေးခံရကာ နားထောင်လိုက်ရသည်။ သူမက မနေနိုင်ဘဲ ရှုချန်းကို ခိုးကြည့်လိုက်သည်။ သူစိမ်းရှေ့တွင် ငယ်ဘဝအကြောင်း ဖော်ထုတ်ခံလိုက်ရသဖြင့် သူ့အား စာနာမိသွားသည်။
ရှုချန်းက သူ့အမေပြောသည့်စကားများကို နားထောင်ပြီး တောင့်တင်းသွားသည်။
“အိုး ကျောင်းပြီးသွားတော့ သူက အလုပ်ရှာမယ့်အစား ဆိုင်ဖွင့်လိုက်တာလေ... အန်တီလည်း ပိုက်ဆံဆုံးရင်တောင် ကိစ္စမရှိဘူး လုပ်ချင်တာလုပ်ဆိုပြီး လွှတ်ထားလိုက်တာ... သူ့လုပ်ငန်းက ကောင်းကောင်းလည်ပတ်နေမယ်လို့ မထင်ထားခဲ့ဘူးလေ... သူ့ဘာသာသူငွေရှာနိုင်တဲ့အပြင် မနှစ်ကလည်း ဆိုင်ခွဲဖွင့်လိုက်သေးတယ်...”
စကားဝိုင်းက ဤအခြေအနေကို ရောက်လာသည်နှင့် ရှုချန်းက တစ်ခုခုကို သဘောပေါက်သွားသည်။
ဒါ blind dateလုပ်နေတာလား...
တစ်ဖက်မိန်းကလေးကို တစ်ချက်ခိုးကြည့်လိုက်ချိန်တွင် သူမက အနည်းငယ်ရှက်နေသော်လည်း စကားဝိုင်းကို ဂရုတစိုက်နားထောင်ပေးကာ “တော်လိုက်တာနော်” သို့မဟုတ် “အထင်ကြီးဖို့ကောင်းလိုက်တာ” ဆိုပြီး ပြန်လည်တုံ့ပြန်ပေးနေသည်။
သူမက blind dateအကြောင်း ရိပ်မိပုံမရပေ။
ရှုချန်းသဘောပေါက်သွားသည်။ ဤblind date မှာ ထိုအမျိုးသမီးနှစ်ယောက် စီစဉ်ထားခြင်းဖြစ်ရမည်။
သူက ကူကယ်ရာမဲ့သလို ခံစားရပြီး လက်ခလယ်ပင် ထောင်ပြချင်လာသည်။
သူ့အမေက မုန့်ရှင်းယွီ၏ ကိုယ်ရေးကိုယ်တာအခြေအနေကို စမေးလာသည့်အခါ သူ ဆက်မထိုင်နိုင်တော့ပေ။
သူက သူ့အမေကို စကားဖြတ်ပြောလိုက်သည်။
“အမေ၊ ကျွန်တော်တို့ပြန်သင့်နေပြီလေ... အန်တီချင်က အခုမှ ဆေးရုံကဆင်းကာစဆိုတော့ အနားယူဖို့လိုတာပေါ့...”
အန်တီချင်က မျက်နှာနီရဲသွားသည်။
“ရပါတယ်၊ ရပါတယ်... နည်းနည်းလောက် ဆက်ပြီး နေပါဦး...”
အခွင့်အရေးကို လက်လွတ်မခံနိုင်သည့် မုန့်ရှင်းယွီကလည်း မတ်တပ်ထရပ်လိုက်သည်။
“အန်တီ ကောင်းကောင်းနားပါနော်... ကျွန်မပြန်လိုက်တော့မယ်...”
“အိုး ရှောင်မုန့် ခဏနေပါဦး...”
သူမက ပိုက်ဆံအိတ်ကို မြန်မြန်သွားယူလိုက်သည်။
“အန်တီ သမီးကို အလဟဿကြီး လာခိုင်းမိသလိုဖြစ်သွားတယ်... သင်တန်းကြေး ပေးမလို့ပါ...”
မုန့်ရှင်းယွီက မနက် အတန်းနှစ်ချိန်ရှိသော်လည်း ပျက်လိုက်ရသည်။ သူမက အလကားသက်သက် လာလိုက်ရသော်လည်း အန်တီချင်ကျွေးသည့် သစ်သီးများကို [ဖိအားပေးခံရကာ] စားလိုက်ရသည်။ သူမက ပိုက်ဆံပါလက်ခံလိုက်လျှင် မကောင်းဟု ထင်မိကာ ငြင်းလိုက်သည်။
မိန်းမငယ်လေးတစ်ယောက်က သူတို့ကို ဘယ်လိုများ အနိုင်ယူနိုင်မှာတဲ့လဲ...
မုန့်ရှင်းယွီက ရှက်သွားကာ ရှုချန်းကို အကူအညီတောင်းရန် လှည့်ကြည့်ရုံမှတပါး မတတ်နိုင်ချေ။
( ဒီနှစ်ယောက် ချစ်စရာလေး >< )
###