အပိုင်း ၈၃ ( Little White Face 11 )
Viewers 10k

ဇွန်ဘီတိုင်းတွင် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်၌ အမည်းရောင်မြူ သို့မဟုတ် အနက်ရောင် စွမ်းအင် ရှိကြသည်။ သူတို့၏ ဦးခေါင်းများ လွင့်စင်သွားသည့်အခါမှသာ အနက်ရောင်စွမ်းအင်များက ပြန့်ကြဲသွားပြီး လေထဲရှိ မီးခိုးရောင်မြူခိုးထဲသို့ ရောထွေးကြသွားသည်။


ယန်ကျင်းဇီ၏ ထင်မြင်ယူဆချက်အရ ဤမီးခိုးရောင်မြူခိုးသည် လူသားများကို ဇွန်ဘီအဖြစ်သို့ ပြောင်းနေသော အဓိကတရားခံ ဖြစ်သည်။


ထို့အပြင် ဇွန်ဘီ၏ ခန္ဓာကိုယ်ပေါ်ရှိ အမည်းရောင်မြူခိုး ထူ၊မထူ ကို ကြည့်၍လည်း သူတို့၏ အင်အား သို့မဟုတ် အားနည်းချက်ကို ဆုံးဖြတ်ရန် အသုံးပြုနိုင်သည်။


ရောက်ရှိလာသော ဇွန်ဘီများသည် ယခင်က သူတို့ ကြုံတွေ့ခဲ့ရသည့် ဖုတ်ကောင်များထက် ပိုမိုအားကောင်းပြီး ပိုမိုများပြားသည်။


ပိုမိုတုန်လှုပ်စရာကောင်းသည်ကား ဤဇွန်ဘီများ၏ ရှေ့တွင် လေစွမ်းအားရှင်တစ်ဦး ရှိနေခြင်းဖြစ်သည်။


သဘာဝလွန်စွမ်းအား၏ အကူအညီဖြင့် လေစွမ်းအားရှင်သည် ပျက်စီးနေသော အိမ်များနှင့် ဖုန်တက်နေသော စွန့်ပစ်ခံကားများကြားတွင် လျင်လျင်မြန်မြန် ရွေ့လျားနိုင်သည်။ ခြေဖျားက မြေပြင်ကို ထိတိုင်း အကွာအဝေးတစ်ခုအထိ သူက လွင့်ပျံနိုင်သည်။


ပြီးတော့ သူ့နောက်တွင် များပြားသော ကြောက်မက်ဖွယ်ကောင်းသည့် ဖြူဖျော့ဖျော့ ဇွန်ဘီအုပ်စုကြီး လိုက်နေသည်။


သူတို့၏အမူအရာများမှာ ထုံထိုင်းပြီး အချို့မှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသော်လည်း ယင်းက သူတို့၏ အပြုအမူများကို မသက်ရောက်ချေ။ သူတို့ကို ထူထပ်သော မြူခိုးမည်းများက ဖုံးလွှမ်းနေပြီး သူတို့က လေစွမ်းအားရှင်နောက်ကို လိုက်နေကြသည်။


ခန္ဓာကိုယ်ထဲရှိ အမည်းရောင်မြူခိုးမှာ စွမ်းအင်အဖြစ် လုပ်ဆောင်နေသောကြောင့် ဖြစ်နိုင်သည်၊ ဇွန်ဘီများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ဇွန်ဘီဖြစ်သွားကြပြီး သူတို့က မပုပ်သိုးတော့ဘဲ ဘယ်တော့မှလည်း ပင်ပန်းမည်ဟု ခံစားရမည် မဟုတ်ချေ။


အားနည်းသော ဇွန်ဘီများသည် ရွေ့လျားရန် နှေးကွေးနေနိုင်သော်လည်း သူတို့ အားကောင်းလာသောအခါတွင် ပိုပိုပြီး မြန်လာကြလိမ့်မည်။ ကားတစ်စီးကဲ့သို့ မြန်ဆန်စွာ ပြေးခြင်းမှာ သူတို့အတွက် ပြဿနာမဟုတ်တော့ပေ။


ယန်ကျင်းဇီ၏ နှလုံးခုန်သံ ချက်ချင်း ပိုမြန်လာသည်။


မူလဇာတ်ကြောင်းထဲမှာ ကျိုးဝမ်ရှိူ့ကို ဇွန်ဘီတစ်ကောင်က သတ်ခဲ့တယ်!


ယန်ကျင်းဇီသည် သတိပေးတော့မည့်အချိန်တွင် သူတို့၏ အဖွဲ့ထဲမှ မီးစွမ်းအားရှင်နှစ်ဦးက ခိုးထွက်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်... 


တစ်ယောက်ယောက်က အဲ့ဇွန်ဘီတွေကို တမင်တကာ ဆွဲဆောင်လာတယ်။ အဲ့ဒါအပြင် အသင်းထဲမှာလည်း သစ္စာဖောက်တွေ ရှိနေသေးတယ်!


ယန်ကျင်းဇီ စိတ်တိုလွန်းသဖြင့် ရယ်ချင်လာသည်။ ဤအခိုက်အတန့်တွင် ကျိုးဝမ်ရှိူ့၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည် : " ဒီမှာ ဇွန်ဘီတွေ ရှိတယ်! အသင့်ပြင်! သတိထား! "


များပြားသော ဇွန်ဘီအုပ်ကြီး၏ လှုပ်ရှားမှုက မသေးငယ်ချေ။ ကျိုးဝမ်ရှိူ့သည် ဇွန်ဘီများနှင့် တိုက်ပွဲတွင် အတွေ့အကြုံများစွာ ရရှိထားပြီး ဤအချိန်တွင် သူသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း တွေ့ရှိသွားသည်။


ကျိုးဝမ်ရှိူ့၏အသံက ကျယ်လောင်သည်။ သူ့စကားများ နှုတ်မှထွက်သည်နှင့်တပြိုင်နက် သူ့နောက်လိုက်သော စွမ်းအားရှင်များသည် သတိရှိလာပြီး မ‌နီးမဝေးတွင် ဇွန်ဘီများကို သတ်နေကြသူများလည်း ရောက်ရှိလာကြသည်။


ချန်ရှုရှင်းနှင့် လုဟွားရုန်တို့သည် အလွန်လျင်မြန်စွာ ရောက်ရှိလာပြီး သူတို့၏မျက်နှာများမှာ သိပ်မကောင်းချေ : " ဒီလှုပ်ရှားမှု... ဒီလောက် ဇွန်ဘီတွေအများကြီး ဘယ်နေရာက လာတာလဲ? "


ကျိုးဝမ်ရှိူ့၊ ချန်ရှုရှင်းနှင့် လုဟွားရုန်တို့သည် အလွန်စိတ်လှုပ်ရှားနေကြသော်လည်း နောက်မှလိုက်လာသော မီးစွမ်းအားရှင်များမှာ...


ယခုအကြိမ် ကျိုးဝမ်ရှိူ့နောက်သို့ လိုက်လာသူများတွင် အများစုမှာ မကြာမီကမှ စွမ်းရည်နိုးထလာသူများ ဖြစ်ကြသည်။ ယခင်က သူတို့သည် မည်သည့်အန္တရာယ်မှ မကြုံဖူးဘဲ ဤအချိန်တွင် သူတို့သည် အခြေအနေကို မသိနိုင်ကြသေးပေ။ သူတို့သည် နာခံစွာ စုရုံးကြသော်လည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည် : " ဇွန်ဘီတွေ အများကြီး လာနေတာလား? ငါတို့ နောက်ထပ် နည်းနည်းသတ်နိုင်မလား? "


" ဥက္ကဌနဲ့ တခြားသူတွေ လှုပ်ရှားတော့မှာလား? "


" ဥက္ကဌ ဇွန်ဘီသတ်တာ ငါ မမြင်ဖူးသေးဘူး။ "




" တိတ်စမ်း! " ကျိုးဝမ်ရှိူ့ ဆုံးမလိုက်သည် : " ဇွန်ဘီတွေ အများကြီး ရှိတယ်။ မင်းတို့ သတိထားရမယ်။ မဟုတ်ရင် မင်းတို့ သေသွားနိုင်တယ်! "


ကျိုးဝမ်ရှိူ့၏စကားများ ထွက်လာသည်နှင့် မီးစွမ်းအားရှင်များသည် စကားပြောရန် စိုးထိတ်သွားကြပြီး ငယ်ရွယ်သော မျက်နှာများကမူ ကြောက်ရွံ့မှုကို ပြသကြသည်။


ဤအခိုက်အတန့်တွင် ဇွန်ဘီအများအပြားသည် သူတို့ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။


ထောင်ပေါင်းများစွာသော ဇွန်ဘီများ ရောက်ရှိလာပြီး အရှေ့မှ ဒါဇင်ချီသော ဇွန်ဘီများပေါ်မှ မြူခိုးမည်းများမှာ တော်တော်လေး ထူထည်းသည်။ ကျိုးဝမ်ရှိူ့၏ကိုယ်ပေါ်မှ တောက်ပသော အနီရောင်အလင်းလောက် မထူထပ်သော်လည်း ချန်ရှုရှင်းနှင့် လုဟွားရုန်တို့၏ အလင်းများနှင့်တော့ အားတူညီနေပေသည်။


ဒီဇွန်ဘီဒါဇင်ချီတွေရဲ့ အနောက်မှာ သူတို့နဲ့ အတူပါလာတဲ့ မီးစွမ်းအားရှင် ငါးဆယ်ရဲ့ အင်အားနဲ့ အားတူညီတဲ့ ဇွန်ဘီရာချီ ရှိနေတယ်! 


သို့သော် အနောက်ဘက်ဆုံးမှ ထောင်ပေါင်းများစွာသော ဇွန်ဘီများသည် အားအလွန်နည်းသဖြင့် ကြောက်စရာမလိုပေ။


" ကျင်းဇီ၊ မင်း ပုန်းတော့! " ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို ဆွဲခေါ်ပြီး ချန်ရှုရှင်းကို ကြည့်သည် : " ရှုရှင်း၊ သူ့အတွက် အကာအကွယ်တစ်ခု ဖန်တီးပေး။ "


ချန်ရှုရှင်းသည် သူ(မ)၏ မြေကြီးစွမ်းအားကို အသုံးပြု၍ သူတို့အနီးတစ်ဝိုက်တွင် အကာအရံတစ်ခုကို တည်ဆောက်ထားပြီးပြီဖြစ်သည်။ ကျိုးဝမ်ရှိူ့၏စကားကို ကြားသော် သူ(မ)သည် စွမ်းအားထပ်သုံးပြီး အလုံပိတ် အကာအကွယ်တစ်ခုကို ပြုလုပ်လိုက်ကာ ၎င်းက ယန်ကျင်းဇီတစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်။


အကာအကွယ်မှာ ဒုလုံးပုံရှိပြီး အမြင့်နှစ်မီတာကျော်ကာ အချင်းနှစ်မီတာ ရှိသည်။ ၎င်းပေါ်တွင် အပေါက်တစ်ပေါက်ပင် မရှိချေ။


ယန်ကျင်းဇီသည် သူ မတုံ့ပြန်နိုင်ခင် သေးငယ်သော နေရာတွင် အကျဉ်းချခံလိုက်ရသည်။


ပတ်ဝန်းကျင်က မည်းမှောင်နေပြီး ဘာကိုမှ မမြင်နိုင်။ အပြင်ဘက်မှ အသံလည်း ဝင်မလာနိုင်ပေ... ကံကောင်းစွာဖြင့် ၎င်းက သူ၏ စိတ်ဝိညာဉ်စွမ်းအား အသုံးပြုမှုကို မထိခိုက်ချေ။


ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီ ကာကွယ်ခံလိုက်ရသည်ကို တွေ့သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ယန်ကျင်းဇီကို အပြင်ခေါ်လာမိသည်အား နောင်တရမိသည်။


သို့သော် သူ့တွင် အတွေးများရန် အချိန်မရှိပေ... ဇွန်ဘီတွေ ဒီကိုရောက်နေပြီ!


ကျိုးဝမ်ရှိူ့ ချက်ချင်း မီးဖြင့်ပစ်လိုက်သည်။


ဤပစ်ခတ်မှုပြီးနောက် ကျိုးဝမ်ရှိူ့၏ စိတ်နှလုံး နစ်မြုပ်သွားသည်။


ဒီဇွန်ဘီတွေရဲ့ အင်အားက အရမ်းသန်မာတယ်! သူသည် ဤမျှသန်မာသော ဇွန်ဘီတစ်ကောင်ကို တွေ့ဖူးပြီး တစ်ယောက်တည်း သတ်ဖူးသော်လည်း ဤမျှသန်မာသော ဇွန်ဘီ အများအပြားကမူ...


အပြင်ဘက်တွင် တိုက်ပွဲစနေပြီ။ မြေကြီးဒြပ်စင်စွမ်းအားများ စုစည်းနေသော ဒုလုံးပုံအကာအကွယ် အတွင်း၌ ယန်ကျင်းဇီသည် အေးစက်သော မျက်နှာနှင့် ပတ်ဝန်းကျင်အခြေအနေကို စိတ်ဝိညာဉ်စွမ်းအားဖြင့် စူးစမ်းလေ့လာခြင်းတွင် အာရုံစိုက်နေသည်။


ဥက္ကာခဲမှ ထုတ်လွှတ်သော မီးဒြပ်စင်ကို အတူတကွ စုဆောင်းပြီး ကျိုးဝမ်ရှိူ့ဘေးတွင် နေရာချလိုက်သည်။ ထို့အပြင် သူသည် ပတ်ဝန်းကျင်လေထုထဲရှိ စွမ်းအင်ကို ဆုပ်ကိုင်၍ တိုက်ခိုက်ရန် ကြိုးပမ်းနေပြီး ဇွန်ဘီများကို ထိန်းချုပ်ရန်လည်း ကြိုးစားကြည့်သည်။


လေထဲတွင် စွမ်းအင်များ ပြန့်ကျဲနေပြီး တိုက်ခိုက်ရန် လုံးဝ အသုံးမပြုနိုင်ချေ။ ထိုဇွန်ဘီများသည် ရူးနေပြီး ထိန်းချုပ်ရန် ခက်ခဲသည်။ သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာသည် သူ့ဘက်မှ လူများ၏ သဘာဝလွန်စွမ်းရည်များကို တိုးမြှင့်ရန် ကြိုးစားခြင်း ဖြစ်ပုံပေါ်သည်...


ယန်ကျင်းဇီ ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ လေးရက် ရှိပြီဖြစ်သည်။ သူသည် စိတ်ဝိညာဉ်စွမ်းအား အသုံးပြုနည်း တချို့ကို လေ့လာခဲ့သော်လည်း အဆုံး၌မူ လေ့လာမှုက မလုံလောက်ချေ။ သူသည် ယခင်က တိုက်ပွဲကို မတွေ့ကြုံဖူးသဖြင့် ခဏတဖြုတ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။


စိတ်လျှော့၊ စိတ်လျှော့... ယန်ကျင်းဇီသည် သူ့ကိုယ်သူ ဆက်တိုက်ပြောနေသည်။ သူ၏ စိတ်လှုပ်ရှားမှုမှာ တဖြည်းဖြည်း ငြိမ်သက်နေစဉ် သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် တိုက်ပွဲတစ်ခုလုံးကို လွှမ်းခြုံထားသော ကြီးမားသည့် ပိုက်ကွန်ရက်ကြီးတစ်ခုနှင့် တူ‌လာသည်။


အပြင်ဘက်မှ အရာအားလုံးသည် သူ၏ 'မျက်ဝန်းများ'အောက်တွင် ရှိသည်။


လုဟွားရုန်၊ ချန်ရှုရှင်းတို့နှင့် အားယှဉ်နိုင်စွမ်းရှိသော ဒါဇင်ချီသည့် ဇွန်ဘီများစွာသည် အလွန်သန်မာကြသည်။ သာမန်မီးအမျိုးအစား စွမ်းရည်များ၏ သဘာဝလွန်စွမ်းအားများ သူတို့ပေါ်သို့ ကျရောက်သောအခါ သူတို့ကို လုံးဝ မထိခိုက်ချေ။


လုဟွားရုန်နှင့် ချန်ရှုရှင်းတို့အတွက်မူ...


လုဟွားရုန်သည် ရေစွမ်းအားရှင် ဖြစ်သည်။ သူသည် သူ၏ လက်ရှိခွန်အားနှင့် ရေခဲမြှားများ ပစ်လွှတ်နိုင်သော်ငြား သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ မသန်မာပေ။ ကျိုးဝမ်ရှိူ့သည် သူ့ကို ကိစ္စတစ်ခုအတွက် ခေါ်လာသည်။ ယင်းမှာ အပြင်ထွက်သောအခါ သဘာဝလွန်ရေစွမ်းအားမှာ အလွန်အသုံးဝင်သောကြောင့် ဖြစ်သည် – လူတိုင်းသည် သောက်သုံးရန်နှင့် သန့်ရှင်းရေးအတွက် ရေ လိုအပ်ပြီး အားလုံးက ရေစွမ်းအားရှင်တစ်ဦးကို လိုအပ်ကြသည်။


မီးစွမ်းအားရှင်များ သူတို့၏ကိုယ်ပိုင်စွမ်းအားများကို မထိန်းချုပ်နိုင်သောအခါ ဖြစ်လေ့ရှိသည့်ကိစ္စများစွာလည်း ရှိ‌သည်။ ဇွန်ဘီသတ်သောအခါ သူတို့သည် နေအိမ်များစွာကို မတော်တဆ မီးရှိူ့မိတတ်ကြသည်။ သူတို့သည် မီးငြိမ်းသတ်နိုင်သော ရေစွမ်းအားရှင်တစ်ဦး အနားတွင် လိုအပ်ပေသည်။


ချန်ရှုရှင်းအတွက်မူ သူ(မ)သည် မြေကြီးစွမ်းအားရှင်တစ်ဦး ဖြစ်ပြီး ခုခံကာကွယ်အား ပိုကောင်းသော်လည်း တိုက်ခိုက်ရေးတွင် အားနည်းသည်။


တစ်နည်းဆိုရသော် ကျိုးဝမ်ရှိူ့ကသာ ထိုဒါဇင်ပေါင်းများစွာသော အစွမ်းထက်သည့် ဇွန်ဘီများကို ထိခိုက်စေနိုင်သည်။


ဤဇွန်ဘီအနည်းငယ်သာ ရှိလျှင် ကျိုးဝမ်ရှိူ့သည် သူတို့ကို သတ်နိုင်မည်မှာ သေချာသော်လည်း ယခုမူ... ဒီဇွန်ဘီတွေက ဒါဇင်ပေါင်းများစွာ ရှိနေတယ်!


ကျိုးဝမ်ရှိူ့သည် ယခင်ကထက် သူ့အခြေအနေ ပိုကောင်းလာသည်ဟု ခံစားရပြီး သူ့စွမ်းအားများကို အသုံးပြုသောအခါ ပိုအားနည်းသော ဇွန်ဘီများကို မီးခိုးမည်းအဖြစ် တိုက်ရိုက်လောင်ကျွမ်းစေနိုင်ခဲ့သည်။


အစက သူ့နောက်လိုက်လာသော စွမ်းအားရှင်များသည် ဤမြင်ကွင်းကို တွေ့သောအခါ သူတို့က အလွန်ပျော်ရွှင်ကြပြီး တချို့ဆိုလျှင် ဝမ်းသာအားရ ‌ဟစ်အော်ကြသည်။


သို့သော် နောက်တစ်စက္ကန့်တွင် သူတို့ တောင့်ခဲသွားကြသည်။


ကျိုးဝမ်ရှိူ့သည် သာမန်ဇွန်ဘီ အများအပြားကို သတ်နိုင်သော်လည်း အင်အားကြီးသော ဇွန်ဘီတချို့ ရှိနေသည်။ သူတို့သည် ကျိုးဝမ်ရှိူ့၏စွမ်းရည်ကြောင့် နောက်ဆုတ်သွားရသော်လည်း မီးခိုးမည်းများက သူတို့၏ကိုယ်ပေါ်တွင် ပေါ်လာသည်။ ပြီးတော့ သူတို့က ဘာမှမဖြစ်ခဲ့သလိုမျိုး အမြန်ပြေးလာကြတယ်!


သူတို့၏ တိုက်ခိုက်မှုများအတွက်မူ...


သူတို့၏ စွမ်းရည်က ထိုဇွန်ဘီများကို ထိမှန်ခြင်းမှာ လုံးဝ အသုံးမဝင်ချေ။ ကျိုးဝမ်ရှိူ့က 'မီးပင်လယ်'ဖြင့် သေစေနိုင်သော အားနည်းသည့် ဇွန်ဘီများပင် တစ်ကောင်ကို သတ်ရန်အတွက် သူတို့သည် လူများစွာ အတူတကွ အလုပ်လုပ်ရန် လိုအပ်သည်။


ဤအခြေအနေနှင့်ရင်ဆိုင်ရသောအခါ ရက်စက်ကြမ်းကြုတ်သောတိုက်ပွဲများတွင် တစ်ခါမျှမပါဝင်ခဲ့ဖူးသော ဤမီးစွမ်းအားရှင်များမှာ ပြိုလဲလုမတတ်ပင်။


" ငါးယောက် တစ်ဖွဲ့ဖွဲ့ပြီး ဇွန်ဘီတစ်ကောင်ကို ရွေးပြီး အတူတိုက်ကြ။ " ကျိုးဝမ်ရှိူ့ ပြောလိုက်ပြီး နောက်ထပ် မီးပင်လယ်ကို ဖန်တီးလိုက်သည်။ ချန်ရှုရှင်းက အတူတကွ ပူးပေါင်းပြီး ဇွန်ဘီများ၏ ရှေ့တိုးမှုကို တားဆီးထားသည်။


သို့သော် ထိုသို့ဆိုလျှင်ပင် ၎င်းကို စက္ကန့်အနည်းငယ်မျှသာ ရပ်တန့်နိုင်သည်။


" ဥက္ကဌ၊ ပြန်သွားပြီး သတင်းပို့ပါ! " ချန်ရှုရှင်းသည် ကျိုးဝမ်ရှိူ့ကို ကြည့်လိုက်သည်။ သူ(မ)သည် သူ့ကို လွတ်မြောက်စေချင်သည်။


ဤလူများထဲတွင် ကျိုးဝမ်ရှိူ့သည် အသန်မာဆုံးဖြစ်ပြီး ယခုအချိန်တွင် သူလွတ်မြောက်လိုပါက လွတ်မြောက်နိုင်သည်။


ဇွန်ဘီများ မည်မျှပင် သန်မာနေပါစေ သူတို့၏ဦးနှောက်များမှာ အသိမရှိချေ... ဥပမာအားဖြင့် သူတို့သည် ယခင်က လေစွမ်းအားရှင်ကြောင့် ဆွဲဆောင်ခံလိုက်ရသော်လည်း နောက်ပိုင်းတွင် လေစွမ်းအားရှင်က အလွန်လျင်မြန်စွာ ထွက်ပြေးပြီး ဤနေရာတွင် လူတစ်စုက ရှိနေသည်... သေချာတာပေါ့၊ သူတို့သည် ဤနေရာရှိ ဤလူများထံသို့ သွေးဆောင်ခံရပြီး လေစွမ်းအားရှင်နောက်သို့ မလိုက်ကြတော့ပေ။


ဤအချိန်တွင် ကျိုးဝမ်ရှိူ့ တစ်ယောက်တည်း ထွက်ခွာလျှင် သေချာပေါက် ထွက်ပြေးနိုင်မည်ဖြစ်သည်။


" စကားပြောတာ ရပ်တော့။ " ကျိုးဝမ်ရှိူ့ ပြောလိုက်သည်။


သူ ဆန္ဒရှိလျှင် လွတ်မြောက်နိုင်ကြောင်း သူ သိသော်လည်း သူသည် အခြေစိုက်စခန်းမှ ဤမီးစွမ်းအားရှင်များကို အပြင်ခေါ်ထုတ်လာခဲ့သည်။ လုဟွားရုန်နှင့် ချန်ရှုရှင်းတို့ကို ကူညီရန် တောင်းဆိုသူမှာလည်း သူ ဖြစ်သည်... ဒီလိုဆို ဘယ်‌လိုလုပ် သူ ထွက်ပြေးနိုင်ပါ့မလဲ?


ထို့ထက် အရေးကြီးသည်မှာ ယန်ကျင်းဇီကို သူ ခေါ်ဆောင်သွားလျှင် လုံးဝ မလွတ်နိုင်ပေ။


အကယ်၍ သူ ယန်ကျင်းဇီကို မခေါ်သွားလျှင်... ဤသည်ကား မဖြစ်နိုင်ချေ။


သူသည် သူ ထင်ထားသည်ထက် ယန်ကျင်းဇီကို ပိုချစ်ပြီး ယန်ကျင်းဇီ တစ်ခုခုဖြစ်မည်ထက် သူသာ သေလိုက်မည်ဖြစ်သည်။


ကျိုးဝမ်ရှိူ့၏မျက်နှာသည် လေးနက်တည်ငြိမ်နေပြီး နောက်ထပ် မီးပင်လယ်ကို အသုံးပြုလိုက်သည်။


သူ့စွမ်းအားများသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အမှန်တကယ် ပိုမိုသန်မာလာသော်လည်း အလွန်များပြားသော ဇွန်ဘီများနှင့် ရင်ဆိုင်ရန် အသုံးမဝင်ဖြစ်နေသေးသည်။


အဆင့်နိမ့်ဇွန်ဘီများတွင် လုံးဝ အသိဉာဏ်မရှိသော်ငြား ဇွန်ဘီများ ပိုမိုသန်မာလာသောအခါ သူတို့သည် အရာများကို ပိုမိုကြုံတွေ့ခံစားရမည်ဖြစ်ပြီး အနည်းငယ် ပို၍ဉာဏ်ကောင်းလာလိမ့်မည်။


ဤဒါဇင်ပေါင်းများစွာသော ဇွန်ဘီတို့သည် အစပိုင်းတွင် ရှေ့သို့ပြေးလာကြသော်လည်း ကျိုးဝမ်ရှိူ့ထံမှ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရပြီးနောက် သူတို့သည် အမှန်တကယ် နောက်ဆုတ်သွားပြီး ပိုမိုအားနည်းသော ဇွန်ဘီများကို ကျိုးဝမ်ရှိူ့နှင့် တခြားသူများအား ဦးစွာ ဝိုင်းအုံခွင့်ပြုလိုက်ကြသည်။


ကျိုးဝမ်ရှိူ့သည် တစ်ကြိမ်လျှင် 'သာမန်ဇွန်ဘီများထက် ပိုမိုသန်မာသော်လည်း အင်အားကြီးသော ဇွန်ဘီများအောက် ပိုမိုအားနည်းသော' ရာချီသည့် ဇွန်ဘီများစွာကို ရင်ဆိုင်နိုင်သည်။ မီးစွမ်းအားရှင်များလည်း လူများစွာနှင့် ပူးပေါင်း၍ ချက်ချင်းပင် တစ်ကောင်စီကို သတ်နိုင်ပေသည်။


သို့သော် ဇွန်ဘီများက အလွန်များပြီး လူတိုင်း၏ သဘာဝလွန်စွမ်းအား ပမာဏမှာ အကန့်အသတ် ရှိသည်။


လူတချို့သည် ကွဲထွက်လုမတတ် ခေါင်းကိုက်နေကြသော်လည်း ဆက်လက်တောင့်ခံထားကြသည်။


တစ်ယောက်ဆိုလျှင် ဇွန်ဘီတစ်ကောင်ထံမှ ဖမ်းပြီး အကိုက်ခံရလုနီးပါး ဖြစ်‌ခဲ့ပြီး သူ့ဘေးမှ လူများက ပြန်ဆွဲထုတ်ပေးခဲ့ကြသည်။


လူတချို့သည် မျက်ရည်ကျနေသည်မှာ ကြာပြီဖြစ်သော်ငြား တိုက်ခိုက်မှုကိုတော့ မရပ်တန့်‌ပေ...


ချန်ရှုရှင်းသည် အံကြိတ်လျက် နံရံတွင် အပေါက်တစ်ခု ဖြည့်လိုက်သည်။ သွေးတစ်လုတ်က သူ(မ)၏ လည်ချောင်းထဲ တက်လာပြီး သူ(မ) ၎င်းကို ပြန်မျိုချလိုက်၏။


လုဟွားရုန် ပစ်လွှတ်သော ရေခဲဓားသွားများမှာ သဘာဝလွန်စွမ်းအား ပြတ်လပ်မှုကြောင့် သာမန်ဇွန်ဘီများကိုပင် မသတ်နိုင်တော့ပေ။ 


အသက်နှစ်ဆယ်ကျော် မီးစွမ်းအားရှင် လူငယ်တစ်ဦးသည် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး စိတ်ပြိုလဲကာ ငိုကြွေးနေသည်။



…...



ယနေ့ အခြေအနေသည် အလွန်စိုးရိမ်ဖွယ်ကောင်းပြီး အလားအလာကို နှိုးဆွလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ ကျိုးဝမ်ရှိူ့သည် သူ့စွမ်းအားများ၏ ပြန်လည်သက်သာနှုန်းမှာ ပုံမှန်ထက် ပိုမိုမြန်ဆန်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားရသော်လည်း ထိုသို့ဖြစ်လျှင်ပင် သူ့အသုံးပြုမှု၏ အရှိန်နှုန်းကို အမှီမလိုက်နိုင်သေးချေ။


သာမန်ဇွန်ဘီများ မသေဆုံးခင်နှင့် သေဆုံးပြီးနောက်တွင် ကျိုးဝမ်ရှိူ့၏ စွမ်းအားများမှာ ကုန်ဆုံးလုနီးပါး ဖြစ်သွားသည်။ ဤအချိန်တွင် ဒါဇင်ပေါင်းများစွာသော အင်အားကြီးဇွန်ဘီများ စုဝေးလာကြသည်။


ဤဇွန်ဘီများတွင် အမူအရာများ မရှိသော်ငြား သူတို့၏ မျက်လုံးသေများနှင့် စောင့်ကြည့်ခံရခြင်းက ကျိုးဝမ်ရှိူ့ကို ငရဲရောက်နေသကဲ့သို့ ခံစားရစေသည်။


သူ့ကိုယ်ပေါ်ရှိ ဥက္ကာခဲကို ထုတ်ယူပြီး ချန်ရှုရှင်းထံသို့ ပစ်လိုက်ကာ ကျိုးဝမ်ရှိူ့သည် ရုတ်တရက် ရှေ့သို့ပြေးထွက်ပြီး ချန်ရှုရှင်း ရုန်းကန်လျက် ထိန်းသိမ်းထားသော နံရံမှ ခုန်ထွက်သွားသည်။


" ဥက္ကဌ! " ချန်ရှုရှင်းက အော်ဟစ်ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။


" ဥက္ကဌ! " မီးစွမ်းအားရှင်အချို့ အော်လိုက်သည်။


ဤအချိန်တွင် ယန်ကျင်းဇီသည် ချွေးများ ရွှဲရွှဲစိုနေပြီဖြစ်သည်။


သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ကျိုးဝမ်ရှိူ့ကို ကူညီနေခဲ့ပြီး ကျိုးဝမ်ရှိူ့၏ ယခုအချိန်အထိ ဆက်လက်တောင့်ခံနိုင်စွမ်းမှာ သူနှင့် များစွာသက်ဆိုင်သည်။


သို့သော် ဤသည်က မလုံလောက်ချေ။


ကျိုးဝမ်ရှိူ့၏ လက်ရှိ အပြုအမူမှာ... ကျိုးဝမ်ရှိူ့က အပြင်ထွက်ပြီး အပြင်ဘက်က ဇွန်ဘီတွေကို တိုက်ခိုက်ချင်တာလား?


ယန်ကျင်းဇီသည် သူ့ကို ဝန်းရံထားသော နံရံကို လက်သီးနှင့်ထိုးလိုက်ပြီး သူ၏ အလုံးစုံသော စိတ်ဝိညာဉ်စွမ်းအားများမှာ ဇွန်ဘီများထံသို့ တဟုန်ထိုး ရှေ့တက်သွားသည်။


ကျိုးဝမ်ရှိူ့ မတော်တဆမှု မဖြစ်ရဘူး။


သူသည် ကျိုးဝမ်ရှိူ့အတွက်သာ ဤကမ္ဘာသို့ ရောက်ရှိလာသည်။


ကျိုးဝမ်ရှိူ့ မရှိဘဲ အသက်ရှင်နေရတာ ဘာထူးမှာလဲ?


ယန်ကျင်းဇီ၏ အလွန်ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားမှာ ရုတ်တရက် တဟုန်ထိုး မြင့်တက်သွားပြီး သူက အနန္တစွမ်းအားရှင် ဟူသော ခံစားချက်ကိုပင် ပေးစွမ်းနေသည်။


ဟိုးယခင်အချိန်ကတည်းက သူသည် မျက်စိမှိတ်ထားခဲ့သည်။ သူ့ရှေ့တွင် စွမ်းအင်မျိုးစုံသာ ရှိနေသည်... ယန်ကျင်းဇီသည် အစားအစာ ပါဝင်ပစ္စည်းများကို သန့်စင်ရန် သူ သုံးခဲ့သော နည်းလမ်းကို ရုတ်တရက် တွေးမိသွားသည်။


ဇွန်ဘီထဲမှ အနက်ရောင်စွမ်းအင်ကိုသာ သူ ထုတ်နိုင်လျှင်...


သူ၏ မူလက နူးညံ့သိမ်မွေ့သော စိတ်ဝိညာဉ်စွမ်းအားသည် ကြမ်းတမ်းပြင်းထန်လာပြီး ယခင်ကထက် ပိုမိုသန်မာလာသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ဇွန်ဘီများကြားတွင် ပျံ့နှံ့သွားပြီး ထိုဇွန်ဘီများ၏ အနက်ရောင်စွမ်းအင်ကို ချက်ချင်းပင် သူ ထုတ်ယူလိုက်သည်...


ယန်ကျင်းဇီ ရှိနေသော အကာအကွယ်နားတွင် မီးစွမ်းအားရှင်များ အများအပြား ထိုင်နေကြသည်။


ယခင်က တော်တော်များများ ငိုနေခဲ့ကြပြီး ဤအချိန်တွင် သူတို့သည် မခံစားနိုင်တော့ဘဲ ပိုလို့တောင် ငိုနေကြတော့သည် : " ဥက္ကဌ... "


လုဟွားရုန်နှင့် ချန်ရှုရှင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ တိတ်တိတ်ဆိတ်ဆိတ် ငိုကြသည်။


ဤအချိန်တွင် အပြင်ဘက်တွင် ရပ်နေသော ကျိုးဝမ်ရှိူ့သည် ကြောက်စရာကောင်းသော ကြံစည်အားထုတ်မှုကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။


စွမ်းအားရှင်တစ်ဦးသည် သေခြင်းရှင်ခြင်း အချိန်အခါ၌ သူ့ကိုယ်သူ ဖောက်ခွဲလိုက်သောအခါ ပြင်းထန်သော အင်အားကို ထုတ်ပေးနိုင်သည်။ သူ သူ့ကိုယ်သူ ဖောက်ခွဲလိုက်ရင်... သူ ဒီဇွန်ဘီတွေကို သတ်နိုင်လောက်လား?


ဤသည်က အနည်းဆုံးတော့ ယန်ကျင်းဇီနှင့် တခြားသူများကို မျှော်လင့်ချက်ရောင်ခြည် ပေးနိုင်လိမ့်မည်။


ဤအခိုက်အတန့်တွင် ကျိုးဝမ်ရှိူ့သည် ဘာကိုမှ မတွေးဘဲ ယန်ကျင်းဇီအကြောင်းသာ တွေးနေသည်။


သူ သေသွားရင် ချန်ရှုရှင်းက ယန်ကျင်းဇီကို ဂရုစိုက်ပါ့မလား? ဒါမှမဟုတ် ယန်ကျင်းဇီက နောက်ထပ်ရွှေသခင်တစ်ယောက်ကို ရှာတာလည်း ဖြစ်နိုင်တယ်မလား?


ဤသည်ကို တွေးမိသော် ကျိုးဝမ်ရှိူ့ မသေချင်ပေ... သို့သော် ဤဇွန်ဘီများကို သတ်ကိုသတ်ပစ်ရပေမည်။


ကျိုးဝမ်ရှိူ့သည် အားအလွန်မပြင်းသော်လည်း သူနှင့် ဇွန်ဘီများအားလုံးကို လွှမ်းခြုံနိုင်သော ကြီးမားသည့် မီးပင်လယ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။


သူသည် သူ့ကိုယ်သူ ဖောက်ခွဲချိန်တွင် တခြားသူများကို မတွေ့မြင်စေချင်ပေ။ သူ ဖောက်ခွဲပြီးနောက် တိုက်ရိုက်မီးလောင်ကျွမ်းခံရသည်မှာ ကောင်းမွန်လိမ့်မည်ဟုလည်း သူ တွေးမိသည်။


မီးတောက်များ၏ အလယ်တွင် ကျိုးဝမ်ရှိူ့သည် အသက်ပြင်းပြင်းရှူပြီး ဖောက်ခွဲရန် ဇွန်ဘီများထံသို့ ပြေးသွားသည်။


သို့သော် တစ်စုံတစ်ရာက သူ့ကို ဝန်းရံထားသကဲ့သို့ ဖြစ်လာပြီး တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲသို့ အားအင်များ ပြန်လည်သွင်းပေးနေသည်...


ဒီမီးပင်လယ်ထဲမှာ သူ့အနားက ဇွန်ဘီတွေအကုန်လုံး... မီးလောင်သေသွားပြီလား?


ပြီးတော့ သူတို့ မီးလောင်တိုက်သွင်းခံလိုက်ရတာက ရှင်းလင်းနေတာပဲ!


သူ့ကိုယ်သူ ဖောက်ခွဲရန် အဆင့်သင်ဖြစ်နေပြီဖြစ်သော ကျိုးဝမ်ရှိူ့သည် မီးပင်လယ်ထဲတွင် မတ်တပ်ရပ်လျက် ကြောင်အသွားသည်။


မီးစွမ်းအားရှင်များသည် မီးကို မကြောက်ဘဲ ၎င်းကို ထိန်းချုပ်နိုင်သော်လည်း သူတို့ကိုယ်တိုင် ထိန်းချုပ်ထားခြင်း မဟုတ်လျှင် မီးက သူတို့ကို လောင်ကျွမ်းသွားလိမ့်မည်...


ကျိုးဝမ်ရှိူ့သည် မသိစိတ်၏ စေ့ဆော်မှုအရ မီးပင်လယ် အပြင်ဘက်သို့ ပြေးထွက်သွားပြီး ရလဒ်ကမူ မီးပင်လယ်က သူ ထိန်းချုပ်ရန်ပင် မလိုဘဲ သူ့ရှေ့တွင် လမ်းဖွင့်ပေးလလာသည်...


ကြီးမားသော မီးပင်လယ်ကြီးကို ကျိုးဝမ်ရှိူ့ ဖန်တီးပြီးနောက် နေရာတွင် ကျန်ရစ်ခဲ့သူများမှာ မငိုကြွေးနိုင်ကြတော့ပေ။


ကျိုးဝမ်ရှိူ့ ဘာလုပ်ချင်သလဲ သူတို့အားလုံး ခန့်မှန်းမိကြသည်။


မီးပင်လယ်က အရမ်းကြီးနေပြီ။ ကျိုးဝမ်ရှိူ့ရော...


ဤသို့တွေးနေစဉ် သူတို့သည် ကျိုးဝမ်ရှိူ့က မီးပင်လယ်၏ အလယ်တွင် လမ်းခွဲထုတ်ပြီးနောက် မည်းမှောင်နေသော မျက်နှာနှင့် လောင်ကျွမ်းထားသော အဝတ်အစားများနှင့်အတူ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။


ဤအချိန်တွင် ငိုကြွေးနေသူများ ရုတ်တရက် အငိုရပ်သွားပြီး အားလုံး အံ့ဩသွားကြသည် : " ဥက္ကဌ? "


" ငါ အဆင်ပြေတယ်။ အဲ့ဇွန်ဘီတွေ... " မီးတောက်ပင်လယ်တစ်လှိုင်းကြောင့် ထိုအစွမ်းထက်သော ဇွန်ဘီများ မီးလောင်သေဆုံးသွားကြောင်းကို မည်သို့ပြောရမည်မှန်း ကျိုးဝမ်ရှိူ့ မသိပေ...


" သူတို့ ထွက်ပြေးသွားပြီလား? " ချန်ရှုရှင်း ဤဖြစ်နိုင်ချေကို တွေးမိသည်။


ကျိုးဝမ်ရှိူ့က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ဘာပြန်ပြောရမှန်းမသိသော်လည်း တခြားသူများက ဝိုင်းအားပေးကြသည်။


" ဥက္ကဌ! အံ့ဩစရာပဲ! မင်း သူတို့ကို မောင်းထုတ်လိုက်ပြီ! "


" သူတို့ ထွက်ပြေးသွားပြီ! ငါတို့ ကယ်တင်ခံရပြီ! "


" ဝူး... ဥက္ကဌ... "


ဤလူများသည် ငိုကြွေးရယ်မောကြသော်လည်း သေချာသည်မှာ – ဤသေခြင်းရှင်ခြင်း အခြေအနေကို ကြုံတွေ့ပြီးနောက် သူတို့၏စိတ်ထဲတွင် ကျိုးဝမ်ရှိူ့မှာ ကွဲပြားသွားပြီဖြစ်သည်။


သူတို့သည် ကျိုးဝမ်ရှိူ့၏အင်အားကို မျက်မြင်ကြုံတွေ့လိုက်ရပြီး... ကျိုးဝမ်ရှိူ့သာ အသည်းအသန် ပြေးထွက်မသွားလျှင် ထိုဇွန်ဘီများ ထွက်ပြေးလိမ့်မည်မဟုတ်ချေ။


သူတို့ကို ကယ်ခဲ့တဲ့လူက ကျိုးဝမ်ရှိူ့ပဲ!


ကျိုးဝမ်ရှိူ့၏ စွမ်းရည်များသည် အပြည့်အဝ ကုန်ဆုံးသွားပြီး မနည်းပင် မတ်တပ်ရပ်နေရကာ အစစ်အမှန်မဟုတ်သော ခံစားချက် ရှိနေသေးသည်။


ဘယ်သူမဆို အသက်နှင့်လဲ၍ တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးမှ ရန်သူက ကျားတစ်ကောင်အဖြစ်မှ စက္ကူကျားတစ်ကောင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသောအခါ အနည်းငယ် မယုံကြည်နိုင်သကဲ့သို့ ခံစားရပေလိမ့်မည်။


သူ တကယ် ကံကောင်းလာသည်မှာ မကြာသေးပေ။ ဖြစ်နိုင်တာ ဒါက... အချစ်ရဲ့စွမ်းအားများလား?


ဤသို့တွေးမိသော် ကျိုးဝမ်ရှိူ့သည် သူ့ခန္ဓာကိုယ်မှာ နွေးထွေးပြီး သူ့စွမ်းရည်များမှာ အလျင်အမြန် ပြန်လည်သက်သာလာသည်ဟု ခံစားရသည်။


အခြားသူများ၏ အရည်အချင်းများသည် အခြေခံအားဖြင့် ကုန်ဆုံးသွားပြီဖြစ်သည်။ ချန်ရှုရှင်းသည် သူ(မ)၏ချစ်သူထံမှ ပွေ့ဖက်ခံလျက်ရှိပြီး မျက်နှာမှာ ဖြူဖျော့နေလေသည်... ကျိုးဝမ်ရှိူ့သည် သူ့စွမ်းအားကို တိုက်ရိုက်အသုံးပြုလိုက်ပြီး ယန်ကျင်းဇီကို ကာကွယ်ထားသော 'အကာအကွယ်'ကို ဖျက်ဆီးလိုက်သည်။


ဤမြင်ကွင်းကို တွေ့မြင်သူများ : " !!! " ဒီအချိန်မှာတောင် သူတို့ရဲ့ ဥက္ကဌက သူ့ရဲ့ သဘာဝလွန်စွမ်းအားကို သုံးနေနိုင်တုန်းပဲ!


ဒါက သန်မာလွန်းတာ မဟုတ်လား?


သူတို့ ဤသို့စဉ်းစားပြီး သူတို့သည် ချန်ရှုရှင်း တည်ဆောက်ထားသော 'အကာအကွယ်'ထဲမှ ယန်ကျင်းဇီ ထွက်လာသည်ကို တွေ့လိုက်ရသည်။


ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ကို ပွေ့ဖက်လိုက်သည် : " ဝမ်ရှိူ့၊ မင်း အဆင်ပြေရဲ့လား? "


သူသည် ကျိုးဝမ်ရှိူ့ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် စောင့်ကြည့်နေသော်လည်း သူ စိတ်မသက်မသာဖြစ်နေဆဲ ဖြစ်သည်။


" ငါ အဆင်ပြေပါတယ်။ " ကျိုးဝမ်ရှိူ့က ဆိုသည် : " မင်းရော ဘယ်လိုလဲ? "


ယန်ကျင်းဇီ၏ စိတ်စွမ်းအားက တကယ့်ကို အားကောင်းသည်။ ဤအခိုက်အတန့်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အမှန်တကယ် အသုံးပြုနိုင်သေးသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ထပ်မံ မတောင့်ခံနိုင်တော့သဖြင့် သူ့ခေါင်းက အလွန်နာကျင်နေသည်...


ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့၏လည်ပင်းထက်တွင် ခေါင်းကို မြှုပ်လိုက်ပြီး သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည် : " သေချာပေါက် ငါက အဆင်ပြေတာပေါ့။ ငါ့လက်ပဲ နည်းနည်း‌နာနေတာ... "


ထိုအခါမှသာ ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီ၏လက် ထိခိုက်ထားသည်ကို တွေ့ရှိသွားသည်။ ယခင်က သူ့တွင် ဤဒဏ်ရာ မရှိချေ။ ဆိုလိုသည်မှာ 'အကာအကွယ်'ထဲတွင် ရှိနေစဉ် သူ့ကိုယ်သူ နံရံကို ဝင်တိုက်ခြင်းမှ ရရှိလာသော ဒဏ်ရာ ဖြစ်သည်။


ထို့နောက် ယန်ကျင်းဇီက ပြောလာသည်။ " ငါ မင်းကို စိတ်ပူတယ်... ငါ အရမ်းအသုံးမကျဖြစ်နေလား? "


" လုံးဝ မဖြစ်ဘူး! မင်းက အရမ်းကောင်းတယ်! " ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို လျင်မြန်စွာ နှစ်သိမ့်လိုက်ပြီး စိတ်မကောင်းစွာဖြင့် ယန်ကျင်းဇီ၏လက်ကို ကြည့်နေသည်။


နှစ်ယောက်သား ပွေ့ဖက်ပြီး စကားပြောနေသည်။


ဘေးပတ်ဝန်းကျင်မှ လူများသည် သူတို့ကို ကြည့်ပြီးနောက် ရှုပ်ပွနေသော အပြင်ဘက် မြင်ကွင်းကို ကြည့်လိုက်ကြသည်။ သူတို့သည် အရှေ့မှ လူနှစ်ဦးက ပတ်ဝန်းကျင်မြင်ကွင်းနှင့် နည်းနည်းကွဲလွဲနေသည်ဟု အမြဲခံစားရပေသည်။




____