အပိုင်း (၁၉)
ကော်ဖီဆိုင်တစ်ဆိုင်၌ လုယန်နှင့် ဝမ်ယွမ်ကျန်းတို့က မျက်နှာချင်းဆိုင်ထိုင်ကာ နေ့လည်စာစားနေခဲ့ကြ၏။
"လုယန်... မင်းတကယ်စဉ်းစားပြီးပြီလား?" ဝမ်ယွမ်ကျန်းက ငရုတ်ဆော့စ်ပုလင်းအဖုံးကို ဖွင့်လိုက်လေသည်။ သူက စီချွမ်ဇာတိဖြစ်၍ အစပ်မရှိဘဲ မနေနိုင်သဖြင့် သူ့အမေလုပ်ပေးထားတဲ့ ငရုတ်ဆော့စ်တစ်ပုလင်းကို ယူလာရ၏။
အချို့ဟင်းလျာတွေက ငရုတ်သီးပါကိုပါရမှာကွာ။
လုယန်က ပြောလာခဲ့၏။ "မင်းငါ့ကို မျှပေးဦး၊ အနာဂတ်မှာလည်း ငါငရုတ်သီးကို စစားတော့မှာ" ကျောင်းသောင်မှ လူတစ်ယောက်အနေနှင့် အရင်က သူအစပ်မစားခဲ့ပေ။
ယခုအခါ သူက ငရုတ်သီးလေးနဲ့ အိမ်ထောင်ပြုလိုက်ပြီမို့ ငရုတ်သီးကို စမ်းစားကြည့်ရမှာပေါ့။
ဝမ်ယွမ်ကျန်းက သူ့အတွက် ငရုတ်ဆော့စ် ဇွန်းသေးသေးလေးတစ်ဇွန်းစာကို ခပ်ထည့်ပေးလိုက်၏။ သူ့အမေလုပ်ထားတဲ့ ငရုတ်ဆော့စ်ဟာ နာနတ်ပွင့်နှင့် ပန်းငရုတ် စသဖြင့် ဟင်းခတ်အမွှေးအကြိုင်များ ပေါင်းထည့်ထားပြီး အထူးပြုလုပ်ထားခြင်းပင်။ ယင်းက အရသာလည်းစပ်သလို အနံ့လည်းမွှေးလေရာ ငရုတ်သီးအနီကလည်း အတော်လေးစပ်လေသည်။
ငရုတ်ဆော့စ်တွင် နာနတ်ပွင့်အနည်းငယ်ပါ၍ ထူးထူးဆန်းဆန်း အချိုအရသာကို ရောနှောခံစားနိုင်သလို အရသာအရမ်းရှိကာ သူ့အကြိုက်နှင့်ကိုက်ညီသဖြင့် အနှီငရုတ်ဆော့စ်နှင့်ဆိုပါက ထမင်းပန်းကန်အများကြီး သူစားနိုင်ပေသည်။
လုယန်က ဘန်းမုန့်ပေါင်းကို ပွင့်ဟအောင် ဆွဲဖြဲလိုက်ပြီး ငရုတ်ဆော့စ်နည်းနည်းထည့်လိုက်ကာ သူ့ပါးစပ်ထဲတွင် နှစ်ကြိမ်ခန့် ဝါးကြည့်ပြီးနောက် စကားမပြောနိုင်ဖြစ်သွားရ၏။
ဝမ်ယွမ်ကျန်းက သူ့မျက်နှာကို မြင်လိုက်သည်နှင့် သူတအားစပ်သွားသည်ကို သိလိုက်ပြီး စိတ်ထဲမှာ အော်ရယ်နေခဲ့လေသည်။
"မင်းကိုကြည့်စမ်း၊ အနာဂတ်မှာတော့ မင်းရဲ့အစားအသောက်နဲ့ပတ်သက်ပြီး ပြဿနာရှိမှာ သေချာတယ်ကွာ"
လုယန်က ပေါ့ပေါ့ပါးပါးနဲ့ ပြောလာ၏။ "ငါအစပ်စားနိုင်ဖို့ သင်ယူမှာပေါ့"
ဝမ်ယွမ်ကျန်း: "…"
ဒီလိုစကားတွေက ရေးတေးတေးလေး ရင်းနှီးနေသလိုပင်။ သူနှင့် ရှောင်းမာတို့ ရန်ဖြစ်ကြသည့်အချိန်မှာ သူတို့ရဲ့ အနာဂတ်ဘဝအကြောင်းကို နေ့တိုင်းပြောဆိုခဲ့ကြ၏။ ရှောင်းမာက ပင်းချန်ဇာတိဖြစ်၍ အစပ်မကြိုက်သောကြောင့် ဝမ်ယွမ်ကျန်းက သူမအတိုင်း အစပ်မစားဘဲနေမယ်လို့ ပြောခဲ့သေးသည်။
"မင်းမိသားစုရဲ့ ငရုတ်ဆော့စ်က ကောင်းသားပဲ၊ ငါ့ကို တစ်ပုလင်းပေးဦး" လုယန်က ဘန်းမုန့်ပေါင်းကို နှစ်ခု၊ သုံးခုလောက်စားပစ်လိုက်ပြီး အိပ်ဆောင်ကို ပြန်သွားခဲ့၏။
"ဒေါသအိုးလေးနဲ့ လက်ထပ်လိုက်တာ မင်းအတွက် ကောင်းသားပဲ!" ဝမ်ယွမ်ကျန်းသည် လုယန်လက်ထပ်လိုက်သည့် မိန်းကလေးအကြောင်း သိထားပြီးဖြစ်လေသည်။
ပြောစရာမလိုအောင်ပင် ချင်းရို့မှာက မကောင်းတဲ့ ဂုဏ်သတင်းတစ်ချို့ ရှိနေတယ်လေ။
လုယန်နာမည်နှင့် သူမကို အတူတူပေါင်းထည့်လိုက်သည်မှာ လူတွေရဲ့ ဦးရေပြားကို ပိုလို့တောင် စပ်ဖျင်းဖျင်းဖြစ်လာစေလျက်။
သူတို့နှစ်ယောက် အိပ်ဆောင်ဆီ ဝင်လာခဲ့ပြီးနောက် ဝမ်ယွမ်ကျန်းဟာ လုယန်ရဲ့ အိပ်ယာဘေးမှ ရေဒီယိုကို တစ်ချက်ကြည့်လိုက်၏။ ရေဒီယိုမှာ လက်ရှိဈေးကွက်၏ နာမည်ကြီးရေဒီယိုများထက် ပို၍သေးလေသည်။ လုယန်က ၎င်းကို ဧရိယာတိုင်ပေါင်းထည့်လိုက်ကာ ကြည်လင်ပြတ်သားတဲ့အသံဖြင့် အကောင်းဆုံးတစ်ခုဖြစ်လာစေရန် မနေ့ညက ပြုပြင်ထားခဲ့ခြင်းပင်။
ယင်းမှာ လောင်ရှဲ့က ဝယ်လာခဲ့ခြင်းပင်။
ချင်းရို့ရဲ့ ဂုဏ်သတင်းကို လူတိုင်းကြားပြီးကြပြီးနောက် သူတို့အားလုံးဟာ တိတ်ဆိတ်စွာ ပိုက်ဆံစုလိုက်ကြပြီး သူတို့ရဲ့ ကောင်းချီးဆုတောင်းကို ထုတ်ဖော်ပြရန်အတွက် ပို၍စျေးကြီးပြီး တန်ဖိုးကြီးသော ရေဒီယိုတစ်လုံးကို ရဲဘော်ရှောင်လုအားပေးရန် ဆုံးဖြတ်လိုက်ကြ၏။
အဲ့ဒီအကြောင်းကို တွေးကြည့်ရင်… အိမ်ထောင်ပြုပြီးနောက် ရဲဘော်ရှောင်လုရဲ့ ဘဝဟာ လွယ်ကူတော့မှာ မဟုတ်ဘူးပဲ။
လုယန်က ရေဒီယိုကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ယွမ်ကျန်းအား ရင်နာစရာကောင်းလှတဲ့ စကားကို ပြောလိုက်လေ၏။ "နောင်ကျ ချုံကျိုးကျွန်းကို မင်းရောက်တဲ့အခါ ငါ့အိမ်မှာ ရေဒီယိုလာနားထောင်လို့ရတယ်နော်"
ဝမ်ယွမ်ကျန်းမှာ လွန်ခဲ့တဲ့တစ်လကပင် သူ့အား အလားတူပြောခဲ့တာဖြစ်၍ ယခုဆို မူလစကားလုံးအတိုင်း သူပြန်ပြောနိုင်ခဲ့လေပြီ။
ဝမ်ယွမ်ကျန်းနှင့် တစ်ခန်းတည်းအတူနေရသဖြင့် လုယန်မှာ ရွေးချယ်စရာမရှိဘဲ ဒီကောင်ရဲ့ အနာဂတ်ဘဝအကြောင်းနဲ့ပတ်သက်တဲ့ မရေမတွက်နိုင်တဲ့ စိတ်ကူးတွေကို နားထောင်ခဲ့ရတာဖြစ်သည်။ သူတို့လို နိုင်ငံရေးနယ်ပယ်အရာရှိအားလုံးက စကားကြောရှည်တဲ့ကောင်တွေပဲ။
အခုတော့ ဒီကောင် ဝဋ်ပြန်လည်ပြီပေါ့ကွာ။
လုယန်က သူ့ခေါင်းနောက်တွင် လက်နှစ်ဖက်ကို ခေါက်ထားကာ ကုတင်ပေါ်၌ လဲလျောင်းနေပြီး လေတောင်ချွန်နေလိုက်သေး၏။ အခုဆို အသင်းခေါင်းဆောင်ဟောင်းတွေရဲ့ ပျော်ရွှင်မှုကို သူ အပြည့်အဝ ခံစားနေရပါပြီနော်။
- ငါ့မှာ မိန်းမရှိပြီလေ၊ ဒါပေမဲ့ မင်းမှာမရှိဘူး!
ဝမ်ယွမ်ကျန်း: "…"
အနာပေါ် တိတိကျကျဓားထိုးခံလိုက်ရသဖြင့် ဝမ်ယွမ်ကျန်းမှာ အသက်ရှူကျပ်လုနီးနီးဖြစ်ကာ အသက်ဝဝရှူပြီးသည့်နောက်မှ အံကြိတ်လျက် ပြောလာ၏။ "ရဲဘော်လု သုံးလကြာရင် မဟုတ်ဘူး နှစ်လလောက်ကြာရင် မင်း ငါ့ကို ဒီစကားတွေ ပျော်ပျော်ကြီး ပြောနိုင်ဦးမလား ငါကြည့်ချင်ပါသေးတယ်ကွာ"
"သတင်းပို့ပါတယ်! လုယန်က ဒီတာဝန်ကို အောင်အောင်မြင်မြင် ပြီးမြောက်မယ်ဆိုတာ သေချာပါတယ်!" လုယန်က ထရပ်ကာ သတင်းပို့သည့်ပုံစံလိုမျိုး အလေးပြုဟန် သူ့လက်ကို မြှောက်လိုက်ပြီးမှ ငါးဆားနယ်တစ်ကောင်ကဲ့သို့ လှဲချလိုက်ကာ တက်ကြွစွာ လေချွန်လိုက်ပြန်၏။
ရေတပ်သင်္ဘောကျင်းပေါ်၌ လေထဲတွင် ပျံ့လွင့်နေသော အလံတစ်ခုကဲ့သို့ သာယာသော ဝီစီသံထွက်ပေါ်လာလေ၏။
ဝမ်ယွမ်ကျန်း: "…"
လုယန် မင်းမှတ်ထားလိုက်စမ်းပါ!
ဒီကောင်က အလှကြောင့် မျက်စိကန်းသွားပြီပဲကွာ!
ဝမ်ယွမ်ကျန်းက ချင်းရို့၏ ပုံပန်းသွင်ပြင်ကို မမြင်ဖူးသေးသော်လည်း သူမနာမည်ကိုတော့ ကြားဖူးလေသည်။ အနှီငရုတ်သီးလေးဟာ ဒေါသကြီးတဲ့ စရိုက်ရှိသလို အရမ်းလှပတယ်ဆိုပဲ။
ငရုတ်သီးဆိုတာက သာမန်လူတွေ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
သည့်အပြင် ပိုဆိုးသည်ကား ဒီကောင့်စိတ်ကလည်း လက်တစ်ဆစ်ရယ်။
အချိန်အခါကျတော့မှ လုယန်ဟာ သူမှားသွားကြောင်းကို သိသွားပါလိမ့်မယ်။
"ငါအရင်သွားတော့မယ်၊ ချုံကျိုးကျွန်းမှာတွေ့ကြမယ်ကွာ" ဝမ်ယွမ်ကျန်းရဲ့ လေ့ကျင့်ရေးမစ်ရှင်မှာ ပြီးဆုံးသွားခဲ့ပြီး ရက်အနည်းငယ်အတွင်း ချုံကျိုးကျွန်းသို့ အပြေးအလွှားသွားခဲ့ရလေသည်။
xx