တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းတွင် ယန်ကျင်းဇီ၏ ဂုဏ်သတင်းမှာ အလွန်မြင့်မားဆဲဖြစ်သည်။ အခြေစိုက်စခန်းကို အုပ်ချုပ်တဲ့ ကျိုးဝမ်ရှိူ့က ယောက်ျားတွေကို ကြိုက်ပြီး မျက်နှာဖြူလေး တစ်ယောက် ရှိတယ် ဆိုတာ ဘယ်သူက မသိလို့လဲ?
ယခုအချိန်တွင် အခြေစိုက်စခန်းရှိ သာမာန်လူများသည် ယန်ကျင်းဇီ၏အမည်ကိုသာ သိပြီး သူနှင့် တွေ့သောအခါ သူတို့သည် သူ့ကို မသိကြချေ။ သို့သော် စွမ်းအားရှင်များနှင့် အခြေစိုက်စခန်း၏ ခေါင်းဆောင်များ အားလုံးက ယန်ကျင်းဇီကို မှတ်မိကြသည်။
ယန်ကျင်းဇီ၏ ဓာတ်ပုံများမှာ သူတို့ကြားတွင် မကြာခဏ ပျံ့နှံ့လေ့ရှိသည်။
ဇွန်ဘီများကို သတ်ရန် ကျိုးဝမ်ရှိူ့၏နောက်သို့ လိုက်ချင်သော ဤမီးစွမ်းအားရှင်များ အားလုံးသည် ယန်ကျင်းဇီကို သိကြသည်။ မှတ်မိသွားကြပြီးနောက်... သူတို့သည် စိတ်ရှုပ်ထွေးသော အကြည့်များဖြင့် ယန်ကျင်းဇီကို ကြည့်ကြသည်။
သူတို့ မှတ်မိတာ ဒီလူက သာမန်လူ မလား? ဘာလို့ သူက သူတို့ ဇွန်ဘီသွားသတ်မှာကို လိုက်ချင်တာလဲ?
သူတို့ စဉ်းစားနေစဉ် သူတို့ကို နှုတ်ဆက်ပြီးသွားသော ယန်ကျင်းဇီက ကျိုးဝမ်ရှိူ့စီကို ပြေးသွားပြီဖြစ်သည် : " ဝမ်ရှိူ့၊ မင်း ရေသောက်ချင်လား? "
ကျိုးဝမ်ရှိူ့သည် ရေမဆာသော်လည်း ယန်ကျင်းဇီက ရေဖန်ခွက်ကို ကိုင်ပြီး သူ့ကို ကြည့်နေသည်... သူ ရေဖန်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။
ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ ရေသောက်သည်ကို စောင့်ပြီး ရေဖန်ခွက်ကို ယူ၍ တစ်ငုံသောက်သည်။ ပြုံးလျက်ဖြင့် သူက ပြောသည် : " ငါတို့ကို ဒီလိုကြည့်လိုက်ရင် သွယ်ဝိုက်အနမ်း ဖြစ်သွားတယ်မလား? "
ကျိုးဝမ်ရှိူ့ : ငါ အစခံရပြန်ပြီ!
သူတို့နှစ်ဦး စကားပြောနေစဉ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် မနီးမဝေးမှ ရောက်လာသည် : " တောင်းပန်ပါတယ် ဥက္ကဌ ငါတို့ နောက်ကျသွားတယ်။ "
" ငါက အစောကြီး ရောက်နေတာပါ။ " ကျိုးဝမ်ရှိူ့က ပြုံးသည်။
ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့၏အကြည့်အတိုင်း လိုက်ကြည့်သောအခါ ရောက်လာသူနှစ်ဦးသည် တူညီသော အားကစားဝတ်စုံကို ၀တ်ဆင်ထားကာ အလွန်ရိုးရှင်းပုံပေါက်သည်ကို တွေ့ရှိလိုက်သည်။ သူတို့နှစ်ဦးတွင် အမျိုးသမီးစွမ်းအားရှင်သည် သူ(မ)၏ကိုယ်ပေါ်မှ အလင်းရောင်အရ မြေကြီးစွမ်းအားရှင် ဖြစ်ပြီး အမျိုးသားစွမ်းအားရှင်သည် ရေစွမ်းအားရှင် ဖြစ်သည်။
သူတို့၏ကိုယ်ပေါ်တွင် တောက်ပသော အလင်းရောင် ရှိလေရာ သူတို့၏ သဘာဝလွန်စွမ်းရည်များမှာ အားမနည်းလောက်ပေ။
ကျိုးဝမ်ရှိူ့သည် ဤလူနှစ်ဦးကို နှုတ်ဆက်ပြီး ယန်ကျင်းဇီကို မိတ်ဆက်ပေးသည်။
ယနေ့ ဤလူနှစ်ဦးသည် မြို့ပြင်တွင် ဇွန်ဘီသတ်ရန် ကျိုးဝမ်ရှိူ့နှင့်အတူ အဖွဲ့ကို ဦးဆောင်မည့်လူများ ဖြစ်ကြသည်။ သူတို့သည် စုံတွဲတစ်တွဲ ဖြစ်ပြီး အမျိုးသမီး၏ နာမည်မှာ ချန်ရှုရှင်း ဖြစ်ပြီး အမျိုးသား၏ နာမည်မှာ လုဟွားရုန် ဖြစ်သည်။
ယန်ကျင်းဇီကဲ့သို့ပင် သူတို့ကို ကျိုးဝမ်ရှိူ့သည် အခြေစိုက်စခန်း တည်ထောင်ပြီး သိပ်မကြာမီ ထောက်ပံ့ပစ္စည်းများ ရှာဖွေရန် အပြင်ထွက်ချိန်၌ ကယ်တင်ခဲ့သည်။
ဤလူနှစ်ဦးသည် အစောကြီးကတည်းက အခြေစိုက်စခန်းသို့ ရောက်ရှိနေကြပြီး အလွန်သန်မာသော စွမ်းရည်များကို ပိုင်ဆိုင်ကြသည်။ ကျိုးဝမ်ရှိူ့သည် သူတို့ကို ကောင်းကောင်းသိပြီး သူသည် မုန့်ကျားယင် ထွက်သွားပြီးနောက် ချန်ရှုရှင်းကို သူ့လက်ထောက် အဖြစ် ထားရန် စီစဉ်ထားသောကြောင့် ဤတစ်ကြိမ်တွင် သူတို့ကို ခေါ်လိုက်သည်။
" ဟယ်လို " ယန်ကျင်းဇီသည် ဤလူနှစ်ဦးကို အပြုံးနှင့် နှုတ်ဆက်သည်။
လုဟွားရုန်နှင့် ချန်ရှုရှင်းတို့သည်လည်း ယန်ကျင်းဇီကို အပြုံးဖြင့် နှုတ်ဆက်၏။
သူတို့၏ သဘောထားမှာ အလွန်တည်ငြိမ်ပြီး အနည်းဆုံးတော့ ယန်ကျင်းဇီသည် သူတို့ထံမှ အငြိုးတရားကို မခံစားရပေ။
ကျိုးဝမ်ရှိူ့တွင် ယုံကြည်ရသော သူငယ်ချင်းများ ရှိသေးသည်။
ယနေ့တွင် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းတွင် စာရင်းသွင်းထားသူ ၁၂၃,၄၀၀ ကျော် ရှိပြီး ၃၇၆၁ ဦးသည် စွမ်းအားရှင်များ ဖြစ်သည်။
စွမ်းအားရှင် ၃,၀၀၀ ကျော် တွင် မီးစွမ်းအားရှင် ၅၃၂ ဦး ရှိသည်။
ဤမီးစွမ်းအားရှင် အားလုံးကို တစ်ပြိုင်နက်တည်း ခေါ်ယူလာရန်မှာ ကျိုးဝမ်ရှိူ့အတွက် မဖြစ်နိုင်သဖြင့် နောက်ဆုံးတွင် သူတို့ကို အသုတ်လိုက် အပြင်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။
ယနေ့တွင် မီးစွမ်းအားရှင် ငါးဆယ်ကျော်က လိုက်ပါသည်။ သူတို့က အနားတွင် စောင့်နေကြပြီဖြစ်သည်။ လုဟွားရုန်နှင့် ချန်ရှုရှင်းတို့ ရောက်လာသောအခါ လူတိုင်း အတူတကွ ထွက်ခွာကြသည်။
အခြေစိုက်စခန်းရှိ လူများသည် များသောအားဖြင့် ထရပ်ကားဖြင့် ဇွန်ဘီများကို သတ်ရန် အပြင်ထွက်ကြသည်။ စွမ်းအားရှင်များသည် ထရပ်ကားခန်းတွင် နေ၍ ပတ်ဝန်းကျင်ကို ချောချောမွေ့မွေ့ တိုက်ခိုက်ကြသည်။
လူအယောက်ငါးဆယ်သည် ထရပ်ကားလေးစီးနှင့် လိုက်ပြီး ကျိုးဝမ်ရှိူ့နှင့် အခြားသူများက SUV တစ်စီးနှင့် သွားသည်။
ကျိုးဝမ်ရှိူ့နှင့် ချန်ရှုရှင်းတို့သည် များသောအားဖြင့် မတိုက်ခိုက်ပေ။ သူတို့သည် မီးစွမ်းအားရှင်ငါးဆယ် အန္တရာယ်ကျရောက်သောအခါမှသာ ကူညီသည်။
ထရပ်ကားလေးစီးအနက် နှစ်စီးသည် ရှေ့မှ နေပြီး နှစ်စီးက နောက်တွင် နေကာ အလယ်တွင် SUV တစ်စီး ရှိသည်။ အဖွဲ့သည် H မြို့ကြီးကို ဦးတည်သွားသည်။
အခြေစိုက်စခန်းတွင် မည်သည့်ဇွန်ဘီကိုမျှ မမြင်နိုင်သော်ငြား အခြေစိုက်စခန်းနှင့် အဝေးတွင် ဇွန်ဘီများကို တွေ့မြင်နိုင်သည်။
အစပိုင်း၌ သူတို့သည် ဇွန်ဘီများကို တခါတလေမှသာ မြင်နိုင်သော်လည်း ပိုပိုများလာသည်...
" ဒီလမ်းတွေကို ရှင်းပြီးသားလား? " ယန်ကျင်းဇီသည် သူ့ဘေးက ကျိုးဝမ်ရှိူ့ကို မေးလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လမ်းဘေးတွင် ပျက်စီးနေသော ယာဉ်များ အများအပြား ရှိသည်ကို တွေ့နိုင်သော်လည်း လမ်းက ရှင်းလင်းနေသည်။
" ငါတို့စခန်းက လမ်းရှင်းဖို့ ထွက်လာရင် အနီးအနား ပတ်ဝန်းကျင်က ဇွန်ဘီတွေကိုလည်း ရှင်းပစ်လိမ့်မယ်။ " ကျိုးဝမ်ရှိူ့သည် အနီးရှိ လူနေအသိုင်းအဝိုင်းကို ညွှန်ပြပြီး ပြောသည် : " ဇွန်ဘီတွေက လူသားတွေရဲ့ ရန်သူတွေပဲ။ တစ်ကောင်ကို ပိုသတ်နိုင်ရင် ပိုကောင်းတယ်။ အခု လူသားတွေထက် ဇွန်ဘီတွေက ပိုများနေပေမယ့် ငါတို့ ဇွဲရှိသရွေ့ ငါတို့ အနှေးနဲ့အမြန် ဇွန်ဘီတွေ အကုန်လုံးကို သတ်နိုင်ပြီး ကမ္ဘာပျက်ကပ်ကို အဆုံးသတ်နိုင်လိမ့်မယ်။ "
ကျိုးဝမ်ရှိူ့ ဤသို့ပြောသောအခါ သူ့မျက်ဝန်းများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
ယန်ကျင်းဇီ သူ့ကို အနည်းငယ် နမ်းချင်လာသည်။
ကျိုးဝမ်ရှိူ့က သူ့ကောင်လေး ဖြစ်သည်။ သူ နမ်းချင်လျှင် နမ်းနိုင်သည်... ယန်ကျင်းဇီ ကျိုးဝမ်ရှိူ့ကို ပွေ့ဖက်ပြီး နမ်းလိုက်သည် : " မင်းက အရမ်းတော်တာပဲ၊ ဝမ်ရှိူ့။ "
ကျိုးဝမ်ရှိူ့ : " ... လူရှိနေတယ်။ "
ကားမောင်းနေသော လုဟွားရုန်သည် တစ်ချက်ဝေ့မကြည့်သော်လည်း ချန်ရှုရှင်းက ရယ်သည် : " အဆင်ပြေတယ်၊ အဆင်ပြေတယ်၊ ငါတို့ မရှိသလိုပဲ မင်းတို့ သဘောထားလိုက်ကြပါ! "
၎င်းကို ပြောခဲ့သော်လည်း ချန်ရှုရှင်းက အလျင်အမြန် ထပ်ပြောပြန်သည် : " ဥက္ကဌ၊ ဒါဆို မင်းက ဒီလိုမျိုးကို သဘောကျတာပေါ့... "
ကျိုးဝမ်ရှိူ့ : " ... " ယန်ကျင်းဇီကို မတွေ့ခင် သူသည် ဤပုံစံမျိုးကို သဘောကျမှန်း မသိခဲ့ပေ။
တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသည် ဇွန်ဘီများကို ရှင်းလင်းရန် အမြဲတမ်း လူလွှတ်လေ့ရှိသော်လည်း အခြေစိုက်စခန်း၏ လူအများစုမှာ သာမန်လူများ ဖြစ်ပြီး စွမ်းအားရှင်များသည် အခြားတာဝန်များအတွက်လည်း တာဝန်ရှိသေးသောကြောင့် သူတို့သည် ဇွန်ဘီအများအပြားကို မရှင်းလင်းနိုင်ခဲ့ကြချေ။
ယနေ့ သူတို့ သွားရောက်သည်မှာ ရှင်းလင်းရန် အချိန်မရှိခဲ့သော ဧရိယာတစ်ခု ဖြစ်သည်။
ဤသည်မှာ ပျက်စီးယိုယွင်းနေသော အိမ်များစွာရှိသည့် မြို့ပြရွာ ဖြစ်ပြီး ၎င်းတို့ထဲတွင် မရေမတွက်နိုင်သော ဇွန်ဘီများ လှည့်လည်သွားလာနေကြသည်။ အိမ်ထဲတွင် ပိတ်မိနေကြသော ဇွန်ဘီများ အများအပြားပင် ရှိသေးသည်။
ကားက လမ်းဘေးတွင် ရပ်လိုက်ပြီး ဇွန်ဘီအနည်းငယ် ချက်ချင်း ရောက်လာသည်။ ထရပ်ကားပေါ်မှ မီးစွမ်းအားရှင်များသည် ကားပေါ်မှ မဆင်းမီ ထိုဇွန်ဘီများကို လျင်မြန်စွာ သတ်ပစ်လိုက်ကြသည်။
ကျိုးဝမ်ရှိူ့လည်း ကားထဲက ထွက်လာပြီး အပြင်ရောက်သောအခါ သူသည် မြေပြင်က ညစ်ပတ်နေသည်ကို တွေ့လိုက်ရသည်... သူသည် အနီးအနားရှိ မြေပြင်ပေါ်မှ အညစ်အကြေးများကို သူ့အစွမ်းနှင့် ဦးစွာ မီးရှိူ့လိုက်ပြီးမှ ယန်ကျင်းဇီကို ကားထဲမှ ထွက်စေကာ မီးစွမ်းအားရှင်များကို ပြောလိုက်သည် : " ဒီနေ့ ငါတို့ ဒီရပ်ကွက်ကို ရှင်းလင်းဖို့ တာဝန်ကျတယ်။ မင်းတို့ကို နှစ်သင်းခွဲထားတယ်... "
ကျိုးဝမ်ရှိူ့သည် ဤမီးစွမ်းအားရှင်များကို အသင်းနှစ်သင်း ခွဲလိုက်သည်။ တစ်သင်းက ဇွန်ဘီများ သတ်နေသောအခါ အခြားအသင်းက သူတို့၏ စွမ်းအားများကို ပြန်လည်သက်သာရန် စောင့်နေစဉ် သူ့နောက်မှ လိုက်ပြီး သူ ရှင်းပြသော သဘာလွန်စွမ်းအားများကို အသုံးပြုခြင်း နည်းစနစ်များကို နားထောင်ကြလိမ့်မည်ဖြစ်သည်။
" ဟုတ်ကဲ့ပါ ဥက္ကဌ! " ဤစွမ်းအားရှင်များသည် ပြိုင်တူပြန်ဖြေပြီး အလျင်အမြန် လှုပ်ရှားကြသည်။
ချန်ရှုရှင်းနှင့် လုဟွားရုန်တို့သည် ဇွန်ဘီသတ်ဖြတ်မည့် စွမ်းအားရှင်အဖွဲ့နှင့်အတူ လိုက်ပါထွက်ခွာသွားစဉ် ကျိုးဝမ်ရှိူ့သည် အခြားအသင်းကို ခေါ်ကာ နေရန် အနီးအနားတွင် အတော်လေး သန့်ရှင်းသော အစိမ်းရောင်မြေကို ရှာတွေ့ခဲ့သည်။
သူသည် ဥက္ကာခဲကို ဦးစွာ ထုတ်ယူပြီး လူအုပ်၏အလယ်တွင် ချလိုက်သည်။
ဥက္ကာခဲ ပထမဆုံး ပေါ်လာသောအခါ မီးစွမ်းအားရှင်များသည် စိတ်လှုပ်ရှားသွားကြပြီး လက်ထုတ်၍ ၎င်းကို ထိကိုင်ကြည့်ကြသည်။
ထိကိုင်ပြီးနောက် သူတို့ ပိုမိုစိတ်လှုပ်ရှားလာသည် : " ပူတယ်! "
" အထဲက အားကောင်းတဲ့ စွမ်းအင်ကို ငါ ခံစားရတယ်! "
" ဒီကျောက်တုံးက ကိုင်လို့ ကောင်းလိုက်တာ! "
" ဥက္ကာခဲ ဆိုတာ ဒီလိုမျိုးပေါ့! "
…..
ဤလူများသည် ဤဥက္ကာခဲနှင့်ဆိုလျှင် သူတို့လည်း ကျိုးဝမ်ရှိူ့ကဲ့သို့ သန်မာလာနိုင်သည်ဟု တွေးနေလောက်သည်... ' မင်းတို့ အတွေးလွန်နေပြီ ' ဟုသာ ယန်ကျင်းဇီ သူတို့ကို ပြောပြချင်သည်။
ဥက္ကာခဲတွင် အစွမ်းထက်သော မီးစွမ်းအင်များ ပါဝင်ပြီး ဤလူများလည်း ၎င်းကို ခံစားရနိုင်သော်လည်း ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအားမှာ အလွန်အားနည်းသည်။ ရိုးရှင်းစွာပင် သူတို့သည် အတွင်းမှ စွမ်းအင်ကို တက်ကြွစွာ မစုပ်ယူနိုင်ပေ။
ထို့ကြောင့် ဥက္ကာခဲအနီးတွင် သူတို့ နေခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အမှန်တကယ်တွင် သိပ်မများလှပေ။ အနည်းဆုံးတော့ သူတို့ကိုယ်တိုင် ခံစားမိရန် ခက်ခဲပေသည်။
ဤတွင် သူ့၌ ဥက္ကာခဲထဲမှ စွမ်းအင်များကို စုပ်ယူရန် နည်းလမ်း ရှိသော်လည်း သူ့အရည်အချင်းက ညံ့ဖျင်းလွန်းသည်။ သူ မီးစွမ်းအင်များစွာကို စုပ်ယူလိုက်လျှင်ပင် သူက /မီးခြစ်/ *******တစ်လုံးသာ ဖြစ်သည်။
အတွေးကပင် ယန်ကျင်းဇီကို စိတ်ညစ်စေသည်။ သူ ကျိုးဝမ်ရှိူ့အပေါ် မှီလိုက်သည်။
သူ အရမ်းနာနေလို့ ထိုင်တောင်မထိုင်နိုင်တော့ပေ...
ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို ဖက်ပြီး ချော့ချော့မော့မော့ ပုတ်ပေးသည်။
ဘေးလူများ : " ... " သူတို့ ဒီကို ဇွန်ဘီသတ်ဖို့ ရောက်နေတာ၊ ခွေးစာ စားဖို့ မဟုတ်ဘူးလားလို့?
တခြားသူများ မည်သို့ပင် တွေးထင်ပါစေ၊ ကျိုးဝမ်ရှိူ့ အနည်းငယ် ပုတ်ပေးပြီးနောက် ယန်ကျင်းဇီသည် အားပြန်ပြည့်သွားသည်။
သူသည် ကျိုးဝမ်ရှိူ့၏ ပေါင်ပေါ်တွင် လှဲပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဥက္ကာခဲမှ ထွက်လာသော မီးဒြပ်စင်ကို ဆုပ်ကိုင်ကာ သူ့ကိုယ်နှင့် ကျိုးဝမ်ရှိူ့၏ ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်သည်။
ကံမကောင်းစွာပင် သူ၏ သဘာဝလွန်စွမ်းအားမှာ အနည်းငယ် ပိုမိုသန်မာလာခြင်း မရှိချေ...
ယန်ကျင်းဇီ အနည်းငယ် စိတ်ပျက်သွားသည်။ ကျိုးဝမ်ရှိူ့၏ ခံစားချက်ကမူ ကွဲပြားသည် – ယန်ကျင်းဇီ ရှိနေသောကြောင့် ဖြစ်နိုင်သည်၊ ယနေ့ သူ အလွန်တက်ကြွနေသည်။ သူ၏ စွမ်းအားများမှာ သူ့ခန္ဓာကိုယ်တစ်လျှောက် တရဟော စီးဆင်းနေပြီး သူ့အား အလျင်အမြန် ပြေး၍ စိတ်ရှိလက်ရှိ တိုက်ခိုက်စေချင်နေသည်။
သို့သော် ယနေ့ သူ၏ အဓိကအလုပ်မှာ အခြားသူများကို သင်ကြားပေးရန် ဖြစ်သည် : " သုတေသီတွေ လေ့လာပြီးတဲ့နောက် တွေ့ရှိခဲ့တာက ဒီဥက္ကာခဲမှာ မီးစွမ်းအင်နဲ့ တူညီတဲ့ စွမ်းအင် ရှိပြီး စွမ်းအားတွေ အားပြန်ပြည့်စေဖို့လည်း အရှိန်မြှင့်ပေးနိုင်တယ်။ ပုံမှန်ဆိုရင် မင်းတို့ရဲ့ စွမ်းအားတွေ အားပြန်ပြည့်ဖို့က တစ်နာရီလောက် ကြာလိမ့်မယ်။ ဒါပေမယ့် ဒါက မိနစ်လေးဆယ်လောက်နဲ့ ပြည့်စေနိုင်တယ်။ "
" ဥက္ကဌ၊ ဒါက ငါတို့ကို မင်းလို သန်မာစေမှာလား? " တစ်စုံတစ်ယောက်က မေးသည်။
" ဒါက အရမ်းမှော်ဆန်တယ် ဆိုရင် ငါတို့ရဲ့ အခြေစိုက်စခန်းမှာ အစွမ်းထက်တဲ့ မီးစွမ်းအားရှင် အုပ်စုတစ်စု ရှိနေလောက်ပြီ။ " ကျိုးဝမ်ရှိူ့ ဆက်ပြောသည် : " အဲ့အချိန်တုန်းက သုတေသနနဲ့ ပူးပေါင်းပြီး ဥက္ကာခဲဘေးမှာ နေခဲ့တဲ့ မီးစွမ်းအားရှင် အနည်းငယ် ရှိခဲ့တယ်။ အဲ့တုန်းက သူတို့ရဲ့အင်အားက နည်းတယ်။ ပမာဏ တိုးမြင့်လာမှုက မသိသာဘူး။ ငါ့စီမှာ ဥက္ကာခဲ မရှိရင်တောင် ငါ့ရဲ့ ခွန်အားတိုးတက်မှုက သူတို့ထက်တော့ မနှေးဘူး... ငါတို့ အချိန်အကြာကြီး လေ့လာနေခဲ့ပေမယ့် ဥက္ကာခဲထဲက စွမ်းအင်ကို ဘယ်လိုသုံးရမလဲ ဆိုတာ ငါတို့ တစ်ခါမှ ရှာမတွေ့ခဲ့ဘူး။ "
ကျိုးဝမ်ရှိူ့၏ စကားကို ကြားသော် ဥက္ကာခဲထဲမှ စွမ်းအင်ကို စုပ်ယူရန် ကြိုးပမ်းသော်လည်း လုံးဝ မစုပ်ယူနိုင်သော မီးစွမ်းအားရှင်များ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကြသည်။ တချို့ကလည်း ကျိုးဝမ်ရှိူ့၏ စကားများကို လုံးဝ မယုံကြည်ဘဲ မျက်နှာပေါ်တွင် ထေ့ငေါ့သော အမူအရာကို ပြသကြ၏။
ယန်ကျင်းဇီသည် လက်နက်အပြည့်အစုံနှင့် mask တပ်ထားသည်။ သူသည် ကျိုးဝမ်ရှိူ့၏ပေါင်ပေါ်တွင် အိပ်ပျော်နေပုံရသော်လည်း တကယ်တော့... သူသည် ထိုလူများကို စိတ်ဖြင့် စောင့်ကြည့်နေသည်။
သေချာတာပေါ့၊ တခြားလူတွေလည်း သူ့ကို စောင့်ကြည့်နေကြသည်။
သဘာဝလွန်စွမ်းရည်များ မရှိသော လူတစ်ဦးသည် သူတို့နောက်သို့ လိုက်လာရုံတင်မကဘဲ နူးညံ့သဖွယ် ဟန်ဆောင်နေသည်...
သူ့ခြေထောက် မြေကြီးမထိခင် ကျိုးဝမ်ရှိူ့က သူ့အတွက် မြေပြင်ကို မီးနှင့် ရှင်းလင်းပေးသည်။
ယခု သူ ဆင်းလာသောအခါ သူက ခေါက်ထိုင်ခုံတစ်လုံးကိုလည်း ယူလာသည်။ သူတို့က ရပ်ကွက်၏ ပန်းခင်းတွင် ဖြစ်သလိုထိုင်နေကြပြီး သူက ထိုင်ခုံပေါ်တွင် ထိုင်သည်။
ထိုင်ခုံမှာ ထိုင်နေတာ မေ့လိုက်ဦး။ သူက ကျိုးဝမ်ရှိူ့၏ပေါင်ပေါ်တွင် လဲလျောင်းနေဆဲ...
သူ ဒီမှာ ဘာလုပ်နေတာလဲ?
ဤမီးစွမ်းအားရှင်များသည် အလွန်စိတ်ရှုပ်ထွေးနေကြသော်ငြား သူတို့က အချိန်အကြာကြီး တွေးမနေချေ။ သူတို့ အလှည့်ပြောင်းလိုက်ကြသည်။
အခြားအသင်းမှ လူများသည် ဥက္ကာခဲကို ထိတွေ့ရန် စိတ်အားထက်သန်နေသဖြင့် သူတို့သည် ဇွန်ဘီသတ်နေစဉ် အလွန်တက်ကြွနေပြီး အဆောက်အဦးတစ်ခုကိုပင် မီးလောင်တိုက်သွင်းမိမတတ် ဖြစ်သွားသေးသည်... သူတို့၏ သဘာဝလွန်စွမ်းအားများ ကုန်သွားသောအခါ သူတို့သည် ကျိုးဝမ်ရှိူ့ထံသို့ လာရန် မစောင့်နိုင်တော့ပေ။ သူတို့အားလုံးက လူအုပ်လယ်တွင် ချထားသော ဥက္ကာခဲကို ကြည့်ပြီး သူတို့၏ မျက်ဝန်းများမှာ တောက်ပနေကြသည်။
ယခုလေးတင် ဥက္ကာခဲ၏ 'စွမ်းအား'ကို ခံစားခဲ့ကြရသော မီးစွမ်းအားရှင်များသည် သူတို့ကို ဂရုဏာသက်စွာ ကြည့်ပြီး ဇွန်ဘီများကို သတ်ရန် ထွက်သွားကြသည်။
ပြီးနောက် ဤလူများ... သူတို့သည် မကြာမီ ဥက္ကာခဲက သူတို့ ထင်ထားသကဲ့သို့ မကောင်းမွန်ကြောင်း သိသွားကြသည်...
နံနက်ခင်းသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ဤမီးစွမ်းအားရှင်များ အားလုံးတို့သည် နှစ်ကြိမ်တိုင်တိုင် ဇွန်ဘီများကို သွားရောက်သတ်ဖြတ်ပြီးပြီဖြစ်ကာ အနည်းငယ် ပင်ပန်းသွားကြသည်။ ထို့ကြောင့် ကျိုးဝမ်ရှိူ့သည် နေ့လယ်ခင်းတွင် ခဏတဖြုတ် အနားယူရန် အဆိုပြုလိုက်သည်။
" ဝမ်ရှိူ့၊ ငါ မင်းအတွက် ချက်ပေးမယ်! " အနားယူတော့မည်ဟု ကြားလိုက်ရသောအခါ နောက်ဆုံးတွင် ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ထံမှ ထလာသည်။
သူ နောက်မှလိုက်လာသည်မှာ အပြင်တွင် ကျိုးဝမ်ရှိူ့ ဒဏ်ရာရမည်ကို ကြောက်သောကြောင့်ဖြစ်သော်လည်း ကျိုးဝမ်ရှိူ့က မည်သည့်အန္တရာယ်နှင့်မျှ မတွေ့သဖြင့် ယခု သူသည် ကျိုးဝမ်ရှိူ့အတွက် ချက်ပြုတ်ရုံသာ ကူညီပေးနိုင်သည်။
" မဟုတ်ဘူး။ ဒီတိုင်း တစ်ခုခုပဲစားလိုက်မယ်။ " ကျိုးဝမ်ရှိူ့ ပြောလိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူ၏အတွေ့အကြုံအရ သူ ယန်ကျင်းဇီနှင့် အတူရှိနေသရွေ့ သူ ဘာပဲစားပါစေ၊ ၎င်းတို့အားလုံးမှာ တောင်တန်းနှင့် ပင်လယ်တို့၏ စားကောင်းသောက်ဖွယ်များ ဖြစ်ကြသည်။
" အားသိပ်မထုတ်ရပါဘူး။ ငါ ဟင်းချိုပဲ ချက်လိုက်မယ်။ " ယန်ကျင်းဇီက ဆိုသည်။
မနေ့က သူသည် တမင်သက်သက် ထမင်းနည်းနည်းပိုချက်ခဲ့သည်။ ယနေ့မနက်တွင် သူသည် ၎င်းကို ဝက်အူချောင်းနှင့် ကြက်ဥတို့ဖြင့် ကြော်ပြီး သူနှင့်အတူ သယ်လာသည်။ ယခု သူသည် ဟင်းချိုချက်ရန် စီစဉ်ထားသည်။
အပြင်ထွက်၍ ဇွန်ဘီသတ်ရသည်မှာ ခက်ခဲသည်။ သူသည် ကျိုးဝမ်ရှိူ့ကို လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ စားခိုင်းသင့်သည်... တခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီသည် ယနေ့ ကျိုးဝမ်ရှိူ့ ဘာမှမလုပ်ခဲ့သော အချက်ကို လျစ်လျူရှုထားလေသည်။
" ဒါဆို ဟင်းချိုချက်လေ။ " ကျိုးဝမ်ရှိူ့ ထပြီး လှုပ်ရှားလိုက်သည်။
ယန်ကျင်းဇီက သူ့ပေါင်ပေါ်တွင် အချိန်အကြာကြီး လှဲနေချိန်၌ သူသည် သူ့ခြေထောက်များ ထုံကျင်နေမည်ဟု ထင်ခဲ့သည်။ ဒါပေမယ့်... သူ့ခြေထောက်တွေက တကယ်ကြီး အရမ်းသက်တောင့်သက်သာ ဖြစ်နေတယ်လား?
အိုးကို အမြန်ထုတ်လာသည်။ ယန်ကျင်းဇီသည် ရေစွမ်းအားရှင် လုဟွားရုန်ထံမှ ရေတချို့ တောင်းလိုက်ပြီး ၎င်းကို ကျိုးဝမ်ရှိူ့၏စွမ်းရည်ဖြင့် ကျိုစေသည်။
ရေစွမ်းအားရှင် လုဟွားရုန် ထုတ်လုပ်သော ရေသည် အလွန်သန့်ရှင်းပြီး မည်သည့်အညစ်အကြေးမှ မပါချေ။ ယန်ကျင်းဇီသည် ဆေးကြောပြီးသော ဟင်းသီးဟင်းရွက်များမှ အညစ်အကြေးများကို ဖယ်ရှားပြီး ၎င်းတို့ကို အိုးထဲ ထည့်လိုက်ကာ ဆားအနည်းငယ်နှင့် MSG(အချိုမှုန့်)အနည်းငယ်တို့ကို ပစ်ထည့်၍ ခဏကြာ ပြုတ်လိုက်သည်။ " အိုကေ၊ စားလို့ရပြီ။ "
ယန်ကျင်းဇီ ဟင်းချက်တော့မည်ဟု ကြားရသော် မီးစွမ်းအားရှင်များ၊ လုဟွားရုန်နှင့် ချန်ရှုရှင်းတို့အားလုံး ၎င်းကို စောင့်မျှော်နေကြသည်။
ယန်ကျင်းဇီကို ကြည့်ရသည်မှာ အလွန်ယုံကြည်မှုရှိပုံရသည်။ သူ့ဟင်းတွေက အရသာရှိနိုင်လား?
သူက ဟင်းလျာကောင်းတွေကို ချက်ပြုတ်နိုင်သလား?
သူ သိပ်မလုပ်တတ်ရင်တောင်၊ သူတို့မှာ စားဖို့ အခွင့်အရေး မရှိနိုင်လောက်ရင်တောင် သူတို့ ကောင်းမွန်တဲ့ အနံ့ကို ရနေတုန်းပဲ!
ရလဒ်ကတော့... ယန်ကျင်းဇီရဲ့ ဟင်းချက်လက်ရာက ပိုပြီး ဝတ်ကျေတမ်းကျေဆန်လို့ မရဘူးလား?
ဟင်းသီးဟင်းရွက်တချို့ကို ကောက်ယူပြီး ရေထဲ ပစ်ထည့်ကာ ပြုတ်လိုက်သည်။ ဒါကို ဟင်းချိုလို့ ခေါ်တာလား?
ဤလူများ ဆွံ့အသွားကြသည်။
မူလက ဟင်းချိုတစ်ပန်းကန် ယူ၍ စားချင်သူ ချန်ရှုရှင်းသည် ယူလာသော ပေါက်စီများကိုသာ တိတ်တဆိတ် စားလိုက်တော့သည်။
ကျိုးဝမ်ရှိူ့သည် တစ်ယောက်တည်း မစားသင့်သဖြင့် ချန်ရှုရှင်းနှင့် လုဟွားရုန်တို့ကို မေးလိုက်သည်။ " မင်းတို့ စားဦးမလား? "
" မလိုပါဘူး " ချန်ရှုရှင်းက ငြင်းသည်။ " ငါတို့ ဒီမနက်က ကန်တင်းမှာ ပေါက်စီတွေ ဝယ်ခဲ့တယ်... ဥက္ကဌ၊ မင်း ဆန္ဒရှိရင် ငါတို့အတွက် ပြန်နွှေးပေးပါလား? "
ကျိုးဝမ်ရှိူ့က ပြုံးပြီး နေ့လယ်စာဗူးထဲမှ ပေါက်စီများကို သူတို့အတွက် နွှေးပေးလိုက်သည်။
အပူပေးပြီးသွားသောအခါ ကျိုးဝမ်ရှိူ့သည် တခြားသူများကို ထပ်ကြည့်ပြန်သည်။
သူတို့၏ အခြေစိုက်စခန်းတွင် ဟင်းသီးဟင်းရွက်များစွာ စိုက်ပျိုးထားပြီး စားဖို့ အသီးအရွက် ပြတ်လပ်မှု မရှိသောကြောင့် ဤအချိန်တွင် သူတို့အားလုံးက ငြင်းဆိုကြသည် : " ဥက္ကဌ၊ မင်းတစ်ယောက်တည်း စားလို့ရပါတယ်။ "
" ဥက္ကဌ၊ ငါတို့ မလိုပါဘူး။ "
" ဥက္ကဌ၊ ငါ စားစရာယူလာတယ်။ "
…
အမှန်တော့ ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီ ပြုလုပ်ထားသော စားစရာများကို မဝေခွဲချင်ပေ... သူသည် ဟင်းချိုကို ယူပြီး ဖြည်းညှင်းစွာ သောက်လိုက်ကာ ကြက်ဥထမင်းကြော်ကို စားနေသည်။
တကယ့်ကို ကောင်းလွန်းတယ်! သူ စားလိုက်တဲ့အချိန်မှာ သူ့ခန္ဓာကိုယ် နွေးသွားသလို ခံစားရတယ်!
ဖြစ်နိုင်တာ သူက အချစ်ရူးမို့လို့ ဘေးမှာ ယန်ကျင်းဇီ ရှိနေရင် အရာရာတိုင်းက လှပတယ်လို့ သူ တွေးနေတာများလား?
ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ ကောင်းမွန်စွာ စားသောက်နေသည်ကို မြင်သောအခါ သူလည်း ပျော်ရွှင်သွားသည်။ သူသည် ဥက္ကာခဲထဲမှ မီးဒြပ်စင်ကို အစားအစာများထဲ ထည့်သွင်းထားသည်... ဒီအတွေးက အကျိုးရှိသားပဲ!
ဘေးလူများ : " ... " ကျိုးဝမ်ရှိူ့ အရမ်းချဲ့ကားဖို့ လိုလို့လား? ရိုးရိုးအရွက်ဟင်းချိုလေးတစ်အိုးကို သူက စားနေစဉ် အလွန်ယစ်မူးနေပုံပေါ်သည်...
ကျိုးဝမ်ရှိူ့က အများကြီး စားသော်လည်း ယန်ကျင်းဇီက သိပ်မစားပေ။
ကျိုးဝမ်ရှိူ့က မေးသည်။ " ကျင်းဇီ၊ မင်း ဘာလို့ ထပ်မစားတော့တာလဲ? "
ယန်ကျင်းဇီ အနည်းငယ် ကူရာမဲ့နေသည် : " ဒီမှာ အနံ့မကောင်းဘူး။ ငါ စားချင်စိတ် မရှိဘူး။ "
ယန်ကျင်းဇီ ရုတ်တရက် အနည်းငယ် စိတ်ပူပန်သွားသည် : " နောက်ကို အပြင်ထပ်မထွက်နဲ့တော့။ အပြင်မှာ ညစ်ပတ်ပြီး အနံ့ဆိုးတွေ ရှိတယ်... "
" ဒါပေမယ့် ငါ မင်းနဲ့ အတူရှိချင်တယ်။ " ယန်ကျင်းဇီက ဆိုသည် : " ငါ မင်းနဲ့ အတူရှိနေသမျှ ငါ ဘာကိုမှ မကြောက်ဘူး။ "
၎င်းကို ကြားရသောအခါ ကျိုးဝမ်ရှိူ့ ပူလာသည် : " မြန်မြန် mask တပ်လိုက်တော့... နောက်တစ်ခါ ငါ သူတို့ကို နှာခေါင်းပဲပိတ်ပေးတဲ့ mask နည်းနည်း လုပ်ခိုင်းလိုက်မယ်။ ဒါဆို မင်း စားတာကို မသက်ရောက်တော့ဘူး။ "
ဘေးလူများ : " ... " ဒါ သေချာပေါက် မြေခွေးမ အမျိုးသားဗားရှင်းပဲ။ သူ ဆွဲဆောင်လိုက်တာ သူတို့ရဲ့ ဥက္ကဌ ဘယ်လိုဖြစ်သွားပြီလဲ ကြည့်ဦး...
လိုက်ပါလာသော မီးစွမ်းအားရှင်များသည် ဤမြင်ကွင်းကို တွေ့မြင်နေကြမဟုတ်သော်လည်း အများစုက သူ့ကို အနည်းငယ်သာ မကောင်းပြောကြသည်။
သူတို့သည် ကျိုးဝမ်ရှိူ့ကို အလွန်လေးစားကြသည်။ ယန်ကျင်းဇီအပေါ် ထင်မြင်ချက် ရှိလျှင်ပင် ကျိုးဝမ်ရှိူ့၏အကျိုးအတွက် သူတို့ ဘာမှပြောမည် မဟုတ်ပေ... သို့သော် လူတစ်ယောက်က ထွက်လာပြီး ကျိုးဝမ်ရှိူ့ကို မေးခွန်းထုတ်သည် : " ဥက္ကဌ၊ ငါတို့က ဇွန်ဘီသတ်ဖို့ အပြင်ထွက်လာတယ်။ ဘာလို့ မင်းက ဒီလူကို ခေါ်လာတာလဲ? "
ကျိုးဝမ်ရှိူ့က မျက်မှောင်ကြုတ်ပြီး လှမ်းကြည့်သည်။ သို့သော် သူ စကားပြောဖို့ အချိန်မရသေးခင် ယန်ကျင်းဇီက အရင်ပြောလာသည် : " ကျိုးဝမ်ရှိူ့က မင်းနဲ့ ဘာဆိုင်လို့လဲ? သူက မင်းကို ငါ့ကို မကာကွယ်ခိုင်းထားဘူး။ "
" မင်း… "
ဤလူက တစ်စုံတစ်ခု ပြောချင်သော်လည်း သူ ပါးစပ်ဖွင့်ဖွင့်ချင်း ယန်ကျင်းဇီက အမြန်ပြောသည် : " သူက မင်းကို ကူညီဖို့ ခေါ်လာတာကို မင်းက ဇီဇာကြောင်ပြီး သူ့ကို မေးခွန်းထုတ်နေတုန်းပဲ။ ဘာလို့ မင်း အရမ်းမျက်နှာထူရတာလဲ? "
" ဘယ်မှာ ဇီဇာကြောင်လို့လဲ? " ထိုလူက ဒေါသထွက်နေသည်။
" မင်း အရင်က ဥက္ကာခဲအကြောင်း ထပ်တလဲလဲ မေးတုန်းက ဝမ်ရှိူ့က ဖုံးကွယ်ပြီး မင်းကို အမှန်အတိုင်း မပြောဘူးလို့ မင်း သံသယဖြစ်နေတာမလား? " ယန်ကျင်းဇီက ပြောသည်။ " ဒီဥက္ကာခဲက ဝမ်ရှိူ့ရဲ့အပိုင် ဖြစ်ပြီး တကယ်ဆို သူက လုံးဝ မထုတ်ဘဲ နေလို့ရတယ်။ သူ အခု အဲ့ဒါကို ထုတ်လာတာက မင်းတို့ကို သူ ကူညီနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့၊ သူ အသုံးပြုပုံကို လေ့လာနိုင်တယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ။ ဒါပေမယ့် မင်းက အရမ်းတော်တယ်။ / ခွေးက လွီတုံဘင်းကို ကိုက်တယ်။ / *******"
ဤလူက ကျိုးဝမ်ရှိူ့ကို အမြဲတစေ မကျေမနပ်ဖြစ်နေပြီး ဥက္ကာခဲက အတုဟု သံသယရှိနေသည်... ယန်ကျင်းဇီ သူ့ကို ကြည့်မရဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။
ယန်ကျင်းဇီ စကားပြောပြီးသောအခါ တချို့က စဉ်းစားသွားကြပြီး တချို့က ကျိုးဝမ်ရှိူ့ကို ကျေးဇူးတင်စွာ ကြည့်ကြသော်လည်း တချို့က ပို၍ပင် မကျေမနပ်ဖြစ်ကြသဖြင့် ယန်ကျင်းဇီကို စိုက်ကြည့်ကြသည် — ဘာလို့ သူတို့က ဒီလိုလူစီက အပြောခံရမှာလဲ?
ယန်ကျင်းဇီက ဂရုမစိုက်ဘဲ ကျိုးဝမ်ရှိူ့ကို ကြည့်သည် : " ဝမ်ရှိူ့၊ ငါ မှန်တယ်မလား? "
ယန်ကျင်းဇီက သူ့အတွက် ကူညီပြောပေးသည်... ကျိုးဝမ်ရှိူ့ ပြောလိုက်သည် : " မှန်တယ်။ "
" ဒါဆို ငါတို့ ပြန်ရောက်ရင် မင်း ငါ့ကို ဆုချရမယ်။ " ယန်ကျင်းဇီက ထပ်ပြောသည်။
ကျိုးဝမ်ရှိူ့ ခေါင်းညိတ်လိုက်သည်။
" ဝမ်ရှိူ့၊ မင်းက အရမ်းကောင်းတယ်။ ငါ မင်းကို ပိုပိုပြီး ချစ်လာပြီ။ " ယန်ကျင်းဇီက ဆိုသည်။
ကျိုးဝမ်ရှိူ့သည် နောက်ပိုင်းတွင် ယန်ကျင်းဇီ မည်သည့်ဆုလာဘ်ကို လိုချင်ကြောင်း မသိသော်လည်း သူ တွေးလိုက်သည်... သူ ယန်ကျင်းဇီကို နောက်ထပ် ဆုလာဘ် အနည်းငယ် ပေးနိုင်သည်။
ချန်ရှုရှင်း : " ... " ကျိုးဝမ်ရှိူ့ကတော့ မူးဝေစေတဲ့ မှော်မန္တန်ထဲကို သွေးဆောင်ခံနေရပြီ!
သို့သော် ယန်ကျင်းဇီကဲ့သို့ ချောမောပြီး သူ(မ)အတွက် ပြောပေးကာ သူ(မ)ကို ချစ်သည်ဟု ပြောသော အမျိုးသားတစ်ဦး ရှိလျှင် သူ(မ)လည်း သေချာပေါက် ပျော်ရွှင်လိမ့်မည်...
အစာစားပြီးနောက် ဇွန်ဘီသတ်ခြင်း ဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သည်။
တကယ်တော့ စွမ်းအားများကို အသုံးပြုရာတွင် နည်းစနစ် အများအပြား မရှိချေ။ ကျိုးဝမ်ရှိူ့သည် မနက်ပိုင်းတွင် ပြောပြပြီးပြီဖြစ်၍ နေ့လယ်ခင်းတွင် ဘာမှမပြောတော့ပေ။ တစ်စုံတစ်ယောက်က မေးခွန်းမေးမှသာ သူက ပြန်ဖြေပေးသည်။
မီးစွမ်းအားရှင် အများစုသည် ကျိုးဝမ်ရှိူ့ကို လေးစားကြသဖြင့် လူအများအပြားသည် မေးခွန်းများကို မေးမြန်းခဲ့ကြသည်။
ကျိုးဝမ်ရှိူ့ လူတစ်ယောက်နှင့် စကားပြောနေစဉ် တစ်စုံတစ်ယောက်က ယန်ကျင်းဇီစီသို့ ရောက်လာသည်။
ယန်ကျင်းဇီစီသို့ စကားလာပြောသူမှာ ယခင်က ကျိုးဝမ်ရှိူ့ကို လေးလေးစားစား ကြည့်ပြီး အနားတွင် ပတ်ပတ်လည်သွားလာနေသူ ဖြစ်သည်။ သူသည် ယန်ကျင်းဇီထံသို့ လျှောက်လာပြီး ပြောသည်။ " ဟေး... ယန်ကျင်းဇီ၊ မင်း ခုနက ဥက္ကဌအတွက် ကူညီပြောပေးခဲ့တယ်။ ကျေးဇူးတင်ပါတယ်။ "
ယန်ကျင်းဇီ မျက်လုံးလှန်ပြလိုက်သည် : " ဝမ်ရှိူ့ကိုယ်တိုင် ကျေးဇူးတင်တယ်လို့ ပြောလိမ့်မယ်။ မင်းကို မလိုဘူး။ "
ဤလူက ရုတ်တရက် ဒေါသနည်းနည်းထွက်သွားသည် : " မင်း... ယန်ကျင်းဇီ၊ ဘာလို့ ဥက္ကဌက မင်းကို ကြိုက်မှန်း ငါ တကယ် နားမလည်ဘူး... မင်းက ယောက်ျားကြီးတစ်ယောက် ဖြစ်ပြီး ဘာအလုပ်မှမလုပ်ဘူး... "
ယန်ကျင်းဇီ ပြောလိုက်သည် : " ငါက အရမ်းကြည့်ကောင်းတယ်။ ဘာလို့ ကျိုးဝမ်ရှိူ့က ငါ့ကို မကြိုက်ရမှာလဲ? "
" ဥက္ကဌက အဲ့လိုမျိုး အပေါ်ယံကြည့်တဲ့သူ မဟုတ်ဘူး! " ထိုလူက ပြောသည်။
ယန်ကျင်းဇီ မေးလိုက်သည်။ " ဒါဆို သူ ကြိုက်သင့်တာ ဘယ်လိုလူမျိုးလို့ မင်း ထင်လဲ? "
" သူက သန်မာတဲ့လူကို ကြိုက်သင့်တယ်... "
" မင်း ကမ္ဘာမပျက်ခင်တုန်းက လက်ဝှေ့ထိုးပြီး နပန်းသတ်တဲ့ Sanda ကို ကြားဖူးတယ်မလား? "
" ကြားဖူးတယ်၊ ဘာလို့လဲ? "
" အဲ့ဒီ့လက်ဝှေ့သမားတွေက ထိုးကြိတ်တာ အရမ်းတော်ပြီး သာမန်လူတွေကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်နိုင်တယ်... သူတို့က သူတို့လိုမျိုး တော်တဲ့ လက်ဝှေ့သမားနဲ့ ဒိတ်လုပ်ရမှာလား? "
" သေချာပေါက် မဟုတ်ဘူးပေါ့။ " ထိုလူက မသိစိတ်ဖြင့် ပြန်ဖြေလိုက်သည်။
" ဒါဆို ဘာလို့ ကျိုးဝမ်ရှိူ့က သန်မာတဲ့လူကို ရှာသင့်တာလဲ? " ယန်ကျင်းဇီက လိုက်ဖက်ညီစွာ မေးသည်။
ထိုလူ : " ... "
ယန်ကျင်းဇီက ထပ်ပြောသည် : " ငါ မင်းကို ပြောပြမယ်။ မင်းတို့ရဲ့ ဥက္ကဌက နည်းနည်း ပိုအားနည်းပြီး နည်းနည်းလေး ပိုအောက်ကျို့တတ်တဲ့သူကို ကြိုက်တယ်။ အဲ့လူက သူ့ကို အကြွင်းမဲ့ မှီခိုပြီး သူ့ကို လက်ဖက်ရည်နဲ့ ရေ ပေးတတ်ပြီး သူ့ကို စောင့်နေမယ် ဆိုရင် အကောင်းဆုံးပဲ... "
မီးစွမ်းအားရှင်ခမျာ ဆွံ့အသွားသည်။
ယန်ကျင်းဇီ အနိုင်ကျင့်ခံရမည်ကို ကြောက်သော ကျိုးဝမ်ရှိူ့သည် ဤနေရာ၏ အခြေအနေကို အထူး အာရုံစိုက်လျက် ရှိသည် : ငါ မဟုတ်ဘူး! ငါ မကြိုက်ဘူး!
ယန်ကျင်းဇီက ထပ်ပြောပြန်သည် : " သေချာတာပေါ့၊ သူက ကြည့်ကောင်းရမယ်။ ဘယ်ယောက်ျားက ရုပ်ချောတာကို မကြိုက်လို့လဲ? "
ထိုမီးစွမ်းအားရှင်သည် ယန်ကျင်းဇီ၏စကားကို သဘောတူပြီးပြီဖြစ်ရာ ယန်ကျင်းဇီ၏စကားအတိုင်း လိုက်တွေးကြည့်သောအခါ... ဒီယန်ကျင်းဇီက တကယ်တော့ တော်တော်လေး ကောင်းသလားလို့?
ယန်ကျင်းဇီသည် မီးစွမ်းအားရှင်ကို တစ်ပတ်ရိုက်လိုက်သည်။ သူသည် တစ်စုံတစ်ရာကို ပြောချင်သေးသော်လည်း ရုတ်တရက် ရပ်သွားသည်။
ဒီကို ဇွန်ဘီတွေ လာနေတယ်။ ပြီးတော့ အဲ့ဒါက ဇွန်ဘီလှိုင်းအကြီးကြီးပဲ!
ထိုဇွန်ဘီများသည် ထူထပ်သော မြူခိုးမည်းများဖြင့် လွှမ်းခြုံလျက် ရောက်ရှိလာပြီး သိသိသာသာ အလွန်အားကြီးကာ အများအပြား ရှိနေသေးသည်...
ယန်ကျင်းဇီ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့နှလုံးခုန်သံက ရပ်လုနီးပါး ဖြစ်သွားသည်။
____
* ခွေးက လွီတုံဘင်းကို ကိုက်သည် - Gou yao lu dong bin ( ခွေးက လွီတုံဘင်းကို ကိုက်သည် ) ဟူသော idiom မှာ လူကောင်းတစ်ဦးကို အသိအမှတ်မပြုဘဲ စေတနာကို အထင်လွဲသော တစ်စုံတစ်ဦးကို ပြောချင်ခြင်း ဖြစ်သည်။
- လွီတုံဘင်းသည် အကြင်နာပို၍ အခွင့်မရှိဘဲ ခွေးတစ်ကောင်ကို လွှတ်ပေးခဲ့ပြီး
အပြန်အလှန်ဖြင့် ခွေးက သူ့ကို ပြန်ကိုက်သွားခဲ့သည်။