Ch-18
Viewers 8k

အပိုင်း (၁၈)


ကျိုးရှောင်လင်းရဲ့ မျက်လုံးတွေက စူးရှသောကြောင့် အဝေးက လူနှစ်ယောက်ကို လှမ်းမြင်ခဲ့ကာ "ကြည့်လိုက်၊ ဟိုနားကလူက တပ်မတော်အရာရှိလေ။ သူက ချင်းရို့ကို ပြန်လာပို့တာပဲ" 


မစ္စယန်က ခေါင်းလှည့်ကြည့်လိုက်တော့ ချင်းရို့ဘေးမှာ သူရဲကောင်းဆန်ဆန် လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူက အဖြူရောင်ယူနီဖောင်းကို ၀တ်ဆင်ထားကာ သူ့ဦးထုပ်ပေါ်ရှိ ကြယ်နီမှာ နေရောင်အောက်၌ ထူးထူးခြားခြား တောက်ပနေလျက်။ 


သူတို့နှစ်ယောက် ဘာအကြောင်းတွေပြောနေကြတာပါလိမ့်? 


ထိုသည်ကိုမြင်တော့ ကျိုးမိန်လန်က သူမအား ချက်ချင်းပင် နှိုးဆော်လိုက်ကာ "ရှင်ပဲ ချင်းရို့ကို ရှာနေတာမဟုတ်လား? ဘာလို့ မြန်မြန်မလုပ်တာလဲ? သူမက ရှင်ရဲ့သားကို မြှူဆွယ်လို့ ရှင်ပဲ ဆူငေါက်ချင်နေခဲ့တာ မဟုတ်ဘူးလား?" 


သူမက အရာရှိလုရဲ့ အရှေ့မှာ မစ္စယန်ကို ပြဿနာရှာစေချင်ခဲ့တာပင်။ ချင်းရို့က ကိုင်းမြင့်မြင့်ကို တွယ်တက်လေ့ရှိပြီး မိထွေးတစ်ယောက်တောင်ဖြစ်ချင်ခဲ့တယ်ဆိုတာကို တပ်မတော်အရာရှိအား သိစေချင်ခဲ့တာဖြစ်၏။ 


သူတို့နှစ်ယောက်ဟာ မစ္စယန်သောင်းကျန်းဖို့ လျှို့ဝှက်စွာ မျှော်လင့်ခဲ့သော်လည်း မစ္စယန်က ကျိုးမိန်လန်ဆီ တံတွေးလှည့်ထွေးလိုက်ရာ သူမရဲ့ဖိနပ်ပေါ်ကျသွားလေ၏။ "ဟမ့် နင့်မှာ ယုတ်မာတဲ့စိတ်ထားရှိတာပဲ" 


မစ္စယန်ဟာ ကျေးလက်သူတစ်ယောက်ဖြစ်သော်လည်း သူမက အရူးမဟုတ်ပါပေ။ သူမက ချင်းရို့ကို ပြဿနာရှာရန် အနုပညာအဖွဲ့သို့ လာဝံ့သည်မှာ ချင်းရို့မှာ နောက်ခံမရှိသလို သူမရဲ့အစ်မဟာလည်း နောက်ခံမကောင်း၍ပင်။ 


သို့ပေသိ သူမဘေးနားမှ ထိုအမျိုးသားနှင့်ဆိုလျှင်၊ သူမက "အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွှံ့သင့်ကြောင်းကို သူမရဲ့အသိဥာဏ်နည်းနည်းလေးနဲ့တောင် သိနိုင်ရာ သူမသားအတွက် ပြဿနာတွေမပေးချင်ပါဘူးနော်။ 


သူမကို ဒုက္ခရောက်အောင်လို့ အားပေးအားမြှောက်လုပ်နေကြတဲ့သူတွေဟာ ယုတ်မာရက်စက်ကြတဲ့သူတွေပဲ။ 


"ဖန်ဖန် သွားရအောင်လေ" မစ္စယန်က သူမရဲ့ချွေးမကို ဆွဲခေါ်ကာ ခေါင်းငုံ့၍ ထွက်သွားခဲ့၏။ 


ဝမ်ဖန်ဖန်ဟာ ထွက်သွားချင်နေခဲ့တာ ကြာလှပြီဖြစ်သည်။ သူမက ကျေးလက်သူဖြစ်၍ ဤကဲ့သို့ ငယ်ရွယ်လှပကြတဲ့ မြို့သူလေးများရှေ့တွင် ရှက်ရွံ့မိသော်လည်း သူမက အလှဆုံးဖြစ်သူ ချင်းရို့ကို မြင်လိုက်ရတော့ လုံးဝမယှဥ်နိုင်သလို ခံစားလိုက်ရ၏။ 


သူမလည်း မစ္စယန်ရဲ့လက်ကို ကိုင်ကာ မြန်မြန်ခြေလှမ်းလိုက်ကာ ယောက္ခမနှင့် ချွေးမတို့နှစ်ယောက်ဟာ အလျင်စလို လျှောက်ထွက်သွားကြတော့သည်။ 


ရွှယ်ထင်ထင်က ထိုအခြင်းအရာကို မြင်လိုက်ရသည့်အခါ ကြောင်အသွားရပြီး ကျိုးမိန်လန်ရဲ့မျက်နှာမှာ နီရဲနေကာ သူမဖိနပ်ပေါ်ရှိ တံတွေးကိုကြည့်လိုက်ရာ ဒေါသထွက်လွန်း၍ ခုန်ပေါက်လုနီးနီးပင်ဖြစ်လျက်။ သူမပိုက်ဆံစုထားပြီး ဝယ်ထားရတဲ့ ဖိနပ်အသစ်လေး! 


ချင်းရို့နှင့် လုယန်တို့က သူမရဲ့အစ်မနှင့် မိသားစုဝင်များကို တွေ့ရန် ချိန်းဆိုလိုက်ကြသည်။ လုယန်က နောက်၂ရက်မှာ သူပိတ်ရက်တစ်ရက်ရကြောင်းနှင့် ချန်အိမ်မှာ သူမကို လာခေါ်မည့်အကြောင်းကို ပြောလာခဲ့၏။ 


လုယန်က သူမကို အနုပညာအဖွဲ့ရဲ့ အိပ်ဆောင်မှာ ချပေးခဲ့ကာ ပြန်သွားခဲ့လေသည်။ 


သူတို့နှစ်ယောက်ပြန်လာသည့်အခါ ပစ္စည်းအများကြီးဝယ်လာခဲ့ကြ၏။ လုယန်က အညိုရောင်သားရေခရီးဆောင်အိတ်အပြင် ဝိုင်အရက်၊ လက်ဖက်ရည်နှင့် သကြားလုံးများ ဝယ်ရန် ကုန်စုံဆိုင်ကြီးဆီသို့ ချင်းရို့နှင့်အတူ လိုက်သွားခဲ့လေသည်။ 


လုယန်ပြန်သွားပြီးနောက် ထန်ရွေ့ပိုင်နှင့် လော့ပေပေတို့က သူမအနား ရောက်လာကြရာ ချင်းရို့လည်း သစ်သီးသကြားလုံးတစ်ထုပ်ကို ဖောက်လိုက်ပြီး သူတို့အား မင်္ဂလာသကြားလုံးအနေဖြင့် လက်တစ်ဆုပ်စာ ပေးလိုက်လေ၏။ 


ဘာပဲဖြစ်ဖြစ် သူမရဲ့ ပလတ်စတစ်ညီအစ်မတွေက သူမနှင့်အတူတူ အချိန်ဖြုန်းခဲ့ကြသည်မို့ သူတို့ကို မင်္ဂလာသကြားလုံးတွေ ပေးသင့်ပါတယ်လေ။ 


လော့ပေပေက ချင်းရို့ခြေထောက်ဘေးမှ အသစ်စက်စက် သားရေခရီးဆောင်အိတ်ကို ကြည့်လိုက်ကာ သူမရဲ့မျက်လုံးများ နီရဲလာလုနီးနီးပင်။ (မနာလိုဖြစ်နေလိုက်တာ 😆)


ဤတပ်မတော်အရာရှိက မတွန့်တိုဘဲ သူမကို ခရီးဆောင်အိတ်တစ်လုံးဝယ်ပေးခဲ့တာ။ ထိုအထဲမှာလည်း အခြားမုန့်ပဲသရေစာများပါရှိတာကို သူမက မသိဘူးပဲ။ 


သစ်သီးသကြားလုံးအရသာမှာ သူမပါးစပ်ထဲတွက် ချိုမနေဘဲ ချဥ်စူးနေလျက်။ "ချင်းရို့ရေ နင် တကယ်ပဲ အဲ့ဒီအရာရှိနဲ့ ကျွန်းကိုလိုက်သွားချင်လို့လား?" 


"အဲ့ဒါက သိပ်မကောင်းဘူးနော်။ အိမ်ထောင်ပြုဖို့ ပင်းချန်ကလူကိုပဲ ရှာပြီး နောင်မှာ ပင်းချန်မှာပဲနေတာ ပိုကောင်းမှာကို" 


လော့ပေပေက ချဥ်စူးစွာ ပြောလာခဲ့၏။ "ချင်းရို့ရယ် ချုံကျိုးကျွန်းက အရင်က ပြည်နှင်ဒဏ်ခံရတဲ့နေရာလေဟယ်။ ရှေးတုန်းက အကျဉ်းသားတွေကို အဲ့ဒီမှာဖမ်းထားခဲ့တာတဲ့။ အခုတော့ နင်နောင်တရဖို့ အရမ်းနောက်ကျသွားပြီနော်" 


ချင်းရို့က တပ်မတော်အရာရှိနှင့် ချုံကျိုးကျွန်းသို့ လိုက်သွားချင်ခဲ့သည်။ လော့ပေပေက ချင်းရို့ထက်တောင် ပိုစိတ်ဝင်စားနေခဲ့ရာ သူမက စာအုပ်ဆိုင်ကိုသွားခဲ့ပြီး ချုံကျိုးကျွန်းနှင့်ပတ်သက်သည့် အရာအားလုံးကို ရှာဖွေခဲ့၏။


မြေပုံ၏ တောင်ဘက်အစွန်းရှိ ချုံကျိုးကျွန်းကိုကြည့်လိုက်ရင်း သူမဟာ ချင်းရို့က ဤကဲ့သို့ အရာရှိငယ်ငယ်ချောချောလေးနှင့် လက်ထပ်နိုင်သွားသည်ကို မနာလိုဖြစ်ခဲ့ပြီး ချုံကျိုးကျွန်းရှိ ဘဝအခြေအနေ ခက်ခဲဖို့ရာ တိတ်တဆိတ် မျှော်လင့်နေခဲ့ပေသည်။ 


ထိုသို့သောငရဲမျိုး၌ ချင်းရို့ဟာ ဆင်းရဲဒုက္ခ ခံကိုခံရမှာ! 


"ဟုတ်ပါ့ ချင်းရို့ရယ်၊ နင်ဘာလို့ အဲ့ဒါကို မစဉ်းစားတာလဲ? အရမ်းဝေးလွန်းတာကို၊ ကီလိုမီတာထောင်ချီဝေးတယ်လို့ ငါကြားမိတယ်နော်!" 


အဲ့ဒီက လက်ရှိအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးလည်း မကောင်း၊ လူအများစုမှာ ပတ်ဝန်းကျင်ကျဥ်းကျဥ်းလေးမှာသာ နေထိုင်နိုင်ကြတာဖြစ်သည်။ ဒီလောက်ဝေးကွာတဲ့နေရာကို ချက်ချင်းသွားဖို့ဆိုတာ စိတ်ကူးလို့တောင်မရချေ။ 


"အရင်က ပြည်နှင်ဒဏ်ခံရတဲ့နေရာလား? ဘယ်လို ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မျိုးလဲဟ? ချင်းရို့ နင် တကယ်ပဲ အဲ့လိုအခက်အခဲကို သည်းခံနိုင်ပါ့မလားဟယ်?" 


"ချင်းရို့ရေ နင်က စိတ်မြန်လွန်းတာပဲဟာ။ အရာရှိက ကောင်းတယ်ဆိုပေမယ့် သူက ချုံကျိုးကျွန်းကို သွားရတော့မယ့်လူကို။ ဒုက္ခခံဖို့အတွက် သူနဲ့အတူတူ ကျွန်းကို သွားချင်တာလား?" 


ချင်းရို့က ပြုံးလျက် ပြောလာခဲ့သည်။ "ငါ့အတွက် စိတ်မပူပါနဲ့ဟယ်၊ ငါ ဒုက္ခမခံရမှာလည်း ဖြစ်နိုင်တာပဲလေ။ ကဗျာတစ်ပုဒ်ကို နင်တို့ကြားဖူးလားတော့မသိဘူး 'ငါ နေ့တိုင်း လိုင်ချီးသီး ၃၀၀စားပြီးရင်တော့ လင်းနန်ဒေသခံဖြစ်လာမယ်'တဲ့" 


သူမဟာ မူလက လင်းနန်ဇာတိပင်။ 


ထန်ရွေ့ပိုင်က ပြောလိုက်၏။ "ငါလည်း လိုင်ချီးသီးစားချင်တယ်။ နင်အဲ့ဒီကိုရောက်တဲ့အခါ အခုလိုရယ်နိုင်ဦးမလား စောင့်ကြည့်ကြတာပေါ့ဟယ်" 


"ဖြစ်နိုင်တာက လှေပေါ်ကနေ ဆင်းလိုက်တာနဲ့ ရက်အနည်းငယ်အတွင်း နင် ငိုပြီးပြန်လာလိမ့်မှာ" 


လော့ပေပေ ထိုအကြောင်းကို တွေးပြီးနောက် ချင်းရို့အား တစ်ဖန်ပြန်ကြည့်ကာ အနည်းငယ် ပိုပြီးသက်တောင့်သက်သာရှိလာသလိုပင်။ 


လုမျိုးရိုးအမည်နဲ့ အရာရှိက တခြားမိန်းကလေးတစ်ယောက်ကို ဒုက္ခရောက်အောင်လုပ်ဖို့ တွန့်ဆုတ်နေခဲ့သည်မို့ ဒီလိုမိုက်မဲတဲ့မိန်းကလေးကိုပဲ လူသူကင်းမဲ့တဲ့ကျွန်းတွင် နေထိုင်စေပြီး ဒုက္ခခံရအောင်လို့ လှည့်စားခဲ့တာပဲ ဖြစ်ရမယ်။ 


"နင်ရောက်သွားပြီဆို ငါတို့ဆီ စာတစ်စောင်ရေးပြီး ဓာတ်ပုံတစ်ပုံလည်း ပို့ရမယ်နော်!" 


သူမက သေချာပေါက် ငိုယိုနေပြီးတော့ ပြန်လာဖို့ သောင်းကျန်းနေမှာပဲ။ 


"ငါတို့ အခွင့်အရေးရရင် နင်နဲ့တွေ့ဖို့ ကျွန်းဆီ သေချာပေါက် လာခဲ့မယ်နော်"


xxx