အပိုင်း ၉၀ ( Little White Face 18 )
Viewers 10k

အခြေစိုက်စခန်းရှိ လူများအားလုံးသည် သူတို့၏ ဥက္ကဌကို အလွန်လေးစားသွားကြသည် – ယန်ကျင်းဇီလို သေမင်းတမန်အကြီးစားကိုတောင် သူတို့ရဲ့ ဥက္ကဌက ကိုင်တွယ်နိုင်တယ်!


ပြီးတော့... နေ့တိုင်း ယန်ကျင်းဇီက သူတို့ရဲ့ ဥက္ကဌစီကို အစားအသောက် ပို့ပေးလေ့ရှိတယ်! ဒီလူက သူ့အတွက် ဟင်းချက်ပြီး အစားအစာ လာပို့ပေးစေနိုင်တာ...


လူများသည် စိတ်ထဲတွင် တိတ်တဆိတ် ကျိုးဝမ်ရှိူ့ကို လက်မထောင်ပြလိုက်ကြသည်။ 


အခြေအ‌နေ အတိအကျကို နားလည်သွားသူ ချန်ရှုရှင်းဆိုလျှင် ပို၍ပင် ကြောင်အနေသည် — ယန်ကျင်းဇီက အရမ်းသန်မာတယ်လား?


" အရင်တစ်ခါ ငါတို့ အဝိုင်းခံရတုန်းက ဇွန်ဘီတွေ ထွက်ပြေးသွားတာ မဟုတ်ဘဲ ယန်ကျင်းဇီ သတ်ပစ်လိုက်တာ ဖြစ်နိုင်တယ်။ " လုဟွားရုန်က ပြောသည်။


ထိုအချိန်တွင် ကျိုးဝမ်ရှိူ့သည် အသက်နှင့်လဲ၍ တိုက်ခိုက်ရန် စီစဉ်နေကြောင်း သူတို့အားလုံး တွေ့နေရသော်လည်း ထို့နောက်တွင်တော့ ထိုဇွန်ဘီများက ထူးထူးခြားခြား ပျောက်ကွယ်သွားသည်...


ဇွန်ဘီများ ထွက်ပြေးသွားသည်ဟု သူတို့ ထင်ခဲ့ကြသော်ငြား ကျိုးဝမ်ရှိူ့၏ အမူအရာသည် ထိုအချိန်၌ အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ ထိုကြောင့်... အမှန်တကယ်မှာ ဇွန်ဘီများ ထွက်ပြေးသွားခြင်း မဟုတ်ဘဲ ယန်ကျင်းဇီ လှုပ်ရှားလိုက်ခြင်း ဖြစ်လိမ့်မည်။ အဲ့ဇွန်ဘီတွေအကုန်လုံး အသတ်ခံလိုက်ရတာမလား?


" ဖြစ်နိုင်တာ... ဟွားရုန်၊ ငါတို့ရဲ့ စွမ်းအားတွေ အဲ့နေ့က တော်တော်ကောင်းခဲ့တာ မှတ်မိတယ်မလား? အဲ့ဒါလည်း ယန်ကျင်းဇီကြောင့်ပဲ ဖြစ်နိုင်တယ်... ဘာလို့ သူ့စွမ်းအားကို ဖုံးကွယ်ထားလဲတော့ မသိဘူး။ " ချန်ရှုရှင်းက ဆိုသည်။


" ဟုတ်တယ်။ ပြီးတော့ ဥက္ကဌတောင် သူ့အင်အားကို မသိဘူး။ ငါ စိုးရိမ်တာက ဒီနေ့အချိန်အထိ ဥက္ကဌ မသိခဲ့မှာပဲ။ " လုဟွားရုန်က ပြောသည်။


ချန်ရှုရှင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည် : " ယန်ကျင်းဇီရဲ့ စွမ်းအားက အရမ်းသန်မာတယ်။ အသုံးပြုဖို့ အကန့်အသတ် ရှိတာမျိုး တကယ်ဖြစ်နိုင်လား? အရင်တစ်ခါတုန်းက သူ ကာကွယ်ပေးခံထားရတယ်။ သူ ဘာမှမလုပ်ခဲ့တာ သိသာပေမယ့် နောက်ပိုင်း သူ တော်တော်လေး အားနည်းသွားတဲ့အပြင် သတိလည်းလစ်သွားသေးတယ်။ ဒီနေ့ရောပဲ။ "  


ချန်ရှုရှင်း ဤသို့ပြောသောအခါ လုဟွားရုန်သည်လည်း ဤသို့တွေးမိသည်။


ယန်ကျင်းဇီဟာ ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေသည်ဟု တခြားသူများက ထင်ကြသော်လည်း ထိုသို့မဖြစ်နိုင်လောက်ချေ...


သို့သော် ဤကိစ္စကို သူတို့ အပြင်ဘက်တွင် ထုတ်ပြောကြလိမ့်မည် မဟုတ်ပေ – ဤသည်ကား ယန်ကျင်းဇီ၏ အားနည်းချက် ဖြစ်ပြီး ယန်ကျင်းဇီက လူသိစေချင်လောက်မည်မဟုတ်။


မနက်ဖြန်တွင် ယန်ကျင်းဇီ၏ အခြေအနေကို သူတို့ တွေ့ရပေလိမ့်မည်။


လုဟွားရုန်နှင့် ချန်ရှုရှင်းတို့ ယန်ကျင်းဇီကို စိုး‌ရိမ်နေကြစဉ် ယန်ကျင်းဇီသည် အိမ်ပြန်ရောက်နေပြီဖြစ်သည်။


အိမ်ထဲဝင်လိုက်ပြီးနောက် ကျိုးဝမ်ရှိူ့ မေးလိုက်သည်။ " ကျင်းဇီ၊ မင်း ဇွန်ဘီတွေကို ကိုယ်တိုင်သတ်ရင် မင်းရဲ့ ခန္ဓာကိုယ် ထိခိုက်မှာလား? "


အိမ်အပြန်လမ်းတွင် ကျိုးဝမ်ရှိူ့သည် အကြောင်းအရာများစွာကို တွေးခဲ့သည်။


ဥပမာအားဖြင့် ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများနှင့် သူ တိုက်ခိုက်သောအခါ ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် ရုတ်တရက် မတိုက်ခိုက်နိုင်ကြတော့ဘဲ စွမ်းအားများအားလုံး လွဲမှားသွားကြသည်။ သို့သော် ထို့နောက်တွင်တော့ ယန်ကျင်းဇီ မေ့မျောသွားသည်။


နောက်ဥပမာတစ်ခုကား လွန်ခဲ့သော ရက်အနည်းငယ်က သူတို့ အပြင်ထွက်၍ ဇွန်ဘီများကို သွားသတ်သော အချိန်ဖြစ်ပြီး နောက်ပိုင်း ယန်ကျင်းဇီ သတိလစ်သွားပြန်သည်။


ဤတစ်ကြိမ်တွင်မူ... ယန်ကျင်းဇီ၏မျက်နှာမှာ သိပ်မကောင်းလှ။


ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ ဤသို့တွေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ဒါပေမယ့်... ကျိုးဝမ်ရှိူ့ ဒီလိုတွေးတာ ကောင်းတယ်!


ယန်ကျင်းဇီသည် လေ့ကျင့်ရေးနှင့် စွမ်းရည်များ နိုးကြားပြီးနောက် သူ့ခန္ဓာကိုယ်ဟာ လေးနက်သော ပြဿနာ မဟုတ်တော့ကြောင်း မပြောပြ‌တော့ပေ : " တကယ်တော့ ဒါက ဘာမှမပြင်းထန်ပါဘူး။ ဒါပေမယ့် ပြီးသွားရင်တော့ ငါ တော်တော်လေး အားနည်းသွားလိမ့်မယ်။ "


" မင်းရဲ့ ခန္ဓာကိုယ်မှာ ထိခိုက်မှုရှိလား? " ကျိုးဝမ်ရှိူ့ အလွန်စိုးရိမ်သွားသည်။


" ငါ တကယ် အဆင်ပြေတယ်။ ကောင်းကောင်းအနားယူလိုက်ရင် ငါ သက်သာသွားလိမ့်မယ်။ ဒါပေမယ့် မင်း သိတဲ့အတိုင်းပဲ ငါ့ခန္ဓာကိုယ်က ပျော့တော့ အခုဆိုရင် ငါက ပိုပြီးတော့ အားနည်းလာမှာ... " ယန်ကျင်းဇီသည် စကားပြောပြီးနောက် သူ့ဇာတ်ကောင်ကို ကိုယ်တိုင်သတ်မှတ်လိုက်သည်။


" တကယ်လား? မင်း အသေးစိတ် စစ်ဆေးမှု လုပ်ချင်လား? " ကျိုးဝမ်ရှိူ့ စိတ်ပူသွားသည်။


" နောက်ဆုံးတစ်ခေါက်တုန်းက ဆရာဝန်က ဘာမှမတွေ့ခဲ့ဘူး‌လေ ဟုတ်တယ်မလား? " ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ကို ပွေ့ဖက်ပြီး နမ်းရှုပ်လိုက်သည် : " တကယ်တော့ မင်း ငါနဲ့ အတူရှိနေသရွေ့ ငါ မကြာခင် သက်သာလာမှာ။ "


" ဒါဆို ငါ ဒီည မင်းနဲ့ လာအိပ်ရမလား? " ကျိုးဝမ်ရှိူ့ မသိစိတ်အရ မေးမိလိုက်၏။


ယန်ကျင်းဇီ : " !!! " ကျိုးဝမ်ရှိူ့က တကယ်ပဲ သူနဲ့အိပ်ချင်တာလား?


ကျိုးဝမ်ရှိူ့သည်လည်း ယန်ကျင်းဇီက သူနှင့် /အတူနေခြင်း/ မှာ ပြန်လည်သက်သာလာရေးအတွက် အမှန်တကယ် ကောင်းမွန်သည်ဟု မဆိုလိုကြောင်း ဤအချိန်တွင် သဘောပေါက်သွားသည်။ ယန်ကျင်းဇီ အမှန်တကယ် ပြောနေသည်မှာ ချစ်ကျွမ်းဝင်ခြင်းအကြောင်း ဖြစ်သည်။


ကျိုးဝမ်ရှိူ့ ရုတ်တရက် အနည်းငယ် ရှက်သွားသည် : " မင်း ဆန္ဒမရှိရင်လည်း... "


" ငါ ဆန္ဒရှိတယ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။ " မင်း ရေချိုးပြီးရင် ငါတို့ အတူတူ အိပ်ကြမယ်။ " အသားယူရမယ့် ဒီအခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ဘူး!


အကယ်၍ ကျိုးဝမ်ရှိူ့ တစ်ခုခုလုပ်လျှင်... ကျိုးဝမ်ရှိူ့က လူကြီးလူကောင်းတစ်ဦး ဖြစ်သည်။ သူ ဆန္ဒမရှိသရွေ့ ကျိုးဝမ်ရှိူ့ ဘာမှမလုပ်မှာ သေချာသည်။


တခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့နှင့် အတူအိပ်ရန် အလွန်တက်ကြွနေပြီး သူ့စောင်ကို ကျိုးဝမ်ရှိူ့၏ အခန်းထဲသို့ သယ်ဆောင်သွားသည်။


သို့သော်ငြား… နောက်ဆုံးရလဒ်က သူ့အတွက် အဆင်မပြေချေ။


ကျိုးဝမ်ရှိူ့ဟာ ယနေ့တစ်နေ့လုံး အလုပ်ရှုပ်ပြီးနောက် တကယ့်ကို ပင်ပန်းနေပြီး လူကြီးလူကောင်း အစစ်အမှန် ဖြစ်သည်။ သူက တစ်စုံတစ်ရာ လုပ်ဆောင်ရန် မရည်ရွယ်ဘဲ မကြာမီ အိပ်ပျော်သွားပြီး အတော်လေး နှစ်နှစ်ခြိုက်ခြိုက်ဖြင့် အိပ်မောကျသွားခဲ့သည်။


ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီကား... နေရာတိုင်းက သူ၏ အကြိုက်နှင့် ထပ်တူကျသည့် ချောမောသော အလှလေးနှင့် ဘေးချင်းကပ် လှဲနေရသည်။ သူ မအိပ်နိုင်ဘူး!


ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ ပို၍ ကောင်းကောင်းမွန်မွန် အိပ်ပျော်နိုင်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။ အခွင့်အရေးယူ၍ ကျိုးဝမ်ရှိူ့၏ နှုတ်ခမ်းကို အကြိမ်အနည်းငယ် နမ်းရှိုက်ပြီးနောက် သူသည် ပိုပိုနိုးကြားလာသဖြင့် လေ့ကျင့်ခန်း ထလုပ်ရတော့သည်။


သူ့ခန္ဓာကိုယ်ကို ကောင်းကောင်း လေ့ကျင့်ရမယ်!


ယန်ကျင်းဇီသည် မနက်မိုးလင်းခါနီးမှသာ အိပ်ပျော်သွားပြီး နောက်ဆုံးတွင်တော့ အပြင်ဘက်မှ အသံများကြောင့် နိုးသွားသည်။


နံနက်စောစောတွင် ချန်ရှုရှင်းသည် ကျိုးဝမ်ရှိူ့ထံသို့ ရောက်လာသည်။


ယနေ့ အခြေစိုက်စခန်းတွင် ကိစ္စများစွာ ရှိသော်လည်း ကျိုးဝမ်ရှိူ့က ရုံးမလာပေ... သူ(မ)သည် ကျိုးဝမ်ရှိူ့ထံသို့ သွားရောက်ပြီး ကျိုးဝမ်ရှိူ့နှင့် ယန်ကျင်းဇီတို့အတွက် မနက်စာယူလာခဲ့သည်။


" ငါ နှစ်ရက်ခွင့်ယူချင်တယ်။ " ကျိုးဝမ်ရှိူ့ ချန်ရှုရှင်းကို ပြောလိုက်သည်။ ယန်ကျင်းဇီ ဤသို့ဖြစ်နေစဉ်... သူ စိတ်မသက်မသာဖြစ်မိသည်။


ယခင်အကြိမ်နှစ်ခေါက်ကို တွေးမိသော် ယန်ကျင်းဇီသည် အိမ်ပြန်ကာ အိပ်ပြီးနောက် သူ့အတွက် စတင်ချက်ပြုတ်ပေးခဲ့သည်။ သူ စိတ်ညစ်မိသည်။


" ဥက္ကဌ၊ ယန်ကျင်းဇီမှာ... စွမ်းအားသုံးပြီးရင် ဆိုးကျိုးတွေ ရှိတယ်ဆိုတာ အမှန်ပဲလား? " ချန်ရှုရှင်းက မေးသည်။


ကျိုးဝမ်ရှိူ့သည် ချန်ရှုရှင်းကို မလျှို့ဝှက်ထားနိုင်ကြောင်း သိရှိသဖြင့် ခေါင်းညိတ်ပြပြီး ဆက်ပြောလိုက်သည်။ " လူမသိစေနဲ့။ " 


" ဥက္ကဌ စိတ်ချပါ။ ငါ ဘယ်သူ့ကိုမှ မပြောဘူး! " ချန်ရှုရှင်း ကတိပေးလိုက်၏။ ထို့နောက် ကိစ္စတချို့ကို ပြော၍ ကျိုးဝမ်ရှိူ့ကို မေးမြန်းသည်။


ကျိုးဝမ်ရှိူ့က တစ်ခုပြီးတစ်ခု ပြန်ဖြေသည်။


နှစ်ယောက်သား စကားပြောနေစဉ် ကျိုးဝမ်ရှိူ့၏ အိပ်ခန်းတံခါး ပွင့်လာပြီး ယန်ကျင်းဇီ ထွက်လာသည်။


ယန်ကျင်းဇီ၏ပုံစံမှာ ကောင်းကောင်းမအိပ်ရသကဲ့သို့ ဖြစ်နေပြီး သူက သူ့ခါးကို ပွတ်သပ်နေသည် – မနေ့က သူ အိပ်ထမတင် လုပ်တာ အရမ်းများသွားသည်...


" မင်း ဘယ်လိုနေလဲ? " ကျိုးဝမ်ရှိူ့က မေးသည်။


" အဆင်ပြေပါတယ်။ " ယန်ကျင်းဇီ ပြောသည် : " ငါ ဗိုက်ဆာတယ်။ တစ်ခုခုစားပြီးရင် ငါ သွားပြန်အိပ်လိုက်ဦးမယ်။ " 


ယန်ကျင်းဇီသည် စားပွဲတွင် ဝင်ထိုင်ပြီး စားလိုက်သည် – မနေ့က ညတစ်ဝက်လောက် လေ့ကျင့်ခန်းလုပ်ထားတာ သူ တကယ် ဗိုက်ဆာနေပြီ!


သို့သော် ဤအချိန်၌ ချန်ရှုရှင်းသည် ‌ပြစ်တင်ရှုတ်ချမှုများ ပြည့်နှက်နေသော မျက်နှာနှင့် ကျိုးဝမ်ရှိူ့ကို ကြည့်နေသည် – ယန်ကျင်းဇီက ဤပုံစံဖြစ်နေပြီ။ ‌မ‌နေ့ညက သူတို့ရဲ့ ဥက္ကဌ သူ့ကို ဒုက္ခပေးခဲ့ပြန်ပြီမလား?


ယန်ကျင်းဇီက အဆင်မပြေဖြစ်နေတာတောင် ဥက္ကဌက မလွှတ်ပေးနိုင်သေးဘူး!


ကျိုးဝမ်ရှိူ့ ခေါင်းမော့လိုက်သောအခါ ချန်ရှုရှင်း၏အကြည့်ကို တွေ့လိုက်ရသည် : " ဘာဖြစ်လို့လဲ? "


" ဘာမှမဟုတ်ပါဘူး... " ချန်ရှုရှင်းက ယန်ကျင်းဇီကို ကြည့်လျက် ပြောလိုက်သည် : " နင် နင့်ကိုယ်နင် သေချာဂရုစိုက်ရမယ်နော်! "


ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့ နှစ်ယောက်စလုံး စိတ်ရှုပ်ထွေးသွားကြသည်။


ဇွန်ဘီများ ဝန်းရံတိုက်ခိုက်မှု ကိစ္စကို ဖြေရှင်းပြီးဖြစ်ပြီးနောက် တခြားအရေးကြီးကိစ္စများ မရှိတော့သဖြင့် ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီနှင့်အတူ အိမ်တွင် နေရန် ခွင့်တချို့ ယူခဲ့သည်။


ယန်ကျင်းဇီသည် စားသောက်ပြီး အိပ်လိုက်သည်နှင့် အားပြည့်ကာ နေပြန်ကောင်းသွားသည်။ သူသည် သူ၏ ကိုယ်လုံးကိုယ်ပေါက် သန်မာကြံ့ခိုင်စေမည့် နည်းလမ်းကိုလည်း ရှာတွေ့ထားသည်။


သူသည် ရေ၊ မီး၊ မြေနှင့် လေ ဟူသော စုစုပေါင်း သာမန် သဘာဝလွန်စွမ်းရည် လေးမျိုးကို နိုးကြားနိုင်ခဲ့ပြီး ဤဒြပ်စင်လေးမျိုး၏ စွမ်းအင်များကို လေထဲမှ ဆွဲယူ၍ သူ့ကိုယ်ထဲသို့ ထည့်သွင်းလိုက်လျှင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာပေလိမ့်မည်။


သူ၏ သဘာဝလွန်စွမ်းရည်သည်လည်း သတိမပြုမိနိုင်လောက်သော တိုးတက်မှုနည်းနည်းလေးကို ရရှိနိုင်သည်။


သို့ရာတွင် ၎င်းက တိုးတက်နေ‌ဆဲဖြစ်သည်။


အချိန်ကြာလာလျှင် သူသည် ယခုလက်ရှိကဲ့သို့ သူ့အတွက် ရေတစ်ခွက်ကိုသာ ပြုလုပ်နိုင်မည့်အစား သူ့ကိုယ်ပိုင် ရေအိုးတစ်အိုးစာကို ကျိုချက်နိုင်လိမ့်မည်ဖြစ်သည်။


ယန်ကျင်းဇီ၏ ခန္ဓာကိုယ်က အဆင်ပြေသော်လည်း ကျိုးဝမ်ရှိူ့က စိတ်မချဘဲ သူ့ကို ဆက်လက်အနားယူခိုင်းသည်။


ယခင်က အိမ်မှုကိစ္စအများစုကို ယန်ကျင်းဇီ လုပ်ခဲ့သော်လည်း ယခုမူ ကျိုးဝမ်ရှိူ့က သူ့လက်များကို ညစ်ပေခွင့်ပင် မပြုချေ။


ကျိုးဝမ်ရှိူ့ အလုပ်ရှုပ်နေသည်ကို ယန်ကျင်းဇီ ကြည့်နေစဉ် အနည်းငယ် သရေကျလာသည်...


ဤညတွင် သူသည် ထပ်မံ၍ ကောင်းကောင်းမအိပ်နိုင်သည့်အပြင် ညလယ်ခေါင်တွင် အိပ်ရာထပြီး သူ၏ အတွင်းခံဘောင်းဘီကို လျှော်ဖွပ်လိုက်ရသည်။


နေ့သစ်တစ်ရက် ရောက်လာသောအခါ ယန်ကျင်းဇီသည် လုပ်စရာတစ်ခုခု ရှာရန် လိုအပ်သည်ဟု ခံစားနေဆဲဖြစ်သည် : " ဝမ်ရှိူ့၊ တကယ်တော့ မကြာသေးခင်က ငါ့ရဲ့အင်အားတွေ တိုးတက်လာတယ်။ စွမ်းရည်မရှိတဲ့လူတွေကို အစွမ်းနိုးကြားပေးနိုင်တယ် ဆိုတာကိုလည်း ငါ ရှာတွေ့ထားတယ်။ "


" ဘာ? " ကျိုးဝမ်ရှိူ့ အံ့အားသင့်သွားသည်။


ဤအချိန်၌ မြို့အပြင်ဘက်တွင် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းရှိ လူများသည် နောက်ဆုံးတွင်တော့ ဇွန်ဘီများ၏ အလောင်းများအားလုံးကို ရှင်းလင်းပြီးပြီဖြစ်သည်။


" ဇွန်ဘီတွေ မရှိတော့ပေမယ့် ဒီအနံ့က... တကယ် ဆိုးရွားတယ်! "


" မြေစွမ်းအားရှင်တွေ အားလပ်သွားရင် ဒီနေရာက မြေကြီးကို လှန်လိုက်တာ ကောင်းလိမ့်မယ်။ "


" ဒါနဲ့ မင်းတို့ ဒီနှစ်ရက်ထဲမှာ ဥက္ကဌကို တွေ့မိကြ‌လား? " 


" မတွေ့ဘူး။ ဘာလို့လဲ? "


" ငါ ကြားထားတာ ဥက္ကဌက... အဲ့ကတည်းကစပြီး / ရှင်ဘုရင်က နံနက်ခင်းညီလာခံကို မလာတော့ဘူး / တဲ့။ "


" ငါလည်း ကြားတယ်... အကယ်၍ ငါ့မှာ ယန်ကျင်းဇီလို ရုပ်ချောတဲ့လူ ရှိရင် ငါလည်း ဥက္ကဌလိုပဲ ဖြစ်လိမ့်မယ်! " 


" မင်းက အဖြောင့် မဟုတ်ဘူးလား? "


" ငါ ကွေးနိုင်တယ်ဟ! ယန်ကျင်းဇီက မင်းကို ဖွင့်ပြောရင် မင်း‌ရော မကွေးဘူးလား? "


" ကောင်းပြီ၊ ငါလည်း ကွေးနိုင်တယ်... "


" ဒါနဲ့ ပြောရမယ်ဆိုရင် စပြီးတော့ ဥက္ကဌကို ချစ်ရေးဆိုခဲ့တာ ယန်ကျင်းဇီပဲ။ "


" သူ ဥက္ကဌကို တကယ်ချစ်တာ သေချာတယ်။ "


" ....... "


ဤလူများ စကားပြောနေစဉ် အဝေး၌ အဖွဲ့တစ်ဖွဲ့သည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသို့ လာရောက်နေသည်။


လာနေသူများမှာ ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများ ဖြစ်ကြသည်။


ယခင်က ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် အစားအစာ လဲလှယ်ရန်အတွက် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသို့ ထောက်ပံ့ပစ္စည်းများ ယူလာခဲ့သည်။ ရိက္ခာလဲလှယ်ဖြစ်သော်လည်း ကျိုးဝမ်ရှိူ့က လမ်းတစ်ဝက်တွင် ပြန်လည်လုယူသွားခဲ့၏။ သူတို့သည် အလွန်စိတ်ဆိုးပြီး ရှင်းပြချက်တောင်းရန် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသို့ သွားချင်ခဲ့ကြသည်။


သို့သော် ဤကိစ္စမှာ သူတို့၏အမှား ဖြစ်သည့်အပြင် သူတို့စခန်း၏ စုစုပေါင်းအင်အားက တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းကို မယှဉ်နိုင်သဖြင့် သူတို့ မသွားရဲကြပေ။


ဘယ်အချိန်ထိလဲဆိုတော့... သူတို့ ပိုကြီးတဲ့ အခြေစိုက်စခန်းနဲ့ ဆက်သွယ်မိတဲ့အထိပဲ!


S မြို့ကြီးရှိ အနီးအနားမှ ကြီးမားသော အခြေစိုက်စခန်းတစ်ခုမှ လူများသည် သူတို့၏ အခြေစိုက်စခန်းသို့ ရုတ်တရက် ရောက်လာကြပြီး S မြို့ကြီးမှ ဇွန်ဘီတစ်စု ဤလမ်းအတိုင်း လာရောက်နေကြောင်းနှင့် ဤနေရာမှ အခြေစိုက်စခန်းများကို စုစည်း၍ ထိုဇွန်ဘီများကို အတူတကွ သတ်ချင်ကြောင်း ပြောလာကြသည်။


ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် ချက်ချင်း သဘောတူလိုက်ကြပြီး အခြေစိုက်စခန်းကြီးမှ လူကြီးများ နှစ်သက်စေရန် စတင်၍ နည်းပြောင်းလိုက်ကြသည် – H မြို့ကြီး၏ ဤဘက်အခြမ်းမှ အခြေစိုက်စခန်းငယ်များ ပေါင်းစည်းချင်လျှင် သူတို့ ခေါင်းဆောင်တစ်ယောက်ကို သေချာပေါက် ရွေးရပေလိမ့်မည်... ကောင်းကင်နဂါး အခြေစိုက်စခန်းရဲ့ ဘော့စ်က ခေါင်းဆောင် ဖြစ်ချင်တယ်!


ကျိုးဝမ်ရှိူ့က သူ့ထက် နည်းနည်းလေး ပိုသန်မာရင်ရော ဘာဖြစ်သလဲ? သူ့မှာ ကျောထောက်နောက်ခံအနေနဲ့ အခြေစိုက်စခန်းကြီးရဲ့ လူတွေ ရှိတယ်။ ကျိုးဝမ်ရှိူ့ကို ကြောက်စရာမလိုဘူး!


ထို့အပြင် ဤအခြေစိုက်စခန်းကြီးများမှ လာရောက်သူတိုင်းသည် သူ့ထက် ပိုမိုသန်မာကြသည်။ ထို့ကြောင့် ၎င်းကိုကြည့်ခြင်းအားဖြင့် ကျိုးဝမ်ရှိူ့က တကယ့်ကို ဘာမှမဟုတ်ပေ။


 ကောင်းကင်နဂါး အခြေစိုက်စခန်း၏ ဘော့စ်မှာ ချွီယောင်ဖုန်း ဖြစ်ပြီး ချွီဝမ်ဝမ်၏ အစ်ကို ဖြစ်သည်။


ချွီဝမ်ဝမ်က သူ့ကို ထောက်ပံ့ပေးနိုင်သည် ဟု မူလပိုင်ရှင် ခံစားခဲ့ရခြင်းမှာလည်း ၎င်းနှင့်ဆက်စပ်နေသည်။


တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသို့ S မြို့ကြီး၏ အခြေစိုက်စခန်းမှ လူများကို ခေါ်ဆောင်လာသော ချွီယောင်ဖုန်းသည် လမ်းတစ်လျှောက်လုံးတွင် ကျိုးဝမ်ရှိူ့ မကောင်းကြောင်းများ ပြောလာသည်။


" အရင်က ငါတို့ ကျိုးဝမ်ရှိူ့နဲ့ ရိက္ခာတွေ ဖလှယ်ဖို့ သွားခဲ့ပေမယ့် သူက ထောက်ပံ့ပစ္စည်းတွေကို ယူသွားပြီး ရိက္ခာမပေးခဲ့ဘူး! "


" ကျိုးဝမ်ရှိူ့က ငါ့ညီမကိုလည်း ရိုက်ခဲ့တယ်။ အခု ငါ့ညီမက အရိုက်ခံရလို့ တုံးသွားပြီ! "


" အဲ့ဒီ့ကျိုးဝမ်ရှိူ့က မျက်နှာဖြူလေးတစ်ယောက်ကိုလည်း ‌ပျိုးထောင်ထားသေးတယ်။ အဲ့မျက်နှာဖြူလေးက ငါ့ညီမကိုတောင် ဖြားယောင်းခဲ့တယ်! "


…...


ယန်ကျင်းဇီသာ ဤစကားများကို ကြားလျှင် ဤချွီယောင်ဖုန်းက အဖြူအမည်း ပြောင်းပြန်လှန်ရာတွင် လွန်စွာတော်သည်ဟု သူ သေချာပေါက် တွေးလိမ့်မည်။


သို့သော် သူက ဤနေရာတွင် မရှိချေ။ S မြို့ကြီး အခြေစိုက်စခန်းမှ လူများသာ ဤနေရာတွင် ရှိနေပြီး ချွီယောင်ဖုန်း၏ စကားများကို နားထောင်လျက် သူတို့၏ ကျိုးဝမ်ရှိူ့အပေါ် ပထမဆုံးအမြင်မှာ ဆိုးရွားသွားလေသည်။


အထူးသဖြင့် ချွီဝမ်ဝမ်၏ ရူးကြောင်ကြောင် အမူအရာကို မြင်တွေ့ပြီးနောက် ကျိုးဝမ်ရှိူ့က အရမ်းလွန်သည်ဟု သူတို့အားလုံး ခံစားလိုက်ကြရသည်။


အမှန်ပင်၊ ချွီဝမ်ဝမ်ဟာ... ယခုအခါတွင် အနည်းငယ် ရူးကြောင်ကြောင် ဖြစ်သွားပြီဖြစ်သည်။


ချွီဝမ်ဝမ်သည် စွမ်းအားရှင် ဖြစ်ရုံတင်မကဘဲ ချွီယောင်ဖုန်း၏ ညီမလည်း ဖြစ်သည်။ ရိက္ခာလဲလှယ်ရန်အတွက် ကောင်းကင်နဂါး အခြေစိုက်စခန်းက တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းသို့ သွားရောက်သောအခါ သူ(မ)သည် တာဝန်ခံအရာရှိ ဖြစ်၏။ သူ(မ)နှင့် ကျားဝမ်ဟန်တို့သည် ကျိုးဝမ်ရှိူ့ထံမှ ဥက္ကာခဲကို လုယူရန် ယန်ကျင်းဇီကို အသုံးချသော နည်းဗျူဟာကိုလည်း သဘောတူခဲ့ကြသည်။ ‌သို့သော် နောက်ပိုင်းတွင် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည်... 


ယန်ကျင်းဇီသည် ထိုအချိန်၌ ကူးပြောင်းခါစဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအား အသုံးပြုရာတွင် သိပ်မကျွမ်းကျင်သေးပေ။ သူ(မ)၏ ဦးခေါင်းပေါ်သို့ သူ၏ စိတ်ဝိညာဉ်စွမ်းအား အလုံးစုံဖြင့် တိုက်ခိုက်လိုက်ခြင်း၏ အကျိုးဆက်မှာ သူ(မ)ဟာ ပွဲချင်းပြီး သတိလစ်သွားကာ နိုးလာသောအခါ အရူးမလေး ဖြစ်သွားခြင်းပင်။


သူ(မ)က လုံးဝဥဿုံ တုံးအသွားခြင်းတော့ မဟုတ်ချေ။ ယင်းကား သူ(မ)၏ ကဏ္ဍပေါင်းစုံနှင့်ပတ်သက်သော တုံ့ပြန်မှုအားလုံး နှေးကွေးသွားခြင်း ဖြစ်သည်... ဒါပေမယ့် အစက ဉာဏ်ကောင်းတဲ့ ညီမလေး ဒီလိုဖြစ်သွားတော့ ချွီယောင်ဖုန်း အရမ်းစိတ်ဆိုးတယ်!


S မြို့ကြီး၏ အခြေစိုက်စခန်းကြီးမှ

လာသော စွမ်းအားရှင်က ပြောသည်။ " စိတ်မပူနဲ့။ ငါတို့ မင်း တရားမျှတမှု ရအောင် ကူညီပေးမယ်! "


ထိုသို့ပြောပြီးနောက် သူသည် အနည်းငယ် ပဟေဠိဖြစ်သွားသည် : " ဘာလို့ ဒီဧရိယာမှာ ဇွန်ဘီတစ်ကောင်တောင် မရှိတာလဲ...? "


____