အပိုင်း ၈၈ ( Little White Face 16 )
Viewers 10k

ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားလာသည်မှာ တစ်နှစ်ကျော်သွားပြီဖြစ်ပြီး ဤတစ်နှစ်ကျော်အတွင်း လူသားမျိုးနွယ်နှင့် ဇွန်ဘီတို့၏ ရင်ဆိုင်တိုက်ခိုက်မှုမှာ ဘယ်သောအခါမှ ရပ်တန့်ခြင်းမရှိခဲ့ချေ။


တက္ကသိုလ်မြို့တော် အ‌ခြေစိုက်စခန်းတွင် ဇွန်ဘီများကြောင့် သေဆုံးသွားရသော လူမည်မျှရှိမှန်း ဘယ်သူမှမသိပေ။


ယခု ကျားဝမ်ဟန်နှင့် ဇွန်ဘီများ အတူပူးပေါင်းပြီး သူတို့ကို သူနှင့် ပူးပေါင်းခိုင်းရာ... အသက်ရှင်ရန်အတွက် ဘက်ပြောင်းသွားသော လူအနည်းငယ် ရှိသော်ငြား ဤအချိန်တွင် လူအများစုသည် အလွန်ဒေါသထွက်ပြီး ဆဲဆိုနေကြတော့သည်။


ကျားဝမ်ဟန်သည် ဒေါသမထွက်သည့်အပြင် ယခုအခါတွင် သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။


လူအများ၏ အာရုံစူးစိုက်မှုအောက်တွင် ရောက်ရှိနေရလျက် သူ့နှလုံးသားက ဖော်ပြရန် လိုအပ်သော ပြင်းထန်သည့် ခံစားချက်များနှင့် တလှပ်လှပ် လှုပ်ရှားနေသည်။


အခြေစိုက်စခန်းကို သစ္စာ‌မဖောက်ခဲ့ဘူးဆိုလျှင် ကျားဝမ်ဟန်ဟာ သူ၏ အရုပ်ဆိုးသော အတွေးဆိုးများ အနည်းငယ်ကို ဖုံးကွယ်ထားနေလိမ့်မည် ဖြစ်သော်ငြား ယခုမူ...


ကျားဝမ်ဟန်သည် တံတိုင်းကို ကြည့်ပြီး လှောင်ရယ်ကာ အနားရှိ ပိန်ပိန်ပါးပါး အသားမည်းမည်း လူလတ်ပိုင်းအမျိုးသားကို လက်ရိပ်ပြလိုက်သည်။ နောက်တစ်ကြိမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ လူတိုင်းသည် ကျိုးဝမ်ရှိူ့ကို ဝိုင်းရံနေသော ဇွန်ဘီများအားလုံး ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။


သူတို့သည် မြို့တံတိုင်းများကို သွားရည်တမျှားမျှား ငေးကြည့်နေသော်လည်း တရွေ့ရွေ့ နောက်ပြန်ဆုတ်သွားကြသည်။


ဇွန်ဘီတိုက်ခိုက်မှုသည် နေ့လယ်တွင် စတင်ခဲ့ရာ ယခုအချိန်တွင် ညနေငါးနာရီထိုးပြီဖြစ်သည်။ နေမင်းကြီးသည် အနောက်ဘက်သို့ တဖြည်းဖြည်း ဝင်လျက် တွဲလွဲဆွဲနေပြီး မကောင်းဆိုးဝါးဆန်ဆန် အနီရောင်အလင်း‌များကို ထုတ်လွှတ်လျက်ရှိသည်။


ငါးနာရီကျော်ကြာပြီးနောက် ကျိုးဝမ်ရှိူ့သည် သူ ချွေးမည်မျှထွက်ထားမှန်း မသိတော့ပေ။ သူ စွမ်းအားအသုံးပြုသောအခါ သူ့ခန္ဓာကိုယ်သည် မလွှဲရှောင်သာ မီးခိုးများဖြင့် ဖုံးလွှမ်းခံရသည်... ဤအချိန်တွင် သူသည် ညစ်ပေနေပြီး ပင်ပန်းနွမ်းနယ်ကာ အသက်အန္တရာယ် ရှိနေသည်။ သို့သော် ကျားဝမ်ဟန်ကို သူ လှမ်းကြည့်သောအခါ သူ၏ မျက်ဝန်းများသည် အလွန်တောက်ပနေပြီး ကြောက်ရွံ့ခြင်းနှင့် အရေးနိမ့်ခြင်းတို့၏ တစွန်းတစ ပမာဏလေးပင် ရှိမနေချေ။


ကျားဝမ်ဟန်သည် သူ၏ ဤအကြည့်ကို အမုန်းဆုံးဖြစ်သည်။


ကမ္ဘာမပျက်ခင်ကတည်းက ကျားဝမ်ဟန်သည် ကျိုးဝမ်ရှိူ့ဟာ ဤသို့သော လူမျိုးမှန်း သိထားခဲ့သည်။


ကျိုးဝမ်ရှိူ့ တက်သော တက္ကသိုလ်သည် ဤတက္ကသိုလ်မြို့တော်၏ အကောင်းဆုံးတက္ကသိုလ် ဖြစ်သည်။ သူသည် ဤအသိုင်းအဝန်းတွင် နာမည်ကျော်ကြားသော ပုဂ္ဂိုလ် ဖြစ်သောကြောင့် သေချာပေါက်ပင် ကျားဝမ်ဟန်သည် သူ့အကြောင်းကို ကြားဖူးခဲ့၏။


မည်သည်ကို ကျိုးဝမ်ရှိူ့ ထပ်မံအနိုင်ရခဲ့ပြန်ပြီ၊ ကျိုးဝမ်ရှိူ့က မည်သည်ကို ထောက်ပံ့ပေးလိုက်ပြီ၊ မည်သည့်လှုပ်ရှားမှုများကို ကျိုးဝမ်ရှိူ့ စီစဉ်ပေးထားသည်...


သူက ကျောင်းသားတစ်ဦး ဖြစ်ပြီး ကျောင်းကို ဇိမ်ခံကားတစ်စီး မောင်းနှင်လာခဲ့တယ်!


ထိုအချိန်တွင် ကျားဝမ်ဟန်သည် ကျိုးဝမ်ရှိူ့ကို အထူးအထင်သေးခဲ့သည်။


ကျိုးဝမ်ရှိူ့သည် ကောင်းမွန်သော မွေးဖွားမှုဖြင့် နောက်ခံကောင်းသောကြောင့်သာ ဤအရာအားလုံးကို ရနိုင်သည်။


ကျိုးဝမ်ရှိူ့တွင် အတတ်နိုင်ဆုံး ပြုစုပျိုးထောင်ပေးသော ချမ်းသာကြွယ်ဝသည့် မိဘနှစ်ပါး မရှိခဲ့လျှင်၊ သူကဲ့သို့ သာမန်မိသားစုတွင်သာ မွေးဖွားခဲ့လျှင် ကျိုးဝမ်ရှိူ့က သူ့လောက်တောင် မကောင်းနိုင်ဘူး!


ကမ္ဘာပျက်ကပ် ကျရောက်လာသောအခါ ကျားဝမ်ဟန်သည် သူ၏ လျှပ်စီးစွမ်းရည် နိုးထပြီး သူက အလွန်သန်မာကြောင်းကို သိရှိသွားပြီးနောက် အလွန်ဝမ်းသာခဲ့သည်။


ရှားပါးရုံတင်မကဘဲ တိုက်ခိုက်စွမ်းအားကလည်း သန်မာသောကြောင့် ဒါက အဓိကဇာတ်လိုက်အတွက် စံနှုန်းဖြစ်ကြောင်း ထင်ရှားသည်။ သူ ကြီးမြင့်လာတော့မှာ!


ကျားဝမ်ဟန်သည် ချက်ချင်းဆိုသလိုပင် စွမ်းအားရှင်တချို့ကို ဆက်သွယ်၍ အသင်းငယ်တစ်သင်း ဖွဲ့ပြီး ကမ္ဘာပျက်ကပ်ကို တိုက်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။


ယခင်က သူ့ကို အလေးအနက် မထားခဲ့သော ကျောင်းမှ ကျောင်းသူများနှင့် ဌာနများ၏ အလှလေးများသည် အနာဂတ်တွင် အသက်ရှင်ရန် သူတို့၏မျက်နှာကို အသုံးပြုပြီး သူ့ကို စိတ်ကျေနပ်စေရန် သူတို့၏ ခန္ဓာကိုယ်ကို အသုံးချလိမ့်မည်။


အတိတ်၌ ကျောင်းမှ လူများကို အထင်သေးခဲ့သော ဒုတိယမျိုးဆက် သူဌေးသားများသည် သူ့ရှေ့တွင် အ‌ရိုအသေပေးပြီး စကားနားထောင်ရကာ သူ့ကို သူတို့၏ အရှင်သခင်အဖြစ် ဆက်ဆံရပေလိမ့်မည်။


ကျောင်းရဲ့ ပရော်ဖက်ဆာ အားလုံးကလည်း အသက်ရှင်ချင်ရင် သူ့ကို အားကိုးကြရလိမ့်မယ်!


တွေးကြည့်လိုက်ရုံဖြင့် ကျားဝမ်ဟန် စိတ်လှုပ်ရှားလာသည်။ သူသည် ကောင်းကင်ဘုံ၏ မာနတရား ဖြစ်သော ကျိုးဝမ်ရှိူ့ကို မည်သို့အရှက်ခွဲရမည်ဟုပင် တွေးထားပြီးပြီဖြစ်သည်။ ကျိုးဝမ်ရှိူ့ အသက်ရှင်နေသေးရင်ပေါ့!


ရလဒ်ကတော့ သူသည် အသင်းငယ်တစ်သင်းကို စုစည်းပြီးသည်နှင့်တပြိုင်နက် ကျိုးဝမ်ရှိူ့က အံ့အားသင့်ဖွယ်ကောင်းစွာ လူရာချီများ‌စွာနှင့်အတူ သူ၏ တက္ကသိုလ်သို့ လာရောက်ကယ်တင်ခဲ့သည်။ 


ပထမတော့ သူ မယုံခဲ့သော်ငြား ကျိုးဝမ်ရှိူ့ ဇွန်ဘီများကို သတ်ဖြတ်နေသည်အား တွေ့မြင်ပြီးနောက် သူ ကျိုးဝမ်ရှိူ့ကို မရင်ဆိုင်ရဲတော့ပေ။


သူသည် တစ်နှစ်ကျော်ကြာ ကျိုးဝမ်ရှိူ့၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ တစ်ခါတစ်ရံတွင် သူသည် စွမ်းအားရှင် မဟုတ်သော အမျိုးသမီးများကို နှစ်သက်သော်လည်း တချို့က သူနှင့်လိုက်ရန် သဘောမတူချေ။ သူသည် သူတို့ကို ဖိအားမပေးနိုင်ပေ။ သူ အရမ်းစိတ်ဆိုးတယ်!


တဖြည်းဖြည်းနှင့် ကျားဝမ်ဟန်သည် ကွင်းဆင်းဌာနတွင် လူများစွာကို လေ့ကျင့်ပေးခဲ့သည်။


သို့သော် သူသည် ကျိုးဝမ်ရှိူ့ကို မဆန့်ကျင်ရဲသေးပေ။ ဘာပဲဖြစ်ဖြစ် ကျိုးဝမ်ရှိူ့က အလွန်ဂုဏ်သတင်းကြီးသည်။


ကျိုးဝမ်ရှိူ့က မျက်နှာဖြူလေးကို ပျိုးထောင်ပြီး ရွံရှာဖွယ် လိင်တူချစ်သူ ဖြစ်နေလျှင်ပင် ဘယ်သူကမှ မှားနေသည်ဟု မထင်ချေ။


ကံကောင်းထောက်မစွာဖြင့် သူသည် လွန်ခဲ့သော နှစ်လက ရှောက်လောင်ချီကို တွေ့ခဲ့သည်။ ထိုသူသည် သူ့အနားမှ ပိန်ပါးပြီး အသားမည်းသော လူလတ်ပိုင်းအမျိုးသား ဖြစ်သည်။


ရှောက်လောင်ချီသည် H မြို့ကြီးသို့ အလုပ်လုပ်ရန် ရောက်လာသည်။ သူ၏ သေးငယ်သော အရွယ်အစားနှင့် မိသားစု၏ ညီအစ်ကိုအများအပြားကြောင့် အသက်လေးဆယ်ကျော်တွင်ပင် လက်မထပ်ရသေးပေ။ သူသည် နေရာတိုင်း ထူးဆန်းသော အလုပ်များဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ ကမ္ဘာမပျက်ခင်က သူသည် လူများကို ကူညီ၍ စက္ကူအမှိုက် ခွဲခြားပေးသော စက္ကူအမှိုက်စုဆောင်းရေးစခန်းတွင် အလုပ်လုပ်ခဲ့၏။


ကမ္ဘာပျက်ကပ် ရုတ်တရက် ကျရောက်လာတဲ့အခါ သူက အလွန်ကြောက်ရွံ့‌ခဲ့ပေမယ့် ရလဒ်ကတော့ ဇွန်ဘီတွေက သူ့ကို မကိုက်ခဲ့ဘူး!


စက္ကူအမှိုက်စုဆောင်းရေးစခန်းသည် H မြို့ကြီး၏ အစွန်အဖျားတွင် တည်ရှိသည်။ ၎င်းကို စက်ရုံများဖြင့် ဝန်းရံထားသည်။ လူအများအပြား မရှိချေ။ ရက်အနည်းငယ်ကြာပြီးနောက် ရှောက်လောင်ချီသည် ပုန်းခိုပြီး စားစရာထွက်ရှာခဲ့သည်။ သို့သော် သူသည် ကျောက်တုံးတစ်တုံးဘေးတွင် စုဝေးနေသော ဇွန်ဘီအုပ်စုကို တွေ့လိုက်ရသည်...


ကျောက်တုံးက သူ့အတွက် ကောင်းသည်ဟု ခံစားမိသောကြောင့် သူသည် သူ့လက်ထဲတွင် ကိုင်ထားခဲ့ပြီး အချိန်အတော်ကြာပြီးနောက် ကျောက်တုံးသည် သူ့အား သန်မာစေနိုင်ကြောင်းကိုလည်း တွေ့ရှိခဲ့သည်။


ဤ‌ကျောက်တုံးတွင် ဆိုးကျိုးများလည်း ရှိနေခြင်းမှာ ဝမ်းနည်းစရာပင်... ဤကျောက်တုံးကြောင့် သူ့နောက်ကို လိုက်နေသော ဇွန်ဘီများ အမြဲတမ်း ရှိသည်။


ဤကာလအတွင်း ရှောက်လောင်ချီသည် အသက်ရှင်နေသော လူများစွာနှင့်လည်း တွေ့ဆုံခဲ့သည်။ သူသည် ဇွန်ဘီများကို မကြောက်ဘဲ ထိုဇွန်ဘီများက သူ့နောက်လိုက်သည်။ ထို့ကြောင့် သူ့ကို တွေ့သူတိုင်းက သူ့ကို ကြော‌က်ပြီး လူတချို့က သူ့ကို သတ်ချင်သည်... ရှောက်လောင်ချီသည် တဖြည်းဖြည်း လူများကို ရှောင်ရှားလာသည်။ ထွက်ခွာပြီးနောက် ဤအချိန်တွင် သူသည် အချိန်အတော်ကြာ သူ့နောက်လိုက်နေသော ဇွန်ဘီများက ပိုမိုသန်မာလာကြောင်း တွေ့ရှိခဲ့သည်။


တစ်ခါက သူ စူပါမားကတ်တစ်ခုရဲ့ တံခါးကို မဖွင့်နိုင်တော့ ဇွန်ဘီတွေကို ကူညီစေချင်ခဲ့တာ၊ ဇွန်ဘီတွေက တကယ်လုပ်ပေးခဲ့တယ်!


သူ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တယ်!


ရှောက်လောင်ချီသည် ချက်ချင်းပင် ပျော်ရွှင်သွားသော်လည်း သူ့ဘဝက သိပ်မကောင်းသေး။


သူ့အခြေအနေက မှားယွင်းနေမှန်း သူ သဘောပေါက်သွားပြီး လူများကို ဆက်သွယ်ခြင်း သို့မဟုတ် လုံခြုံရေးအခြေစိုက်စခန်းတစ်ခုသို့ သွားခြင်းမျိုး သူ မဝံ့ရဲပေ။ ရံဖန်ရံခါတွင် သူသည် တစ်စုံတစ်ယောက်ကို တွေ့မြင်ပြီး စကားပြောရန် ဖမ်းဆီးချင်သောအခါ သူသည် သူကိုယ်တိုင် မဖမ်းဆီးနိုင်သဖြင့် ဇွန်ဘီများကို ဖမ်းဆီးစေသည်။ သို့သော် ဇွန်ဘီများက အမြဲတစေ တန်းတန်းမတ်မတ် လူများကို ကိုက်ပစ်လိုက်ကြသည်။


ထို့ကြောင့် သူ့တွင် အစားအသောက်နှင့် အဝတ်အစားများအတွက် စိုးရိမ်စရာမရှိသော်လည်း သူ့တွင် မိန်းမ မရှိသေးချေ။


ဤကိစ္စနှင့် ပတ်သက်၍ ရှောက်လောင်ချီသည် သူ မည်မျှစိတ်ဓာတ်ကျနေကြောင်း မပြောပြ‌နိုင်ဘဲ ဤအချိန်တွင် ကျားဝမ်ဟန်နှင့် တွေ့ဆုံခဲ့သည်။


ကျားဝမ်ဟန်သည် ရှောက်လောင်ချီကို မတော်တဆ တွေ့ရှိပြီး သူ့လူများနှင့် ရှောက်လောင်ချီကို ဝိုင်းရံခဲ့သည်...


တိုတိုပြောရလျှင် သူတို့နှစ်ယောက် ရန်ဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် လက်တွဲအလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့၏။


ကျားဝမ်ဟန်သည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းကို လိုချင်ပြီး ရှောက်လောင်ချီသည် ကျားဝမ်ဟန်ကို ကူညီရန် ဆန္ဒရှိသည်။ သို့သော် အနာဂတ်တွင် သူက စားခြင်းသောက်ခြင်းတို့ကိုသာ ပြုလုပ်ပြီး သူ့ကို ပြုစုသော အမျိုးသမီးအုပ်စုတစ်စု ရှိပေလိမ့်မည်။


စကားမစပ်ဆိုရလျှင် ရှောက်လောင်ချီသည် ရည်မှန်းချက်မရှိသူ မဟုတ်သော်လည်း အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း မရှိချေ။ သူ ကလေးအရွယ်၌ သူ့မိသားစုက ဆင်းရဲပြီး သူက တစ်ဝက်တစ်ပျက် စာလေ့လာခဲ့ကာ စကားလုံး အကုန်လုံးကိုပင် မဖတ်နိုင်ပေ။


ဘယ်သူက သူ့ကို လက်ခံယုံကြည်မှာလဲ?


ထို့အပြင် သူ့တွင် ဇွန်ဘီထိန်းချုပ်ခြင်းမှလွဲ၍ တခြားစွမ်းရည် မရှိချေ။ ဇွန်ဘီများကလည်း အရမ်းတုံးအလွန်းသည်။ သူတို့က ရိုးရှင်းသော အမိန့်များကိုသာ နားလည်နိုင်ပြီး အဝေးရောက်နေလျှင် သူတို့ကို မထိန်းချုပ်နိုင်တော့ပေ။


အမှန်တော့ ယနေ့ သူသည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသို့ ဇွန်ဘီများစွာကို ခေါ်လာသောအခါ တကယ့်ကို စိတ်လှုပ်ရှားနေခဲ့သည်။ သူ့စွမ်းရည်များ ရုတ်တရက် ကျဆုံးသွားမည်ကို သူ စိုးရိမ်သည်။


နောက်ပိုင်းတွင် သာမန်ဇွန်ဘီများ အသတ်ခံရသည်ကို သူ တွေ့ရသောအခါ သူ တော်တော်ပျော်သွားသည် – ဤအကောင်များက သူ့ထိန်းချုပ်မှုမရှိဘဲ သူတို့ သေဆုံးသွားလျှင် ကောင်းပေသည်။


အဆုံးမူ သူသည် အသက်ရှင်နေသော လူသား ဖြစ်သည်။ အမှန်တော့ ကြီးမားသော ဇွန်ဘီအုပ်စုကို တွေ့ရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။


ရှောက်လောင်ချီသည် ပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို ထိန်းချုပ်ထားသော်လည်း ကျားဝမ်ဟန်က ကျိုးဝမ်ရှိူ့ကို အေးစက်စွာ ကြည့်သည် : " ကျိုးဝမ်ရှိူ့၊ ငါ ‌မမျှော်လင့်ထားဘူး။ မင်း ငါ့လက်ထဲ ကျရောက်လာတယ်။ "


" ငါ... မင်း ဒီလိုလူမျိုး ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။ " ကျိုးဝမ်ရှိူ့ ပင့်သက်ရှိုက်လိုက်ပြီး သူ့ခါးက ဖြောင့်တန်းနေသည်။


ကျားဝမ်ဟန်က လှောင်သည်။ " ငါက ဘယ်လိုလူမျိုးလဲ? ကျိုးဝမ်ရှိူ့၊ ငါ မင်းရဲ့ ဒီအကျင့်စာရိတ္တ လူတတ်ကြီးလုပ်တဲ့ အကြည့်ကို အမုန်းဆုံးပဲ! "


ကျိုးဝမ်ရှိူ့ : " ကျားဝမ်ဟန်၊ ဇွန်ဘီတွေက လူသားတွေရဲ့ ရန်သူတွေပဲ။ ဒါပေမယ့် မင်းက ဇွန်ဘီတွေနဲ့ ပေါင်းနေတယ်... "


" ကျိုးဝမ်ရှိူ့၊ မင်း ငါ့ကို အပြစ်တင်နေတာ ရပ်လိုက်တော့။ " ကျားဝမ်ဟန်သည် ကျိုးဝမ်ရှိူ့၏ စကားများကို ကြားဖြတ်လိုက်သည်။ " ကြည့်၊ မင်း ကြိုက်တဲ့လူက ငါ့လက်ထဲမှာ။ "


ကျားဝမ်ဟန် ယန်ကျင်းဇီကို ညွှန်ပြလိုက်သည်။


ကျားဝမ်ဟန်သည် သူ၏ မကျေနပ်ချက်များကို သိမ်းထားလေ့ရှိသော်လည်း ကျိုးဝမ်ရှိူ့၏ အမှားကို မရှာတွေ့ခဲ့ချေ။ ထို့ကြောင့် သူသည် စိတ်ထဲတွင်သာ ကျိုးဝမ်ရှိူ့ကို ဆဲဆိုနိုင်ခဲ့သည်။ ကျိုးဝမ်ရှိူ့ ယန်ကျင်းဇီကို တွေ့သည့်အခါမှသာ သူ့တွင် ကျိုးဝမ်ရှိူ့ကို တိုက်ခိုက်စရာ ရလာခဲ့၏။


သူသည် ကောင်းကင်နဂါး အခြေစိုက်စခန်း၏ လူများကို ကျိုးဝမ်ရှိူ့တွင် ဥက္ကာခဲ ရှိကြောင်း ဦးစွာပြောပြပြီး ယန်ကျင်းဇီနှင့် စတင်သင့်ကြောင်း အကြုံပြုခဲ့သောအခါ ယင်းကား ကောင်းမွန်သော ရှိုးကို ကြည့်ရန်ဖြစ်သည်။


ကျိုးဝမ်ရှိူ့ ကြိုက်သော မျက်နှာဖြူလေးက သူ့ကို လုံးဝ မကြိုက်ဘဲ ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများနှင့် ထွက်ပြေးသွားသည်... စိတ်ဝင်စားစရာကောင်းလိုက်တာ!


ထို့နောက် ကျိုးဝမ်ရှိူ့က နောက်မှ လိုက်သွားသည်။ ဘာပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက်အတွက်နှင့် သူက အခြေအနေအားလုံးကို လျစ်လျူရှုပြီး အခြေစိုက်စခန်းကို စိတ်ထဲမထားခဲ့‌ဘူး။ သူက တံတွေးထွေးခံသင့်တယ်!


ဤအချိန်တွင် ကျားဝမ်ဟန် ကျိုးဝမ်ရှိူ့ကို မည်မျှမုန်းတီးကြောင်း ယန်ကျင်းဇီလည်း တွေ့မြင်နိုင်သည်။


သူသည် မူလဇာတ်ကြောင်းမှ အဖြစ်အပျက်များကို ပြန်လည်တွေးမိသည်။


ကျိုးဝမ်ရှိူ့သည် ကောင်းကင်နဂါး အခြေစိုက်စခန်းထံမှ မူလပိုင်ရှင်အတွက် ဥက္ကာခဲကို လဲလှယ်ခဲ့ပြီး ဒဏ်ရာရခဲ့သည်။ နောက်ဆုံး အခြေစိုက်စခန်းသို့ ပြန်ရောက်ပြီးနောက် ဥက္ကာခဲအကြောင်း ပျံ့နှံ့သွားသည်။


တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းရှိ လူများအားလုံးသည် သူတို့၏စခန်းတွင် မူလက စွမ်းအားတိုးမြှင့်နိုင်သော ရတနာတစ်ခု ရှိကြောင်းနှင့် ရလဒ်အားဖြင့် သူတို့၏ ဥက္ကဌက ယောက်ျားတစ်ယောက်အတွက်နှင့် ကောင်းကင်နဂါး အခြေစိုက်စခန်းသို့ တကယ် ပေးခဲ့ကာ အပြင်းအထန် ဒဏ်ရာရလာကြောင်း သိသွားကြတော့သည်။


ပိုရယ်စရာကောင်းသည်မှာ ဤလူက သူတို့၏ ဥက္ကဌကို မကြိုက်ဘဲ တကယ်ကြီး ခိုးရာလိုက်ပြေးသွားခြင်း ဖြစ်သည်။


တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း၏ လူများသည် ဤသည်ကို လက်မခံနိုင်ပေ။ ကျိုးဝမ်ရှိူ့ ယုံကြည်ရသော လူများပင် ကျိုးဝမ်ရှိူ့ ဤသို့ပြုမူသည်မှာ ရူးနေပြီဟု ခံစားခဲ့ကြရသည်။


ထိုအချိန်တွင် မုန့်ကျားယင်သည် ကျိုးဝမ်ရှိူ့ကို သွားမတွေ့ဘဲ ဘယ်သူကမှ မုန့်ကျားယင်ကို အပြစ်မတင်ခဲ့ကြချေ — အဲ့မျက်နှာဖြူလေးက အစကတည်းက ခိုးရာလိုက်ပြေးခဲ့တာ! ဘာ'ကယ်တင်'တာလဲ?


ထိုအချိန်တွင် ကျိုးဝမ်ရှိူ့သည် လူထောင်ချီထံမှ တကယ့်ကို အပြစ်တင်ခံခဲ့ရသည်။


နောက်ပိုင်း ဇွန်ဘီများ မြို့ကို လာရောက်တိုက်ခိုက်သောအခါ ကျိုးဝမ်ရှိူ့က တိုက်ပွဲတွင် သေဆုံးသွားပြီး လူတိုင်းက ကျိုးဝမ်ရှိူ့ကိုယ်တိုင် ၎င်းကို ဖြစ်စေခဲ့သည်ဟု တွေးထင်ကြသည်။


သူသာ ဥက္ကာခဲကို လက်မလွှတ်ဘဲ အဲ့မျက်နှာဖြူလေးအတွက် ဒဏ်ရာရမလာရင် သူ သေချာပေါက် သေမှာ မဟုတ်ဘူး!



ကျိုးဝမ်ရှိူ့က အခြေစိုက်စခန်းကို တည်ထောင်ခဲ့သည်မှာ သိသာထင်ရှားသည်။ သူက အခြေစိုက်စခန်းအတွက် အသက်ဆုံးရှုံးခဲ့သည်မှာ သိသာသော်လည်း နောက်ဆုံးတွင် နာမည်ဆိုးဖြင့် သေဆုံးသွားခဲ့သည်... ဤသည်မှာ ကျားဝမ်ဟန် မြင်တွေ့ချင်သော အရာ ဖြစ်နိုင်လောက်သည်။


ယန်ကျင်းဇီသည် အားလုံးသော အတွင်းအပြင်ဖြစ်ရပ်များကို သိရှိခဲ့ပြီး ယခုအခါ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။


ကျိုးဝမ်ရှိူ့ ပိုကောင်းအောင် သူ ဘယ်လိုကူညီနိုင်မလဲ?


ကျိုးဝမ်ရှိူ့က အားနည်းသူများကို သဘောကျသည်။ သူက ရုတ်တရက် လူထသတ်လိုက်လျှင်... မကောင်းလောက်ဘူး ဟုတ်တယ်မလား?


ယန်ကျင်းဇီ တွေးနေစဉ် လူတိုင်း၏အကြည့်များက သူ့အပေါ် ကျရောက်လာသည်။


ကျိုးဝမ်ရှိူ့ပင် ယန်ကျင်းဇီကို စိုးရိမ်ပူပန်မှုနှင့် အပြစ်ရှိစိတ်များဖြင့် ကြည့်နေသည်။


ကျားဝမ်ဟန်သည် ဤအခြေအနေကို အလွန်ကျေနပ်ပြီး နှစ်ကြိမ်တိုင်တိုင် ပြောင်ပြောင်တင်းတင်း ရယ်သည်။ " ကျိုးဝမ်ရှိူ့၊ မင်း ငါ့ကို သူ့ကိုလွှတ်ပေးစေချင်သလား? "


" မင်း ဘာလိုချင်တာလဲ? " ကျိုးဝမ်ရှိူ့က မေးသည်။


" မင်း မြေကြီးပေါ်မှာ ဒူးထောက်ပြီး ငါ့ကို ရိုရိုသေသေနဲ့ တောင်းပန်ရမယ်! " ကျားဝမ်ဟန်က ပြောသည်။


ကျိုးဝမ်ရှိူ့ တိုက်ပွဲမှာ သေသွားပြီး စခန်းက လူတွေ သူ့ကို မှတ်မိနေခွင့်ပြုရမှာ အရမ်းဈေးပေါလွန်းတယ်!


ကျားဝမ်ဟန်သည် အလွန်အားထုတ်၍ ယန်ကျင်းဇီကို ဖမ်းဆီးခဲ့သည်မှာ ကျိုးဝမ်ရှိူ့ကို သိက္ခာကျစေရန်နှင့် ကျိုးဝမ်ရှိူ့ သူ့ကိုယ်သူ အရူးလုပ်ရန်အတွက် ဖြစ်သည်။


ကျိုးဝမ်ရှိူ့က မလှုပ်ရှားဘဲ ကျားဝမ်ဟန်ကို ကြည့်သည် : " မင်း ပြောတာ အမှန်ပဲလား? "


ဤအကြိမ်တွင် မလွတ်မြောက်နိုင်တော့မည်ကို သူ စိုးရိမ်မိသည်။


အဘယ့်ကြောင့် သူ့ကို ကျားဝမ်ဟန် မုန်းမှန်း သူ မသိသော်ငြား ကျားဝမ်ဟန်က သူ့ကို အသက်ရှင်ခွင့်ပေးလိမ့်မည် မဟုတ်ကြောင်းမှာ သံသယဖြစ်စရာမရှိချေ။


ကမ္ဘာပျက်ပြီးနောက် သူသည် သေဆုံးရန် အသင့်ဖြစ်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း ယန်ကျင်းဇီ သေဆုံးသည်ကိုတော့ သူ မတွေ့ချင်ပေ။


ကျိုးဝမ်ရှိူ့၏ စကားများကို ကြားသော် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း၏ လူများ စိတ်ပူသွားကြသည် : " ဥက္ကဌ၊ မလုပ်နဲ့! "


" ဥက္ကဌ၊ သူ မင်းကို လိမ်နေတာ! "


" ဥက္ကဌ... "



မုန့်ကျားယင်၏ ရာထူးကို ကျိုးဝမ်ရှိူ့ ပြောင်းရွှေ့ထားသော်လည်း ဇွန်ဘီတိုက်ခိုက်မှုမဖြစ်ခင်က သူသည် ဇွန်ဘီသတ်ရန် မြို့တံတိုင်းသို့ ရောက်လာသေးပြီး ဤအချိန်တွင် အော်ပင်အော်လိုက်သည် : " ကျိုးဝမ်ရှိူ့၊ မင်း ရူးနေပြီ! အဲ့ဒီ့လူအတွက်နဲ့ မင်းက ဒူးထောက်မှာလား! "


ကျားဝမ်ဟန်က တက်ကြွ‌ပျော်မြူးနေသည်။


ကျိုးဝမ်ရှိူ့ သူ့ရှေ့မှာ ဒူးထောက်တယ်၊ ဒါက ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်လဲ?


ကမ္ဘာမပျက်ခင်ကရော၊ ကမ္ဘာပျက်ပြီးတော့ရော သူ့ထက် ပိုတော်နေတဲ့ ဒီလူက အခု သူ့ရှေ့မှာ ဒူးထောက်ပြီး သနားဖို့ တောင်းပန်တယ်!


" ကျိုးဝမ်ရှိူ့၊ မင်းက မင်းရဲ့ချစ်သူအပေါ် တကယ် သစ္စာရှိတာပဲ။ ဟားဟား! " ကျားဝမ်ဟန်က ပြောသည်။ " သေချာပေါက် အမှန်ပဲပေါ့၊ မင်း ဒူးထောက်ပြီး ငါ့ကို တောင်းပန်သရွေ့ ငါ သူ့ကို လွှတ်ပေးနိုင်တယ်... "


" မင်းကရော ကျိုးဝမ်ရှိူ့ကို မင်းစီမှာ ဒူးထောက်ခိုင်းဖို့ ထိုက်တန်လို့လား? " အသံတစ်ခုက ကျားဝမ်ဟန်၏ စကားများကို နှောင့်ယှက်လိုက်သည်။


လူတိုင်း အံ့အားသင့်သွားပြီး စကားပြောသူကို ကြည့်လိုက်ကြသည်။


စကားပြောနေသူမှာ ယန်ကျင်းဇီ ဖြစ်သည်။ သူက ထရပ်ကားအခန်းထဲမှ မတ်တပ်ထရပ်ပြီး သူ့လက်ပေါ်မှ ကြိုးလည်း ပျက်စီးနေပြီဖြစ်သည်။


သူသည် မီးခြစ်နှင့်တူ‌သော သူ၏ မီးစွမ်းအားကို အသုံးပြု၍ အနည်းငယ် လောင်ကျွမ်းစေလိုက်ခြင်း ဖြစ်၏။


သူ့လက်ကောက်ဝတ်ကို မတော်တဆ မီးလောင်စေမိပြီး ယခုအခါတွင် အရမ်းနာနေသည်။


ယန်ကျင်းဇီသည် ယခုအချိန်တွင် အလွန်စိတ်ဆင်းရဲနေပြီး ကျိုးဝမ်ရှိူ့အား သူ့ကို နှစ်သိမ့်ပေးစေချင်သည်... သေချာတာပေါ့၊ အဓိကဦးစားပေးက ကျားဝမ်ဟန်ကို အရင်ရှင်းဖို့ပဲ။


တကယ်တော့ ကျားဝမ်ဟန်က လုံးဝ ဘာမှကြီးမြတ်မနေ။ အားကြီးသူများက ဇွန်ဘီများ ဖြစ်ကြသည်။


ကျိုးဝမ်ရှိူ့သည် အမြဲတမ်း ဇွန်ဘီများအားလုံးကို သတ်ပစ်ချင်သည်။ သို့သော်... ဇွန်ဘီများ အသတ်ခံလိုက်ရလျှင်ပင် လူသားများ ကောင်းမွန်စွာ နေထိုင်နေရမည်မှာ မသေချာလောက်ချေ။


အမှောင်စွမ်းအင်သည် လေထုထဲတွင် ပြည့်နှက်နေပြီး ကမ္ဘာတစ်ခုလုံး မှောင်မိုက်ပြီး အုံ့ဆိုင်းနေလျက်ဖြင့် တခြားစွမ်းအင်များ၏ အရောင်မျိုးစုံက ရိုးရိုးရှင်းရှင်း ပြိုးပြက်စွာ ‌ပါဝင်ရောနှေနေသည်။


ဂြိုဟ်သိမ်နှင့်အတူ ကမ္ဘာပေါ်သို့ ကျရောက်လာသည်မှာ အဓိကအားဖြင့် အမှောင်စွမ်းအင် ဖြစ်ပြီး ဤအခြေအနေတွင် ဇွန်ဘီများသည် သဘာဝကျစွာ လူသားများထက် ပိုမိုသန်မာပေလိမ့်မည်။


လွန်ခဲ့သော နှစ်များက လူသားများသည် ဇွန်ဘီများကို ခုခံနိုင်ခဲ့သည်မှာ ဇွန်ဘီများ အသိမရှိခြင်းနှင့် မြို့များတွင် အသက်ရှင်ကျန်ရစ်သူများ ပြန့်ကျဲနေသောကြောင့် ဖြစ်သည်။ လူသားစားချင်သော အင်အားကြီးဇွန်ဘီများသည် အခြေစိုက်စခန်းကို တိုက်ခိုက်မည့်အစား တစ်ယောက်တည်းရှိနေသူများကိုသာ ရွေးချယ်လိမ့်မည်ဖြစ်သည်။


သို့သော် အနာဂတ်၌ အင်အားကြီးဇွန်ဘီများ ပိုပိုများလာသောအခါ ထိုအခြေစိုက်စခန်းများ အနှေးနှင့်အမြန် ပျက်စီးသွားပေလိမ့်မည်။


ကောင်းပြီ၊ ယခု ထိုကိစ္စများ စဉ်းစားနေခြင်းမှာ အနည်းငယ် ကွာဝေးနေသေးသည်။


လက်ရှိအခြေအနေအရ... ပိန်ပိန်ပါးပါး အသားမည်းမည်း လူလတ်ပိုင်းအမျိုးသား ထိန်းချုပ်ထားသော ဇွန်ဘီထောင်ပေါင်းများစွာသည် တကယ့်ကို သန်မာပြီး တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းတစ်ခုလုံးကို အလွယ်တကူ သတ်ပစ်နိုင်သည်။


ဒါပေမယ့် ဒါတွေမရှိရင် ကျားဝမ်ဟန်က ဘာလဲ?


ယန်ကျင်းဇီ၏လက်ထဲမှ ကြိုးပျောက်သွားသည့်အပြင် ထရပ်လိုက်သည်ကို မြင်သောအခါ ကျားဝမ်ဟန် အနည်းငယ် စိတ်တိုသွားသည်။ သို့သော် မကြာမီပင် ဒေါသထွက်စရာ မလိုကြောင်း တွေးမိလိုက်သည် : " မင်း အခု ကျိုးဝမ်ရှိူ့ကို ကူညီနေတယ်... အရင်က မင်း ကျိုးဝမ်ရှိူ့ကို မကြိုက်လို့ ကောင်းကင်နဂါး အခြေစိုက်စခန်းက အဲ့ကောင်မလေးနဲ့ ခိုးရာလိုက်ပြေးချင်ခဲ့တာ မဟုတ်ဘူးလား? "


ကျားဝမ်ဟန်သည် ယန်ကျင်းဇီကို အလေးအနက် မထားဘဲ ကျိုးဝမ်ရှိူ့ကို ကြည့်လိုက်သည် : " ကျိုးဝမ်ရှိူ့၊ မင်း ပျိုးထောင်ထားတဲ့ ဒီမျက်နှာဖြူ‌လေးက မင်း‌အပေါ် စိတ်ရင်းမှန်ပြီး ရိုးသားတယ်လို့ မင်း ထင်လား? သူ့ကို ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေက ပြန်ပေးဆွဲသွားတာ မဟုတ်ဘူး။ သူက ချွီမျိုးရိုး ကောင်မလေးနဲ့ ထွက်ပြေးသွားတာ! မင်းရဲ့ခေါင်း စိမ်းစိုနေတာ ကြာပြီ! "


ယန်ကျင်းဇီ : " ... " ဒီကျားဝမ်ဟန်က သေတွင်းတူးနေတာပဲ။ ဘယ်လိုတောင် သူ့ရဲ့ အကြွေးဟောင်းကို ပြန်လှန်ရဲတာလဲ!


ယန်ကျင်းဇီ ပြောလိုက်သည်။ " ကျားဝမ်ဟန်၊ မင်း တစ်ခုသိလား? "


" ဘာလဲ? " ကျားဝမ်ဟန်က မေးသည်။


" လူဆိုးက စကားများလွန်းလို့ သေသွားတာ။ " ယန်ကျင်းဇီက ဆိုသည်။ သူသည် စကားပြောနေရင်း လက်ထဲရှိ အနက်ရောင်ကျောက်တုံးတစ်တုံးနှင့် ကစားနေသည်။


" ဥက္ကာခဲလား? " ကျားဝမ်ဟန်ဘေးတွင် ထို‌င်နေသော ရှောက်လောင်ချီက ရုတ်တရက် ပြောလာသည်။


ယန်ကျင်းဇီ၏လက်ထဲမှ အနက်ရောင်ကျောက်တုံးသည် သူ့လက်ထဲရှိ အနက်ရောင်ကျောက်တုံးနှင့် တူညီသည်။ ယင်းကား... ယန်ကျင်းဇီလက်ထဲက အနက်ရောင်ဥက္ကာခဲက ပိုပိုကြီးလာတယ်လို့ ဘာလို့ သူ ထင်မိတာပါလိမ့်?


" မင်းက အဲ့ဒီ့ဇွန်ဘီတွေကို အားကိုးတာမလား? ပြန်ကြည့်လိုက်ပါဦး။ " ယန်ကျင်းဇီက ထပ်ပြောသည်။


ကျားဝမ်ဟန်သည် မသိစိတ်အရ ဇွန်ဘီများကို ကြည့်မိလိုက်သည်။


သူနှင့် ရှောက်လောင်ချီသည် ဇွန်ဘီများကို အဆင့်သုံးဆင့် ခွဲထားပြီး အဆင့်နိမ့် ဇွန်ဘီများ၊ အလယ်အလတ် ဇွန်ဘီများနှင့် အဆင့်မြင့် ဇွန်ဘီများ ဟူ၍ နာမည်ပေးထားသည်။


သာမန်စွမ်းအားရှင်များကဲ့သို့ အစွမ်းထက်သော ဇွန်ဘီများသည် အလယ်အလတ် ဇွန်ဘီများ ဖြစ်ကြပြီး ကျိုးဝမ်ရှိူ့နှင့် အင်အားတူသော ဇွန်ဘီများသည် အဆင့်မြင့်ဇွန်ဘီများ ဖြစ်ကြသည်။


အဆင့်မြင့်ဇွန်ဘီများဆိုလျှင်... သူသည် တစ်ကောင် သို့မဟုတ် နှစ်ကောင်ဖြင့်သာ ရင်ဆိုင်နိုင်သည် သို့မဟုတ် ထွက်ပြေးလွတ်မြောက်နိုင်ပြီး သုံးကောင်က သူ့ကို စိုးရိမ်တကြီး ဖြစ်စေနိုင်သည်။ ကျိုးဝမ်ရှိူ့က သူ့ထက် တော်သော်လည်း အများကြီးနှင့်တော့ မရင်ဆိုင်နိုင်ချေ။


ကျိုးဝမ်ရှိူ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် အဆင့်မြင့်ဇွန်ဘီများ အကောင်နှစ်ဆယ်ကျော် သူ ရှာတွေ့သောအခါ ကျိုးဝမ်ရှိူ့ သေချာပေါက် သေလိမ့်မည်ဟု သူ တွေးထားခဲ့သည်။ နောက်ပိုင်းတွင် ကျိုးဝမ်ရှိူ့ မည်သို့လွတ်လာမှန်း သူ မသိသော်လည်း ယနေ့ အဆင့်မြင့်ဇွန်ဘီ ရာပေါင်းများစွာနှင့် အလယ်အလတ် ဇွန်ဘီ ထောင်ပေါင်းများစွာ ရှိလေရာ ကျိုးဝမ်ရှိူ့ ဘယ်တော့မှ အသက်ရှင်နိုင်လိမ့်မည်မဟုတ်‌။


ကျားဝမ်ဟန်သည် အခြေစိုက်စခန်းတစ်ခုလုံးကို အပြီးအပိုင် သုတ်သင်နိုင်လိမ့်မည်ဟု ခံစားမိသည်။


ယခုမူကား…


ကျားဝမ်ဟန်သည် အမှန်တကယ်ပင် အင်အားကြီးဇွန်ဘီများ မြေပြင်ပေါ်သို့ လဲကျပြီး သာမန်အလောင်းများ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။


" ဘာဖြစ်နေတာလဲ? " ကျားဝမ်ဟန် အော်လိုက်ပြီး ရှောက်လောင်ချီ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။


ကျိုးဝမ်ရှိူ့ဘက်မှ လူများလည်း စိတ်ရှုပ်ထွေးသွားကြပြီး အထူးသဖြင့် ဤဇွန်ဘီအချို့နှင့် တိုက်ခိုက်လိုက်ရသော လုဟွားရုန်နှင့် တခြားသူများ ဖြစ်ကြသည်။


ဒီဇွန်ဘီတွေက အရမ်းသန်မာတယ်။ ဘယ်လိုလုပ် သူတို့က ရုတ်တရက်ကြီး လဲကျသွားတာလဲ?


ကျိုးဝမ်ရှိူ့သည် လွန်ခဲ့သော ရက်အနည်းငယ်က သူ့ကိုယ်သူ ဖောက်ခွဲခါနီးတွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်များကို ရုတ်တရက် သတိရသွားသည်။ 


တူညီသော ကိစ္စမျိုး ထပ်ဖြစ်ပြန်ပြီ။


ပြီးတော့ ဒါက... ယန်ကျင်းဇီကြောင့်လား?


လူတိုင်း အလွန့်အလွန် ထိတ်လန့်နေစဉ် ယန်ကျင်းဇီက ပြောလာသည်။ " ငါ ဒီရွံစရာဟာတွေကို မကြိုက်ဆုံးပဲ။ "


ကျားဝမ်ဟန်က ရုတ်တရက် တစ်ခုခုသဘောပေါက်သွားသည် : " မင်းလား? "


ယန်ကျင်းဇီ၏ လက်ထဲမှ အမှောင်စွမ်းအင် ပုံဆောင်ခဲများမှာ ကြက်ဥအရွယ်ဖြစ်နေပါပြီ။


အားနည်းသည့်အသွင်ကို အမြဲပြခဲ့သော ယန်ကျင်းဇီသည် ဤပစ္စည်းကို ကိုင်ပြီး ကျားဝမ်ဟန်ကို ပြုံးပြသည် : " အခု... မင်း ဒူးထောက်ပြီး ငါ့ကို တောင်းပန်ချင်သလား? "


" သူ့ကို သတ်! " ကျားဝမ်ဟန်က ကျယ်လောင်စွာ အော်ပြောသည်။


ယန်ကျင်းဇီအနားရှိ စွမ်းအားရှင်အနည်းငယ်သည် မသိစိတ်အရ ယန်ကျင်းဇီ

ကို တိုက်ခိုက်လိုက်ကြသည်။


ဇွန်ဘီများမှာ အမှန်တကယ် သေပြီးသားဖြစ်သောကြောင့် ဖြစ်နိုင်သည်၊ ၎င်းတို့ထံမှ အမှောင်စွမ်းအင် ထုတ်ယူရန်မှာ အတော်လေး လွယ်ကူသော်လည်း စွမ်းအားရှင်များထံမှ စွမ်းရည်ထုတ်ယူရန်မှာ အလွန်ခက်ခဲသည်။ အနည်းဆုံးတော့ ယခု ဤသို့ဆောင်ရွက်ရန် ယန်ကျင်းဇီအတွက် ခက်ခဲနေသည်။