ဇွန်ဘီများနှင့် တိုက်ခိုက်ပြီးနောက် လူတိုင်းသည် မောပန်းနွမ်းနယ်ပြီး ညစ်ပတ်သွားကာ အချို့ဆိုလျှင် သူတို့၏ အဝတ်အစားများပင် မီးလောင်သွားကြသည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ဇွန်ဘီများ အားလုံးလည်း အသတ်ခံလိုက်ရပြီဖြစ်သည်။
နေအိမ်တောင်မှ…
ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီ၏ ဒဏ်ရာရထားသော လက်အတွက် စိတ်ညစ်နေစဉ် ကျယ်လောင်သော အသံတစ်ခု သူတို့နားတွင် ထွက်ပေါ်လာပြီး အဆောက်အဦးတစ်ခု ပြိုကျသွားသည်။
ထို့နောက် တစ်စုံတစ်ယောက်က ပထမဆုံးကက်ဖဲကို တွန်းလိုက်သကဲ့သို့ အချို့သော အဆောက်အဦးများသည် တစ်ခုပြီးတစ်ခု ပြိုကျသွားကြသည်။
မြို့ပြရွာဧရိယာမှ အဆောက်အဦးသည် အမှန်တကယ် သိပ်မခိုင်လှချေ။
ဤပြိုကျသံကြားသော် ကျိုးဝမ်ရှိူ့သည် တစ်ခုခုမှားနေပြီမှန်း ရုတ်တရက် သဘောပေါက်သွားသည်။
သေရေးရှင်ရေးတိုက်ပွဲကို ကြုံလိုက်ရခါစ ဖြစ်ပေမယ့် သူက ဒီမှာ ယန်ကျင်းဇီနဲ့ ကျီစယ်နေတယ်။ ဒါ နည်းနည်းတော့ ဆိုးတယ်မလား?
သို့သော် ယန်ကျင်းဇီက သူ့ကို အရမ်းစိုးရိမ်နေသောကြောင့် လက်ကိုပင် ထိခိုက်မိသည်... နောက်မှ သူ ယန်ကျင်းဇီကို အရသာရှိသော တစ်စုံတစ်ခု ပေးရမည်။
“ ဥက္ကဌ၊ ငါတို့ အမြန်ပြန်သင့်တယ်မလား? ” ချန်ရှုရှင်းက မေးသည်။ “ အဲ့ဇွန်ဘီတွေ ပြန်ရောက်လာရင် ဘယ်လိုလုပ်မလဲ? ”
သူတို့သည် ဇွန်ဘီများ 'မီးလောင်'သေဆုံးသွားသည်ကို မသိဘဲ ကျိုးဝမ်ရှိူ့ကို ကြောက်သောကြောင့် ထွက်ပြေးသွားသည်ဟုသာ သူတို့အားလုံးက ထင်နေကြသည်။
ဤကိစ္စမျိုး ယခင်က ဖြစ်ဖူးပြီး ပိုသန်မာလာကာ အသိဉာဏ်ရှိသော ဇွန်ဘီတချို့သည် ၎င်းတို့ မနိုင်သော စွမ်းအားရှင်တစ်ဦးကို တွေ့ရပြီးနောက် ထွက်ပြေးသွားကြလိမ့်မည်ဖြစ်သည်။
သို့သော် ကျိုးဝမ်ရှိူ့သည် ဇွန်ဘီများ ပြန်မလာနိုင်ကြောင်း သိသည်။ ထိုသို့မဟုတ်လျှင် သူသည် ယန်ကျင်းဇီကို လွှတ်ရန် အလျင်လိုလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် သူတို့ အမြန်ပြန်သွားသည်က ပိုကောင်းသည်။
“ ဘယ်သူ ကားမောင်းနိုင်သေးလဲ? ” ကျိုးဝမ်ရှိူ့က မေးသည်။
လူတိုင်းက အားအင်ကုန်ခမ်းနေသော်လည်း ပြန်လည်ဖြေကြသေးသည်။ လုဟွားရုန်က ပြောသည်။ “ ငါ ကားမောင်းနိုင်သေးတယ်။ ”
သူတို့၏ကားကို မနီးမဝေးရှိ လွတ်နေသော လေးထောင့်ကွက်လပ်တွင် ရပ်ထားခဲ့သည်။ လူတိုင်းသည် ထလာပြီး ထိုနေရာသို့ လမ်းလျှောက်သွားကြသည်။ သူတို့သည် စီတန်းလိုက်ပြီး လူနှစ်ယောက် ပျောက်နေကြောင်း ရုတ်တရက် တွေ့လိုက်ရသည်။
“ ငါတို့ လူနှစ်ယောက် ပျောက်နေတယ်! ”
မီးစွမ်းရည်များသည် အနီးကပ်တိုက်ခိုက်ရေးတွင် မတော်သောကြောင့် အစောက သူတို့သည် ချန်ရှုရှင်း တည်ဆောက်ထားသော ခံစစ်များဖြင့် ဇွန်ဘီများကို တိုက်ခိုက်ခဲ့ကြသည်။ စွမ်းအားရှင်များသည် ဆက်တိုက် တိုက်ခိုက်ရသောကြောင့် မောပန်းပြီး စွမ်းအားကုန်ဆုံးသွားသည် သို့မဟုတ် သူတို့ကိုယ်သူတို့နှင့် သူတို့၏ အသင်းဖော်များကို မတော်တဆ မီးထိစေမိသော်ငြား ဘယ်သူကမှ ဇွန်ဘီများ၏ ဖမ်းခြင်း သို့မဟုတ် ကိုက်ခြင်း မခံရပေ။
“ ခုနက ငါ သတိထားမိလိုက်တယ်... သူတို့တွေ... ” နောက်ထပ် မီးစွမ်းအားရှင်က ပြောပြီး နှာရှုပ်လိုက်သည်။
တကယ်တော့ တချို့လူများသည် လူအချို့ ပျောက်ဆုံးနေကြောင်း သတိထားမိသည်မှာ ကြာပြီဖြစ်သည်။ လူနှစ်ဦးက တိုက်ပွဲမစခင် သေဆုံးသွားကြသည်ဟု သူတို့ ထင်ကြသည်။ ဤကိစ္စကို သိလျှင် တခြားသူများ အဆင်မပြေဖြစ်မည်ကို သူတို့ စိုးရိမ်သဖြင့် ဘာမှမပြောခဲ့ကြပေ။
“ အရင်ပြန်ကြတာပေါ့။ ” ကျိုးဝမ်ရှိူ့ ပြောလိုက်သည်။ အသေအပျောက်များ ဟူသည် မလွှဲရှောင်သာ ဖြစ်ပြီး သူတို့သည် ရှေ့ကို ဆက်သွားနေရဦးမည် ဖြစ်သည်။
လူတိုင်း ခေါင်းငုံ့ကာ ကားရပ်နားရာသို့ လျှောက်သွားကြသည်။ သူတို့ ထိုနေရာသို့ ရောက်သောအခါ အံသြသွားကြသည်။
ကျိုးဝမ်ရှိူ့ လာစဉ် စီးခဲ့သော SUV ဟာ မရှိတော့ချေ။ ၎င်းကို မောင်းနှင်သွားသည်မှာ သိသာသည်။
ဇွန်ဘီသတ်ရန် ထွက်လာသူများသည် အချိန်ကြာလာသည်နှင့်အမျှ အလေ့အကျင့်တချို့ ရလာကြသည်။ ၎င်းတို့မှာ သူတို့ အပြင်ထွက်သောအခါ ကားတံခါးကို ဖွင့်ထားခဲ့ခြင်းနှင့် ကားထဲတွင် သော့များ ချန်ရစ်ခဲ့ခြင်း ဖြစ်ပြီး – ထိုသို့ဆိုလျှင် သူတို့ အလျင်အမြန် ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။
ထို့ကြောင့် တခြားတစ်စုံတစ်ဦးသည် သူတို့၏ ရပ်ထားသော ကားကို မောင်းနှင်သွားရန် အခွင့်အရေး ရှိသော်ငြား ဤနေရာတွင် တခြားမည်သူမျှ မရှိချေ။ ကားကို ဘယ်သူ မောင်းသွားတာလဲ?
ယန်ကျင်းဇီ၏ ခေါင်းသည် အလွန်နာကျင်နေပြီး သူသည် စိတ်အခြေအနေ မကောင်းပေ။ သူက ဒေါသတကြီး ပြောသည် : “ ငါတော့ ဒီလူနှစ်ယောက် သေသွားတယ်လို့ လုံးဝ မထင်ဘူး။ ဒါပေမယ့် ထွက်ပြေးသွားကြတယ်လို့တော့ ထင်တယ်။ ”
ဇွန်ဘီများကို ဆွဲဆောင်လာသော လေစွမ်းအားရှင်သည် အလွန်သန်မာပြီး အရှိန်လည်း အလွန်မြန်ကာ ဇွန်ဘီများ သူ့ကို အာရုံစူးစိုက်မှု လျော့နည်းစေရန် နည်းလမ်းတချို့ ရှိပုံပေါ်သည်။ ထိုအချိန်တွင် သူက သစ္စာဖောက်နှစ်ဦးနှင့် လျင်မြန်စွာ ထွက်ပြေးသွားသည်... ယခု သူတို့သည် အခြေစိုက်စခန်းသို့ အပြန်လမ်းတွင် ရောက်နေကြလောက်ပြီဖြစ်သည်။
“ သူတို့ မလုပ်ဘူး... ” ဤလူနှစ်ဦးနှင့် ဆက်ဆံရေးကောင်းသည့် ပိန်ပိန်ပါးပါး မီးစွမ်းအားရှင်တစ်ဦးက ဝင်ပြောပေးလာသည်။
ယန်ကျင်းဇီသည် ဤလူကို ကြည့်ပြီး ခပ်တိုးတိုး ပြောသည် ” ဟား... ”
ပိန်ပိန်ပါးပါး မီးစွမ်းအားရှင်သည် ယန်ကျင်းဇီ၏ သဘောထားကြောင့် စိတ်တိုသွားပြီး အနည်းငယ် မကျေနပ်သော်လည်း ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့က လက်တွဲထားကြသည်...
ကျိုးဝမ်ရှိူ့ကြောင့်သာ မဟုတ်ရင် သူတို့အားလုံး သေနေလောက်ပြီ!
ကျိုးဝမ်ရှိူ့နှင့် အတူတူ တိုက်ပွဲဝင်ခဲ့သောကြောင့် ကျိုးဝမ်ရှိူ့ မည်မျှသန်မာကြောင်း သူ သိထားပြီး ကျိုးဝမ်ရှိူ့ ရှိနေသောအခါ ယန်ကျင်းဇီကို အပြစ်တင်ရန် သူ ရှက်ရွံ့သည်။
အဆုံးတွင် သူသည် ယန်ကျင်းဇီကို ဒေါသတကြီး စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ယန်ကျင်းဇီက သူ့ကို လုံးဝ လျစ်လျူရှုထားပြီး တခြားမီးစွမ်းအားရှင်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်... တကယ်တော့ သူတို့ ယန်ကျင်းဇီ၏ စကားများကို သဘောတူညီသည်။
အဲ့နှစ်ယောက်က ထွက်ပြေးသွားတာ ဖြစ်လောက်တယ်!
SUV မရှိတော့သဖြင့် ကျိုးဝမ်ရှိူ့နှင့် ယန်ကျင်းဇီတို့လည်း ထရပ်ကားပေါ် ဝင်လိုက်ကြသည်။
ယခု လူအများစုသည် သူတို့၏ တိုက်ခိုက်ရေး ထိရောက်မှုများကို ဆုံးရှုံးသွားကြပြီး ကျိုးဝမ်ရှိူ့သာလျှင် အနည်းငယ် ပိုကောင်းသည်။ သေချာတာပေါ့၊ သူ ကားမောင်း၍ မဖြစ်ပေ... သူသည် ပထမဆုံးထရပ်ကား၏ အခန်းကန့်ထဲတွင် မတ်တပ်ရပ်လျက် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေပြီး ဇွန်ဘီများကို တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားသည်။
ကျိုးဝမ်ရှိူ့ အလွန်အလုပ်များနေသော်ငြား ယန်ကျင်းဇီတွင် လုပ်စရာမရှိချေ။ သူသည် ထရပ်ကား၏ အခန်းကန့်ရှေ့တွင် ထိုင်ပြီး ကားခေါင်းနောက်ကို မှီလျက် ငိုက်မျဉ်းနေပုံရသည်။
ထိုမီးစွမ်းအားရှင်များသည် သူ့ကို ဤသို့တွေ့ရသောအခါ မနာလိုဖြစ်မိကြသဖြင့် ထိုပိန်ပိန်ပါးပါးလူက ပြောသည်။ “ မင်း ခုနက တိုက်ပွဲမှာ မပါဝင်ခဲ့ဘူး။ ဘာလို့ မင်း ကားမမောင်းတာလဲ? ”
မျက်စိမှိတ်ထားသော ယန်ကျင်းဇီသည် အနည်းငယ် မျက်လုံးဖွင့်လျက် သူ့ကို တစ်ချက်ကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည် : “ ငါ ကားမမောင်းနိုင်ဘူး။ ”
ဘေးလူများ : “ ... ”
ချန်ရှုရှင်းသည်လည်း ဤအခန်းကန့်တွင် အနားယူနေပြီး ယန်ကျင်းဇီအနားတွင် ထိုင်နေကာ ယန်ကျင်းဇီ၏စကားကို ကြားပြီးနောက် အကူအညီမဲ့သကဲ့သို့ ခံစားလိုက်ရသည် : “ နင်... နင် အနာဂတ်မှာ တစ်ခုခု သင်ယူမှ ဖြစ်မယ်။ ”
ယန်ကျင်းဇီက ကောင်းမွန်စွာ တုံ့ပြန်သည် : “ ကောင်းပြီ... ငါ နေပိုကောင်းလာရင် သင်ပါ့မယ်။ ”
“ နင် ကျန်းမာရေးမကောင်းဘူးလား? ” ချန်ရှုရှင်း မေးလိုက်ပြီး ယန်ကျင်းဇီ၏မျက်နှာမှာ ဖြူဖျော့ကာ သူ့နှုတ်ခမ်းများက ပြာနေကြောင်း သတိထားမိလိုက်သည်။
“ ဟုတ်တယ်... ငါ ကျန်းမာရေးမကောင်းဘူး။ ” ယန်ကျင်းဇီသည် ချန်ရှုရှင်းအား ခပ်ယဲ့ယဲ့ အပြုံးကို ပြုံးပြခဲ့သည်။
ယန်ကျင်းဇီ ဤသို့ဖြစ်နေခြင်းမှာ တကယ့်ကို ဟန်ဆောင်မှုတစ်ခု ဖြစ်ပုံမရဘဲ သူကသာ ကျန်းမာရေးချို့တဲ့လျှင် သူ့ကို အပြစ်မတင်နိုင်သော ကိစ္စတချို့ ရှိလာသည်။
စကားမစပ် ယန်ကျင်းဇီသည် ယနေ့ သူတို့ကို ဘာဒုက္ခမှမပေးခဲ့ဘဲ အမှန်တကယ် ကောင်းမွန်စွာ ပြုမူနေထိုင်ခဲ့သည်။
“ နင်က နေမကောင်းဘူး ဆိုတော့ ထပ်ပြီး အပြင်မထွက်နဲ့တော့... ” ချန်ရှုရှင်း သက်ပြင်းချလိုက်သည်။ ယနေ့ ဤအဖြစ်မျိုးကို တွေ့ကြုံရပြီးနောက် သူ(မ)သည် အချိန်တိုအတွင်း အခြေစိုက်စခန်းမှ မထွက်ခွာချင်တော့ပေ။
ကျိုးဝမ်ရှိူ့သည် သူတို့၏ စကားဝိုင်းကို ကြားပြီး ရောက်လာသည် : “ ကျင်းဇီ၊ မင်း အဆင်မပြေဘူးလား? ”
“ ခေါင်းမူးတယ်။ မင်း ငါ့ကို ဖက်ထားပေးပါ။ ” ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ကို ကြည့်ကာ လက်ဆန့်ထုတ်လျက် မျက်တောင်ခတ်လိုက်သည်။
ယန်ကျင်းဇီသည် လူကြီးတစ်ယောက် ဖြစ်သည်။ ဤသို့သော ချစ်စရာအပြုအမူကို ပြုလုပ်ရန် မသင့်တော်သော်လည်း ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီ၏ ကြည့်ကောင်းသော ရုပ်ရည်ကို မခုခံနိုင်ချေ။
ကျိုးဝမ်ရှိူ့၏ နှလုံးခုန်သံ ပိုမြန်လာပြီး စွဲလမ်းသွားပြန်ပြီဟု နောက်တစ်ကြိမ် ထပ်မံခံစားလိုက်ရသည်။
သူသည် ယန်ကျင်းဇီဘေးတွင် ထိုင်ရန် ထိုင်ခုံတစ်လုံးကို ရွှေ့လိုက်ပြီး ယန်ကျင်းဇီက သူ့ပေါင်ပေါ်သို့ ကျိုးကျိုးနွံနွံ မှီချလာသည်။
အမှန်တော့ ယန်ကျင်းဇီ အဆင်မပြေဖြစ်မိသည်။ သို့သော် ကျိုးဝမ်ရှိူ့ ပွေ့ဖက်ပေးခြင်းက သူ့ကို ပိုသက်သာစေသည်။ ထို့ကြောင့် သူ မနေနိုင်ဘဲ ကျိုးဝမ်ရှိူ့ကို အခွင့်ကောင်းယူချင်လာသည်။
သူ လှိုက်လှိုက်လှဲလှဲ လှုပ်ရှားလိုက်သည်... ယန်ကျင်းဇီ၏လက်များ အပေါ်တက်လာ၏။
ကျိုးဝမ်ရှိူ့ : “ ... ” ဒီလူ အဆင်မပြေဖြစ်နေတာ တကယ်လား?
ယန်ကျင်းဇီ၏ လှုပ်ရှားမှုများသည် အလွန်သိုသိပ်ပြီး သူ့အနားမှ လူများ သတိမထားမိကြပေ။ ဤအချိန်တွင် ချန်ရှုရှင်းက ကျိုးဝမ်ရှိူ့ကို တီးတိုးပင်ပြောလာသည် : “ ဥက္ကဌ၊ သူက ကျန်းမာရေးမကောင်းဘူး။ နင် သူ့ကို သိပ်ပြီး လှုပ်ရှားခိုင်းလို့ မဖြစ်ဘူး... ညဘက် မဟုတ်လည်း တစ်ခုခုပေါ့။ ”
ကျိုးဝမ်ရှိူ့သည် အစပိုင်းတွင် နားမလည်ဘဲ ချန်ရှုရှင်း၏ ဆိုလိုရင်းကို နားလည်ရန် ခဏတဖြုတ် အချိန်ယူလိုက်ရသည်။
သူ အပြစ်မှားတင်ခံနေရပြီ!
သူ ဘာမှမလုပ်ရသေးဘူး!
“ ငါ ကြားဖူးတာ 'အဲ့နေရာကို' ယောက်ျားတွေက... 'ဂရုစိုက်'ဖို့ ဒုက္ခများတယ်တဲ့။ ” ချန်ရှုရှင်းက တီးတိုးပြောပြန်သည်။
ချန်ရှုရှင်းသည် မူလကတည်းက လွတ်လပ်သူ ဖြစ်သည်။ ကမ္ဘာပျက်ကပ် ကျရောက်လာပြီးနောက် အခြေခံအားဖြင့် လူများသည် ယခင်ကကဲ့သို့ မရှက်ရွံ့ကြတော့လေရာ သူ(မ)က ဘာမဆိုပြောရဲပေသည်။
ကျိုးဝမ်ရှိူ့ : “ ... ” သူ တကယ် ဘာမှမလုပ်ခဲ့ဘူး! သူနှင့် ယန်ကျင်းဇီက သဟဇာတမဖြစ်ဟု သူ သံသယဝင်မိသည်။
သို့သော် မတတ်နိုင်ပေ။ သူသည် ယန်ကျင်းဇီကို အမှန်တကယ် သဘောကျသည်...
ကျိုးဝမ်ရှိူ့က ဘာမှမပြောသော်လည်း ယန်ကျင်းဇီက ရုတ်တရက် အနေအထားပြောင်းပြီး ဗိုက်မှောက်လှဲလျက် ချန်ရှုရှင်းကို ကြည့်လိုက်သည်။ “ ငါ ဘယ်လိုဂရုစိုက်ရမလဲ? ”
ချန်ရှုရှင်းက ဆိုသည်။ “ ဒါကိုတော့ ငါ မသေချာဘူး။ ငါ ဝတ္ထုတစ်ပုဒ်ထဲမှာ မြင်ဖူးခဲ့တာ။ နင် ဆရာဝန်ကို မေးတာ ပိုကောင်းလိမ့်မယ်။ ”
“ မင်း ဖတ်တာ ဘယ်ဝတ္ထုလဲ? ” ယန်ကျင်းဇီ စိတ်ဝင်စားသွားသည်။
“ အများကြီး ရှိတယ်! ငါ နင့်ကို ပြောပြမယ်! ” ချန်ရှုရှင်းသည် ယန်ကျင်းဇီကို ချက်ချင်း စကားပြောလာသည်။
ယန်ကျင်းဇီက သူ့ကို ဆက်မထိတော့ဘူး... ကျိုးဝမ်ရှိူ့ ရုတ်တရက် အနည်းငယ် စိတ်မချမ်းသာဖြစ်မိသည်။
ထရပ်ကားလေးစီး ဘေးကင်းသော အခြေစိုက်စခန်းသို့ မောင်းနှင်လာသောအခါတွင် အသင်းမှ ထွက်ခွာလာသော သစ္စာဖောက်နှစ်ဦးသည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသို့ ပြန်ရောက်နေကြပြီဖြစ်သည်။
သူတို့သည် ကျိုးဝမ်ရှိူ့၏ကားကို မောင်းနှင်လာပြီး ကားကို အခြေစိုက်စခန်း၏ ဂိတ်ပေါက်သို့ မောင်းနှင်ကာ ရပ်တန့်ရန် ဘရိတ်ကို ဆောင့်နင်းလိုက်ပြီးနောက် သူတို့နှစ်ယောက်က ကားပေါ်မှ လူးလှိမ့်ပြီး တွားသွားလျက် ထွက်လာသည်။
သူတို့နှစ်ယောက်စလုံး ဆိုးဆိုးရွားရွား ညစ်ပေနေကြပြီး ကားထဲမှ ထွက်လာလာချင်း သူတို့က အော်ဟစ်ကြသည်။ “ မင်းတို့ ဥက္ကဌနဲ့ တခြားသူတွေကို သွားကယ်ကြ။ သူတို့ ဇွန်ဘီအုပ်စုတစ်စုနဲ့ တိုက်နေကြတယ်! ”
“ ဇွန်ဘီတစ်အုပ်လား? ဘာဖြစ်တာလဲ? ” ဂိတ်တံခါးကို စောင့်ကြည့်ရန် တာဝန်ကျသော လုံခြုံရေးဌာနမှ တပ်ဖွဲ့ငယ်ခေါင်းဆောင်သည် ကားနှင့်ပတ်သက်၍ တစ်ခုခုမှားနေကြောင်း တွေ့သောအခါ ရောက်ရှိလာပြီး ဤအချိန်တွင် မေးလာသည်။
“ ငါတို့ ဇွန်ဘီတွေကို သွားရှင်းတုန်းက ဇွန်ဘီအုပ်စုကြီးက ရုတ်တရက် ရောက်လာတယ်... ဥက္ကဌက ငါတို့ကို ပြန်လာပြီး သတင်းပို့ခိုင်းတယ်။ ” ဤလူနှစ်ဦးက ပြောသည်။
“ ဥက္ကဌက အရမ်းသန်မာတယ်။ မင်းတို့ ဇွန်ဘီအုပ်စုနဲ့ တွေ့ရင်တောင် ကြောက်စရာမလိုဘူး... ဘာဖြစ်နေတာလဲ? ” တပ်ဖွဲ့ငယ်ခေါင်းဆောင်က ပဟေဠိဖြစ်နေသည်။
“ အဲ့ဒါက သာမန်ဇွန်ဘီအုပ်စု မဟုတ်ဘူး။ အဲ့ဇွန်ဘီအုပ်စုက တော်တော်အားကြီးတယ်! ဥက္ကဌကတောင် သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဥက္ကဌက အဲ့ယန်ကျင်းဇီကိုလည်း ခေါ်ထားတယ်... ” ဤလူနှစ်ယောက်က ငိုကြွေးလေသည်။ သူတို့စကားများ၏ အဓိပ္ပာယ်မှာ ယန်ကျင်းဇီက ကျိုးဝမ်ရှိူ့ကို နှောင့်နှေးစေသကဲ့သို့ ဆိုလိုနေသည်။
ထိုဇွန်ဘီများသည် အလွန်သန်မာကြပြီး ကျိုးဝမ်ရှိူ့သည် တစ်ယောက်တည်း ထွက်ပြေးခြင်း မဟုတ်ပါက မလွတ်မြောက်နိုင်ချေ။
သူတို့က အပြစ်ကို ယန်ကျင်းဇီထံသို့ တွန်းပို့လိုက်သည်။ ထို့ကြောင့် ကျိုးဝမ်ရှိူ့ လွတ်မြောက်လာလျှင်ပင်... သူက သာမန်လူကို မြို့ပြင်ခေါ်ပြီး ဒါဇင်နှင့်ချီသော စွမ်းအားရှင်များကို အသတ်ခံလိုက်ရစေသည်... ဤသည်ကလည်း ကျိုးဝမ်ရှိူ့၏ ဂုဏ်သိက္ခာကို အထိနာစေနိုင်သည်။
သေချာတာပေါ့၊ ကျိုးဝမ်ရှိူ့ ထွက်မပြေးခြင်းဟာ ဖြစ်နိုင်ချေအများဆုံးရှိသည်။ ထို့ကြောင့် အခြေစိုက်စခန်းမှ လူအားလုံးကို ယန်ကျင်းဇီအား မုန်းတီးစေခြင်းကို ပိုမိုကောင်းမွန်သည်။ ထိုသို့ဆိုလျှင် ဘယ်သူကမှ အမှန်တရားကို မစစ်ဆေးတော့ချေ။
“ အဲ့ယန်ကျင်းဇီက လုံးဝ အားမရှိဘူး။ ဒါပေမယ့် သူ့မှာ မြင့်မားတဲ့ တောင်းဆိုချက်တွေ ရှိတယ်။ သူက နေ့လယ်မှာ ဟင်းချက်တယ်... အစတုန်းက လူတိုင်းမှာ လွတ်မြောက်ဖို့ အခွင့်အရေး ရှိခဲ့တယ်! ” နှစ်ယောက်သားက ယန်ကျင်းဇီအပေါ် ရေညစ်များ ဆက်လက်လောင်းချကြသည်။
တပ်ဖွဲ့ငယ်ခေါင်းဆောင်၏ မျက်နှာသည် ပြောင်းလဲသွားသည်။
ကျိုးဝမ်ရှိူ့က ယန်ကျင်းဇီကို ခေါ်ပြီး ဒီနေ့ စခန်းကနေ ထွက်သွားတဲ့ မြင်ကွင်းကို လူအများကြီး မြင်လိုက်ကြတယ်။ အဲ့တုန်းက မကျေနပ်တဲ့သူတွေ ရှိခဲ့တယ်။ အခုဆို ပြောမနေနဲ့!
သူတို့က ပြဿနာဖြစ်စေသော ယန်ကျင်းဇီကို မုန်းတီးကြသည်။
တစ်ချိန်တည်းမှာပင် လျင်မြန်စွာ သတင်းပျံ့နှံ့သွားသည်။
အခြေစိုက်စခန်း၌ ကျိုးဝမ်ရှိူ့တွင် နောက်လိုက်များစွာ ရှိသည်။
တချို့လူများသည် ကျိုးဝမ်ရှိူ့ကဲ့သို့ အတွေးအမြင် ပဓာနဝါဒီများကို မကြိုက်ကြသော်လည်း လူအများက ကျိုးဝမ်ရှိူ့၏ အတွေးအမြင်ကို သဘောကျကြသည်။ ကျိုးဝမ်ရှိူ့ကဲ့သို့ သူတို့က အခြေစိုက်စခန်းတွင် သူတို့၏အင်အားကို ပံ့ပိုးပေးလျက်ရှိသည်။
ယခု ကျိုးဝမ်ရှိူ့ အန္တရာယ်ကျရောက်နေသောအခါ ဤလူများက ချက်ချင်း အတူတကွ စုဝေးလိုက်ကြသည်။
သူတို့ ကျိုးဝမ်ရှိူ့ကို သွားကယ်မယ်!
လူအုပ်ကြီးက စခန်းတံခါးဝတွင် စုဝေးကြပြီး သူတို့၏ အမူအရာများသည် လေးနက်ပြီး စိတ်အခြေအနေ မကောင်းကြချေ။
တစ်စုံတစ်ယောက်က ဆိုသည် : “ ဥက္ကဌက အခုတလော ပြဿနာတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့နေရတယ်။ အကုန်လုံးက အဲ့ယန်ကျင်းဇီကြောင့်ပဲ။ ”
ဤစကား မှန်သည်။ ကျိုးဝမ်ရှိူ့သည် လွန်ခဲ့သော ရက်အနည်းငယ်က ယန်ကျင်းဇီကို ကယ်ရန် ဒဏ်ရာရခဲ့ပြီး ယနေ့တွင်...
ဇွန်ဘီသတ်ရန် အပြင်ထွက်ခြင်းက အရမ်းအန္တရာယ်များသည်။ ဒီမျက်နှာဖြူလေး ယန်ကျင်းဇီက လိုက်ချင်တယ်... ဥက္ကဌက သူ့ကြောင့်မို့လို့ပဲ အန္တရာယ်ကြုံရတယ်!
သစ္စာဖောက်နှစ်ဦး အခြေစိုက်စခန်းသို့ ပြန်ရောက်သည်မှာ နာရီဝက်သာ ကြာသေးသည်။ လူအုပ်ကြီးက ယာဉ်တန်းကို စီစဉ်ကာ ထွက်ခွာရန် အဆင်သင့်ဖြစ်နေကြပြီ။
ပြီးနောက် ဤအချိန်တွင် ကားအမြောက်အမြား ရုတ်တရက် အဝေးမှ ပေါ်လာသည်။
ဒီကားများကို... အတော်ရင်းနှီးနေသည်။
လူအုပ်ကြီး တောင့်တင်းသွားပြီး တစ်စုံတစ်ယောက်က ပြောလာသည်။ “ အဲ့ဒါ ဥက္ကဌနဲ့ သူ့လူတွေ မောင်းလာတဲ့ ထရပ်ကား မဟုတ်ဘူးလား? ”
၎င်းမှာ အမှန်ပင် ကျိုးဝမ်ရှိူ့ မောင်းနှင်သွားသော ထရပ်ကား ဖြစ်ပြီး ကားထဲမှ လူသည် ယခင်က ကျိုးဝမ်ရှိူ့နှင့် ထွက်သွားသူ ဖြစ်သည်။
ဤမီးစွမ်းအားရှင်များသည် သေခြင်းမှ လွတ်မြောက်လာပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။ ယခု သူတို့ စခန်းဂိတ်တံခါးကို တွေ့ရသောအခါ...
စွမ်းအားရှင်၏ ကောင်းမွန်သော ကိုယ်ကာယကြံ့ခိုင်မှုကို အားကိုး၍ တစ်စုံတစ်ဦးက ကားပေါ်မှ တိုက်ရိုက်ခုန်ချလိုက်သည် : “ ငါ ပြန်ရောက်ပြီ! နောက်ဆုံးတော့ ငါ ပြန်ရောက်ပြီ! အားးးးး! ”
လူတစ်ယောက် ဤသို့လုပ်ပြီးနောက် မကြာမီ ဒုတိယမြောက်တစ်ယောက်၊ တတိယမြောက်တစ်ယောက် ရှိလာသည်။ ခဏနားပြီးနောက် အားတချို့ပြန်ပြည့်လာသော ချန်ရှုရှင်းပင် ခုန်ဆင်းလာသည်။
“ မင်းတို့ ပြန်လာပြီ။ ဥက္ကဌ ဘယ်မှာလဲ? ” ကျိုးဝမ်ရှိူ့ကို ထွက်ရှာတော့မည့် လူတစ်ဦးက မေးသည်။
“ ဥက္ကဌက ကားထဲမှာ ရှိနေတယ်! ” တစ်စုံတစ်ယောက်က အပြောခက်သော အမူအရာဖြင့် ပြန်ဖြေသည်။
လမ်းတစ်လျှောက်လုံး သူတို့ရဲ့ ဥက္ကဌက အဲ့ယန်ကျင်းဇီကို အရမ်းကြင်နာနေတာ သူ မခံစားနိုင်တော့ဘူး!
“ ဥက္ကဌ အဆင်ပြေရဲ့လား? ”
“ သူ အဆင်ပြေတယ်! ”
ကျိုးဝမ်ရှိူ့ကို အပြင်ထွက်ရှာရန် စီစဉ်နေသူများသည် သစ္စာဖောက်နှစ်ဦးကို ချက်ချင်း ကြည့်လိုက်ကြသည်။
ဤအချိန်တွင် ပြန်လာသူများသည်လည်း သစ္စာဖောက်နှစ်ဦးကို တွေ့ပြီး အံ့ဩစွာ မေးသည်။ “ မင်းတို့ မသေဘူးလား? ”
ထိုသစ္စာဖောက်နှစ်ဦး၏ မျက်နှာများမှာ ခဏတာ ဖြူဖျော့သွားပြီး အချင်းချင်း ကြည့်ကာ အမြန်ပြောလာကြသည်။ “ တောင်းပန်ပါတယ်။ ငါတို့ ကြောက်ပြီး ထွက်ပြေးခဲ့ကြပေမယ့် ငါတို့က မင်းတို့ကို ကယ်ဖို့ လူရှာချင်ခဲ့တယ်... ”
ယန်ကျင်းဇီသည် အားနည်းသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအားက ရှိနေသေးသည်။
သူသည် ထိုသစ္စာဖောက်နှစ်ဦးကို အာရုံစိုက်နေခဲ့သည်။
ဤလူနှစ်ယောက်က သူလျိုအဖြစ် လှုပ်ရှားနိုင်သဖြင့် သူတို့တွင် စစ်မှန်သော အရည်အချင်းတချို့ ရှိသည်မှာ ထင်ရှားသည်။ အနည်းဆုံးတော့ သူတို့က သရုပ်ဆောင်အရမ်းကောင်းသည်။ ယခု သူတို့၏ နောင်တရသော အသွင်အပြင်ကို ပြီးပြည့်စုံစွာ သရုပ်ဆောင်နေကြပြီ။
ထို့အပြင် သူတို့က ဝန်ခံခဲ့ကြသည်... စစ်ပြေးသူ ဖြစ်ခြင်းမှာ ရှက်စရာကောင်းသော်လည်း အခြေစိုက်စခန်း၏ စည်းမျဉ်းများအရ သူတို့ကို အပြစ်မပေးနိုင်ချေ။
အဆုံး၌မူ သူမှလွဲ၍ ဇွန်ဘီအုပ်စုသည် တခြားသူများကြောင့် အမှန်တကယ် မျှားခေါ်ခံခဲ့ရကြောင်းကို ဘယ်သူမှ မသိကြသဖြင့် သူတို့က အမှန်တကယ် သစ္စာဖောက်များ ဖြစ်ကြောင်း ဘယ်သူကမှ မသိကြပေ။
ယန်ကျင်းဇီ၏လက်သည် လက်မအရွယ်ရှိ အနက်ရောင်ကျောက်တုံးတစ်တုံး ရှိနေသော သူ့အင်္ကျီအိတ်ကပ်ထဲသို့ ရောက်ရှိသွားသည်။
ဤကျောက်တုံးသည် ကျိုးဝမ်ရှိူ့၏ ဥက္ကာခဲနှင့် အလွန်ဆင်တူပြီး ၎င်းတွင် ပါဝင်သော စွမ်းအင်မှာ မီးဒြပ်စင် မဟုတ်ဘဲ ဇွန်ဘီများထံမှ သူ ထုတ်ယူလာသော အနက်ရောင်စွမ်းအင် ဖြစ်နေခြင်းမှလွဲ၍ပင်။
အစောက သူသည် မသိစိတ်အရ ဇွန်ဘီများမှ စွမ်းအင်များကို သူ့ဘက်သို့ ဆွဲယူမိပြီး အတူစုစည်းလိုက်မိရာ ရလဒ်အားဖြင့် ဤသို့သော သလင်းကျောက်တစ်စကို သူ ရလာခဲ့သည်။
ယန်ကျင်းဇီသည် ထရပ်ကားခန်းထဲတွင် ရပ်ကာ လူနှစ်ယောက်၏ မျက်ရည်များဖြင့် ဝန်ခံမှုကို စောင့်ကြည့်နေပြီး လှောင်ရယ်လိုက်သည်။ အနက်ရောင်စွမ်းအင်တချို့ကို စိတ်စွမ်းအင်ဖြင့် ကောက်ယူလိုက်ပြီး လူနှစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ပို့လိုက်၏။
သူသည် ထိုလေစွမ်းအားရှင်ကို သိပြီး စခန်း၏ သစ္စာဖောက်က ဘယ်သူဖြစ်မှန်း ခန့်မှန်းပြီးပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဤလူနှစ်ယောက်ကို စစ်ဆေးမေးမြန်းရန် မလိုအပ်ပေ။
သူတို့ သေနိုင်ပြီ။
“ ဥက္ကဌ၊ တောင်းပန်ပါတယ်... ” နှစ်ယောက်သား ငိုယိုတောင်းပန်ကြသည်။ ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် အော်ပြောလာသည် : “ သူတို့က ဇွန်ဘီတွေ! ”
ဟုတ်တယ်၊ ဒီလူနှစ်ယောက်က ဇွန်ဘီတွေ ဖြစ်လာကြပြီ!
သူတို့ရဲ့ အသားအရည်က ဖြူဖျော့လာပြီး သူတို့ရဲ့ မျက်လုံးတွေက သေဆုံးလာတယ်။ သူတို့က အလွန်လျင်မြန်စွာနဲ့ ဇွန်ဘီတွေ ဖြစ်နေကြတယ်!
သူတို့ပတ်ဝန်းကျင်က လူများ ချက်ချင်း လူစုခွဲပြီး အားလုံးက သူတို့ကို ဝိုင်းထားကြသည်။
တောင်းပန်ဆဲဖြစ်သော သစ္စာဖောက်နှစ်ဦးက သူတို့၏ လက်များကို ကြည့်ပြီး ကြောင်အသွားကြသည် : “ ဘယ်လိုလုပ်... ဒါက ဖြစ်နိုင်... ”
စကားမဆုံးခင်မှာ သူတို့၏ အသိစိတ်များ ပျောက်ဆုံးသွားကြသည်...
ယန်ကျင်းဇီသည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်များက ခပ်ရွဲ့ရွဲ့ အပြုံးအဖြစ် ကွေးသွားကြသည်။
အခြေစိုက်စခန်းရှိ လူများသည် ဇွန်ဘီနှစ်ကောင်ကို ဝိုင်းရံထားရာ ကျိုးဝမ်ရှိူ့သည် မသိစိတ်အရ ယန်ကျင်းဇီကို ကာကွယ်လိုက်ပြီး သွေးထွက်သံယိုမြင်ကွင်းကို ယန်ကျင်းဇီအား မတွေ့မြင်စေချင်ပေ။
ဤအခိုက်အတန့်တွင် ယန်ကျင်းဇီက လှောင်ပြောင်သော အပြုံးတစ်ခု ထုတ်ပြသည်ကို
သူ မြင်လိုက်ရသည်။
သူ့နှလုံးခုန်သံ ရုတ်တရက် အလွန်မြန်လာသည်... ချောလိုက်တဲ့ ယန်ကျင်းဇီ!
သို့သော် သူ ထိုသို့ခံစားလိုက်ရသည့်အချိန်တွင်... ယန်ကျင်းဇီက ရုတ်တရက် သူ့စီသို့ လဲကျလာခဲ့သည်။
တကယ်... ချောပေမယ့် သုံးစက္ကန့်စာလေးပဲ။
_____
ကျိုးဝမ်ရှိူ့ : ဆွံ့အ.jpg