အပိုင်း၁၁၅
Viewers 11k

🤚Chapter 115

Extra - After Marriage 9



ဝမ်ယွီက ကျန်းမာသန်စွမ်းသဖြင့် အန်းနဉ်က အသေအချာပင် ကိုယ်ဝန်ရလာမည်ဖြစ်သည်။ အန်းနဉ်က မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်းတို့ ဖြစ်လာ၍ မြန်မြန်ဆန်ဆန် တွက်ချက်ကြည့်လိုက်ရာ သူမတို့ သန္ဓေတားဆေးရပ်ပြီး ပထမလတွင် ရခဲ့သည်ကို သိလိုက်ရသည်။


ဆေးရုံတွင် အတည်ပြုပြီးနောက် တစ်မိသားစုလုံး ပျော်သွားကြပြီး မိသားစုညစာစားပွဲလေး ကျင်းပလိုက်ကြသည်။


ဝမ်ကောအန်းပင် အရက်အနည်းငယ် သောက်လိုက်သည်။ သူက ကျွင်းကျွင်းအား ပြောလိုက်သည်။


“သမီးမှာ နောက်ဆို မောင်လေး ဒါမှမဟုတ် ညီမလေး ရှိလာလိမ့်မယ်…”


ကျွင်းကျွင်းက အဓိပ္ပာယ်ကို နားမလည်သေးချေ။ ယနေ့ သူမအား နောက်ထပ် ကိတ်တစ်တုံးစားရန် ခွင့်ပြုပေးထားသဖြင့် အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။ အိပ်ရာမဝင်မီ သူမကိုယ်တိုင် သွားတိုက်ပြီးနောက် အန်းနဉ်က ကူညီ‌ပေးခဲ့ကာ သူမအဖိုး စစ်ဆေးနိုင်ရန်အလို့ငှာ အဖိုးဆီသို့ ပြေးသွားသည်။ 


“အားလုံး သန့်ရှင်းတယ်…”


သူမက သွားကို အသေအချာတိုက်ခဲ့သဖြင့် မနက်ဖြန်တွင် နောက်ထပ် ကိတ်တစ်တုံး ထပ်စားနိုင်ရန် မျှော်လင့်ခဲ့သည်။


အန်းနဉ်က ကျွင်းကျွင်းအား ကိုယ်ဝန်ရှိစဉ်တွင် အနည်းငယ်သာ မအီမသာဖြစ်သော်လည်း အပြင်းအထန် ပျို့အန်ခြင်းမျိုး မရှိခဲ့ချေ။ ယခုကိုယ်ဝန်ရှိချိန်တွင် သူမ အလွန်အမင်း ခံစားလိုက်ရသည်။ သူမစားသမျှအရာအားလုံး ပြန်အန်မိကာ ဆီများခြင်းနှင့် မီးခိုးနံ့နံသည်ကို လုံးဝ သည်းမခံနိုင်ခဲ့ချေ။


ပျို့အန်သည်မှာ ပြင်းထန်သဖြင့် ကုမ္ပဏီသွားခြင်းကို ယာယီရပ်ဆိုင်းထားကာ အိမ်တွင် အနားယူခဲ့သည်။ သူမက ပေါ့ပေါ့တန်တန် မလှုပ်ရှားဝံ့ဘဲ အိပ်ခန်းထဲတွင် လိမ်လိမ်မာမာ နေနေခဲ့သည်။ လတ်တလောတွင် သူမက ရေချိုးခန်းသို့ အပြေးအလွှားသွားကာ အန်နေရသည်။


“ဘာလို့ ဒီလိုဖြစ်တာများလဲ…”


ဝမ်ယွီက ညနေအိမ်ပြန်ရောက်ချိန်တွင် ရေချိုးခန်းထဲ၌ အန်းနဉ်၏ ကျောအား ပုတ်ပေးစဉ် သူ့ကိုယ်သူ ပြောနေခဲ့သည်။


“ဘာလို့ ဒီလို့ဖြစ်တာများလဲ…”


အသေအချာပင် ကျွင်းကျွင်းအား ကိုယ်ဝန်ဆောင်ခဲ့ချိန်တွင် ဤသို့ မဖြစ်ခဲ့ချေ။


အန်းနဉ်က လက်ယမ်းလိုက်သည်နှင့် ဝမ်ယွီက ကျောပုတ်နေသည်ကို ရပ်လိုက်သည်။ ပလုတ်ကျင်းပြီးနောက် အန်းနဉ်က အားနည်းစွာ ပြန်ဖြေသည်။ 


“ကျွန်မ ဆရာဝန်နဲ့ ပြောပြီးပြီ… ကိုယ်ဝန်ဆောင်တဲ့အခါ တစ်ခါနဲ့ တစ်ခါ တုံ့ပြန်ပုံက မတူနိုင်ဘူးတဲ့… ဒါ ပုံမှန်ပဲတဲ့…”


မနက်ခင်း အော့အန်ခြင်းမှာ ပြင်းထန်သဖြင့် သူမ၏ အစာစားချင်စိတ်ကို ထိခိုက်စေသည်။ ဝမ်ယွီက ယခုအချိန်တွင် သူမမျက်နှာလေးမှာ ပိန်ကျသွားပြီး မျက်တွင်းများ နက်နေသည်ကို သတိထားမိလိုက်သည်။ ကျွင်းကျွင်းအား‌ မွေးပြီးနောက် အသားပြည့်လာခဲ့သော်လည်း ၎င်းတို့က ပျောက်ဆုံးသွားပြီး ဆယ်ကျော်သက်အရွယ်က အန်းနဉ်ကဲ့သို့ ပိန်ပန်ပါးပါးလေး ပြန်ဖြစ်သွားသည်မှာ သနားစဖွယ်ကောင်းလှသည်။


ကံမကောင်းသည်က မနက်ပိုင်း အော့အန်ခြင်းကို ဆရာဝန်အပါအဝင် မည်သူမှ မကူညီနိုင်ပေ။ ဝမ်ယွီက စိတ်ဒုက္ခဖြစ်ကာ သက်ပြင်းချလိုက်သည်။


နောက်တစ်နေ့တွင် အန်းနဉ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် ကျန်မိသားစုဝင်သုံးဦးက မနက်စာ အတူစားနေကြသည်။


ဝမ်ယွီက သက်ပြင်းချလိုက်သည်။


“ကျွင်းကျွင်းကို ကိုယ်ဝန်ရှိတုန်းကနဲ့ မတူဘူး…”


ဝမ်ကောအန်းက မှန်းဆလိုက်သည်။


“ဒီလောက် အစားအသောက် ကြေးများတာဆိုတော့ ယောကျာ်းလေးဖြစ်မယ်ထင်တယ်…”


“ယောကျာ်းလေးသာဆိုလို့ကတော့ မွေးလာတာနဲ့ သူ့ဖင်ကို အရင်ရိုက်ပစ်မယ်…”


ဝမ်ယွီက ခါးသီးစွာ ပြောလိုက်သည်။


ငါ့မိန်းမကို ပြဿနာဖြစ်အောင် လုပ်တဲ့အတွက်ပဲ…


ကျောင်းမသွားမီ ကျွင်းကျွင်းက သူမအမေအား နှုတ်ဆက်ချင်သော်လည်း သူမအဖိုးနှင့် အဖေက မေမေအိပ်နေ၍ မနှောင့်ယှက်ရန် ပြောခဲ့သည်။


ရက်အတော်ကြာ သူမအမေအား အနမ်းပေးကာ မနှုတ်ဆက်ရသဖြင့် ကျွင်းကျွင်း စိတ်ဓာတ်ကျနေခဲ့သည်။


ဝမ်ကောအန်းက သူမအား မူကြိုသို့ လိုက်ပို့ပေးရာ လမ်းတွင် သူမက မေးလိုက်သည်။


“မေမေက ဘယ်တော့ ပြန်ကောင်းလာမှာလဲဟင်…”


“အာ…လနဲ့ချီပြီး ကြာဦးမယ်ထင်တယ်…” 


“နောက်ဆို သမီးမေမေရဲ့ ဗိုက်က ပိုပြီး ကြီးသထက် ကြီးလာလိမ့်မယ်… ဗိုက်ထဲမှာ ကလေးသေးသေးလေး ရှိနေလို့လေ… ကျွင်းကျွင်းရော မောင်လေး လိုချင်လား ညီမလေး လိုချင်လား…”


ကျွင်းကျွင်းက ခဏမျှ စဉ်းစားကာ ပြန်ဖြေသည်။


“ညီမလေး လိုချင်တယ်…”


ဝမ်ကောအန်းက မေးလိုက်သည်။ 


“ဘာလို့ မောင်လေး မလိုချင်တာလဲ… မောင်လေးရှိတာ မကောင်းဘူးလား…”


ကျွင်းကျွင်းက သူမခေါင်းလေးကို ယမ်းလိုက်သည်။


“မောင်လေးဆိုတာ ယောကျာ်းလေးလေ… ယောကျ်ားလေးတွေက ဆိုးတယ်…ကျွင်းကျွင်းက ညီမလေးပဲ လိုချင်တယ်…”


ဝမ်ကောအန်းက သူမအား ဖြောင်းဖျရန် ကြိုးစားသည်။


“မောင်လေးသေးသေးလေးက ကြီးလာရင် ကျွင်းကျွင်းကို ကာကွယ်ပေးနိုင်မှာလေ…”


သို့သော် ထိုကြိုးပမ်းမှုက အသုံးမဝင်ချေ။ ကျွင်းကျွင်းက နှောင့်ယှက်တတ်သည့် မောင်လေးအစား ညီမလေးသာ လိုချင်ခဲ့ပြီး သူမ၏ဆန္ဒမှာ မပြောင်းလဲခဲ့ချေ။


သူ့ချွေးမလေးက ယောကျ်ားလေး မွေးပေးလာမည်ကို ဝမ်ကောအန်းစိတ်ထဲ တိတ်တဆိတ် မျှော်လင့်နေခဲ့သည်။ ၎င်းက ကျားမ ဘက်လိုက်၍ မဟုတ်ချေ။ နိုင်ငံ့ယဉ်ကျေးမှုအရ မည်သို့သော ယောကျ်ားမျိုးမဆို စိတ်ထဲတွင် သားယောကျ်ားလေး ရှိလာစေရန် မျှော်လင့်ချက် ကိုယ်စီ ရှိကြသည်။ သားတစ်ယောက်ရှိခဲ့လျှင် မြေးယောကျ်ားလေးရှိလာမည်ကို မျှော်လင့်ခဲ့ကြသည်။


မိသားစုစဉ်ဆက် လုပ်ငန်းကို လုပ်ကိုင်ရသည့် ဝမ်ကောအန်းအဖို့ သမီးတစ်ယောက်က မိသားစုအမွေကို ထမ်းဆောင်နိုင်လိမ့်မည်မဟုတ်ဆိုသည့် မိရိုးဖလာ အတွေးအခေါ်များ ရှိသည်။


မနက်ပိုင်း အော့အန်ခြင်းက ဆန်းကြယ်သည့် အရာပင်ဖြစ်သည်။ အော့အန်ချိန်တွင် နေ့ရက်တိုင်းက အုံ့မှိုင်းနေသော်လည်း တစ်မနက်တွင် ရုတ်တရက်ဆန်စွာ ပျောက်သွားသည်။


အန်းနဉ်က စိတ်မသက်မသာ အဖြစ်ဆုံး အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သဖြင့် သူမ၏ စားသောက်ချင်စိတ်က ပုံမှန်သို့ ပြန်ရောက်သွားသည်။


ယခင်အကြိမ်ကကဲ့သို့ ဝမ်မိသားစုက အန်းနဉ်အတွက် အာဟာရဗေဒ ပညာရှင်ကို ငှားရမ်းကာ စားဖိုမှူးများက အညွှန်းအတိုင်း ပြင်ဆင်ပေးကြသည်။ အန်းနဉ်က မေးချွန်ချွန်လေးမှာ နူးညံ့ဝိုင်းစက်လာခဲ့သည်။


ပထမဆုံး အာထရာဆောင်း ရိုက်ချိန်တွင် ဝမ်မိသားစုဝင်များ အကြီးအကျယ် အံ့အားသင့်သွားကြသည်။ အန်းနဉ်က အမြွှာလေးများအား ကိုယ်ဝန်ဆောင်ထားရ၍ပင်။


“အံ့ဩစရာမရှိတော့ပါဘူး… ဒီတစ်ကြိမ် တုံ့ပြန်မှုက တအားပြင်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူး…”


ဝမ်ကောအန်းက ပြုံးနေသည်အား မရပ်နိုင်ချေ။


စိတ်လှုပ်ရှားမှုများကြောင့် နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။


“ယောကျ်ားလေးလား မိန်းကလေးလား သိလို့ရပြီလား…”


ဝမ်ကောအန်း၏ မေးခွန်းက ဝမ်ယွီတို့အား ဆွံ့အသွားစေသည်။ 


“အခုတော့ ပြောလို့မရသေးဘူးလေ… ကလေးတွေက ငယ်သေးတယ်…”


သူတို့က ရှင်းပြလိုက်ကြသည်။


“ဟုတ်တယ်၊ ဟုတ်တယ် ကလေးတွေက ငယ်သေးတယ်… နောက်လပိုင်းလောက်နေရင် သိရမှာပဲကို…”


ဝမ်ကောအန်းက အပျော်လွန်နေကာ ဝမ်ယွီအား ပြောလိုက်သည်။


“နဉ်နဉ်ကို သေချာ ဂရုစိုက်နော်… နဉ်နဉ်ကို ကောင်းကောင်းနားပါစေ…”


ထို့နောက် လက်ထဲ သူမအကြိုက်ဆုံး အရုပ်လေးကိုင်ထားသည့် ကျွင်းကျွင်းနှင့် အတူ စာကြည့်ခန်းသို့ ဝင်သွားသည်။


ဝမ်ကောအန်းက စာကြည့်မျက်မှန်တပ်ကာ ကွန်ပျူတာဖြင့် အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း ကျွင်းကျွင်းက ခြေဖျားထောက်ကာ စပ်စုလိုက်သည်။


“ဖိုးဖိုး ဘာလုပ်နေတာလဲဟင်…”


ဝမ်ကောအန်းက ပြုံးကာ ပြန်ဖြေသည်။


“သမီးရဲ့ မေမေကို ဘယ်လိုဆုချရမလဲ ရှာနေတာ…”


“သမီးမေမေက အိမ်ကို ချမ်းသာကြွယ်ဝမှုတွေ ယူလာပေးလို့လေ…”


အန်းနဉ် ဝမ်အိမ်သို့ ရောက်လာပြီးနောက် ဝမ်ယွီက သူ၏ သတိကြီးကြီးထားတတ်သည့်ပုံကို လျော့ချလိုက်သည်။ ဝမ်ယွီက ငယ်ရွယ်သော်လည်း တည်ငြိမ်ကာ မိသားစုအရေးနှင့် စီးပွားရေးကိုသာ အာရုံစိုက်ခဲ့သည်။


အန်းနဉ်က မကြာမီ ကျွင်းကျွင်းအား မွေးပေးပြီးနောက် တစ်မိသားစုလုံး သဟဇာတဖြစ်လာကြသည်။


အခု နောက်ထပ်အမြွှာလေးတွေပါ ရောက်လာကြတော့မယ်…


သားသမီး မြေးမြစ်များနှင့် သဟဇာတဖြစ်သည့် မိသားစုဘဝမှာ ဝမ်ကောအန်း ဆန္ဒရှိခဲ့သည့် ဘဝပင်ဖြစ်သည်။


ဝမ်ကောအန်းက ငယ်ရွယ်စဉ် အရွယ်ကောင်းတွင် ပေါ့ပေါ့တန်တန် နေခဲ့ပြီး သတ်လတ်ပိုင်း အရွယ်မှ မိသားစုဘဝကို ခုံမင်ခဲ့ကာ နှစ်များအကြာတွင် လက်ရှိ သူ့ဘဝကို အားရကျေနပ်ဖြစ်မိသည်။ သူက ငွေကြေးချမ်းသာသော်လည်း မတွန့်တိုခဲ့ပေ။ စာကြည့်ခန်းထဲ၌ သူက အန်းနဉ်၏ နာမည်အောက်တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကာ သူမ၏ ပိုင်ဆိုင်မှုအား အကြိမ်များစွာ တိုးပွားစေခဲ့သည်။


အန်းနဉ်၏ ဗိုက်မှာ ကျွင်းကျွင်းကို ကိုယ်ဝန်ဆောင်ထားစဉ်ကထက် သိသိသာသာ ကြီးလာခဲ့သည်။ သူမဗိုက်က ဖောင်းလာသည်ကို မြင်လျှင် ဝမ်ယွီနှင့် ဝမ်ကောအန်းတို့က ပိုမို မျှော်လင့်စောင့်စားလာကြသည်။


ကလေးများ၏ လိင်အမျိုးအစားကို ကြိုသိခြင်းနှင့် ပတ်သတ်၍ သုံးဦးသား အငြင်းအခုန်ဖြစ်ကြသည်။


အဆုံးတွင် မဲပေးဆုံးဖြတ်ချက်အရ ဝမ်ယွီနှင့် အန်းနဉ်တို့က ဝမ်ကောအန်းအား နှစ်မဲ တစ်မဲနှင့် နိုင်သွားသည်။ သူတို့က ကလေးများ၏ လိင်အမျိုးအစားအား မွေးချိန်မှသာ သိလိုခဲ့သဖြင့် ကြိုတင်မစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။


ဝမ်ကောအန်းက မဲရှုံးသွားသဖြင့် သုန်မှုန်ကာ စိတ်ကောက်နေသော်လည်း တစ်ရက်တွင် ရပ်သွားပြီး သူမတို့အား ဆန်းကြယ်သည့် အပြုံးဖြင့် ကြည့်လာခဲ့သည်။ သူ၏ အမူအရာများက သူမတို့အား ပဟေဠိဖြစ်စေသည်။


ဝမ်ယွီက အစ်အောက်ကြည့်ရန် ကြိုးပမ်းခဲ့သော်လည်း မြေခွေးအိုကြီး ဝမ်ကောအန်းက အသိမခံခဲ့ပေ။ သို့ရာတွင် ဝမ်ယွီက သူ့အဖေအကြောင်းကို ကောင်းကောင်းကြီး သိပေသည်။


သူက အန်းနဉ်အား တိုးတိုးတိတ်တိတ် ပြောလိုက်သည်။


“ကိုယ်ကတော့ အဖေ လှည့်စားထားတယ်လို့ သံသယရှိတယ်…”


ကျိအန်းနဉ် : “….”


ဝမ်ယွီ : “သူ သေချာပေါက် ဒါရိုက်တာလီကို မေးလိုက်တာ ဖြစ်ရမယ်…”


မူလက ဆေးရုံကို ဝယ်ခဲ့စဉ်က အန်းနဉ်နှင့် ကျွင်းကျွင်းတို့အတွက် ဖြစ်သည်။ ဆေးရုံဥက္ကဌ၏ ချွေးမက လာပြခြင်းဖြစ်၍ ဒါရိုက်တာလီကိုယ်တိုင် ကြီးကြပ်ကွပ်ကဲကာ အထူးဂရုစိုက်ခဲ့သည်။ အန်းနဉ်က အာထရာဆောင်း ပုံမှန် ရိုက်သဖြင့် အမြွှာလေးများ၏ လိင်အမျိုးအစားအား ဒါရိုက်တာလီ သိနိုင်ပေသည်။


ဝမ်ကောအန်းလည်း သိချင်သဖြင့် ဒါရိုက်တာလီကို မေးခဲ့သည်။


အန်းနဉ်က နားထင်ကို ပွတ်ကာ မေးလိုက်သည်။ 


“အဖေက ဒါကို လျှို့ဝှက်ထားနိုင်ပါ့မလား…”


အထူးသဖြင့် လူကြီးများက အချိန်အကြာကြီး မလျှို့ဝှက်ထားနိုင်ကြချေ။


သို့ရာတွင် ဝမ်ကောအန်းက သာမန်လူ မဟုတ်ပေ။


ဝမ်ယွီက မချင့်မရဲဖြစ်လာကာ ပြောလိုက်သည်။


“သူ သေချာပေါက် လျှို့ဝှက်ထားနိုင်မှာပါ…”


ဘာလို့ ဝမ်ယွီက မချင့်မရဲဖြစ်နေရတာလဲ…


မူလက ကလေးများ၏ လိင်အမျိုးအစားကို ကြိုတင်မစစ်ဆေးဘဲ surpriseအဖြစ်ထားရန် တွေးခဲ့သည်။ သို့ရာတွင် ဝမ်ကောအန်းက ကြိုသိထားပြီဖြစ်၍ သူ့စိတ်ထဲတွင် သဘောထားကွဲလွဲလာသည်။


အကျပ်အတည်းကြီးတစ်ခုပင်ဖြစ်သည်။


အန်းနဉ်က ပြောစရာမဲ့သွားလေသည်။


“ရှင်သိချင်တယ်ဆိုရင် သွားမေးလေ… ကျွန်မကိုတော့ လာမပြောပြနဲ့နော်…”


အန်းနဉ်က surpriseအဖြစ် ထားလိုသေးသည်။


ဝမ်ယွီက ခေါင်းယမ်းလိုက်သည်။ 


သို့သော် သူ့စိတ်က သဘောထားကွဲလွဲမှုများကြောင့် ရုန်းကန်နေရမှန်း သိသာသည်။ ညဘက် အိပ်စက်နေချိန်တွင် သူက သူမအား ကလေးများ၏ လိင်အမျိုးအစားနှင့် ပတ်သတ်ပြီး လောင်းကြေးထပ်ရန် တောင်းဆိုခဲ့သည်။ အိပ်ခန်းထဲတွင် လောင်းကြေးရှုံးသွားသူက အနိုင်ရသူ တောင်းဆိုသမျှကို ငြင်းဆန်၍ မရပေ။


“သွားစမ်းပါ…”


အန်းနဉ်က သူ့အား တွန်းကာ သူမဗိုက်ကို သေချာဂရုတစိုက်ထိန်းထားပြီး တစ်ဖက်သို့ လှည့်လိုက်သည်။ 


ဝမ်ယွီက အနောက်မှ သူမအား ဖက်လိုက်သည်။ 


“လုပ်ပါကွာ… လောင်းကြရအောင်နော်…”


အန်းနဉ်က မျက်လုံးမှိတ်ကာ အိပ်မောကျနေပြီဖြစ်သည်။


ဝမ်ယွီက ကုတင်ပေါ်တွင် လူးလှိမ့်ကာ သက်ပြင်းချလိုက်သည်။


တစ်ရက်တွင် ဝမ်ယွီက ရုန်းကန်နေရသည့် အခြေအနေမှ လွတ်မြောက်သွားပုံရသည်။ သူက ရွှင်ရွှင်မြူးမြူး ပြုံးကာ လမ်းလျှောက်နေပြီး ခြေလှမ်းတိုင်းက ပေါ့ပါးနေလေသည်။


အန်းနဉ်က ဝမ်ယွီ ရုန်းကန်မှုတွင် ရှုံးနိမ့်သွားသည်ကို သိလိုက်သည်။ 


သူက သူမကို သစ္စာဖောက်ပြီး ဝမ်ကောအန်းနှင့် ပူးပေါင်းသွားသည်။


အမြွှာနှစ်ယောက်၏ လိင်အမျိုးအစားကိုပါ သိခဲ့ရပေသည်။


ပိုဆိုးသည်က သူ၏အပြုအမူပေါ်ကြည့်ကာ အန်းနဉ်ပင် ကလေးများ၏ လိင်အမျိုးအစားကို ခန့်မှန်းမိလေသည်။ 


အိုး…ကောင်းရော… surpriseကတော့ ပျက်ဆီးသွားပြီ…


“အဲ့ဒါ ယောကျာ်းလေးလား…” 


အန်းနဉ်က ဝမ်ယွီကို မေးလိုက်သည်။


“ကိုယ်က ဘယ်လိုလုပ်သိမှာလဲ… ကိုယ်က အာထရာဆောင်းရိုက်တဲ့ စက်မှ မဟုတ်တာ…”


ဝမ်ယွီက မသိချင်ယောင်ဆောင်နေလေသည်။


“ကိုယ်တို့က surpriseဖြစ်ဖို့ကို စောင့်နေတာမဟုတ်ဘူးလား…အလျင်မလိုပါနဲ့ကွာ… ကလေးမွေးပြီဆိုတာနဲ့ သိရမှာပါ…”


“ရှင်က ဟာသပဲနော်…” 


အန်းနဉ်က သူ၏ သရုပ်ဆောင်ချက်များအား ညှာတာမှုမရှိ ဖော်ထုတ်လိုက်သည်။


“ရှင့်ကို ကြည့်လိုက်တာနဲ့ အဖြေက ယောကျ်ားလေးဆိုတာကို သိနေပြီ…”


သရုပ်ဆောင်နေခြင်းအား မိသွားသဖြင့် ဝမ်ယွီက အန်းနဉ်ကို ဖက်လိုက်သည်။


“ဘယ်လိုသိသွားရတာလဲကွာ…”


ရှင့်ရဲ့ ကိုယ်ကိုယ်ကို ကျေနပ်နေတဲ့ အမူအရာကြီးက ဘယ်သူကများ မမြင်ဘဲ နေမှာလဲ…


အန်းနဉ်က စွပ်စွဲလိုက်သည်။


“ရှင်က သားယောကျာ်းလေးကို ပိုသဘောကျတာလား…”


ဝမ်ယွီက ငြင်းဆိုလိုက်သည်။


“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွာ… ကျွင်းကျွင်းက ကိုယ့်ရဲ့ အနွေးဂျက်ကတ်လေးလေ… ကိုယ်က ကျွင်းကျွင်းကို တစ်သက်လုံး ကာကွယ်ပေးသွားမှာ…”


သို့ရာတွင် ဝမ်ယွီက အမြွှာလေးမှာ သားယောကျ်ားလေးများ ဖြစ်ကြောင်း သိသိချင်း အထူးပင် ပျော်ရွှင်နေခဲ့သည်။


ဤနိုင်ငံတွင် အမျိုးသားများ၏ “သားယောကျ်ားလေး”ရရန် မျှော်လင့်ချက်များမှာ အရိုးထဲထိ နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့သည်။


၎င်းကား ဝမ်ကောအန်းနှင့် ဝမ်ယွီတို့၌ အထူးတလည် ထင်ဟပ်နေပေသည်။


လိင်အမျိုးအစားများ သိလာကြပြီးနောက် မိသားစုဝင်များက သဘာဝအတိုင်း စည်းလုံးလာကြသည်။ သူတို့က ကျွင်းကျွင်းအား သူမအမေ၏ ဗိုက်ထဲတွင် ‘မောင်လေး’များ ရှိကြောင်းကိုသာ ပြောပြီး ‘ညီမလေး’နှင့် ပတ်သတ်၍ မဖော်ပြခဲ့ပေ။


တစ်မိသားစုလုံးက မောင်လေးနှစ်ယောက်ရှိသည့် အကြောင်းကို ကျွင်းကျွင်းလက်ခံလာနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ကျွင်းကျွင်း၏ ‘ညီမလေး’အပေါ် မျှော်လင့်ချက်များက မလျော့သွားချေ။ သူမက ညီမလေးကိုသာ စွဲစွဲမြဲမြဲ လိုချင်နေခဲ့သည်။


အန်းနဉ်က ဆယ်လကြာ ကိုယ်ဝန်ဆောင်ပြီးနောက် နွေရာသီ၏ ရက်တစ်ရက်တွင် ကျန်းမာသော သားနှစ်ယောက်အား မွေးဖွားပေးခဲ့သည်။


ဝမ်ကောအန်းက ကလေးများအား ‘ဝမ်ကျွင်းစုန့်’နှင့် ‘ဝမ်လီပိုင်’ ဟု နာမည်ပေးခဲ့သည်။ ကျွင်းစုန့်က အစ်ကိုကြီးဖြစ်ပြီး လီပိုင်မှာ မိနစ်အနည်းငယ်သာ ပိုငယ်လေသည်။


ယခုဆိုလျှင် ကျွင်းကျွင်းက သူမထက် လေးနှစ်ခွဲခန့်ငယ်သည့် မောင်နှစ်ယောက် ရနေပြီဖြစ်သည်။


ဝမ်မိသားစုက ပို၍ပင် စည်ကားလာသည်။


မွေးကင်းစဖြစ်သည့် ဝမ်အိမ်တော်၏ သခင်ငယ်လေးများမှာ သဘာဝအတိုင်း အသေးစိတ် ပြုစုစောင့်ရှောက်မှုကို လိုအပ်ပေသည်။


ကျွင်းစုန့်နှင့် လီပိုင်တို့အား မမွေးမီ ဝမ်ကောအန်းက မိသားစုအစည်းအဝေးခေါ်ကာ ဝမ်ယွီနှင့် အန်းနဉ်တို့အား ကျွင်းကျွင်း၏ စိတ်ခံစားချက်များကို သေချာ ဂရုစိုက်ရန် ညွှန်ကြားခဲ့သည်။ သို့ရာတွင် ကလေးငယ်များ၏ မွေးဖွားမှုအပြင် အန်းနဉ်က ကလေးမွေးပြီးနောက် ပြန်လည်ကောင်းမွန်စေရန် အချိန်ယူရသဖြင့် ကျွင်းကျွင်းနှင့် အတူရှိသည့် အချိန်မှာ လျော့နည်းသွားသည်။


ကလေးများက ဤကိစ္စတွင် အကဲဆတ်လွယ်ကြသဖြင့် ရလဒ်အနေနှင့် ကျွင်းကျွင်းက စိတ်ဓာတ်ကျနေခဲ့သည်။


ဝမ်ကောအန်းက ကျွင်းကျွင်းအပေါ် စိတ်မကောင်းဖြစ်မိသဖြင့် နှစ်သိမ့်ပေးလိုက်သည်။


“ကလေးလေးတွေက ငယ်သေးတော့ ဒီအချိန်မှာ အထူးဂရုစိုက်ပေးဖို့ လိုတယ်လေ… သူတို့ တွားသွားနိုင်ပြီဆိုတာနဲ့ မေမေက ကျွင်းကျွင်းကို အချိန်ပေးမှာပါ…”


ကျွင်းကျွင်းက ညည်းတွားလိုက်သည်။


“ဒါဆို သူတို့က ဘာလို့ တွားမသွားကြသေးတာလဲ…”


ထူးကဲသည့် သဘာဝလွန်စွမ်းအားများရှိလျှင်ပင် ဝမ်ကောအန်းက ကလေးများအား ချက်ချင်း တွားသွားလာစေရန် လုပ်ဆောင်နိုင်စွမ်းမရှိပေ။ သူက သူမအား အာမခံလိုက်သည်။


“မကြာတော့ပါဘူး… သိပ်မကြာတော့ပါဘူး… သူတို့တွေ စပြီး တွားသွားလာတော့မှာ…”


သူက ကျွင်းကျွင်းအား စိတ်ရွှင်မြူးစေရန် ပြောလိုက်သည်။


“မောင်လေးတွေ ရှိတာကောင်းတယ်နော်… သူတို့ကြီးလာပြီဆိုတာနဲ့ အရမ်းသန်မာလာလိမ့်မယ်… အဲ့ဒါဆို ကျွင်းကျွင်းကို ကာကွယ်ပေးနိုင်ပြီလေ…”


ကျွင်းကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။ 


 “ကောင်လေးတွေက ကောင်မလေးတွေဆီက အရုပ်တွေကို လုတယ်… တကယ်လို့ မောင်လေးတွေက သမီးအရုပ်ကို လုရင်ကော… ပြီးတော့ သူတို့က နှစ်ယောက်တောင်လေ… သမီးကတစ်ယောက်တည်း သူတို့ကို နိုင်မှာ မဟုတ်ဘူး…”


ကလေးငယ်လေး၏ အပြစ်ကင်းပြီး ရယ်စရာကောင်းသည့် စကားဖြစ်သော်လည်း ဝမ်ကောအန်းက အံ့ဩသွားရသည်။


ဝမ်ကောအန်းက မြေးအမြွှာများမွေးလာ၍ ပျော်ရွှင်နေသည့် ခံစားချက်များ မြန်မြန်ပျောက်ဆုံးသွားသည်ကို ဝမ်ယွီ သတိထားမိလိုက်သည်။


၎င်းမှာ ရှောင်စုန့်နှင့် ရှောင်ပိုင်တို့အား မချစ်၍မဟုတ်ပေ။ သူ့သားများကို မြင်၍ ပျော်ရွှင်ရသည့် ဝမ်ယွီ၏ အပျော်နှင့် ယှဉ်လျှင် ဝမ်ကောအန်း၏ ပျော်ရွှင်မှုက မှိန်ဖျော့သွားခြင်းဖြစ်သည်။


တစ်ချို့သောအချိန်များတွင် ဝမ်ကောအန်း မှိုင်တွေနေတတ်ပြီး တစ်ခါတစ်ရံ စိတ်များ ပျံ့လွင့်နေသည်ကို ဝမ်ယွီပင် တွေ့လေသည်။


နောက်ပိုင်းတွင် ဝမ်ကောအန်းက ရုတ်တရက် အလုပ်များလာသည်။




###