🍵Chapter 312
အပြင်ဘက်မှ ညီအစ်ကိုများ ထိုအချင်းအရာကို မြင်သောအခါ ဆူဆူညံညံ ပြုမူလာကြပြီး အချို့ကမူ လေချွန်၍ သြဘာပေးလာကြသည်။
"အခါခြောက်ဆယ် ဒိုက်ထိုးပြီးတာတောင် သတို့သမီးကို ချီနိုင်သေးတာလား... ရူကွေ့က အဆင်ပြေနေပုံပဲ"
"ဗိုလ်မှူးရှောင်းကတော့ သူ့မြေးမလေးကို ရူကွေ့ဆီပေးဖို့ စိတ်ချသွားလောက်ပါပြီ... ဟုတ်တယ်မလား"
"ပြန်သွားရင် ရူကွေ့ကို ကြည့်ပေးရမယ်လို့ ပြောခဲ့သေးတာ... ဒါပေမယ့် အဲ့ဒီလောက် ခွန်အားရှိနေဦးမယ်လို့ မထင်ထားဘူး"
အခန်းထဲမှ ညီအစ်မအုပ်စုသည်လည်း အံ့အားသင့်သွားကြလေသည်။
ဝမ်ရူကွေ့က ငယ်ရွယ်စဥ်မှာပင် စက်မှုပညာအဖွဲ့အစည်း၏ ဒါရိုက်တာ ဖြစ်လာသည်။ သူ့ထံတွင် တောက်ပသော အနာဂါတ် ရှိပြီး ချောမောခန့်ညားလှသည်။ ထုံရွှယ်လူ၏ စကားများကိုလည်း အမြဲတမ်း နာခံတတ်သည်။
အခြားသူများနှင့် အမှန်ပင် ကွာခြားလှသည်။
ထုံရွှယ်လူ အလွန် ပျော်နေသည်။
အမျိုးသားများမှာ ဝမ်ရူကွေ့တစ်ယောက် ဟင်းချက်တော်ပြီး ပညာရေးမှာလည်း ထူးချွန်သည့် ဇနီးသည်တစ်ယောက်နှင့် လက်ထပ်နိုင်သည့်အတွက် အားကျနေကြသည်။ ထိုကဲ့သို့ အရည်အချင်းများရှိသည့် ဇနီးတစ်ယောက်ကို လက်ထပ်နိုင်ရန်မှာ ယောကျ်ားတိုင်း၏ အိမ်မက်ဖြစ်ပေသည်။
နှစ်ယောက်လုံးကလည်း ချောမောလှပသူများ ဖြစ်ကြလေရာ သူတို့မှာ တစ်ခဏလောက်ထိ ရူကွေ့ကို မနာလိုဖြစ်ရမည်လား ထုံရွှယ်လူကို မနာလိုအားကျရမည်လားပင် မသိကြတော့ပေ။
ဝမ်ရူကွေ့က ထုံရွှယ်လူကို ပွေ့ချီလျက် သတို့သမီးအခန်းထဲမှ ထွက်လာခဲ့ပြီး သူမ၏ မျက်နှာထက် အလင်းရောင်များ ဖြာကျလာနေလေသည်။ သူမ၏ မျက်နှာထက်တွင် ပေါင်ဒါပါးပါးလိမ်းခြယ်ထားပြီး နှုတ်ခမ်းထက်တွင် နှုတ်ခမ်းနီဆိုးထားကာ သူမကို ပို၍ နှစ်လိုဖွယ်ကောင်းသွားစေသည်။
ထုံရွှယ်လူက သူ့လည်စေ့ လှုပ်ရှားသွားသည်ကို သတိပြုမိသွားသဖြင့် လက်ချောင်းထိပ်လေးများကို ရင်ဘတ်တွင် ထောက်ထားကာ တမင်တကာ လုပ်သလိုလို မလုပ်သလိုလိုဖြင့် သူမ၏ မျက်လုံးအောက်မှ မှဲ့နီလေး မြူးကြွလာကာ သူ့ကို ညှို့ယူဖမ်းစားနေသည့် အကြည့်လေးများဖြင့် ကြည့်လာသည်။ မြေခွေးလေးလိုပဲ...
ဒုန်း ဒုန်း ဒုန်း...
ဝမ်ရူကွေ့၏ နှလုံးသားက အပြင်းအထန် ခုန်ပေါက်လာပြီး နောက်ထပ်အခိုက်အတန့်လေးတွင် လည်ချောင်းထဲမှ ခုန်ထွက်လာတော့မည့်အလား ခံစားလိုက်ရသည်။
သတို့သမီးအခန်းမှ ဧည့်ခန်းအထိ သွားရာလမ်းမှာ တိုတောင်းလှသော်လည်း ရှည်လျားလွန်းလှသည်ဟု ခံစားနေရပြီး ချက်ချင်းပင် ညရောက်သွားစေရန် ဆုတောင်းနေမိသည်။
ဗိုလ်မှုးရှောင်းမှာ ဝမ်ရူကွေ့တစ်ယောက် ထုံရွှယ်လူအား ပွေ့ချီလာသည်ကို မြင်သောအခါ သူ့နှလုံးသားကို အက်စစ်ရေထဲတွင် ထည့်စိမ်လိုက်သည့်အလား ခံစားသွားရသည်။
ဝမ်ရူကွေ့က ထုံရွှယ်လူကို ပြန်ချပေးလိုက်ပြီး နှစ်ယေက်သားက ဦးညွှတ်ကာ ဗိုလ်မှူးရှောင်းကို လက်ဖက်ရည်ဆက်လိုက်ကြသည်။ "ဘိုးဘိုး ကျေးဇူးပြုပြီး လက်ဖက်ရည် သုံးဆောင်ပါ"
ဗိုလ်မှူးရှောင်းက ထုံရွှယ်လူလက်ထဲမှ လက်ဖက်ရည်ခွက်ကို အရင်ယူလိုက်ပြီး ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။ "သမီးလေး... သမီးက အမြဲတမ်း ဒီမိသားစုဝင်တစ်ယောက် ဖြစ်နေမှာပဲ... အိမ်ကို ခဏခဏ ပြန်လာပြီး အဘိုးကို လာတွေ့ရမယ်နော်"
လူတိုင်း: "..."
ထုံရွှယ်လူက ဘေးအိမ်ကို လက်ထပ်ရမှာနော်... လက်ထပ်တာနဲ့ မထပ်တာ ကွာမှမကွာတာ... ခေါင်းကို မော့ကြည့်လိုက်ရုံနဲ့ တွေ့ရပြီကို ဗိုလ်မှုးရှောင်းရေ.. ဒီလောက်ထိ ထိလွယ်ရှလွယ် ဖြစ်မနေပါနဲ့နော်... ဟုတ်ပြီလား...
ထုံရွှယ်လူ ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
မြေးဖြစ်သူ၏ လက်ဖက်ရည်ခွက်ကို သောက်ပြီးနောက် ဗိုလ်မှူးရှောင်းက ဝမ်ရူကွေ့ကို မီးတောက်မတတ် စိုက်ကြည့်လိုက်ပြီး အချိန်အကြာကြီး မလှုပ်မယှက် လုပ်နေလေသည်။
ထုံရွှယ်လူမှာ သူ့ပုံစံကြောင့် ကျိုက်တူးဝေ၏ ယောက္ခမက အိမ်ကို ချွေးမအသစ်လက်ထပ်ဝင်ရောက်လာသောအခါ တမင်သက်သက် ခက်ခဲအောင် လုပ်ဆောင်ခဲ့ပုံကို တွေးမိသွားပြီး မရယ်မိအောင် ထိန်းထားနေရသည်။
မင်္ဂလာပွဲ အခမ်းအနားစီစဥ်သူက အလောတကြီး ရောက်လာကာ ကစားပွဲကို အဆုံးသတ်ပေးခဲ့သည်။ "ဗိုလ်မှူးရှောင်း... မင်္ဂလာအချိန် ကုန်ဆုံးတော့မှာ ဗိုလ်မှုးလည်း တွေ့တာပဲ... မြေးသားမက်ဆီက လက်ဖက်ရည်ခွက်ကို သောက်ပြီး စုံတွဲအသစ်လေးကို ပျော်ပျော်ရွှင်ရွှင် လက်ထပ်ပေါင်းသင်းပြီး ကလေးစောစောမွေးဖို့ ဆုတောင်းပေးလိုက်လေဗျာ"
ဗိုလ်မှူးရှောင်းက ဝမ်းနည်းနေသော်လည်း မြေးဖြစ်သူကို ပျော်ရွှင်စရာ အိမ်ထောင်ရေးတစ်ခု ရစေချင်နေသေးသဖြင့် ဝမ်ရူကွေ့ထံမှ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်ပြီးနောက် ပြောလိုက်သည်။ "ရွှယ်လူ့အပေါ် ကောင်းပေး... ငါ့မြေးကို ဆိုးဆိုးဝါးဝါး ဆက်ဆံရဲရင် ငါ..."
နောက်လာမည့်စကားလုံးများမှာ သိပ်ပြီး ကျက်သရေ သိပ်မရှိလှသဖြင့် သူ ပြန်မျိုချလိုက်ရသည်။
ဝမ်ရူကွေ့ ခေါင်းငြိမ့်ပြလိုက်သည်။ "အဘိုး... စိတ်မပူပါနဲ့... ရွှယ်လူ့ကို ကျွန်တော်ဘဝထက်ပို အလေးထားပြီး ဆက်ဆံပါ့မယ်"
ဧည့်ခန်းအပြင်ဘက်မှ အမျိုးသမီးများ ထိုစကားကို ကြားသောအခါ အချိူ့က အားကျကြသည်။ အချို့က မနာလိုဖြစ်ကြပြီး အချို့ကမူ သူတို့၏ ခင်ပွန်းများကို ဒေါသတကြီး လှည့်ကြည့်လိုက်ကြလေသည်။
ထုံရွှယ်လူ၏ နှလုံးသားမှာ ပျားရည်သောက်လိုက်ရသည့်အလား ချိုမြနေလေသည်။
ဗိုလ်မှုးရှောင်းက ထိုအဖြေကို အတော်လေးသဘောတွေ့သွားသဖြင့် စာအိတ်နီခပ်ထူထူ နှစ်အိတ်ကို ကမ်းပေးလိုက်သည်။ "ရွှယ်လူကို မင်းလက်ထဲ ထည့်ပေးလိုက်ပြီ... မင်းတို့နှစ်ယောက် အနာဂါတ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူနေထိုင်ကြပါ"
ဝမ်ရူကွေ့က ထုံရွှယ်လူ၏ လက်ကလေးကို ကိုင်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်တော်တို့ ချစ်ချစ်ခင်ခင်နေကြမှာပါ... အဘိုး စိတ်ချထားလို့ ရပါတယ်"
အလွန် တိတ်ဆိတ်နေသော ရှောင်းကျားမင်လေးက ခေါင်းမော့ကာ ဝမ်ရူကွေ့ကို စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။ "ယောက်ဖ... ကျွန်တော့်အစ်မကို ကောင်းကောင်းဆက်ဆံမယ်လို့ ယုံကြည်လိုက်မယ်နော်"
ရှောင်းကျားမင်မှာ ယခုနှစ်တွင် ဆယ့်လေးနှစ် ပြည့်သွားပြီး ဤနှစ် အစမှစ၍ တဟုန်ထိုး အရပ်ရှည်လာသည်။ ထိုအခိုက် ကောင်ငယ်လေးမှာ ဝါးလုံးတစ်ချောင်းကဲ့သို့ ရပ်နေသည်။ ပြောင်းလဲလာသောအသံနှင့် သဘောထားမှာ သူ့ကို ကလေးတစ်ယောက်အဖြစ် ဆက်ဆံ၍ မဖြစ်နိုင်တော့အောင် ခံစားသွားရစေသည်။
ဝမ်ရူကွေ့က သူ့မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။ "ယုံကြည်လိုက်ပါ... ငါ မင်းအစ်မကို သေချာပေါက် ကောင်းကောင်းဆက်ဆံပေးမယ်"
နှစ်ယောက်သားက ယောကျ်ားနှစ်ယောက်အကြား သဘောတူချက်တစ်ခု ပြုလုပ်ခဲ့ပုံရပြီး ထိုမြင်ကွင်းမှာ ရှင်းမပြနိုင်အောင်ပင် နှလုံးသားကို လှုပ်ရှားစေနိုင်ပေသည်။
ထိုအခိုက် ထုံကျားရှင်းက ခေါင်းကုတ်ကာ ဝင်ပြောလာသည်။ "ဒုတိယအစ်ကို... အစ်ကို့အသံကို ဘဲအော်သံနဲ့ တူလာပြီလို့ ပြောသားပဲ... အစ်ကို ယုံမှာတောင် မဟုတ်ဘူး... အရမ်းလန့်ဖို့ကောင်းတာ"
ရှောင်းကျားမင် ဒေါသထွက်သွားပြီး သူ့ကို စားမတတ်ဝါးမတတ် ကြည့်လာသည်။
"..." အိုးကို ဖွင့်ဖို့တောင် မဖြစ်နိုင်တော့လောက်ပါဘူး... ဘယ်အိုးကို ပြောရမလဲတောင် မသိတော့ဘူး...
ထုံကျားရှင်း၏ လည်ပင်း တုန်ယင်သွားပြီး ထပ်ပြီး စကားမပြောရဲတော့ပေ။
"ဟားဟားဟား"
လူတိုင်းက ရယ်မောလိုက်ကြပြီး တရားခွင်တွင် ရောက်နေသည့်အလား ခံစားရသည့် လေထုကို ရုတ်တရက် လွင့်ပြယ်သွားစေသည်။
ထုံရွှယ်လူ၏ နှုတ်ခမ်းထောင့်လည်း မြင့်တက်သွားသည်။
ရှောင်းကျားမင်က လတ်တလောတွင် အသံပြောင်းသည့် ကာလသို့ ရောက်နေလေရာ သူ့အသံက အလွန်ပင် နားထောင်ရဆိုးနေသည်။ သူက ပုံမှန်တွင်လည်း စကားနည်းသူ ဖြစ်လေရာ လတ်တလောတွင် ပိုပို၍ တိတ်ဆိတ်ငြိမ်သက်လာသော်ငြား ရူးကြောင်ကြောင်နိုင်လှသည့် ကောင်ငယ်လေး ထုံကျားရှင်းမှာ အူကြောင်ကျား ဖြစ်နေဆဲပါပင်။
ရှောင်းမျန်မျန်က သူမအစ်မကြီး၏ စကပ်ကို ဆွဲကာ ခေါင်းလေးကို မော့၍ ပြောလိုက်သည်။
"ခဲအို... ဆီပုလင်းလေး ဆွဲမထည့်ချင်ဘူးလား"
[T/N နောက်အိမ်ထောင် ပြုတဲ့အခါ အရင်အိမ်ထောင်ကနေ ကလေးတွေ ပါလာတာ ပြောတာပါ]
ဝမ်ရူကွေ့၏ နှုတ်ခမ်းထောင့်လေးများ မြင့်တက်လာသည်။ "သမီးက ဆီပုလင်းလေး ဖြစ်ချင်လို့လား"
ရှောင်းမျန်မျန်က ခေါင်းလေးကို မော့ကြည့်လာသည်။ "သမီးက အရမ်း လိမ္မာတယ်.. ချစ်စရာလည်း ကောင်းတယ်... သီချင်းလည်း ဆိုနိုင်တယ်... သမီးလို ဆီပုလင်းလေးကို ဆွဲသွင်းလို့ အရှူံးမရှိပါဘူးနော်"
"ဟားဟားဟား... အမလေး... ရယ်ရလိုက်တာ... ရွှယ်လူ့မောင်နဲ့ ညီမတွေ အားလုံးက တကယ့်ကလေးလေးတွေပဲ... ရယ်စရာကောင်းချက်"
"မျန်မျန်... သမီးခဲအိုက ဆီပုလင်းလေးကို လက်မခံရင် အန်တီ့အိမ်ကို လိုက်ခဲ့... အန်တီက သမီးလို ဆီပုလင်းလေး အရမ်း ရချင်တာ"
"မမလည်း ရချင်တယ်"
ရှောင်းမျန်မျန်က ချစ်စရာကောင်းပြီး စကားကိုလည်း နူးနူးညံ့ညံ ချိုချိုသာသာလေး ပြောတတ်သဖြင့် အမျိုးသမီးထုကြီးကို အရည်ပျော်သွားစေကာ ရုတ်တရင်ဆိုသလို မိခင်စိတ်များ လျှံထွက်လာစေခဲ့သည်။
ဝမ်ရူကွေ့: "ဒါဆို မနက်ဖြန်ကျရင် ဆီပုလင်းလေးဆွဲဖို့ ခဲအိုအိမ်ကို လာခဲ့နော်"
ရှောင်းမျန်မျန်၏ မျက်လုံးလေးများ ဝင်းလက်သွားပြီးနောက် ထပ်ပြီး ညှိုးငယ်သွားပြန်သည်။
"သမီးလိုက်သွားရင် ဘိုးဘိုးက သေချာပေါက် ဝမ်းနည်းသွားမှာ.. ဒါမှမဟုတ် သမီးအိမ်မှာ တစ်ရာငါးဆယ့်ခုနစ်ရက်နေပြီး ခဲအိုအိမ်ကို ဆီပုလင်းလေး ဆွဲဖို့ နှစ်ရာနဲ့ ရှစ်ရက် သွားနေမယ်ဆိုရင်ရော"
"ဟားဟားဟား... ရယ်ရလွန်းလို့ ဗိုက်နာလာပြီ"
ရှောင်းမျန်မျန်၏ စကားများမှာ လူအုပ်စုကို ထပ်ပြီး ရယ်မောသွားစေပြန်သည်။
ဝမ်ရူကွေ့၏ အဖြေကို မစောင့်တော့ဘဲ ဗိုလ်မှုးရှောင်း အပြေးရောက်လာပြီး သူမ၏ လက်ကလေးကို ဆွဲယူလိုက်သည်။ "မရှုပ်နဲ့တော့နော်... မမရဲ့ မင်္ဂလာအချိန်နှောင့်နှေးသွားရင် မကောင်းဘူး"
သူ့မြေးမလေးတစ်ယောက်ကို ဝမ်မိသားစုဆီ ပေးလိုက်ရပြီးပြီ... နောက်ထပ် မြေးမတစ်ယောက် ထည့်ပေးဖို့လား... ဟမ့်... အိမ်မက်သာ မက်နေလိုက်...
ရှောင်းမျန်မျန်က မင်္ဂလာအချိန်ဟူသည့် စကားကို မသိသော်လည်း ထိုအခိုက်တွင် သူမ၏ အစ်မကြီးကို ဆွဲမထားသင့်မှန်း သိနေသဖြင့် ဆီပုလင်းဆွဲမည့်ကိစ္စကို လိမ်လိမ်မာမာဖြင့် ရပ်တန့်လိုက်သည်။
ထုံရွှယ်လူနှင့် ဝမ်ရူကွေ့တို့က လက်ချင်းတွဲလျက် ဧည့်ခန်းထဲမှ ထွက်လာပြီး မင်္ဂလာကားထဲသို့ ဝင်သွားကြသည်။
ကားရှစ်စီးလုံး စီတန်းထားပြီး "လူလုံးပြရန်" အတွက် မြို့ကို တစ်ပတ်ပြန်ပတ်ရန် စီစဥ်ထားသည်။ သို့သော်လည်း ယခင်နှင့် မတူသည်က သူတို့က လမ်းကြားထဲမှ အနောက်သို့ ဝင်လာခဲ့ခြင်း ဖြစ်ပြီး ယခုတွင် လမ်းကြားထဲမှ အရှေ့ဘက်သို့ ပြန်ထွက်မည် ဖြစ်သည်။
ကားအသစ်မှာ ပြန်လှည့်မသွားတတ်ကြပေ။ ဆိုလိုရင်းမှာ အသစ်စက်စက်စုံတွဲလေးက ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးကို ရရှိကြမည်ဟူ၍ ဖြစ်သည်။
မင်္ဂလာကား ရှောင်းအိမ်တော်မှ ထွက်လာသောအခါ ချက်ချင်းဆိုသလို ရှောင်းအိမ်၏ တံခါးဝတွင် မီးပန်းများ ဖောက်လိုက်ကြသည်။ မီးပန်းများက တဖောက်ဖောက် မြည်ဟီးနေပြီး အလွန်အမင်း လှုပ်ရှားသက်ဝင်နေပေသည်။
ရှောင်းမြေးအဘိုး လေးယောက်သားက တစ်ဝက်ခန့် ပြောင်ရှင်းသွားသော အိမ်ကို ကြည့်ကာ ရုတ်တရက်ဆိုသလို နှလုံးသားထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသည်။
ယခင်က များများစားစား မခံစားခဲ့ရသည့် ထုံကျားရှင်းသည်ပင် ထိုအခိုက်၌ အနည်းငယ် မသက်မသာ ဖြစ်သွားသည်။
ရုတ်တရက်ဆိုသလို ဒုတိယအစ်ကို၏ ပုခုံးကို ပုတ်ကာ သူပြောလိုက်သည်။ "ဒုတိယအစ်ကို မြန်မြန် အရွယ်ရောက်လာတော့"
ရှောင်းကျားမင်:? ?
ဒုတိယအစ်ကို စိတ်ရှုပ်ထွေးသွားသည်ကို မြင်သောအခါ ထုံကျားရှင်းက ကြင်နာစွာ ရှင်းပြပေးလိုက်လေသည်။ "မြန်မြန် အရွယ်ရောက်လာပြီးရင် ဇနီးတစ်ယောက်ကို လက်ထပ်ပြီး ခေါ်လာလို့ ရပြီ... ဒါဆိုရင် ကျွန်တော်တို့ မိသားစုက ငွေဆုံးရှုံးတော့မှာ မဟုတ်ဘူး"
တစ်ယောက် လက်ထပ်သွားရင် နောက်တစ်ယောက်က လက်ထပ်ပြီး လူခေါ်လာမှ ညီမျှသွားမှာ မဟုတ်လား...
ရှောင်းကျားမင်၏ နားရွက်လေးများ နီရဲသွားလေသည်။ "မင်းဘာသာမင်း အရွယ်ရောက်မှ လက်ထပ်လိုက်ပါလား"
ထုံကျားရှင်းက ဂုဏ်ယူဝံ့ကြွားနေသော မျက်နှာဖြင့် ပြောလာသည်။ "လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော့်ရဲ့ မွေးနေ့ပွဲမှာ ဘုရားရှင်ကို ဆုတောင်းပြီးသွားပြီ... ကျွန်တော် တစ်သက်လုံး လူပျိုကြီး လုပ်သွားမှာ"
ရှောင်းကျားမင်: "..."
ကားရှစ်စီးက အရှေ့လေပြေစားသောက်ဆိုင်ကို ဖြတ်သွားသောအခါ ထုံရွှယ်လူ ကားပြတင်းမှတဆင့် အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ မနက်စောစော ဖြစ်နေသဖြင့် အရှေ့လေပြေစားသောက်ဆိုင်မှာ ယခုထက်ထိ မဖွင့်သေးဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပထမဆုံး စတင်ချိန်က သိပ်မသိသာခဲ့ပေ။ လွန်ခဲ့သည့် နှစ်နှစ်တွင် အထူးသဖြင့် ဤနှစ်တွင် လမ်းဘေး၌ စားသောက်ဆိုင်ငယ်လေးများစွာ ရှိလာသဖြင့် အစိုးရပိုင်စားသောက်ဆိုင်များအပေါ် ရိုက်ခတ်မှု ရှိလာခဲ့သည်။
သို့သော်ငြား စားသောက်ဆိုင်မန်နေဂျာများစွာက ၎င်းကို အလေးအနက် သဘောမထားကြဘဲ သံဒယ်အိုးထမင်းတစ်ပန်းကန်က တစ်ဘဝလုံး လုံလောက်နေပြီဟု ခံစားနေကြဆဲ ဖြစ်သည်။
သူမက အရှေ့လေပြေစားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့သည်။ မုန့်ချင်းချင်းနှင့် ဝူလီကျုးတို့က ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် နှစ်ကြိမ် ကျရှုံးခဲ့ကြသော်လည်း မတူညီသော ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြသည်။
စာမေးပွဲ ကျလေလေ ပို၍ ဒေါသထွက်လာရလေလေ ဖြစ်သည့် မုန့်ချင်းချင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲ ဆက်လက်ဖြေဆိုရန်ကိုသာ ရွေးချယ်ခဲ့ပြီး အဆုံးတွင် တတိယအကြိမ်စာမေးပွဲ အောင်မြင်ပြီးနောက် အခြားစီရင်စုတစ်ခုရှိ ဆရာအတတ်သင်တက္ကသိုလ်တွင် ဝင်ခွင့်ရသွားခဲ့သည်။ ဤတစ်ကြိမ် ထုံရွှယ်လူ လက်ထပ်သောအခါ အရှေ့မြောက်ပိုင်းမှ အထူးဒေသထွက်ကုန်များကိုပင် ပို့ပေးခဲ့သေးသည်။
ဝူလီကျုးက ခပ်လောလော လက်ထပ်သွားခဲ့ပြီး ကလေးရသွားသည်။ သူမ ကလေးမွေးသောအခါ သူမ၏ အလုပ်နေရာကို ယောက်မဖြစ်သူနှင့် အစားထိုးခံလိုက်ရပြီး အိမ်ရှင်မတစ်ယောက် ဖြစ်သွားခဲ့သည်။
လက်ရှိတွင် ဆရာမုန့်၊ ကော်ဝေ့ဖျင်နှင့် ကော်ချွင်းယွီတို့သည်သာ အရှေ့လေပြေစားသောက်ဆိုင်တွင် အလုပ်လုပ်နေကြသည်။ ဆရာလိန်က ယမန်နှစ်က ထျန်းကျင်းသို့ ပြန်သွားခဲ့ပြီး မန်နေဂျာအသစ်နှင့် အဆင်မပြေဖြစ်ခဲ့သည်ဟုလည်း ကြားသိခဲ့ရသည်။
စားသောက်ဆိုင်ရှိ လူများက သူမကို လက်ဆောင်များ ပေးလာကြသော်လည်း ခွင့်ယူရန် မလွယ်ကူသဖြင့် အခမ်းအနားသို့ ရောက်မလာခဲ့ကြပေ။
မင်္ဂလာဧည့်ခံပွဲ ကျင်းပရာနှင့် ကားရှစ်စီး တစ်ပြိုင်တည်းထွက်လာကြချိန်တွင် လူတိုင်း၏ စိတ်အာရုံများကို ဆွဲဆောင်မိသွားပြီး ဆွေးနွေးမှုများ ပွက်ပွက်ညံလာစေခဲ့သည်။
ရထားဘူတာနံဘေးမှ ကားဖြတ်သွားချိန်တွင် လူအုပ်များအကြားမှ ရင်းနှီးနေသော နောက်ကျောနှစ်ခုကို ထုံရွှယ်လူ ရုတ်တရက် တွေ့လိုက်ရသည်။ သို့သော်လည်း အသေအချာ အာရုံစိုက်ပြီး ကြည့်လိုက်သောအခါ ထိုနောက်ကျောပြင်နှစ်ခုက လူအုပ်ကြားထဲသို့ တိုးဝင်သွားပြီး မမြင်ရလုနီးပါး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
သူမ ထူးဆန်းနေသည်ကို တွေ့သောအခါ ဝမ်ရူကွေ့က သူမ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာခဲ့သည်။ "ဘာတွေ ကြည့်နေတာလဲ"
ထုံရွှယ်လူ ခေါင်းပြန်လှည့်လာပြီး ခေါင်းလေးကို အနည်းငယ် ယမ်းပြလိုက်သည်။ "ဘာမှ ကြည့်တာ မဟုတ်ပါဘူး... အခုလေးတင် စားသောက်ဆိုင်က လုပ်ဖော်ကိုင်ဖက်တွေကို တွေ့မိလိုက်သလားလို့ အမြင်မှားတာ နေမှာပါ"
အမှန်မှာ သူမမြင်လိုက်သူများမှာ လုပ်ဖော်ကိုင်ဖက်အဟောင်းများ မဟုတ်ပေ။ ထိုနောက်ကျောပြင်နှစ်ခုက ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ ဖြစ်နေမည်ဟု သူမ သံသယ ဖြစ်မိသွားသည်။
ထိုသူတို့ ဦးတည်သွားရာနေရာကို ကြည့်လိုက်သောအခါ နှစ်ယောက်သားက ရထားစီး၍ တောင်ဘက်သို့ သွားကြပုံပေါ်နေသည်။
ထိုကာလလေးအတွင်း သူမက ချန်ရှို့ယွင်နှင့် အခြားသူများအား စောင့်ကြည့်နေခဲ့သည်။ ထိုသူတို့မှာ စီးပွားရေးလုပ်ရန် အစီအစဥ်ကို လက်မလျှော့ခဲ့ကြဘဲ အိမ်ကိုပင် ရောင်းချခဲ့ကြသေးသည်။ သူတို့က ယခုတွင် အိမ်ငှား၍ နေနေကြခြင်း ဖြစ်သည်။
ဝမ်ရူကွေ့က သူမ၏ လက်ဖမိုးလေးကို လက်ချောင်းထိပ်လေးများဖြင့် ပွတ်သပ်နေပြီးမှ ပြောလိုက်သည်။ "ဒီမနက် အိပ်ရာနိုးတော့ စားခဲ့ပြီးပြီလား... ဗိုက်ဆာနေသေးလား"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။ "စားပြီးပြီ... ရှင်ရော"
ဝမ်ရူကွေ့ တွန့်သွားပြီးနောက် ခေါင်းယမ်းပြလိုက်သည်။ "မစားခဲ့ဘူး"
"ဘာလို့လဲ"
ဝမ်ရူကွေ့ ပြန်မဖြေခင်မှာပင် ကားရှေ့ခန်းတွင် ထိုင်ကာ နားထောင်နေသည့် ကျိုးရန်က ပြုံးကာ ပြောလာခဲ့သည်။ "ရူကွေ့က စိတ်လှုပ်ရှားလွန်းလို့ မစားနိုင်တာလေ"
ဝမ်ရူကွေ့: "..."
ကျိုးရန် ခေါင်းလှည့်လာသောအခါ အချင်းချင်း ဆုပ်ကိုင်ထားကြသည့် လက်များအပေါ် အကြည့်ရောက်သွားကြပြီး မျက်စပစ်ပြကာ ပြောလာသည်။ "ပြောကာမှ မင်းတို့တွေ တကယ်ရယ်ရတာပဲ... ရဲဘော်ထုံက တည်ငြိမ်နေသလောက် ရူကွေ့က စိတ်လှုပ်ရှားလွန်းလို့ မစားနိုင် မအိပ်နိုင် ဖြစ်နေတာ.... မင်းမသိလို့ ငါတို့မှာ သတို့သမီးအိမ် ရောက်နေတာလို့တောင် ထင်သွားတာ"
ဝမ်ရူကွေ့: "..."
ကားမောင်းနေသည့် ဖူကျန့်ယိလည်း ထိုအရှက်ရဖွယ် စကားများကို ကြားသောအခါ အားရပါးရ ရယ်မောလာခဲ့သည်။
ဝမ်ရူကွေ့က သူတို့ကို တစ်ချက်ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "ခြေလှမ်း ငါးဆယ် လှမ်းဖို့ ခြေလှမ်းတစ်ရာ ပြန်ဆုတ်တဲ့ ကျိုးရန် မင်း လက်မထပ်ခင်တုန်းက စိတ်လှုပ်ရှားလွန်းပြီး သုံးရက်လောက် အိပ်သာမသွားခဲ့ဘူးလေ... နောက်ပိုင်းကျ ဆေးရုံသွားလိုက်ရတာ မမှတ်မိတော့ဘူးလား"
ကျိုးရန်၏ ပါးစပ်မှာ ကြည့်ရဆိုးစွာပင် တွန့်လိမ်သွားလေသည်: "..." ဒီပါးစပ်က တော်တော် အဆိပ်ပြင်းတာပဲ...
"ဖူး.."
ထုံရွှယ်လူ မနေနိုင်ဘဲ ရယ်ချမိသောအခါ ကျိုးရန်မှာ ဝက်အသည်းရောင်ကဲ့သို့ ရှက်သွေးဖြာသွားလေသည်။
ဝမ်ရူကွေ့၏ မပြင်ဆင်ထားသော တန်ပြန်တိုက်စစ်နှင့် တွေ့လိုက်ရသည့် ဖူကျန့်ယိမှာ ဆက်ပြောမည့် စကားလုံးများကို ပြန်မျိုချထားလိုက်ရပြီး ပြောလေသည်။ "ကျိုးရန်... မှားမယ်နော်... မင်း ဒီလောက် ပျင်းစရာကောင်းတာတောင် ရယ်ရဲနေတုန်းပဲ"
ထပ်ပြီး ထိုးနှက်ခံလိုက်ရသည့် ကျိုးရန်: "..."
ဖူကျန့်ယိမှာ ၎င်းက သူ့အတွက် အဆင်ပြေသွားလိမ့်မည် ဟု တွေးခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် ဝမ်လျှာဆိပ်ပြင်းရူကွေ့၏ အသံကို ကြားလိုက်ရပြန်သည်။ "အရင်တစ်ခေါက် ဆရာမကို သွားတွေ့တုန်းက မင်း စိတ်လှုပ်ရှားလွန်းလို့ သုံးခါတောင် အကျယ်ကြီး လေလည်ခဲ့သေးတယ်ဆို... မင်းပုံစံက အလားအလာရှိတဲ့သူနဲ့ မတူပါဘူး"
"ဟားဟားဟား..." ထုံရွှယ်လူမှာ ရယ်ရလွန်း၍ မျက်ရည်များပင် ဝေ့လာခဲ့သည်။ ဒီလူတွေက တကယ် အဆိပ်ပြင်းတာပဲ...