🤚Chapter 108
Extra - After Marriage 2
ငွေက ပြဿနာများစွာကို ဖြေရှင်းပေးနိုင်သည်။
ဥပမာအနေနှင့် အစိုးရဆေးရုံတွင် ကုတင်မလုံလောက်၍ စင်္ကြန်မှာ အိပ်ရခြင်းမျိုး၊ မေ့ဆေးပေးမည့် ဆရာဝန်မရှိ၍ နာနာကျင်ကျင်နှင့် ခွဲစိတ်ရခြင်းမျိုး-ထိုကဲ့သို့ ပြဿနာများကို ငွေနှင့် ဖြေရှင်းနိုင်သည်။
ဝမ်ကောအန်းက သူ့ချွေးမလေး ကလေးမီးဖွားရန်အတွက် ကိုယ်ပိုင်ဆေးရုံကို လွန်ခဲ့သည့်ဆယ်လကတည်းက ကြိုဝယ်ထားခဲ့သည်။
ကလေးမွေးဖွားသည့်ဖြစ်စဉ်တွင် အန်းနဉ်က သိပ်မခံစားလိုက်ရသော်လည်း ပင်ပန်းနွမ်းနယ်နေဆဲပင်ဖြစ်သည်။ ခွဲခန်းထဲမှ ထွက်လာချိန်တွင် ဝမ်ယွီက သူမမျက်နှာလေးမှာ ဖြူဖျော့နေကာ နဖူးတွင် ချွေးများစိုရွှဲနေသည်ကို မြင်လိုက်ရသည်။ သူမလက်ကလေးကို ညှင်ညှင်သာသာကိုင်ထားပြီး ကျေးဇူးတင်လိုက်သည်။
”ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ...”
ယောက္ခထီးတစ်ယောက်အနေနှင့် ဝမ်ကောအန်းက အနားသွားရန် တုံ့ဆိုင်းနေကာ သူက ခြေလှမ်းအနည်းငယ်မှ နေ၍ ပြောလိုက်သည်။
“နဉ်နဉ် သမီး ကောင်းကောင်းအနားယူချေ... ဘာမှ စိတ်မပူနဲ့နော်...”
အန်းနဉ်က ခေါင်းညိတ်လိုက်ကာ သူတို့အနားမှာရှိနေ၍ ဘာကိုမှ ပူပန်မနေတော့ချေ။ သူမက မျက်လုံးများကိုမှိတ်လိုက်ပြီး ချက်ချင်း အိပ်ပျော်သွားသည်။
သူမနိုးလာချိန်၌ ဝမ်ယွီက ကုတင်ဘေးရှိ ဆိုဖာပေါ်တွင်ထိုင်နေကာ မီးခြစ်ဆံဘူးအရွယ် အထုပ်တစ်ထုပ်ကို ကိုင်ထားပြီး ရူးကြောင်ကြောင် ရယ်မောနေသည်ကို တွေ့လိုက်ရသည်။
သူ့ကို ခဏကြာအောင် ကြည့်နေခဲ့သည်။ သူမနိုးလာသည်ကို သတိထားမိသေးပုံမရဘဲ ရယ်နေဆဲပင်။ အန်းနဉ်၏ ခေါ်သံကို ကြားသည်နှင့် ထိတ်လန့်တကြားဖြစ်သွားသည်။
“မင်းနိုးလာပြီလား...”
သူနာပြုဆရာမကို မြန်မြန်ခေါ်လိုက်သည်။
သူနာပြုအဖွဲ့တစ်ဖွဲ့ အပြေးအလွှားဝင်လာပြီး အန်းနဉ်၏ ဘေးပတ်လည်တွင် ဝန်းရံနေကြသည်။
ထို့နောက် သူမအား သပ်သပ်ရပ်ရပ်ဖြစ်စေရန် ဆံပင်များကို ဖြီးပေးခြင်း၊ ကိုယ်ကို သန့်စင်ပေးခြင်းနှင့် ချွေးစိုနေသော အဝတ်အစားများကို လဲပေးခြင်းတို့ ပြုလုပ်ပေးခဲ့သည်။ မကြာမီ အန်းနဉ်က သပ်ရပ်သန့်ရှင်းသွားသည်။
သူမနိုးလာသည်မှာ မိခင်ဗီဇကြောင့်ဖြစ်သည်။ ကလေးအား နို့တိုက်ချိန်ရောက်ပြီ။
သူနာပြုဆရာမ၏ လမ်းညွှန်မှုအောက်တွင် ဝမ်ယွီလက်ထဲမှ သူမသမီးကို ချီလိုက်သည်။ မွေးကင်းစကလေးလေး၏ အသားအရေမှာ နီရဲရှုံ့တွနေသည်။
အန်းနဉ်က ကလေးမွေးပြီးနောက် သူမကလေးအား သေချာကြည့်ခဲ့ဖူးသော်လည်း ယခုအခါ သူမကလေးကို ပိုကြည့်မိလေလေ ခံစားချက်မတူတော့သည်ကို ခံစားမိသည်။
“ကလေးလေးက ကျွန်မနဲ့တူလားဟင်...”
သူမက ဝမ်ယွီကို မေးလိုက်သည်။
“မင်းအတိုင်းပဲ... သူက နောက်ဆို ကောင်လေးတွေ တပြုံတမကြီး လိုက်လာနိုင်လောက်အောင် ချောတဲ့ မိန်းကလေး ဖြစ်လာမှာ...”
အန်းနဉ်က သူမသမီးကို နို့တိုက်ရန် အဝတ်ကို ချွတ်လိုက်သည်။ ကိုယ်ဝန်ဆောင်စဉ် သေချာ ဂရုစိုက်ခဲ့သောကြောင့် ကလေးလေးနို့စို့ပြီး မကြာမီ နို့ရည်ကြည်များ ထွက်လာသည်။ ကလေးလေးက တပြွတ်ပြွတ်မြည်သည်အထိ အငမ်းမရ စို့နေခဲ့သည်။
နို့တိုက်သည့်မြင်ကွင်းက ဝမ်ယွီကို အိပ်မက်တစ်ခုကဲ့သို့ ခံစားရစေကာ ရုတ်တရက် သူ့ကိုယ်သူ ‘အဖေ’တစ်ယောက်ဖြစ်လာသည်ကို ခံစားလိုက်ရသည်။
အန်းနဉ်က မေးလိုက်သည်။
“အဖေရော ဘယ်မှာလဲ...”
“သူ တအားပျော်နေတာလေ... တွေ့သမျှလူတိုင်းကို ‘ငါအခု အဖိုးဖြစ်သွားပြီကွ’ လို့ လိုက်ပြောပြီး စာအိတ်နီတွေ ဝေနေပါလေရဲ့..."
အန်းနဉ်က တခစ်ခစ်ရယ်လိုက်သည်။
“သွား အဖေ့ကို သွားကြည့်ပါဦး...”
ဝမ်ကောအန်း၏ စိတ်ခံစားချက်များ ပြင်းထန်လာမည်ကို ကြောက်ရသည်။
ဝမ်ယွီက အပြင်ကိုထွက်သွားသည်။ အမှန်က ဝမ်ကောအန်းမှာ ဆေးရုံဒါရိုက်တာအား အဖိုးဖြစ်လာခြင်း၏ ပျော်ရွှင်မှုကို ပြောပြနေခဲ့သည်။ ဒါရိုက်တာက အတင်းပြုံးထားရပြီး ခေါင်းကို တဆတ်ဆတ် ညိတ်နေခဲ့သည်။
အခန်းထဲမှ အန်းနဉ်အား အနှောင့်အယှက်မဖြစ်စေရန် သူတို့က အခန်းထဲ မနေခဲ့ဘဲ အပြင်ဘက်ကော်ရစ်ဒါတွင် စကားပြောနေကြသည်။ ဆေးရုံဒါရိုက်တာက မည်မျှကြာကြာ ရပ်နေခဲ့ရသည်ကို မသိသော်လည်း သူ့အမူအရာများက တောင့်တင်းနေသည်။
ဝမ်ယွီရောက်လာသည်နှင့် ကြာကြာရပ်နေရခြင်းကြောင့် ထုံကျင်နေသည့် ဒါရိုက်တာက စိတ်သက်သာရာရသွားသည်။
ဝမ်ကောအန်းက မေးလိုက်သည်။
“ဘာလို့ အပြင်ထွက်လာတာလဲ... အန်းနဉ်ဘေးနားမှာ နေလေ...”
"သူ အခုလေးတင်နိုးလာတာ... ကလေးနို့တိုက်နေတယ်...”
ဝမ်ကောအန်းက အပျော်လွန်နေသော်လည်း အခန်းထဲသို့ ဝင်သွားရန် အဆင်မပြေသည့်အတွက် အိမ်အကူကို အန်းနဉ်အားပြုစုရန် ညွှန်ကြားခဲ့သည်။ ထို့နောက် သူ့ဘေးနားက လက်ထောက်ဖြစ်သူကို မေးလိုက်သည်။
“စာအိတ်နီတွေ အကုန်ဝေပြီးသွားပြီလား...”
ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားနေရသည့် လက်ထောက်က ထပ်တလဲလဲ အတည်ပြုလိုက်သည်။
“လူအကုန်ဝေပြီးပါပြီ...”
ထိုလူအိုကြီးမှာ လိုင်းပေါ်တွင် ရူးသွပ်နေပြန်သည်။
ဝမ်ယွီက သူ့အား တားလိုက်သည်။
“ဒီမှာ မနေပါနဲ့တေ့ာ... အဖေ အိမ်မြန်မြန်ပြန်ပြီး နားသင့်နေပြီ...”
ဝမ်ကောအန်းက မကျေမနပ်ဖြစ်သွားသည်။
“ငါ့မြေးမလေးနဲ့ အချိန်ဖြုန်းဦးမှာကွ...”
“ကလေးကို မနက်ဖြန်မှ လာတွေ့တော့... ကောင်းကောင်းမနားလို့ကတော့ အဖေ့ကို တွေ့ခွင့်ပေးမှာမဟုတ်ဘူးနော်... ကျွန်တော်မလုပ်ရဲဘူး မထင်နဲ့...”
ခြိမ်းခြောက်ခံလိုက်ရသည့် ဝမ်ကောအန်းက စိတ်မပါလက်မပါနှင့် အိမ်ပြန်သွားသည်။
နောက်တစ်နေ့တွင် သူက အန်းနဉ်ကို ရှေ့နေခေါ်ကာ လာတွေ့ခဲ့သည်။ သူက ကြီးကျယ်ခမ်းနားသည့် အမူအရာနှင့် အန်းနဉ်ကို ပိုင်ဆိုင်မှု တပုံတခေါင်း လွှဲပြောင်းပေးခဲ့သည်။
အန်းနဉ်က နဖူးကိုပွတ်လိုက်သည်။
“အဖေ ဒီလိုလုပ်ဖို့ မလိုပါဘူး...”
“အဲဒါ သမီးအပိုင်ပဲ... ယူလိုက်...”
ဝမ်ကောအန်းက သူ့မြေးမလေးကို ချီကာ ပြုံးလိုက်သည်။
“ကလေးမွေးတယ်ဆိုတာ မိန်းမတစ်ယောက်အတွက် ခက်ခဲတဲ့ စမ်းသပ်ချက်တစ်ခုပဲ... သမီးကောင်းကောင်းကြိုးစားခဲ့တာပဲ...”
စကားအဆုံးတွင် သူက လက်ထောက်ကို အချက်ပြလိုက်သည်။
လက်ထောက်ဖြစ်သူက ပါးနပ်စွာ အန်းနဉ်အား စာရွက်တစ်ရွက်ပေးလိုက်သည်။
“ဒါတွေက ဒါရိုက်တာဝမ် စုဆောင်းခဲ့တဲ့ နာမည်တွေပါ... ကြည့်ကြည့်ပါဦး...”
ဝမ်ယွီနှင့် အန်းနဉ်တို့ ဆွံ့အသွားသည်။
ကလေးများက မိဘများနှင့် သက်ဆိုင်ပြီး မိဘများကသာ နာမည်ပေးလေ့ရှိကြသည်။ ဝမ်ကောအန်းကို ကြည့်ရသည်မှာ သူက နာမည်ပေးလိုခွင့်ကို ပါးပါးနပ်နပ်နှင့် လဲရန်ကြံနေပုံပင်။
အန်းနဉ်က ပြောလိုက်သည်။
“နာမည်ရွေးတာနဲ့ ပတ်သတ်ပြီး အဖေပဲဆုံးဖြတ်လိုက်ပါ...”
နောက်ဆုံးတွင် ဝမ်ကောအန်းက ကလေးအတွက် ‘ရှုကျွင်း’ဆိုသည့် နာမည်ကို ရွေးလိုက်သည်။
လှပသော ဆိုသည့်’ ရှု’နှင့် ကျောက်စိမ်းဆိုသည့် ‘ကျွင်း’...
ဝမ်ရှုကျွင်း...
ကလေးလေးက မွေးလာစဥ်ကတည်းက တစ်အိမ်လုံး၏ အချစ်ခံရမည့် ကံပါပုံပေါ်သည်။
အန်းနဉ်က ပြန်ကောင်းလာသည်အထိ ဆေးရုံမှာ နေခဲ့သည်။ ပြန်သက်သာလာချိန်တွင် သူမက ကလေးမွေးပြီးသည်ဟု မည်သူမှ မပြောနိုင်ချေ။
မုန့်ရှင်းယွီက သူမဆီလာလည်လေသည်။
“ကြည့်ပါဦး... နင်က ကလေးမွေးထားတယ်ဆိုတာကို ဘယ်သူကများ ယုံမှာလဲ...”
သူမက အန်းနဉ်၏ အနာဂတ်အစီအစဉ်များကို မေးမြန်းခဲ့သည်။
“ငါ ကလေးကို ရှစ်လကနေ ဆယ်လလောက်အထိ နို့တိုက်ဖို့ စဉ်းစားထားတယ်... ပြီးတာနဲ့ တစ်ခုခုလုပ်စရာရှာမယ်လေ... အချိန်ပြည့် အိမ်ရှင်မ မလုပ်ချင်ဘူးလို့ ဝမ်ယွီနဲ့ ပြောပြီးပြီ...”
မုန့်ရှင်းယွီကလည်း သူမအစီအစဉ်ကို သဘောတူသည်။ သူမက အနည်းငယ်စိုးရိမ်နေ၍ မေးလိုက်သည်။
“ဒါဆို နင့်ယောက္ခထီးရော သဘောတူရဲ့လား...”
ချမ်းသာသည့် မိသားစုအကြောင်းပါသည့် ဝတ္ထုများ၊ တီဗီစီးရီးများတွင် ယောက္ခမများက သူတို့၏ ချွေးမဖြစ်သူအား အထက်ဆီးဆန်ဆန် ပြောဆိုဆက်ဆံလေ့ရှိသသည်။
'မင်း ပိုက်ဆံပြတ်နေလို့လား... ဘာလို့အပြင်ထွက် အလုပ်လုပ်ရမှာလဲ... အိမ်မှာနေပြီး ကလေးကို စောင့်ရှောက်ချေ...'
ထိုသို့ မဟုတ်ပေဘူးလား...
အန်းနဉ်က သက်ပြင်းချလိုက်သည်။
“ငါ့မိသားစုကလူတွေက အဲ့ဒီလိုလူတွေ မဟုတ်ဘူး...”
အောက်တိုဘာလ၌ ကလေးနို့ဖြတ်ပြီးနောက် အန်းနဉ်က အလုပ်လုပ်ချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ရာ ဝမ်ကောအန်းက လုံးဝသဘောတူလိုက်သည်။
“သွားပါ... စိတ်မပူနဲ့... အဖေအိမ်က ကိစ္စတွေ ဂရုစိုက်လိုက်မယ်...”
လက်ရှိတွင် ဝမ်ကောအန်းက အနားယူတော့မည့် အခြေအနေတွင်ရှိသည်။ လုပ်ငန်းကိစ္စအများစုကို ဝမ်ယွီ့လက်ထဲ လွှဲကာ သူက နောက်ကွယ်မှ ညွှန်ကြားပေးပြီး သက်သောင့်သက်သာနေရုံပင်။
သူ ဝင်ရောက်ညွှန်ကြားရန်လိုသည့် အရေးကြီးကိစ္စမှာ များများစာစားမရှိချေ။ အဓိကက မြေးမလေးတစ်ယောက်ရ၍ အလွန်ကျေနပ်နေသည့်အနေအထားဖြစ်သည်။
ဝမ်ယွီက သူ့ကို အသနားခံခဲ့သည်။
“အဖေ ကလေးပုံတွေကို social mediaမှာ အရူးလိုမျိုး မတင်ပါနဲ့လား... အဲ့ဒါကြောင့် ကျွန်တော် အရိုက်ခံရနိုင်တယ်...”
ဝမ်ယွီက သူ့အသိုင်းအဝိုင်းတွင် အငယ်ဆုံးဖြစ်သော်လည်း အရင်ဆုံး အိမ်ထောင်ကျသွားသည်မှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလှသည်။ ယခု ဝမ်ကောအန်းကပါ ကလေးပုံလေးများကို တရစပ်တင်နေသဖြင့် လူတိုင်းမြင်နေရပြီး ထိုအထဲတွင် သူ့သူငယ်ချင်းများ၏ မိဘများလည်း ပါလာသည်။ ၎င်းက မိဘများအား အားကျမနာလိုဖြစ်လာစေကာ မြေးများ လိုချင်လာကြပြီး သူတို့အား လက်ထပ်ရန် ချက်ချင်းကို ဖိအားပေး တိုက်တွန်းလာကြသည်။
ယမန်နေ့ကတွေ့ဆုံပွဲတွင် ချန်းဟောင်ရန် ဦးဆောင်လာသည့်အဖွဲ့က သူ့အား ဆိုဖာပေါ် ဖိချကာ ‘သင်ခန်းစာပေးရန်’ လုပ်ကြသည်။
ဝမ်ယွီက ကိုယ်ခံပညာကို ဖြုံလောက်အောင်တတ်သော်လည်း သူတို့၏ ပူးပေါင်းမှုကို မလွန်ဆန်နိုင်သည့်အတွက် ‘သင်ခန်းစာအပေးခံရရုံ’မှလွဲပြီး ရွေးစရာမရှိခဲ့ပေ။
၎င်းက ဝမ်ကောအန်းကြောင့်ပင် ဖြစ်သည်။
ဝမ်ကောအန်းက သရော်သည့်အသံဖြင့် ပြောလေသည်။
“ငါက ငါ့မြေးမလေးအကြောင်းကြွားတာလေ... အဲ့ဒီတော့ ဘာပြဿနာရှိလဲ...ပြဿနာရှိတဲ့ ကောင်ကို ငါ့ဆီလာဖို့ ပြောလိုက်...”
ဝမ်ကောအန်းသာ ခြေပြင်းပြင်းနင်းလိုက်သည်နှင့် စီးပွားရေးလောကကြီး တုန်လှုပ်သွားလိမ့်မည်ဟု နာမည်ကြီးသည်။
ဘယ်သူကများ သူနဲ့ မျက်နှာချင်းဆိုင် ရှင်းရဲမှာလဲ...
သူတို့က သူ့ social media postများကိုပင် likeများ ပေးကြပေလိမ့်မည်။
သူတို့ကျွင်းကျွင်းလေးက ဒီလောက်ချစ်ဖို့ကောင်းတာ... ဘယ်သူများ သူ့ကို မကြိုက်ဘဲ နေရဲတာလဲ...
ဝမ်ကောအန်းက သူ့မြေးမလေးပုံကို likeမပေးသူများကို စာအုပ်ထဲ နာမည်နှင့်တကွ မှတ်ထားသည်။
ဝမ်ရှုကျွင်း မွေးလာကတည်းက ဝမ်ကောအန်း၏ မြေးချစ်သည့်စရိုက်ပေါ်လာကာ မျှော်လင့်ချက်မဲ့နေပြီဖြစ်သည်။
“သူတို့ကိုဘာလို့ဂရုစိုက်နေမှာလဲ... မင်းအချိန်ရရင် ဒါကို ကြည့်လိုက်...”
ဝမ်ရှုကျွင်းကို ချော့မြူနေရင်း ဝမ်ကောအန်းက စာရွက်စာတမ်းတစ်စောင်ကို အန်းနဉ်နှင့် ဝမ်ယွီတို့အား ပစ်ပေးလိုက်သည်။
အန်းနဉ်က ဖတ်ကြည့်ရန် ရှေ့တိုးလိုက်သည်။ ၎င်းက မြေယာနှင့်ပတ်သတ်နေသည်။
ဝမ်ယွီက တစ်ချက်ကြည့်လိုက်သည်။
“အဖေ ဒီကျွန်းကို ဝယ်လိုက်တာလား... ကောင်းလိုက်တာ... နောက်ဘာလုပ်ဖို့ စီစဉ်ထားလဲ...”
ဝမ်ကောအန်းက ဝမ်းသာအားရနှင့် ပြန်ဖြေသည်။
“ကျွင်းကျွင်းအတွက် ခန်းဝင်ပစ္စည်းလေ...”
ယခင်အပတ်က ရှေးဟောင်းပစ္စည်းတစ်ခုကို မိုးထိအောင် မြင့်သည့်ဈေးနှင့် ဝယ်လိုက်စဉ် ထိုသို့ ပြောခဲ့သည်။
“ကျွင်းကျွင်းအတွက် ခန်းဝင်ပစ္စည်းလေ...”
တစ်ရက်က ဝမ်ကောအန်း အိမ်မှ ပျောက်သွားသဖြင့် တစ်မိသားစုလုံးက စံအိမ်တစ်ခုလုံးကို မြေလှန်ရှာကြသည်။ နောက်ဆုံးမြေအောက်ခန်းထဲ ရောက်နေမှန်း သိလိုက်ရသည်။ မြေအောက်ခန်းထဲတွင် သူက ကုန်းကုန်းကွကွနှင့် မိသားစုအမွေအနှစ် လက်ဝတ်ရတနာများကို ရေတွက်နေသည်။
“ဘယ်ဟာက ကျွင်းကျွင်းအတွက် ခန်းဝင်ပစ္စည်းအဖြစ် သင့်တော်ပါ့မလဲနော်...”
ဝမ်ယွီ၊ အန်းနဉ် :”……”
အနှီလူအိုကြီး ရူးသွားရှာပြီ။
နိုဝင်ဘာလတွင် ဝမ်မိသားစုကော်ပိုရေးရှင်း လက်အောက်မှ ကုမ္ပဏီတစ်ခု၏ marketing ဌာနက ဝန်ထမ်းအသစ်တစ်ယောက် ခန့်ခဲ့သည်။
မိန်းကလေးက ဆံပင်ရှည်ရှည်နှင့် မျက်လုံးလေးများက ရေလိုမျိုး ကြည်လင်သန့်ရှင်းသည်။ နူးညံ့သိမ်မွေ့ပုံပေါ်ကာ ကြည့်ရသည်မှာ ဘွဲ့ရပြီး မကြာသေးပင်။ ကုမ္ပဏီသို့ ဝင်ရောက်ပြီးသည်နှင့် ကုမ္ပဏီရှိ လက်မထပ်ရသေးသော အမျိုးသား လုပ်ဖော်ကိုင်ဖက်များ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
သက်လတ်ပိုင်း အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များက သူမအပေါ် စိတ်ဝင်စားနေကြကာ ခဏအတွင်း အောင်သွယ်လုပ်ပေးသူများနှင့် ပြည့်နှက်နေသည်။
“ဟေး ရှောင်ကျိ နင် ဒီမြို့က မဟုတ်ဘူးမလား...”
ရုံးထဲက စီနီယာအစ်မက မေးသည်။
“ကျွန်မက ယွီချန်ကပါ...”
“ယွီချန်ဟုတ်လား... အဲ့ဒါက မြို့တော်စီရင်စုနဲ့မှ ယှဉ်လို့မရတာ... တိုးတက်ဖို့အတွက် ဒီမှာနေဖို့ ရွေးချယ်လိုက်တာ ဉာဏ်အရှိဆုံးပဲလေ...”
စီနီယာအစ်မက မြို့တော်စီရင်စု၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာအကြောင်း လေကန်နေခဲ့သည်။ နောက်ဆုံးတွင် သူမက အန်းနဉ်ကို အကြံပေးလာသည်။
“အစ်မပြောမယ်... နင် ဒီမှာနေမယ်ဆိုရင် အနာဂတ်မှာ ရည်းစားရှာတဲ့အခါ အိမ်ရှိတဲ့သူမျိုးကို ရှာချေ... အိမ်မရှိရင် လက်ထပ်ဖို့ မစဉ်းစားနဲ့...”
တချို့အမျိုးသား လုပ်ဖော်ကိုင်ဖက်များက သည်းမခံနိုင်၍ ပြန်လည်ခုခံကြသည်။
“အစ်မလျို၊ အစ်မက ကျွန်တော်တို့ကို အခွင့်အရေးမရှိအောင် လုပ်နေတာပဲ... မြို့တော်စီရင်စုရဲ့ လက်ရှိ အိမ်ဈေးတွေကို ကြည့်လိုက် မိဘတွေရဲ့ ထောက်ပံ့မှုမပါဘဲနဲ့ လူငယ်တွေအတွက် အိမ်ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ... ချေးငွေသုံးရင်တောင် အချိန်မီ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး...”
“အဲ့ဒါ ဘာလုပ်ရမှာလဲ... ငါ့ကြောင့်မလို့လား... နင့်ရဲ့ လူဝင်စားဖို့ ရွေးချယ်တဲ့စကေးကို အပြစ်တင်ရမှာလေ... ကောင်းတဲ့မိသားစုမှာ လူဝင်စားကြည့်ပါလား... မိဘတွေရဲ့ အကူအညီနဲ့ အိမ်တွေ ပိုင်နေပြီ... ဘယ်လောက်ကောင်းလိုက်လဲ...”
ထို့နောက် သူမက ပြန်လှည့်ကာ အန်းနဉ်အားသီးသန့်ပြောခဲ့သည်။
“အစ်မယောကျ်ားရဲ့ ဝမ်းကွဲက အဲ့ဒီလိုလူတွေထဲကလေ... သူက ဒီနှစ်မှ ၂၈နှစ်ပဲ ရှိသေးတယ်... နင့်ထက် နှစ်နည်းနည်းလောက်ပဲ ကြီးတာပါ... ပြီးတော့ သူက အိမ်ပိုင်ပြီးသား... အစ်မ နင့်ကို သူနဲ့ မိတ်ဆက်ပေးရမလား...”
အန်းနဉ်က ဘွဲ့ကို ပူပူနွေးနွေးရထားပြီး အသက် ၂၁နှစ်သာ ရှိသေးသည်။ ဤစီနီယာ အစ်မက အဘယ့်ကြောင့် သူမအား အသက်သုံးဆယ်အရွယ်လူကြီးနှင့် မိတ်ဆက်ပေးရန် ကြိုးစားနေသည်ကို နားမလည်ခဲ့ချေ။
“အစ်မလျို ကျွန်မက လက်ထပ်ပြီးသွားပြီ...”
အစ်မလျိုက မယုံပေ။
“မဖြစ်နိုင်တာ နင်က အခုမှ ဘွဲ့ရရုံပဲ ရှိသေးတာကို...”
“တကယ်... ကျွန်မမှာ ကလေးတောင် ရှိတယ်...”
သူမ အသားအရေလေးက အခွံခွာကာစ ကြက်ဥပြုတ်လေးကဲ့သို့ ချောမွေ့နေကာ ခါးကလေးကလည်း မိုးမခပင်ကဲ့သို့ ပိန်ပါးနေသည်။ ‘ကလေးရှိတယ်’ဆိုသည့်စကားက ယုံနိုင်ဖွယ်မရှိချေ။
အစ်မလျိုက မကျေမနပ်ဖြစ်သွားသည်။
“မကြိုက်ရင် မကြိုက်ဘူးပြောပေါ့... ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လုပ်နေတာလဲ... ငါက နင့်ကို ရည်ရွယ်ချက်ကောင်းနဲ့ မိတ်ဆက်ပေးချင်တာ... နင့်လို မြို့ခံမဟုတ်တဲ့ လူအတွက် ဒီမြို့တော်စီရင်စုမှာ လက်တွဲဖော်ရှာဖို့ ခက်ခဲတယ်ဆိုတာ သိလား... ငါတို့ဌာနက စွန်းမုန်ရူကို ကြည့်လိုက်... စံနှုန်းတွေ မြင့်လွန်းလို့ ဘယ်သူကမှ သူမမျက်လုံးထဲ မရောက်နိုင်ဘူးလေ... အချိန်ဆွဲနေတာနဲ့ အခုပဲ အသက်က ၂၇လား ၂၈လား ဖြစ်နေပြီ... အဲ့ဒါလည်း လက်တွဲဖော်မရှိသေးဘူး... ငါပြောလိုက်မယ်... သူ့လိုမျိုး ချေးများမနေနဲ့...”
ထိုသို့ပြောပြီးနောက် သူမက တစ်ဖက်သို့ လှည့်ကာ ဒေါက်မြင့်ဖိနပ်ဖြင့် ထွက်ခွာသွားသည်။
###