🤚Chapter 107
Extra - After Marriage 1
ဝမ်ကောအန်းက မြေးလေးဖြစ်စေ မြေးမလေးဖြစ်စေ လိုချင်နေသည်မှာ ကြာပြီဖြစ်သည်။
ငယ်ရွယ်စဉ်အခါက ဘဝကို ပူပင်ကြောင့်ကြမဲ့စွာ ဖြတ်သန်းခဲ့ကာ လူလတ်ပိုင်းအရွယ်အထိ အိမ်ထောင်မပြုခဲ့ချေ။ သူက သူ့မိဘများ ဝမ်ယွီမွေးလာသည်အား မမြင်နိုင်ခဲ့သည်ကို နောင်တရနေခဲ့သည်။ ယခု ထိုကံကြမ္မာက သူ့ထံတစ်ပတ်ပြန်လည်လာမည်ကို စိုးရိမ်နေခဲ့သည်။
လူဆိုသည်ကား ငယ်ရွယ်စဉ် အကြောက်အလန့်ကင်းချင်ကင်းပေလိမ့်မည်။ အသက်ကြီးလာသည်နှင့် ဟိုဟိုသည်သည်တွေးကာ ကြောက်တတ်လာသည်။
အန်းနဉ်က ကျောင်းဒုတိယနှစ်နွေရာသီပိတ်ရက်တွင် ဝမ်ယွီနှင့် လက်ထပ်ခဲ့ကာ ဝမ်မိသားစု၏ ချွေးမလေးဖြစ်လာခဲ့သည်။ ဝမ်ကောအန်းက ထိုကိစ္စနှင့် ပတ်သတ်ပြီး တိတ်တိတ်လေး စဉ်းစားနေခဲ့သည်။
အိမ်ထောင်သက်ပထမနှစ်တွင် သူ့ဘက်က အလျင်မလိုခဲ့ချေ။ ညားခါစဇနီးမောင်နှံကို ကိုယ်ပိုင်အချိန်လေး ရှိစေချင်သည်။
လက်ထပ်ပြီး တစ်နှစ်ကျော်သွားချိန်တွင် ဝမ်ကောအန်းက ဂနာမငြိမ်ဖြစ်လာကာ သူ့လုပ်ငန်းကို စတော့သည်။
သူက ပထမဆုံး ဝမ်ယွီကို တိုးတိုးတိတ်တိတ်ခေါ်ကာ ဆွေးနွေးသည်။ သူက သနားစဖွယ်ကောင်းဟန်ဆောင်လိုက်သည်။
”သား မင်း ငါ့ကိုတော့ မင်းအဖိုးလို မြေးချီဖို့ ဆန္ဒမပြည့်ဘဲ သေသွားတာမျိုး မဖြစ်စေနဲ့နော်...”
ဝမ်ယွီ :”….” အဲ့ဒါ အဖေကိုယ်တိုင်လုပ်ခဲ့တဲ့ ပြဿနာမဟုတ်ဘူးလား...
ဝမ်ယွီက သူ့အဖေ၏ မျက်ရည်များဖြင့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။
“ကလေးဆိုတာမျိုးက ကျွန်တော်တစ်ယောက်တည်း လိုချင်လို့မှ မရတာ... အန်းနဉ်လည်း ဆန္ဒရှိဦးမှလေ အဖေရဲ့...”
ဝမ်ကောအန်းက အပျော်လွန်သွားကာ မျက်ရည်များကို ချက်ချင်းသုတ်လိုက်သည်။
“နဉ်နဉ်ကို မင်းပြောလိုက်... တကယ်လို့ နဉ်နဉ်သာ အဖေ့ကို မြေးလေးပေးဖို့ သဘောတူမယ်ဆိုရင် ယွမ်သန်းတစ်ရာကို သူ့ပိုင်ဆိုင်မှုအောက် ချက်ချင်းလွှဲပေးမယ်လို့ ပြောလိုက်နော်...”
ဝမ်ယွီ :”…..”
ထိုလူအိုကြီးက မြေးချီရရန်ကို စွဲလမ်းနေသည်။
ထိုညတွင် ဝမ်ယွီက အန်းနဉ်ကို ပြောပြလိုက်သည်။
“ကလေးယူဖို့လား...”
အန်းနဉ်က အံ့ဩသွားသည်။
“အခုလား...”
“ကိုယ်ပြောဖူးပါတယ်... အဖေက မြေးချီချင်လွန်းလို့ ရူးမတတ်ဖြစ်နေတယ်ဆိုတာကို...”
ဝမ်ယွီက ရှင်းပြကာ ယွမ်သန်းတစ်ရာကတိကိုပါ ပြောပြလိုက်သည်။
အန်းနဉ် ခေါင်းကိုက်လာသည်။
“အဆင်ပြေပါတယ်... သူ့စကား နားထောင်စရာမလိုဘူး...”
ဝမ်ယွီက သူမကိုနှစ်သိမ့်လိုက်သည်။
“ကိုယ် မင်းရဲ့ဆုံးဖြတ်ချက်ကိုပဲ လိုက်နာမယ်... နောက်ဆုံးတော့ ကလေးမွေးရမှာက မင်းလေ...”
ဝမ်ယွီက အန်းနဉ် ဘာရွေးရွေးထောက်ခံပေးမည့်ပုံပင်။ သို့သော် အန်းနဉ်က သူ့ကို ကောင်းကောင်းနားလည်နေသည်။ အကြည့်တစ်ချက်နှင့် သူက တစ်ခြားဆန္ဒရှိကြောင်း ပြောနိုင်သည်။
“ရှင်ကော ကလေးလိုချင်လား...”
တမင် ဖုံးကွယ်ထားသည့်ဆန္ဒကို သူမတွေ့သွား၍ အနည်းငယ် ရှက်သွားသည်။
“အင်း... ကိုယ် လိုချင်တယ်...”
အန်းနဉ်လည်း အံ့အားသင့်သွားသည်။
“ရှင် ကလေးစောစောမလိုချင်သေးဘူးလို့ ထင်လိုက်တာ...”
ဝမ်ယွီက တက္ကသိုလ်တက်နေဆဲ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်တွင် လက်ထပ်ခဲ့သည်။ လီဟေးကဲ့သို့ အသက်ကြီးနေသူပင် ရည်းစားကို တစ်နှစ်တစ်ယောက် ထည်လဲတွဲကာ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေဆဲဖြစ်သည်။ အငယ်ဆုံးဖြစ်သည့် ဝမ်ယွီက ပထမဆုံး အိမ်ထောင်ကျသူဖြစ်၍ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
သို့ရာတွင် ဝမ်ယွီက ကလေးလိုချင်နေမည်ကို သူမ မမျှော်လင့်ခဲ့ချေ။ အဘယ်ကြောင့်များ ကလေးစောစောလိုချင်နေရသည်ကို မသိပေ။ ထိုကဲ့သို့သော ယောကျ်ားမျိုးက အထူးပင် ရှားပါးလှသည်။
ဝမ်ယွီလည်း ငြိမ်သက်သွားသည်။
အချိန်အတော်ကြာပြီးနောက် သူက ပြောပြသည်။
“အဖေက ကိုယ့်ကို တကယ်ချစ်ပေးတယ်...”
ဟုတ်တာပေါ့... သူက ဝမ်ကောအန်းရဲ့ သွေးသားရင်းမှ မဟုတ်ဘဲ...
အန်းနဉ် သဘောပေါက်လာသည်။
ဝမ်ယွီနှင့် ဝမ်ကောအန်း သွေးသားမတော်စပ်ခြင်းက သူတို့ကြားရှိ ဆက်ဆံရေးကို ပြောင်းလဲစေမည် မဟုတ်ပေ။ သို့သော် ဝမ်ယွီက ဝမ်ကောအန်းအပေါ် အကြွေးတင်နေသည်ဟု ခံစားရသည်။
“နောက်တစ်ခုက မင်းသိတဲ့အတိုင်းပဲ ကိုယ်မက်ခဲ့တဲ့ အိပ်မက်ထဲမှာ အဖေက…..”
ထိုဘဝ၌ ဝမ်ကောအန်းက ဦးနှောက်သွေးကြောပေါက်ကာ ဆုံးပါးသွားခဲ့သည်။
ယခုဘဝ၏အဆုံးသတ်က မတူသော်ငြားလည်း ဝမ်ယွီစိတ်ထဲ ကြောက်လန့်ပြီး စိုးရိမ်သောကများ ပြည့်၍နေသည်။ လစဉ် ကျန်းမာရေးစစ်ဆေးရန် ဝမ်ယွီက တောင်းဆိုခဲ့သော်လည်း ဝမ်ကောအန်းက ငြင်းလိုက်သည်။
အချိန်အတော်ကြာ ငြင်းခုန်ပြီးနောက် သုံးလတစ်ခါ စစ်ဆေးရန် အပေးအယူလုပ်ခဲ့သည်။
အိပ်မက်ထဲက ဖြစ်ရပ်များ အပြင်တွင် တကယ်ဖြစ်လာမည်ကို ဝမ်ယွီက အမြဲတမ်း ကြောက်နေခဲ့ရသည်။ ဝမ်ကောအန်းမှာ သူ့မြေးများအား မမြင်လိုက်ရဘဲ ဆုံးပါးသွားမည်ကို ကြောက်မိသည်။ သို့သော် သူကိုယ်တိုင်လည်း အကျပ်ရိုက်နေသည်။
အန်းနဉ်က အသက်နှစ်ဆယ့်တစ်နှစ်သာရှိသေးကာ ကျောင်းသူတစ်ယောက်သာ ဖြစ်နေသေးသည်။
ဝမ်ယွီ၏ နားလည်မှုများအရ ၊ သူမအရွယ် မိန်းကလေးများက အိမ်ထောင်ပြုထားလျှင်ပင် ကလေးမယူလိုကြသေးပေ။ အန်းနဉ်၏ အတိတ်က နာကျင်စရာ ဖြစ်ရပ်များကြောင့် သူမအား တွန်းအားမပေးလိုပေ။
သို့သော် အန်းနဉ်က လက်ခံလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဒါဆိုလည်း ကလေးယူကြတာပေါ့...”
အကျပ်အတည်းဖြစ်ကာ စိတ်ညစ်နေသော ဝမ်ယွီ :”……”
ဝမ်ယွီ၏ ဗလာကျင်းသော အမူအရာကို မြင်လိုက်ရချိန်တွင် အန်းနဉ်က ပြုံးလိုက်သည်။
“ကလေးယူကြမယ်လို့...”
“ဟင့်အင်း အန်းနဉ် ကိုယ့်ကြောင့်နဲ့ ဒီလိုလုပ်ဖို့ မလိုပါဘူးကွာ...”
ဝမ်ယွီက စိုးရိမ်နေသော အမူအရာနှင့် အန်းနဉ်၏လက်ကို ကိုင်လိုက်သည်။
“ရှင့်အတွက်ချည်းပဲ မဟုတ်ပါဘူး...”
အန်းနဉ်က သူ့လက်ကို ပြန်ဆုပ်ကိုင်လိုက်သည်။
“ရှင် သတိထားမိလား... ရှင်ရယ်၊ ကျွန်မရယ်၊ အဖေရယ်၊ ကျွန်မတို့သုံးယောက်မှာ တစ်ခုတူနေတာရှိတယ်”
ဝမ်ယွီက ပဟေဠိဖြစ်သွားကာ မေးလိုက်သည်။
“ဘာတူနေတာလဲ...”
အန်းနဉ်က ဝမ်ယွီ၏လက်ချောင်းများကို ဆော့ကစားနေသည်။
“ကျွန်မတို့သုံးယောက်လုံးမှာ သွေးရင်းဆွေမျိုးတွေ မရှိကြဘူးလေ...”
အန်းနဉ်၏လက်ကို ဆုပ်ကိုင်ထားသည့် ဝမ်ယွီ့လက်များ ရုတ်တရက် တင်းကျပ်သွားသည်။
အန်းနဉ်၏ ဖခင်က သေသလားရှင်သလား မသိရချေ။ ဝမ်ယွီ့တွင် ဖခင်အရင်းနှင့် ဖအေတူ မအေကွဲ အစ်ကိုတစ်ယောက်အပြင် တခြားသော ညီအစ်ကိုမောင်နှမများရှိသည်။ ယင်းညီအစ်ကိုမောင်နှမများကို မတွေ့ဖူးသော်ငြားလည်း သူ့ဖခင်အရင်းနှင့် ဖအေတူမအေကွဲအစ်ကိုတို့မှာ ထောင်ထဲတွင် ပြစ်ဒဏ်ခံနေရဆဲ ဖြစ်ကာ ဝမ်ယွီက သူတို့ကို သေပြီဟုပင် မှတ်ယူထားသည်။
ဝမ်ကောအန်းလည်း ဘာမှမထူးချေ။ သူ့မိဘများက မရှိတော့သည်မှာ ကြာလှပြီဖြစ်သည်။ ဝမ်ယွီကလည်း သူ့သားအရင်းမဟုတ်သည့်အတွက် သူ့တွင် သွေးရင်းဆွေမျိုးမရှိချေ။
“ကလေးယူကြမယ်နော်...”
အန်းနဉ်က အတည်ပြုလိုက်သည်။
မွေးလာမည့် သူတို့၏သွေးသားရင်းချာကလေးကို ဝမ်ကောအန်း၏ မျိုးရိုးနာမည် ခံယူစေမည်ဖြစ်သည်။
ဤနည်းက အရာအားလုံးကို အဆင်ပြေစေမည်ဖြစ်သည်။
အိမ်မှာ ကလေးလိုချင်သူက ဝမ်ကောအန်းတစ်ယောက်တည်း မဟုတ်ချေ။
သူတို့အားလုံး လိုချင်နေကြသည်။
ဝမ်ယွီက ဝမ်ကောအန်းကို ပြောပြလိုက်သည်။
“အန်းနဉ်မှာ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်... သူက အနာဂတ်မှာ အိမ်ရှင်မဖြစ်ချင်ဘူး... အပြင်ထွက်ပြီး အလုပ်လုပ်ချင်သေးတယ်တဲ့...”
“ပြဿနာမရှိဘူး... လုံးဝပြဿနာမရှိဘူး... သူကြိုက်တဲ့ ကုမ္ပဏီကို သွားလို့ရတယ်... တကယ်လို့ အကြိုက်မတွေ့ရင် အဖေတို့ အသစ်တစ်ခု ဖွင့်လိုက်မယ်...”
“စိတ်အေးအေးထားပါအဖေ စိတ်အေးအေးထားပါဦး...”
ဝမ်ယွီက သူ့အဖေကို အမေအိုကြီးကဲ့သို့ တတွတ်တွတ်ပြောကာ ကျောကို ဖြည်းဖြည်းချင်း ပုတ်ပေးလိုက်သည်။
“နားပူလိုက်တာကွာ...”
ဝမ်ကောအန်းက သူ့လက်ကို ပုတ်ချကာ ရယ်လိုက်သည်။
“ငါ့ကို သေခါနီးလူနာလို ဆက်ဆံနေတာပဲ...”
အိပ်မက်နှင့် ပတ်သတ်သည့် အကြောင်းအရာများကို သူ့အဖေကို ပြောပြရန် မဖြစ်နိုင်သဖြင့် ဝမ်ယွီ အာစေးမိသွားသည်။
အန်းနဉ်က ကလေးယူမည့် အစီအစဉ်ကို မု့န်ရှင်းယွီနှင့် တိုင်ပင်ခဲ့သည်။
ကြားကြားချင်း မုန့်ရှင်းယွီက ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။
“နင်က ငါတို့နဲ့ လုံးဝမတူတဲ့ ကမ္ဘာမှာ နေနေတယ်လို့တောင် ခံစားရတယ်...”
ထို့နောက် သူမကမေးလိုက်သည်။
“ဒါဆို လုံးဝသေချာသွားပြီလား...”
အန်းနဉ်ကခေါင်းညိတ်ပြလိုက်သည်။
“တကယ်တော့ ငါ လက်ထပ်ကာစတုန်းက ကန်တင်းက အန်တီလီက ကလေးစောစောမယူဖို့ ပြောတယ်...”
“ဘယ်သူလဲ...”
“ကောင်တာက တစ်ယောက်လေ...”
“အိုး သူလား...”
အန်းနဉ်က ခေါင်းညိတ်လိုက်သည်။
“ငါက အန်တီလီနဲ့ ရင်းနှီးတယ်လေ... မနှစ်က ကျောင်းပြန်တက်တော့ သူမကို မင်္ဂလာသကြားလုံးသွားပေးလိုက်တာ... အဲ့ဒါ ငါ့ကို ကလေးစောစောမယူဖို့ ပြောတာပဲ... အနည်းဆုံးတော့ သေချာစဉ်းစားတဲ့...”
မုန့်ရှင်းယွီက အံ့အားသင့်သွားသည်။
“ဒီလိုကိစ္စမျိုးရှိသေးတာလား... အဒေါ်ကြီးအများစုက အိမ်ထောင်ပြု ကလေးမွေးဖို့ အတင်းတိုက်တွန်းနေကြတာမဟုတ်ဘူးလား...”
ရှုချန်း၏အမေက ထိုအမျိုးအစားထဲမှ ဖြစ်သည်။ ကံကောင်းသည်က သူမ၏အိုတာခုကောင်လေးမှာတုန်လှုပ်သွားခြင်း မရှိပေ။ သူမကိုပင် အားပေးလိုက်သေးသည်။
“အမေ့ကို လျစ်လျူရှုလိုက်နော်... ကိုယ်တို့ လူငယ်ဘဝကို သူနားလည်မှာ မဟုတ်ဘူး...”
မုန့်ရှင်းယွီက သက်ပြင်းတစ်ချက်ချလိုက်သည်။
အန်းနဉ်က ရယ်လိုက်သည်။
“အန်တီလီက လူကောင်းပါ... သူက ကလေးမွေးမယ်ဆိုရင် အလုပ်ပေါ် ဘယ်လိုသက်ရောက်စေမယ့်အကြောင်း၊ ဒါကြောင့် ဘယ်အချိန်မှာ ကလေးယူသင့်တယ်ဆိုတဲ့ အကြောင်း၊ မီးဖွားတဲ့အခါ ဂရုစိုက်မယ့်သူ ရှိမရှိဆိုတာကို သေချာစဉ်းစားဖို့အကြောင်း၊ အိမ်တစ်လုံးနဲ့ စုဆောင်းငွေလည်း မရှိမဖြစ်လိုကြောင်း ဘာညာအကြံပေးတာပေါ့...”
မုန့်ရှင်းယွီက သဘောပေါက်သွားသည်။
“ဒီအရာတွေက နင့်အတွက် ပြဿနာမှ မဟုတ်တာ….”
အမှန်တွင် အန်တီလီက အန်းနဉ်အစောကြီး အိမ်ထောင်ပြုလိုက်သည်ကို သဘောမတူချင်ပေ။ ကျောင်းမှာ နှစ်အတော်ကြာနေခဲ့ရ၍ အတွဲများက ဘွဲ့ရပြီးသည်နှင့် ပြတ်စဲသွားတတ်ကြသည်ကို ခဏခဏမြင်နေရသည်။ လူငယ်များက လူ့အဖွဲ့အစည်း၏ ရိုက်ခတ်မှုကို အတော်ကြာ ခံစားရပြီးနောက် ရင့်ကျက်လာကြသည်ကို သူမ သိခဲ့သည်။
အန်တီလီမသိသည်က အန်းနဉ်နှင့်ဝမ်ယွီတို့ကြား ဆက်ဆံရေးမှာ သေခြင်းရှင်ခြင်းထက် ပိုခိုင်မြဲသည်ကိုပင်။ သူမက အန်းနဉ် ဒုတိယနှစ်တွင် အိမ်ထောင်ကျသွားသဖြင့် စိတ်ပူနေခဲ့သည်။
အန်တီလီ၏ အကြံဉာဏ်က သာမန်လူများအတွက် မှန်ကန်သော်လည်း အန်းနဉ်က မတူပေ။ အန်တီလီသိထားသည်မှာ အန်းနဉ်က ချမ်းသာသော မိသားစုထဲ ဝင်သွားသည်ကိုပင်။ ကလေးမွေးဖွားချိန်တွင် ထည့်သွင်းစဉ်းစားရန် ပြောသည့် အချက်များက ဝမ်မိသားစုအတွက် ပြဿနာ မဟုတ်ပေ။
အန်းနဉ်က သူမ၏စိတ်ဆန္ဒကြောင့်အပြင် တခြားသောအခြေအနေအရပ်ရပ်ကြောင့် ကလေးယူရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ယွီက အမျိုးသားတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွင် အထွတ်အထိပ်သို့ရောက်နေကာ အန်းနဉ်ကလည်း ကျန်းမာရေးကောင်းမွန်နေသည်။ သူတို့နှစ်ယောက်လုံး သန္ဓေတားဆေးကို ရပ်တန့်ပြီးနောက် တစ်ကြိမ်တည်းနှင့် အောင်မြင်သွားခဲ့သည်။
ပျို့အန်ခြင်းနှင့် အစားအသောက်ပျက်သည့် လက္ခဏာများ အန်းနဉ်တွင် ပေါ်လာသည့်အခါ ကျောင်းများဖွင့်နေချိန်ဖြစ်သည်။ သူမက လက္ခဏာပြပြချင်း စစ်ဆေးကြည့်လိုက်ရာ သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်သည်။
ဝမ်ယွီက ဝမ်ကောအန်းကို ထိုသတင်းပြောပြသည့်အခါ အလွန်အမင်းသတိထားနေခဲ့သည်။ ဝမ်ယွီက စကားကို လှည့်ပတ်ပြောနေပြီး ‘တောင်ကြီးပြိုကျရင်တောင် မျက်နှာအမူအရာမပြောင်းသင့်ကြောင်းနှင့် ကိုယ့်ကိုယ်ကို တည်ငြိမ်နေခြင်း၏ အရေးပါမှု' စသည့်အကြောင်းအရာများကို ဆွေးနွေးနေခဲ့သည်။
“…”
ဝမ်ကောအန်းက မေးလိုက်သည်။
“မင်း ဘာကိုပြောချင်နေတာလဲ...”
“အန်းနဉ်မှာ ကိုယ်ဝန်ရှိနေပြီ...”
ဝမ်ကောအန်းက သူ၏ စိတ်လှုပ်ရှားမှုကို မရပ်တန့်နိုင်ပေ။
“ကောင်းတယ် ကောင်းတယ်... အန်းနဉ် အဖေနဲ့ စာကြည့်ခန်းကို လိုက်ခဲ့...”
လူအိုကြီးက ရုတ်တရက် တစ်ခုခုကို သတိရသွားကာ စိတ်ပြောင်းသွားသည်။
“မဟုတ်ဘူး... မလှုပ်နဲ့တော့... ဝမ်ယွီ မင်း စာကြည့်ခန်းကို သွားပြီး ညာဘက်အံဆွဲထဲက အပြာရောင်ဖိုင်ကို ယူလာခဲ့လိုက်...”
ဝမ်ကောအန်းက အန်းနဉ်ကို သန်းတစ်ရာကိစ္စကတိပေးခဲ့ခြင်းမှာ နောက်နေခြင်းမဟုတ်ချေ။ သူက အန်းနဉ်၏ပိုင်ဆိုင်မှုများကိုပင် ငွေသား၊ အိမ်ခြံမြေနှင့် စတော့ရှယ်ရာများဖြင့် သေချာစီမံပေးထားသဖြင့် အန်းနဉ်မှာ ချက်ချင်းပင် သူဌေးမကြီး ဖြစ်လာခဲ့သည်။
အန်းနဉ်က အစာစားလိုစိတ်နည်းပါးပြီး ရံဖန်ရံခါ ပျို့အန်တတ်၍ ဝမ်ကောအန်းနှင့် ဝမ်ယွီတို့ စိတ်ပူနေကြသည်။ သူမကို ကျောင်းခဏနားကာ ကလေးမွေးရန် အိမ်၌ နေစေချင်ကြသည်။
သို့ရာတွင် အန်းနဉ်က သဘောမတူခဲ့ပေ။
“ကျွန်မ စီနီယာအစ်မတွေတောင် ကိုယ်ဝန်ကြီးနဲ့ Master တွေ Ph.Dတွေ တက်ကြသေးတာ... သူများတွေတောင်လုပ်နိုင်တာ ကျွန်မလည်း လုပ်နိုင်တယ်...”
သူမက ခန္ဓာကိုယ်အကြောင်း ပိုသိသဖြင့် ပြဿနာသိပ်မရှိဟု ခံစားနေရသည်။ သို့သော် ပျို့အန်သည့်ကိစ္စက အလွန်ခက်ခဲသည်။ အန်းနဉ်က နှစ်ပတ်မျှ ခွင့်ယူခဲ့ကာ ကျောင်းပြန်တက်ချိန်တွင် ပျို့အန်ခြင်းမရှိတော့ချေ။
ဝမ်ယွီက နေ့တိုင်း သူမကို အပို့အကြိုလုပ်သည်။ သူ မအားသည့်အချိန်မျိုးတွင် သီးသန့်ယာဉ်မောင်း စီစဉ်ပေးသည်။
အန်းနဉ်က ဗိုက်ပူပူလေးဖြင့် ကျောင်းကို ဆက်တက်ကာ နေ့လည်စာကို ကိုယ်ဝန်သည်များအတွက် သီးသန့်ပြုလုပ်ထားသည့် အစားအသောက်ဗူးအား တစ်စုံတစ်ယောက်က ကန်တင်းသို့ ပို့ဆောင်လေ့ရှိသဖြင့် ကျောင်းဝင်းအတွင်း ထူးခြားသည့် မြင်ကွင်းတစ်ခုဖြစ်နေခဲ့သည်။
သူတို့နှစ်ယောက် ဝမ်ယွီ၏နေအိမ်မှ ဝမ်မိသားစုစံအိမ်သို့ ပြောင်းလာကြသည်။
စံအိမ်တွင် ကလေးထိန်းရာ၌ ကျွမ်းကျင်သော အဒေါ်တစ်ယောက်ရှိကာ အရေးအကြီးဆုံးက နေ့တိုင်း အန်းနဉ်အတွက် ကိုယ်ဝန်ဆောင်များစားသင့်သည်များကို ပြင်ဆင်ပေးသည့် စားဖိုမှူးတစ်စုပါ ရှိနေသဖြင့်နဂိုက လွတ်နေသော အိမ်ကြီးသည် ရုတ်တရက် အသက်ဝင်လာခဲ့သည်။
ဝမ်ကောအန်း၏ အသားအရေက ပိုကောင်းလာကာ သွက်လက်ဖျတ်လတ်မှု အပြည့်နှင့်ပင်။
သူတို့ စံအိမ်ကို ပြန်ရောက်လာခြင်းက ဘဝသစ်တစ်ခုကို ယူဆောင်ပေးလာသည့်နှယ်။
လာမည့်နှစ် ဧပြီလ အတန်းဖော်များ အလုပ်အသေအကြေရှာနေချိန်တွင် အန်းနဉ်က ကလေးလေးကို အောင်အောင်မြင်မြင်နှင့် မွေးဖွားပေးခဲ့သည်။
###