အပိုင်း (၂၀)
လုယန်က ပရောဂျက်အများအပြားတွင် ပထမနေရာရရှိခဲ့ပြီး စုစုပေါင်းအဆင့်၌ပင် ပထမနေရာရခဲ့သေး၏။ သူ့ကို အခြားသောထရိန်နာများအား တစ်ပတ်ခွဲခန့် သင်ကြားစေပြီးမှ ပို့ချချက်ပြီးဆုံးမှသာ ချုံကျိုးကျွန်းသို့ ထွက်ခွာစေလိုခဲ့ကြ၏။
ဝမ်ယွမ်ကျန်းမှာ အံကြိတ်ကာဖြင့် သူရော လုယန်ပါ ချုံကျိုးကျွန်းသို့ သွားရမည်ဖြစ်၍ တိတ်တဆိတ် ပျော်ရွှင်နေလျက်။ သူကျွန်းကိုရောက်တဲ့အခါ အဲ့ဒီစုံတွဲက လက်ထပ်ပြီးရင် ဘယ်လိုနေထိုင်ကြမလဲဆိုတာကို သူ့မျက်စိနဲ့ သေချာမြင်တွေ့ရတော့မှာပဲ။
ရဲဘော်လုရေ၊ မင်း ကျွန်းကို ရောက်မလာခင်မှာ မင်းရဲ့ရဲဘော်ရဲဘက်တွေက ဝိုင်နှစ်ပုလင်းကို သေချာပြင်ဆင်ပေးထားမယ်ကွာ။ အဲဒီအချိန်ရောက်လာခဲ့ရင် မင်းရဲ့အိမ်ကို ငါတို့အတူတူလာကြမှာ၊ ပြီးရင် မင်းဝိုင်သောက်တာကို ငါတို့စောင့်ကြည့်နေမှာကွာ။
ဟမ့် ဝိုင်ပုလင်းနည်းနည်း ထပ်ပြင်ဆင်ထားရမယ်။
***
ချင်းရို့က သူမရဲ့ ခရီးဆောင်အိတ်အားလုံးကို ထုပ်ပိုးထားပြီးဖြစ်၏။ တပ်ရင်းက သူမအတွက် နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပပေးခဲ့ကာ သူမရဲ့ စစ်ယူနီဖောင်းကို ပြန်ယူလိုက်ပြီး သူမသည်လည်း တပ်မတော်မှ တရားဝင်နုတ်ထွက်ခဲ့လေသည်။
သူမမှာလည်း ပိုင်ဆိုင်မှုအများကြီးရှိမနေခဲ့၍ ခရီးဆောင်အိတ်ကြီးတစ်လုံးနှင့် သူမရဲ့ အပေါင်းအဖော်များက ပေးပို့တဲ့ပစ္စည်းများကိုသာ ထုပ်ပိုးထားလိုက်၏။ သူမရဲ့ပစ္စည်းတွေကို အောက်ထပ်ကို ယူသွားကာ လုယန်က သယ်ပေးခဲ့သည်။
ချင်းရို့သည် သူက ပစ္စည်းတွေကို လွယ်လွယ်ကူကူ မနိုင်ပြီး အေးအေးဆေးဆေးလမ်းလျှောက်နိုင်သည်ကို မြင်တော့ မလေးစားမိဘဲမနေနိုင်ချေ။
သူမ ထွက်ခွာသွားချိန်၌ လူအချို့က သူမကို လိုက်ပို့ကြလေသည်။
ချင်းရို့က လူအုပ်ထဲမှ ရွှယ်ထင်ထင်ကို ကြည့်ကာ လက်ရှိတစ်ယောက်မှာ လျောင်ထင်ထင်ပဲလို့ သူမလည်း ခန့်မှန်းမိသည်ပင်။
လျောင်ထင်ထင်ဟာ သူမကိုယ်တိုင်ရေးတဲ့စာအုပ်ထဲက ဇာတ်လိုက်ဖြစ်ခဲ့သော်လည်း သူမရဲ့သီချင်းဆိုစကေးမှာ အရင်လိုမကောင်းဘူးလို့ ချင်းရို့ကြားမိတယ်... တိုတိုပြောရရင်တော့ ဒါက သူမရဲ့ကိစ္စမဟုတ်ပါဘူး၊ နောင်အနာဂတ်မှာလည်း သူမတို့က တွေ့ကြတော့မှာမဟုတ်ဘူးလေ။
ရွှယ်ထင်ထင်က လင်းချန်ရန်ကို စောစောအမိဖမ်းနိုင်ဖို့ ဆုတောင်းပေးလိုက်မှာပါ။
ချင်းရို့က လုယန်နှင့်အတူ ကားစီးလာခဲ့ပြီး စိုက်ပျိုးရေးခြံဆီကို ရောက်လာခဲ့၏။ မကြာခင်မှာ သူမရဲ့အစ်မဖြစ်သူ ချင်းမျန့်အား တွေ့ရတော့မည်ကို တွေးမိလိုက်သဖြင့် ချင်းရို့မှာ စိတ်လှုပ်ရှားလာလျက်။ နောက်ဆုံးတစ်ခေါက်က သူမတစ်ယောက်တည်းလာခဲ့သော်လည်း အခုချိန်မှာတော့ သူမက အိမ်ထောင်ပြုပြီးသွားကာ သူမရဲ့'ခင်ပွန်း'ကို ခေါ်လာခဲ့သည်ပင်။
ချင်းမျန့် လန့်သွားမှာပဲနော်။
သူမ စိတ်လှုပ်ရှားလာသည့်အခါ သူမလက်ထဲမှာ တစ်ခုခုကို ဆုပ်ကိုင်ထားချင်ပေမယ့် လက်ဗလာဖြစ်နေခဲ့၏။ လုယန်က သူမရဲ့ ခရီးဆောင်အိတ်များအားလုံးကို ကိုင်ထားကာ ပစ္စည်းအများအပြားကို သယ်ထားသော်လည်း သူက ချွေးထွက်ခြင်းမရှိ၊ အသက်ရှူမဝသလိုလည်းမဖြစ်ဘဲ စိုက်ပျိုးရေးခြံဆီသို့ သူမသွားရာအတိုင်း အေးအေးသက်သာ လိုက်လာခဲ့သည်။
ချင်းရို့က မျက်လုံးထောင့်ကနေ သူမဘေးနားမှလူရဲ့ ဘေးတိုက်မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သူဘယ်လိုခံစားရလဲဆိုတာကို မပြောနိုင်ပေမယ့် လူတစ်ယောက်က သူမပစ္စည်းများကို ကူသယ်ပေးတာက တကယ်ကောင်းတယ်ဆိုတာ ဝန်ခံရပေမည်။
"ရှင်... ရှင် နည်းနည်းဖြေးဖြေး လျှောက်လို့ရမလား?"
ပစ္စည်းများစွာကို သယ်ထားရင်း ခြေတံရှည်ကြီးဖြင့် လမ်းမြန်မြန်လျှောက်နေသူကို ချင်းရို့မှာ အမီလိုက်နိုင်ရန် ပြေးလုမတတ်ပင်ဖြစ်နေရလျက်။
လုယန်မှာ သူမစကားတွေကို ကြားလိုက်ပြီးနောက် ခြေလှမ်းကိုနှေးချလိုက်၏။
သူတို့နှစ်ယောက် ချန်အိမ်သို့ ရောက်သည့်အခါတွင် ပထမဦးဆုံးအကြိမ် လာလည်သည်ဖြစ်၍ ဝိုင်နှင့် သကြားကိတ်များအားလုံးကို ထုတ်ယူလိုက်လေသည်။
ချင်းမျန့်က အိမ်မှာ အလုပ်ရှုပ်နေမှာမို့ တံခါးခေါက်စရာမလိုတော့ပေ။
ချင်းရို့က သူမခေါင်းလေးကို တံခါးကြားထဲ တိုးဝင်လျက် မဝံ့မရဲအော်ခေါ်လိုက်ရင်း "မမရေ"
ချင်းမျန့်ခမျာ ထူးဆန်းသလိုရော အံ့သြသွားသလိုပါ ခံစားလိုက်ရ၏။ အားလပ်ရက်မဟုတ်ချိန်မှာ သူမရဲ့ညီမပြန်လာခဲ့တာ ရက်ပိုင်းပဲရှိသေးတာလေ။ ပြန်လာချိန်တုန်းကလည်း သူမရဲ့ညီမက အရာရှိငယ်ငယ်လေးတစ်ယောက်နှင့် ဘလိုင်းဒိတ်တွေ့ဖို့ရှိတယ်လို့ပြောခဲ့တာကို သူမမှတ်မိပါသေးတယ်။ အခုတော့ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို သူမမသိတော့ဘူး။
သူမ စိတ်လှုပ်ရှားသွားကာ တံခါးဝဆီ အမြန်ပြေးလာခဲ့ပြီး ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ ကောင်မလေးကို အိမ်ထဲ ဆွဲခေါ်ရန် ကြိုးစားလိုက်လေသည်။ သို့သော်လည်း သူမ တံခါးဝသို့ရောက်သည့်အခါ အိမ်အပြင်ဘက်တွင် အပြင်လူအများကြီးရှိနေသည်ကို တွေ့လိုက်ရ၏။
— အားလုံးက စိတ်လှုပ်ရှားစရာကို လာကြည့်ကြတာပဲ။
ချင်းရို့နှင့် လုယန်တို့နှစ်ယောက် စိုက်ပျိုးရေးခြံအနီးတစ်ဝိုက်မှာ ပေါ်လာသည်နှင့် လူပေါင်းများစွာ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ သူမက ချင်းမျန့်ညီမဖြစ်၍ သူမကိုသိကြသော်လည်း ချင်းရို့ဘေးမှ စစ်တပ်ယူနီဖောင်းနှင့် အရပ်ရှည်ရှည်အမျိုးသားဟာ မျက်စိဖမ်းစားဖွယ်ပင်။
ဒီလို ငယ်ရွယ်ချောမောလှတဲ့ လူငယ်လေးက ဘယ်ကလာတာပါလိမ့်?
ထိုခေတ်အခါ၌ ဖျော်ဖြေရေးလှုပ်ရှားမှုတွေ မရှိသေးသဖြင့် တစ်ခုခုထူးဆန်းတာ ဖြစ်လာသည်နှင့် လူတိုင်းက အလုပ်တွေကို ဘေးဖယ်ကာ အပျော်ကြည့်ဖို့ လာကြလိမ့်မည်ဖြစ်၏။
"မင်းက-" ချင်းမျန့်က ကြောင်အသွားရလျက်၊ ဒီလောက်လူတွေအများကြီးက ဘာလို့ သူမရဲ့ညီမလေးအနောက်ကို လိုက်လာရတာလဲ? သူမရဲ့ညီမလေးက ဘာများဖြစ်လို့ပါလိမ့်?
ချင်းရို့က လုယန်နှင့် မိတ်ဆက်ပေးလာခဲ့၏။ "မမရေ သူက အရင်တစ်ခေါက်က ငါပြောတဲ့ ရဲဘော်လုယန်လေ။ ငါတို့ လက်ထပ်ပြီးသွားကြပြီ"
ဘေးဘက်မှ လုယန်က ယဉ်ကျေးစွာ နှုတ်ဆက်လာကာ "ဘာလို့လဲဆိုတော့ ကျွန်တော်က ပြောင်းရွှေ့ရတော့မှာမို့လို့ပါ၊ အဲ့ဒါကြောင့် လက်ထပ်ခွင့်လျှောက်လွှာကို အရင်တင်လိုက်မိတယ်။ ကျွန်တော် အစ်မဆီ အရင်လာမတွေ့လိုက်ရလို့ အစ်မခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်ဗျာ"
"ဘာ?!" ချင်းမျန့်က ရုတ်တရက်ပစ်ချလိုက်တဲ့*ဗုံးကြောင့် ထိတ်လန့်သွားရလျက်။ (*သတင်း)
သူမက လုယန်ကို ကြောင်အအဖြင့် စိုက်ကြည့်နေလျက်... လက်ထပ်ပြီးသွားကြပြီ?
နောက်ဆုံးတစ်ခေါက် သူမပြန်လာတုန်းက ဘလိုင်းဒိတ်သွားတွေ့မယ်လို့ပဲ ပြောသွားခဲ့တာမဟုတ်လား? ဒါပေမဲ့ အခုတော့ လက်တောင်ထပ်ပြီးသွားပြီတဲ့လားဟ?
ထို့နောက် အနှီရှောင်တိတိလေးဟာ အရမ်းကို ချောတာပဲဆိုတာကို သူမသိလိုက်ရ၏! သူ့ရဲ့ မျက်နှာသွင်ပြင်ကလည်း ရဲရင့်သည့်ဟန်ပန်ရှိလျက်၊ နှာတံခပ်ဖြောင့်ဖြောင့်နှင့် မျက်ခုံးတွေကလည်း ထက်မြက်သည့်အလား။
ဘုရားရေ! ဒီချောမောတဲ့ ရှောင်တိတိလေးက သူမရဲ့မတ်လေးပေါ့! ရေတပ်အရာရှိလူငယ်လေးပေါ့!
ချင်းမျန့်က လုယန်ကို လမ်းဖွင့်ပေးကာ အိမ်ထဲမှာ ပစ္စည်းချထားရန် ညွှန်ကြားလိုက်ပြီးနောက်မှ ချင်းရို့လက်ကို အမြန်ဆွဲကာ တီးတိုးပြောရန် ဘေးကို ဆွဲခေါ်သွားလေ၏။
ချင်းရို့နှလုံးခုန်သံ မြန်လာခဲ့ပြီး ချင်းမျန့်က သူမရဲ့ ကတိုက်ကရိုက်အိမ်ထောင်ရေးအကြောင်းကို အပြစ်တင်တော့မယ်လို့ ထင်ခဲ့သော်လည်း ဤသိမ်မွေ့နူးညံ့တဲ့ အစ်မဟာ လက်မထောင်ပြလာလိမ့်မယ်လို့ ဘယ်သူသိမှာလဲနော်။
အစ်မဖြစ်သူက သက်ပြင်းချရင်း "ညီမလေးရေ နင်ကအရမ်းတော်တာပဲဟာ!"
ချင်းမျန့်က ဘာမေးခွန်းမှ ထပ်မေးစရာမလိုတော့ဘဲ အရာအားလုံးဟာ ရှင်းရှင်းလင်းလင်းဖြစ်နေပြီဟု ခံစားမိလေသည်။
လုမိသားစုမှ ရှောင်တိတိလေးက ပထမအကြည့်မှာတင် အားကိုးလို့ရပုံပဲ။ သူက ဖြောင့်မတ်သလို သဘောထားလည်းကြီးပုံရကာ အလွန်တရာချောမောလေ၏။ လက်ထပ်မှတ်ပုံတင်ရဖို့ သူ့ကို ဆွဲခေါ်သွားတဲ့သူက သူမရဲ့ညီမလေးပဲ ဖြစ်ရမယ်။
သူမကို ဘယ်လို အပြစ်တင်နိုင်မလဲ? ချင်းမျန့်သည် သူမ လက်မထပ်ခင်တုန်းက စာမတတ်ပေမယ့် စာတတ်ပေတတ်သူတစ်ဦးနှင့် လက်ထပ်ပြီးနောက်တွင် သူမက ဤနှစ်တွေတစ်လျှောက် အသိပညာများ တိုးပွားလာခဲ့သည်ပင်။
တောင်ပေါ်ရှိ မိန်းကလေးများကဲ့သို့ စာပေတတ်ကျွမ်းသူများလောက် မတင်းကြပ်ကြသဖြင့် သူမချစ်ရတဲ့သူနဲ့ တွေ့သည့်အခါ သူမကလေးဘဝကတည်းက ကြားခဲ့ရတဲ့ ပုံပြင်တွေအားလုံးဟာ ရှေးကျေးလက်ရိုးရာတေးသီချင်းများဖြစ်သွားကြသလိုပင်။
သူမတို့မွေးရပ်မြေက ထွက်ခွာလာပြီးနောက် ညီအစ်မနှစ်ယောက်ပဲ ကျန်တော့တာဖြစ်သည်။ ညီမဖြစ်သူ ချင်းရို့က ခင်ပွန်းတစ်ယောက်ကို ရှာဖွေနေရာ သူမလေး ဆန္ဒရှိနေသရွေ့တော့အစ်မတစ်ယောက်အနေနဲ့ ဘာမှပြောစရာမရှိပါဘူးလေ။
ထို့ထက်မကပင် ဒီလိုချောမောတဲ့ အရာရှိလူငယ်တစ်ဦးနှင့် တွေ့ဆုံပြီးနောက် အမြန်အခြေချလိုက်တာက ပိုကောင်းတာပေါ့။
ချင်းရို့: "…"
— ဘာကိုတော်တာတုန်းဟ?
xxx