🤚Chapter 106 ( Extra )
ရှင်းယွီနှင့် ရှုချန်း 💗
ရှုချန်းက မုန့်ရှင်းယွီ၏ အကူအညီတောင်းခံမှုကို တွေ့လိုက်ပြီး ရှေ့တိုးကာ အန်တီချင်အား စကားဖြတ်ပြောလိုက်သည်။
“အတင်းအကြပ်မလုပ်ပါနဲ့... ဆရာမမုန့်က လိုချင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်... ထားလိုက်ပါ...”
အန်တီချင်က မုန့်ရှင်းယွီ၏ ငြင်းဆန်မှုကို သတိထားမိလိုက်သည်။
“ဒါဆိုလည်း ကောင်းပါပြီ...”
သူမက ပိုက်ဆံကို ပြန်သိမ်းလိုက်သော်လည်း သစ်သီးတစ်ချို့ကို အိတ်ထဲထည့်ပေးကာ အဆောင်တွင် စားရန် တိုက်တွန်းသည်။
ရှောင်မုန့်လည်း လက်ခံလိုက်ရုံမှ လွဲပြီး ရွေးချယ်စရာမရှိချေ။
ရှုချန်း၏အမေက ၎င်းကိုကြည့်ကာ ပြုံးနေခဲ့သည်။ ရှုချန်းက သူမကို ပြန်ကြရအောင်ဟု အချက်ပြသော်လည်း သူမက မမြင်ချင်ယောင်ဆောင်ကာ ရှောင်မုန့်အား မေးလိုက်သည်။
“သမီးက ကျောင်းသူလား... အခုကျောင်းကို ပြန်တော့မှာလား...”
ရှောင်မုန့်က တစ်ခွန်းမှ မဖြေရသေးမီ အန်တီချင်က ဝင်ဖြေလိုက်သည်။
“ရှောင်မုန့်က ချင်းဟွာတက္ကသိုလ်ကလေ...”
ရှုချန်း၏အမေက ၎င်းကို သိနေခဲ့သော်လည်း ယခုမှ သိသကဲ့သို့ ဟန်ဆောင်ကာ ရှောင်မုန့်ကို ချီးကျူးတော့သည်။
စောစောကတင် ရှက်စရာကောင်းသည့် အတွေ့အကြုံကို ခံစားခဲ့ရသည့် ရှုချန်းမှာ ယခု ရှောင်မုန့်ကို စာနာစိတ်ဝင်သွားသည်။
အတော်ကြာချီးကျူးပြီးနောက် ရှုချန်း၏အမေက စကားလမ်းကြောင်း ပြောင်းကာ ရှုချန်းအား ပြောလိုက်သည်။
“သားပြန်ချင်ပြန်တော့လေ... အမေက အန်တီချင်နဲ့ စကားပြောဖို့ နေလိုက်ဦးမယ်...”
ရှုချန်းက မြန်မြန်ပြန်ချင်နေပြီဖြစ်၍ ချက်ချင်း သဘောတူလိုက်သည်။
ခဏအကြာတွင် သူ့အမေက သူ မထင်မှတ်ထားသည့် စကားကို ဆိုလာသည်။
“မင်း ကွမ်းမင်လမ်းကို သွားမှာဆိုတော့ ချင်းဟွာတက္ကသိုလ်နဲ့လည်း နီးတယ်... ရှောင်မုန့်ကိုပါ ခေါ်သွားလိုက်လေ...”
ရှုချန်းက သူ့အမေအား ပြန်ကြည့်လိုက်ရာ ‘ပြန်မပြောနဲ့ ခိုင်းတာပဲလုပ်လိုက်စမ်း’ဆိုသည့် အကြည့်ပြန်ရခဲ့သည်။
ရှောင်မုန့်က မြန်မြန်ငြင်းဆန်လိုက်သည်။
“ရပါတယ် ရပါတယ်...”
သူက ဤမိန်းကလေးကို သူ့ကြောင့် နေရမခက်စေချင်ပေ။
“အဆင်ပြေပါတယ်... တစ်လမ်းတည်းပဲကို... ကိစ္စမရှိပါဘူး...”
ငြင်းနေသည့် ရှောင်မုန့်က ရှုချန်း၏ အချက်ပြမှုကို ရလိုက်သည်။
ပထမဆုံးတွေ့ဆုံခြင်းဖြစ်ကာ အချင်းချင်းမရင်းနှီးကြသော်လည်း မုန့်ရှင်းယွီက ရှုချန်း၏ ‘ဒီနေရာက မြန်မြန်လွတ်အောင် ပြေးကြစို့’ဆိုသည့် အရိပ်အမြွက်ကို သဘောပေါက်သွားသည်။
ငြင်းမည့်စကားများ ပျောက်ကွယ်သွားကာ သူမက ခေါင်းကိုချက်ချင်းညိတ်လိုက်သည်။
“ဒါဆိုလည်း ကျေးဇူးတင်ပါတယ်...”
ရှုချန်းက စိတ်သက်သာရာရသွားသည်။
“အန်တီချင် ကျွန်တော်တို့ ပြန်ပြီနော်...”
အမျိုးသမီးကြီးနှစ်ယောက်က ပြုံးရွှင်နေသည့်မျက်နှာများဖြင့် ပြန်လွှတ်လိုက်ကြသည်။
တံခါးပိတ်ပြီးနောက် နှစ်ယောက်သားခေါင်းချင်းဆိုင်ကာ တီးတိုးပြောနေကြသည်။
“ဒီမိန်းကလေးက မဆိုးဘူးတယ်လို့ ထင်လား...”
ရှုချန်းအမေက ခေါင်းညိတ်လိုက်သည်။
“သူက အနေအထိုင်သပ်ရပ်တယ်... စကားပြောရင်လည်း ကြောက်တာလန့်တာမျိုးမရှိဘူး...”
အန်တီချင်က ဆက်ပြောသည်။
“ငါ့ကို ယုံလိုက်စမ်းပါ... သူက ငါတို့အိမ်မှာ စာလာသင်တာ တစ်နှစ်ခွဲလောက်ရှိပြီ... ငါပြောပြမယ်သိလား... သူက တစ်ခါမှ နောက်မကျဖူးတဲ့အပြင် အလုပ်ကိုလည်း အလေးအနက်ထားတယ်...လုံးဝကို မိန်းမကောင်းလေးပဲ...”
“မိန်းကလေးရဲ့ မိသားစုအခြေအနေကတော့ နည်းနည်းဆိုးတယ်... နင်တို့လောက်တော့ မကောင်းဘူး... သူ့မှာ အဖေပဲရှိတော့တာ... အမေဖြစ်သူက မနှစ်က နွေဦးပွဲတော်ကာလမှာ ဆုံးပါးသွားတာလေ... သူ့အဖေက ဒီနှစ်နောက်အိမ်ထောင်ပြုတော့မှာ... သူနဲ့ ပြောကြည့်တော့ မိန်းကလေးက ဘွဲ့ရပြီးတဲ့အထိ ပြန်မသွားတော့ဘဲနဲ့ ဒီမှာပဲ နေဖို့ အစီအစဉ်ရှိပုံရတယ်...”
ရှုချန်းအမေက လက်တခါခါနှင့် ပြန်ပြောသည်။
“အကျင့်စရိုက်ကောင်းရင်ရပါပြီ... မိသားစုအခြေအနေက အရေးမကြီးဘူး...”
စကားအဆုံးတွင် သူမက တစ်ခုထပ်တွေးမိသွားသည်။
“ငါ့အိမ်က အမိုက်အမဲကောင်လေးက သူရဲ့ စံနှုန်းထဲ ဝင်ပါ့မလားနော်...”
အမျိုးသမီးကြီးနှစ်ယောက်၏ မျက်စိအောက်မှလွတ်သည်နှင့် ရှုချန်းနှင့် မုန့်ရှင်းယွီတို့ နှစ်ယောက်သား သက်ပြင်းချလိုက်သည်။
သူတို့က အချင်းချင်းပြန်ကြည့်ကာ တစ်ချိန်တည်း ရယ်မောမိကြသည်။
ရှုချန်းက သူ့နဖူးကို ပွတ်လိုက်သည်။
“ဆက်ပြီးသည်းမခံနိုင်တော့ဘူး...”
ရှောင်မုန့်က ရယ်မောလိုက်သည်။
“အန်တီတို့က အရမ်းစိတ်အားထက်သန်နေတာပဲ...”
သူမက ဘယ်တစ်ယောက်ဆိုသည်ကို အတိအကျမပြောခဲ့ပေ။ ပြောရလျှင် နှစ်ယောက်လုံးကိုက စိတ်အားထက်သန်နေခဲ့သည်။
ရှုချန်းက သူမကို ကြည့်ကာ ဤမိန်းကလေးက စရိုက်ကောင်းပြီး ရွှင်လန်းကာ ရိုးသားသည်ဟု တွေးလိုက်သည်။
“မင်း ကျိအန်းနဉ်ကို သိလား...”
ရှောင်မုန့် အံ့အားသင့်သွားသည်။
“ရှင်ကော အန်းနဉ်ကို သိတာလား...”
ရှုချန်းက ပြုံးလိုက်သည်။
“အန်းနဉ်က ကိုယ့်ကော်ဖီဆိုင်မှာ အရင်တုန်းက အချိန်ပိုင်းလုပ်ဖူးတယ်လေ... ဒီကျူတာအလုပ်ကို ကိုယ့်အမေပဲ မိတ်ဆက်ပေးခဲ့တာ... ကိုယ်မှတ်မိသလောက်ဆိုရင် သူက သူ့သူငယ်ချင်းကို ဒီအလုပ်လွှဲပေးလိုက်တယ်လို့ ပြောဖူးတယ်... အဲ့ဒါမင်းလား...”
ရှောင်မုန့်ကား အမှန်၌ အန်းနဉ်၏အရင်းနှီးဆုံး သူငယ်ချင်း မုန့်ရှင်းယွီပင်ဖြစ်သည်။ သူမက ပြန်မေးလိုက်သည်။
“ဒါဆို အစ်ကိုက ကော်ဖီဆိုင်က မန်နေဂျာဆိုတာလား...”
နှစ်ယောက်သား လူတစ်ယောက်ကို တူတူသိနေသဖြင့် အနေရမခက်တော့ဘဲ ပိုပြီး နီးကပ်လာသည်။
“သွားကြစို့... ကိုယ်မင်းကို လိုက်ပို့ပေးမယ်...”
မုန့်ရှင်းယွီက ငြင်းရန် ပြင်သော်လည်း ရှုချန်းက အငြင်းမခံပေ။
“ကိုယ့်ကော်ဖီဆိုင်က ကွမ်းမင်လမ်းမှာလေ... တစ်လမ်းတည်း အပန်းမကြီးပါဘူးကွာ...”
ရှုချန်းက နေရောင်ခြည်လို နွေးထွေးသည့် အပြုံးမျိုးနှင့် လူချောလေးဖြစ်သည်။ သူက ယနေ့ သူမအား ကူညီခဲ့သဖြင့် သူ့အပေါ် အမြင်ကောင်းရှိနေသည်။
သူစိမ်းနှစ်ယောက် များများစားစားပြောစရာမရှိသဖြင့် အန်းနဉ်အကြောင်းစကားစလိုက်သည်။
“အန်းနဉ်ရော ဘယ်လိုနေလဲ... သူနဲ့ မတွေ့တာတောင် တော်တော်ကြာပြီ...”
ရှုချန်းနှင့် အန်းနဉ်တို့၏ ဆက်ဆံရေးမှာ မနက်ရှိုင်းလှပေ။ အန်းနဉ်က သူ့ဆိုင်တွင် နှစ်လသာ အလုပ်လုပ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ဝမ်ယွီနှင့် သူ့ ဆက်ဆံရေးကမှ ပိုနက်ရှိုင်းသေးသည်။ လက်တလောက သူဆိုင်ခွဲဖွင့်ချိန်တွင် ဝမ်ယွီက သူ့ကို လျှော့ဈေးဖြင့် ရောင်းပေးခဲ့၍ အကြွေးတစ်ခုတင်နေခဲ့သည်။
သူတို့နှင့်အတူ ထမင်းတစ်နပ်စားပြီးနောက်ပိုင်း အဆက်အသွယ်မရှိကြတော့ချေ။
"အန်းနဉ်လား အဆင်ပြေပါတယ်... ဇူလိုင်လကျရင် သူလက်ထပ်တော့မှာလေ...”
“ဟမ်...”
ရှုချန်းလည်း အံ့အားသင့်သွားသည်။
“မင်းတို့က ကျောင်းတက်နေတုန်းမဟုတ်ဘူးလား... ဒုတိယနှစ်ပဲရှိသေးတာလားလို့...”
မုန့်ရှင်းယွီက ရယ်လိုက်သည်။
“အင်း ဒုတိယနှစ်လေ... ဒါပေမဲ့ လက်ထပ်ဖို့ အသက်ပြည့်ပြီ...”
ရှုချန်းက သိလိုစိတ်အပြည့်နှင့် မေးလိုက်သည်။
“ဝမ်ယွီနဲ့လား...”
မုန့်ရှင်းယွီက အံ့ဩသွားကာ မေးလိုက်သည်။
“ဝမ်ယွီကိုလည်း သိတာလား...”
“အရင်တုန်းက အန်းနဉ်ကို အလုပ်ကနေ လာလာကြိုနေကျလေ...”
သူမအလုပ်လုပ်နေသည့် ကော်ဖီဆိုင်မန်နေဂျာက အလွန်သဘောကောင်းကြောင်း အန်းနဉ်တစ်ခါက ပြောဖူးသည်ကို ဝိုးတဝါး သတိရလာသည်။ အန်းနဉ်နှင့် မုန့်ရှင်းယွီတို့က စိတ်တူကိုယ်တူရှိသဖြင့် လူများနှင့် ပတ်သတ်ပြီး အမြင်လည်း တူကြသည်။ ရှုချန်းကို ကြည့်လိုက်ချိန်တွင် တကယ်လည်းလူကောင်းဖြစ်ပုံရသည်။
ကားက ချင်းဟွာတက္ကသိုလ်ကို ရောက်လာပြီး မုန့်ရှင်းယွီက သူ့အား ကျေးဇူးတင်ကာ ကားပေါ်က ဆင်းရန်ပြင်သည်။
ရှုချန်းက ခဏတုံ့ဆိုင်းနေပြီး တောင်းပန်ရန် ဆုံးဖြတ်လိုက်သည်။
“အာ…ကိုယ် ဒီနေ့အတွက် တောင်းပန်ပါတယ်...”
သူက ရှက်ကိုးရှက်ကန်းနှင့် ပြောလာသည်။
“...”
မုန့်ရှင်းယွီက ယခုအချိန်အထိ နားမလည်သေးပေ။ ပြောရလျှင် သူမက ငယ်သေး၍ဖြစ်သည်။
ရှုချန်းက ခေါင်းကုတ်လိုက်သည်။
“မင်းမသိဘူးထင်တယ်... ဒီနေ့….. သူတို့က ကိုယ်တို့အတွက် blind dateစီစဉ်ပေးနေတာ...”
မုန့်ရှင်းယွီ :”ဟမ်...”
ရှုချန်းက မြန်မြန်လေး ရှင်းပြလာသည်။
“ကိုယ်လည်း မင်းလိုပဲ မသိခဲ့ဘူး... ဒါပေမဲ့ ကိုယ့်အမေက ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူးကွာ... သူက ကိုယ်တို့အချင်းချင်း ရင်းနှီးလာဖို့ အခွင့်အရေးရှာပေးနေတာဖြစ်မယ်... ကိုယ် တောင်းပန်ပါတယ်နော်... ပြန်ရောက်တာနဲ့ အမေ့ကို ကိုယ်ပြောလိုက်မယ်... စိတ်ထဲ မသက်မသာမဖြစ်ပါနဲ့...”
ထိုကဲ့သို့ သက်လတ်ပိုင်းအရွယ်များက ကလေးများအား ပူပန်စိတ်ဖြင့် တစ်ဖက်သား၏ privacyနှင့် ဆန္ဒရှိမရှိကို လေးစားပေးရန် တစ်ခါတစ်ရံတွင် မေ့တတ်ကြသည်။
တစ်ဖက်လူကို ကြိုသတိပေးခြင်းမရှိဘဲ blind dateစီစဉ်ပေးခြင်းမျိုးက စည်းကျော်ခြင်းဖြစ်၍ ရှုချန်းလည်း ဒေါသထွက်မိသည်။
မုန့်ရှင်းယွီက ဒုတိယနှစ်ပဲရှိသေးကာ သူမအမေက ယမန်နှစ်ကမှ ဆုံးသွားသည်။ သူမမိသားစုကလည်း ငွေရေးကြေးရေးအဆင်မပြေသည့်အပြင် အဖေဖြစ်သူက အမေ့ကိုသာ ဂရုစိုက်နေရ၍ မည်သူကမှ သူမအား အာရုံမစိုက်နိုင်ချေ။ အဖေဖြစ်သူ နောက်အိမ်ထောင်မပြုမီ သူမအား ချစ်သူရှိမရှိ မေးမြန်းခဲ့ဖူးသည်။ သူမက မရှိဟု ဖြေပြီးနောက် သူလည်း ဆက်မပြောတော့ချေ။
မုန့်ရှင်းယွီက သူမဘဝ၏ ပထမဆုံး blind dateကို စီစဉ်ပေးခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ဒီအန်တီတွေကတော့နော်….
ယနေ့ခေတ်လူငယ်များက အမှီအခိုကင်းကာ ကိုယ့်ကိုယ်ကို လေးစားကြသည်။ မုန့်ရှင်းယွီက သူမ၏သဘောထားကို မလေးစားသည့်အတွက် စိတ်မချမ်းသာတော့ပေ။ သို့သော် ရှုချန်းက စိတ်ရင်းဖြင့် တောင်းပန်ကာ သူကလည်း သူမလိုပင် ဘာမှ မသိခဲ့၍ စိတ်လျှော့လိုက်သည်။ သူမက ငယ်သေးကာ blind date ကဲ့သို့ ညှင်းပန်းနှိပ်စက်မှုများကို ခံနိုင်ရည်မရှိသေးချေ။
သူမက လက်တခါခါဖြင့် ပြောလိုက်သည်။
“ထားလိုက်ပါတော့ အဆင်ပြေပါတယ်...”
အမှန်ကို သိပြီးနောက် ရှုချန်းကို ပြန်ကြည့်မိသည့်အခါ အနည်းငယ်ရှက်လာမိသည်။ မုန့်ရှင်းယွီက မိသားစုနောက်ခံနှင့် ပတ်သတ်ပြီး စိတ်ပူတတ်သူမဟုတ်ပေ။ အလုပ်ကို ဇွဲရှိရှိ လုပ်ဆောင်သင့်သည်ဟု ယုံကြည်သည်။ ထို့အပြင် ရှုချန်းက အရပ်ရှည်ကာ ကြည့်ကောင်းသူဖြစ်သည်။ သူ့အကျင့်စရိုက်ကလည်း ကောင်းမွန်သည်ဟု ခံစားရသည်။
လေထုက အနည်းငယ်ကွဲပြားလာသည်။
ရှုချန်းက လည်ချောင်းရှင်းကာ နားက ပူနွေးလာသည်ကို ခံစားမိသည်။
“အာ…ကိုယ် မင်းကို WeChatမှာ addလို့ရမလား...”
မုန့်ရှင်းယွီ၏ မျက်နှာကလည်း ပူနွေးနေကာ သူမကဖုန်းကို ထုတ်လိုက်သည်။
“ရပါတယ်...”
ထို့နောက် add လိုက်ကြသည်။
“အန်းနဉ်နဲ့ ဝမ်ယွီ့ကို နှုတ်ဆက်တယ်လို့ ပြောပေးပါဦး...”
သူ့ကားထွက်သွားသည်ကို ကြည့်ကာ မုန့်ရှင်းယွီက သက်ပြင်းချလိုက်သည်။ သူမမျက်နှာက ပူနွေးနေဆဲပင်။
အန်းနဉ်ကို တွေ့ချိန်တွင် သူမက စောစောက blind date စီစဉ်ပေးခံလိုက်ရသည့် အကြောင်းကို ပြောပြခဲ့သည်။
အန်းနဉ်လည်း အတော်ကြာ ရှော့ရသွားသည်။
ယခင်ဘဝက ဤလူနှစ်ယောက်မှာ မတွေ့ဆုံဖူးချေ။ မုန့်ရှင်းယွီနှင့် ရှုချန်းတို့ နှစ်ယောက်လုံးက လူကောင်းများဖြစ်ကြသည်။ အန်းနဉ်က သက်လတ်ပိုင်းအမျိုးသမီးမဟုတ်၍ တခြားဘာအတွေးမှ မရှိချေ။ သူတို့နှစ်ယောက် အတူရှိကြလိမ့်မည်ဟု မတွေးဖူးပေ။
လက်ရှိဘဝမှာပင် ထိုသို့သောအတွေးမျိုး မစဉ်းစားမိသည်မှာ အမှန်ပင်။
“ဒါဆို…. နင့်ဘက်က ဘယ်လိုထင်လဲ...”
အန်းနဉ်က မေးလိုက်သည်။
မုန့်ရှင်းယွီ၏မျက်နှာက နီစွေးလာသည်။
“ဘာကိုတွေးရမှာလဲ... သူ့ကြည့်ရတာ ငါ့ကို စိတ်ဝင်စားတဲ့ပုံ မပေါက်ပါဘူး...”
ရှုချန်းက စိတ်ကောင်းရှိကာ အေးစက်နေမည့်သူမဟုတ်မှန်း အန်းနဉ် သိသည်။ မုန့်ရှင်းယွီ၏ WeChatကို တောင်းကတည်းက သူမအပေါ် စိတ်ဝင်စားနေမှန်း သိသာသည်။
သူတို့ကြားကကိစ္စကို ဝင်စွက်ဖက်လိုခြင်းမရှိပေ။ သဘာဝအတိုင်းဖြစ်သွားလိမ့်မည်။ အန်းနဉ်က ဘာမှမပြောဘဲ ပြုံး၍သာနေလေသည်။
မုန့်ရှင်းယွီက ရည်းစားထားသည့် အတွေ့အကြုံမရှိသဖြင့် အန်းနဉ်ဘက်က စလိုက်ချိန်တိုင်း ရှက်သွေးဖြန်းလာသည်။
သူမက ဝန်မခံခဲ့သော်လည်း ရှုချန်း၏ Momentများကို ဝင်ဝင်ကြည့်တတ်သည်။
အများစုမှာ anime နှင့်ပတ်သတ်နေကာ အသစ်ဝယ်ထားသည့် figureများကို ပျော်ရွှင်မှုအပြည့်နှင့် ကြွားသည့်postများသာ ရှိသည်။
မုန့်ရှင်းယွီ :”…..”
သူမမျက်လုံးများကို အုပ်ထားပစ်ချင်နေသည်။
သို့သော်လည်း သူက အတော် ချစ်စရာကောင်းတယ်ဟု ထင်မိပြန်သည်။
ရှုချန်း အိမ်ပြန်ရောက်သည်နှင့် မုန့်ရှင်းယွီ၏ Momentကို ဝင်ကြည့်ရာ သူမက ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းတတ်သူမှန်း သိလာရသည်။ အများစုက မိန်းကလေးအတန်းဖော်များနှင့် ပုံများသာ ဖြစ်ပြီး တစ်ယောက်တည်းပုံတင်သည်က ရှားသည်။
မုန့်ရှင်းယွီအား မည်သို့မည်ပုံစကားစပြောရမည်ကို အချိန်အတော်ကြာစဉ်းစားပြီးနောက် သူက‘မင်းလိုင်းပေါ်မှာရှိလား’ ‘ဘာလုပ်နေလဲ’ ဆိုသည့် သုံးနေကျစကားလုံးများကို မရွေးဘဲ သူရင်းနှီးသည့်အရာများနှင့် အစပြုရန် ဆုံးဖြတ်လိုက်သည်။
“မင်းကြိုက်လောက်မလားတော့မသိဘူး ဒီanimeက တော်တော်လေးကောင်းတယ်...”
သူက linkတစ်ခုကို ပို့ကာ စကားစလိုက်သည်။
“ကျွန်မကြည့်ကြည့်လိုက်မယ်...”
မုန့်ရှင်းယွီက ပြန်ပို့သည်။
“ဒါဆို ရှင်က animeတွေ အရမ်းကြိုက်တာလား...”
“အင်း... ကိုယ်ဘွဲ့ရတော့ သာမန်ရုံးဝန်ထမ်းအလုပ်မလုပ်ချင်ဘူးလေ... ကိုယ်ကြိုက်တဲ့ အရာကိုပဲ လုပ်ဖို့ဆုံးဖြတ်လိုက်တယ်... အဲ့ဒါနဲ့ ကော်ဖီဆိုင်ဖွင့်လာမိတော့တာပါပဲ..."
“အန်းနဉ် အရင်ကပြောပြဖူးတယ်...”
ပထမအကြိမ် စကားပြောခြင်း အောင်မြင်သွားသည်။
နှစ်ရက်အကြာတွင် မုန့်ရှင်းယွီက ရုတ်တရက် စာပို့လာသည်။
“ကြည့်လို့ တကယ်ကောင်းတယ်... seasonတစ်ခုတည်း ရှိတာလား... xxxနဲ့xxxကို အရမ်းကြိုက်တာပဲ...”
ရှုချန်းက သူ့ဖုန်းကို ကြည့်ကာ စိတ်ကျေနပ်သွားသည့် အပြုံးမျိုး ပြုံးလိုက်သည်။
အန်းနဉ်၏ လက်ထပ်ပွဲကို နိုင်ငံရပ်ခြားမှ ကျွန်းတစ်ကျွန်းတွင် ကျင်းပရန် စီစဉ်ထားသည်။
ဝမ်ကောအန်း၊ ဝမ်ယွီနှင့် အန်းနဉ်တို့က ကြီးကျယ်ခမ်းနားသည့် စီးပွားရေးဆန်ဆန် လက်ထပ်ပွဲမျိုး မလုပ်လိုဘဲ သီးသန့်ဆန်ပြီး လူနည်းနည်းလောက်နှင့် အကျဉ်းချုံး ကျင်းပလိုကြသည်။
ထို့ကြောင့် သူတို့နှင့် ရင်းနှီးသူများကိုသာ ဖိတ်ကြားခဲ့သည်။
အန်းနဉ်က မုန့်ရှင်းယွီကိုသာ ဖိတ်ခဲ့သည်။
အတိတ်ဘဝက ရင်းနှီးမှုကြောင့် ရှုချန်းကို ဖိတ်ကြားချင်ခဲ့သည်။ သို့သော် ယခုဘဝ၌ သူမနှင့် ရှုချန်းကြား ဆက်ဆံရေးက အလွန်မရင်းနှီးပေ။ နှစ်လသာအလုပ်လုပ်ခဲ့သည့် ဆိုင်မှ မန်နေဂျာကို နိုင်ငံရပ်ခြားရှိ လက်ထပ်ပွဲသို့ ဖိတ်လိုက်ခြင်းက အနည်းငယ် ကြောင်တောင်တောင်နိုင်ပေသည်။ ထို့ကြောင့် မဖိတ်တော့ဖို့ရန် ဆုံးဖြတ်လိုက်သည်။
အချိန်က ဇွန်လသို့ ရောက်လာပြီး အန်းနဉ်က ဝမ်ယွီကို ပြောလိုက်သည်။
“နောက်ထပ်ဧည့်သည်တစ်ယောက်ကျန်သေးတယ်...”
“ဘယ်သူလဲ...”
“ရှုချန်း...”
“မင်းပဲ ပြောတော့ မဖိတ်တော့ဘူးဆို...”
အန်းနဉ်က အပြုံးလေးနှင့် ပြန်ဖြေသည်။
“သူက အခု မုန့်ရှင်းယွီရဲ့ ချစ်သူကောင်လေးအဖြစ် တက်မှာလေ....”
ဧည့်သည်အနည်းငယ်သာရှိသောကြောင့် မင်္ဂလာပွဲသည် သေးငယ်သော်လည်း အထူးကောင်းမွန်သည်။
ဝမ်မိသားစုက တစ်ကျွန်းလုံးကို စိတ်ကြိုက်ငှားရမ်းထားပြီး မင်္ဂလာပွဲကို အဖြူရောင်ကမ်းခြေတွင် ကျင်းပခဲ့သည်။ သတို့သားနှင့် သတို့သမီးက ငယ်ရွယ်ချောမောသူများဖြစ်၍ အလွန် လိုက်ဖက်လှသည်။
အချင်းချင်းကတိပြုကြပြီး လက်စွပ်များလဲလှယ်ကာ အနမ်းပေးကြသည်။
ထို့နောက် သတို့သမီးက ပန်းစည်းပစ်လိုက်ရာ သူမအချစ်ဆုံးသူငယ်ချင်းလက်ထဲ တန်းတန်း ကျသွားသည်။
ဝမ်ယွီနှင့် အန်းနဉ်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။
ဘဝမှာ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ပိုကောင်းလာမယ်ဆိုတာ သေချာတယ်...
မင်းနဲ့ ကိုယ့်အတွက်ပေါ့...
###