လုံခြုံရေးအခြေစိုက်စခန်း၏ မြို့နံရံများကို မြေကြီးစွမ်းအားရှင်များနှင့် သာမန်လူများ စုပေါင်းတည်ဆောက်ခဲ့ကြသည်။ ၎င်းက အလွန်ခိုင်မာသည်။ ၎င်းသည် ယခင်က ဇွန်ဘီများ အချိန်အကြာကြီး ကုတ်ခြစ်ခံထားရပြီး စွမ်းအားရှင်များက ရေနှင့်မီးများ လောင်းချသည်ကိုလည်း ခံထားရသော်ငြား အဆင်ပြေနေသေးသည်။
ယခုမူ မြို့ရိုးသည် ရုတ်တရက် ပြိုကျသွားသည်။
မြို့ရိုး၏ ထိုအပိုင်းတွင် မတ်တပ်ရပ်နေသူများလည်း မြို့ရိုးပြိုကျသောအခါ ပြုတ်ကျလာကြကာ အပြင်ဘက်ရှိ ဇွန်ဘီအုပ်စုထဲသို့ ကျရောက်သွားကြသည်။ လူတချို့သည် အမြန်ထပြီး အဆင်ပြေကြ၏။ သို့သော် မသွားလာနိုင်တော့သော်ငြား အပြည့်အဝ 'သေ'မနေသေးသော ဇွန်ဘီများထံမှ အကိုက်ခံရသော ကံဆိုးသူများလည်း ရှိသည်။
သူတို့ကို သူတို့၏ ရဲဘော်ရဲဘက်များက ကယ်တင်ခဲ့သော်လည်း သူတို့က ဇွန်ဘီအသွင်ပြောင်းလဲမှုမှ အဆုံးထိ ရှင်ကျန်ရစ်နိုင်မည်လား ဘယ်သူမှ မသိနိုင်ချေ။
မဟုတ်သေး၊ တစ်စုံတစ်ဦးက သိနေသေးသည်။
ယန်ကျင်းဇီ သိသည်။
ယန်ကျင်းဇီသည် သူနှင့်အတူ ကားခန်းထဲတွင် ရှိနေသော မြေစွမ်းအားရှင်က စွမ်းရည်အသုံးပြု၍ နံရံကို ဖြိုချလိုက်သည်ကို စောင့်ကြည့်နေပြီး ဦးခေါင်းတစ်လုံးသာ ကျန်ရှိတော့သော ဇွန်ဘီတစ်ကောင်ထံမှ အကိုက်ခံလိုက်ရသည့် အလွန်ကံမကောင်းသူတစ်ဦးကို တွေ့လိုက်ရသည်။
သူသည် ထိုလူကို အနည်းငယ် ဂရုဏာသက်သဖြင့် ဇွန်ဘီကိုက်ပြီးနောက် ထိုသူ၏ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခံလိုက်ရသည့် အနက်ရောင်စွမ်းအင်ကို ထုတ်ယူပေးလိုက်သည်။
ဤအနက်ရောင်စွမ်းအင် မရှိလျှင် ဤလူတွင် သေချာပေါက် ဇွန်ဘီဖြစ်နိုင်ချေ မရှိတော့ချေ။
ယန်ကျင်းဇီသည် မြေပြင်ပေါ်တွင် ထိုင်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ထိုလူများက သူကို တင်းကျပ်စွာ ကြိုးချည်ထားပြီး သူ့လက်များ နာပေသည်။
မေ့လိုက်တော့၊ စိတ်ဝိညာဉ်စွမ်းအားသည် အကယ်ရှိသော အရာဝတ္ထုများအတွက် အသုံးမဝင်ဘဲ သူ၏ စွမ်းရည်များသည်လည်း အားနည်းလွန်းလေရာ အနည်းငယ်ပင် ကြိုးကို မဖြည်လျော့နိုင်ပေ...
သူ့ခန္ဓာကိုယ်က အလွန်အသုံးမကျဟု ယန်ကျင်းဇီ နောက်တစ်ကြိမ် ထပ်မံခံစားရနေစဉ် အပြင်ဘက်မှ လူများသည် စိတ်ရှုပ်ထွေးနေကြဆဲ ဖြစ်သည်။
မြို့ရိုးပြိုကျမှု ဖြစ်သွားတာ ရုတ်တရက်ဆန်လွန်းတယ်!
ကျိုးဝမ်ရှိူ့သည် ပြိုကျသောနေရာကို အလျင်အမြန် ပြေးသွားသော်လည်း ပြိုကျနေသော မြို့နံရံသည် မြေစွမ်းအားရှင်၏ စွမ်းအားကြောင့် ပြားချပ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကွန်တိန်နာကားတစ်စီးသည် မြို့ရိုးကို ဖြတ်သွားကာ အပြင်ဘက်သို့ အမြန်ထွက်လာသည်။
ကားသည် အလွန်လျင်မြန်စွာ မောင်းနှင်လာပြီး အပြင်ရောက်လာပြီးနောက် ကားအနောက်ဘက်ခြမ်းရှိ ကွန်တိန်နာကား၏ အပေါ်ပိုင်းသည် လေစွမ်းအား၏ လေရှိန်ဓားသွားကြောင့် ပြတ်ထွက်သွားသဖြင့် လူတိုင်း ကွန်တိန်နာကား၏ အတွင်းပိုင်းကို မြင်လိုက်ရသည်။
ထိုနေရာတွင် ယောက်ျားကြီးများစွာ မတ်တပ်ရပ်နေပြီး တခြားနှစ်ဦးကမူ ကြိုးချည်ခံထားရပြီး အောက်ကြမ်းပြင်တွင် ထိုင်နေသည်။
လူတိုင်း၏ အာရုံစူးစိုက်မှုအောက်တွင် မတ်တပ်ရပ်နေသူ တစ်ဦးက အခြေစိုက်စခန်း၏ လားရာအတိုင်းသို့ လက်ခလယ် ထောင်ပြသည်။
စခန်းရှိလူတိုင်း အံ့သြသွားကြသည်။
" ကျင်းဇီ! " ကျိုးဝမ်ရှိူ့ အနီးကပ်သွားပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကြိုးချည်ခံထားရသူများမှာ ချန်ရှုရှင်းနှင့် ယန်ကျင်းဇီတို့ဖြစ်ကြောင်း သတိပြုမိသွားသည်။
ချန်ရှုရှင်းက တိုက်ပွဲမှာ ပါဝင်ဖို့ မြို့တံတိုင်းစီကို တစ်ခါမှ ရောက်မလာတာ အံ့ဩစရာမကောင်းတော့ဘူး၊ သူ(မ)က အဖမ်းခံထားရတာပဲ!
ပြီးတော့ ယန်ကျင်းဇီ...
ယန်ကျင်းဇီက ကျန်းမာရေးမကောင်းပေ။ အကယ်၍ သူက ကြိုးချည်ခံရပြီး သူတို့၏ ခေါ်ဆောင်ခြင်းကို ခံရလျှင် သူက သေချာပေါက် ကြောက်ရွံ့နေပေလိမ့်မည်ဖြစ်ပြီး အပြင်းအထန်ပင် ဖျားနာလောက်သည်။
ကျိုးဝမ်ရှိူ့ ခဏတာ နောင်တရသွားသည် — သူ ယန်ကျင်းဇီကို မထားခဲ့သင့်ဘူး!
ထို့ပြင် သူ့ကို ပို၍ ပဟေဠိဖြစ်စေသည်မှာ ဇွန်ဘီများ မြို့တော်ကို တိုက်ခိုက်နေစဉ် တစ်စုံတစ်ဦးက လူများကို ပြန်ပေးဆွဲနေသည့် ကိစ္စကို ဖြစ်သည်... ဒီလိုအချိန်မျိုးမှာ လူတိုင်းက အတူတကွ မပူးပေါင်းသင့်ဘူးလား?
ဘာတွေပဲဖြစ်နေနေ... ကျိုးဝမ်ရှိူ့ မြို့တံတိုင်းပေါ်မှ ခုန်ချပြီး နောက်မှလိုက်သွားသည်။
" ဥက္ကဌ! " လုဟွားရုန် အော်ခေါ်ပြီး သူ့နောက်မှ ခုန်ဆင်းလိုက်သည်။
တခြားသူများ ဤမြင်ကွင်းကို တွေ့မြင်ပြီး တချို့က ခုန်ချကာ တချို့က ပြောသည်။ " ကားရှာပြီး သူတို့နောက်ကို လိုက်ကြ! " ထိုလူများက ကားမောင်းနေပြီး ဥက္ကဌတွင် ခြေနှစ်ချောင်းသာ ရှိလေရာ ဘယ်လိုလုပ် သူက သူတို့ကို လိုက်နိုင်မှာလဲ?
အကျပ်အတည်းအတွင်း ဇွန်ဘီများကို သတ်ဖြတ်ပြီး အဆုံးသတ်နိုင်ခဲ့သော လုံခြုံရေးအခြေစိုက်စခန်းရှိ လူများသည် ထပ်မံ စိုးရိမ်တကြီးဖြစ်လာကြပြန်သည်။
ဤအချိန်တွင် အဝေး၌ ရွေ့လျားမှု ရှိလာပြန်သည်။
ကားအနည်းငယ်သည် ဤဘက်သို့ မောင်းနှင်လာပြီး ဇွန်ဘီများ အုပ်စုတစ်စုသည် နောက်မှ လိုက်ပါလာသည်။
ယခင်က ဇွန်ဘီများ အများအပြား ရှိသော်လည်း ဇွန်ဘီအဖွဲ့က ဖရိုဖရဲဖြစ်နေခဲ့သည်။ ဤဇွန်ဘီများကတော့ မတူချေ။ သူတို့က အချင်းချင်း အကွာအဝေးခွဲထားသည်။ သူတို့က သပ်သပ်ရပ်ရပ် တန်းမစီထားသော်ငြား သာမန်ဇွန်ဘီများနှင့် ကွဲပြားနေသည်။
အခြေစိုက်စခန်းရှိ အင်အားကြီးစွမ်းအားရှင်များသည် ဤဇွန်ဘီများကို မြင်ရသောအခါ ထူးထူးခြားခြား စိတ်အနှောင့်အယှက် ဖြစ်သွားကြသည်။
သူတို့ကို ပိုလို့တောင် စိတ်ရှုပ်စေသည်မှာ ဇွန်ဘီများနှင့် ရောနှောနေသော လူသားများ ရှိနေခြင်းပင်။
ထိုကားများပေါ်သို့ လူတိုင်း၏ အကြည့်များ ကျရောက်သွားကြသည်။
ထိုကားများအားလုံးသည် ဇိမ်ခံကားများ ဖြစ်ကြပြီး ရှေ့မှ ကားသည် ကမ္ဘာမပျက်မီ သန်းဆယ်နှင့်ချီ၍ တန်ဖိုးရှိသော ပြိုင်ကားတစ်စီး ဖြစ်နေဆဲ ဖြစ်သည်။
ဤကဲ့သို့ အလွန်နိမ့်သော ကားကိုယ်ထည်ရှိသည့် ကားမျိုးကို အမှန်တကယ်ပင် ကမ္ဘာပျက်ချိန်များတွင် မောင်းနှင်ရန် မဖြစ်နိုင်ချေ။ ကံကောင်းစွာဖြင့် စွမ်းအားရှင်များ ရှိနေသည်...
မြေစွမ်းအားရှင်များ ကားလမ်းမကို ညှိလိုက်ပြီးနောက် ချောမွေ့စွာ ကားမောင်းနှင်သွားနိုင်သည်။ ကြည့်ရတာ အရမ်းအထင်ကြီးစရာကောင်းတယ်!
ဤကားထဲ၌ ကားမောင်းသူအပြင် လူနှစ်ဦး ပါရှိသည်။ ဤလူနှစ်ဦးထဲရှိ မတ်တပ်ရပ်နေသူမှာ... ကျားဝမ်ဟန်သာ ဖြစ်သည်။
စွမ်းအားရှင်များ၏ အမြင်အာရုံမှာ အားကောင်းလာသဖြင့် လူအများအပြားက ကျားဝမ်ဟန်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။ သာမန်လူများပင် အဝေးကြည့်မှန်ပြောင်းကို အသုံးပြု၍ အဝေးသို့ကြည့်နိုင်သည်။
" အဲ့ဒါ ကျားဝမ်ဟန်! "
" အဲ့ဒါ သူပဲ! "
" သူက တကယ်ကြီး ဇွန်ဘီတွေနဲ့ ရှိနေတယ်! "
…
တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများသည် စတင်ကျိန်ဆဲကြသော်လည်း အဝေးမှ ကျားဝမ်ဟန်ကမူ အောင်ပွဲခံနေပုံရသည်။
" ကျားဝမ်ဟန်၊ မင်းက အရူးပဲ! " ကျိုးဝမ်ရှိူ့ အော်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည် — ကျားဝမ်ဟန်က ဇွန်ဘီများကို ထိန်းချုပ်နိုင်သည်ဟု ယန်ကျင်းဇီ တစ်ခါပြောဖူးသည်။
ဒါ အမှန်ပဲလား?
ဒါပေမယ့် ကျားဝမ်ဟန်က ဘာကြောင့် ဒီလိုလုပ်တာလဲ?
သူက လူသားလေ!
ကျိုးဝမ်ရှိူ့ နားလည်ရခက်နေသည်။ သူသည် ကျားဝမ်ဟန် လက်ဝှေ့ယမ်းလိုက်ပြီးနောက် သူ့ကားဘေးမှ ဇွန်ဘီအချို့ သူတို့ထံသို့ ပြေးလာကြသည်ကို တွေ့လိုက်ရသည်။
အခြေစိုက်စခန်း၏ တံတိုင်းပေါ်ရှိ မရေမတွက်နိုင်သောလူများက ကျိုးဝမ်ရှိူ့ကို ကြည့်နေကြသည်။ ဤမြင်ကွင်းကို တွေ့ရသော် သူတို့သည် အလွန်ဒေါသထွက်သော်လည်း ကျိုးဝမ်ရှိူ့ကို အပြည့်အဝ ယုံကြည်ကြ၏။
သူတို့ရဲ့ ဥက္ကဌက အရမ်းသန်မာတယ်။ သူက အဲ့ဒီ့ဇွန်ဘီတွေ အကုန်လုံးကို သတ်ပစ်နိုင်လိမ့်မယ်!
" ဥက္ကဌ၊ သူတို့အကုန်လုံးကို သတ်ပစ်လိုက်! "
" အဲ့သစ္စာဖောက်ကို ဖမ်းပစ်! "
" ကျားဝမ်ဟန် သေလိုက်! "
…
ဤလူများက ယုံကြည်စိတ်ချသော်လည်း ကျိုးဝမ်ရှိူ့အတွက်တော့ ထပ်တူပြောမရပေ။
သူသည် လွန်ခဲ့သော ရက်အနည်းငယ်က သူ တိုက်ခိုက်ခဲ့သော အင်အားကြီးဇွန်ဘီများအတိုင်း ဤဇွန်ဘီများက သန်မာကြောင်း တွေ့လိုက်ရသည်။
သူသည် သူ၏ အကောင်းဆုံးအခြေအနေဖြင့်ပင် တိုက်ခိုက်နိုင်လောက်မည် မဟုတ်ချေ။ ငါးနာရီခန့် ကြာမြင့်ခဲ့သော တိုက်ပွဲကို သူ တွေ့ကြုံထားခါစ ဟူသော အချက်က ရှိသေးသည်။
ဇွန်ဘီများ ချဉ်းကပ်လာသည်ကို မြင်လျှင် ကျိုးဝမ်ရှိူ့နှင့် မြို့တံတိုင်းပေါ်မှ ခုန်ဆင်းလာသော တခြားသူများသည် ဤဇွန်ဘီများကို တိုက်ခိုက်ရမည်ဖြစ်သည်။
မြေစွမ်းအားရှင်များ တည်ဆောက်ထားသော တံတိုင်းကို ဇွန်ဘီများက ဖျက်ဆီးပစ်ပြီး ရေစွမ်းအားရှင်များ ပစ်လွှတ်သော ရေခဲမြှားများက ဇွန်ဘီ၏ဦးခေါင်းကို မထိုးဖောက်နိုင်ချေ။ ကျိုးဝမ်ရှိူ့၏ မီးလုံးများနှင့် မီးနံရံတို့သာ... ဇွန်ဘီများကို ရှေ့တိုးမလာအောင် ဟန့်တားနိုင်ပြီး ဇွန်ဘီများကို ထိခိုက်စေနိုင်သော်လည်း ၎င်းတို့က သူတို့ကို မသတ်နိုင်ပေ။
တံတိုင်းပေါ်တွင် ကျိုးဝမ်ရှိူ့နှင့် တခြားသူများကို အားပေးနေသူများသည် ဤအချိန်တွင် စိတ်ရှုပ်ထွေးသွားကြသည်။
ကျိုးဝမ်ရှိူ့နှင့် တခြားသူများ… ဆက်တိုက် နောက်ဆုတ်နေရသည်။
သူတို့ကို တိုက်ခိုက်နေသော ဇွန်ဘီများမှာ ဒါဇင်အနည်းငယ်သာ ရှိသေးသည်...
ကျားဝမ်ဟန်ရဲ့နောက်မှာ ဇွန်ဘီထောင်ချီတွေ ကျန်သေးတယ်!
တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများ၏ မျက်နှာများမှာ ဖြူဖျော့သွားလေသည်။
ဤအချိန်တွင် ကျားဝမ်ဟန်၏ ဇိမ်ခံကားအုပ်စုသည် ယန်ကျင်းဇီကို သယ်ဆောင်လာသော ကွန်တိန်နာထရပ်ကားနှင့် ပူးပေါင်းသွားပြီဖြစ်ပြီး တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း၏ တံတိုင်းနားသို့ မောင်းနှင်လာသည်။
ဤအချိန်တွင် ယန်ကျင်းဇီသည် အဘယ့်ကြောင့် ကျားဝမ်ဟန် ဇွန်ဘီများကို ထိန်းချုပ်နိုင်ကြောင်း သိသွားပြီဖြစ်သည်။
တကယ်တော့ ဇွန်ဘီများကို ထိန်းချုပ်နေသူမှာ ကျားဝမ်ဟန် မဟုတ်ဘဲ ကျားဝမ်ဟန်နှင့်အတူ ကားထဲတွင် ထိုင်နေသူ ဖြစ်သည်။
ယင်းကား ကောက်ကျစ်စဉ်းလဲသော မျက်ခုံးများ ရှိသည့် ပိန်ပိန်ပါးပါး အသားမည်းမည်း လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူက တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းကို ကြည့်သောအခါ သူ၏ မျက်ဝန်းများတွင် အလိုလောဘများနှင့် ပြည့်နှက်နေသည်။
ထို့ပြင် သူ့ခန္ဓာကိုယ်၌ ဇွန်ဘီတစ်ကောင်ကဲ့သို့ တူညီသော အနက်ရောင်စွမ်းအင် ရှိသည်။
ဇွန်ဘီများက တကယ် သေဆုံးသွားသော်လည်း သူကတော့ မဟုတ်ချေ။ သူက အသက်ရှင်နေပြီး အသိရှိသေးသည်။ သူက... ဇွန်ဘီနှင့် မတူဘဲ စွမ်းအားရှင်တစ်ယောက်နှင့် တူသည်။
ထိုမျှတင်မက သူ့ကိုယ်ပေါ်တွင် အနက်ရောင်စွမ်းအင်များ ပြည့်နေသော ဥက္ကာခဲတစ်လုံး ရှိသည်။ ၎င်းက ယန်ကျင်းဇီ ဇွန်ဘီများထံမှ ထုတ်ယူသော အနက်ရောင်စွမ်းအင်ဖြင့် စုစည်းလေ့ရှိသည့် 'ဥက္ကာခဲ'နှင့် ဆင်တူသော်လည်း ယန်ကျင်းဇီ၏ ဥက္ကာခဲထက် များစွာကြီးမားသည်။
ယန်ကျင်းဇီ ရုတ်တရက် ရိပ်မိသွားသည်။
ဤကမ္ဘာရှိ စွမ်းအားရှင်များသည် မှော်လောက၏ မှော်ဆရာများနှင့် ဆင်တူပေသည်။
မတူကွဲပြားသော စွမ်းအားရှင်များသည် မတူကွဲပြားသော မှော်ဆရာများနှင့် အလားတူသည်။ ဥပမာအားဖြင့် ကျိုးဝမ်ရှိူ့သည် တကယ့်ကို မီးမှော်ဆရာ ဖြစ်သည်။
လေထဲတွင် ရှိနေသော မီးခိုးရောင်မြူခိုးနှင့် ဇွန်ဘီများပေါ်မှ အမည်းရောင်အလင်းများ အားလုံးတို့သည် အမှောင်စွမ်းအင် ဖြစ်နိုင်သည်။
အခြေစိုက်စခန်းရှိ လူများအားလုံးဟာ အားကြီးသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ အနည်းနှင့်အများ ခန္ဓာကိုယ်ထဲတွင် အလင်းရောင်များ ရှိကြသည်ကို သူသည် ယခင်က စောင့်ကြည့်လေ့လာဖူးပြီး ယင်းကား မှော်စွမ်းရည် ပိုင်ဆိုင်သည်နှင့် ထပ်တူညီပေသည်။
ဒါဆို... ကမ္ဘာပျက်ကပ် ကျရောက်လာတဲ့ ညဘက်မှာ မှော်စွမ်းရည်ရှိတဲ့လူတွေက ဇွန်ဘီတွေအဖြစ် မပြောင်းသွားဘဲ လုံးဝ မှော်စွမ်းရည်မရှိတဲ့လူတွေပဲ ဇွန်ဘီတွေ အတူတူ ဖြစ်သွားကြတာလား?
၎င်းသည် ဇွန်ဘီ မဟုတ်ဘဲ အမှောင်သတ္တဝါ သို့မဟုတ် အမှောင်စွမ်းအင် ဝင်ရောက်နေသည့် မသေနိုင်သော သတ္တဝါ ဖြစ်နိုင်သည်။
တချို့သော အင်အားကြီးစွမ်းအားရှင်များသည် မတော်တဆ သူတို့ထက် အားနည်းသော ဇွန်ဘီများထံမှ အကိုက်ခံရရလျှင် ဇွန်ဘီအဖြစ် ပြောင်းလဲသွားမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်ထဲမှ 'မှော်စွမ်းအင်'က ဇွန်ဘီ၏ အနက်ရောင်စွမ်းအင်ထက် ပိုမိုသန်မာသောကြောင့်ဖြစ်သည်။
ဇွန်ဘီ အကိုက်ခံရသော သာမန်လူအနည်းငယ်သည် သေချာပေါက် သေဆုံးသွားမည် မဟုတ်လေဘဲ မှော်စွမ်းအင် ရှိသောကြောင့် သဘာဝလွန်စွမ်းရည်များကိုပင် နိုးကြားစေနိုင်လောက်သည်။ သူတို့သည် သဘာဝအလျောက် သဘာဝလွန်စွမ်းရည်ကို မလှုံ့ဆော်နိုင်သော်ငြား အမှောင်စွမ်းအင်၏ လှုံ့ဆော်မှုကြောင့် သူတို့က စွမ်းရည်များကို နိုးကြားစေနိုင်သည်။
သာမန်လူအများစုသည် ဇွန်ဘီအကိုက်ခံရလျှင် ဇွန်ဘီများ ဖြစ်လာကြလိမ့်မည် ဖြစ်သော်လည်း ဇွန်ဘီအသွင်ပြောင်းခြင်း အချိန်ကွာခြားမှု ရှိသည်မှာ သူတို့၏ မှော်စွမ်းရည် ဖြစ်သော ခန္ဓာကိုယ်ထဲရှိ အလင်းရောင်စွမ်းအားနှင့်လည်း သက်ဆိုင်နေသည်။
ဥပမာအားဖြင့် မူလပိုင်ရှင်တွင် မှော်စွမ်းရည်များစွာ ရှိသော်ငြား ၎င်းတို့က အလွန်အားနည်းလွန်းသောကြောင့် သာမန်ဇွန်ဘီအကိုက်ခံရလျှင် ချက်ချင်း ဇွန်ဘီဖြစ်သွားမည့် လူအုပ်စုထဲ၌ ပါဝင်သင့်ပေသည်။ လူတချို့တွင် ကောင်းမွန်သော အရည်အချင်းများ ရှိပြီး ဇွန်ဘီမဖြစ်ခင် နာရီပေါင်းများစွာ သို့မဟုတ် အချိန်တစ်ရက်ပင် ကြာမြင့်နိုင်သည်။
ယန်ကျင်းဇီသည် သူ တွေးလေလေ ဤသို့ဖြစ်ရမည်ဟု သူ ခံစားရမိလေလေ ဖြစ်သည်။
ကျားဝမ်ဟန်ဘေးမှ ပိန်ပိန်ပါးပါး အသားမည်းမည်း လူလတ်ပိုင်းအမျိုးသားကမူ... သူက အမှောင်စွမ်းအင်အတွက် ပါရမီပါသော အလွန်ရှားပါးသည့်လူတစ်ယောက် ဖြစ်နိုင်သည်။
ကမ္ဘာပျက်ပြီးနောက် ဤလူက အမှောင်စွမ်းအင်ကို နိုးကြားခဲ့ပြီး အမှောင်မှော်ဆရာတစ်ဦး ဖြစ်လာကာ သဘာဝကျစွာပင် ဇွန်ဘီတစ်ကောင်နှင့် ဆင်တူသော စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။
သို့သော် ဇွန်ဘီများသည် မသေနိုင်သော သတ္တဝါများ အမျိုးအစားတွင် ပါဝင်သည်။ အသိမရှိချေ။ သို့ရာတွင် သူက အသက်ရှင်နေသည် — သူက ဇွန်ဘီများထက် အဆင့်ပိုမြင့်လိမ့်မည်။ ထို့ကြောင့် သူက ဇွန်ဘီများကို ထိန်းချုပ်နိုင်သည်။
ယန်ကျင်းဇီတွင် မူလက သံသယများ ပြည့်နှက်နေသော်လည်း ယခုအချိန်တွင် သူသည် အရာများစွာကို ရှာဖွေတွေ့ရှိနေပြီဖြစ်သည်။
ဤအချိန်တွင် ကျားဝမ်ဟန်ထံသို့ ထရပ်ကားဖြင့် သူ့ကို တကယ် ခေါ်သွားသည်။
ကျားဝမ်ဟန်က ကျိုးဝမ်ရှိူ့ကို စောစောစီးစီး မသေစေချင်ခြင်း ဖြစ်နိုင်သည်။ ကျိုးဝမ်ရှိူ့ကို တိုက်ခိုက်နေသော ဇွန်ဘီများမှာ မများချေ။ လတ်တလောအတွက်တော့ ကျိုးဝမ်ရှိူ့နှင့် အခြားသူများ အန္တရာယ်မရှိပေ... ယန်ကျင်းဇီ ခေါင်းလှည့်ပြီး ကျားဝမ်ဟန်ကို ကြည့်လိုက်သည်။
သူသည် ကျားဝမ်ဟန်၏ နောက်ခံအကြောင်း သိရှိပြီးပြီ။ ကမ္ဘာမပျက်ခင်က ကျားဝမ်ဟန်သည် တက္ကသိုလ်မြို့တော်ရှိ အလွန်သာမန်ဆန်သော တက္ကသိုလ်တစ်ခုတွင် အတိုင်ပင်ခံတစ်ဦး ဖြစ်ခဲ့သည်။
အတိုင်ပင်ခံ အလုပ်က အလွန်ပင်ပန်းသည်။ လစာက မများပြားချေ။ ကျားဝမ်ဟန်၏ မိသားစုအခြေအနေမှာ သာမန်ဖြစ်သည်။ ထိုအချိန်၌ သူ့တွင် အိမ်တစ်လုံး သို့မဟုတ် ကားတစ်စီးပင် မရှိခဲ့ဘဲ သူက အတော်လေး စိတ်ဓာတ်ကျနေခဲ့သည်။
ကမ္ဘာပျက်ကပ် ရောက်လာသောအခါ သူက အစွမ်းထက်သော လျှပ်စီးစွမ်းရည်ကို ရုတ်တရက် နိုးကြားခဲ့ပြီး ဗီလိန်တစ်ဦးကဲ့သို့ စတင်၍ မောက်မာလာသည်။
ဥပမာအားဖြင့် သူက မိန်းမများစွာကို ပျိုးထောင်သည် သို့မဟုတ် ဈေးကြီးပစ္စည်းတချို့ကို စုဆောင်းရခြင်းအား နှစ်သက်သည်။ ကားမောင်းလျှင်ပင် ဇိမ်ခံကားများကို မောင်းနှင်ရသည်အား ပို၍နှစ်သက်သည်။
ထိုလူသည် ဖြစ်တည်မှုသဘောကို ရှာဖွေရန် ဤအချိန်တွင် တစ်စုံတစ်ခုကို သေချာပေါက် ပြောလိမ့်မည်ဟု ယန်ကျင်းဇီ ခံစားမိသည်။
သေချာတာပေါ့၊ ကျားဝမ်ဟန်က ဘေးကင်းဇုန်စီသို့ လှမ်းကြည့်ကာ လှောင်ပြောင်သည် : " မင်းတို့ရဲ့ ဥက္ကဌက အဲ့အဆင့်မြင့်ဇွန်ဘီတွေကို မနိုင်နိုင်ဘူး။ အဲ့အဆင့်မြင့်ဇွန်ဘီတွေက သူ့ကို ကိုက်ဖြတ်ပစ်မှာ မကြာတော့ဘူး! "
ဘေးကင်းဇုန်ရှိ လူများက ပြန်လည်ချေပလိုသော်လည်း... ကျိုးဝမ်ရှိူ့နှင့် တခြားသူများက အတူပူးပေါင်း၍ ဇွန်ဘီတစ်ကောင်ကို သတ်ခဲ့ကြပေမယ့် ဒါဇင်ချီနေတဲ့ ဇွန်ဘီတွေက သူတို့ကို ဝိုင်းထားကြတယ်!
ပိုအရေးကြီးတာက ကျားဝမ်ဟန် ရဲ့ နောက်ကွယ်မှာ ဇွန်ဘီတွေ ထောင်ပေါင်းများစွာ ရှိတယ်!
တံတိုင်းပေါ်ရှိ လူတိုင်း အလွန်စိုးရိမ်နေကြသည်။
" ငါတို့အားလုံးက စခန်းတစ်ခုတည်းကပါ။ အနာဂတ်မှာ မင်းတို့က ငါ့စကားကို နားထောင်ပြီး ငါ့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိရင် ငါ မင်းတို့ကို ချမ်းသာပေးနိုင်တယ်။ မဟုတ်ရင်တော့... " ကျားဝမ်ဟန်က လှောင်ရယ်သည်။
မူလက သူသည် သရုပ်မှန်ကို ထုတ်မပြချင်ခဲ့ပေ။
သူ၏ အစီအစဉ်အရ သူသည် ကျိုးဝမ်ရှိူ့၏ ဂုဏ်သတင်းကို ဦးစွာ ညစ်ညမ်းစေပြီး တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းတွင် သူ၏ ကိုယ်ပိုင်ဂုဏ်ဒြပ်ကို စတင်ထူထောင်ရန် ရည်ရွယ်ထားခဲ့သည်။
ထို့နောက် သူသည် ကောင်းကင်နဂါး အခြေစိုက်စခန်းကို သတ်ရန် ဇွန်ဘီများကို အသုံးပြုနိုင်ပြီး ကောင်းကင်နဂါး အခြေစိုက်စခန်း၏ ထောက်ပံ့ပစ္စည်းများကို လုယူကာ ဤဇွန်ဘီများကို တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းနှင့် ရင်ဆိုင်ခိုင်းလိုက်မည်။
ထိုအားနည်းသော သာမန်ဇွန်ဘီများကို အမှန်တကယ် ထိန်းချုပ်မရနိုင်ဘဲ သူတို့က ၎င်းတို့ကို မောင်းသာထုတ်နိုင်သည်။ သူတို့သည် ၎င်းတို့ကို အခြေစိုက်စခန်း၏ အနီးတစ်ဝိုက်သို့ မောင်းထုတ်နိုင်ပြီး အခြေစိုက်စခန်းကို အရင်ဆုံး တိုက်ခိုက်ခိုင်းလိုက်ပေမည်။
စခန်းရှိ စွမ်းအားရှင်များ၏ စွမ်းအားများ ကုန်ဆုံးသွားသည့်အထိ စောင့်ပြီးနောက် အင်အားကြီးဇွန်ဘီများကို တိုက်ခိုက်ခိုင်းလိုက်လျှင်...
ကျိုးဝမ်ရှိူ့ကို သတ်မည်၊ ကျိုးဝမ်ရှိူ့ကို သစ္စာစောင့်သိသူများကို သတ်မည်၊ စားနပ်ရိက္ခာ ဖြုန်းတီးသော သာမန်လူအုပ်စုကို သတ်မည်... ဤသောက်ကျိုးနည်းလူများ အားလုံး သေသွားသောအခါ နောက်ပိုင်းတွင် သူက လူများကို ဦးဆောင်ပြီး ဇွန်ဘီများကို 'တွန်းလှန်'မည်။ ထိုအခါ သူက တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းကို ကျိုးကြောင်းဆီလျော်စွာ ပိုင်ဆိုင်နိုင်ပြီး သူ့ကို လူအများက ဝိုင်းဝန်းချစ်ခင်ကြပေလိမ့်မည်။
သူ့ဘေးမှ လူက ဇွန်ဘီများကို ထိန်းချုပ်နိုင်သော်လည်း အဆင့်မြင့်ဇွန်ဘီများကပင် ရှုပ်ထွေးနက်နဲသော အမိန့်များကို နားမလည်နိုင်ဘဲ အဝေးရောက်နေလျှင်လည်း ၎င်းတို့ကို မထိန်းချုပ်နိုင်တော့... တကယ်တော့ သူတို့သည် လူများနှင့်အတူ ဇွန်ဘီများကို သတ်ခြင်းမှလွဲ၍ တခြားဘာမှမလုပ်နိုင်ပေ။
သူ သက်တောင့်သက်သာနေထိုင်ချင်လျှင် သူသည် လူအများကြီးနှင့် ထောက်ပံ့ရိက္ခာများ ပေါများသော နောက်ထပ် အခြေစိုက်စခန်းတစ်ခုကို သိမ်းပိုက်ရဦးမည်ဖြစ်သည်။
သူ ကောင်းကောင်းစီစဉ်ထားသော်ငြား အစီအစဉ်က မြန်ဆန်သော ပြောင်းလဲမှုများနှင့် အမှီမလိုက်နိုင်ခဲ့ချေ – သူသည် အကြိမ်ပေါင်းများစွာ ကျိုးဝမ်ရှိူ့ကို ဒုက္ခပေးခဲ့သော်လည်း ကျိုးဝမ်ရှိူ့က လွတ်မြောက်နိုင်ရုံတင်မကဘဲ သူ့ကိုပါ သံသယဖြစ်လာသည်။
သူသည် စုံစမ်းစစ်ဆေးမှုကို သည်းမခံနိုင်သောကြောင့် စခန်းမှ လုံး၀ ထွက်လာခဲ့ပြီး ယခု တိုက်ရိုက် လာခဲ့သည်။
အမှန်တကယ်တော့ သူသည် စခန်းမှ လူများကို သူ့အား ကယ်တင်ရှင်အဖြစ် မမှတ်ယူခိုင်းနိုင်လျှင်တောင် ဤလူများ သူ့
ကို ကြောက်ရွံ့စေရန်မှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။
မည်သို့ပင်ဖြစ်စေ သူ့ကို ကျောထောက်နောက်ခံပြုပေးသော အင်အားကြီးဇွန်ဘီများ အလွန်များပြားလေရာ ဤလူများ မနာခံမည်ကို သူ ကြောက်နေစရာမလိုပေ။
____
Thanks for reading 💙
____