အပိုင်း၁၁၄
Viewers 11k

🤚Chapter 114

Extra - After Marriage 8



ဝမ်ကောအန်းက လုံခြုံမှုကို နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရသည်။ သူ့သားနှင့် ချွေးမဖြစ်သူတို့မှာ အတူတူအလုပ်လုပ်နေကြသဖြင့် ငယ်ရွယ်သည့် စုံတွဲအကြား ဆက်ဆံရေးကို မြှင့်တင်ရာတွင် အ‌ကျိုးရှိလာမည် ဖြစ်သည်။


အန်းနဉ် ရုံးချုပ်သို့ ရောက်လာပြီးနောက် ဝမ်ယွီက နေ့တိုင်းလိုလို ခွန်အားအပြည့်နှင့် ဖျတ်လတ်တက်ကြွနေလေသည်။ အန်းနဉ်လည်း အလားတူပင်။ သူမမျက်နှာလေးမှာ‌ တောက်ပနေခဲ့သည်။


ညစာစားပွဲ၌ ထိုလူငယ်စုံတွဲက တစ်ခါတစ်ရံ အကြည့်ချင်းဖလှယ်ကြကာ သူတို့၏ ချစ်ခြင်းကို ပြသနေသည်မှာ ဝမ်ကောအန်းပင် ကြက်သီးမထဘဲ မနေနိုင်ချေ။


အတွင်းရေးမှူးဟောင်း ဖြစ်ခဲ့သည့် ဥက္ကဌစွန်းမှာ ဝမ်ကောအန်းအား ကျေးဇူးတင်ကြောင်း ပြသရန် နှစ်သစ်မတိုင်မီ လာလည်လေ့ရှိရာ နှစ်ကုန်အစည်းအဝေးတွင် ဖြစ်ပျက်ခဲ့သည်များကို ဟာသအဖြစ် ပြောဆိုခဲ့လေသည်။


နှစ်ကုန်အစည်းအဝေးအပြီး နောက်တစ်နေ့အား ဝမ်ကောအန်းက ပြန်လည်အမှတ်ရလာသည်။ ထိုနေ့တွင် သူ့သားက စိတ်အားထက်သန်နေပြီး ချွေးမလေးမှာ ရှက်သွေးဖြာနေခဲ့သည်။ ရုတ်တရက် သူ နားလည်သွားသည်။


“ကျွတ်…ကျွတ်…” 


သူက မြေးမလေးကျွင်းကျွင်းအား ပြောလိုက်သည်။ 


“သမီး မိဘတွေကို ကြည့်ပါဦး… အချစ်ထဲ နစ်ဝင်နေကြတာပဲ… ငယ်ရွယ်တာ ကောင်းလိုက်တာနော်…”


ကျွင်းကျွင်း : “ဖေဖေ မေမေ… ရန်ဖြစ်ရတာကြိုက်တယ်…”


ဝမ်ကောအန်းက အူလှိုက်သည်းလှိုက် ရယ်လိုက်သည်။ 


“ဟုတ်တယ်… သူတို့ကို ပိုပြီး ရန်ဖြစ်ခိုင်းလိုက်… ဒါမှ ကျွင်းကျွင်းလည်း မောင်လေး ညီမလေးတွေ ရလာမှာ…”


သို့သော် ကျွင်းကျွင်းက ငယ်သေးသည်။ ဝမ်ကောအန်းက သားသမီးများက ကောင်းချီးကို သယ်ဆောင်လာသည်ဟု ယုံကြည်ကာ သားသမီးမြေးမြစ်များစွာ လိုချင်သော်လည်း လက်ရှိတွင် ကျွင်းကျွင်းအပေါ် အပြည့်အဝ အာရုံစိုက်နေပြီး လူငယ်စုံတွဲအား နောက်ထပ်ကလေးယူရန် တွန်းအားရန် ဆန္ဒမရှိပေ။


တရုတ်နှစ်သစ်ကူးပြီးချိန်တွင် ကျိအန်းနဉ်က marketing ဌာနသို့ ပြန်မသွားတော့ပေ။ သူမက ဝမ်ယွီ့ဆန္ဒကို ဖြည့်ဆည်းပေးလိုပုံရပြီး ထိပ်ဆုံးအလွှာရှိ အထူးပြင်ဆင်ထားသော ရုံးခန်းသို့ ပြောင်းရွှေ့သွားသည်။ သူမက ရင်းနှီးမြှုပ်နှံမှုအကြောင်းကို သင်ယူနေစဉ် “ရှယ်ရာရှင်” နှင့် “ဥက္ကဌ” ဟူသည့် ရာထူးများဖြင့် အဖွဲ့၏ ပရဟိတရန်ပုံငွေကို စီမံခန့်ခွဲခဲ့သည်။


ယခုအချိန်၌ ကျောင်းတွင် သင်ခဲ့ရသည်များက မလုံလောက်တော့ပေ။ အစက ပြန်သင်ရန် လိုအပ်သည့် အရာများရှိသည်။ 


ဝမ်ယွီက ဝမ်ကောအန်း၏ သင်ကြားပေးခြင်းကို ခံရကာ ယခုအချိန်တွင် သူက တစ်ဖန် အန်းနဉ်အား ပြန်သင်ကြားပေးပြီး ၎င်းကို အလွန်ပင် နှစ်သက်နေလေသည်။


မကြာသေးမီ နှစ်များအတွင်းတွင် QR ကုဒ်များက ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး သူတောင်းစားများပင် သူတို့၏ လည်ပင်းတစ်ဝိုက်၌ အီလက်ထရောနစ် ပေးချေနိုင်သည့် ကတ်များကို ဆွဲထားသည်။ စီးပွားရေးလောကထဲ အံ့ဩတုန်လှုပ်ဖွယ်ရာ အပြောင်းအလဲကြီးတစ်ခုဖြစ်လာပြီး လူ့အဖွဲ့အစည်းသည်လည်း လျင်လျင်မြန်မြန် ပြောင်းလဲလာခဲ့သည်။


အချို့သော ကုမ္ပဏီများက ခေတ်နှင့်အမှီ မလိုက်နိုင်၍ ပြိုလဲသွားကြစဉ်တွင် တစ်ချို့က ခေတ်ရေစီးကြောင်းနှင့် အညီ အနီးကပ်လိုက်လာကာ ခေတ်၏ အတွေးအမြင်သစ်များကို ဖော်ဆောင်ပေးနိုင်ကြသည်။


ယခုနှစ်တွင် ဝမ်ယွီနှင့် လီဟေးတို့ နှစ်ဦးစလုံးက မြို့တော်စီရင်စုရှိ လူငယ်စွန့်ဦးတီထွင်သူ ထိပ်တန်း ၁၀ဦးအတွင်း ရွေးချယ်ခံရပြီး ပြိုင်ဘက်ကင်း ကျော်ကြားလာခဲ့သည်။


ဝမ်ကောအန်းက အလွန်ပင် အားရကျေနပ်သွားပြီး လုပ်ငန်းကိစ္စများကို ကိုင်တွယ်ရန် ဝမ်ယွီအား ပိုမိုယုံကြည်လာသဖြင့် တုန်နေအောင်ချစ်သည့် အဖိုးတစ်ယောက်၏ဘဝကို ပြန်လည် ပျော်မွေ့ခဲ့သည်။


ကလေးများက မျက်စိတစ်မှိတ်အတွင်းတွင် ကြီးပြင်းလာကြသည်မှာအမှန်ပင်။ ကျွင်းကျွင်းလေးပင် သုံးနှစ်ရှိတော့မည်ဖြစ်သည်။ နောက်ထပ်ငါးလကြာလျှင် ကျွင်းကျွင်း သူငယ်တန်းတက်ရန် အချိန်သို့ ကျရောက်လာတော့မည် ဖြစ်သည်။


ယနေ့အတွက် ဝမ်ကောအန်းက နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့ရသည်။


သူ၏ အသေးစိတ်ကျပြီး တင်းကြပ်သည့် စီမံခန့်ခွဲမှုများကြောင့် သူငယ်တန်းကျောင်း၏ နာမည်ဂုဏ်သတင်းမှာ အနယ်နယ်အရပ်ရပ်သို့ ပျံ့နေပြီဖြစ်သည်။ အသိအကျွမ်းများက သူတို့၏ မြေးများကို တစ်ယောက်ပြီးတစ်ယောက် ပို့လာကြကာ နောက်ပိုင်းတွင် စာရင်းသွင်းရမည့်နေရာမှာ ကျပ်တည်းလာ၍ ထီပေါက်သည်ကို စောင့်နေရသကဲ့သို့ပင်။


ယနေ့က ဆောင်းရာသီ၏ အကောင်းဆုံးနေ့များထဲမှ အေးစိမ့်ကြည်လင်နေသော နေ့တစ်နေ့ဖြစ်ပြီး အချိန်ကြာ‌ မျှော်လင့်ခဲ့ရသည့် နေ့ရောက်လာပြီဖြစ်သည်။


ကျွင်းကျွင်းက ဂါဝန်လှလှလေး ဝတ်ထားပြီး ဖိနပ်သေးသေးလေးစီးထားကာ နေကာဦးထုပ်ကိုပင် ဆောင်းထားခဲ့သည်။ သူမလေးက ပျော်ပျော်ရွှင်ရွှင် ပြောလိုက်သည်။


“သွားကြစို့…”


ချောချောရှူရှူ လိုက်လျောညီထွေဖြစ်စေရန် မိဘ-ဆရာ အတန်းသို့ သူမနှင့်အတူ အိမ်ရှိ အရွယ်ရောက်လူကြီး သုံးဦးက အလှည့်ကျလိုက်ပါပေးမည်ဖြစ်သည်။ လူကြီးများက သူမအား သူငယ်တန်းကျောင်းက မည်မျှကောင်းကြောင်း ကြိုတင်ပြောပြပေးထားသဖြင့် သူမက ကျောင်းတက်ရန် အချိန်ကြာ မျှော်လင့်နေခဲ့ကာ ၎င်းနှင့် ပတ်သတ်ပြီး အကောင်းမြင်နေခဲ့သည်။ မိဘ-ဆရာအတန်းများမှာ သူမ၏ မေမေ သို့မဟုတ် ဖေဖေ၊ ဖိုးဖိုးတို့နှင့်အတူ အတန်းထဲ နှစ်နာရီမျှ ရှိနေရမည်ဟုသာ ထင်ခဲ့သည်။


ဝမ်မိသားစုမှ လူကြီးများက ကျွင်းကျွင်းကို သူငယ်တန်းကျောင်းသို့ ပို့ရန် အတူတူသွားကြသည်။


ဝမ်ကောအန်းမှာ သူငယ်တန်းကျောင်း၏ ရှယ်ယာရှင်ဖြစ်သော်လည်း ကျွင်းကျွင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်စေရန် အလို့ငှာ တခြားသော မိဘများကဲ့သို့ ကျွင်းကျွင်းကို ဝင်ပေါက်ရှိ ဆရာမလက်ထဲ လွှဲပေးလိုက်သည်။ သူက ကျောင်းတွင်းသို့ ဝင်နိုင်သည့် အထူးအခွင့်အရေးကို သုံးခြင်းမှ ‌ရှောင်ကြဉ်ခဲ့သည်။


ကျွင်းကျွင်းက ပျော်ပျော်ရွှင်ရွှင်နှင့် လက်ပြနှုတ်ဆက်ကာ ဆရာမနောက်သို့ လိမ်လိမ်မာမာ လိုက်သွားလေသည်။


သူမ၏ သေးငယ်သော ပုံရိပ်လေး ပျောက်သွားသည်နှင့် ဝမ်ယွီက ပြောလိုက်သည်။


“အဖေ၊ သွားကြရအောင်လေ… ပြန်ချိန်တန်ပြီ…”


သူတို့က အထူးအခွင့်အရေးကို မသုံးရန်အပြင် ကျွင်းကျွင်းအား အထူးတလည် မဆက်ဆံပေးရန် သဘောတူထားကြသည်။


အန်းနဉ်ကလည်း ဝမ်ကောအန်း၏ ပူပင်သောကကို ဖြေဖျောက်ပေးသည်။


“အဖေ စိတ်မပူပါနဲ့… ကျွင်းကျွင်းတို့ အတန်းက ဆရာမက အဖေကိုယ်တိုင်ရွေးထားတာလေ… ပြီးတော့ သူက တစ်ကျောင်းလုံးမှာ အတွေ့အကြုံအရှိဆုံးတစ်ယောက်ပဲ…”


ဝမ်ကောအန်းက အကျိုးသင့် အကြောင်းသင့် နားလည်သော်လည်း ထွက်ခွာရန် ဆန္ဒမရှိပေ။ သူက ဂိတ်တံခါးကို မှီထားကာ အတွင်းသို့ စိုက်ကြည့်နေပြီး ကျွင်းကျွင်းများ ငိုနေမည်လား သိနိုင်ရန် နံရံအား ဖောက်ထွင်းမြင်နိုင်သည့် X-rayအမြင်ရှိလာစေရန် ဆန္ဒပင် ဖြစ်မိသည်။


၎င်းက လုံးဝပင် မဖြစ်နိုင်သည့် အရာပင်။


ဝမ်ကောအန်းအား ဖြောင်းဖျရန် ဝမ်ယွီက အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဝမ်ကောအန်းက မကြားသကဲ့သို့ နေကာ ဂိတ်တံခါးကို ဖက်တွယ်ထားပြီး အတွင်းသို့ ချောင်းကြည့်နိုင်ရန် စိတ်အားထက်သန်စွာ ခြေဖျားထောက်လိုက်သည်။


သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ နှုတ်ခမ်းထောင့်က ရံဖန်ရံခါ အောက်သို့ ကျသထက် ကျသွားသည်။


ဝမ်ယွီ / ကျိအန်းနဉ် : “…”


မဟုတ်သေးပါဘူး… အဲ့ဒါတော့ မဟုတ်ဘူးမလား…


စက္ကန့်အနည်းငယ်အကြာတွင် ဝမ်ကောအန်းက ဆက်လက် မထိန်းထားနိုင်တော့ချေ။ သူက စာကြည့်မျက်မှန်ကို ချွတ်လိုက်ပြီး မျက်ရည်များကို သုတ်လိုက်သည်။


ဝမ်ယွီ / ကျိအန်းနဉ် : “…”


အိုး… မဖြစ်တော့ဘူး…


“ကလေးလေးက အိမ်နဲ့ခွဲပြီး နေဖူးတာမဟုတ်ဘူး…” 


ဝမ်ကောအန်းက ဆို့နင့်လာ၍ စကားခဏရပ်လိုက်သည်။


“ငါ့မြေးလေး ကြောက်နေတော့မှာဘဲ… ငါ သွားရမယ်…”


ထို့နောက် လုံခြုံရေးရုံးခန်းသို့ သွားကာ အထဲသို့ ဝင်ရန်တောင်းဆိုနေသည်အား ကြည့်ပြီး ဝမ်ယွီက ဝမ်ကောအန်း၏ လက်တစ်ဖက်ကို ဆွဲထားလိုက်သည်။


“ကလေးကို အလိုလိုက်တယ်ဆိုတာ ကလေးကို ဖျက်ဆီးနေတာပဲ… မြေးမလေးကို အလိုလိုက်တာလည်း အတူတူပဲနော်…”


ဝမ်ကောအန်း : “ဒါပေမဲ့…”


အန်းနဉ်က ဝမ်ကောအန်း၏ ကျန်လက်တစ်ဖက်ကို ဆွဲလိုက်သည်။


“ကျွင်းကျွင်းက သတ္တိရှိတဲ့ ကလေးလေးပါ… သူအဆင်ပြေပါလိမ့်မယ်…”


ဝမ်ကောအန်း : “ဒါပေမဲ့…”


ဤနေရာတွင် နောက်ထပ် ‘ဒါပေမဲ့’ ဟူ၍ မရှိတော့ပေ။ ဝမ်ယွီက အန်းနဉ်အား အချက်ပြလိုက်ကာ သူတို့နှစ်ဦးက ဝမ်ကောအန်းအား ကားရပ်ထားသည့်နေရာအထိ တရွတ်တိုက်ဆွဲသွားသည်။ 


“ဒီနေ့ သုံးလတစ်ကြိမ် တင်ပြချက်တွေကို နားထောင်ဖို့ ကျွန်တော်တို့ အတူတူသွားရဦးမယ်လေ…”


ဝမ်ယွီက ကုမ္ပဏီကိစ္စများကို ပြောခြင်းအားဖြင့် ဝမ်ကောအန်း၏ အာရုံကို ပြောင်းလိုက်သည်။


ကျွင်းကျွင်းက အိမ်မှ သူငယ်တန်းကျောင်းသို့ သွားရသည့် ပထမရက်ဖြစ်သော်လည်း အံ့အားသင့်ဖွယ်ကောင်းသည်က ဝမ်ယွီနှင့် အန်းနဉ်တို့ စိတ်ပူနေသည့်လူမှာ ကျွင်းကျွင်း မဟုတ်ဘဲ ဝမ်ကောအန်း ဖြစ်နေပေသည်။ သူတို့က ဝမ်ကောအန်းအား အိမ်တွင် တစ်ယောက်တည်း မထားခဲ့ရဲကြပေ။ ထို့ကြောင့် ယနေ့ ဝမ်ကောအန်းကို ခေါ်လာနိုင်ရန် ဝမ်ယွီက သုံးလတစ်ကြိမ် တင်ပြခြင်းကို ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားခြင်းဖြစ်သည်။


အလုပ်လုပ်ခိုင်းထားခြင်းအားဖြင့် မလိုအပ်သည့်အရာများကို တွေးနိုင်မည်မဟုတ်ပေ။


လွန်ခဲ့သည့်နှစ်အနည်းငယ်၌ ဝမ်ကောအန်းက ဝမ်ယွီအား အာဏာလွှဲပေးခဲ့ပြီးနောက် ကုမ္ပဏီက ခေတ်ရေစီးကြောင်းနှင့် အညီလိုက်ကာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထိုအချိန်ကတည်းက ဝမ်ကောအန်းအား ကုမ္ပဏီ၌ မတွေ့ကြရတော့ချေ။


သို့ရာတွင် ဆယ်စုနှစ်များစွာ စီးပွားရေးအတွေ့အကြုံများရှိသည့် ဝမ်ကောအန်းက အလွန်ပင် လေးစားဖွယ်ကောင်းသည်။ ယနေ့ သူရုံးချုပ်သို့ လာမည်ဖြစ်၍ အကြီးတန်းအမှုဆောင်အရာရှိများက သတိကြီးကြီးထားကြကာ သူ့အား လျှော့မတွက်ရဲကြချေ။


ဝမ်ယွီက သူ့ထိုင်ခုံကို ဝမ်ကောအန်းအား ပေးလိုက်ကာ ဘေးတွင် တာဝန်သိတတ်သည့် ချွေးမလေးကဲ့သို့ ထိုင်ကာ ပြုမူနေပြီး လူတိုင်းကို အချက်ပြလိုက်သည်။


တင်ပြချက်ရလဒ်များက မည်မျှပင် ကောင်းပါစေ ဝမ်ကောအန်းက laptopအား တိတ်တဆိတ် စိုက်ကြည့်နေသဖြင့် လူတိုင်းကို ခက်ခဲသည်ဟု ခံစားသွားစေသည်။


ဝမ်ယွီက တစ်ခုခုမှားနေသည်ကို ခံစားမိသဖြင့် လည်ပင်းဆန့်ကာ ကြည့်လိုက်ရာ laptop မျက်နှာပြင်တွင် ကျွင်းကျွင်းအား တွေ့လိုက်ရသည်။


ဝမ်ယွီ : “…”


ကြည့်ရသည်မှာ သူငယ်တန်းကျောင်းရှိ တိုက်ရိုက်စောင့်ကြည့်ရေးစနစ်က အောင်မြင်သွားပုံရပေသည်။ မိဘများက သူတို့၏ အကောင့်ထဲသို့ ဝင်ကာ သူတို့ကလေးများ၏ အတန်းချိန်များကို တိုက်ရိုက်စောင့်ကြည့်နိုင်မည်ဖြစ်သည်။


သူတို့အဖေက အသက်ကြီးနေပေမဲ့လည်း ခေတ်နဲ့အညီ လိုက်လျောညီထွေနေနိုင်သားပဲ…


နေ့လည် တစ်နာရီခွဲတွင် ဝမ်ကောအန်းက အချိန်ကို ခဏခဏ ကြည့်နေခဲ့သည်။ နှစ်နာရီထိုးသည်နှင့် သူက ထရပ်လိုက်သည်။


ဝမ်ယွီက ခေါင်းကိုက်လာပေသည်။


အန်းနဉ်ပင် ကူကယ်ရာမဲ့ဖြစ်ကာ သူမ၏ ယောက္ခထီးအတွက် လက်ဖက်ရည်ငှဲ့ပေးပြီး ချော့မော့ပြောဆိုကြည့်လိုက်သည်။ 


“အစောကြီးပဲရှိသေးတယ်… လက်ဖက်ရည်သောက်ပါဦးလား…”


ဝမ်ကောအန်းက စိတ်ကောက်သွားသည်။ 


“မင်းတို့တွေ တစ်ယောက်မှ မစိုးရိမ်ကြဘူးလား…”


ဝမ်ယွီက နဖူးပွတ်လိုက်သည်။ သူနှင့် အန်းနဉ်တို့က နေ့တိုင်း ကုမ္ပဏီသို့ လာရ၍ မနက်တွင် ကျွင်းကျွင်းအားနှုတ်ဆက်ပြီး ညနေအိမ်ပြန်ရောက်မှ သူမနှင့် တွေ့ရသည်ဖြစ်သဖြင့် ၎င်းကို ကျင့်သားရနေပြီဖြစ်သည်။


သို့ရာတွင် ဝမ်ကောအန်းက သူတို့နှင့် မတူ၊ ကျွင်းကျွင်းလေးအား ထိန်းကျောင်းရန် သူ့အချိန်အားလုံးကို သုံးခဲ့ရသည်။ သူတို့နှစ်ဦးပင် ဝမ်ကောအန်းလုပ်ခဲ့သည်နှင့် မယှဉ်နိုင်ခဲ့ပေ။


ဝမ်ကောအန်း၏ တိုက်တွန်းမှုကြောင့် သုံးနာရီခွဲတွင် သုံးယောက်သား ထွက်လာခဲ့ကြသည်။


သူငယ်တန်းကျောင်းသို့ ရောက်ချိန်တွင် ကလေးများက အတန်းမဆင်းသေးချေ။ ဝမ်ကောအန်းက အထူးအခွင့်အရေးကိုသုံးရန် စိတ်အားထက်သန်နေခဲ့သည်။ ဝမ်ယွီက သူ့အား တားလိုက်သည်။


နောက်ဆုံးတွင် အတန်းဆင်းချိန်သို့ ရောက်လာသည်။ ဝမ်ကောအန်းက တခြားမိဘများကြား ဝင်တိုးကာ ကျွင်းကျွင်းရှိသည့် အတန်းသို့ အပြေးအလွှားသွားလေသည်။ 


ယနေ့ သူတို့၏ခွဲခွာမှုက အမှန်ပင်ရင်ထဲထိသွားစေသည်…


ကျွင်းကျွင်းက ဝမ်ကောအန်းအား ရှာတွေ့သွားပြီး ထိုင်ခုံမှထကာ ဝမ်ကောအန်းဆီသို့ ပြေးသွားလိုက်သည်။ ကလေးငယ်လေးက ဝမ်ကောအန်းအား ဖက်ထားပြီး မပျော်မရွှင်သည့်ပုံနှင့် နှုတ်ခမ်းစူလိုက်သည်။


“ဖိုးဖိုးက ဘာလို့နောက်ကျမှ လာရတာလဲ…”


ဝမ်ကောအန်းက စိတ်မကောင်းဖြစ်သွားသည်။ 


“အဲ့ဒါ သမီးရဲ့ မေမေနဲ့ ဖေဖေကြောင့်ပေါ့… သူတို့က ဖိုးဖိုးကို စောစောမလာခိုင်းဘူးလေ…”


ကျွင်းကျွင်းအား ကားသို့ ခေါ်လာပြီး သူမ၏ ကျောင်းတွင်း တစ်နေ့တာဖြစ်ပျက်ခဲ့သမျှနှင့် ကျောင်းတက်ရသည်ကို ကြိုက်မကြိုက် မေးမြန်းသည်။


ကျွင်းကျွင်းက ခေါင်းယမ်းကာပြန်ဖြေသည်။


“မကြိုက်ဘူး…”


အကြောင်းရင်းမေးလိုက်ရာ ကျွင်းကျွင်းက မကျေမနပ်ဖြစ်နေသော အသံနှင့် ပြန်ဖြေလေသည်။


“တအားကြာတာပဲ…”


ကလေးများ၏ အတွေးထဲတွင် မူကြိုကျောင်းတက်ရသည်မှာ မိဘ-ဆရာအတန်းများကဲ့သို့ ခဏကစားပြီးနောက် အိမ်ပြန်နိုင်မည်ဟု ထင်ခဲ့ကြသည်။ ထိုသို့ဖြစ်ရမည့်အစား အချိန်အကြာကြီး နေခဲ့ကြရသည်။ ထို့အပြင် ဖေဖေ၊ မေမေနှင့် ဖိုးဖိုးတို့ကလည်း သူမအနား မရှိကြချေ။ ကျွင်းကျွင်းက မပျော်ရွှင်တော့ချေ။


ဝမ်ကောအန်းက မြေးမလေးအတွက် စိတ်ဆင်းရဲသွားသည်။


အမှန်တွင် မနက်ခင်း ကလေးလေးအား စောင့်ကြည့်စဉ်က သူ တစ်ခုသတိထားမိခဲ့သည်။ ကျွင်းကျွင်းက အခြားကလေးများနှင့် ကစားရင်း ပျော်ရွှင်နေခဲ့သည်။ နေ့လည်ရောက်ချိန်တွင် သူမက ဘေးဘီကြည့်ကာ သူမအား မိသားစုဝင်များက လာကြိုမည်ကို စောင့်မျှော်နေခဲ့သည်။


ဆရာမက အတွေ့အကြုံရှိသူဖြစ်နေသည်မှာ ကံကောင်းသည်။ သူမက ကလေးများအား နှစ်သိမ့်ပေးကာ လိမ်လိမ်မာမာ စားသောက်စေပြီး နေ့လည် တစ်ရေးအိပ်စေသည်။


မဟုတ်လျှင် ဝမ်ကောအန်းက ချက်ချင်း ကျွင်းကျွင်းကို လာခေါ်မိပေလိမ့်မည်။


“ဟူး…”


 ဝမ်ကောအန်းက သက်ပြင်းကြီးကြီး ချလိုက်သည်။


ဝမ်ကောအန်းက စိတ်နှလုံးနူးညံ့သွားကာ ကျွင်းကျွင်းအပေါ် ထပ်မံအလိုလိုက်ကာ မူကြိုသို့ သွားခွင့် မပြုတော့မည်ကို ဝမ်ယွီနှင့် အန်းနဉ်တို့ ကြောက်လန့်နေခဲ့သည်။


ဝမ်ကောအန်းက သက်ပြင်းချပြီးနောက် စိတ်ရှည်ရှည်ဖြင့် ပြောလိုက်သည်။


“ကျွင်းကျွင်းက ကြီးလာပြီလေ…ကလေးသေးသေးလေး မဟုတ်တော့ဘူးဆိုပေမဲ့ မူကြိုတက်ရမယ့် အရွယ်ရောက်နေပြီလေ…ကျွင်းကျွင်းက နေ့တိုင်း စောစောထ စောစောအိပ်ရမယ်၊ မူကြိုသွားရမယ်၊ ပြီးရင် သူငယ်ချင်းတွေနဲ့ ကစားရမှာပေါ့… ကျွင်းကျွင်းမှာ သူငယ်ချင်းအသစ်တွေ အများကြီး ရှိလာပြီဆိုတာနဲ့ ပျော်သွားမှာပါ…”


ကျွင်းကျွင်းက နှုတ်ခမ်းဆူနေဆဲဖြစ်ကာ မပျော်မရွှင် ညည်းတွားနေခဲ့သည်။


သူမဖေဖေနှင့် မေမေက ဤသို့ ပြောလာလျှင် ဖိုဖိုးဆီမှ အကူအညီတောင်းနိုင်သေးသည်။ ပုံမှန်ဆိုလျှင် ဖိုးဖိုးက သူမအား ထောက်ပံ့ပေးမည်ဖြစ်သည်။ ဖေဖေနှင့် မေမေတို့က ဖိုးဖိုး၏စကားကို နားထောင်ကြရလိမ့်မည်။


ပြီးတော့ ဖိုးဖိုးက ဖေဖေ့ရဲ့ ဖေဖေလေ…


သို့သော် သူမဖိုးဖိုးကပါ တူညီသည့် စကားများကို ပြောလာပြီဆိုလျှင် ၎င်းက ပြောင်းလဲသွားမည် မဟုတ်ချေ။ မည်သူ့ဆီကမှ အကူအညီရလိမ့်မည် မဟုတ်ပေ။


ကျွင်းကျွင်းက ငယ်သေးကာ ပုံမှန်အားဖြင့် ကလေးများက အာရုံခံစားလွယ်ပြီး သိလွယ်တတ်လွယ်သည်။ အိမ်တွင် မည်သူက ဩဇာကြီးကြောင်း ၊ မည်သူကမူ သူတို့အား အချစ်ဆုံးဖြစ်ကြောင်းကို နားလည်နိုင်သည့် အရွယ်ဖြစ်သည်။


ကျွင်းကျွင်း၏ မူကြိုခရီးစဉ်က ကျန်ကလေးများနှင့် မထူးမခြားနားပင် ဖြစ်သည်။


သူမအဖိုး၏ တုံ့ဆိုင်းနေစိတ်နှင့် ပူပင်သောကများအကြားတွင် သူမ ကျင့်သားရလာခဲ့သည်။ တစ်လအတွင်းတွင် မူကြိုကျောင်းသွားရသည်ကို သူမက စိတ်အားထက်သန်နေခဲ့သည်။ အိမ်ပြန်ရောက်လာလျှင် မူကြိုတွင် မည်သူက သူများဆောက်ထားသည့် ဘလော့တုန်းလေးများကို တိုက်ချပစ်လိုက်သည်၊ မည်သူက သူများအရုပ်ကို ယူလိုက်သည်စသဖြင့် လူတိုင်းကို ပြောပြသည်။


ကျွင်းကျွင်း၏ ရွှင်မြူးသော အသွင်အပြင်ကြောင့် ဝမ်ကောအန်းက ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။


သူက သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ကျွင်းကျွင်းအား အချစ်ဆုံးလူဟု သတ်မှတ်ထားသည်။ သို့သော် လူအိုကြီးတစ်ဦးအနေနှင့် ကျွင်းကျွင်းအနားတွင် တစ်သက်လုံး ရှိမနေနိုင်ချေ။ ကျွင်းကျွင်းအား ငယ်စဉ်ကတည်းမှ ပျော်ရွှင်ကျန်းမာသည့် ဘဝကို ပိုင်ဆိုင်စေလိုသည်။


ဝမ်ယွီ့ ရုံးခန်း၌ စောင့်ကြည့်ချိန်တွင် မူကြို၌ ကျွင်းကျွင်းက သူငယ်ချင်းအသစ်ဖွဲ့ကာ သူတို့နှင့် ကစားနေသည်ကို တွေ့မိပြီး ၎င်းကို သဘောပေါက်လာသည်။


သို့ဖြစ်၍ ကျွင်းကျွင်းအား သွားကြိုရာ၌ သူမက မူကြိုကျောင်းကို မကြိုက်ကြောင်းပြောချိန်တွင် ဝမ်ကောအန်းက အလိုမလိုက်ခဲ့ခြင်းဖြစ်သည်။


ကျွင်းကျွင်း၏ မူကြိုကျောင်းတက်နေရသည့် ဘဝမှာ လမ်းကြောင်းမှန်ပေါ် ရောက်နေသော်လည်း အိမ်တွင် ကျန်နေခဲ့သည့် လူအိုကြီးမှာ လွန်စွာ အထီးကျန်နေလေသည်။


သေချာစဉ်းစားပြီးနောက် အန်းနဉ်က ဝမ်ယွီအား မေးလိုက်သည်။


“ကျွန်မတို့ နောက်ထပ် ကလေးယူကြမလား…”


အန်းနဉ်တွင် ညီအစ်ကိုမောင်နှမမရှိခဲ့ပေ။ သူမအမေက ဆုံးပါးသွားပြီး အဖေဖြစ်သူက ထွက်ပြေးသွားခဲ့သည်။ တစ်ဦးတည်းသော သမီးအနေနှင့် သူမက အဖွားဖြစ်သူအပေါ် မှီခိုခဲ့ရသည်။ အားကိုးစရာမရှိသဖြင့် အရာရာကို ကြံ့ကြံ့ခံခဲ့ရသည်။


နောက်ပိုင်း သူမအဖွား ဆုံးပါးသွားချိန်တွင် အဖော်မရှိ တစ်ကိုယ်တည်း ဖြစ်ခဲ့လေသည်။


ဝမ်ကောအန်းဖြစ်စေ ဝမ်ယွီနှင့် သူမ ဖြစ်ဖြစ် နောင်တစ်ချိန်တွင် ကျွင်းကျွင်းနှင့် ရှိနိုင်တော့မည် မဟုတ်ချေ။ သူမက ကျွင်းကျွင်းအား ညီအစ်ကို မောင်နှမ မရှိသည့် တစ်ကောင်ကြွက်ဘဝ မဖြစ်စေလိုပေ။


သူမက နောက်ထပ်ကလေးယူရန် စဉ်းစားထားကာ လက်ရှိအချိန်က သင့်တော်သည်ဟု ခံစားမိသည်။




###