🤚Chapter 116
Extra - After Marriage 10
အန်းနဉ်က မီးဖွားပြီးကာလအတွင်း ကျရောက်နေ၍ ဝမ်ကောအန်း၏ ပြောင်းလဲမှုများကို သဘာဝအတိုင်း သတိမထားမိခဲ့ပေ။ ထိုကိစ္စကို ဝမ်ယွီ့အား သတင်းပေးလာသူမှာ သူတို့သမီးလေး ကျွင်းကျွင်းဖြစ်သည်။
“ဖိုးဖိုးက အမြဲတမ်း ကွန်ပျူတာနဲ့ပဲ ဆော့နေတာ…”
‘ကွန်ပျူတာနှင့် ဆော့နေသည်’ ဆိုသည်မှာ လူကြီးများက ကွန်ပျူတာနှင့် အလုပ်ရှုပ်နေသည်ကို ကျွင်းကျွင်းက ဆိုလိုခြင်းဖြစ်သည်။
ဝမ်ကောအန်းက မည်သည်အား လုပ်နေသည်ကို မသိ၍ ဝမ်ယွီလည်း ဇဝေဇဝါဖြစ်သွားသည်။
ကျွင်းကျွင်းနဲ့ အချိန်ဖြုန်းရတာ သူ့အငြိမ်းစားယူထားတဲ့ ဘဝရဲ့ အရေးကြီးဆုံးအရာပဲ မဟုတ်ဘူးလား…
သို့သော် ဝမ်ယွီ စာကြည့်ခန်းထဲ ဝင်လာသည့်အကြိမ်တိုင်း ဝမ်ကောအန်းက ကွန်ပျူတာကို မြန်မြန်ပိတ်လိုက်ပြီးမှ စကားပြောသည်။ အကြိမ်တိုင်း ထိုသို့ဖြစ်နေ၍ လုပ်ဆောင်ချက်မှာ အလွန်ပင် ထင်ရှားလှသည်။
အဖေနှင့် သားတို့သည် အချင်းချင်းအပေါ် အမြဲတမ်း ပွင့်လင်းကြသည်။ သူတို့က တူညီသော စိတ်နေစိတ်ထားရှိသဖြင့် ပေါင်းသင်းဆက်ဆံရာ၌ အခက်အခဲမရှိပေ။
ဝမ်ကောအန်းက သူ့အပေါ် လျှို့ဝှက်ချက်ထားလာသည့်အခါ ဝမ်ယွီ့ကို စိတ်ပျက်အားလျော့စေသည်။
တစ်နေ့တွင် သူအလုပ်မရှုပ်သဖြင့် သူ့မိန်းမအား တွေ့နိုင်ရန် နေ့လည်၌ စောစော ပြန်လာခဲ့သည်။
ခြံဝင်းထဲတွင် မြက်ခင်းပြင်ကြီးနှင့် အရိပ်ရသစ်ပင်များရှိကာ သစ်ပင်အောက်တွင် စားပွဲများနှင့် ထိုင်ခုံများ ခင်းကျင်းထားသည်။ ဝမ်ကောအန်းက သစ်ပင်အောက် ထိုင်ကာ စာရိုက်နေသည်ကို ဝမ်ယွီ တွေ့လိုက်သည်။
ရွှတ်နောက်နောက် အကြံတစ်ခု ဝင်လာသည်။
ဝမ်ကောအန်းအနားသို့ ချောင်းကြည့်ရန်အလို့ငှာ ဖိနပ်ကိုချွတ်ပြီး ကြောင်တစ်ကောင်ကဲ့သို့ အသံမထွက်ဘဲ ခြေဗလာနှင့် ခိုးကြောင်ခိုးဝှက် သွားလိုက်သည်။
အချိန်အတော်ကြာ ကြည့်လိုက်ပြီးနောက် ဝမ်ယွီ မိန်းမောသွားရသည်။
သူက လာရာလမ်းအတိုင်း တိတ်တဆိတ် ပြန်လှည့်လာခဲ့သည်။ ထိုညနေ၌ သူက ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေခဲ့သည်။
အန်းနဉ်က သူတစ်ခုခုမှားနေသည်ကို သတိထားမိကာ မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ…တစ်ခုခုဖြစ်သွားလို့လား…”
ဝမ်ယွီက ရှုပ်ထွေးသည့် အမူအရာဖြင့် ပြန်ဖြေသည်။
“အဖေဘာလုပ်နေလဲ မင်းသိလား…”
အန်းနဉ်လည်း သိချင်သွားသည်။
“ကျွန်မ မသိဘူးလေ… အဖေ ဘာလုပ်နေလို့လဲ…”
ဝမ်ယွီက ပြန်ဖြေလိုက်သည်။
“သူက ဆက်ခံသူကို လေ့ကျင့်ပေးတဲ့ ပရိုဂရမ်ကို အကောင်အထည်ဖော်နေတာ…”
အန်းနဉ်လည်း အံ့ဩသွားရသည်။
“ဆက်ခံသူ လေ့ကျင့်ရေးလား… အရမ်းကြီး မစောလွန်းဘူးလား… ရှောင်စုန့်နဲ့ ရှောင်ပိုင်တို့က တစ်လတောင် ပြည့်သေးတာ မဟုတ်ဘူး…”
ဝမ်ယွီ၏ အမူအရာက ပို၍ပင်ရှုပ်ထွေးသွားသည်။
“ဟင့်အင်း… အဲ့ဒါ ရှောင်စုန့်နဲ့ ရှောင်ပိုင်အတွက် မဟုတ်ဘူး…”
သူကိုယ်တိုင်သာ မမြင်ခဲ့လျှင် ယုံနိုင်မည်ပင် မဟုတ်ပေ။
“အဲ့ဒါ ကျွင်းကျွင်းအတွက်…”
အန်းနဉ်က ထိတ်လန့်သွားကာ ပြောစရာ စကားပင် ရှာမရတော့ချေ။
အထူးသဖြင့် ရှောင်စုန့်နှင့် ရှောင်ပိုင်တို့ မွေးလာပြီးနောက် ဝမ်ကောအန်းက ကျွင်းကျွင်းအား ဆက်ခံသူဖြစ်စေချင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
သာမန်မိသားစုများတွင် သားများကသာ အမွေဆက်ခံရပြီး သမီးမိန်းကလေးများက လက်ထပ်ရန်အတွက် ခန်းဝင်ပစ္စည်းများ ရရှိမည်ဖြစ်သည်။ ထို့အပြင် ဝမ်မိသားစုက သာမန်မိသားစု မဟုတ်ပေ။
ဝမ်မိသားစုက အလွန်အမင်း ချမ်းသာကြွယ်ဝသည့် မိသားစုကြီးဖြစ်သည်။
ချမ်းသာသော မိသားစုများတွင် သားနှင့် သမီးအကြား မဆိုထားနှင့် သားများအကြား အမွေခွဲဝေမှုများပင် အညီအမျှဟူ၍ မရှိပေ။
မိသားစုကို ဦးဆောင်ရန် လူတစ်ဦးသာ လိုအပ်ပြီး ပိုင်ဆိုင်မှုများ အလွန်အကျွံကွဲလွဲနေခြင်းသည် မိသားစုလုပ်ငန်းများအား ထိန်းချုပ်ရာတွင် အထောက်အကူမပြုပေ။ ချမ်းသာသော မိသားစုကြီးများက ၎င်းတို့၏ သားသမီးများထဲမှ အကြီးဆုံး သို့မဟုတ် အထူးချွန်ဆုံးကလေးအား အဓိက အမွေဆက်ဆံခွင့် ပြုမည်ဖြစ်ပြီး ကျန်ကလေးများက သေးငယ်သည့် အစုရှယ်ယာကိုသာ ရမည်ဖြစ်သည်။
၎င်းသေးငယ်သည့် ရှယ်ယာများပင် သူတို့၏ ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံး သက်သောင့်သက်သာ နေစေနိုင်မည်ဖြစ်သည်။
အန်းနဉ်က ဝမ်မိသားစုအတွင်းသို့ ဝင်လာချိန်မှစ၍ သူမလည်း ဤအသိုင်းအဝိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ကာ ညီအစ်ကိုမောင်နှမများအကြား အမွေဆက်ခံခွင့်နှင့် ပတ်သတ်ပြီး အငြင်းပွားကာ သဘောထားကွဲလွဲသည့် စိတ်ဝင်စားဖွယ် အကြောင်းများကို ကြားခဲ့ရသည်။
မိသားစုတွင် ကျွင်းကျွင်းတစ်ဦးတည်းသာရှိစဉ်က ထိုကိစ္စများကို မစဉ်းစားဖူးခဲ့ပေ။ ရှောင်စုန့်နှင့် ရှောင်ပိုင်တို့ မွေးလာပြီးနောက် ဤပြဿနာကို စတင်တွေးတောခဲ့သည်။
ဝမ်ယွီနှင့် ဝမ်ကောအန်းအပေါ် သူမ၏ နားလည်မှုများအရ အမွေရပိုင်ခွင့်မှာ ညီအစ်ကိုနှစ်ယောက်မှ တစ်ယောက်အတွက်ဖြစ်ပြီး ကျန်တစ်ယောက်နှင့် အစ်မကြီးဖြစ်သူ ကျွင်းကျွင်းတို့မှာ ကျန်ပိုင်ဆိုင်မှုပေါင်း များစွာရကြလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
ကျွင်းကျွင်းက ဝမ်ကောအန်း အချစ်ရဆုံး မြေးမလေးဖြစ်သည်။ သူမ မူကြိုတက်ချိန်မှစ၍ ဝမ်ကောအန်းက သူမအတွက် စုပေးထားသည့် ခန်းဝင်ပစ္စည်းမှာ အလွန်ပင် ရက်ရောလှသည်။ ၎င်းတို့မှာ သာမန်လူတစ်ယောက် သူ့ဘဝတစ်သက်တာတွင် မရနိုင်သည့် ချမ်းသာကြွယ်ဝမှုမျိုးကို ဖော်ပြနေသည်။
သို့ဖြစ်၍ အန်းနဉ်က အမှန်တကယ်ပင် ပူပန်မနေခဲ့ပေ။ ထိုအခြေအနေများအရ ကျွင်းကျွင်းအတွက် တိုက်ပွဲဝင်ရန် မတွေးဖူးခဲ့ချေ။
ဤပုံသေတွေးတောမှုများအောက်တွင် ဝမ်ကောအန်းက ကျွင်းကျွင်းအား ဆက်ခံသူအဖြစ်ထားလိုသည့် ကိစ္စမှာ အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းလှသည်။
ထိတ်လန့်သွားပြီးနောက် အန်းနဉ်က အသက်ပြင်းပြင်းရှူလိုက်သည်။
“ကျွန်မ… ကျွန်မထင်တာက … အဖေက ရှောင်စုန့် ဒါမှမဟုတ် ရှောင်ပိုင့်ကို ရွေးလိမ့်မယ်ပေါ့…”
ရှောင်စုန့်နှင့် ရှောင်ပိုင်တို့မှာ သူ့သားများဖြစ်၍ ဝမ်ယွီက ပို၍ပင် စိတ်ရှုပ်ထွေးနေခဲ့သည်။
ကျွင်းကျွင်းကား သူ၏ အဖိုးတန် သမီးလေးဖြစ်သည်။ သို့သော် ရှောင်စုန့်နှင့် ရှောင်ပိုင်တို့ မွေးလာပြီးနောက် ကျွင်းကျွင်းအား ဆက်ခံသူအဖြစ်ယာထားချက်မှ သဘာဝအလျောက် ဖယ်ထားလိုက်သည်။ သူက ဆက်ခံသူမှာ သားနှစ်ယောက်မှ တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
သမီးမိန်းကလေးထက် သားယောကျ်ားလေးများအား ပိုအလေးပေးသည်ဟု စွပ်စွဲလာလျှင် သူ မည်သည့်အခါမှ ဝန်ခံလိမ့်မည်မဟုတ်ချေ။
သူ့သမီးလေးအား အချစ်များစွာဖြင့် ပြုစုပျိုးထောင်ပေးပြီး ပူပင်သောကများမှ ကင်းဝေးကာ ပျော်ရွှင်သည့် ဘဝကို နေနိုင်ရန် မြောက်များစွာသော ခန်းဝင်ပစ္စည်းများကို ပြင်ဆင်ပေးမည်ဖြစ်သည်။
၎င်းက သားများထက် သမီးဖြစ်သူအား ပိုချစ်ခြင်းပင် မဟုတ်ပါလော…
သို့ဖြစ်၍ သမီးဖြစ်သူအား ဆက်ခံသူအဖြစ်ယာထားသည့်နေရာမှ တုံ့ဆိုင်းခြင်းမရှိဘဲ ဖယ်လိုက်ကာ လျော်ကြေးအဖြစ် ခန်းဝင်ပစ္စည်းများကို ပြင်ဆင်ပေးခဲ့သည်။ အမျိုးသားများက ဤကိစ္စအား သဘာဝကျသည်ဟု မြင်ကြသည်။ ဝမ်ယွီကဲ့သို့ အဆင့်မြင့်ပညာရေးကို သင်ကြားထားသူပင် ဤ မိရိုးဖလာအတွေးများမှ မလွတ်နိုင်ပေ။
“ရှင် စိတ်ဆိုးလား…”
အန်းနဉ်က မေးလိုက်သည်။
ဝမ်ယွီက ရှုပ်ထွေးသည့် ခံစားချက်နှင့် ပြန်ဖြေသည်။
“အဲ့ဒီလို စိတ်ဆိုးတာတော့ မဟုတ်ပါဘူး…ဒီတိုင်း အရမ်း ခက်ခဲမယ်ထင်လို့ပါ… မင်းနားလည်တယ်မလား… ကျွင်းကျွင်းက မိန်းကလေးလေ…”
အန်းနဉ်က ဝမ်ယွီ၏အမြင်ကို နားလည်နိုင်သည်။ ဆက်ခံသူများက အာဏာနှင့် ပိုင်ဆိုင်မှုများသာ ဆက်ခံရသည်မဟုတ်ဘဲ တာဝန်ယူနိုင်စွမ်းနှင့် တာဝန်ခံနိုင်စွမ်းပါ ရှိရမည် ဖြစ်သည်။ ဆုံးဖြတ်ချက်တိုင်း၊ ရွေးချယ်မှုတိုင်းနှင့် စွန့်လွှတ်မှုတိုင်းက အခက်အခဲများနှင့် ဖြစ်သည်။
လိင်အမျိုးအစားကြောင့် မဟုတ်ဘဲ တစ်ဖက်လူ၏ စရိုက်လက္ခဏာက စိတ်ဓာတ်ခိုင်မာပြီး ဆုံးဖြတ်ချက် ပြတ်သားရမည်ဖြစ်သည်။
သို့ရာတွင် အမျိုးသမီးများ၏ အားနည်းသည့်ဘက်ခြမ်းကိုသာ နှစ်ရှည်လများ မြင်ခဲ့ရသဖြင့် အမျိုးသမီးဆိုလျှင် ပျော့ညံ့သည်၊ ခေါင်းဆောင်ရမည့် ရာထူးအတွက် မသင့်တော်ဟု လူအများက အထူးသဖြင့် အမျိုးသားများက ယုံကြည်ကြသည်။
ဝမ်ယွီကလည်း ထိုအမြင်ကို လက်ခံသည်။
သို့ရာတွင် အမျိုးသမီးတစ်ဦးဖြစ်သည့် အန်းနဉ်မှာ ကြီးပြင်းလာချိန်အထိ သူမအား ညွှန်ကြားပြသမည့် လူကြီးသူမ မရှိခဲ့ပေ။ ကိုယ့်အားကိုယ်ကိုးကာ ကိုယ်တိုင်ဆုံးဖြတ်ရသည်ဖြစ်၍ ပုံသေတွေးခေါ်မှုများမှ ဝမ်ယွီထက်ပင် လျင်မြန်စွာ ရုန်းထွက်လာနိုင်ခဲ့သည်။
“ကျွန်မကတော့ အဲ့ဒါက မှားတယ်လို့ မထင်ဘူး…”
“ကျွန်မကလည်း မွေးရာပါ အရည်အချင်းရှိတဲ့သူ မဟုတ်ဘူးလေ…လွန်ခဲ့တဲ့နှစ်နှစ်ကဆိုရင် ကျွန်မက ရင်းနှီးမြှုပ်နှံမှုအကြောင်း သင်နေတုန်းပဲ ရှိသေးတယ်…အစပိုင်းကတော့ တကယ်ကို ခက်ခဲတာပေါ့… ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တဲ့အကြိမ်တိုင်း ငွေတွေများ ဆုံးရှုံးသွားမလားဆိုပြီးတော့ လန့်နေရသေးတယ်... ဒါပေမဲ့ အတွေ့အကြုံရှိလာတော့ အခြေအနေအမျိုးမျိုးကို စိတ်ဓာတ်ခိုင်ခိုင်နဲ့ ရင်ဆိုင်လာနိုင်ပြီလေ…”
“အရည်အချင်းဆိုတာ မွေးရာပါတာမျိုးမဟုတ်သလို လိင်အမျိုးအစားနဲ့လည်း မဆိုင်ဘူး…”
“ကျွန်မတို့ကလေးက အသိပညာပြတ်လပ်မှာမဟုတ်ဘူးလေ…စိတ်ခံစားချက်နဲ့ဆိုင်တဲ့ အသိပညာအပြင် အရည်အချင်းဆိုတာမျိုးက သင်ကြားပေးလို့ရပါတယ်ရှင်… ရှင် မွေးကတည်းက လုပ်ငန်းကို စီမံတတ်တယ်လို့တော့ ကျွန်မ မယုံဘူး…ရှင်တောင်မှ အဖေက သင်ပေးခဲ့တာမဟုတ်လား… အဖေက ကျွင်းကျွင်းကို ရွေးလိုက်ပြီဆိုမှတော့ ကောင်းကောင်းလေ့ကျင့် ပျိုးထောင်ပေးနိုင်မှာပါ… မမှားပါဘူး…”
ဝမ်ယွီက အန်းနဉ်၏စကားများမှာ အဓိပ္ပာယ်ရှိနေသည်ကို ဝန်ခံရပေမည်။ ထို့အပြင် သူက ရှေးရိုးစွဲတွေးခေါ်သူလည်း မဟုတ်ပေ။
သူက ကုမ္ပဏီရှိ အရည်အချင်းရှိသည့် အမျိုးသမီးများအား လေးစားကာ ရာထူးနေရာယှဉ်ပြိုင်ခြင်းအပေါ် တန်းတူ အခွင့်အရေးပေးထားသည်။ သို့ရာတွင် ကိုယ်ပိုင်မိသားစုနှင့် ပတ်သတ်လာလျှင် သူ့အတွေးများကခေတ်မမီတော့ပေ။
သူ့သမီးအား ချစ်သဖြင့် ခက်ခဲပင်ပန်းမှုဒဏ်ကို မခံစေလိုဟူသည့် အလွှာကို ဖယ်လိုက်ကာ ရက်စက်သည့် အမှန်တရားနှင့် ရင်ဆိုင်လိုက်သည်။ သူ့ကိုယ်သူပင် ပြန်မေးမိသည်။
ငါက တကယ်ပဲ သမီးမိန်းကလေးထက် သားယောကျာ်းလေးကို ပိုအလေးပေးနေတာလား…
ထို့နောက် လူ့အဖွဲ့အစည်းတွင် သမီးမိန်းကလေးများက ဝတ်စားဆင်ယင်ခြင်းစသည့် ကဏ္ဍများတွင် သားယောကျ်ားလေးများကဲ့သို့ မဟုတ်ဘဲ မှားယွင်းစွာ ဆက်ဆံခံနေရသည်ကို သတိပြုမိသည်။ မိသားစုတစ်စုတွင် သမီးမိန်းကလေးများအား သားယောကျာ်းလေးများကဲ့သို့ တန်းတူအခွင့်အရေးနှင့် အခွင့်အလမ်းများကို ပေးခြင်းရှိမရှိဟူသည့် မေးခွန်းမှာ နက်ရှိုင်းနေဆဲပင်ဖြစ်သည်။
၎င်းတို့ထဲတွင် ပညာရေးဆိုင်ရာ အရင်းအမြစ်များနှင့် အမွေဆက်ခံပိုင်ခွင့်များက အရေးကြီးသည့် အပိုင်းတွင် ပါဝင်နေသည်။
အန်းနဉ်က ဝမ်ယွီ၏လက်မောင်းကို ပုတ်လိုက်သည်။
“ဘာလို့ အဖေနဲ့ စကားမပြောကြည့်တာလဲ… အဖေ့အတွေးကို မေးကြည့်ပေါ့…”
ဝမ်ယွီ ခေါင်းညိတ်လိုက်သည်။
သူက ဝမ်ကောအန်းနှင့် စကားပြောရန် အချိန်ကောင်းကို ရှာခဲ့သည်။
ဝမ်ယွီက စမေးလိုက်သည်။
“အဖေ၊ အဖေက ကျွင်းကျွင်းကို ဆက်ခံသူ ဖြစ်စေချင်တာလား…”
ဝမ်ကောအန်းက စာကြည့်မျက်မှန်ကို ချွတ်လိုက်ကာ မျက်ခုံးပင့်လိုက်သည်။
“ဘာလဲ… မင်းမှာ အဲ့ဒါနဲ့ပတ်သတ်ပြီး ပြဿနာရှိလို့လား…”
ဝမ်ကောအန်းက မိသားစုအတွင်းရှိ မျှတမှုကို မယုံကြည်ခဲ့ချေ။ သူက ဝမ်ယွီ၏အဖေဖြစ်ကာ သူ့စကားက သူ့ဥပဒေပင်။
“မင်းရဲ့အတွေးတွေကို သိမ်းထားလိုက်… ငါစိတ်ဆုံးဖြတ်ပြီးသွားပြီ… ကျွင်းကျွင်းပဲ ဖြစ်ရမယ်…”
ဝမ်ယွီက ပြောရမည့် စကားပင် နင်သွားသည်။
ငါ တစ်ခွန်းမှ မပြောရသေးဘူးလေ…
“အဲ့ဒီလိုမဟုတ်ပါဘူး… ဘာလို့ ရုတ်တရက်ကြီး ဒီအကြံရလာရတာလဲ… ရှောင်စုန့်နဲ့ ရှောင်ပိုင်ကျတော့ကော… သူတို့က အဖေ့မြေးတွေပဲ မဟုတ်ဘူးလား… သူတို့ကို မချစ်လို့လား…”
ဝမ်ယွီက နဖူးကို ပွတ်ကာ ဆက်မေးလိုက်သည်။
“သူတို့က အဖေ့အတွက် လုံလုံလောက်လောက် မကောင်းလို့လား…”
ဝမ်ကောအန်းက မော့ကြည့်ကာ သူ့အမူအရာများက ရှုပ်ထွေးနေလေသည်။
“ရှောင်စုန့်နဲ့ ရှောင်ပိုင့်ကို မချစ်ဘူးလို့ ဘယ်သူပြောလဲ…လျှောက်ပြီး ကောက်ချက်ချမနေနဲ့…ကောင်စုတ်လေး… သူတို့အားလုံးက ငါ့မြေးတွေပဲ… အားလုံးကို ချစ်တာပေါ့…”
ဝမ်ယွီက မေးလိုက်သည်။
“ဒါဆို အဖေက ဘယ်လိုတွေးထားတာလဲ…”
ဝမ်ကောအန်းက စာကြည့်မျက်မှန်ကို ချွတ်ကာ သက်ပြင်းချလိုက်သည်။
“ရှောင်စုန့်နဲ့ ရှောင်ပိုင်က ယောကျာ်းလေးတွေလေ… သေချာတာပေါ့ သူတို့က မင်းလိုပဲ… အကျင့်ကောင်းမှာမဟုတ်ဘူး…”
ဝမ်ယွီ : “…”
နေပါဦး… ‘ကျွန်တော့်လို’ ဆိုတာ ဘာပြောတာလဲ… ‘အကျင့်မကောင်းဘူး’ဆိုတာ ဘာကို ဆိုလိုတာလဲ…
“ဒါပေမဲ့ ကျွင်းကျွင်းက လိမ္မာတဲ့ကလေးလေးလေ…”
“ဒီကမ္ဘာပေါ်မှာ လူကောင်းတွေကပဲ အနိုင်ကျင့်ခံရတယ်… လူဆိုးတွေကတော့ ကောင်းကောင်းမွန်မွန် ရှင်သန်နေမှာလေ… ရှောင်စုန့်နဲ့ ရှောင်ပိုင့်အတွက် စိတ်မပူပါဘူး… ကျွင်းကျွင်းကိုတော့ အပြစ်ကင်းနုံအအောင် မပျိုးထောင်ချင်ဘူး…သူ့ကို ကောင်းကောင်းသင်ကြားပေးချင်တယ်…”
ဝမ်ယွီက ခေါင်းညိတ်လိုက်သည်။ ဘက်လိုက်သည်ဟု တွေးထင်နိုင်သော်လည်း ဝမ်ယွီက သူ့သမီးလေးကို အနာဂတ်တွင် မခံစားစေလိုပေ။
ဤအချက်နှင့် ပတ်သတ်ပြီး ဝမ်ကောအန်းကို ထောက်ခံခဲ့သည်။
ဝမ်ကောအန်းက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ကျွင်းကျွင်းက ဉာဏ်ကောင်းတယ်… မင်းသာ သေချာပျိုးထောင်နိုင်မယ်ဆိုရင် ဘာအရေးလဲ…မိသားစုလုပ်ငန်းကို အကြီးဆုံးဖြစ်တဲ့ ကျွင်းကျွင်းကို ကျော်ပြီးတော့ အငယ်လေးတွေကို ပေးလိုက်ဖို့ စီစဉ်ချင်တာလား… ကျွင်းကျွင်းက ပေးနိုင်ပါ့မလား…”
ဝမ်ယွီတွင် ညီအစ်ကိုမောင်နှမများအကြား သံေယာဇဉ်အရ ကာကွယ်ပေးနိုင်သည်ဟူသည့် အတွေးရှိနေသေးသည်။ သူက ကျွင်းကျွင်းလက်မခံခဲ့လျှင်ဆိုသည့် အပိုင်းကို မတွေးဖူးခဲ့ချေ။
ဝမ်ယွီက ချွေးအေးများထွက်လာသည်။
သူတို့အားလုံးက ကျွင်းကျွင်းကိုချစ်ကြကာ သူမအား ပျော်ပျော်ရွှင်ရွှင် နေစေလိုကြသည်။ သို့ရာတွင် သူတို့က အကြီးဆုံးသမီးအနေနှင့် အနာဂတ် အမွေဆက်ခံပိုင်ခွင့်နှင့်ပတ်သတ်ပြီး မောင်ငယ်လေးများနှင့် သဘောထားကွဲလွဲမှုကို ရှောင်ကြဉ်စေလိုသဖြင့် ငယ်ငယ်ကတည်းက ထိုအကြောင်းကို ရိုက်သွင်းထားရမည်ဖြစ်သည်။
သို့သော် brainwashခံထားရသည့် ကျွင်းကျွင်းက အမှန်ပင် ပျော်ရွှင်နိုင်ပါမည်လား…
၎င်းက ဝိရောဓိဖြစ်နေခဲ့သည်။
ဝိရောဓိဖြစ်လာရသည့် အကြောင့်ရင်းမှာ “သမီးကို ချစ်၍ ဒုက္ခမခံစေလိုသည့်စိတ်”နှင့် “သမီးမိန်းကလေးဖြစ်နေ၍ အမွေဆက်ခံပိုင်ခွင့်ကို ပိတ်ပင်ထားခြင်း” တို့က သဟဇာတမဖြစ်၍ ဖြစ်သည်။
ဤအဆင့်ကို သေချာနားလည်နိုင်လျှင် မည်သူမဆို ကိုယ့်ကိုယ်ကို ဆက်လက်လှည့်စားနေနိုင်မည် မဟုတ်ချေ။
ဝမ်ယွီက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
“နောက်ပိုင်း ငါသေချာတွေးကြည့်လိုက်တယ်…တကယ်လို့ အဖေတို့သာ ကျွင်းကျွင်းကို သင်ကြားပေးဖို့ ဆုံးဖြတ်လိုက်ရင် သူက ဘာလို့ ဆက်ခံသူ ဖြစ်မလာရမှာလဲ… သူက မိသားစုရဲ့ ပထမဆုံးကလေးပဲလေ…ရှောင်စုန့်နဲ့ ရှောင်ပိုင်တို့ထက် လေးနှစ်လောက် ပိုကြီးတော့ ကျွင်းကျွင်းက အရင်အရွယ်ရောက်လာမှာ… ကျွင်းကျွင်းမှာ တခြားအကြံဉာဏ်ရှိရင်တောင် အကောင်အထည်ဖော်ဖို့ လေးနှစ်ရှိတယ်…”
ချမ်းသာသော မိသားစုအသိုင်းအဝိုင်းများတွင် မောင်နှမများအကြား အမွေခွဲဝေခြင်းပင် မဆိုထားနှင့် လင်မယားအကြား ပိုင်ဆိုင်မှုခွဲဝေခြင်းတွင် ကြားပင်မကြားဖူးသည့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများ ပါဝင်နေသေးသည်။ ဝမ်ကောအန်းက ၎င်းကို ထုတ်ပြောလာချိန်တွင် ဝမ်ယွီက ချွေးအေးမထွက်ဘဲ မနေနိုင်ချေ။
“တကယ်လို့ ကျွင်းကျွင်းသာ ယောကျာ်းလေးဆိုရင် ဒီနေ့စကားဝိုင်းလိုမျိုး ပြောနေစရာတောင် လိုမှာ မဟုတ်ဘူး…အကြီးဆုံးသားယောကျာ်းလေးကပဲ ဆက်ခံသူဖြစ်ကြတာ...၁၀၀ရာခိုင်နှုန်း မဟုတ်ဘူး…၉၀ရာခိုင်နှုန်းက ဒီလိုပဲလေ…ကျွင်းကျွင်းက မိန်းကလေးဖြစ်နေလို့လား… ဟုတ်တယ် မိန်းကလေးတွေက ယောကျာ်းလေးတွေလောက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မရှိကြဘူးဆိုပေမဲ့ အဖေတို့က ကျွင်းကျွင်းကို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အုတ်သယ်ခိုင်းမှာမှ မဟုတ်တာ…ဦးနှောက်ကို သုံးဖို့ပဲ လိုတာလေ…မိန်းကလေးတွေရဲ့ ဉာဏ်ရည်က ယောကျ်ားလေးတွေလောက် မကောင်းဘူးလို့ ဘယ်သူပြောလဲ… ဘယ်သူမှ မပြောနိုင်ဘူး…လေ့လာစမ်းသပ်ချက်အရဆိုရင် မိန်းမတွေက သုတေသနနဲ့ စီးပွားရေးတွေလိုမျိုး နယ်ပယ်တွေမှာ ယောကျာ်းတွေထက်တောင် အားသာချက်ရှိနေတာကို သက်သေပြခဲ့တယ်…မိန်းကလေးတွေက သဘာဝအတိုင်း ပျော့ညံ့ပြီးတော့ ကာကွယ်ခံရမယ်ဆိုတဲ့ အယူအဆမျိုးက အမျိုးသားတွေက ပိုကောင်းတယ်ဆိုပြီး တွေးနေကြတဲ့သူတွေရဲ့ ဘက်လိုက်တဲ့ အတွေးအခေါ်ထက် မပိုဘူး…”
###