အပိုင်း ၈၅ ( Little White Face 13 )
Viewers 10k

" စစ်ဆေးချက်အရ... သွေးတွင်းသကြားဓာတ်... "


" ပြဿနာမရှိပါဘူး... "



ယန်ကျင်းဇီ သတိပြန်လည်လာပြီးနောက် ပထမဆုံး လုပ်သည့်အရာမှာ သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခြင်း ဖြစ်သည်။


စိတ်ဝိညာဉ်စွမ်းအားက ကောင်းမွန်လွန်းသဖြင့် သူသည် ၎င်းကို သူ့မျက်လုံးများကဲ့သို့ပင် အသုံးပြုသည်။


ယန်ကျင်းဇီသည် စာသင်ခန်းတစ်ခန်းထဲ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်... မဟုတ်ဘူး၊ ဤသည်ကား စာသင်ခန်း မဟုတ်ချေ။ ဤသည်ကို ဆေးရုံခန်းတစ်ခန်း အဖြစ် ပြောင်းလဲထားသည်။


ကျယ်ဝန်းသော စာသင်ခန်းတွင် ဆေးရုံကုတင် ဆယ်ခု ရှိသော်လည်း သူသည် တစ်ဦးတည်းသော လူနာဖြစ်သည်။ ထိုအချိန်တွင် ကျိုးဝမ်ရှိူ့သည် သူ့ဘေးတွင် ရပ်ကာ ကုတ်အင်္ကျီဖြူဝတ်ထားသည့် လူတစ်ယောက်ကို မေးသည်။ " သူ တကယ် အဆင်ပြေရဲ့လား? "


" ဥက္ကဌ၊ သူ့ခန္ဓာကိုယ်က တကယ် အဆင်ပြေတယ်။ အလွန်ဆုံး သူက ပင်ပန်းနေရုံပါပဲ။ " ကုတ်အင်္ကျီဖြူနှင့် လူက ကူကယ်ရာမဲ့စွာ ပြောသည်။


ယနေ့ ကျိုးဝမ်ရှိူ့ အခြေစိုက်စခန်းသို့ ပြန်ရောက်ပြီးနောက် သူသည် ယန်ကျင်းဇီကို ဆေးရုံသို့ ခေါ်ဆောင်ကာ ဆရာဝန်အား ယန်ကျင်းဇီကို စစ်ဆေးစေသည်။


စစ်ဆေးချက်ရလဒ်များအရ ယန်ကျင်းဇီသည် ကျန်းမာရေးကောင်းမွန်ပြီး ပြဿနာလုံးဝမရှိချေ။


သူက မူးဝေချင်ယောင်ဆောင်နေသည်ဟု ဆရာဝန်ကတောင် သံသယဖြစ်မိသည်...


သို့သော် ကျိုးဝမ်ရှိူ့သည် ဆရာဝန်၏ စကားကို သဘောမတူဘဲ အနည်းငယ် မျက်မှောင်ကြုံ့လိုက်သည်။


" ဝမ်ရှိူ့၊ ငါ တကယ် အဆင်ပြေပါတယ်။ နည်းနည်းလေး အားနည်းနေရုံပဲ... " ယန်ကျင်းဇီ မျက်လုံးဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ဆိုးရွားသော အခြေအနေ ဖြစ်နေပြီး သူလည်း အတော်လေး အားကိုးရာမဲ့နေသည်...


ကောင်းပြီ။ အမှန်တကယ်တော့ သူ့ခန္ဓာကိုယ်က ဆိုးရွားနေခြင်း မဟုတ်ဘဲ အဓိကအကြောင်းမှာ သူ၏ စိတ်ဝိညာဉ်စွမ်းအားက သန်မာလွန်းနေသောကြောင့် ဖြစ်သည်။


သူ မြန်မြန်လေး လေ့ကျင့်ခန်းလုပ်ရမယ်!


" မင်းပုံစံက တော်တော်ဆိုးနေတယ်။ " ကျိုးဝမ်ရှိူ့ မျက်မှောင်ကြုံ့လိုက်သည်။ အမှန်တော့ ယခင်က ယန်ကျင်းဇီ၏ ခန္ဓာကိုယ်အပူချိန်မှာ အနည်းငယ် မြင့်နေခဲ့သည်...


" ငါ တကယ် အဆင်ပြေတယ်။ ငါ အိမ်ပြန်ချင်ပြီ။ " ယန်ကျင်းဇီက ကျိုးဝမ်ရှိူ့ကို ပြုံးပြသည်။


ဆရာဝန်သည် ယန်ကျင်းဇီ၏ ပြဿနာကို မမြင်နိုင်သဖြင့် ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို အိမ်သို့သာ ပြန်ခေါ်သွားနိုင်သည်။


ယန်ကျင်းဇီသည် အိမ်ပြန်ပြီး အခန်းထဲတွင် လှဲချလိုက်သည်။


သူသည် ယနေ့တွင် ကိစ္စများစွာကို ကြုံတွေ့ခဲ့ရသော်လည်း သူသည် အကာအကွယ်အဝတ်အစားများ ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်မှာ မညစ်ပတ်ပေ။ အများဆုံးမှာ သူ ချွေးနည်းနည်းထွက်ထားရုံ ဖြစ်သည်။


အဓိကကတော့ သူ ရေမချိုးနိုင်တာပဲ! သူ အရမ်းအဆင်မပြေဖြစ်တယ်!


ခုတင်ပေါ်တွင် ခဏတာ လှဲလျောင်းပြီးနောက် ယန်ကျင်းဇီ သက်သာလာသည်။


ကျိုးဝမ်ရှိူ့သည် သူ့စီ အကြိမ်ပေါင်းများစွာ လာလည်ပြီး သူ့အတွက် အစားအစာနှင့် ရေကို ပြင်ဆင်ပေးထားသော်လည်း ယန်ကျင်းဇီသည် ရေဆာသောအခါ ရေခွက်ထဲမှ ရေမသောက်ပေ။


သူသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ရေဘောလုံးလေးတစ်လုံးက သူ့လက်ချောင်းထိပ်တွင် ပေါ်လာသည်။


ပါးစပ်ဖွင့်ပြီး ရေလုံးလေးကို စားလိုက်ပြီးနောက် ယန်ကျင်းဇီ သက်ပြင်းချလိုက်သည်။


ယနေ့တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် တစ်ခါတည်းနှင့် လျင်မြန်စွာ မြင့်တက်ခဲ့ပြီး ရလဒ်အားဖြင့်... မီးစွမ်းရည်မှလွဲ၍ သူ၏ အမျိုးမျိုးသော သဘာဝလွန်စွမ်းရည်များ နိုးထလာခဲ့သည်။


သူ၏ ခန္ဓာကိုယ်ထဲ၌ အလင်းအမျိုးအစားများစွာ ရှိသည်။ ယင်းကား အမှန်တကယ်တော့ သူသည် သဘာဝလွန်စွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်... သို့သော် သူ့ခန္ဓာကိုယ်ထဲမှ အလင်းရောင်က အနည်းငယ် အားနည်းလှသဖြင့် သဘာဝလွန်စွမ်းရည် တစ်ခုချင်းစီက အထူးအား‌ပျော့နေသည်။


ဥပမာအားဖြင့် ရေစွမ်းရည်သည် ရေဘောလုံးငယ်တစ်လုံးကိုသာ ပြုလုပ်နိုင်သည်။ လေစွမ်းရည်ကို လျှပ်စစ်ပန်ကာအဖြစ်သာ အသုံးပြုနိုင်သည်။ မြေကြီးစွမ်းရည်က သူ့ကို လက်ဖဝါးအရွယ်လောက် ရွှံ့စေးရုပ်တုအနည်းငယ်ကိုပဲ လုပ်ပေးနိုင်လောက်သည်။


ကံကောင်းထောက်မစွာဖြင့် သဘာဝလွန်စွမ်းရည်များသည် လူတစ်ဦး၏ ကိုယ်ကာယကို မြှင့်တင်ပေးနိုင်ပြီး သူ့ခန္ဓာကိုယ်ကို ပိုမိုသန်စွမ်းစေသည်။


ခုတင်ပေါ်တွင် လဲလျောင်းနေလျက်ဖြင့် ယန်ကျင်းဇီသည် ယနေ့ ကြုံတွေ့ခဲ့ရသည့် ကိစ္စများအားလုံးကို စတင်၍ ခွဲခြမ်းစိတ်ဖြာသည်။


ခဏအကြာတွင် သူသည် မတ်တပ်ထရပ်ပြီး လေးလံသော သူ့ခန္ဓာကိုယ်ကို ဆွဲယူကာ ကျိုးဝမ်ရှိူ့၏တံခါးကို ခေါက်လိုက်သည်။


ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီအကြောင်း စဉ်းစားနေပြီး ယန်ကျင်းဇီကို ထပ်တွေ့ရန် သွားရောက်တော့မည်အပြု တံခါးခေါက်သံကို ရုတ်တရက် ကြားလိုက်ရသည်... သူ့နှလုံးခုန်သံ ရုတ်တရက် မြန်လာသည်။


သူနဲ့ ယန်ကျင်းဇီသာ သူ့အိမ်ထဲတွင် ရှိနေလေရာ တခြားဘယ်သူက သူ့အခန်းတံခါးကို လာခေါက်ပါ့မလဲ? သေချာတာပေါ့၊ ယန်ကျင်းဇီကသာ ညဘက် သူ့အခန်းတံခါးကို လာခေါက်လိမ့်မည်။ သူ ဘာလုပ်ချင်တာလဲ?


ကျိုးဝမ်ရှိူ့ ဤသို့တွေးမိသောအခါ သူ၏ အသက်ရှူသံမှာ မလွှဲရှောင်သာ ပိုမိုမြန်ဆန်လာသော်ငြား မကြာမီပင် သူသည် ယနေ့တွင် ယန်ကျင်းဇီက သူ့နောက်လိုက်ပြီး လက်ထိမိရုံတင်မက သတိလစ်ခဲ့ကြောင်း ပြန်တွေးမိသွားသည်။


ဆရာဝန်က သူ အဆင်ပြေတယ်လို့ ပြောပေမယ့် ဒီအခြေအနေနဲ့ သူက ဘာလုပ်နိုင်မှာလဲ?


ကောင်းပြီ၊ ယန်ကျင်းဇီက ဘာမှမလုပ်နိုင်သော်လည်း သူက သူ့ကို တစ်ခုခုလုပ်စေချင်နေခြင်း ဖြစ်နိုင်လောက်သည်... မကြာသေးမီက ယန်ကျင်းဇီသည် သူ့ကို အမြဲတစေ လာရောက်ဖြားယောင်းနေသည်...


ဤသို့တွေးမိသော် ကျိုးဝမ်ရှိူ့သည် တံခါးဖွင့်၍ ညှို့ဓာတ်ကောင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ယန်ကျင်းဇီကို တွေ့ရန် အဆင်သင့်ပြင်လိုက်သည်။ 


သူသည်လည်း ယနေ့ နေ့ဘက်တွင် ချန်ရှုရှင်း ယန်ကျင်းဇီကို ပြောပြသော 'ဖြားယောင်းသွေးဆောင်မှု' အကြောင်းနှင့်ပတ်သက်သော ပုံပြင်များကို နားထောင်ခဲ့သည်...


ကျိုးဝမ်ရှိူ့သည် တခဏအတွင်း များစွာတွေးတောမိသော်လည်း တံခါးပွင့်သွားသောအခါ... သူသည် ထူထဲသော အိပ်ရာဝင်အင်္ကျီ ဝတ်ထားသည့် ယန်ကျင်းဇီကို တွေ့လိုက်ရသည်။


ကျိုးဝမ်ရှိူ့ ခဏတာ စိတ်ပျက်သွားသည်။


တခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီ အလွန်မသက်မသာဖြစ်နေသည်။ သူ့စိတ်ထဲတွင် အတွေးများနှင့် ပြည့်နှက်နေပြီး ကျိုးဝမ်ရှိူ့၏ စိတ်ပျက်သွားမှုကို သတိမပြုမိလိုက်ချေ။ သူသည် ကျိုးဝမ်ရှိူ့ကို ကြည့်လိုက်သည် : " ဝမ်ရှိူ့၊ ငါ မင်းကို ပြောစရာရှိတယ်။ "


" ဘာကိစ္စလဲ? " ကျိုးဝမ်ရှိူ့က မေးသည်။


" ဝမ်ရှိူ့၊ စခန်းမှာ သစ္စာဖောက်တွေ ရှိတယ်... ငါ သစ္စာဖောက်တွေက ဘယ်သူလဲ ဆိုတာ သိတယ်။ "


ကျိုးဝမ်ရှိူ့ မျက်မှောင်ကြုံ့လိုက်သည်။


ယန်ကျင်းဇီက ဆက်ပြောသည် : " အရင်က ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေ ငါ့ကို ပြန်ပေးဆွဲသွားတုန်း သူတို့က ငါ သတိလစ်နေတယ်လို့ ထင်ပြီး သူတို့ တစ်ခုခုပြောတာကို ငါ ကြားလိုက်တယ်... အဲ့တုန်းက ငါ စိတ်ရှုပ်ထွေးနေလို့ ငါ မှားကြားမိသလား မသိခဲ့ဘူး။ ပြီးတော့ သက်သေလည်း မရှိဘူးလေ။ ငါ ပြန်ရောက်လာပြီးနောက်မှာ ငါ မင်းကို မပြောပြရဲခဲ့ဘူး... "


" မင်း ဘာကြားခဲ့တာလဲ? " ကျိုးဝမ်ရှိူ့က မေးသည်။


ယန်ကျင်းဇီက ပြောသည်။ " ကျားဝမ်ဟန်က စခန်းကို လိုချင်တယ်လို့ သူတို့ ပြောတာကို ငါ ကြားခဲ့ရတယ်။ စခန်းကို ထိန်းချုပ်နိုင်အောင် သူက မင်းကို ဖယ်ရှားချင်နေတယ်... ပြီးတော့ ကျားဝမ်ဟန်က ဇွန်ဘီတွေကိုလည်း ထိန်းချုပ်နိုင်တဲ့ပုံပဲ။ "


ကျိုးဝမ်ရှိူ့၏အမူအရာမှာ လေးနက်လာသည်။


ယန်ကျင်းဇီ : " ငါ ပြောတာ အမှန်ပါပဲ။ "


ကျိုးဝမ်ရှိူ့ : " ငါ မင်းကို ယုံတယ်... ငါ အခု အပြင်သွားလိုက်ဦးမယ်။ "


ကျိုးဝမ်ရှိူ့က စကားပြောပြီးသည်နှင့် ချက်ချင်း အပြင်ထွက်သွားသည်။


သူသည် အချိန်အများစုတွင် နူးညံ့သော်လည်း အနိုင်ကျင့်နိုင်သည့် တစ်စုံတစ်ယောက် လုံးဝ မဟုတ်ဘဲ ကိစ္စများကို ပို၍ပင် ပြင်းထန်ပြတ်သားစွာ လုပ်ဆောင်တတ်သည်။


မနက်ခင်းစောစော၊ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းရှိ ဗီလာအိမ်တစ်လုံး၌။


ကျယ်ဝန်းသော ဗီလာအိမ်တွင် အဖိုးထိုက်တန်သော အလှဆင်ပစ္စည်းများ အများအပြား ရှိသဖြင့် ဗီလာတစ်လုံးလုံးကို အနည်းငယ် ကြွယ်ဝလွန်းစေနေသည်။


ဤအချိန်တွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးသည် အထဲတွင် ထိုင်နေပြီး မီးခိုးတိမ်များ ရှူထုတ်နေကြသည်။


မီးခိုးကွင်းများသည် တစ်ခုပြီးတစ်ခု ပြန့်ကျဲနေပြီး ဤလူများ၏ မျက်နှာများသည် မီးခိုးကွင်းများနောက်တွင် မှုန်ဝါးနေသောကြောင့် ရှင်းလင်းပြတ်သားစွာ တွေ့မြင်ရန် ခက်ခဲစေလျက်ရှိသည်။


ဤအချိန်တွင် မဟော်ဂနီဆိုဖာပေါ်တွင် ထိုင်နေသူများထဲမှ လူတစ်ဦးသည် စကားထပြောလာသည် : " ကျိုးဝမ်ရှိူ့က တကယ် ကံကောင်းတယ်။ သူက အကြိမ်ပေါင်းများစွာ လွတ်မြောက်သွားတယ်။ "


" ဒီနေ့ အဆင့်မြင့်ဇွန်ဘီတွေ အများကြီးနဲ့တောင်မှ သူက အသက်ရှင်နိုင်နေသေးတယ်... "


" အနာဂတ်မှာ စလုပ်ဖို့ ခက်ခဲလိမ့်မယ်။ "


" ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေအကုန်လုံး အမှိုက်တွေ။ အဲ့ဇွန်ဘီတွေလည်း အသုံးမကျဘူး! "



ဤလူများ စကားပြောနေစဉ် တစ်စုံတစ်ယောက်က ရုတ်တရက် ပြောသည်။ " ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျိုးဝမ်ရှိူ့ လုပ်ရပ်တွေ အများကြီးကို လုပ်ခဲ့တယ်။ နောက်ပိုင်း... "


" ဒီနေ့ ပေါ်လာတဲ့ ဇွန်ဘီတွေက မမှန်ဘူးလို့ သူ ခံစားရလို့ လူတွေကို စုံစမ်းခိုင်းထားတယ်။ "


" ငါတို့ရဲ့ အလုပ်... "


…..


ဤလူများ၏ အမူအရာများက သိပ်မကောင်းတော့ချေ။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က သူတို့၏ခေါင်းဆောင်ဖြစ်သူကို မေးလိုက်သည်။ " ဘော့စ်၊ ငါတို့ မူလအစီအစဉ်အတိုင်း လိုက်နာပြီး ကောင်းကင်နဂါး အခြေစိုက်စခန်းကို အရင်ဖျက်ဆီးလိုက်မလား? "


" မဟုတ်ဘူး။ ဒီဘက်ကို အရင်ဖြေရှင်းကြမယ်။ " မဟော်ဂနီထိုင်ခုံ‌ပေါ်တွင် ထိုင်နေသူက ထိုင်ခုံလက်တန်းကို သူ့လက်ချောင်းဖြင့် ခပ်ဖွဖွ ခေါက်လိုက်သည်။


တခြားသူများ စိတ်လှုပ်ရှားသွားကြသည်။


သို့သော် ချက်ချင်းဆိုသလို အပြင်ဘက်တွင် ရုတ်ချည်း လှုပ်ရှားမှုများ ရှိလာခဲ့သည်...


——


ကျိုးဝမ်ရှိူ့ ညဘက် အပြင်ထွက်ပြီးနောက် ထပ်မံ ပြန်မလာတော့ပေ။ သူ သစ္စာဖောက်ကို ဖမ်းမိပြီမှန်း ယန်ကျင်းဇီ သိသည်။


ယခု သူ့ခေါင်းက တဒုန်းဒုန်း မြည်နေသေးပြီး ဤကိစ္စတွင် သူ မကူညီနိုင်‌သောကြောင့် သူသည် ရိုးရှင်းစွာပင် မကူညီတော့ပေ။


အခန်းထဲ ပြန်ရောက်သောအခါ ယန်ကျင်းဇီသည် လှဲလျောင်းပြီး အိပ်မောကျသွားသည်။


သူ ပြန်နိုးလာသောအခါ ကျားဝမ်ဟန် ထွက်ပြေးသွားကြောင်း သူ သတင်းကြားလိုက်ရသည်။


ကျားဝမ်ဟန်က သူတို့ကို သစ္စာဖောက်သွားကြောင်း သူ့ထံမှ မနေ့ညက သိလိုက်ရပြီးနောက် လူကို ဖမ်းဆီး၍ ရှင်းရှင်းလင်းလင်း မေးမြန်းရန် ရည်ရွယ်လျက် ကျိုးဝမ်ရှိူ့သည် ချက်ချင်း လူများကို ဦးဆောင်ပြီး ကျားဝမ်ဟန်ကို သွားရှာသည်။


ရလဒ်ကတော့ ကျားဝမ်ဟန် အဖမ်းခံလိုက်ရပြီး သူက သူ့လူတွေကို ခေါ်ပြီး စခန်းကနေ တိုက်ရိုက်ထွက်သွားတယ်!


၎င်းကို မေ့လိုက်ဦး။ ဤသို့ဖြစ်ပြီးနောက် သဘာဝလွန်စွမ်းရည်ရှိသော လူတစ်ဦးက ကျိုးဝမ်ရှိူ့ကို လာရောက်တိုင်တန်းသည်။ ကျားဝမ်ဟန်က အမြဲလိုလို ကွင်းဆင်းရုံးတွင် သူ၏ အပေါင်းအသင်းများအတွက် လွယ်ကူသော တာဝန်များကို စီစဉ်ပေးလေ့ရှိပြီး တခြားသူများအတွက် ခက်ခဲသော တာဝန်များကို စီစဉ်ပေးလေ့ရှိကြောင်း ကျိုးဝမ်ရှိူ့ သိထားသော်လည်း ရလဒ်အနေဖြင့် လူတချို့ သေဆုံးသွားခဲ့ရသည်။


ထို့အပြင် ကျားဝမ်ဟန်သည် မကောင်းမှုအချို့ကို သီးသန့်ပြုလုပ်ခဲ့သည်။


ကျိုးဝမ်ရှိူ့ပြီးလျှင် အခြေစိုက်စခန်းတွင် ကျားဝမ်ဟန်သည် ဒုတိယမြောက် အသန်မာဆုံး ဖြစ်သည်။ လွန်ခဲ့သော ခြောက်လအတွင်း ကျိုးဝမ်ရှိူ့တွင် အခြေစိုက်စခန်းမှ ထွက်ခွာရန် အချိန်နည်းပါးလာသည်။ ကွင်းဆင်းဌာန၏ ခေါင်းဆောင်အနေဖြင့် သူသည် ပိုမိုသန်မာလာပြီး အားရကျေနပ်မှု ပိုမိုနည်းပါးလာ‌ကာ ရည်မှန်းချက် ပိုကြီးလာသည်...


မဟုတ်ဘူး၊ သူက ရိုးရိုးရှင်းရှင်း ရည်မှန်းချက်ကြီးရုံတင် မဟုတ်တော့... သူက ဇွန်ဘီတွေနဲ့တောင် ပတ်သက်နေသေးတယ်!


ယခင်က ယန်ကျင်းဇီသည် ကျားဝမ်ဟန်ကို နှစ်ကြိမ်တွေ့ဖူးပြီး ထိုအချိန်တွင် သူသည် ကျားဝမ်ဟန်၏ကိုယ်ပေါ်မှ အနက်ရောင်စွမ်းအင်က အနည်းငယ် ထူထပ်သည်ဟု ခံစားခဲ့ရသည်... ၎င်းမှာ ဇွန်ဘီများစွာကို သတ်ခဲ့လွန်းသောကြောင့် ဖြစ်သည်ဟု သူ တွေးမိခဲ့သည်။ သူသည် ဇွန်ဘီများကို ဆွဲဆောင်လာသော လေစွမ်းအားရှင်မှာ အမှန်တကယ်ပင် ကျားဝမ်ဟန်၏ဘေးမှ တစ်စုံတစ်ယောက် ဖြစ်နေကြောင်း မနေ့က တွေ့ရှိခဲ့ပြီးနောက်မှသာ တစ်ခုခုမှားနေပြီမှန်း သဘောပေါက်သွားရသည်။


ကျားဝမ်ဟန်က ဇွန်ဘီများနှင့် အချိန်အတော်ကြာ ရောနှောနေခဲ့လောက်သည်။


ကံမကောင်းစွာဖြင့် သူ့ခန္ဓာကိုယ်က ကျားဝမ်ဟန်ကို ခြေရာခံရန် သုံးစားမရပေ။


ကျားဝမ်ဟန်၏ အခြေစိုက်စခန်းကို ပုန်ကန်မှုက အခြေစိုက်စခန်း၌ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။


သူသည် လူဒါဇင်ချီကိုသာ အမှန်တကယ် ခေါ်ယူသွားခဲ့သော်ငြား ဘယ်သူကမှ သူ့တွင် ထိုလူများသာ ရှိမည်ဟု မထင်ကြချေ။ ထို့ကြောင့် ဤရက်များတွင် ကျိုးဝမ်ရှိူ့သည် အလွန်အလုပ်များနေပြီး အထူးသဖြင့် ကျားဝမ်ဟန်က ကြီးမားသော ကိစ္စတစ်ခုခုကို ဆောင်ရွက်ချင်သေးကြောင်း တွေ့ရှိပြီးနောက်တွင် ဖြစ်သည်။


သို့သော် ဤသည်က ယန်ကျင်းဇီ၏ ဘဝကို မထိခိုက်ချေ။


အဆုံး၌မူ သူသည် ဘာမှမသိသော မျက်နှာဖြူလေးသာ ဖြစ်သည်။ သိပ်မကြာခင်က သူသည် အခြေစိုက်စခန်းရှိ လူတော်တော်များများရှေ့တွင် သတိလစ်သွားခဲ့သည်...


ဒါက တကယ် ရှက်စရာပဲ! ယန်ကျင်းဇီသည် အလွန်ခက်ခဲသော လေ့ကျင့်ရေးကို ဆက်လက်လုပ်ဆောင်သည်။


သူ့တွင် စွမ်းရည်များစွာ နိုးကြားခဲ့ပြီး သူ့ကိုယ်ထဲမှ စွမ်းရည်များ၏ စုစုပေါင်းပမာဏ တိုးလာသောကြောင့် ဖြစ်နိုင်သည်၊ သူ့ခန္ဓာကိုယ်က အနည်းငယ် ပိုမိုကောင်းမွန်လာသည်။ ရက်အနည်းငယ်အတွင်း သူ၏ ခန္ဓာကိုယ်က အပြည့်အဝ ပြန်လည်သက်သာလာရုံတင်မကဘဲ သူ၏ ကိုယ်ကာယကြံ့ခိုင်မှုလည်း အဆင့်တစ်ဆင့်အထိ တိုးတက်လာခဲ့သည်။


ယန်ကျင်းဇီသည် ကြိုးစားချင်စိတ် ပြင်းပြနေပြီး / အိပ်ရာပေါ်တက်ရန် / အနည်းငယ် လိုလားသည်။


သို့သော် ကျိုးဝမ်ရှိူ့က သူ့ထက် ရုပ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်သည်ဟု စဉ်းစားမိသောအခါ သူသည် နောက်ဆုံးတွင်တော့ ဤအကြံကို ပယ်ဖျက်လိုက်သည်။


သူသည် လေ့ကျင့်ခန်း လုပ်ရန် ညနေပိုင်းအချိန်ကို သုံးသင့်သည်။ စကားမစပ် သူသည် ကျိုးဝမ်ရှိူ့၏ အင်အားကိုလည်း ကူညီမြှင့်တင်‌ပေးနိုင်သေးသည်။


ရလဒ်အနေဖြင့် ကျိုးဝမ်ရှိူ့သည် မကြာသေးမီက နံနက်တိုင်း ခွန်အားပြည့်နေသည်ဟု ခံစားခဲ့ရသည်။ သူသည် လူရှာပြီး မတိုက်ခိုက်နိုင်လျှင် အဆင်မပြေဖြစ်ပေလိမ့်မည်။


‌ဤနေ့ နေ့လယ်ခင်းတွင် ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ကို ထပ်မံ၍ စားစရာလာပို့ပေးပြန်သည်။


ကျားဝမ်ဟန် အခြေစိုက်စခန်းမှ ထွက်ပြေးပြီးနောက် အခြေစိုက်စခန်း၏ ခေါင်းဆောင်မှုမှာ ထပ်မံ ပြောင်းလဲသွားသည်။ ကျိုးဝမ်ရှိူ့သည် အလွန်အလုပ်များနေပြီး အပြင်ထွက်၍ ဇွန်ဘီသတ်ရန် အချိန်မရှိပေ။


ယန်ကျင်းဇီသည် ဤသည်ကို ပြုလုပ်ရန် စိတ်အားထက်သန်နေပြီး နေ့တိုင်း သူ့ပုံစံကို ပြောင်းလဲကာ ကျိုးဝမ်ရှိူ့အတွက် ချက်ပြုတ်ပေးသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအားမှတစ်ဆင့် တခြားသူများထံမှ ဟင်းပွဲတချို့ကိုပင် သင်ယူခဲ့သောကြောင့် တစ်ခဏအတွင်း သူ၏ ဟင်းချက်စွမ်းရည်များ တဟုန်ထိုး တိုးတက်သွားခဲ့သည်။


ကံမကောင်းစွာဖြင့် အခြေစိုက်စခန်းတွင် ပါဝင်ပစ္စည်းများ မလုံလောက်သောကြောင့် ချက်ပြုတ်နိုင်သော ဟင်းပွဲများစွာ မရှိချေ။


သူ ရုံးအဆောက်အဦးထဲသို့ ဝင်ရောက်လိုက်သည်နှင့် လူအများအပြားက ယန်ကျင်းဇီကို နှုတ်ဆက်ကြသည်။


မကြာသေးမီက ယန်ကျင်းဇီသည် ဤနေရာသို့ မကြာခဏ ရောက်လာပြီး သူသည် ဤနေရာမှ လူများနှင့် ရင်းနှီးလာခဲ့သည်။


ယန်ကျင်းဇီက အနည်းငယ် ပျင်းရိပြီး အလုပ်မလုပ်သော်လည်း သူတို့... သူ့ကို အပြစ်မတင်နိုင်။


သူတို့၏ ဥက္ကဌက အလွန်တက်ကြွသည်။ သူသည် မီးစွမ်းအားရှင်များကို ဇွန်ဘီသတ်ရန် အပြင်မခေါ်နိုင်လျှင် နေ့စဉ်နေ့တိုင်း စခန်း၏ လေ့ကျင့်ရေးကွင်းတွင် မီးစွမ်းအားရှင်များနှင့် တိုက်ခိုက်လိမ့်မည်။ လူတစ်ဦးက အယောက်တစ်ရာကျော်ကို အနိုင်တိုက်နိုင်သည်... ယန်ကျင်းဇီက ထိုသို့သော လူမျိုးကို ပြုစုရသည်။ ၎င်းမှာ မလွယ်ကူချေ။


သူက နေ့တိုင်း ထမင်းချက်ပြီး အိမ်အလုပ်များလည်း လုပ်ရသေးသည်...


သူတို့ မိသားစု ထမင်းချက်တွေကို ခွဲခြားမဆက်ဆံသင့်ဘူး ဟုတ်တယ်မလား?


" ယန်ကျင်းဇီ၊ ဒီနေ့ နင် ဥက္ကဌအတွက် ဘာချက်ခဲ့လဲ? " ကျိုးဝမ်ရှိူ့၏ လက်ထောက်အဖြစ် အလုပ်လုပ်နေသော ချန်ရှုရှင်းက ပြုံးလျက် မေးသည်။


" ဝက်ပေါင်ခြောက်နဲ့ ဂေါ်ဖီထုပ်ပေါင်း၊ ဆော့စ်အညိုနဲ့ ဝက်သားနှပ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။


" အသားပဲ ဖြစ်ပြန်ပြီ။ ကောင်းလိုက်တာ... ဥက္ကဌက စောင့်နေပြီ။ မင်း ဝင်သွားလို့ရတယ်။ " ချန်ရှုရှင်းက ပြောသည်။


ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့၏ ရုံးခန်းထဲသို့ ဝင်လာပြီး ကျိုးဝမ်ရှိူ့ ကွန်ပြူတာကို နှိပ်နေသည်အား တွေ့လိုက်သည်။ ကျိုးဝမ်ရှိူ့က လှုပ်ရှားသံကို ကြားသောအခါ ခေါင်းမော့ကြည့်သည်။


ယန်ကျင်းဇီ ဖြစ်ကြောင်း တွေ့သော် ကျိုးဝမ်ရှိူ့က ချက်ချင်း ပြုံးပြသည်။


ယန်ကျင်းဇီ၏ နှလုံးခုန်သံ မြန်လာသည်...


ကျိုးဝမ်ရှိူ့က တကယ် ချောလွန်းတယ်!


အစားစားခြင်းကို အသုံးချ၍ ယန်ကျင်းဇီသည် အခြေအနေကို ထပ်မံ အခွင့်ကောင်းယူရမည်ဖြစ်သည်။


လက်ရှိအချိန်တွင် သူသည် ကြီးမားသော အစားအစာကို မစားနိုင်သေးသော်လည်း ပရောပရည်လုပ်ခြင်းက ပြဿနာမဟုတ်ချေ။


သို့သော် ယန်ကျင်းဇီ ဝက်သားနှပ်တစ်ဖတ်ကို ကောက်ယူပြီး ကျိုးဝမ်ရှိူ့ကို ကျွေးတော့မည်အပြု တစ်စုံတစ်ယောက်က ရုံးအဆောက်အဦးထဲသို့ ရုတ်တရက် အမြန်ပြေးဝင်လာသည်။


စိတ်ဝိညာဉ်စွမ်းအားဖြင့် သိလိုက်သော ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့၏ ပါးစပ်ထဲသို့ အသားဖတ်ကို အမြန်ထည့်လိုက်သည်။


ဤအခိုက်အတန့်တွင် ထိုလူ၏အသံ ထွက်ပေါ်လာသည် : " ဥက္ကဌ၊ မကောင်းတော့ဘူး! အရမ်းအရမ်း များတဲ့ ဇွန်ဘီတွေ အများကြီးက အရှေ့တောင်ဘက်ကနေ စခန်းကို လာနေတယ်။ အနည်းဆုံး သောင်းချီတယ်။ ပို‌တောင် ပိုနိုင်သေးတယ်! သူတို့က အရမ်းကို လျင်လျင်မြန်မြန်နဲ့လည်း ရွေ့လျားနေတယ်... "


သူတို့သည် ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်ရန် စခန်းအနားရှိ အချို့သော အဆောက်အဦးမြင့်များတွင် အစောင့်စခန်းအချို့ တည်ဆောက်ထားသည်။ ဇွန်ဘီအများအပြား ရောက်လာပြီး အစောင့်စခန်း တစ်ခုက သူတို့ကို တွေ့ရှိခဲ့သည်။


ကျိုးဝမ်ရှိူ့၏အမူအရာ ပြောင်းသွားပြီး ရုတ်ချည်း ထရပ်လိုက်သည်။


ယန်ကျင်းဇီလည်း တိတ်တိတ်လေး သက်ပြင်းချလိုက်၏။


ရက်နှစ်ဆယ်အကြာမှ ပေါ်လာသင့်သော ဇွန်ဘီအုပ်စုကြီးက အချိန်စောပြီး ပေါ်လာသည်။


ဤဇွန်ဘီဝိုင်းရံမှုက ကျားဝမ်ဟန်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိပေလိမ့်မည်။


မူလဇာတ်ကြောင်းတွင် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းကို ဇွန်ဘီများ ဝင်ရောက်စီးနင်းခဲ့ပြီး ယခုမူ...


မည်သို့ပင်ဖြစ်စေ ဤအချိန်တွင် သူတို့သည် ၎င်းကို ရင်ဆိုင်ရုံသာ တတ်နိုင်သည်။


သူက တကယ့်ကို သနားစရာကောင်းသည်။ ကူးပြောင်းပြီးနောက် သူတို့သည် တစ်ခါမှ အနားမယူရသေးသဖြင့် ကျိုးဝမ်ရှိူ့နှင့် ဆက်ဆံရေးပျိုးထောင်ရန် သူ့တွင် အချိန်မရှိခဲ့ပေ...


ကံကောင်းထောက်မစွာဖြင့် သူသည် ဇွန်ဘီများကို သတ်ရန် ထူးခြားသော နည်းပညာကို ကျွမ်းကျင်သွားပြီဖြစ်သည်။


သူတို့ အရင်က ကြုံတွေ့ခဲ့ရတဲ့ အားကောင်းတဲ့ ဇွန်ဘီမျိုးတွေက ဂဏန်းအရေအတွက် မများလောက်ဘူးမလား?


အရမ်းများလွန်းရင် ကျားဝမ်ဟန် သူတို့ကို မကိုင်တွယ်နိုင်လောက်ဘူး ဟုတ်တယ်မလား?


ကျိုးဝမ်ရှိူ့ သတင်းကြားသောအခါ သူက မစားတော့ဘဲ ချက်ချင်း စခန်း၏ အရှေ့တောင်ဘက်သို့ ပြေးသွားသည်။


တစ်ချိန်တည်းမှာပင် စခန်း၏ အသံလွှင့်ရုံတွင် အချက်ပေးခေါင်းလောင်းသံ မြည်လာသည်။


ဇွန်ဘီတွေက မြို့ကို တိုက်ခိုက်တယ်။ ဒါက အခြေစိုက်စခန်းတစ်ခုလုံးရဲ့ သေရေးရှင်ရေး ကိစ္စပဲ!


ကျိုးဝမ်ရှိူ့သည် အပြင်ထွက်သွားသောအခါ ယန်ကျင်းဇီကို မခေါ်သွားဘဲ ချန်ရှုရှင်းကို ယန်ကျင်းဇီအား ကာကွယ်ပြီး အိမ်ပြန်ပို့ပေးရန်သာ တောင်းဆိုလိုက်သည်။


ယန်ကျင်းဇီ ရုံးခန်းထဲတွင် ကျန်ခဲ့သည်။


ကျိုးဝမ်ရှိူ့က အလွန်လျင်မြန်စွာ စားခဲ့ပြီး သူ့ဝေစု ကုန်တော့မည်ဖြစ်သည်။ ယန်ကျင်းဇီသည် သူ့ဝေစုကို ဖြည်းညှင်းစွာ ဆက်စားသည်...


စွမ်းအားရှင်တစ်စုက ရုံးအဆောက်အဦးသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်ကို သူ ရုတ်တရက် တွေ့လိုက်ရသည်။


ယန်ကျင်းဇီ မျက်မှောင်ကြုံ့လိုက်သည်။


ဒီလူတွေက သူ့စီ လာနေတာမလား?


သူ ဤ‌လူများနောက်သို့ လိုက်သွားလျှင် ကျားဝမ်ဟန်ဘက်မှ အတွင်းသတင်း အနည်းငယ်ကို ရနိုင်လောက်သည်။


သူသည် အဘယ်ကြောင့် လူသားတစ်ဦး ဖြစ်သော ကျားဝမ်ဟန်က ဇွန်ဘီများ မြို့ကို တိုက်ခိုက်ခြင်း ဟူသော ကိစ္စမျိုးကို လုပ်ဆောင်ချင်ရကြောင်း ဘယ်တော့မှ နားမလည်နိုင်ခဲ့ပေ။


ယန်ကျင်းဇီ၏ အစားစားနှု

န်း မြန်ဆန်လာသည်။


" နင် ‌ဖြည်းဖြည်းစားနိုင်တယ်... " ချန်ရှုရှင်းက ပြောသည်။ စကားပြောပြီးပြီးချင်း တစ်စုံတစ်ယောက် ဝင်လာသည်။


ယန်ကျင်းဇီ ပြန်ပေးဆွဲခံရပြန်ပြီ...


ကောင်းပြီ၊ 'နောက်တစ်ခါ' ဟု မပြောနိုင်။ နောက်ဆုံးတစ်ခေါက်က အမှန်တကယ်ပင် ပြန်ပေးဆွဲခံရခြင်း မဟုတ်ချေ။



____