အပိုင်း ၈၉ ( Little White Face 17 )
Viewers 10k

ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို ငေးကြောင်ကြောင် စိုက်ကြည့်နေမိသည်။


အမှန်တော့ သူ့တွင် တကယ့်ကို ဝေဝေဝါးဝါး ခံစားချက် ရနေသည်။ ယင်းကား ယခုနောက်ပိုင်း သူ အမြဲတမ်း အခြေအနေကောင်းပြီး သူ့စွမ်းအားများ ရုတ်တရက် အလွန်သန်မာလာကာ ပိုမြန်မြန်သက်လာသည်နှင့် အစရှိသည်တို့၏ အကြောင်းအရင်းမှာ ယန်ကျင်းဇီကြောင့်သာ ဖြစ်သည် ဟူ၍။


ယန်ကျင်းဇီက အလွန်အားနည်းနေပုံပေါက်သောကြောင့်... သူသည် ၎င်းကို အချစ်၏စွမ်းအားဟုသာ သတ်မှတ်နိုင်ခဲ့သည်။


ဤအခိုက်အတန့်အထိ။


ယန်ကျင်းဇီက တကယ့်ကို လုံးဝ မပျော့ညံ့ပေ သို့မဟုတ် အလွန်ပင် သန်မာသေးသည်။ ထို့ကြောင့် သူ့တွင် မကြာသေးမီက ဖြစ်ပျက်နေသော အပြောင်းအလဲမျိုးစုံမှာ အမှန်ပင် ယန်ကျင်းဇီကြောင့် ဖြစ်၏။


လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည် အဆင့်မြင့်ဇွန်ဘီများ၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်... အဲ့ဒါလည်း ယန်ကျင်းဇီကြောင့်ပဲ အဲ့ဇွန်ဘီတွေ ရုတ်တရက် အရမ်းအားနည်းသွားတာ မဟုတ်လား?


ထရပ်ကားပေါ်တွင် ရပ်နေသော ယန်ကျင်းဇီသည် ယခုအခိုက်အတန့်တွင် ထင်ထင်ရှားရှား C အနေအထား ဖြစ်ပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်လျက်ရှိသည်။


ကျိုးဝမ်ရှိူ့သည် သူ့ကို မော့ကြည့်လိုက်ပြီး နောက်တစ်ကြိမ် နှလုံးခုန်သံမြန်လာသည်။


ကျားဝမ်ဟန်၏ နှလုံးခုန်သံလည်း ပိုမြန်လာသည်။ သို့သော် ယင်းကား အချစ်ကြောင့် မဟုတ်ဘဲ ကြောက်ရွံ့မှုကြောင့် ဖြစ်သည်။


သူ့ရဲ့ အားကိုးအားထားတွေ မရှိတော့ဘူး! သူ့ကို မတ်တပ်ရပ်ပြီး ကျိုးဝမ်ရှိူ့ကို စိန်ခေါ်ခွင့်ပေးနိုင်ခဲ့တဲ့ ဇွန်ဘီတွေ အကုန်လုံး သေကုန်ပြီ!


" မင်းက ဘယ်သူလဲ? " ကျားဝမ်ဟန်က ယန်ကျင်းဇီကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ 


" ငါက ယန်ကျင်းဇီ။ မင်း ငါ့ကို မမှတ်မိဘူးလား? " ယန်ကျင်းဇီသည် သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီးနောက် သူ့ကိုယ်ပေါ်ရှိ ဖုန်များကို ခါလိုက်သည်။


မူလပိုင်ရှင်သည် ရုပ်ဆင်းသဏ္ဍာန်ကို အထူးဂရုပြုတတ်သူဖြစ်ပြီး သူ၏စိတ်ထဲတွင် အဝတ်အစားများ စတိုင်ပုံစံနှင့် အလားတူအကြောင်းများနှင့် ပတ်သက်သော ဗဟုသုတများ ပြည့်နှက်နေပါသည်။ ယန်ကျင်းဇီသည် ဤအသိပညာကို အပြည့်အဝ ရရှိပြီးနောက် သေချာပေါက် သူ၏ အဝတ်အစားများကို ဂရုမစိုက်ရန်မှာ မဖြစ်နိုင်တော့ချေ။


တခြားသူများက သက်တောင့်သက်သာရှိသော အားကစားဝတ်စုံများ ဝတ်ဆင်နေကြချိန်တွင် သူသည် ဝတ်စုံနှင့် သားရေဖိနပ်များကို ဝတ်ဆင်ပြီး သူကိုယ်တိုင် ဆံပင်ပုံသွင်းသည်။


သူသည် တတ်စွမ်းသမျှ ချောမောနေစေသည်။


ပိုစိတ်ဝင်စားဖို့ကောင်းသည်မှာ ကျားဝမ်ဟန်ကလည်း ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းက သူနှင့် ပြင်းပြင်းထန်ထန် ခြားနားဆန့်ကျင်ဘက် ဖြစ်နေသည်။


ကျားဝမ်ဟန်၏ ခန္ဓာကိုယ်က ကောင်းမွန်နေဆဲဖြစ်ပြီး ဝတ်စုံဝတ်သောအခါ သူက ရုပ်မဆိုးသော်လည်း သူ့မျက်နှာက သာမန်ဆန်လွန်းသည်။ ယန်ကျင်းဇီသည် ယခုလေးတင် မှော်ဆန်သော စွမ်းရည်ကို ပြသခဲ့ရာ သူ့ထံတွင် အားကောင်းသော ဩဇာရောင်ဝါတစ်ခု ထပ်တိုးသွားသည်...


ယန်ကျင်းဇီနှင့်ယှဉ်လျှင် ကျားဝမ်ဟန်ဟာ တကယ့်ကို နိမ့်ကျပြီး အရေးမကြီးတော့ချေ။


ကျားဝမ်ဟန်က ရုပ်ဆိုးသည်ဟု လုံခြုံရေးစခန်းရှိ လူများအားလုံး တွေးထင်ကြသည်။


" ဘယ်လိုလုပ်ပြီး မင်း အဲ့ဇွန်ဘီတွေကို သတ်လိုက်တာလဲ? ဘာလို့ မင်းက ပေါ်လာတာ... " ကျားဝမ်ဟန်က စကားပြောနေစဉ် လျှပ်စီးဗို့ထ်တစ်ခုကို ယန်ကျင်းဇီ၏ ဦးခေါင်းပေါ်သို့ ပစ်ခွင်းလိုက်သည်။


ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီထံသို့ တဟုန်ထိုး ပြေးသွားပြီး မီးတိမ်တစ်ခုက ယန်ကျင်းဇီ၏ ဦးခေါင်းကို ကာကွယ်ပိတ်ဆို့လာသည်။


သို့ရာတွင် သူ လုပ်လိုက်‌သည်က မလိုလားအပ်ချေ – လျှပ်စီးက ယန်ကျင်းဇီ၏ ‌ဦးခေါင်းပေါ်သို့ မကျရောက်ဘဲ ကျားဝမ်ဟန်၏‌ ဦးခေါင်းပေါ်သို့ ကျရောက်သွားသည်။


ကျိုးဝမ်ရှိူ့ : " ... "


ယန်ကျင်းဇီက သက်ပြင်းချပြီး ကျားဝမ်ဟန်ကို ကြည့်သည် : " မင်း တော်တော်သတ္တိရှိတယ်။ မင်း ငါ့ကို တိုက်ခိုက်ရဲတယ်လား? "


" မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး... " ကျားဝမ်ဟန်ကိုယ်တိုင်က လျှပ်စီးစွမ်းအားရှင် ဖြစ်သည်။ သူသည် လျှပ်စီးကို ခုခံနိုင်ပြီး လျှပ်စီးဖြင့် တိုက်ခိုက်ခံရသော်လည်း သူ အပြင်းအထန် ဒဏ်ရာမရပေ။


သို့သော် သူ၏ ကိုယ်ပိုင်စွမ်းရည်များက နောက်ပြန်လှန်ပြီး သူ့ကိုယ်သူ ပြန်ထိမိသည်... ဤသည်က သူ့ကို လက်ခံရန် ခက်ခဲစေသည်။


သူ၏ မိမိကိုယ်ကိုယုံကြည်မှုဟာ တစ်ကြိမ်ပြီးတစ်ကြိမ် ရိုက်ချိုးခံရပြီးနောက် သူ မခံမရပ်နိုင်ဖြစ်သွားသည်။


ကျိုးဝမ်ရှိူ့သည် သူ၏ ကျိုးပဲ့လွယ်သော စိတ်အခြေအနေကို ဂရုမစိုက်ဘဲ ဤအချိန်တွင် လှုပ်ရှားလာသည် : " တိုက်ကြ! တစ်ယောက်မှ မလွတ်စေနဲ့! "


အရေးအကြီးဆုံးအလုပ်မှာ ကျားဝမ်ဟန်နှင့် သူ့အုပ်စုကို သတ်ပစ်ရန် ဖြစ်သည်။


ကျိုးဝမ်ရှိူ့ လှုပ်ရှားသည်နှင့်တပြိုင်နက် သူ့နောက်မျ လူများလည်း နောက်မှလိုက်သွားကြသည်။


လုံခြုံရေးဇုန်၏ တံတိုင်းမှတဆင့် တခြားလူများလည်း ခုန်ဆင်းလာပြီး ကျားဝမ်ဟန်နှင့် အခြားသူများထံသို့ အမြန်ပြေးသွားကြ၏။


ကျားဝမ်ဟန်နဲ့ တခြားသူတွေမှာ ထွက်ပြေးဖို့ ကားတစ်စီး ရှိပေမယ့် သူတို့မှာလည်း နောက်ကလိုက်ဖို့ ကားတစ်စီး ရှိတယ်! ကျားဝမ်ဟန်နဲ့ တခြားသူတွေမှာ စွမ်းအားရှင်တွေ ရှိတယ်၊ သူတို့ရဲ့ စွမ်းအားရှင်တွေက ပိုတောင်များသေးတယ်!


အစောက လုံခြုံရေးဇုန်၏ စွမ်းအားရှင်အများစုသည် သဘာဝလွန်စွမ်းရည်များ ကုန်ဆုံးသွားသော်လည်း သူတို့အားလုံးသည် မြိုသိပ်ထားကြခြင်းဖြစ်သည်။


ကျားဝမ်ဟန်သည် အခြေစိုက်စခန်းကို တိုက်ခိုက်ရန် ဇွန်ဘီများကို အမှန်တကယ် ခေါ်လာသည်... သူတို့ ကျားဝမ်ဟန်ကို အသေမုန်းတယ်!


ကျားဝမ်ဟန်သည် လူတစ်စုကို အနိုင်ယူခဲ့ဖူးသော်လည်း သူတို့အားလုံးက သူ၏ ဇွန်ဘီများနှင့် ကိုင်တွယ်ဖြေရှင်းမှုများကို လက်ခံကြခြင်းမဟုတ်သဖြင့် ဤအချိန်တွင် သူ့အနားတွင် လူအများအပြား တကယ် မရှိချေ။


သူ့ကို သတ်ချင်သူများ အများအပြား ရှိသည်။


ဤအခိုက်အတန့်တွင် အခြေစိုက်စခန်း၏ စွမ်းအားရှင်များတင်မကဘဲ သာမန်လူများပင် အမြန်ပြေးထွက်လာကြပြီး ကျားဝမ်ဟန်နှင့် တခြားလူများကို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။



ကျားဝမ်ဟန်နှင့် သူ့လူများသည် လူအများကို လူအနည်းငယ်နှင့် အနိုင်မယူနိုင်ကြပေ။‌ နောက်ဆုံးတွင် သူတို့အားလုံး အသတ်ခံလိုက်ရသည်။


ဤလူများ တိုက်ခိုက်ကြသောအခါ ဘယ်သူကမှ ယန်ကျင်းဇီစီသို့ မသွားရဲကြဘဲ လူတိုင်းသည် ယန်ကျင်းဇီ မတ်တပ်ရပ်နေသော ထရပ်ကားကိုပင် သိသိသာသာ ရှောင်ရှားသွားကြသည်။


ဤလူက သန်မာပြီး အစွမ်းထက်လွန်းသည်… သူတို့ သူ့ကို မစော်ကားရဲပေ။


ထို့ကြောင့် ယန်ကျင်းဇီသည် ထရပ်ကားပေါ်တွင် ရပ်ကာ ဖြစ်ပွားသော တိုက်ပွဲတစ်ခုလုံးကို ပြုံးလျက် စောင့်ကြည့်နေသည်။


ထိုကာလအတွင်း သူ လုပ်ခဲ့သည့် တစ်ခုတည်းသော ကိစ္စမှာ ပိန်ပိန်ပါးပါး အသားမည်းမည်း လူလတ်ပိုင်းအမျိုးသားကို ညွှန်ပြပြီး ပြောခြင်းဖြစ်သည်။ " ဇွန်ဘီတွေကို ထိန်းချုပ်နေတဲ့လူက သူပဲ။ "


ဇွန်ဘီများ အသတ်ခံရပြီးနောက် အစွမ်းသိပ်မသုံးဖြစ်သော ရှောက်လောင်ချီသည် အသိဉာဏ်ကင်းမဲ့သွားသည့်အထိ ကြောက်ရွံ့နေပြီဖြစ်သည်။ ယန်ကျင်းဇီက သူ့ကို ညွှန်ပြသောအခါ သူက ငိုကြွေးပြီး တောင်းပန်တော့သည်။


သို့သော် ဘယ်သူကမှ သူ့ကို မသနားကြချေ။


ဒါပေမယ့် သူ့အတွက် သနားစရာ ဘယ်သူမှ မခံစားရပါဘူး။


လေဓားတစ်လက် ပျံလာပြီး သူ့လည်ပင်းမှ ခေါင်းပြုတ်ကျသွားသည်။


အသတ်အဖြတ်မြင်ကွင်းသည် အလွန်သွေးထွက်သံယိုများသည်။ ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီ ကြောက်လန့်သွားမည်ကို အနည်းငယ် စိုးရိမ်သွားသည်။ သို့သော် သူ ခေါင်းလှည့်ကြည့်သောအခါ ယန်ကျင်းဇီက အတော်လေး စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေပုံရသည်ကို သူ တွေ့လိုက်ရသည်။


ကျိုးဝမ်ရှိူ့ : " ... "


ကျိုးဝမ်ရှိူ့၏ စိတ်ခံစားချက်သည် ဖော်မပြနိုင်လောက်အောင် ရှုပ်ထွေးနေပြီး တခြားလူများလည်း သူနှင့် အတူတူပင်။


သူတို့တော်တော်များများသည် ယခင်အတိတ်၌ ယန်ကျင်းဇီ မကောင်းကြောင်းများ ပြောခဲ့ဖူးပြီး ယန်ကျင်းဇီက အသုံးမကျသော မျက်နှာဖြူလေးဟု ခံစားခဲ့ကြရသည်။


ရလဒ်ကတော့... ယန်ကျင်းဇီက အရမ်းအင်အားကြီးတဲ့သူ ဖြစ်နေခဲ့တာပဲ!


ဤလူများသည် စိတ်ထဲတွင် မသက်မသာ ခံစားနေရပြီး သူတို့ကို ယန်ကျင်းဇီ မှတ်မိသွားကာ ပြဿနာတက်မည်ကို စိုးရိမ်နေကြသည်။


အထူးသဖြင့် မုန့်ကျားယင်ပင်။ ဤလူများထဲတွင် သူသည် ယန်ကျင်းဇီကို အထင်သေးဆုံးလူ ဖြစ်ခဲ့သည်။ ဤရက်များအတွင်း သူသည် ယန်ကျင်းဇီ မကောင်းကြောင်းများကို များစွာပြောခဲ့၏... ယခုအချိန်အထိ သူ အသက်ရှင်နိုင်နေသေးသည်မှာ အံ့ဖွယ်တစ်ခုဟု သူ ခံစားရသည်။


မုန့်ကျားယင်သည် ကျိုးဝမ်ရှိူ့ကို ကြိုက်သော်လည်း သူ့ဘဝကို မြတ်နိုးဆဲဖြစ်သည်။ သူသည် ဤအချိန်တွင် ရှေ့မတိုးရဲဘဲ လွန်ခဲ့သော ရက်အနည်းငယ်က သူ့ကိုယ်သူကိုပင် သတ်ချင်မိနေသည်။


သစ္စာဖောက်များ အားလုံးကို သတ်ပြီးသော လုံခြုံရေးဇုန်မှ လူများသည် ထရပ်ကားအောက်တွင် မတ်တပ်ရပ်ပြီး ယန်ကျင်းဇီကို မော့ကြည့်ကြသည်။


ယန်ကျင်းဇီသည် ယခင်က တည်ငြိမ်အေးဆေးသော အမူအရာ ဟန်ဆောင်ထားခဲ့သည်။ အမှန်တော့ ၎င်းမှာ လူများကို ခြောက်လှန့်ရန်နှင့် တခြားသူများ သူ့ကို တစ်ခုခုမလုပ်စေရန်တို့အတွက်လည်း ဖြစ်သည်။


သူ၏ လက်ရှိအခြေအနေမှာ... တကယ်တော့ သိပ်မကောင်းလှပေ။


သူ၏ စိတ်ဝိညာဉ်စွမ်းအားဟာ ရေမြှုပ်ထဲက ရေကဲ့သို့ပင်။ သူ ညှစ်ထုတ်ချင်သရွေ့ တချို့တလေ အမြဲရှိနေလိမ့်မည် ဖြစ်သော်ငြား သူ့ခန္ဓာကိုယ်ကတော့ အကျပ်ရိုက်သွားပြီ...


သောက်ကျိုးနည်းလူများ သေဆုံးသွားသောအခါ ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ကို ချက်ချင်း ကြည့်လိုက်သည် : " ဝမ်ရှိူ့ "


" ကျင်းဇီ... " ကျိုးဝမ်ရှိူ့သည် တုံ့ဆိုင်းစွာ ခေါ်လိုက်သည်။


ယန်ကျင်းဇီသည် အလွန်အစွမ်းထက်ပြီး သူ ထင်ထားသည်ထက် အများကြီးပိုပြီး အစွမ်းထက်သည်။ ယခင်အသွင်အပြင်မှာ ယန်ကျင်းဇီ၏ အယောင်ဆောင်မှု ဖြစ်နိုင်လောက်သည်။


ပြီးတော့ ဤသည်က သူ့အား ယန်ကျင်းဇီနှင့် ဘာလုပ်ရမည်နည်းဟု အတွေးများစေကာ ကိုယ့်ကိုယ်ကိုယုံကြည်မှု မရှိဘူးဟုပင် ခံစားရသည် – ယန်ကျင်းဇီက သူ့ကို သဘောကျနေဦးမှာလား?


လုံခြုံရေးစခန်းရှိ လူများသည် ယန်ကျင်းဇီ ကျိုးဝမ်ရှိူ့ကို စကားပြောနေသည်ကို မြင်သောအခါ အမှန်တကယ် အနည်းငယ် စိုးရိမ်သွားကြသည်။


ယန်ကျင်းဇီက အလွန်အစွမ်းထက်ပြီး သေချာပေါက် မျက်နှာဖြူလေး မဟုတ်ချေ... သူနဲ့ သူတို့ဥက္ကဌရဲ့ ဆက်ဆံရေးက ဘာလဲ?


ယန်ကျင်းဇီသည် သူတို့၏ အတွေးများကို မသိပေ။ သူသည် ကျိုးဝမ်ရှိူ့၏ စိတ်ရှုပ်နေသော အမူအရာကို မြင်ပြီးနောက် တိတ်တဆိတ် နောင်တရနေသည်။


ခုနက သူ အလွန်အကျွံ သရုပ်ဆောင်မိလိုက်တာလား?


ကျိုးဝမ်ရှိူ့က အားနည်းသူကို ကြိုက်တယ်။ သူက သူ့ပုံစံကို သဘောမကျဘူးလား?


ဤသို့တွေးမိသော် ယန်ကျင်းဇီသည် ချက်ချင်းပင် စိတ်မသက်မသာဖြစ်နေဟန် ပြသလိုက်သည် : " ဝမ်ရှိူ့၊ သူတို့ ငါ့ကို ကြိုးချည်ထားတာ ငါ့လက်တွေ နာတယ်။ "


စကားပြောပြီးနောက် သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကြိုးချည်ခံထားရရာမှ ဖြစ်ပေါ်လာသော ဒဏ်ရာတစ်ခုက လက်ကောက်ဝတ်ပေါ်တွင် ရှိနေကာ မီးလောင်ဒဏ်ရာ သေးသေးလေးပင် ရှိနေသည်။


သူ၏ လက်ကောက်ဝတ်သည် အလွန်ဖြူပြီး ဒဏ်ရာမှာ အတော်ထင်ရှားသည်။


" နာလား? " ကျိုးဝမ်ရှိူ့သည် စိတ်ဆင်းရဲသွားပြီး ထရပ်ကားထဲသို့ ချက်ချင်း ခုန်ဝင်ကာ ယန်ကျင်းဇီ၏လက်ကို ဆွဲယူ၍ ကြည့်ရှုရန် ကြိုးစားလိုက်သော်လည်း သူ့လက်က ညစ်ပတ်‌လွန်းနေသည်ဟု ခံစားမိပြီး သူ မဆုပ်ကိုင်ရဲတော့ပေ။


" ဒါပေါ့၊ နာတယ်။ " ယန်ကျင်းဇီက ဆက်ပြောသည် : " ငါ ခေါင်းနည်းနည်းမူးတယ်... " ကျိုးဝမ်ရှိူ့က သူ့ရဲ့ အားနည်းတဲ့ ပုံစံကို တကယ် သဘောကျတယ်! မဟုတ်ဘူး၊ ရုတ်တရက်ကြီး နာလာပြီ! 


" ဆေးရုံသွားချင်လား? " ကျိုးဝမ်ရှိူ့ စိုးရိမ်နေသည်။


" မသွားဘူး။ ငါ ဆေးရုံသွားရင်တောင် သူတို့ ဘာကိုမှ တွေ့မှာ မဟုတ်ဘူး... ငါ အိမ်ပြန်ပြီး နားချင်တယ်။ " ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ကို မျက်တောင်ခတ်ပြလိုက်သည်။


" ငါ မင်းကို အခုချက်ချင်း အိမ်ပြန်ခေါ်သွားမယ်။ " ကျိုးဝမ်ရှိူ့က ဆိုသည်။ ယခု ဇွန်ဘီများ သေသွားပြီး သစ္စာဖောက်များလည်း သေဆုံးသွားပြီဖြစ်ရာ သူ အိမ်ပြန်နိုင်ပြီ။


" ဝမ်ရှိူ့၊ မင်းက ငါ့ကို အရမ်းကြင်နာတာပဲ။ " ယန်ကျင်းဇီက ပြောသည်။


ကျိုးဝမ်ရှိူ့၏ စိတ်ထဲ နွေးထွေးသွားပြီး ချက်ချင်းပင် သူက တစ်စုံတစ်ယောက်ကို ကားပြင်ဆင်စေသည်။


ဘေးပတ်ဝန်းကျင်မှ လူများ : " ...... "


သူတို့ ဘာတွေ့လိုက်ရတာလဲ?


ဘယ်လိုလုပ် ယန်ကျင်းဇီက ဇွန်ဘီတွေအများကြီးကို သတ်ပြီးတော့ ကျိုးဝမ်ရှိူ့ကို သူ့လက်နာတယ်လို့ ဂျီကျနိုင်တာလဲ?


သူ့အကြိုက်က ဘာလဲ? အားနည်းသယောင် ဟန်ဆောင်ရတာကို ကြိုက်တာလား?


ထားလိုက်ဦး၊ ကျိုးဝမ်ရှိူ့ကို ကြည့်ရတာ တကယ်ကြီး စိတ်ဆင်းရဲ‌နေသလိုပဲ...


ဥက္ကဌ! အသိဝင်ပါဦး ဥက္ကဌရေ! ဒီလူက မြင်ရသလိုမျိုး လုံးဝ အားမနည်းဘူး။ သူက ဥက္ကဌထက် အများကြီး ပိုသန်မာတယ်!


ပြီးတော့ ဒါက ကမ္ဘာပျက်ကပ် မဟုတ်ဘူးလား? ဘာလို့ ဒီလူနှစ်ယောက်က ပတ်ဝန်းကျင်နဲ့ မလိုက်ဖက်တဲ့ အချစ်ဒရမ်မာပုံစံမျိုး သရုပ်ဆောင်နေကြတာလဲ?


လူတိုင်း၏ အမူအရာများသည် အလွန်ရှုပ်ထွေးနေသော်လည်း ကျိုးဝမ်ရှိူ့သည် နစ်မြောသွားပြီဖြစ်ရာ သူတို့ကို လုံးဝဂရုမစိုက်ဘဲ ယန်ကျင်းဇီအား ဆက်လက်နှစ်သိမ့်နေခဲ့သည်။


ပတ်ဝန်းကျင်မှ လူများ နည်းနည်းတော့ ကြောင်အသွားကြသည်။


ဒီနှစ်ယောက်က... တကယ်ပဲ ခုနက ဇွန်ဘီတွေ အများကြီးကို သတ်လိုက်တဲ့ လူနှစ်ယောက်လား?


ကျိုးဝမ်ရှိူ့ ထရပ်ကားပေါ်သို့ တက်ပြီးနောက် လုဟွားရုန်သည် ချက်ချင်းပင် ထရပ်ကားထဲသို့ သူ့နောက်မှ လိုက်၍ ချန်ရှုရှင်း၏ ကြိုးကို ဖြည်ပေးပြီး ရေခဲတစ်တုံးကို ဖန်တီးကာ ချန်ရှုရှင်း၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ 


ချန်ရှုရှင်း ဖြည်းညှင်းစွာ နိုးလာပြီး အံ့အားတကြီး ထခုန်လိုက်သည် : " ယန်ကျင်းဇီ... "


ယန်ကျင်းဇီ၏နာမည်ကို ခေါ်ဆိုပြီးနောက် ချန်ရှုရှင်းသည် ပတ်ဝန်းကျင်အခြေအနေကို မြင်လိုက်ရသည်။


ယန်ကျင်းဇီ အဆင်ပြေသည်ကို တွေ့သော် သူ(မ)က စိတ်သက်သာရာရစွာ သက်ပြင်းချသည် : " ယန်ကျင်းဇီ၊ နင် အ‌ဆင်ပြေတယ်။ ကောင်းလိုက်တာ... ဥက္ကဌက ငါတို့ကို ကယ်ခဲ့တာလား? ဥက္ကဌ၊ ငါ တောင်းပန်ပါတယ်။ ငါ ယန်ကျင်းဇီကို မကာကွယ်နိုင်ခဲ့ဘူး။ "


ချန်ရှုရှင်း တောင်းပန်ပြီးနောက်တွင် သူ(မ)သည် လူတိုင်းက စိတ်ရှုပ်ထွေးသော အကြည့်များဖြင့် သူ(မ)ကို ကြည့်နေကြကြောင်း သိလိုက်ရသည်။


ချန်ရှုရှင်း မသေချာသဖြင့် မေးလိုက်သည် : " ဘာဖြစ်လို့လဲ? "


ဘေးလူများ : " ...... " တကယ်တော့ ဘာမှမဟုတ်ပါဘူး။ မင်းကို ကယ်တဲ့လူက ဥက္ကဌ မဟုတ်တာနဲ့ ယန်ကျင်းဇီက လူတိုင်းကို ကယ်ခဲ့တာရယ်လေးပဲ...


ချန်ရှုရှင်း မသဲကွဲသေးသော်လည်း ကျိုးဝမ်ရှိူ့ လိုချင်သော ကားက ရောက်လာပြီဖြစ်သည်။


ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့၏ကိုယ်ပေါ်တွင် မှီလျက်ရှိနေပြီး ကျိုးဝမ်ရှိူ့သည် သူ့ကို တိုက်ရိုက်ခေါ်သွားကာ ထရပ်ကားထဲမှ ခုန်ထွက်၍ ကားထဲဝင်သွားသည် — ယန်ကျင်းဇီက နေမကောင်းတော့ မြန်မြန်ပြန်ပြီး အနားယူဖို့ လိုတယ်!


ကျိုးဝမ်ရှိူ့သည် စကားနည်နည်း‌ ပြောပြီး ယန်ကျင်းဇီကို ခေါ်သွားသည်။ ချန်ရှုရှင်းသည် ဤအချိန်မှသာ ပတ်ဝန်းကျင်ရှိ ဇွန်ဘီများနှင့် အလောင်းများကို သတိပြုမိတော့သည် : " ယန်ကျင်းဇီ သတိရတာ ကြာပြီလား? ဒီမှာ အလောင်းတွေနဲ့ ‌ဇွန်ဘီတွေ အများကြီးပဲ... သူ မကြောက်သွားပါဘူးနော်? "


အနားရှိ လူများ : " ..... "


လုဟွားရုန်က ပြောသည် : " သူ မကြောက်ပါဘူး။ "


" ဒါဆို သူက တော်တော်သတ္တိရှိတာပဲ။ " ချန်ရှုရှင်း ပြောလိုက်သည်။


လုဟွားရုန်သည် ခဏတာ ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။


ဤအချိန်တွင် ယန်ကျင်းဇီသည် ကားထဲတွင် ထိုင်နေပြီး အခြေအနေကို ကုစားရန် ကြိုးပမ်းလျက် နူးနူးညံ့ညံ့ မျက်နှာဖြူလေး ပြန်ဖြစ်ရန် ကြိုးစားနေသည် : " ဝမ်ရှိူ့၊ ငါ့လက်နာတယ်... "


" ငါ မင်းကို အနာဂါတ်မှာ သေချာပေါက် ကာကွယ်ပေးပြီး မင်း မထိခိုက်အောင် တားဆီးပေးမယ်။ " ကျိုးဝမ်ရှိူ့သည် မသိစိတ်အရ ပြောမိလိုက်သည်။ စကားပြောပြီးနောက် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။


ယန်ကျင်းဇီက သူ့ရဲ့ အကာအကွယ် လိုသေးလို့လား?


" မင်း ငါ့ကို ကာကွယ်ရမယ်..." ယန်ကျင်းဇီက ကျိုးဝမ်ရှိူ့၏ လည်ပင်းကို နမ်းလိုက်သည်။


ကျိုးဝမ်ရှိူ့ ခဏတဖြုတ် ဘာမှမစဉ်းစားနိုင်တော့ပေ။ ယန်ကျင်းဇီ၏ စွမ်းအား မည်သို့ပင် ရှိစေကာမူ ယန်ကျင်းဇီက သူ့ကို ကာကွယ်စေ‌ချင်မှတော့ သူ သူ့ကို ကာကွယ်ရမည်။


ဒါပေမယ့်... ယန်ကျင်းဇီရဲ့ ဒီနေ့ပုံစံက တကယ့်ကို စွဲမက်စရာပဲ...


ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီနှင့်အတူ အိမ်ပြန်သွားပြီး ဤအချိန်အတွင်း တခြားလူများသည် မြို့ပြင်ရှိ ဇွန်ဘီများကို ရှင်းလင်းနေကြဆဲဖြစ်သည်။


သူတို့တွင် တွင်းများ ပြုလုပ်ပေးမည့် မြေစွမ်းအားရှင်များ ရှိပြီး ဇွန်ဘီများကို ပစ်ထည့်လိုက်ကာ မီးစွမ်းအားရှင်များကို မီးရှို့ခိုင်းလိုက်သည်... 


'အသက်ရှင်နေသော' ဇွန်ဘီ အကိုက်ခံရမှသာလျှင် ဇွန်ဘီဖြစ်လာပေလိမ့်မည်။ 'သေဆုံးသွားသော' ဇွန်ဘီသည် သာမန်အလောင်းကောင် ဖြစ်သွားပြီး လူများကို မကူး‌စက်နိုင်သော်လည်း အလျင်အမြန် မီးရှို့သင့်သည်။ မဟုတ်လျှင် သူတို့က ပုပ်သိုးပြီး အနံ့ဆိုးများ ထွက်လာလိမ့်မည်...


လူတိုင်းသည် ယခုအချိန်တွင် စွမ်းအားအားလုံးနီးပါးကို အသုံးပြုပြီးဖြစ်သည်။ အမှန်တကယ်တော့ မီးရှို့ရသည်ကို အနည်းငယ် ငြီးငွေ့လာသော်လည်း ကြိုးစားလုပ်ဆောင်ဆဲဖြစ်သည်။


သေချာတာပေါ့၊ သူတို့ ခဏနားပြီး စကားစမြည်လည်း ပြောကြပေသည်။


" ယန်ကျင်းဇီက ဒီလောက် အင်အားကြီးလိမ့်မယ်လို့ ငါ မ‌ထင်ထားဘူး။ "


" သူက အရမ်းအစွမ်းထက်တယ်။ သူ ဥက္ကဌနဲ့ နေတာ စိတ်ရင်းနဲ့လား? "


" သူက အရမ်းအစွမ်းထက်ပြီး သူ လုပ်ချင်တာ လုပ်နိုင်တယ်။ ဘယ်လိုလုပ် သူက စိတ်ရင်းမမှန်ဘဲ ဥက္ကဌနဲ့ နေနိုင်ပါ့မလဲ? "


ကျားဝမ်ဟန်သည် ယန်ကျင်းဇီက ချွီဝမ်ဝမ်နှင့် ခိုးရာလိုက်ပြေးသည်ဟု အစပိုင်း၌ ပြောခဲ့ပြီး ထိုအချိန်တွင် လူတချို့က ယုံကြည်ကာ သူတို့၏ ဥက္ကဌအတွက် ကြေကွဲသွားကြသည်။ 


သို့သော် ယခု ပြန်တွေးကြည့်လိုက်သော်... ယန်ကျင်းဇီက တကယ်ပဲ တစ်ယောက်ယောက်နဲ့ ထွက်ပြေးချင်တယ်ဆိုရင် ဘယ်လိုလုပ် သူတို့ရဲ့ ဥက္ကဌမှာ သူ့ကို ပြန်ခေါ်လာနိုင်စွမ်း ရှိပါ့မလဲ?


ဒါပေမယ့် ကောင်းကင်နဂါး အခြေစိုက်စခန်းမှာလည်း ယန်ကျင်းဇီကို ပြန်ပေးဆွဲနိုင်စွမ်း မရှိသင့်ဘူး။ ကြည့်ရတာ ယန်ကျင်းဇီမှာ ဝါသနာတချို့ ရှိလို့ ပြန်ပေးဆွဲခံရတာကို သဘောကျတာများလား?


ဒီနေ့ သူ တမင်သက်သက် ကြိုးချည်ခံခဲ့တယ်မလား? ထိုအချိန်တွင်လည်း တမင်တကာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ဖို့များသည်။ ဘာလို့ သူ လုပ်ခဲ့တာလဲ ဆိုတာကတော့...


လူတိုင်း ရုတ်တရက် သတိရသွားသည်မှာ သူတို့၏ ဥက္ကဌသည် ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူအများအပြားနှင့် ရင်ဆိုင်ချိန်၌ မည်သည့်ဒဏ်ရာမျှ ရမလာသည့်အပြင် သူတို့ကို ဓးပြလည်းတိုက်လာခဲ့ကြောင်းကို ဖြစ်သည်...


သူတို့သည် ကောင်းကင်နဂါး အခြေစိုက်စခန်းကို ရုတ်တရက် အနည်းငယ် သနားသွားကြသည်။


ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဥက္ကဌက ယန်ကျင်းဇီလိုမျိုး အစွမ်းအစရှိတဲ့ လက်တွဲဖော်ကို ရှာတွေ့ခဲ့တာ တကယ် အရမ်းတော်တယ်!