အပိုင်း၁၁၇ [END OF STORY]
Viewers 11k

🤚Chapter 117 [END OF STORY ]

( Final )



ဝမ်ကောအန်းက ကန့်သတ်ထားသည့် အတွေးများမှ ဝမ်ယွီထက်ဦးစွာ ရုန်းထွက်လာနိုင်သည့် အကြောင်းမှာ ဝမ်ယွီက သူ၏ သွေးသားရင်း မဟုတ်၍ဖြစ်သည်။


သို့ရာတွင် ဝမ်ယွီက သူ့သားဖြစ်နေဆဲပင်။


သွေးသားဆက်နွယ်ခြင်းကပင် သူ့အား မချည်နှောင်ထားနိုင်ရာ တခြားအနှောင်အဖွဲ့များက လွတ်မြောက်ရန် လွယ်ကူပေသည်။ သို့ဖြစ်၍ ဝမ်ကောအန်းက ဤအသက်အရွယ်၌ပင် ဝမ်ယွီထက် ပိုမိုတွေးနိုင်ခြင်းဖြစ်သည်။


ဝမ်ယွီ နားလည်သွားချိန်တွင် အချိန်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် သက်ပြင်းချလိုက်သည်။


“ကောင်းပါပြီ…အဖေ့သဘောအတိုင်းပါ…”


သို့သော် သူက ရှောင်စုန့်နှင့် ရှောင်ပိုင်အစား ရှေ့နေလိုက်လိုသေးသည်။


“ကလေးသုံးယောက်လုံးကို မျှမျှတတဆက်ဆံရမယ်နော်…”


ဝမ်ကောအန်းက သက်ပြင်းချလိုက်သည်။


“လုပ်ချင်တာပေါ့ကွာ…ဒါပေမဲ့ ငါ့မှာ အဲ့ဒီလောက်ခွန်အားမရှိတော့ဘူးကွ…”


ဝမ်ကောအန်းက အသက်ရလာပြီဖြစ်ကာ တတိယမျိုးဆက်များကို ပျိုးထောင်ရာတွင် ယခင်က ဝမ်ယွီ့အား ပျိုးထောင်ခဲ့သည့်အတိုင်း အင်အားမစိုက်ထုတ်နိုင်တော့ချေ။ သူ ကျန်းကျန်းမာမာရှိနေစဉ် အကြီးဆုံးကလေးကိုသာ အကောင်းဆုံးပျိုးထောင်ပေးနိုင်သည်။


အသက်အရွယ်အားသာချက်မှာ ဝမ်ကောအန်းက ကျွင်းကျွင်းအား ရွေးလိုက်သည့် အရေးကြီးသော အကြောင်းပြချက်တစ်ခု ဖြစ်နေသေးသည်။ ၎င်းက အကြီးဆုံးသားများက ၎င်းတို့၏ အငယ်များအား လွှမ်းမိုးကာ ဆက်ခံသူဖြစ်လာရသည်ကို ဖော်ပြနေခဲ့သည်။ စောစောမွေးလာခြင်းကလည်း အားသာချက်များရှိနေသည်။


“ကျွင်းကျွင်းအရွယ်ရောက်လာတဲ့အထိ ငါနေနိုင်အောင် ကြိုးစားမှာပါ…ကျွင်းကျွင်းလက်ထပ်သွားပြီးတော့ မြစ်လေးတွေနဲ့ တူတူနေတာကိုတော့ မြင်ဖို့ ငါ မမျှော်လင့်ပါဘူး…”


ဝမ်ကောအန်းက သက်ပြင်းချလိုက်သည်။ 


“အဖေရဲ့ ပျိုးထောင်တဲ့ နည်းလမ်းနဲ့ဆိုရင် အဖေမပြောနဲ့ ကျွန်တော်တောင်မှ ကျွင်းကျွင်း လက်ထပ်သွားတာကို မြင်ဖို့ အသက်ရှည်မယ် မထင်ဘူး…”


ဝမ်ယွီက ငေါ့တော့တော့နှင့် အရွှန်းဖောက်လိုက်သည်။


ဝမ်ယွီက ဝမ်ကောအန်းလက်ထဲမှ notebook၏ စခရင် ကို လက်ဖြင့် တောက်လိုက်သည်။


ဝမ်ကောအန်း၏ ‘ဆက်ခံသူ လေ့ကျင့်ရေး ပရိုဂရမ်’ က လက်ရှိတွင် “စိတ်ခံစားချက်များနှင့် အိမ်ထောင်ရေး” ဟူသည့် အပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။


[အသက်နှစ်ဆယ်မတိုင်မီ ဒိတ်လုပ်ခြင်းကို ရှောင်ကြဉ်ပါ]


[နှစ်ဆယ်နောက်ပိုင်းတွင် ယောကျ်ားများက မျိုးပွားခြင်းနှင့် ဖျော်ဖြေရေးအတွက်သာ အသုံးဝင်ကြောင်းကို နားလည်သဘောပေါက်ရမည်]


[ကလေးများရှိလာရန် ကောင်းမွန်သည့် သုတ်ပိုးအလှူရှင်ကို ရွေးချယ်ပါ။ ပထမဆုံးအနေနှင့် သူတို့က ကျန်းမာရမည်။ ဒုတိယအနေနှင့် ထက်မြက်ရမည်။ တတိယက ကြည့်ကောင်းရမည်။]



အန်းနဉ်က မိတ္ထူကူးထားသည့် ဗားရှင်းကို မြင်ချိန်တွင် ပြောစရာ စကားမရှိတော့ပေ။


ဒါက ဝမ်မိသားစုရဲ့ ကွဲပြားနေတဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာကို မေးခွန်းထုတ်ထားတဲ့ ရှုထောင့်ဆိုတာ သိသာနေပါပြီ…


ကံကောင်းသည်က ကလေးတစ်ယောက်အား ဆုံးမပဲ့ပြင်ရာတွင် လူတစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်၍ မရပေ။ ကလေး၏ စရိုက်လက္ခဏာ ဖွံ့ဖြိုးတိုးတက်မှုကို မူလမိသားစုဝင်များက လွှမ်းမိုးမှုနေမည်ဖြစ်သည်။ အန်းနဉ်က ဝမ်သားအဖ၏ မှောင်မည်းနေသော စွမ်းအင်များကို ချေဖျက်နိုင်ရန် မျှော်လင့်မိသည်။


ဤကဲ့သို့သော မိသားစုမျိုးတွင် မွေးဖွားလာပြီး ဝမ်ရှုကျွင်းမှာ ကောင်းလွန်းနေပြီဟုပင် ထင်ရသည့် ဘဝမျိုးကို ပိုင်ဆိုင်ထားပုံရသည်။


သူမ ငယ်စဉ်ကလေးဘဝကတည်းက သူမ၏ အပြုအမူများနှင့် လုပ်ဆောင်ချက်များကို အဖိုးက သင်ကြားပေးထား၍ သူမ၏ စရိုက်လက္ခဏာအပေါ် ဝမ်ကောအန်းက အလွန်ပင် သက်ရောက်မှု ဖြစ်ခဲ့သည်။ ရှစ်နှစ် ကိုးနှစ်အရွယ်တွင် သူမက ဆုံးဖြတ်ချက်ပြတ်သားပြီး စိတ်ဓာတ်ခိုင်မာသည့် ဘက်ခြမ်းကို ပြသနိုင်ခဲ့သည်။


သူမက ဝမ်ကောအန်းနှင့် ဝမ်ယွီတို့နှင့် ဆင်တူလာသည်။


သို့ရာတွင် သူမက မိသားစုထဲရှိ လူများကဲ့သို့ မိသားစုချစ်ခင်မှုကို တန်ဖိုးထားသည်။


သူမနှင့် သူမအဖိုးကြားရှိ နီးစပ်မှုကို သူမမိဘများက ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။


တစ်နေ့ပြီးတစ်နေ့ သူမကြီးပြင်းလာသည်ကို ကြည့်ပြီး သူဖြစ်စေချင်သည့်အတိုင်း ဖြစ်လာသည့်အတွက် ဝမ်ကောအန်းက ဝမ်းသာကျေနပ်နေခဲ့သည်။


ကံမကောင်းစွာနှင့် ဝမ်ကောအန်းက သူချစ်ရသည့် မြေးမလေး အရွယ်ရောက်လာသည်အထိ နေမသွားနိုင်ခဲ့ပေ။ ကျွင်းကျွင်း ဆယ့်ခုနှစ်နှစ်တွင် ဝမ်ကောအန်း ဆုံးပါးသွားခဲ့သည်။


အေးအေးချမ်းချမ်း သေဆုံးသွားခြင်းဖြစ်၍ ကံကောင်းသည်ဟု ဆိုရမည်။


ဝမ်ကောအန်းက ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့ပြီး နောက်ပိုင်းနှစ်များတွင် လူအများ မနာလိုရလောက်အောင် ပျော်ရွှင်သည့် ဘဝကို ရရှိခဲ့သည်။


သူ့တွင် တိုက်ရိုက်သွေးသားရင်း မရှိသော်လည်း သူ့သား ဝမ်ယွီနှင့် မြေးသုံးယောက်တို့၌ သူ့ပုံရိပ်များ ထင်ကျန်နေခဲ့သည်။


အမွေဆက်ခံခြင်းဆိုသည်ကား သွေးသားရင်းများအတွက်သာ မဟုတ်ပေ။


ဈာပနတွင် ရှောင်စုန့်နှင့် ရှောင်ပိုင်တို့ မထိန်းနိုင်ဘဲ ငိုမိကြသည်။


ဝမ်ယွီက သူ့ခေါင်းကို လှည့်လိုက်ရာ ကျွင်းကျွင်းက မိန်းမောနေပြီး မျက်ရည်များ ကျမလာသည်ကို သတိပြုမိသွားသည်။ သူမက ဝမ်ကောအန်း အချစ်ဆုံး မြေးမလေးပင်ဖြစ်သည်။


ထိုညတွင် အန်းနဉ်က နိုးလာပြီး သူမဘေးရှိ ခေါင်းအုံးက အလွတ်ဖြစ်နေသည်ကို သိလိုက်ရသည်။ လသာဆောင်သို့ လျှောက်သွားရာ ဝမ်ယွီ ထိုင်နေသည်ကို မြင်လိုက်ရသည်။


အန်းနဉ်၏ အဖွား ဆုံးပါးသွားကတည်းက ဝမ်ယွီ ဆေးလိပ်မသောက်တော့သည်မှာ နှစ်များစွာ ကြာနေပြီဖြစ်သည်။


ပြာခံသည့် ခွက်ထဲတွင် စီးကရက်ဖင်စီခံများ ပြည့်နေသည်။


အန်းနဉ်က သူ့လက်ထဲမှ စီးကရက်ကို ယူလိုက်ကာ မီးငြှိမ်းလိုက်သည်။


“အဖေက ရှင့်ကို အဆုတ်ကင်ဆာ ဖြစ်စေချင်မှာ မဟုတ်ဘူး…”


ဝမ်ယွီက မော့ကြည့်လိုက်ရာ သူ့မျက်ဝန်းများက နီရဲနေသည်။


သူ၏ဖခင်အရင်းမှာ အသက်ရှင်နေဆဲဖြစ်ကာ ထောင်ထဲတွင် ပြစ်ဒဏ်ခံနေရသည်။ သို့ရာတွင် ဝမ်ကောအန်းကိုသာ သူ၏ အဖေအရင်းဟု သတ်မှတ်ထားသည်။


သူ့ကလေးများ၏ အမြင်တွင် သူက သက်လတ်ပိုင်းအရွယ် အဖေတစ်ယောက်ဖြစ်သော်လည်း ယနေ့တွင် သူက အဖေမရှိတော့သည့် လူတစ်ယောက်သာ ဖြစ်သည်။


အန်းနဉ်က ဝမ်ယွီ့ကို နားလည်မိသည်။


သူမက သူ့နားထင်ကို ညှင်သာစွာ ပွတ်ပေးလိုက်သည်။


ဝမ်ယွီက သူမ၏လက်ကောက်ဝတ်ကို ဆွဲလိုက်ကာ သူ့လက်မောင်းများအကြား ဆွဲခေါ်လိုက်သည်။ အန်းနဉ်က သူ့ပခုံးကိုမှီထားပြီး ထိုစုံတွဲမှာ တိတ်တဆိတ် ထိုင်နေကြသည်။


အတော်ကြာပြီးနောက် ဝမ်ယွီက ပြောလာသည်။


“ကိုယ် ကျွင်းကျွင်းကို စိုးရိမ်မိတယ်…”


ကျွင်းကျွင်းက ငိုယိုခြင်းမရှိသည့်အပြင် မြင်သာသည့် တုံ့ပြန်မှုလည်း မပြခဲ့ပေ။


အန်းနဉ်က ၎င်းကို နားလည်သည့်အတွက် ပြောလိုက်သည်။


“သူ့ကို အချိန်ပေးလိုက်ပါ…”


ကျွင်းကျွင်း၏ စိတ်ပိုင်းဆိုင်ရာ‌ ပေါက်ထွက်မှုမှာ တစ်ပတ်ကြာပြီးမှ ထွက်လာသည်။ မိသားစုစားပွဲတွင် ဝမ်ကောအန်း၏ လွတ်လပ်နေသောထိုင်ခုံ၌ ဝမ်ယွီက ဝင်ထိုင်လိုက်သည်။ ထိုအချိန်တွင် ကျွင်းကျွင်း၏ ဝမ်းနည်းမှုများ ပေါက်ကွဲထွက်လာပြီး သူမက ထိန်းမရသိမ်းမရ ငိုကြွေးနေခဲ့သည်။


ရှောင်စုန့်နှင့် ရှောင်ပိုင်တို့က သူမကို ဘေးဘီမှ ဝန်းရံကာ နှစ်သိမ့်စကား ဆိုကြသည်။


ကျွင်းကျွင်းက နောက်ဆုံးတွင် သူမ၏ ခံစားချက်များကို ပြလာသည့်အတွက် ဝမ်ယွီနှင့် အန်းနဉ်တို့က စိတ်သက်သာရာရသွားကြသည်။


ဝမ်ယွီက ကျွင်းကျွင်းအား စာကြည့်ခန်းထဲ ခေါ်လိုက်သည်။


ဤစာကြည့်ခန်းက တစ်ချိန်က ဝမ်ကောအန်းပိုင်ဆိုင်သည့် နေရာဖြစ်ကာ ယခု ဝမ်ယွီအလှည့်ဖြစ်လာသည်။


ဝမ်ယွီက ကျွင်းကျွင်း မူကြိုတက်စဉ်၌ ဝမ်ကောအန်း ပြင်ဆင်ပေးထားသည့် ‘ဆက်ခံသူ လေ့ကျင့်ရေး ပရိုဂရမ်’ကို ပြသခဲ့သည်။


“သမီးရဲ့အဖိုးက သမီးအတွက် ပြင်ဆင်ပေးထားတာ… အခုကစပြီး အဖေကိုယ်တိုင် အကောင်အထည်ဖော်မယ်… သမီးရယ် ရှောင်စုန့်ရယ် ရှောင်ပိုင်ရယ်က တူညီတဲ့ အရင်းအမြစ်နဲ့ အခွင့်အလမ်းကိုရလိမ့်မယ်… သမီးက မိန်းကလေးဖြစ်နေလို့ဆိုပြီး မတရားတာတွေ ရှိမှာ မဟုတ်ဘူး…”


ကျွင်းကျွင်းက သူမအနာဂတ်အတွက် အဖိုးဖြစ်သူက ကြိုတင်ပြင်ဆင်ပေးထားသည်အားကြည့်ကာ ဇဝေဇဝါဖြစ်နေသေးသည်။


“မိန်းကလေးဖြစ်တာ ဘာမှားလို့လဲ..”


လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လူ့အဖွဲ့အစည်းက လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲလာခဲ့သည်။ နည်းပညာ၌သာမက တန်ဖိုးထားမှုများလည်း တိုးတက်လာခဲ့သည်။


ဤမိသားစုအတွင်း ကြီးပြင်းလာသည့်တလျှောက်တွင် ကျွင်းကျွင်းက “မိန်းကလေးများက ယောကျာ်းလေးများထက် နိမ့်ကျသည်” ဟူသော အတွေးကို မကြုံဖူးချေ။


ဝမ်ယွီက ခဏတာ စကားမပြောနိုင်တော့ချေ။


လွန်ခဲ့သည့် ဆယ်စုနှစ်အကြာက ကျဉ်းမြောင်းပြီး ပုံသေဆန်သည့် အတွေးအခေါ်များအရ သူတို့၏ တွေးခေါ်ပုံများက မည်မျှပင် အကန့်အသတ်ရှိသည်ကို သဘောပေါက်လာရသည်။


လက်ထပ်ပြီး ကလေးစောစီးစွာရလာခြင်းကသာ ဝမ်ယွီက သူ့အဖေထက် သာသွားသည့် တစ်ခုတည်းသော အရာပင်ဖြစ်သည်။


ယခု သူ့ကလေးများက ကြီးပြင်းလာချိန်တွင် သူတို့ကို ကာကွယ်နိုင်ရန် နှင့် ညွှန်ကြားပေးနိုင်ရန် သူ့၌ အင်အားရှိနေသေးသည်။ ကလေးများ ရင့်ကျက်လာသည့်အရွယ်အထိ ကာကွယ်ပေးကာ သင်ကြားပေးနိုင်ရန်အတွက် သူက သူ့ကိုယ်သူ အလွန်ငယ်သေးကာ ဖျတ်လတ်တက်ကြွဆဲဖြစ်သည်ဟု ထင်နေဆဲပင်ဖြစ်သည်။


ဝမ်ရှုကျွင်းက ဂျူနီယာနှစ်တွင် အမေရိကသို့ ပညာသင်ကြားရန် ထွက်သွားခဲ့သည်။ ယနေ့ခေတ် နည်းပညာများကို နက်နက်ရှိုင်းရှိုင်း စူးစမ်းရှာဖွေရန် သူမ၏ကိုယ်ပိုင်မုန့်ဖိုးဖြင့် အတန်းဖော်ထံမှ အသစ်မှတ်ပုံတင်ထားသည့် မူပိုင်ခွင့်တစ်ခုကို ဝယ်လိုက်ကာ တရုတ်တွင် ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ခဲ့သည်။


ကျွင်းကျွင်း တရုတ်သို့ ပြန်ရောက်လာချိန်တွင် သူမမုန့်ဖိုးဖြင့် တည်ထောင်ထားသည့် ကုမ္ပဏီမှာ သန်းရာပေါင်းများစွာ တန်ကြေးရှိနေပြီဖြစ်သည်။


ကျွင်းကျွင်းက သာမန်စွန့်ဦးတီထွင်သူများနှင့် မတူပေ။ ဝမ်မိသားစု၏ နောက်ခံဖြင့် သူမတွင် အထောက်အပံ့များ ရနိုင်ကာ အောင်မြင်မှုများမှာ ပိုများလာခဲ့သည်။ သူမ၏ အောင်မြင်မှုများကို လူကြီးသူမများက လေးစားနေကြဆဲဖြစ်သည်။


သို့သော် ကျွင်းကျွင်းက ယခုတစ်ခေါက် ပြန်လာရာတွင် ဝမ်ယွီနှင့် အန်းနဉ်တို့ မထင်မှတ်ထားသည့် စပရိုက်တစ်ခု ပြန်ယူလာခဲ့သည်။


သူမ ကိုယ်ဝန်ရှိနေခဲ့သည်။


ဝမ်ယွီ/အန်းနဉ် : “…”  ဘာကြီးလဲ…


မျိုးဆက်ဟောင်းများက အမှန်ပင် ထိတ်လန့်သွားကြသော်လည်း ကျွင်းကျွင်းက ၎င်းကို ဂရုမစိုက်ခဲ့ပေ။


“သမီးထင်တာက... ပြန်လာတာနဲ့ အလုပ်ရှုပ်တော့မှာလေ အဲ့ဒါကြောင့် ဒီကိစ္စကို အရင်ဖြေရှင်းမလားလို့…”


“ဒါဘာလဲ…သမီး သေချာရှင်းပြစမ်း…”


ဝမ်ယွီ ခေါင်းကိုက်လာလေသည်။ 


“အဲ့ဒါ ဘယ်သူ့ကလေးလဲ…ဂျိုးလား…ဒါမှမဟုတ် အန်ဒရူးလား…”


“တစ်ယောက်မှ မဟုတ်ဘူး…”


“သုတ်ပိုးအလှူရှင်ကိုတော့ လူကိုယ်တိုင်မတွေ့ဖူးသေးဘူး... မှတ်တမ်းအရတော့ သူက ဟားဗတ်ဘွဲ့ရ… ပြီးတော့ အနက်ရောင်ဆံပင်၊ မြစိမ်းရောင် မျက်လုံးနဲ့ အရပ်က ၁၈၈ စင်တီမီတာရှည်တဲ့ တရုတ်ကပြားပဲ..”


“…”


ဝမ်ယွီနှင့် အန်းနဉ်တို့က အချင်းချင်းကြည့်လိုက်ကာ တစ်ပြိုင်နက်တည်း မေးလိုက်သည်။ 


“သမီးပြောတာက…”


“ဟုတ်တယ်…” 


ကျွင်းကျွင်းက သူမဗိုက်ကိုကိုင်ကာ ခေါင်းညိတ်လိုက်သည်။


“အရည်အသွေးမြင့် သုတ်ပိုးကို ဝယ်ခဲ့တာလေ…”


ဝမ်ရှုကျွင်းက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။


ဒါ သူ့အပြစ်မဟုတ်ဘူးလေ… 


အစိုးရက အိမ်ထောင်ပြုသည့်အရေအတွက် မြင့်တက်စေရန်အတွက် သုတ်ပိုးဝယ်ယူရန် ခွင့်မပြုပေ။ တရုတ်ရှိ စင်ဂယ်အမျိုးသမီးများမှာ ကလေးလိုချင်သော်လည်း လက်မထပ်လိုကြ၍ ရွေးချယ်စရာမရှိဘဲ အမေရိကမှ သုတ်ပိုးဝယ်ယူရလေသည်။


ဝမ်ယွီက အမှန်ပင် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ယနေ့ခေတ်တွင် စင်ဂယ်များနှင့် ကလေးမရှိခြင်းက တွေ့ရများသော်လည်း စင်ဂယ်အမျိုးသမီးများက ကိုယ်ဝန်ဆောင်ရန် နိုင်ငံခြားသို့ သုတ်ပိုးသွားဝယ်သည်က ရှားပါးသည်။ သူက သူ့သားသမီးများအား အလုပ်အကိုင် အောင်မြင်ရုံသာမက ပျော်ရွှင်ဖွယ်မိသားစုကို ပိုင်ဆိုင်စေချင်ခဲ့သည်။


“အိုး ဘုရားသခင်…”


ကျွင်းကျွင်းက မျက်လုံးလှိမ့်လိုက်သည်။


“အဖေက အဖိုးထက်တောင် ခေတ်နောက်ကျနေပြီ…အဖိုးတောင်မှ သမီးက လက်ထပ်ဖို့ မလိုအပ်ဘူးဆိုတာ တွေးနိုင်သေးတယ်…အဖေမယုံရင် သမီးအတွက်လုပ်ထားတဲ့ ပရိုဂရမ်ကို သွားစစ်ကြည့်လို့ရတယ်နော်…”


ငယ်ရွယ်စဉ်က မိန်းမရှုပ်ပြီး ဆွဲဆောင်မှုရှိသည့် အမျိုးသားအဖြစ် ကျော်ကြားခဲ့သူ ဝမ်ယွီက နောက်မျိုးဆက်များအမြင်တွင် ခေတ်မမီသော ပုံရိပ်ကြီး ဖြစ်နေခဲ့သည်။ 


ဝဋ်ပြန်လည်ခြင်း ဖြစ်မည်…


အန်းနဉ်က အလယ်တွင် ရပ်လိုက်သည်။ သူမက အဖိုးတန်သမီးလေးအား ‌ထောက်ပံ့ပေးလိုက်ပြီး ညှင်သာစွာ ဆူလိုက်သည်။ 


“နှစ်ယောက်လုံး စကားကောင်းကောင်း ပြောကြလေ…”


အန်းနဉ်၏ အမြင်တွင် ၎င်းမှာ ပြဿနာကြီး တစ်ရပ်မဟုတ်ပေ။ လွန်ခဲ့သော နှစ်အနည်းက သူမက ပရဟိတပရောဂျက်များတွင် ပါဝင်ကာ ဤအသက်အရွယ် မိန်းကလေးများနှင့် မကြာခဏ ထိတွေ့ဆက်ဆံခဲ့ရသည်။ သို့ဖြစ်၍ ဤမျိုးဆက်များ၏ တွေးခေါ်ပုံများကို နားလည်နိုင်ပေသည်။


အချိန်နှင့်အမျှ ပြောင်းလဲသွားပြီဖြစ်သည်။


ကလေးမွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းတို့အပေါ် အန်းနဉ်က သူမ၏အတွေ့အကြုံများကို စဉ်းစားပြီးနောက် ၎င်းမှာ သူမတို့မိသားစု၏အခြေအနေအရ မခက်ခဲကြောင်း သိလိုက်သည်။ တစ်ခုတည်းသော ချို့ယွင်းချက်မှာ ကလေးအား ပျိုးထောင်ရာတွင် အမျိုးသား၏ ပါဝင်မှုရှိတော့မည် မဟုတ်ပေ။ 


ဒါပေမဲ့ ဝမ်ယွီ ရှိနေတယ် မဟုတ်ဘူးလား…


ဝမ်ယွီက အသက်ဘယ်လောက်မလို့လဲ…


သူက အမျိုးသားများအကြား စံပြတစ်ဦး ဖြစ်နေသေးသည်။ သူ့သူငယ်ချင်းများထဲမှ တစ်ယောက်ပင် လွန်ခဲ့သည့်လမှ အဖေတစ်ယောက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။


သူ့အဖိုးအပြင် ဤကလေး၌ တက်ကြွသည့် ဦးလေးနှစ်ယောက် ရှိနေသေးသည်။


အခြေအနေများကို တစ်ချက်ချင်း စစ်ဆေးပြီးနောက် ၎င်းက ပြဿနာမဟုတ်မှန်း ဝမ်ယွီ နားလည်လိုက်သည်။


သူ့ကို စိတ်အနှောင့်ဖြစ်စေတာက အဲ့ဒီ့ကလေးမ ကျွင်းကျွင်းက ဒီလို ဆုံးဖြတ်ချက်ကြီးကြီးမားမားကိုတောင် မိဘတွေကို မပြောဘူး…သူတို့နဲ့ ဘာလို့ အရင်မတိုင်ပင်ရတာလဲ…


“အရွယ်ရောက်သူတစ်ယောက်အနေနဲ့ သမီးဘဝနဲ့ သားအိမ်ကို သမီးကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်ဘူးလား…”


ကျွင်းကျွင်းက သူမကိုယ်တိုင်အတွက် တရားမျှတမှုကို ရှာလိုက်သည်။


သူမ၏လုပ်ရပ်များက မှားသည်ဟု မတွေးသဖြင့် ဝမ်ယွီက ဒေါပွသွားသည်။


အန်းနဉ်က နဖူးကို ပွတ်ကာ ပြောလိုက်သည်။


“အမေက သမီးကို ဒီလောက်အစောကြီး ကလေးယူလိုက်မယ်လို့ မမျှော်လင့်ထားဘူးလေ…”


ဝမ်ရှုကျွင်းက ရယ်လိုက်သည်။


“အမေ့ဆီက သင်ခဲ့တာလေ…ကလေးစောစောမွေးရင် ပြန်သက်သာတာ ပိုကောင်းမယ်မလား…အမေ့ကို ကြည့်ပါဦး…ကလေးစောစောမွေးထားတော့ ဒီလောက် ငယ်ရွယ်နေတာ…”


ရှောင်စုန့်နှင့် ရှောင်ပိုင်တို့အား မွေးပြီးနောက် သူတို့စုံတွဲက နောက်ထပ် ကလေးမယူတော့ပေ။ ထိုအချိန်တွင် အန်းနဉ်က ငယ်ရွယ်သေးသဖြင့် မြန်မြန်သက်သာလာခဲ့သည်။ ချမ်းသာသည့် မိသားစုတွင်သက်သောင့်သက်သာ‌ နေခဲ့ရသည်ကြောင့် ရုပ်ရည်ကို ထိန်းသိမ်းနိုင်ခဲ့ကာ ယခုဆိုလျှင် သူနှင့် ကျွင်းကျွင်းက ညီအစ်မများဟုပင် ထင်ရသည်။


“အိမ်ထောင်ပြုဖို့ မစီစဉ်ထားပေမဲ့ ကလေးလိုချင်သေးတယ်လို့ တွေးလိုက်တာ…”


“စဉ်းစားပြီးတာနဲ့ တစ်ယောက်လောက်ယူဖို့ ဆုံးဖြတ်လိုက်တာပဲ…အခုယူလိုက်တယ်ဆိုတာက အခု သမီးက အလုပ်မရှုပ်သေးဘူးလေ…ငယ်ရွယ်ပြီးတော့ ကျန်းမာသေးတယ်…ပြီးတော့ သမီးရဲ့ ပရိုဂရမ်ထဲမှာ လုပ်ရမှာတွေ အများကြီး ရှိနေသေးတယ်…သမီးရဲ့ ပလန်တွေကို အမေတို့တွေ သိချင်ကြလား…”



ဆယ်နှစ်အကြာတွင် Xပြည်နယ်ရှိ အထူးချွန်ဆုံးလူငယ်ဆယ်ယောက်အား‌ ရွေးချယ်ရာတွင် စီးပွားရေးလောက၏ ‘ငါးမန်း’ ဟု လူသိများသော ဝမ်အုပ်စု၏ ခေါင်းဆောင်ငယ်ကျွင်းကျွင်းက စာရင်းဝင်ခဲ့သည်။ ဓာတ်ပုံများထဲတွင် သူမက ယုံကြည်ချက်ရှိရှိ ပြုံးနေခဲ့သည်။


ဝမ်ယွီက သတင်းကို မိတ္တူကူးကာ ဝမ်ကောအန်း၏ အုတ်ဂူရှေ့တွင် မီးရှို့လိုက်သည်။ စာရွက်က ပြာအဖြစ်သို့ ပြောင်းသွားပြီးနောက် ဝမ်ယွီက သူ့အနောက်မှ ကလေးအား လှမ်းခေါ်လိုက်သည်။


“သောသော ဒီကိုလာပြီး သားရဲ့ဖိုးဖိုးကြီးကို နှုတ်ဆက်လိုက်လေ…”


“ဟုတ်…”


ကောင်ကလေးက အငြိမ်မနေဘဲ ရှေ့သို့ခုန်ပေါက်သွားသည်။


“ဖိုးဖိုးကြီး ဝမ်ကောအန်း…သားကို မှတ်မိလားဟင်…”


ကောင်ငယ်လေးက ဝမ်ကောအန်း၏ အုတ်ဂူရှေ့တွင် ပြုံးကာ ပြောလိုက်သည်။


“သားက ဖိုးဖိုးကြီးရဲ့ မြစ်လေးပါ… ဖိုးဖိုးကြီးလိုပဲ သားရဲ့မျိုးရိုးက ဝမ်လေ…”


 

❤️❤️❤️❤️The END ❤️♥️❤️❤️


TRANSLATED BY - IQ TEAM 


THANKS 😊 



( ဇာတ်လမ်းလေးက ဒီနေရာပဲ ပြီးသွားခဲ့ပါပြီရှင် Happy Ending ဆိုပေမယ့် နည်းနည်းတော့ ဝမ်းနည်းစရာလေးနော်🥺 အန်းနဉ်နဲ့ဝမ်ယွီကို ချစ်ပေးပြီး အဆုံးထိ ဖတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်💗)