အပိုင်း၁၁၃
Viewers 11k

🤚Chapter 113

Extra - After Marriage 7



အန်းနဉ်က ထိပ်ဆုံးအလွှာသို့ စာရွက်စာတမ်းပို့ရန် နောက်ထပ်သွားရတော့မည်ကို ရှုရွှမ်းမြင်သွားချိန်တွင် သူမက ဓာတ်လှေကားသို့ အလျင်အမြန်သွားကာ အန်းနဉ်အား ကြားဖြတ်မေးလိုက်သည်။


“စင်ပေါ်ဆုတက်ယူရမယ့် လူစာရင်းအသင့်ဖြစ်ပြီလား…”


အန်းနဉ်က ပြန်ဖြေသည်။


“ရုံးခွဲနှစ်ခုက မပေးသေးပါဘူး…”


ရှုရွှမ်းက အန်းနဉ်အား ဆူပူကြိမ်းမောင်းရန် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ အသံကို မြှင့်ပြောလိုက်သည်။


“ဘယ်အချိန်ပဲ ရှိနေပြီတုံး… ရုံးခွဲနှစ်ခုက လိုနေသေးတယ်ဆိုတော့ နင်ဘယ်လိုများ ကိုင်တွယ်နေတာလဲ…”


ပေးပို့ရမည့်နောက်ဆုံးရက်မှာ မနက်ဖြန်ဖြစ်ပြီး အန်းနဉ်က ထိုရုံးခွဲများ၏ ကုမ္ပဏီများအား မနက်ကပင် ဆက်သွယ်ပြီးကာ သူတို့က အပြီးသတ်စစ်ဆေးနေကြောင်းနှင့် e-mailအား နေ့လည်အမှီ ပို့မည်ဟု ကတိပေးခဲ့သည့်အကြောင်းကို ရှင်းပြလိုသည်။


အန်းနဉ်ဘက်က တစ်ခွန်းမှ မဟရသေးမီ ဓာတ်လှေကား ပွင့်လာသည်။ ရှုရွှမ်းက အန်းနဉ်၏လက်ထဲမှ စာရွက်စာတမ်းများအား ဆတ်ခနဲ ဆွဲယူလိုက်ကာ ဆက်လက်ဆူပူသည်။


“မြန်မြန်သွားပြီး အဲ့ဒီကိစ္စကို ဖြေရှင်းလေ…ကိုယ့်ယူထားတဲ့ တာဝန်ကို အာရုံစိုက်ထားစမ်းပါ…ဒီစာရွက်စာတမ်းတွေကို ထားခဲ့လိုက်…ငါသွားပို့လိုက်မယ်…”


စကားအဆုံးတွင် သူမက ဓာတ်လှေကားထဲသို့ဝင်ကာ ပိတ်သည့်ခလုတ်ကို နှိပ်လိုက်သည်။


ကျိအန်းနဉ် : ”…”


ဝမ်ယွီရဲ့ ပေါက်ကွဲတတ်တဲ့ ဒေါသနဲ့ ပတ်သတ်ပြီးတော့ ငါအရမ်းဆိုးတဲ့ ခံစားချက် ရနေပြီ…


မျှော်လင့်ထားသည့်အတိုင်း ရှုရွှမ်းမှာ မိတ်ကပ်ပျက်သည်အထိ ငိုယိုကာ အောက်ထပ်သို့ ဆင်းလာလေသည်။


ဒါရိုက်တာဝူပင် မစ္စတာဝမ့်ဆီမှ အဆူခံလိုက်ရသည်။


ဒါရိုက်တာဝူမှာ အမှန်ပင် အပြစ်ကင်းလေသည်။ သူက ရှုရွှမ်းအား ရုံးခန်းထဲ ခေါ်ကာ မေးလိုက်သည်။


“ဘာလို့ မင်းက ထိပ်ဆုံးအလွှာကို တက်သွားရတာလဲ…မစ္စတာဝမ်က ဘာလို့ ဒေါသထွက်သွားတာလဲ…”


ရှုရွှမ်းက ငိုထားသဖြင့် ပုံစံမှာ ဖရိုဖရဲဖြစ်နေသည်။


“ကျွန်…ကျွန်မ စာရွက်စာတမ်းသွားပို့တာပါ…”


ဒါရိုက်တာဝူက ပဟေဠိဖြစ်သွားသည်။


“ဘယ်စာရွက်စာတမ်းကို ပြောနေတာလဲ… ဘယ်သူက မင်းကို ပို့ခိုင်းလို့လဲ…”


ရှုရွှမ်းက သူမလက်ချောင်းများကို လိမ်ကာ ပြန်ဖြေသည်။


“ကျိအန်းနဉ်ကို ပို့ခိုင်းတဲ့ စာရွက်စာတမ်းတွေပါ…”


ဒါရိုက်တာဝူက ပိုပြီး ဝေခွဲမရဖြစ်သွားသည်။ 


“ကျိအန်းနဉ်ကို ပို့ခိုင်းတဲ့စာရွက်စာတမ်းတွေက မင်းနဲ့ ဘာဆိုင်လို့လဲ…”


ရှုရွှမ်းက ခေါင်းကို ငုံ့ထားကာ ဖြေသည်။


“သူက အသစ်ဆိုတော့ သူ့အလုပ်ကိုပဲ လုပ်သင့်တယ်ထင်လို့ပါ…”


ဒါရိုက်တာဝူ : “…”


ဒါရိုက်တာဝူက ဤအသက်အရွယ်အထိ အချည်းနှီးနေထိုင်ခဲ့ခြင်း မဟုတ်ပေ။ ရုံးတွင်းအာဏာလုပွဲများတွင် တစ်စိတ်တစ်ပိုင်းတွေ့ကြုံဖူးသဖြင့် လက်ရှိအခြေအနေကို ချက်ချင်းနားလည်လိုက်သည်။


မစ္စတာရှောင်ဝမ်က ကျိအန်းနဉ်အား ဆင့်ခေါ်လိုက်သော်လည်း သူမအစား ရှုရွှမ်းသာ ရောက်လာခဲ့သည်။ မစ္စတာရှောင်ဝမ် အမျက်ချောင်းချောင်းထွက်သွားသည်မှာ အံ့ဩစရာမရှိပေ။


မစ္စတာရှောင်ဝမ်က ဒီလိုအခြေအနေမျိုးမှာ စိတ်တည်ငြိမ်နိုင်ဦးမှာမလို့လား…


ဒါရိုက်တာဝူက ရိုးသားဖြောင့်မတ်ပြီး လေးစားဖွယ်ရာကောင်းသူတစ်ဦးဖြစ်သည်။ သူက ဌာနအတွင်းရှိ မိန်းမပျိုလေးများအပေါ် သည်းခံနိုင်စွမ်းအပြည့်နှင့် ထောက်ထားညှာတာပေးတတ်သည်။ သို့သော် ယခုအကြိမ်မှာမူ သူ့ကန့်သတ်ချက်ကို ရောက်လာသည်ဟု ခံစားလိုက်ရသည်။


ရှုရွှမ်းက ဒါရိုက်တာဝူ၏ရုံးခန်း၌ မျက်ရည်များကျလာသည်အထိ အဆူခံလိုက်ရပြန်သည်။


ပြန်ထွက်လာချိန်တွင် သူမက မျက်နှာအရင်သစ်လိုက်သည်။ အန်းနဉ်အနား ဖြတ်သွားချိန်တွင် အန်းနဉ်အား မကြည့်ဘဲ မျက်နှာလွှဲလိုက်သည်။


အန်းနဉ်က ရှုရွှမ်းက တစ်ချက်ကြည့်လိုက်ကာ ကွန်ပျူတာဘက်သို့ ပြန်လှည့်ပြီး မုန့်ရှင်းယွီအား မေးလိုက်သည်။


“နင် အခုတလော စွန်းယာရှန့်ကို တွေ့မိသေးလား…”


မုန့်ရှင်းယွီက ပြန်ဖြေလေသည်။


“ဟင့်အင်း…ငါတို့ဘွဲ့ရပြီးကတည်းက အဆက်အသွယ်မရှိတော့တာလေ…”


မုန့်ရှင်းယွီက ထပ်မေးလိုက်သည်။


“နင်လက်ထပ်ပြီးကတည်းက နင်တို့နှစ်ယောက် စကားသိပ်မပြောကြတော့ဘူးနော်…အခုမှ ရုတ်တရက်ကြီး သူ့အကြောင်း တွေးနေတာလဲ…”


သူမတို့၏ ဒုတိယနှစ် နွေရာသီပိတ်ရက်တွင် အန်းနဉ်က ဝမ်ယွီနှင့် လက်ထပ်ခဲ့သည်။ သူမကျောင်းပြန်လာချိန်တွင် နှိမ့်နှိမ့်ချချနေကာ အတန်းဖော်များအား သကြားလုံးများ ဝေပေးခဲ့သည်။


သို့ရာတွင် စွန်းယာရှန့်က သူမ ဝမ်ယွီနှင့် လက်ထပ်လိုက်ကြောင်းကို သိသွားကာ ၎င်းကြောင့် အတန်ကြာသည်အထိ မိန်းမောတွေဝေနေခဲ့လေသည်။


ထိုအချိန်မှစ၍ စွန်းယာရှန့်က အန်းနဉ်အား စကားလာမပြောတော့ချေ။ ဘွဲ့ရချိန်အထိ နှစ်နှစ်တိုင်တိုင် နှစ်ဦးသား သူစိမ်းများဖြစ်လာခဲ့ကြသည်။


အန်းနဉ် စွန်းယာရှန့်အား နောက်ဆုံးတွေ့ခဲ့သည်မှာ ယခုနွေရာသီ သူမအလုပ်လုပ်ခဲ့သည့် ရုံးခွဲ၏ စီးပွားရေးအရကျင်းပသော ကော့တေးပါတီတွင် ဖြစ်ပြီး ထိုစဉ်က ဖြတ်ခနဲ မြင်ခဲ့ရခြင်းဖြစ်သည်။


စွန်းယာရှန့်က သူမထက်ကို သိသိသာသာပင် အသက်ကြီးသည့် သက်လတ်ပိုင်းအရွယ်လူကြီးနှင့် လိုက်လာခဲ့ခြင်းဖြစ်သည်။


သူမထားခဲ့သည့် နောက်ရည်းစားများမှာ ချန်းဟောင်ရန်ကို မယှဉ်နိုင်ပေ။


စွန်းယာရှန့်က ထိုအသိုင်းအဝိုင်းထဲ ကျင်လည်နေကြောင်းကို အန်းနဉ်က အိမ်ပြန်ရောက်လာချိန်တွင် ဝမ်ယွီ့ထံမှ သိခဲ့ရသည်။


သို့ရာတွင် အမျိုးသားများက သာမန်မိန်းကလေးများကို သဘောကျကြခြင်းမှာ သူမတို့၏ အလှအပကြောင့်သာမက အပြစ်ကင်းစင်ပုံနှင့် နုပျိုလန်းဆန်းမှုများကြောင့် ဖြစ်ပေသည်။ ဒုတိယတစ်ခုက ပို၍ဖြစ်နိုင်ပေသည်။ အမျိုးသားများက သစ်လွင်သည့်ခံစားချက်များကို နှစ်သက်ကြသည်။


ထိုမိန်းကလေးများက ဖြေးဖြေးချင်းပြောင်းလဲလာပြီး တန်ဖိုးတစ်ခု တိတိကျကျရလာသည့်အခါ သူမတို့၏ ညှို့ဓာတ်ပျောက်ဆုံးသွားသည်။


စွန်းယာရှန့်က တစ်စုံတစ်ယောက်၏ ရည်းစားမဟုတ်တော့ချေ။ သူမက သိသိသာသာပင် အမြှောင်မယား ဖြစ်နေခဲ့သည်။ 


အတိတ်ဘဝ၌ သူမ အန်းနဉ်အား သွားပုတ်လေလွင့်ပြောခဲ့သည့် စကားများအတိုင်းပင်။


ဝဋ်က တစ်ပတ်ပြန်လည်လာခြင်းဖြစ်သည်။


အန်းနဉ်က စွန်းယာရှန့်အကြောင်းကို မေ့လုနီးပါးဖြစ်နေသော်လည်း ယနေ့ ရှုရွှမ်း၏ အပြုအမူများက စွန်းယာရှန့်အား ရုတ်တရက် အမှတ်ရစေခဲ့သည်။


အားလုံးက ဝမ်ယွီ၏ ပုတ်ပွနေသော မက်မွန်ပွင့်ကဲ့သို့ အချစ်ရေးကြောင့်ပင် ဖြစ်သည်။


နှစ်စဉ် အစည်းအဝေးအား နွေဦးပွဲတော်မတိုင်မီ စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့ပြီး ထိုနေရာတွင် မြောက်များစွာသော ဝန်ထမ်းများ ရှိနေခဲ့သည်။ အများစုမှာ တီးတိုးပြောဆိုနေကြကာ hostအဖြစ် တာဝန်ယူထားသည့် မိန်းမလှလေးအကြောင်းကို သိနိုင်ရန် ကြိုးစားနေကြသည်။


မစ္စတာရှောင်ဝမ်က အရှေ့တန်း အလယ်တွင် ထိုင်ကာ သူ့ဇနီးလေးအား ကြည့်ကာ ပြုံးနေခဲ့သည်။


မော်ဒယ်တစ်ဦး လုပ်ခဲ့ဖူးသည့်အတွက် အန်းနဉ်က မီးရောင်အောက် ပရိတ်သတ်များအရှေ့တွင် ကောင်းမွန်စွာ ရပ်နိုင်ခဲ့သည်။ စင်ပေါ်တက်ရမည့်အတွက် မိတ်ကပ်မှာ သူမလိမ်းလေ့မရှိသည့် ပုံစံကို ချဲ့ကားလိမ်းထားကာ သူမက မတူညီသည့် လူတစ်ဦးကဲ့သို့ပင် ထင်ရသည်။


ညှို့ယူဖမ်းစားနိုင်ပေသည်။


မစ္စတာရှောင်ဝမ်က မိန့်ခွန်းပြောခြင်း၊ ဆုရရှိသူများအား ကြေညာခြင်းနှင့် လူကိုယ်တိုင် ဆုတက်ပေးခြင်းကဲ့သို့ ကဏ္ဍများအတွက် စင်ပေါ်သို့ တက်ရန်လိုအပ်ပေသည်။


မစ္စတာရှောင်ဝမ်က မတ်တပ်ရပ်လိုက်ကာ ဝတ်စုံကို ကြယ်သီးသေချာတပ်ပြီး စင်ပေါ်သို့ တက်လာခဲ့သည်။


သူ၏တည်ရှိမှုမှာ ရှိန်လောက်စရာကောင်းကာ ပင်လယ်ကဲ့သို့ များပြားသော ဝန်ထမ်းများနှင့် ကင်မရာများအား အလွယ်တကူ ရင်ဆိုင်နိုင်ခဲ့သည်။ စင်ပေါ်တက်ပြီး အန်းနဉ်နံဘေးတွင် ရပ်လိုက်ကာ သူမအား ပြုံးပြလိုက်သည်မှာ သူတို့နှစ်ဦးက လိုက်ဖက်သည့်စုံတွဲများကဲ့သို့ ထင်မှတ်သွားစေသည်။


အခြားလူများ မည်သို့တွေးကြောင်းကို မစ္စတာဝူ မသိသော်ငြားလည်း သူကိုယ်တိုင်ကမူ ထိုနှစ်ဦးမှာ လိုက်ဖက်သည်ဟု တွေးလိုက်မိသည်။


သို့ရာတွင် တစ်ဦးက လက်ထပ်ထားပြီး ကျန်တစ်ဦးမှာ အိမ်ထောင်သည် ဖြစ်နေလေသည်။ ထိုသို့သော မသင့်လျော်သည့် ဆက်ဆံရေးကို အားမပေးလို၍ မစ္စတာဝူက တိတ်တဆိတ်သက်ပြင်းချလိုက်သည်။


နှစ်ကုန်အစည်းအဝေးတွင် မထင်မှတ်ထားသည့် အပြောင်းအလဲတစ်ခုကြုံတွေ့ရလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။


မစ္စတာရှောင်ဝမ်က ကုမ္ပဏီခွဲတစ်ခုမှ ဝန်ထမ်းတစ်ဦးစီကို ‘အကောင်းဆုံး အလုပ်သမားဆု’ ပေးကာ တစ်ယောက်ချင်းစီတိုင်းကို ချီးကျူးခဲ့သည်။


လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးအား တွေ့လိုက်ရ၍ အန်းနဉ်က အံ့အားသင့်သွားကာ သူမ၏ အမူအရာက သူမမည်မျှအံ့အားသင့်သွားမှန်း ဖော်ပြခဲ့သည်။ မစ္စတာရှောင်ဝမ်၏ နံဘေးတွင် ရပ်နေသဖြင့် မစ္စတာရှောင်ဝမ်က တစ်ဖက်လူအား ဆုပေးသည့်အခါ အန်းနဉ်အား ကျောပေးထားရ၍ သူမ၏အမူအရာ ပြောင်းလဲသွားသည်ကို သူ မသိလိုက်ချေ။


 ထိုလုပ်ဖော်ကိုင်ဖက်ဟောင်းမှာ အန်းနဉ်အား ပိုးပမ်းနေသူဖြစ်လေသည်။ သူက သူမအား မြင်မြင်ချင်း ချစ်မိသွားကာ အန်းနဉ်က သူမ လက်ထပ်ထားကြောင်း မည်မျှရှင်းပြပါစေ မယုံကြည်ခဲ့ပေ။


“ကိုယ့်ကို လက်စွပ်တစ်ကွင်းထဲနဲ့ ယုံအောင်လုပ်လို့ရမယ်ထင်နေတာလား…မင်းရဲ့ ‘ယောကျာ်း’ ပေါ်မလာသရွေ့ ကိုယ် ယုံပေးမှာ မဟုတ်ဘူး…”


ဝမ်ယွီနှင့် ဆက်ဆံရေးကို မဖော်လိုသည့်အတွက် အန်းနဉ်က နောက်တစ်နေ့တွင် ထိုကုမ္ပဏီခွဲမှ ထွက်ခွာသွားသည်။


ထိုလုပ်ဖော်ကိုင်ဖက်ဟောင်းမှာ အန်းနဉ်အား မဆက်သွယ်နိုင်တော့၍ လက်လျှော့လိုက်ရသည်။ သို့သော် ရုံးချုပ်၏ နှစ်စဉ်အစည်းအဝေး၌ သူမအား နောက်ထပ်ပြန်တွေ့ရန် မမျှော်လင့်ထားခဲ့ချေ။


ပရိတ်သတ်များအကြားရှိနေစဉ် သူမအား မြင်လိုက်ချိန်တွင် သူ့ရင်က တဒုန်းဒုန်း ခုန်လာကာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သည်အထိပင်။ သူက လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။


သူ စင်ပေါ်တက်ရမည့် အလှည့်ရောက်လာကာ ဝမ်ယွီနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် သတ္တိစုစည်းကာ ပြောလိုက်သည်။ 


“မစ္စတာဝမ် ကျွန်တော် အကောင်းဆုံး ဝန်ထမ်း အပိုဆုကြေးကို ငြင်းပြီးတော့ တခြားအခွင့်အရေးတစ်ခု တောင်းဆိုလို့ရမလား…”


ပရိတ်သတ်ဖက်မှ တိတ်ဆိတ်သွားကာ တီးတိုးသံများ လွင့်ပျံလာသည်။


ဝမ်ယွီက မျက်ခုံးပင့်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။


“ယွမ်တစ်သိန်းကို စွန့်လွှတ်ပြီး တောင်းဆိုတာဆိုတော့ ဘယ်လိုအခွင့်အရေးများလဲ သိချင်မိတယ်…”


လုပ်ဖော်ကိုင်ဖက်ဟောင်းက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလေသည်။


“အရမ်းကို တန်ဖိုးရှိတဲ့ အခွင့်အရေးပါ…ဒါပေမဲ့ လူတိုင်းရဲ့ အချိန်နည်းနည်းလေးကိုတော့ ယူဖို့လိုတယ်…မစ္စတာဝမ် အဲ့ဒါ အဆင်ပြေမလားမသိဘူး…”


ဝမ်ယွီက ပြုံးကာ ပြန်ဖြေသည်။


“သေချာတာပေါ့…ယူပါ…”


ဝမ်ယွီ့စကား မဆုံးသေးမီ အန်းနဉ်၏ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူမှာ သူ့အရှေ့တွင် ဒူးထောက်ချလိုက်သည်။


ဝမ်ယွီ : ”…”


ဝမ်ယွီကဲ့သို့ အသိဉာဏ်ကြွယ်ဝသောသူပင် အံ့အားသင့်ကာ ကြောင်အသွားသည်။


အနီးကပ်ကြည့်လိုက်ချိန်တွင် ဝမ်ယွီ့အား ဒူးထောက်ထားခြင်း မဟုတ်ဘဲ အန်းနဉ်ကို ဖြစ်နေခဲ့သည်။ ထို့အပြင် သူက ဒူးကို တစ်ဖက်တည်းသာ ထောက်ထားခဲ့သည်။

ဒီ ဒူးထောက်တဲ့ အနေအထားကြီးက…ဘာလို့များ တအား ရင်းနှီးနေတာပါလိမ့်…


“ကိုယ်လေ မင်းကို ထပ်မတွေ့ရတော့ဘူးလို့ထင်ခဲ့တာ…ကိုယ် ရူးတော့မလိုဘဲ…”


မိုက်ကရိုဖုန်းကို ကိုင်ထားကာ ထိုလုပ်ဖော်ကိုင်ဖက်ဟောင်းက ချစ်စိတ်ကြီးစွာ ဝန်ခံခဲ့သည်။ 


“ဒီနေ့ ကိုယ်က ကုမ္ပဏီရဲ့ အကောင်းဆုံး ဝန်ထမ်းအဖြစ်သတ်မှတ်ခံရတယ်…မင်းပါ မျက်မြင်ရှိနေလိမ့်မယ်လို့ ကိုယ် မထင်ထားခဲ့ဘူး…”


“ဘွဲ့ရပြီးကတည်းက ပိုကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ နေ့တိုင်း အလုပ်ကြိုးကြိုးစားစားလုပ်တယ်… တစ်နေ့ကျရင် ကိုယ့်ဘဝထဲကို လျှောက်လှမ်းလာမယ့် မိန်းကလေးတစ်ဦးနဲ့ တွေ့ရလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားတယ်…”


“ဒီနှစ်တွေမှာ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်တစ်ခုတော့ အောင်မြင်သွားပြီဆိုပေမဲ့ အဲ့ဒီမိန်းကလေးကိုတော့ မတွေ့ခဲ့ရဘူး… မင်းကို မတွေ့ရတဲ့ အချိန်အထိပေါ့…”


“ကျိအန်းနဉ်… ကိုယ်က အလုပ်ကြိုးစားတယ်… လေးလေးနက်နက်ရှိတယ်…ပြီးတော့ ကိုယ့်အနာဂတ်အတွက်လည်း ယုံကြည်ချက်ရှိတယ်… မင်း ကိုယ့်ရဲ့ကောင်မလေးဖြစ်ပေးနိုင်မလားဟင်…”


ခန်းမတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပေါက်ကွဲထွက်သွားသည်။


ပေါက်ကွဲသွားသည့်လေထုမှာ တစ်နေရာတည်း မဟုတ်ချေ။ ယခုနှစ် နှစ်စဉ်အစည်းအဝေးအား လုပ်ငန်းအုပ်စုတစ်ခုလုံး ဗီဒီယိုဖြင့် ချိတ်ဆက်ကြည့်နိုင်ရန် ကြိုးပမ်းထားကြသည်။ ပထမအချိန်တွင် ရုံးချုပ်အဓိကနေရာ၌ ဆုကြေညာနေခဲ့ပြီး ကုမ္ပဏီခွဲတိုင်းမှ ဝန်ထမ်းများက တိုက်ရိုက်ထုတ်လွှင့်နေသည်ကို သက်ဆိုင်ရာ နေရာများ၌ ကြည့်နေခဲ့သည်။ ယခုအပိုင်းအပါအဝင် ရုံးခွဲတိုင်းက စောင့်ကြည့်နေကြသည်။


ရုတ်ချည်းအလှည့်အပြောင်းများက နေရာတိုင်းကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။


အားပေးသံများ၊ လက်ခုပ်ဩဘာသံများနှင့် အော်ဟစ်သံများက အခန်းထဲ ပဲ့တင်ထပ်နေခဲ့သည်။ လေထုသည် ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။


အဓိကကျင်းပရာနေရာမှ မစ္စတာဝူတစ်ဦးတည်းသာ ဝမ်ယွီ၏မျက်နှာ စိမ်းသွားသည်ကို သတိထားမိခဲ့သည်။


သူက မျက်လုံးကို ကာလိုက်ကာ ဆက်မကြည့်ရဲတော့ချေ။


အန်းနဉ်က သူမဦးရေပြားပေါ်တွင် တရွရွခံစားနေရသည်။


အကြောင်းရင်းမှာ ဝမ်ယွီက သူမအား ကျောရိုးထဲအထိ စိမ့်သွားစေနိုင်သည့် အပြုံးဖြင့် ပြုံးကာ ကြည့်နေ၍ဖြစ်သည်။


သူမက အသက်ပြင်းပြင်းရှူလိုက်ကာ မိုက်ကရိုဖုန်းကို မြှောက်လိုက်သည်။


“ကျွန်မတောင်းပန်ပါတယ်… ရှင်ဖွင့်ပြောတာကို လက်မခံနိုင်ဘူး…”


လုပ်ဖော်ကိုင်ဖက် အမျိုးသားက အလွန်ပင် စိတ်ပျက်သွားပုံရသည်။ သူက ထက်မြက်ထူးချွန်သည့် လူငယ်တစ်ဦးဖြစ်ကာ လူကြားထဲတွင် ဝန်ခံရဲသည့် သတ္တိရှိပြီး အငြင်းခံရသည်ကိုလည်း ရင်ဆိုင်ရဲခဲ့သည်။


သူက တစ်ခုတည်းသာ သိချင်ခဲ့သည်။


“ဘာလို့များလဲ…”


အန်းနဉ်က ပြန်ဖြေလိုက်သည်။ 


“ရှင်က ကျွန်မတကယ်ကို‌ လေးစားရတဲ့ ထူးချွန်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးပါ… ဒါပေမဲ့ ရှင့်ခံစားချက်တွေကို ပထမဆုံးအကြိမ် ဖွင့်ပြောကတည်းက ကျွန်မက လက်ထပ်ထားတယ်လို့ ပြောခဲ့ပြီးသားပါ…”


လုပ်ဖော်ကိုင်ဖက်ဟောင်းက ပြန်ပြောသည်။


“ဒီဟာကြောင့်ဆိုရင်တော့ ကိုယ်မယုံနိုင်ဘူး… လက်စွပ်တစ်ကွင်းကလွဲပြီး မင်းရဲ့ခင်ပွန်းပုံကိုတောင် ထုတ်မပြနိုင်ဘူးလေ… ကိုယ့်ကိုမကြိုက်လို့ဆို ကိုယ်လက်ခံနိုင်ပါတယ်… ဒါပေမဲ့ ငြင်းလိုက်တဲ့ ဆင်ခြေပေးမယ့်အစား အကြောင်းပြချက် ရှင်းရှင်းလင်းလင်း ပေးဖို့ မျှော်လင့်ပါတယ်…”


ကျိအန်းနဉ်က တုံ့ဆိုင်းသွားသည်။ 


“ကျွန်မ…သက်သေပြလို့မရဘူး….ဒါပေမဲ့…”


“ကိုယ် သက်သေပြနိုင်တယ်…”


လက်ရှိအချိန်တွင် လူတိုင်း၏ လျစ်လျူရှုခံထားရသည့် ဘေးတစ်ဖက်တွင် ရပ်နေသော ဝမ်ယွီက စကားပြောရန် ရုတ်တရက် လက်မြှောက်လိုက်သည်။


“လာပါ… အရင်ဆုံး ထလိုက်…”


ဝမ်ယွီက ကောင်းမွန်သော ကြော့ရှင်းမှုအပြည့်နှင့် သူ့ခြေရင်းရှိ ဝန်ထမ်းအမျိုးသားအား ကူညီလိုက်သည်။ 


“ကိုယ် သက်သေပြပေးနိုင်တယ်… ဒီနာမည်ကြီးမိန်းကလေး ကျိအန်းနဉ်က တကယ်တော့ ပိုင်ရှင်ရှိပြီးသားကွ…”


ထိုသို့ပြောပြီးနောက် သူ့လက်ကို မြှောက်လိုက်ကာ စင်ပေါ်မှ ကင်မရာမန်းအား လက်ညှိုးထိုးလိုက်သည်။


“ကင်မရာ… ကိုယ့်ကို အနီးကပ်ရိုက်လိုက်…”


ကင်မရာမန်းက ကင်မရာအားကိုင်ကာ အနီးသို့ တိုးလာသည်။


ဝမ်ယွီက ဘယ်ဘက်လက်အား သက်ပြင်းချနေသည့် အန်းနဉ်ထံသို့ လှမ်းကာ သူမ၏ ဘယ်ဘက်လက်ကို ထုတ်လိုက်သည်။


ကင်မရာမန်းမှ အနီးကပ်ရိုက်ယူရာ အဓိကကျင်းပရာနေရာနှင့် ရုံးခွဲများရှိ စခရင်များတွင် လက်နှစ်ဖက်ဆုပ်ကိုင်ထားသည်ကို ပြသထားလေသည်။ နှစ်ဖက်လုံးရှိ လက်သူကြွယ်များ၌ လက်စွပ်ကိုယ်စီ ဆင်မြန်းထားသည်။


လက်ထပ်လက်စွပ်ဆိုသည်ကား နေ့တိုင်း ဝတ်ဆင်ရန်ဖြစ်၍ စေ့စပ်လက်စွပ်များကဲ့သို့ ပုံကြီးချဲ့ထားခြင်း မရှိပေ။ ဝမ်ယွီနှင့် အန်းနဉ်တို့၏ လက်ထပ်လက်စွပ်များမှာ စိတ်တိုင်းကျ ပြုလုပ်ထားခြင်းဖြစ်ပြီး ဒီဇိုင်းမှာ ရိုးရိုးရှင်းရှင်း ဘောင်တစ်ခုနှင့်သာ ဖြစ်သည်။ လက်စွပ်အား ချွတ်လိုက်လျှင် အတွင်းပိုင်း၌ ရှုပ်ထွေးသော အကွေ့အကောက်များနှင့် တစ်ဖက်လူ၏ နာမည်နှင့်အတူ လှပစွာ ပုံဖော်ထားသည်ကို မြင်ရလိမ့်မည်။


တစ်ကွင်းမှာ “ယွီ” ဖြစ်ပြီး ကျန်တစ်ကွင်းမှာ “နဉ်” ဟု ထွင်းထားလေသည်။


ဝမ်ယွီနှင့် hostအလှလေးတို့၏ လက်စွပ်များမှာ စုံတွဲဖြစ်နေသည်ကို လူတိုင်းနားလည်သွားကြသည်။


မစ္စတာဝူနှင့် ရှုရွှမ်းတို့ နှစ်ဦးသား ပါးစပ်အဟောင်းသားဖြစ်သည်အထိ အံ့ဩသွားကြလေသည်။


ခန်းမခွဲများ၌ အန်းနဉ်နှင့် ယခင်က အလုပ်တူတူလုပ်ကိုင်ဖူးသည့် လုပ်ဖော်ကိုင်ဖက်ဟောင်းများလည်း မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။


လျိုကျဲက တီးတိုးပြောလိုက်သည်။


“အံ့ဩစရာမရှိတော့ပါဘူး… ဒါကြောင့် CEOကို ငါမြင်ဖူးနေပါတယ်လို့…”


ကုမ္ပဏီခွဲများမှ ဝန်ထမ်းများအနေနှင့် သူဌေးကြီးအား မြင်နိုင်ရန် အခွင့်အရေး မရှိခဲ့ပေ။ ယနေ့ နှစ်စဉ် အစည်းအဝေးကား ရုံးချုပ်မှ ကျန်နေရာခွဲများသို့ ဗီဒီယိုဖြင့် ချိတ်ဆက်သည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ လျိုကျဲက အန်းနဉ်အား တွေ့လိုက်ရချိန်တွင် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသော်လည်း အန်းနဉ်၏ စွဲမက်ဖွယ်ရာကောင်းသည့် အသွင်အပြင်က လျိုကျဲမှတ်မိထားသည်နှင့် မတူဘဲ ကွဲပြားနေခဲ့သည်။


ဝမ်ယွီက စတိတ်ပေါ်တက်လာချိန်တွင် သူမက ရင်းနှီးနေသည်ဟု နောက်တစ်ဖန်ခံစားလိုက်ရပြန်သည်။ သို့သော် ၎င်းမှာ ကုမ္ပဏီ၏ သူဌေးဖြစ်၍ အတည်မပြုရဲခဲ့ချေ။


“ဒီအခွင့်အရေးကိုသုံးပြီးတော့ လူတိုင်းကို အန်းနဉ်နဲ့ မိတ်ဆက်ပေးပါရစေ… အန်းနဉ်က ကျွန်တော့်ရဲ့ဇနီး…ကျွန်တော့သမီးလေးရဲ့ အမေပါ…”


စင်ပေါ်တွင် ရှောင်ဝမ်က သူ့ဇနီးလေးအား ဝန်ထမ်းများနှင့် တက်ကြွစွာ မိတ်ဆက်ပေးခဲ့သည်။


“တောင်းပန်ပါတယ်… ကိုယ်အလျင်လိုသွားတယ်…” 


သူက ရယ်ကာ ဝန်ထမ်းအမျိုးသားအား ပခုံးပုတ်လိုက်သည်။


“ဒါပေမဲ့ မင်းကိုတော့ ချီးကျူးရမယ်… အမြင်ကောင်းရှိသားပဲ… အရင်တုန်းက ကိုယ့်လိုပဲ…”


ဝန်ထမ်းအမျိုးသား၏ အမူအရာက ပြောင်းလဲသွားပြီးနောက် သူက မိုက်ခရိုဖုန်းကို ကိုင်ကာ ရယ်လိုက်သည်။


“ကျွန်တော်ရှုံးသွားတာကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်…”


ထိုစကားလေးတစ်ခွန်းတည်းနှင့် ကိုးရိုးကားရားနိုင်သော အခြေအနေကြီးက ပျက်ပြယ်သွားကာ သူက လူတိုင်း၏ အာရုံစိုက်စရာဖြစ်လာခဲ့သည်။


ဝမ်ယွီ၏မျက်လုံးထဲတွင် အသိအမှတ်ပြုလိုစိတ်ပေါ်လာပြီး ပြုံးလိုက်သည်။ 


“ကိုယ့်ဇနီးကိုတော့ မရနိုင်ပေမဲ့ အပိုဆုကြေးကတော့ မင်းအပိုင်ပါ…”


ဝန်ထမ်းအမျိုးသားက ဝမ်ယွီနှင့် လက်ဆွဲနှုတ်ဆက်ကာ ပြောသည်။


“ကျေးဇူးတင်ပါတယ်…ဂုဏ်ယူမိပါတယ်…”


ရှောင်ဝမ်က ပြန်ပြောလိုက်သည်။ 


“မင်းနဲ့ ထိုက်တန်ပါတယ်ကွာ…”


ပွဲကြည့်ပရိတ်သတ်များက တက်ကြွနေဆဲဖြစ်ကာ တစ်ချို့က မှိုင်တွေမိန်းမောနေခဲ့သော်လည်း ထိုလူသားနှစ်ဦးက အခြေအနေကို ပြန်ထိန်းညှိကာ နှစ်စဉ်အစည်းအဝေးပွဲ၏ အဓိက လိုရင်းသို့ ပြန်ဆွဲခေါ်ခဲ့သည်။


သို့သော်လည်း အန်းနဉ်က သူမနဖူးကို ပွတ်သပ်လိုက်သည်။


သူမ၏ သာမန်လူကဲ့သို့ နေထိုင်သည့် ဘဝလေးမှာ အဆုံးသတ်သွားချေပြီ။


ယခုမှစ၍ သူမအား “မစ္စဝမ်”အဖြစ် လူတိုင်းသိနေပေလိမ့်မည်။


သို့ရာတွင် ၎င်းမတိုင်မီ ယနေ့ညတွင် သူမ၏ ပိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲနေသည့် ဝံပုလွေကဲ့သို့ ခင်ပွန်းအား နှစ်သိမ့်ပေးရပေဦးမည်။ 




###