Ch-11
Viewers 8k

"ကောင်းပြီလေ" လုယန်လည်း ရုပ်ရှင်ကြည့်ရန် အဆိုပြုချက်ကို သဘောတူခဲ့ပြီး ဤနေရာတွင် ဂေါ်ရီလာတစ်ကောင်လို အကြည့်မခံချင်ခဲ့တာ ထင်ရှားလှသည်။


ချင်းရို့ လျှို့ဝှက်စွာ ချီးကျူးလိုက်၏။ ဒီလူက တကယ်ကောင်းပြီး ပူးပေါင်းဆောင်ရွက်တတ်သူတစ်ယောက်ပဲ! 


အဲ့လောက်မခက်ခဲပါဘူးနော်။ 


ဒါရိုက်တာစွင်းဝင်လာသည့်အခါ သူတို့နှစ်ယောက်မှာ ထရပ်ကာ ထွက်သွားတော့မည်ဖြစ်သည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ သူမ ချက်ချင်း အံ့အားသင့်သွားကာ "ဘယ်သွားကြမလို့လဲ? ဘာလို့ ခဏထိုင်ပြီး စကားမပြောကြတာလဲ?" 


ချင်းရို့က တောက်ပသည့်အပြုံးဖြင့် ပြောလိုက်၏။ "ဒါရိုက်တာစွင်းရေ၊ ကျွန်မက အရာရှိနဲ့ ရုပ်ရှင်သွားကြည့်ဖို့ စိတ်ကူးထားလို့ပါ။" 


ဒါရိုက်တာစွင်းက ခေါင်းညိတ်ပြတဲ့ လုယန်ကို ကြည့်လိုက်မိသည်။ 


ဒါရိုက်တာစွင်း: "..." 


သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်က ရန်စောင်မနေဘဲ၊ တစ်ယောက်က ဇီဇာကြောင်မနေဘဲ အတူတူထိုင်ခဲ့ကြပြီး အတူတူရုပ်ရှင်သွားကြည့်ဖို့ စီစဉ်လိုက်တယ်လား...? 


သူမရဲ့နားလည်မှုအရ ချင်းရို့ဟာ လိမ္မာပါးနပ်သလို သူမက လူတွေနဲ့ တွေ့ပြီးသည့်နှင့် နတ်ဆိုးတစ်ကောင်ကဲ့သို့ စတင်သရုပ်ဆောင်လိမ့်မည်။ 


သူမရဲ့တူမလေးရောက်လာသည့်အခါ ထိုအမျိုးသားမှာ ထွက်သွားခဲ့လေပြီ။ 


*** 


ချင်းရို့နှင့် လုယန်တို့သည် အနုပညာအဖွဲ့မှ ထွက်လာကြပြီး မြို့ထဲရှိ ရုပ်ရှင်ရုံသို့ ဘတ်စ်ကားစီးသွားခဲ့ကြသည်။ ချင်းရို့ထွက်သွားတုန်းက ပလတ်စတစ်ညီအစ်မအုပ်စုရဲ့အမူအရာကို သူမပြန်တွေးကြည့်လိုက်တော့ ရယ်စရာကောင်းတယ်လို့ထင်ခဲ့သည်။ 


သူမက တကယ်ပဲ သူတို့ရှေ့မှာ သုံးမိနစ်လောက် ဂုဏ်ဆာပြီး မတ်တပ်ရပ်နေချင်ခဲ့သေးတာ။ 


—— နင်တို့တွေ ငါ့ကိုကြည့်တဲ့ပုံစံကို သဘောကျပေမယ့် ငါ့ကို အနိုင်မယူနိုင်ဘူးလေ။ နင်တို့မှာ ငါ့နောက်လိုက်ဖို့ အရည်အချင်းရှိလို့လား?


ချင်းရို့မှာ ယခုတိုက်ပွဲရဲ့ ရလဒ်များတွင် နှစ်မြုပ်နေကာ သူမ ပိုတွေးလေလေ ပို၍သက်တောင့်သက်သာရှိသလို ခံစားမိသဖြင့် သူမရဲ့မျက်ခုံးတွေနှင့် မျက်လုံးတွေကလည်း ကွေးနေလျက် ဘဝင်ခိုက်နေတဲ့ မြေခွေးငယ်လေးတစ်ကောင်လို ပြုံးနေခဲ့၏။ 


ပြတင်းပေါက်အပြင်သို့ကြည့်ရန် သူမရဲ့ခေါင်းကိုလှည့်ထားပြီး ထိုအကြောင်းကို သူမပိုတွေးမိလေလေ မျက်နှာပေါ်မှ အပြုံးကလည်း ပို၍တောက်ပလာလေလေပင်။ 


လုယန်နှင့်အတူ ဘတ်စ်ကားပေါ်တက်ပြီးနောက် သူတို့နှစ်ယောက်က ထိုင်ခုံအလွတ်မှာ ထိုင်လိုက်ကြ၏။ ချင်းရို့က ပြတင်းပေါက်ဘေးမှာထိုင်ပြီး လုယန်က သူမဘေးမှာ ထိုင်လိုက်လေသည်။ 


ချင်းရို့က ရှုခင်းကြည့်ဟန်ဆောင်လျက် စကား​စမပြောခဲ့ဘဲ ခုနက အဖြစ်အပျက်တွေကို စားမြုံပြန်နေလျက်။ 


လုယန်ရဲ့နောက်ကျောမှာ ဖြောင့်​တန်းနေပြီး သူ့မျက်လုံးတွေက ရှေ့တည့်တည့်ကြည့်နေကာ ခန္ဓာကိုယ်သည်လည်း အချိန်မရွေးတိုက်ပွဲဝင်ရတော့မည့်အခြေအနေကို ရောက်သွားနိုင်သလို တင်းမာနေခဲ့သည်။ 


သူသည် သူ့ဘေးနားရှိလူကို ချောင်းကြည့်လိုက်သော်လည်း သူမ မတွေ့အောင် ကျွမ်းကျင်စွာ ဖုံးကွယ်ထားနိုင်ပေသည်။ 


- သူမက အရယ်သန်သလိုပဲ။ 


သူမရဲ့ အသံကလည်း နားထောင်လို့ကောင်းလိုက်တာ။ 


လုယန်သည် သူ့ဘ၀မှာ တစ်ခါမှ ဒီလောက်စိတ်မလှုပ်ရှားခဲ့ဖူးချေ။ ဒီလိုဘတ်စ်ကားသေးသေးလေးပေါ်မှာရှိနေတာက သူသင်္ဘောပေါ် ပထမဆုံးတက်ချိန်ကထက် ပို၍ရင်ဖိုနေပြီး စိတ်လှုပ်ရှားနေခဲ့ရ၏။ 


သူက အနှစ် ၂၀ကျော်နေထိုင်လာခဲ့ပြီး ယခုလို ရင်ခုန်တဲ့ခံစားချက်မျိုးကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်လေသည်။ 


သူမကို မြင်မြင်ချင်းကတည်းက လုယန်ရဲ့ စိတ်အခြေအနေမှာ လိုက်လျောညီထွေဖြစ်နေပြီး သူမဆီမှာ ချည်နှောင်ထားလိုက်သလိုပင်။ အခုအချိန်အထိ ထိုအခြေအနေမှာ အပြည့်အဝပြန်ကောင်းမလာသေးချေ။ 


သူ့ဘေးနားက မိန်းမငယ်လေးက သူ့ကို ဆက်လက်ပြုံးပြနေခဲ့မယ်ဆိုရင် သူ့စိတ်တွေကို ပြန်ရှာလို့ရတော့မှာမဟုတ်ဘူး။ 


လုယန်က သူ့ရှေ့မှ ဘတ်စ်ကားဒရိုင်ဘာဆီ အကြည့်ပို့လိုက်ပြီး သူ့ဘေးနားရှိ အမျိုးသမီးကို လျစ်လျူရှုရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ ထိုမှသာ သူ့အကြောင်းပြချက်ကို သူ့စိတ်ထဲမှာ တဖြေးဖြေးပြန်ခံစားလာရတော့သည်။ 


သူ သတိပြန်ရလေလေ သူ့စိတ်ထဲတွင် ပြင်းပြသောဆန္ဒကို ပိုသိလာလေလေဖြစ်၏။ သူက သူမကိုလိုချင်တယ်၊ သူမလက်လေးကိုကိုင်ချင်တယ်၊ သူမကိုပွေ့ဖက်ထားချင်တယ်၊ သူမရဲ့အပြုံးကို နေ့တိုင်းမြင်ချင်တယ်။ 


လုယန်သည် စစတွေ့ချင်းတုန်းက သူမလေးဟာ မြေခွေးငယ်လေးလို ပြုံးပြလျက် သူ့ကို "အရာရှိ"လို့ ချိုချိုသာသာလေး ခေါ်လိုက်တာကို ပြန်တွေးမိသွားသည်။ 


ဒါရိုက်တာစွင်းနှင့် စကားပြောတုန်းက "အရာရှိ"လို့ ခေါ်လိုက်သံနှင့်၊ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်နေပြီး ပြုံးနေတာလေးကို စိတ်ကူးကြည့်ရုံနဲ့ သူ့စိတ်ထဲမှာ ရောင်စုံဗုံးပေါက်သွားသလိုပင်။ (ရင်ခုန်သွားတာကို ပြောတာပါနော်)


သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းက အပြုံးလေးကို ပြန်တွေးမိနေရာ အမြောက်ပစ်သည့်ခေတ်သို့ ပြန်ရောက်သွားသလိုမျိုး အနှီပေါက်ကွဲသံကြောင့် သူ့စိတ်ကို ထုံထိုင်းသွားစေသလိုပင်။ 


ဘတ်စ်ကားပေါ်တွင် လုယန်သည် သူ့တွင်ရှိသော ဆင်ခြင်တုံတရားအနည်းငယ်ကို စုစည်းကာ တိုက်ခိုက်ရေးနည်းဗျူဟာကို တီထွင်ကြံဆတော့သည်။ 


သူ့မှာ အရင်တုန်းက ဘလိုင်းဒိတ်တွေဆုံဖူးတဲ့ အတွေ့အကြုံတွေရှိပေမယ့်လည်း ဦးနှောက်ပျက်နေတဲ့ လုယန်တောင်မှ အဲဒီအတိတ်အတွေ့အကြုံတွေကို ဘယ်တော့မှ သုံးလို့မရမှန်း သိလေ၏။ 


သူ သူမကိုတော့ အဲ့လိုလုပ်လို့မရဘူး။ 


- လုယန် ငါ့ကိုပြော၊ မင်းမျက်နှာတစ်ခုတည်းကြောင့်နဲ့ မင်းကိုကြိုက်တဲ့မိန်းမဘယ်နှစ်ယောက်ရှိလဲ? ဒါပေမယ့် မင်းရဲ့ အဲ့ဒီဒေါသနဲ့ ပါးစပ်ကြောင့် အနာဂတ်မှာ ဘယ်မိန်းမက မင်းကို ခံနိုင်ရည်ရှိနိုင်မလဲ? 


လုယန် တွေးလိုက်၏ - 


- ဒါဆို စကားမပြောဖို့ ကြိုးစားရမယ်။ 


သူစကားနည်းနည်းပဲပြောရင် အမှားလည်းနည်းမှာပဲ။ 


ပထမဆုံးထင်မြင်ချက်က အရေးကြီးဆုံးပဲလေ။ 


ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘတ်စ်ကားပေါ်က ဆင်းချိန်အထိ လမ်းမှာစကားမပြောဖြစ်ကြတော့။ 


ဘတ်စ်ကားပေါ်မှဆင်းသောအခါ ချင်းရို့သည် လုယန်က ဤကိစ္စကိုပြီးဆုံးအောင်လုပ်ဖို့သာ ရှိနေသည်ဟု သူမဘာသာတွေးလိုက်၏။ ဒီလိုမျိုး သူမနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့သူနဲ့ တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။ 


ချင်းရို့က ရုပ်ရှင်လက်မှတ်ဝယ်ရန် အစပြုလိုက်ပြီး လက်မှတ်ရောင်းသူနှင့် နေရာကောင်းကို တက်ကြွစွာ ရွေးချယ်ခဲ့သည်။ လုယန်မှာ စောင့်ဆိုင်းနေလျက် ငွေပေးချေရန် အချိန်ရောက်မှ ပေးလိုက်လေသည်။ 


ချင်းရို့သည်လည်း သူ့အပေါ် မယဉ်ကျေးနေတော့ဘဲ ဘေးဘက်ကိုသွားကာ ဖရုံစေ့ သုံး/လေးလျန်တန် ဝယ်ပြီး စက္ကူအိတ်ထဲတွင် ထည့်ကာ လုယန်အား ကမ်းပေးလိုက်၏။ 


ရုပ်ရှင်မှာ ခဏကြာသည်အထိ မစသေး၍ သူတို့နှစ်ယောက်ကလည်း စကားမပြောကြချေ။ ဒီတော့ ဖရုံစေ့စားတာပဲ ပိုကောင်းပါတယ်လေ။ 


လုယန်မှာ များသောအားဖြင့် ဖရုံစေ့တွေ မစားတတ်သော်လည်း သူမကမ်းပေးလာတာကို မြင်လိုက်တော့ သူလည်း မငြင်းဆန်တော့ဘဲ သူမနှင့်အတူ စားလိုက်တော့သည်။ 


ခရက်- ခရက်- 


ချင်းရို့: "..." 


ဤဘလိုင်းဒိတ်မှာ သူမကြုံဖူးသမျှထဲတွင် အတိတ်ဆိတ်ဆုံးနှင့် အထူးဆန်းဆုံး ဘလိုင်းဒိတ်ပါပဲ။ 


ဤအရာရှိက အရမ်းတော်တာပဲ။ 


ဘလိုင်းဒိတ်လုပ်နေတယ်ဆိုတာ သူမေ့နေတာများလား? သူက ပုံမှန်မေးနေကြမေးခွန်းဖြစ်တဲ့ အသက်၊ ဘွဲ့၊ လစာနှင့် သူ့ရဲ့အနာဂတ်ပါတနာအတွက် လိုအပ်ချက်ကဘာတွေလဲဆိုတာကို မမေးမြန်းခဲ့ပေ။ သူက ဘာမှကိုမပြောချင်တာလားဟ? 


လုယန်က ခက်ခဲတဲ့လူတစ်ယောက်လို့ သူမကြားထားတယ်လေ။ သူက ဝေဖန်ပြောဆိုဖို့ အစပြုသင့်တယ်မဟုတ်ဘူးလား? ဒီလိုတိတ်ဆိတ်နေတာက အရမ်းထူးဆန်းနေတယ်... 


သူမ အံ့သြနေချိန်တွင် လုယန်လည်း အံ့သြနေခဲ့သည်။ 


အနှီမိန်းမငယ်လေးက ငရုတ်သီးလိုမျိုးလို့ သူကြားထားသော်လည်း အခုတော့ ထိုကဲ့သို့မထင်ရပေ။ 


xxx